Skip to main content

အဖြူရောင်နှလုံးသားများသို့

ပန်းတွေဟာလှပစွာဖူးပွင့်နေကြပါတယ်။ ကမ္ဘာလောကဟာ ခါတိုင်းထက်ကို ပိုလှနေသလိုပါပဲ။ အပြာရောင် ပိတ်ကားတစ်ချပ်ပေါ်မှာ ပုစွန်ဆီရောင်တွေကို ခြယ်သထားပြီး အဲဒီအပေါ်မှာတော့ တိမ်စိုင်တိမ်လိပ် တွေကိုချိတ်ဆွဲထားပါတယ်။ ဟောဟို တောတန်းလေးဆီကလွင့်မျောလာတဲ့ ပန်းရနံ့ မွှေးမွှေးတွေက စိတ်အညစ် အကြေးတွေကို ဆေးကြောချဖို့လား။ တည်ငြိမ်နေတဲ့ ကန်ရေပြင်ကိုကြည့်လို့ ကျွန်တော်အတွေးနယ်ချဲ့ နေမိပါတယ်။ ကမ္ဘာလောကဟာ သိပ်ကိုနေချင့်စဖွယ် ကောင်းလောက်အောင် သာယာလှပနေတာပါ။ ကျွန်တော်ဟာ ဒီမြင်ကွင်းကိုကြည့်လို့ လောကကိုခုံမင်တွယ်တာတဲ့စိတ်တွေ တိုးပွားနေမိတာပါ။

ရုတ်တရက် ကျွန်တော့်မျက်စိရှေ့က သဘာဝပန်းချီကားချပ်ကြီးပေါ်ကို ဆေးအနီတွေ မှောက်ကျသွားသလားလို့ မှတ်ထင်လိုက်မိပါတယ်။ အကြောင်းအရာတစ်ရပ် ခေါင်းထဲဝင်ရောက်လာတဲ့အခါမှာပေါ့။ ဒီအကြောင်းကို သတိရမိတိုင်း ကျွန်တော်ဟာနေထိပန်းလိုညှိုးနွမ်းသွားရတာ ဘယ်သူများသိပါ့မလဲ။ စာရွက်တစ်ရွက်ပေါ်က အဖြေတစ်ခု၊ မိုးကြိုးသံမက ကျယ်လေမလားထင်ရတဲ့ စကားတစ်ခွန်း၊ အထင်သေးစက်ဆုပ်မှုတွေနဲ့မျက်လုံးတွေ ...အို ခုထိ မျက်လုံးထဲကမထွက်နိုင်သေးပါဘူး။ သနားစရာ အကောင်းဆုံးသတ္တဝါတစ်ကောင်အဖြစ် ကိုယ့်ကိုယ်ကိုယ်မှတ်ယူရင်း ဆေးခန်းထဲက ခေါင်းကိုငုံ့လို့ထွက်လာရတဲ့ အချိန်ကစပြီး ကျွန်တော်ဟာ ဒီကမ္ဘာပေါ်မှာ အကြဉ်ခံလူသားတွေထဲကတစ်ဦးဘဝကို အလိုအလျောက် ကျရောက်ပြီးသားဖြစ်သွားပါပြီ။ ကျွန်တော်ဟာ တကယ်ပဲ လူစဉ်မမီတဲ့လူတစ်ယောက်ဖြစ်သွားပြီလား။ တကယ်ပဲအကြဉ်ခံ၊ အပယ်ခံ တစ်ယောက်ဖြစ်သွားပြီလား။

အနှေးနဲ့အမြန်သေရတော့မယ့်လူတစ်ယောက်အဖို့ ဘာကများအဓိပ္ပာယ်ရှိနိုင်ပါဦးမလဲ။ မျှော်လင့်ချက်တွေ ကုန်ဆုံးလို့ ခေါင်းလေးငိုင်စိုက်ကျနေတဲ့ ကျွန်တော့်ရဲ့ပုံသဏ္ဌာန်ကို မြင်ယောင်ကြည့်ကြစေချင်ပါတယ်။ စိတ်ဓာတ်တွေ ပျက်ပြားနေတဲ့ကျွန်တော့်အတွက်တော့ ဒီလောကဟာ ဆေးတစ်ခွက်စာလောက်တောင် တန်ဖိုး မရှိတော့ပါဘူး။ ဘဝရည်မှန်းချက်တို့၊ ဘဝပန်းတိုင်တို့ဆိုတဲ့စကားတွေဟာလည်း ဒီအချိန်မှာ ပြက်လုံး တစ်ခုနဲ့မခြားပါပဲ။ ရှင်လျက်နဲ့သေနေရသူအတွက် ပညာတွေ၊ ဓနတွေ၊ ဂုဏ်တွေဆိုတာ မြောင်းထဲမှာပါ။ ဘယ် နေရာကိုကြည့်ကြည့် မြင်ကွင်းဟာ ခြောက်သယောင်းနေပါတယ်။ အခိုးအလျှံတွေ ထောင်းထောင်း ထနေပါတယ်။ ဆေးစစ်အဖြေလွှာပေါ်မှာရေးထားတဲ့ အဖြေ၊ “ဝမ်းနည်းပါတယ်၊ ခင်ဗျားမှာ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုးရှိနေပြီ” ဆိုတဲ့ ဆရာဝန်ရဲ့ကရုဏာသက်တဲ့အသံ၊ ဒါတွေကို မြင်ရကြားရတုန်းကဆိုရင် ကမ္ဘာကြီး တစ်ခုလုံး အိုးထိန်းစက်လို သွက်သွက်ခါလည်သွားသလားပါပဲ။ မျက်လုံးပေါင်းတစ်ထောင်ရဲ့ အကြည့်ဟာ အဓိပ္ပာယ်တစ်ထောင်မက ဆန်းပြားနေပါတယ်။ ကျွန်တော့် မျက်နှာဟာ နီမြန်းနေမလား၊ ဖြူလျော်နေမလား ကျွန်တော်မသိနိုင်ခဲ့ပါဘူး။ ကျွန်တော်သိတာကတော့ ကျွန်တော်ဟာ လူ့အဖွဲ့အစည်းကချမှတ်တဲ့ အမြင့်ဆုံး ပြစ်ဒဏ်တစ်ခုကို ခံယူရတော့မယ်ဆိုတာပါပဲ။

အိပ်ခ်ျအိုင်ဗွီ ပိုးရှိတဲ့လူတစ်ယောက်ကိုတွေ့ရင် အထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်တာဟာ လူတစ်ဦးချင်းစီရဲ့ စရိုက်လား၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ စရိုက်လက္ခဏာပဲလား။ လူဆိုတာသေမျိုးပါ။ နောက်ပြီး ဒီရောဂါပိုး တွေ့တဲ့လူတိုင်းဟာ ယုတ်ညံ့တဲ့လူတွေမဟုတ်ဘူးဆိုတာ သတိပြုမိစေချင်ပါတယ်။ လူအများစုရဲ့ စိတ်ထဲမှာ ကိုယ်ကျင့်တရား ဖောက်ပြားခြင်းနဲ့ ရောဂါပိုးတွေ့ခြင်းတို့ကို တွဲလျက်သားမြင်နေကြတာက ဆိုးတာပါပဲ။ ဒီရောဂါပိုးရှိတဲ့လူဟာ မကောင်းတဲ့သူ၊ မကောင်းတဲ့သူမှာ ဒီရောဂါပိုးရှိတယ် ဆိုတဲ့အမြင်တွေ ဘယ်တော့များမှ ပျောက်ပါ့မလဲ။

ကျွန်တော်ဟာ ကိုယ့်အပြစ်ကိုမှေးမှိန် စေချင်လို့ ခုလိုပြောနေတယ်လို့ မမှတ်ယူစေချင်ပါဘူး။ လူတိုင်းဟာ ခြောက်ပြစ်မကင်းနိုင်ကြတဲ့အတွက် ကျွန်တော့်မှာလည်း အပြစ်အနာအဆာတွေနဲ့ပါ။ ဒါပေမဲ့လည်း လူတွေဟာ ကိုယ်မကောင်းတာကိုတော့ဖုံးဖိပြီး သူများတကာရဲ့အားနည်းချက်ကို လက်ညှိုးထိုးတာကိုတော့ ကျွန်တော် မကျေနပ်ဆုံးပါပဲ။ ဒီအတွက်ပဲ ကျွန်တော်ဝမ်းနည်းမိပါတယ်။

တစ်ခဏတာခံစားမှုလေးမှာသာယာမိခဲ့တဲ့ကျွန်တော်ဟာ စောစောစီးစီးဘ၀နေဝင်ချိန် ရောက်ရပါတော့မယ်။ လူပုံအလယ်မှာ မျက်နှာမပြရဲအောင်ဖြစ်ရပါတော့မယ်။ ဒါထက်ဆိုးတဲ့ထိုးနှက်ချက်ကတော့ကျွန်တော့်ဇနီးသည်နဲ့ရင်သွေးလေး ကိုပါ ရောဂါပိုးကူးစက်ခဲ့ခြင်းပါပဲ။ အပြစ်မဲ့သူနှစ်ယောက်ဟာ ကျွန်တော့်ဆီကရတဲ့ အမွေဆိုး တစ်ခုကို သဘောဆန္ဒ မပါဘဲ လက်ခံခဲ့ရပါတယ်။ ကျွန်တော့်သားလေးဟာ လူဖြစ်လို့ဖြစ်မှန်းမှမသိခင် လူ့လောကကို နှုတ်ဆက်ရပါဦးမယ်။ ကျွန်တော့်ဇနီးသည်မှာ ဟိုးတလောက အဆုတ်အအေးမိလို့ ခဏခဏဖျားပြီး ချောင်းခြောက်တွေ ဆိုးလာလို့ ဆရာဝန်ဆီသွားပြရာကအစပြုတာပါပဲ။ အစကတော့ နမိုးနီးယားဖြစ်တယ်ဆိုပြီး ဆေးတွေစားလို့ သက်သာ သွားပါတယ်။ ဒါပေမဲ့ ထပ်ကာထပ်ကာဖျားပြီး ချောင်းတွေပိုဆိုးလာ၊ ကိုယ်အလေးချိန်လည်း သိသိသာသာ လျော့သွားပြီး ခံတွင်းနဲ့ မျက်နှာပေါ်မှာ ညိုညိုအစက်တွေပေါ်လာလို့ မသင်္ကာလို့သွေးစစ်ကြည့်တော့မှ အဖြေပေါ်တော့တာပါပဲ။

ကျွန်တော့်ဇနီး ဘယ်သူ့ဆီကကူးသလဲဆိုတာ မေးစရာမလိုတော့ပါဘူး။ ကျွန်တော်ကိုယ်တိုင် စစ်ကြည့်တော့ အဖြေကိုသိပြီးသား ဆိုပေမယ့်လည်း နည်းနည်းတော့ မဝံ့မရဲမျှော်လင့်ခဲ့မိပါသေးတယ်။ ဒါပေမဲ့ အခါလွန်မှ ရွာတဲ့မိုးလိုဖြစ်ခဲ့ပါပြီ။ ကျွန်တော်လည်း တုန်လှုပ်ရပါပြီ။ ကျွန်တော်ပြန်စဉ်းစားပါတယ်။ ငါဘာလုပ်ခဲ့ မိသလဲလို့ပေါ့။ ကျွန်တော့်ရဲ့စိတ်အာရုံမှာ မြင်ကွင်းတွေဟာ ဝိုးတဝါးပြန်ပေါ်လာပါတယ်။ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်လောက်အောင် မူးနေခဲ့ပါတယ်။ ကျွန်တော့်ရဲ့နံဘေးမှာ မိန်းမချောတွေ။ သူတို့ရဲ့ မျက်နှာတွေကို ကျွန်တော်ပြန် မမှတ်တော့ပါဘူး။ တစ်ဒင်္ဂသာယာမှုလေးဟာလည်း ခုချိန်မှာဘာမှ မကျန်တော့ပါဘူး။ ကျန်နေတာက အဲဒါရဲ့နောက် ဆက်တွဲပဲပါပဲ။

ကျွန်တော့်ရင်ထဲမှာ အကြောက်တရားတို့လွှမ်းမိုးနေပါတယ်။ “ငါချစ်ခင်တွယ်တာရတဲ့ ဒီမိဘ၊ ဒီဆွေမျိုး၊ ဒီမိသားစုနဲ့ထာဝရခွဲခွာရတော့မှာပါလား” ဆိုတဲ့ အသိဟာ ကျွန်တော့်ရင်ကို ပူလောင်စေပါတယ်။ ဟိုရှေ့မှာ သေမင်းရဲ့ ခံတွင်းဝကိုမြင်နေရပါပြီ။ ကျွန်တော်တို့ဟာ ကားစင်နားရောက်လာတဲ့ ရာဇဝတ်သားတွေလိုပါပဲ။ တချို့ကသွေးပျက်ကြတယ်။ တချို့က ငယ်သံပါအောင် အော်ဟစ်ကြတယ်။ တချို့ကတော့ သတိလစ် မေ့မြောကုန်ကြပါတယ်။

အရိုးပေါ်အရေတင်ပဲကျန်တော့တဲ့ ဇနီးသည်ကိုကြည့်ရင်း ကျွန်တော်ဟာခေါင်းကိုသာ တွင်တွင်ခါယမ်းနေ မိပါတယ်။ ကိုယ်ခံအားနည်းတဲ့သူမှာ ရောဂါလက္ခဏာတွေအလျင်ပေါ်တဲ့အတွက် ကျွန်တော့်ဇနီးသည်က ကျွန်တော့်ထက်ဦးအောင်ခံစားနေရပါတယ်။ သူ့ရဲ့ကိုယ်ခံအားစနစ်ကြီးကို ရောဂါပိုးတွေက ဖျက်ဆီးနေကြပါပြီ။ သူ့ရဲ့ခန္ဓာကိုယ်ဟာ အစောင့် တပ်မရှိတော့တဲ့မြို့တစ်မြို့လိုပါပဲ။ ရန်သူပေါင်းစုံဝင်ပြီး ရစရာမရှိအောင် ကိုက်ဖြတ်စားသောက်နေကြပါတယ်။

ကျွန်တော်ဟာ ချစ်ဇနီးကိုကြည့်ရင်း ယူကျုံးမရဖြစ်နေမိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်းနောင်တရနေမိပါတယ်။ ကျွန်တော်ဟာ ခဏခံပျော်ရွှင်မှု၊ သာယာမှုနောက်ကိုလိုက်မိတဲ့အတွက် ကျွန်တော့်ဇနီးအပေါ်မှာလည်း သစ္စာဖောက်ဖျက်မိတဲ့အပြင် ဇနီးနဲ့ရင်သွေးကိုပါ ကျွန်တော့်မိုက်ပြစ်ရဲ့ဒဏ်တွေကို ခံရအောင်လုပ်မိခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဒါတွေကိုပြန်တွေးပြီး နောင်တရမနေချင် ပါဘူး။ ရှေ့ကိုပဲမျှော်ကြည့်ပြီး ဖြစ်လာသမျှကို အကောင်းဆုံးရင်ဆိုဖို့ပဲ ပြင်ဆင်ထား ချင်ပါတယ်။

အိမ်ထဲကနေအပြင်ကိုလှမ်းကြည့်လိုက်လို့ရှိရင် ပြေးလွှားဆော့ကစားနေတဲ့ ကလေးတွေ၊ သွားလာလှုပ်ရှား နေတဲ့လူတွေ၊ ယာဉ်ရထားတွေ၊ စုံတွဲတွေဟာ ကျွန်တော့်ကိုလှောင်ရယ်နေသလိုပါပဲ။ သူတို့တတွေ ပျော်ရွှင်ရယ်မောနေကြချိန်မှာ ကျွန်တော်ဟာ ကျောက်ရုပ်တစ်ခုလိုငူငူကြီးဖြစ်နေရပါတယ်။ “ဪ လူဆိုတာ သေမျိုးဟဲ့၊ ခုမသေလည်း နောင်သေမှာပဲ၊ ဒီရောဂါမရှိတဲ့လူတွေလည်း ကိုယ့်ထက်စောပြီး သေချင် သေနိုင် တာပဲ” လို့တွေးတွေးပြီး ဖြေသိမ့်ရပါတယ်။

လှပါတယ်ဆိုတဲ့ သဘာ၀ရှုခင်းတွေဟာ ကျွန်တော့်အတွက်တော့ သဲကန္တာရတစ်ခုနဲ့မခြားပါဘူး။ အရိပ်မရှိ၊ ရေမရှိ၊ အဖော်မရှိနဲ့ ပူပြင်းခြောက်သွေ့ နေတဲ့ ကန္တာရထဲကကျွန်တော်ဟာ သိပ်တောင့်တနေတဲ့ အိုအေစစ် ကလေး တစ်ခုတလေများ တွေးမလားလို့ရှာရင်းနဲ့ပဲ လဲကျလု မတတ်ဖြစ်ခဲ့ရပါတယ်။ အသံ သဲ့သဲ့ကြားလို့ အားတက်သရော နောက်လှည့်ကြည့်မိတော့ ကျွန်တော့်ဇနီးနဲ့သားလေး ... ပြီးတော့ ကျွန်တော်တို့လို ဘဝတူတွေ ...

ကျွန်တော့်တို့သားလေးမရှိတော့တဲ့နောက်မှာ ကျွန်တော့်ဇနီးသည်ရဲ့အခြေအနေဟာလည်း နောက်ဆုံးအဆင့် ကိုရောက်လာပါတယ်။ ဝမ်းတွေလျှောပြီး ရေယုန်တွေမက်ခရုတွေကလည်း ကိုယ်ခန္ဓာအနှံ့ပါပဲ။ ပူလောင်မှုကိုခံစားနေရတဲ့ ဇနီးသည်ကို ပန်ကာလေတွေ၊ ယပ်လေတွေက အေးမြအောင်မစွမ်းဆောင်နိုင်ပါဘူး။ “ကာပိုဆီဆာကိုးမား” လို့ခေါ်တဲ့ အရေပြား ကင်ဆာရဲ့လက္ခဏာတွေဖြစ်တဲ့ ညိုညိုအကွက်တွေကလည်း သူ့တစ်ကိုယ်လုံး ပျံ့နှံ့နေပါပြီ။ ချစ်ဇနီးကိုကြည့်ရင်း ကျွန်တော်ဟာ ထိတ်လန့်လာပါတယ်။ “ငါလည်း မကြာခင်သူ့လမ်းကိုလိုက်ရမှာပါလား” လို့တွေးပြီး သတ်သေပစ်ချင်စိတ်တွေတောင် ပေါက်လာမိပါတယ်။ ဒါပေမဲ့ ကျွန်တော် သတ္တိနည်းသူတစ်ယောက်၊ တာဝန်ကိုရှောင်လွှဲလိုသူ တစ်ယောက်မဖြစ်ချင်ပါဘူး။ ကျွန်တော့်ရဲ့ စိတ်ကို အောက်ဆုံးရောက်မသွားအောင် မနည်းပြန်ဆွဲတင်ယူနေရပါတယ်။

ကျွန်တော်အပြင်ထွက်တဲ့အခါ ရပ်ကွက်ထဲကအကြောင်းသိလူတွေက ကျွန်တော့်ကိုအဓိပ္ပာယ်ပါပါ ကြည့်ကြပါတယ်။ ကျွန်တော်များ ဘီလူး သဘက်တစ်ကောင်လို အစွယ်ပေါက်နေလေသလား။ ကျွန်တော်ဟာ ချက်ချင်းပဲ အိန္ဒိယကဇာတ်နိမ့်သူ တစ်ယောက်လို ခံစားလိုက်ရပါတယ်။ သူတို့ကတော့ ဇာတ်မြင့်တဲ့ဗြဟ္မဏမျိုးမို့ မထိအပ်၊ မတို့အပ်၊ အရိပ်တောင် မနင်းအပ်သလိုမျိုးပေါ့။

ကျွန်တော်ဟာ ကျွန်တော့်ကိုနှိမ်ချဆက်ဆံကြတဲ့ လူကြီးလူကောင်းဆိုသူတွေကိုကြည့်ပြီး စဉ်းစားနေမိပါတယ်။ ကျွန်တော်ဟာ အရက်ကြောင့်အခိုက်အတန့်အားဖြင့် သတိလက်လွတ်ဖြစ်ခဲ့တယ်ဆိုပေမဲ့ ကျွန်တော့်မှာ ပင်ကိုအားဖြင့် ယုတ်ညံ့တဲ့၊ အောက်တန်းကျတဲ့ စိတ်ဓာတ်မျိုးတော့မရှိဘူးလို့ယုံကြည်ပါတယ်။ မိကောင်းဖခင် သားသမီးတွေကို အပျော်တွဲပြီး ကျောရရုံကြံစည်တတ်တဲ့လူစားမျိုးထဲမှာ ကျွန်တော်မပါ။ မိမိသမီးအရွယ် အိမ်ဖော်မလေးကို ခြေတော်တင်တတ်တဲ့ လူတွေထဲမှာ ကျွန်တော်မပါ။ မနာလိုဝန်တိုများပြီး သူတပါး စည်းစိမ်ပျက်အောင်၊ သူတပါးဒုက္ခရောက်အောင် မကောင်းကြံတတ်တဲ့လူတွေထဲမှာ ကျွန်တော်မပါ။ ကိုယ်ကောင်းရင်ပြီးရော၊ သူများဘာဖြစ်ဖြစ်ဆိုတဲ့ ငတေမာသမားများထဲမှာ ကျွန်တော်မပါ။ ဒါပေမဲ့ ကျွန်တော်က လူမှုရေးရှုထောင့်အရ ရာဇဝတ်သား ဖြစ်သွား ရပါတယ်။ ကျွန်တော့်ထက် ပိုဆိုးတဲ့ လူတွေက ကျွန်တော့်ကိုမတူ မတန်ကြည့်တဲ့အခါများမှာ ကျွန်တော်ဘယ်လိုခံစား ရမလဲဆိုတာ တွေးကြည့်စေချင်ပါတယ်။

ကျွန်တော်ဟာ ရုပ်ခန္ဓာမှာ အေအိုင်ဒီအက်စ်ရောဂါပိုးကူးစက်ခံနေရသလို ဒီကနေ့လူသားတော်တော်များ မှာလည်း စိတ်မှာစွဲကပ်တဲ့ အေအိုင်ဒီအက်စ်ရောဂါပိုးကူးစက်ခံနေရတယ်လို့ မြင်မိပါတယ်။ လူဆိုတာ အချင်းချင်း မေတ္တာထားဖို့၊ ကူညီစောင့်ရှောက်ဖို့၊ မိမိနဲ့ထပ်တူချစ်ခင်ဖို့လိုပါတယ်။ စိတ်ရဲ့ကိုယ်ခံစွမ်းအား ဖြစ်တဲ့ ဗြဟ္မစိုရ်တရားတွေကို အတ္တဆိုတဲ့ အေအိုင်ဒီအက်စ် ရောဂါပိုးတွေ ကူးစက်လာတဲ့အခါ လောဘ၊ ဒေါသစတဲ့ ရောဂါပေါင်းစုံဝင်ပြီး ထကြွသောင်းကျန်းပါတယ်။

ဒီလိုနဲ့ ဣဿာမစ္ဆရိယတွေ လွန်ကဲလာတော့ ရန်ငြိုးဖွဲ့ကြ၊ အာဃာတထားကြ၊ အမုန်းတွေပွားပြီး သတ်ကြဖြတ်ကြ၊ ချောက်တွန်းကြ၊ ဘနဖူးသိုက်တူးကြ၊ ရေတစ်ပွက်စာဘဝကလေးမှာ ချမ်းသာကြဖို့ လိမ်ညာကြ၊ ကောက်ကျစ်ကြ၊ သစ္စာဖောက်ကြ၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ငွေနဲ့လဲလှယ်ကြနဲ့ လောကကြီးဟာ ငြိမ်းချမ်းတယ်လို့ မရှိတော့ပါဘူး။

ဒီကနေ့ ကမ္ဘာကြီးကိုခြိမ်းခြောက်နေတဲ့ လူအစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ ဓာတ်ငွေ့တွေ၊ လက်နက်ဆန်း တွေ၊ ဗုံးတွေဟာ အတ္တဝါဒီလူတစ်စုကြောင့် မဟုတ်ပါလား။ ဒီလိုလူတွေကြောင့် မျိုးပြုန်းပျောက်ကွယ်ခဲ့ရတဲ့ လူမျိုးစုတွေ၊ မုဆိုးမဖြစ်ရတဲ့အမျိုးသမီးတွေ၊ မိဘမဲ့ကလေးတွေရဲ့အရေအတွက်ဟာ အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးရတဲ့ လူတွေထက် အများကြီးပိုပါတယ်။ အေအိုင်ဒီအက်စ်ကြောင့် လူသားတစ်မျိုးလုံး မျိုးပြုတ်မသွားနိုင်ပေမဲ့ အတ္တသမား၊ ကိုယ်ကျိုးကြည့်သမားတွေကြောင့်တော့ လူသားတစ်မျိုးလုံး မျိုးပြုန်း ပျောက်ကွယ်သွားနိုင်ပါတယ်။

ကမ္ဘာ့သမိုင်းမှာပေါ်ခဲ့တဲ့ ကြောက်စရာရောဂါအားလုံးကို တိုက်ဖျက်နိုင်တဲ့ဆေးဝါးတွေ ပေါ်ပေါက်ခဲ့စမြဲပါပဲ။ သိပ္ပံပညာရှင်တွေဟာ နောင်တစ်နေ့မှာ အေအိုင်ဒီအက်စ်ရောဂါကို ကုသနိုင်တဲ့ဆေးဝါးတွေကို ရှာဖွေ ဖော်ထုတ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ လူတွေရဲ့စိတ်မှာစွဲကပ်နေတဲ့ အေအိုင် ဒီအက်စ်ရောဂါအတွက်တော့ ဘယ် သိပ္ပံပညာရှင်ကမှ ဆေးဖော်နိုင်မှာမဟုတ်ပါဘူး။ ဒီရောဂါကိုတော့ ကိုယ့်ဟာကိုယ်ပဲဆေးရှာရမှာဖြစ်ပါတယ်။ ရေကြောင့်ဖြစ်တဲ့ အညစ်အကြေးကို ရေနဲ့သာ ဆေးကြောရသလိုမျိုး စိတ်ကြောင့်ဖြစ်တဲ့ရောဂါကို စိတ်နဲ့သာပြန်ကုစားရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် သာယာလှပနေတဲ့ ကမ္ဘာလောကဟာ အကျည်းတန်စွာ နိဂုံးချုပ်သွားမှာဖြစ်ပါတယ်။



အေအိုင်ဒီအက်စ်ရောဂါဟာ ကြောက်ဖို့ကောင်းတဲ့၊ ထိတ်လန့်ဖို့ကောင်းတဲ့ ရောဂါဆိုးကြီးပါ။ ဒါပေမဲ့ အဲဒီ အရုပ်ဆိုးအကျည်းတန်လှတဲ့ ရောဂါဆိုးဆိုတဲ့အပေါ်ယံဝတ်ရုံမည်းကြီးအောက်မှာပဲ ဖြူစင်သန့်ရှင်း အပြစ်ကင်းတဲ့ နှလုံးသားတွေ အများရှိပါတယ်။ တစ်ချိန်တည်းမှာ တောက်ပပြိုးပြက်အရောက်လက်နေတဲ့ အပေါ်ယံ ဝတ်ရုံလွှာတွေရဲ့ အောက်ထဲမှာ၊ စွဲမက်စရာ အပြုံးတွေ၊ ဖော်ရွေမှုတွေ၊ ရယ်သံလွင်လွင်တွေရဲ့ နောက် အကွယ်ထဲမှာ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ နှလုံးသားမည်းညစ်ညစ်တွေ၊ လူသားမဆန်တဲ့ နှလုံးသားတွေ ရှိနေနိုင်တယ်ဆိုလည်း မမေ့စေချင်ပါ။ အေအိုင်ဒီအက်စ်ရောဂါသည်များကို နွေးထွေးကြင်နာတဲ့ လက်တစ်စုံ ကမ်းပေးဖို့လိုနေသလိုပဲ အတ္တနှလုံးသားတွေဆီကို လက်တွေမလှမ်းမိဖို့၊ ကမ်းမိတယ် ဆိုရင်လည်း ပြန်လည် ရုပ်သိမ်းပစ်ဖို့ အရေးကြီးပါတယ်။

အားလုံးသောနှလုံးသားများဟာ ပကတိအဖြူရောင်ဖြစ်ကြမယ်ဆိုရင် ... ။

Heart (နှလုံးအိမ်) မဂ္ဂဇင်း၂၀၀၅  ခုနှစ် အောက်တိုဘာ။ 

ရသဝတ္ထုကဏ္ဍမှာ အခြားဖတ်စရာ

Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...