Skip to main content

အဖြူရောင်နှလုံးသားများသို့

ပန်းတွေဟာလှပစွာဖူးပွင့်နေကြပါတယ်။ ကမ္ဘာလောကဟာ ခါတိုင်းထက်ကို ပိုလှနေသလိုပါပဲ။ အပြာရောင် ပိတ်ကားတစ်ချပ်ပေါ်မှာ ပုစွန်ဆီရောင်တွေကို ခြယ်သထားပြီး အဲဒီအပေါ်မှာတော့ တိမ်စိုင်တိမ်လိပ် တွေကိုချိတ်ဆွဲထားပါတယ်။ ဟောဟို တောတန်းလေးဆီကလွင့်မျောလာတဲ့ ပန်းရနံ့ မွှေးမွှေးတွေက စိတ်အညစ် အကြေးတွေကို ဆေးကြောချဖို့လား။ တည်ငြိမ်နေတဲ့ ကန်ရေပြင်ကိုကြည့်လို့ ကျွန်တော်အတွေးနယ်ချဲ့ နေမိပါတယ်။ ကမ္ဘာလောကဟာ သိပ်ကိုနေချင့်စဖွယ် ကောင်းလောက်အောင် သာယာလှပနေတာပါ။ ကျွန်တော်ဟာ ဒီမြင်ကွင်းကိုကြည့်လို့ လောကကိုခုံမင်တွယ်တာတဲ့စိတ်တွေ တိုးပွားနေမိတာပါ။

ရုတ်တရက် ကျွန်တော့်မျက်စိရှေ့က သဘာဝပန်းချီကားချပ်ကြီးပေါ်ကို ဆေးအနီတွေ မှောက်ကျသွားသလားလို့ မှတ်ထင်လိုက်မိပါတယ်။ အကြောင်းအရာတစ်ရပ် ခေါင်းထဲဝင်ရောက်လာတဲ့အခါမှာပေါ့။ ဒီအကြောင်းကို သတိရမိတိုင်း ကျွန်တော်ဟာနေထိပန်းလိုညှိုးနွမ်းသွားရတာ ဘယ်သူများသိပါ့မလဲ။ စာရွက်တစ်ရွက်ပေါ်က အဖြေတစ်ခု၊ မိုးကြိုးသံမက ကျယ်လေမလားထင်ရတဲ့ စကားတစ်ခွန်း၊ အထင်သေးစက်ဆုပ်မှုတွေနဲ့မျက်လုံးတွေ ...အို ခုထိ မျက်လုံးထဲကမထွက်နိုင်သေးပါဘူး။ သနားစရာ အကောင်းဆုံးသတ္တဝါတစ်ကောင်အဖြစ် ကိုယ့်ကိုယ်ကိုယ်မှတ်ယူရင်း ဆေးခန်းထဲက ခေါင်းကိုငုံ့လို့ထွက်လာရတဲ့ အချိန်ကစပြီး ကျွန်တော်ဟာ ဒီကမ္ဘာပေါ်မှာ အကြဉ်ခံလူသားတွေထဲကတစ်ဦးဘဝကို အလိုအလျောက် ကျရောက်ပြီးသားဖြစ်သွားပါပြီ။ ကျွန်တော်ဟာ တကယ်ပဲ လူစဉ်မမီတဲ့လူတစ်ယောက်ဖြစ်သွားပြီလား။ တကယ်ပဲအကြဉ်ခံ၊ အပယ်ခံ တစ်ယောက်ဖြစ်သွားပြီလား။

အနှေးနဲ့အမြန်သေရတော့မယ့်လူတစ်ယောက်အဖို့ ဘာကများအဓိပ္ပာယ်ရှိနိုင်ပါဦးမလဲ။ မျှော်လင့်ချက်တွေ ကုန်ဆုံးလို့ ခေါင်းလေးငိုင်စိုက်ကျနေတဲ့ ကျွန်တော့်ရဲ့ပုံသဏ္ဌာန်ကို မြင်ယောင်ကြည့်ကြစေချင်ပါတယ်။ စိတ်ဓာတ်တွေ ပျက်ပြားနေတဲ့ကျွန်တော့်အတွက်တော့ ဒီလောကဟာ ဆေးတစ်ခွက်စာလောက်တောင် တန်ဖိုး မရှိတော့ပါဘူး။ ဘဝရည်မှန်းချက်တို့၊ ဘဝပန်းတိုင်တို့ဆိုတဲ့စကားတွေဟာလည်း ဒီအချိန်မှာ ပြက်လုံး တစ်ခုနဲ့မခြားပါပဲ။ ရှင်လျက်နဲ့သေနေရသူအတွက် ပညာတွေ၊ ဓနတွေ၊ ဂုဏ်တွေဆိုတာ မြောင်းထဲမှာပါ။ ဘယ် နေရာကိုကြည့်ကြည့် မြင်ကွင်းဟာ ခြောက်သယောင်းနေပါတယ်။ အခိုးအလျှံတွေ ထောင်းထောင်း ထနေပါတယ်။ ဆေးစစ်အဖြေလွှာပေါ်မှာရေးထားတဲ့ အဖြေ၊ “ဝမ်းနည်းပါတယ်၊ ခင်ဗျားမှာ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုးရှိနေပြီ” ဆိုတဲ့ ဆရာဝန်ရဲ့ကရုဏာသက်တဲ့အသံ၊ ဒါတွေကို မြင်ရကြားရတုန်းကဆိုရင် ကမ္ဘာကြီး တစ်ခုလုံး အိုးထိန်းစက်လို သွက်သွက်ခါလည်သွားသလားပါပဲ။ မျက်လုံးပေါင်းတစ်ထောင်ရဲ့ အကြည့်ဟာ အဓိပ္ပာယ်တစ်ထောင်မက ဆန်းပြားနေပါတယ်။ ကျွန်တော့် မျက်နှာဟာ နီမြန်းနေမလား၊ ဖြူလျော်နေမလား ကျွန်တော်မသိနိုင်ခဲ့ပါဘူး။ ကျွန်တော်သိတာကတော့ ကျွန်တော်ဟာ လူ့အဖွဲ့အစည်းကချမှတ်တဲ့ အမြင့်ဆုံး ပြစ်ဒဏ်တစ်ခုကို ခံယူရတော့မယ်ဆိုတာပါပဲ။

အိပ်ခ်ျအိုင်ဗွီ ပိုးရှိတဲ့လူတစ်ယောက်ကိုတွေ့ရင် အထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်တာဟာ လူတစ်ဦးချင်းစီရဲ့ စရိုက်လား၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ စရိုက်လက္ခဏာပဲလား။ လူဆိုတာသေမျိုးပါ။ နောက်ပြီး ဒီရောဂါပိုး တွေ့တဲ့လူတိုင်းဟာ ယုတ်ညံ့တဲ့လူတွေမဟုတ်ဘူးဆိုတာ သတိပြုမိစေချင်ပါတယ်။ လူအများစုရဲ့ စိတ်ထဲမှာ ကိုယ်ကျင့်တရား ဖောက်ပြားခြင်းနဲ့ ရောဂါပိုးတွေ့ခြင်းတို့ကို တွဲလျက်သားမြင်နေကြတာက ဆိုးတာပါပဲ။ ဒီရောဂါပိုးရှိတဲ့လူဟာ မကောင်းတဲ့သူ၊ မကောင်းတဲ့သူမှာ ဒီရောဂါပိုးရှိတယ် ဆိုတဲ့အမြင်တွေ ဘယ်တော့များမှ ပျောက်ပါ့မလဲ။

ကျွန်တော်ဟာ ကိုယ့်အပြစ်ကိုမှေးမှိန် စေချင်လို့ ခုလိုပြောနေတယ်လို့ မမှတ်ယူစေချင်ပါဘူး။ လူတိုင်းဟာ ခြောက်ပြစ်မကင်းနိုင်ကြတဲ့အတွက် ကျွန်တော့်မှာလည်း အပြစ်အနာအဆာတွေနဲ့ပါ။ ဒါပေမဲ့လည်း လူတွေဟာ ကိုယ်မကောင်းတာကိုတော့ဖုံးဖိပြီး သူများတကာရဲ့အားနည်းချက်ကို လက်ညှိုးထိုးတာကိုတော့ ကျွန်တော် မကျေနပ်ဆုံးပါပဲ။ ဒီအတွက်ပဲ ကျွန်တော်ဝမ်းနည်းမိပါတယ်။

တစ်ခဏတာခံစားမှုလေးမှာသာယာမိခဲ့တဲ့ကျွန်တော်ဟာ စောစောစီးစီးဘ၀နေဝင်ချိန် ရောက်ရပါတော့မယ်။ လူပုံအလယ်မှာ မျက်နှာမပြရဲအောင်ဖြစ်ရပါတော့မယ်။ ဒါထက်ဆိုးတဲ့ထိုးနှက်ချက်ကတော့ကျွန်တော့်ဇနီးသည်နဲ့ရင်သွေးလေး ကိုပါ ရောဂါပိုးကူးစက်ခဲ့ခြင်းပါပဲ။ အပြစ်မဲ့သူနှစ်ယောက်ဟာ ကျွန်တော့်ဆီကရတဲ့ အမွေဆိုး တစ်ခုကို သဘောဆန္ဒ မပါဘဲ လက်ခံခဲ့ရပါတယ်။ ကျွန်တော့်သားလေးဟာ လူဖြစ်လို့ဖြစ်မှန်းမှမသိခင် လူ့လောကကို နှုတ်ဆက်ရပါဦးမယ်။ ကျွန်တော့်ဇနီးသည်မှာ ဟိုးတလောက အဆုတ်အအေးမိလို့ ခဏခဏဖျားပြီး ချောင်းခြောက်တွေ ဆိုးလာလို့ ဆရာဝန်ဆီသွားပြရာကအစပြုတာပါပဲ။ အစကတော့ နမိုးနီးယားဖြစ်တယ်ဆိုပြီး ဆေးတွေစားလို့ သက်သာ သွားပါတယ်။ ဒါပေမဲ့ ထပ်ကာထပ်ကာဖျားပြီး ချောင်းတွေပိုဆိုးလာ၊ ကိုယ်အလေးချိန်လည်း သိသိသာသာ လျော့သွားပြီး ခံတွင်းနဲ့ မျက်နှာပေါ်မှာ ညိုညိုအစက်တွေပေါ်လာလို့ မသင်္ကာလို့သွေးစစ်ကြည့်တော့မှ အဖြေပေါ်တော့တာပါပဲ။

ကျွန်တော့်ဇနီး ဘယ်သူ့ဆီကကူးသလဲဆိုတာ မေးစရာမလိုတော့ပါဘူး။ ကျွန်တော်ကိုယ်တိုင် စစ်ကြည့်တော့ အဖြေကိုသိပြီးသား ဆိုပေမယ့်လည်း နည်းနည်းတော့ မဝံ့မရဲမျှော်လင့်ခဲ့မိပါသေးတယ်။ ဒါပေမဲ့ အခါလွန်မှ ရွာတဲ့မိုးလိုဖြစ်ခဲ့ပါပြီ။ ကျွန်တော်လည်း တုန်လှုပ်ရပါပြီ။ ကျွန်တော်ပြန်စဉ်းစားပါတယ်။ ငါဘာလုပ်ခဲ့ မိသလဲလို့ပေါ့။ ကျွန်တော့်ရဲ့စိတ်အာရုံမှာ မြင်ကွင်းတွေဟာ ဝိုးတဝါးပြန်ပေါ်လာပါတယ်။ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်လောက်အောင် မူးနေခဲ့ပါတယ်။ ကျွန်တော့်ရဲ့နံဘေးမှာ မိန်းမချောတွေ။ သူတို့ရဲ့ မျက်နှာတွေကို ကျွန်တော်ပြန် မမှတ်တော့ပါဘူး။ တစ်ဒင်္ဂသာယာမှုလေးဟာလည်း ခုချိန်မှာဘာမှ မကျန်တော့ပါဘူး။ ကျန်နေတာက အဲဒါရဲ့နောက် ဆက်တွဲပဲပါပဲ။

ကျွန်တော့်ရင်ထဲမှာ အကြောက်တရားတို့လွှမ်းမိုးနေပါတယ်။ “ငါချစ်ခင်တွယ်တာရတဲ့ ဒီမိဘ၊ ဒီဆွေမျိုး၊ ဒီမိသားစုနဲ့ထာဝရခွဲခွာရတော့မှာပါလား” ဆိုတဲ့ အသိဟာ ကျွန်တော့်ရင်ကို ပူလောင်စေပါတယ်။ ဟိုရှေ့မှာ သေမင်းရဲ့ ခံတွင်းဝကိုမြင်နေရပါပြီ။ ကျွန်တော်တို့ဟာ ကားစင်နားရောက်လာတဲ့ ရာဇဝတ်သားတွေလိုပါပဲ။ တချို့ကသွေးပျက်ကြတယ်။ တချို့က ငယ်သံပါအောင် အော်ဟစ်ကြတယ်။ တချို့ကတော့ သတိလစ် မေ့မြောကုန်ကြပါတယ်။

အရိုးပေါ်အရေတင်ပဲကျန်တော့တဲ့ ဇနီးသည်ကိုကြည့်ရင်း ကျွန်တော်ဟာခေါင်းကိုသာ တွင်တွင်ခါယမ်းနေ မိပါတယ်။ ကိုယ်ခံအားနည်းတဲ့သူမှာ ရောဂါလက္ခဏာတွေအလျင်ပေါ်တဲ့အတွက် ကျွန်တော့်ဇနီးသည်က ကျွန်တော့်ထက်ဦးအောင်ခံစားနေရပါတယ်။ သူ့ရဲ့ကိုယ်ခံအားစနစ်ကြီးကို ရောဂါပိုးတွေက ဖျက်ဆီးနေကြပါပြီ။ သူ့ရဲ့ခန္ဓာကိုယ်ဟာ အစောင့် တပ်မရှိတော့တဲ့မြို့တစ်မြို့လိုပါပဲ။ ရန်သူပေါင်းစုံဝင်ပြီး ရစရာမရှိအောင် ကိုက်ဖြတ်စားသောက်နေကြပါတယ်။

ကျွန်တော်ဟာ ချစ်ဇနီးကိုကြည့်ရင်း ယူကျုံးမရဖြစ်နေမိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်းနောင်တရနေမိပါတယ်။ ကျွန်တော်ဟာ ခဏခံပျော်ရွှင်မှု၊ သာယာမှုနောက်ကိုလိုက်မိတဲ့အတွက် ကျွန်တော့်ဇနီးအပေါ်မှာလည်း သစ္စာဖောက်ဖျက်မိတဲ့အပြင် ဇနီးနဲ့ရင်သွေးကိုပါ ကျွန်တော့်မိုက်ပြစ်ရဲ့ဒဏ်တွေကို ခံရအောင်လုပ်မိခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဒါတွေကိုပြန်တွေးပြီး နောင်တရမနေချင် ပါဘူး။ ရှေ့ကိုပဲမျှော်ကြည့်ပြီး ဖြစ်လာသမျှကို အကောင်းဆုံးရင်ဆိုဖို့ပဲ ပြင်ဆင်ထား ချင်ပါတယ်။

အိမ်ထဲကနေအပြင်ကိုလှမ်းကြည့်လိုက်လို့ရှိရင် ပြေးလွှားဆော့ကစားနေတဲ့ ကလေးတွေ၊ သွားလာလှုပ်ရှား နေတဲ့လူတွေ၊ ယာဉ်ရထားတွေ၊ စုံတွဲတွေဟာ ကျွန်တော့်ကိုလှောင်ရယ်နေသလိုပါပဲ။ သူတို့တတွေ ပျော်ရွှင်ရယ်မောနေကြချိန်မှာ ကျွန်တော်ဟာ ကျောက်ရုပ်တစ်ခုလိုငူငူကြီးဖြစ်နေရပါတယ်။ “ဪ လူဆိုတာ သေမျိုးဟဲ့၊ ခုမသေလည်း နောင်သေမှာပဲ၊ ဒီရောဂါမရှိတဲ့လူတွေလည်း ကိုယ့်ထက်စောပြီး သေချင် သေနိုင် တာပဲ” လို့တွေးတွေးပြီး ဖြေသိမ့်ရပါတယ်။

လှပါတယ်ဆိုတဲ့ သဘာ၀ရှုခင်းတွေဟာ ကျွန်တော့်အတွက်တော့ သဲကန္တာရတစ်ခုနဲ့မခြားပါဘူး။ အရိပ်မရှိ၊ ရေမရှိ၊ အဖော်မရှိနဲ့ ပူပြင်းခြောက်သွေ့ နေတဲ့ ကန္တာရထဲကကျွန်တော်ဟာ သိပ်တောင့်တနေတဲ့ အိုအေစစ် ကလေး တစ်ခုတလေများ တွေးမလားလို့ရှာရင်းနဲ့ပဲ လဲကျလု မတတ်ဖြစ်ခဲ့ရပါတယ်။ အသံ သဲ့သဲ့ကြားလို့ အားတက်သရော နောက်လှည့်ကြည့်မိတော့ ကျွန်တော့်ဇနီးနဲ့သားလေး ... ပြီးတော့ ကျွန်တော်တို့လို ဘဝတူတွေ ...

ကျွန်တော့်တို့သားလေးမရှိတော့တဲ့နောက်မှာ ကျွန်တော့်ဇနီးသည်ရဲ့အခြေအနေဟာလည်း နောက်ဆုံးအဆင့် ကိုရောက်လာပါတယ်။ ဝမ်းတွေလျှောပြီး ရေယုန်တွေမက်ခရုတွေကလည်း ကိုယ်ခန္ဓာအနှံ့ပါပဲ။ ပူလောင်မှုကိုခံစားနေရတဲ့ ဇနီးသည်ကို ပန်ကာလေတွေ၊ ယပ်လေတွေက အေးမြအောင်မစွမ်းဆောင်နိုင်ပါဘူး။ “ကာပိုဆီဆာကိုးမား” လို့ခေါ်တဲ့ အရေပြား ကင်ဆာရဲ့လက္ခဏာတွေဖြစ်တဲ့ ညိုညိုအကွက်တွေကလည်း သူ့တစ်ကိုယ်လုံး ပျံ့နှံ့နေပါပြီ။ ချစ်ဇနီးကိုကြည့်ရင်း ကျွန်တော်ဟာ ထိတ်လန့်လာပါတယ်။ “ငါလည်း မကြာခင်သူ့လမ်းကိုလိုက်ရမှာပါလား” လို့တွေးပြီး သတ်သေပစ်ချင်စိတ်တွေတောင် ပေါက်လာမိပါတယ်။ ဒါပေမဲ့ ကျွန်တော် သတ္တိနည်းသူတစ်ယောက်၊ တာဝန်ကိုရှောင်လွှဲလိုသူ တစ်ယောက်မဖြစ်ချင်ပါဘူး။ ကျွန်တော့်ရဲ့ စိတ်ကို အောက်ဆုံးရောက်မသွားအောင် မနည်းပြန်ဆွဲတင်ယူနေရပါတယ်။

ကျွန်တော်အပြင်ထွက်တဲ့အခါ ရပ်ကွက်ထဲကအကြောင်းသိလူတွေက ကျွန်တော့်ကိုအဓိပ္ပာယ်ပါပါ ကြည့်ကြပါတယ်။ ကျွန်တော်များ ဘီလူး သဘက်တစ်ကောင်လို အစွယ်ပေါက်နေလေသလား။ ကျွန်တော်ဟာ ချက်ချင်းပဲ အိန္ဒိယကဇာတ်နိမ့်သူ တစ်ယောက်လို ခံစားလိုက်ရပါတယ်။ သူတို့ကတော့ ဇာတ်မြင့်တဲ့ဗြဟ္မဏမျိုးမို့ မထိအပ်၊ မတို့အပ်၊ အရိပ်တောင် မနင်းအပ်သလိုမျိုးပေါ့။

ကျွန်တော်ဟာ ကျွန်တော့်ကိုနှိမ်ချဆက်ဆံကြတဲ့ လူကြီးလူကောင်းဆိုသူတွေကိုကြည့်ပြီး စဉ်းစားနေမိပါတယ်။ ကျွန်တော်ဟာ အရက်ကြောင့်အခိုက်အတန့်အားဖြင့် သတိလက်လွတ်ဖြစ်ခဲ့တယ်ဆိုပေမဲ့ ကျွန်တော့်မှာ ပင်ကိုအားဖြင့် ယုတ်ညံ့တဲ့၊ အောက်တန်းကျတဲ့ စိတ်ဓာတ်မျိုးတော့မရှိဘူးလို့ယုံကြည်ပါတယ်။ မိကောင်းဖခင် သားသမီးတွေကို အပျော်တွဲပြီး ကျောရရုံကြံစည်တတ်တဲ့လူစားမျိုးထဲမှာ ကျွန်တော်မပါ။ မိမိသမီးအရွယ် အိမ်ဖော်မလေးကို ခြေတော်တင်တတ်တဲ့ လူတွေထဲမှာ ကျွန်တော်မပါ။ မနာလိုဝန်တိုများပြီး သူတပါး စည်းစိမ်ပျက်အောင်၊ သူတပါးဒုက္ခရောက်အောင် မကောင်းကြံတတ်တဲ့လူတွေထဲမှာ ကျွန်တော်မပါ။ ကိုယ်ကောင်းရင်ပြီးရော၊ သူများဘာဖြစ်ဖြစ်ဆိုတဲ့ ငတေမာသမားများထဲမှာ ကျွန်တော်မပါ။ ဒါပေမဲ့ ကျွန်တော်က လူမှုရေးရှုထောင့်အရ ရာဇဝတ်သား ဖြစ်သွား ရပါတယ်။ ကျွန်တော့်ထက် ပိုဆိုးတဲ့ လူတွေက ကျွန်တော့်ကိုမတူ မတန်ကြည့်တဲ့အခါများမှာ ကျွန်တော်ဘယ်လိုခံစား ရမလဲဆိုတာ တွေးကြည့်စေချင်ပါတယ်။

ကျွန်တော်ဟာ ရုပ်ခန္ဓာမှာ အေအိုင်ဒီအက်စ်ရောဂါပိုးကူးစက်ခံနေရသလို ဒီကနေ့လူသားတော်တော်များ မှာလည်း စိတ်မှာစွဲကပ်တဲ့ အေအိုင်ဒီအက်စ်ရောဂါပိုးကူးစက်ခံနေရတယ်လို့ မြင်မိပါတယ်။ လူဆိုတာ အချင်းချင်း မေတ္တာထားဖို့၊ ကူညီစောင့်ရှောက်ဖို့၊ မိမိနဲ့ထပ်တူချစ်ခင်ဖို့လိုပါတယ်။ စိတ်ရဲ့ကိုယ်ခံစွမ်းအား ဖြစ်တဲ့ ဗြဟ္မစိုရ်တရားတွေကို အတ္တဆိုတဲ့ အေအိုင်ဒီအက်စ် ရောဂါပိုးတွေ ကူးစက်လာတဲ့အခါ လောဘ၊ ဒေါသစတဲ့ ရောဂါပေါင်းစုံဝင်ပြီး ထကြွသောင်းကျန်းပါတယ်။

ဒီလိုနဲ့ ဣဿာမစ္ဆရိယတွေ လွန်ကဲလာတော့ ရန်ငြိုးဖွဲ့ကြ၊ အာဃာတထားကြ၊ အမုန်းတွေပွားပြီး သတ်ကြဖြတ်ကြ၊ ချောက်တွန်းကြ၊ ဘနဖူးသိုက်တူးကြ၊ ရေတစ်ပွက်စာဘဝကလေးမှာ ချမ်းသာကြဖို့ လိမ်ညာကြ၊ ကောက်ကျစ်ကြ၊ သစ္စာဖောက်ကြ၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ငွေနဲ့လဲလှယ်ကြနဲ့ လောကကြီးဟာ ငြိမ်းချမ်းတယ်လို့ မရှိတော့ပါဘူး။

ဒီကနေ့ ကမ္ဘာကြီးကိုခြိမ်းခြောက်နေတဲ့ လူအစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ ဓာတ်ငွေ့တွေ၊ လက်နက်ဆန်း တွေ၊ ဗုံးတွေဟာ အတ္တဝါဒီလူတစ်စုကြောင့် မဟုတ်ပါလား။ ဒီလိုလူတွေကြောင့် မျိုးပြုန်းပျောက်ကွယ်ခဲ့ရတဲ့ လူမျိုးစုတွေ၊ မုဆိုးမဖြစ်ရတဲ့အမျိုးသမီးတွေ၊ မိဘမဲ့ကလေးတွေရဲ့အရေအတွက်ဟာ အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးရတဲ့ လူတွေထက် အများကြီးပိုပါတယ်။ အေအိုင်ဒီအက်စ်ကြောင့် လူသားတစ်မျိုးလုံး မျိုးပြုတ်မသွားနိုင်ပေမဲ့ အတ္တသမား၊ ကိုယ်ကျိုးကြည့်သမားတွေကြောင့်တော့ လူသားတစ်မျိုးလုံး မျိုးပြုန်း ပျောက်ကွယ်သွားနိုင်ပါတယ်။

ကမ္ဘာ့သမိုင်းမှာပေါ်ခဲ့တဲ့ ကြောက်စရာရောဂါအားလုံးကို တိုက်ဖျက်နိုင်တဲ့ဆေးဝါးတွေ ပေါ်ပေါက်ခဲ့စမြဲပါပဲ။ သိပ္ပံပညာရှင်တွေဟာ နောင်တစ်နေ့မှာ အေအိုင်ဒီအက်စ်ရောဂါကို ကုသနိုင်တဲ့ဆေးဝါးတွေကို ရှာဖွေ ဖော်ထုတ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ လူတွေရဲ့စိတ်မှာစွဲကပ်နေတဲ့ အေအိုင် ဒီအက်စ်ရောဂါအတွက်တော့ ဘယ် သိပ္ပံပညာရှင်ကမှ ဆေးဖော်နိုင်မှာမဟုတ်ပါဘူး။ ဒီရောဂါကိုတော့ ကိုယ့်ဟာကိုယ်ပဲဆေးရှာရမှာဖြစ်ပါတယ်။ ရေကြောင့်ဖြစ်တဲ့ အညစ်အကြေးကို ရေနဲ့သာ ဆေးကြောရသလိုမျိုး စိတ်ကြောင့်ဖြစ်တဲ့ရောဂါကို စိတ်နဲ့သာပြန်ကုစားရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် သာယာလှပနေတဲ့ ကမ္ဘာလောကဟာ အကျည်းတန်စွာ နိဂုံးချုပ်သွားမှာဖြစ်ပါတယ်။



အေအိုင်ဒီအက်စ်ရောဂါဟာ ကြောက်ဖို့ကောင်းတဲ့၊ ထိတ်လန့်ဖို့ကောင်းတဲ့ ရောဂါဆိုးကြီးပါ။ ဒါပေမဲ့ အဲဒီ အရုပ်ဆိုးအကျည်းတန်လှတဲ့ ရောဂါဆိုးဆိုတဲ့အပေါ်ယံဝတ်ရုံမည်းကြီးအောက်မှာပဲ ဖြူစင်သန့်ရှင်း အပြစ်ကင်းတဲ့ နှလုံးသားတွေ အများရှိပါတယ်။ တစ်ချိန်တည်းမှာ တောက်ပပြိုးပြက်အရောက်လက်နေတဲ့ အပေါ်ယံ ဝတ်ရုံလွှာတွေရဲ့ အောက်ထဲမှာ၊ စွဲမက်စရာ အပြုံးတွေ၊ ဖော်ရွေမှုတွေ၊ ရယ်သံလွင်လွင်တွေရဲ့ နောက် အကွယ်ထဲမှာ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ နှလုံးသားမည်းညစ်ညစ်တွေ၊ လူသားမဆန်တဲ့ နှလုံးသားတွေ ရှိနေနိုင်တယ်ဆိုလည်း မမေ့စေချင်ပါ။ အေအိုင်ဒီအက်စ်ရောဂါသည်များကို နွေးထွေးကြင်နာတဲ့ လက်တစ်စုံ ကမ်းပေးဖို့လိုနေသလိုပဲ အတ္တနှလုံးသားတွေဆီကို လက်တွေမလှမ်းမိဖို့၊ ကမ်းမိတယ် ဆိုရင်လည်း ပြန်လည် ရုပ်သိမ်းပစ်ဖို့ အရေးကြီးပါတယ်။

အားလုံးသောနှလုံးသားများဟာ ပကတိအဖြူရောင်ဖြစ်ကြမယ်ဆိုရင် ... ။

Heart (နှလုံးအိမ်) မဂ္ဂဇင်း၂၀၀၅  ခုနှစ် အောက်တိုဘာ။ 

ရသဝတ္ထုကဏ္ဍမှာ အခြားဖတ်စရာ

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...