Skip to main content

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး


ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။)
ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလား၊ မမြဲသောအနိစ္စတရားကြောင့်ပဲလား၊ ၂၀ ရာစုကုန်ခါနီးကစလို့ ရသစာပေရေစီးဟာ အားနည်းလာတယ်။ ပြတ်တောင်း၊ ပြတ်တောင်းဖြစ်လာတယ်။ ဝတ္ထုတိုနဲ့ ကဗျာဘက်မှာ ငြင်းကြခုံကြရင်း ရေစီးကြောင်း ကောမသွားသေးပေမယ့်၊ တိုင်းခြားဝတ္ထုကြီးတွေ ဘာသာပြန်ဆိုမှု ကြိုကြားကြိုကြား ရှိနေသေးပေမယ့် တစ်ချိန်ကနာမည်ကျော်ခဲ့တဲ့ ဒဂုန်တာရာရဲ့ မေ တို့လို၊ သိန်းဖေမြင့်ရဲ့ အရှေ့ကနေဝန်း ထွက်သည့်ပမာ တို့လို၊  မြသန်းတင့်ရဲ့ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် တို့လို ဂန္ထဝင်စာရင်း သွင်းခံရတဲ့ ရသဝတ္ထုကြီးတွေလိုမျိုး အသစ်ထပ်မထွက်တော့တာ ဘာကြောင့်များပါလဲ။ ရေးမယ့်သူတွေ မရှိတော့လို့လား။ ဖတ်မယ့်သူ၊ ထုတ်ဝေမယ့်သူတွေ မရှိတော့လို့လား။ အဲ ... ဒါမှမဟုတ် “ရသ” ဆိုတာကြီးကိုက ခေတ်ကုန်သွားလို့များလား။

ရန်ကုန်အခြေစိုက် စိတ်ကူးချိုချိုစာပေတိုက်ပိုင်ရှင် ဦးစန်းဦးက အရင်ခေတ်နဲ့ ဒီဘက်ခေတ်ရဲ့  ပြောင်းလဲသွားတဲ့ အခြေအနေတွေကိုအခုလိုရှင်းပြပါတယ်။

“အရင်ခေတ်က လတ်တလောစာပေ စင်မြင့်ရှိတယ်။ (ဥပမာ-နေ့စဉ်ထုတ် သတင်းစာ၊) စာဖတ်ပရိသတ်က စောင့် ဖတ်ကြတယ်၊ စွဲလမ်းကြတယ်။ စာရေးဆရာက စိတ်ဖြောင့် လက်ဖြောင့် ရေးနိုင်ခဲ့တယ်။ ဒီနေ့ခေတ်မှာက စားဝတ်နေရေးဘက်ကို ဖြည့်ဆည်းနေရတော့ အချိန်မပေးနိုင်တော့တာကြောင့် လို့ထင်တယ်။ မဂ္ဂဇင်းတွေကလည်း ရေရှည်တည်တံ့တဲ့ မဂ္ဂဇင်းကနည်းတယ်။ ရသစာပေကို ဇောင်းပေးတဲ့ မဂ္ဂဇင်းကလည်း လက်ချိုးရေလို့ရတယ်။”

ဝတ္ထုကောင်းအသစ်ထပ်မထွက်တာမှာ ဒီနေ့ခေတ်ရဲ့ ရေးကွင်းရေးကွက် နည်း တာနဲ့ စာရေးသူအတွက် စားဝတ်နေရေး ပံ့ပိုး ဖြည့်ဆည်းမှုမှာ အာမခံချက်မပေးနိုင်တာရယ်ကို ဦးစန်းဦးကထောက်ပြပါသေးတယ်။

“ဂန္ထဝင်ဝတ္ထုကြီးတွေမှာ ခေတ်ကိုနောက်ခံထားမှ ဝတ္ထုတန်ဖိုးတက်တယ်။ ခေတ်အခြေအနေကို ဘယ်လောက် တိုက်ရိုက်ရေးထည့်လို့ ရလဲ၊ ဒါနဲ့လည်း ဆိုင်တယ်။”

မန္တလေးသား စာရေးဆရာတစ်ဦးဖြစ်တဲ့ ဆရာနေဝင်းမြင့်ကတော့ ဒီနေ့ခေတ်ဟာ အမြင်ယဉ်ကျေးမှု ကြီးစိုးတဲ့ခေတ် ဖြစ်တဲ့အတွက် တကောက်ကောက်လိုက်စရာ ဖျော်ဖြေမှုပုံစံတွေများလာတာကလည်း တစ်ပိုင်းပါတယ်လို့ဆိုပါတယ်။

“ဒီမေးခွန်းမျိုး (ကွယ်လွန်သူစာရေးဆရာ) ဆရာတက္ကသိုလ်ဘုန်းနိုင်ကို ကျွန်တော်မေးဖူးတယ်။ ဆရာက ဒီခေတ်မှာ ဝတ္ထုတစ်ပုဒ်အတွက် အချိန်နဲ့နေရာကို သတ်မှတ်လို့မရတဲ့ပြဿနာရှိတယ်။ ဒီခေတ်မှာရေးတဲ့ဝတ္ထုရှည်တွေက (လေဟာနယ်) ထဲမှာရေးနေကြတာတွေ့ရတယ်လို့ ဖြေပါတယ်။ ခေတ်တိုင်း၊ လူတိုင်းခံစားလို့ရမယ့် အကြွင်းမဲ့အမြင်ရေးမှ ခေတ်တိုင်းပါလာနိုင်ပြီး နှိုင်းရအမြင်နဲ့ရေးနေရင် မပါနိုင်တော့ဘူးလို့ လည်း ပြောတယ်။”

မန္တလေးသား စာရေးဆရာနောက်တစ်ဦးဖြစ်တဲ့ ဆရာညိုထွန်းလူကတော့ ဂန္ထဝင်မြောက် ပင်ကိုရေး ဝတ္ထုရှည်ကြီးတွေ ထပ်မထွက်လာနိုင်တော့တာက “အရိုးဆုံးနဲ့ အရှင်းဆုံးပြောရရင် မရေးနိုင်ကြတော့ လို့ဖြစ်တယ်” လို့ ဆိုပါတယ်။ ဝါသနာစာရေးဆရာနဲ့ အသက်မွေးဝမ်းကျောင်းစာရေးဆရာဆိုပြီး နှစ်မျိုးရှိတဲ့နေရာမှာ ဝါသနာစာရေးဆရာကတော့ သူစိတ်ပါမှစာရေးတဲ့အတွက် ဂန္ထဝင်မြောက်လက်ရာတွေ ထွက်လာဖို့ နည်းပါသတဲ့။ ဒါဆို စာရေးပြီးအသက်မွေးသူတွေကရော။


“ရသဝတ္ထုတွေ ထွက်လာနိုင်ဖို့ ဝမ်းစာလိုပါတယ်။ ... ဘဝအမြင်နဲ့ ကြည့်လိုက်ရင် စိတ်အလုပ်ရုံထဲ နှစ်ထားရတဲ့ စာရေးဆရာရဲ့ဘဝဟာ ဘာမှအာမခံချက် မရှိပါဘူး။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့အဖြစ်ပါ။

“ကျွန်တော်တို့ဖြတ်သန်းနေကြရတဲ့ ခေတ်ရဲ့ထမင်းအိုးစရိတ်ကလည်း နည်းတာမဟုတ်တော့ တစ်ခါတလေ အဲဒီ ဝမ်းစာပြည့်ဖို့ ကိစ္စထဲမှာပဲ အချိန်ကုန် သွားကြရတယ်”တဲ့။

ဆရာညိုထွန်းလူကလည်း ဆရာ နေဝင်းမြင့်လိုပဲ ဒီနေ့ခေတ်ရဲ့ရုပ်ဝတ္ထု ပစ္စည်းလွှမ်းမိုးမှုကို ထောက်ပြသွားပါ တယ်။ ဝတ္ထုကြီးတွေဟာ အရင်ခေတ်ကလို လူတွေရဲ့ (အထူးသဖြင့်လူငယ်တွေရဲ့) အသည်းနှလုံးကို သိမ်းကျုံးမယူနိုင်တော့ဘူး။ လူငယ်တွေရဲ့ အာရုံဝင်စားမှုဟာ ဝတ္ထုကောင်းတစ်ပုဒ်ကနေ အခြားအရာ တွေဘက်ဆီ ရွေ့လျားသွားကြပါပြီ။ ကျေးလက်ဆိုလည်း ကျေးလက်အလျောက်၊ မြို့ပြဆိုလည်း မြို့ပြအလျောက် “နေခဲ့တဲ့ နေရာဒေသနဲ့ ဘ၀ဖြတ်သန်းမှု ကွာဟသွားရင် အာရုံခံစားမှုကလည်း အနည်းနဲ့ အများကွာခြားသွားမှာ”ပါတဲ့။

“လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကစပြီး ကွန်ပျူတာဂိမ်းတွေ ပေါ်လာတယ်။ သတင်းဆက်သွယ်ရေး စနစ်ဖွံ့ဖြိုးလာ တယ်။ ဂြိုဟ်တုစလောင်း၊ လက်ကိုင်ဖုန်း၊ အခုအင်တာနက်၊ လူငယ်တွေမှာ ကြီးပွား တိုးတက်ချင်တဲ့ ဇောတွေကပ်နေတယ်။ ဗီဒီယို၊ ဂီတတွေကအစ မြန်မြန်သွက်သွက် ခံစား၊ နောက်ထပ် အသစ်ရောက်လာရင် အဲဒီအထဲကို စိတ်အာရုံရောက် သွားတယ်၊ အငှားဆိုင်က လစဉ်ထုတ် မဂ္ဂဇင်းတွေ ငှားကြ၊ ကိုယ်ကြိုက်တာ လေးပဲဖတ်၊ ကြည့်၊ နောက်တစ်နေ့ပြန်အပ်၊ ဒီအထဲ ဗီဒီယိုခွေငှားတာနဲ့ ဈေးကွက်ခြင်းယှဉ်ရင် စာအုပ်ငှားတာထက် တွက်ခြေကိုက်တဲ့ ဗီဒီယိုအခွေငှားတာဘက်ကိုပိုပြီး အာရုံရောက်သွားတယ်။

“ပြောချင်တာကတော့ ခေတ်လူငယ်အများစုဟာ ဝတ္ထုရှည်မှ၊ လုံးချင်းမှရယ် မဟုတ်ဘူး။ စာဖတ်ခြင်းအလေ့ကို အားနည်းနေတာ”လို့ ဆရာညိုထွန်းလူက ဆိုပါတယ်။

စာရေးသူ၊ ထုတ်ဝေသူနဲ့ စာဖတ်သူဆိုပြီး သုံးဦးသုံးဖလှယ်ရှိရာမှာ ရေးသူနဲ့ဖတ်သူတွေမှာ သူ့ပြဿနာနဲ့သူ ရှိနေကြတယ်။ ဒါဆို ထုတ်ဝေသူကရော။

“ဘာသာပြန်နဲ့ လုံးချင်းတွေက အာမခံ ချက်ပေးဖို့ ခဲယဉ်းတယ်။ မြှုပ်နှံဖို့က ခဲယဉ်းတယ်။ စီးပွားရေးဘက်က တွက် ကြည့်ရင် မလွယ်နိုင်ဘူး။ အချိန်ပေးဖတ် နိုင်တဲ့သူက ရှားတယ်” လို့  ဦးစန်းဦးက ပြောပါတယ်။

ရသဝတ္ထုကြီးတွေနဲ့ တခြားသုတစာအုပ်တွေရဲ့ ရောင်းရတဲ့အုပ်ရေအချိုးကလည်း တော်တော်ကွာပါတယ်။ စာအုပ်ဆိုင်တွေရဲ့ အရောင်းရဆုံးစာအုပ်စာရင်းမှာ ဝတ္ထုစာအုပ်ကောင်းတွေဟာ ပါဝင်လေ့မရှိကြပါဘူး။ ဦးစန်းဦးကတော့ အသုံးချစာအုပ်တွေဟာ တကယ့်လိုအပ်ချက်၊ “ရသကျတော့ တကယ့်လိုအပ်ချက် လို့ ပြောရခက်တယ်။ မဝယ်လည်းဖြစ်တဲ့ အရာတွေကိုး”တဲ့။

ဒါကိုကြည့်ရင် ထုတ်ဝေသူတစ်ဦးဟာ အဝယ်နည်းမယ့်ဝတ္ထုစာအုပ်အသစ်ကို စွန့်စားထုတ်ဝေဖို့ဆိုတာ တော်ရုံစာပေချစ်စိတ်နဲ့မရဘူးဆိုတာ ပေါ်လွင်လာပါပြီ။ သူ့ထက်စာရင် အရင်ကနာမည်ရှိခဲ့တဲ့ စာအုပ်အဟောင်းတွေကိုပဲ ပြန်ရိုက်ကြတာမဆန်းပါဘူး။

“အကယ်၍ ဝတ္ထုကောင်းရှိလာခဲ့ရင် ထုတ်မှာပါ။ အရင်ကရှားပါးတွေတောင် ထုတ်ခဲ့ရင် ဘာလို့မထုတ်ရမှာလဲ” လို့ ဦးစန်းဦးကပြောပါတယ်။ ဦးစန်းဦးလို ထုတ်ဝေသူမျိုး ဒီကနေ့စာပေလောကမှာ ဘယ်နှယောက် ရှိနိုင်ပါမလဲ။

တွက်ခြေမကိုက်လို့ မထုတ်၊ အကြောင်း အမျိုးမျိုးကြောင့် မရေးကြ၊ မရေးကြလို့ အလှမ်းဝေးပြီးမဖတ်ကြ ဆိုတဲ့ မုန့်လုံးစက္ကူကပ်သံသရာကလွတ်အောင်ဆိုရင် ဘယ်သူကဘယ်လိုစပြီး ဦးဆောင်ကြမလဲ။ အားလုံးဝိုင်းဝန်းနည်းလမ်းရှာရမှာပါ။

“ဝတ္ထုအသစ်တွေ ထွက်လာအောင် အခြေအနေဖန်တီးပေးနိုင်ဖို့ပါပဲ။ ရသ စာပေတွေနေရာပေးမယ့် ဂျာနယ်တို့၊ မဂ္ဂဇင်းတို့လိုအပ်ပါတယ်။ အနစ်နာခံပြီးရေးမယ့်စာရေးဆရာတွေ လိုအပ်ပါတယ်။ သူတို့ခမျာ အားထုတ်တာနဲ့ မတန်တဲ့ စာမူခကို ရရမှာ” လို့ ဦးစန်းဦးကဆိုပါ တယ်။

အကယ်၍ ဦးစန်းဦးပြောသလို စာရေးဆရာတွေအတွက် “စင်မြင့်” တွေရှိလာရင်လည်း စာရေးဆရာရဲ့ ကလောင်ဟာ ပရိသတ်ရဲ့ နှလုံးသားဆီအရောက်သွားဖို့ ထက်နေအောင် သွေးနေရ ပါလိမ့်မယ် ဆိုတာကို မီးမောင်းထိုးပြထားတဲ့ ဆရာညိုထွန်းလူရဲ့ စကားနဲ့ နိဂုံးချုပ်လိုက်ပါတယ်။

“ရသဝတ္ထုရေးတဲ့ စာရေးဆရာဟာ ရသကိုပေးနိုင်စွမ်းရှိတဲ့ စကားလုံးတွေကို ချစ်တတ်ရမယ်။ အဆက်မပြတ် ဖတ်မှတ် စုဆောင်းပြီးမှ ရသခံစားမှုအားကောင်းတဲ့ စကားလုံးတွေ ဖန်တီးနိုင်အောင် ကြိုးစား ရတယ်။ ဖန်တီးခြင်းအတတ်ပညာဟာ ဘယ်တော့မှ ပြည့်စုံတယ်လို့ မရှိပါဘူး။ ရသဖန်တီးခြင်းအတတ်ပညာဟာ ဘယ်တော့မှ ပြည့်စုံတယ်လို့ မရှိပါဘူး။ ရသဝတ္ထုတွေဟာ စာရေးဆရာရဲ့ နှလုံးသားထဲက ထွက်လာတာပါ။”

မြန်မာတိုင်း(မ်) ဂျာနယ်၊ အမှတ် ၃၂၉။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ။

ဆက်စပ်ဖတ်ရှုစရာ


ဆောင်းပါးကဏ္ဍမှာ အခြားဖတ်စရာ 

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...