ခင့်ကို ဝလာသည်ဟု လူတိုင်းက ပြောကြသည်။
ဟုတ်ပါသည်။ ယခင်က သွယ်သွယ်လျလျ ခင့်ခါးတဝိုက်တွင် ယခု အတော်လေး အဆီတက်နေမှန်း
ကျွန်တော်လည်း သတိထားမိပါ၏။ အသက်အားဖြင့် သုံးဆယ်ကျော် ငါးနှစ်ပတ်လည်
အိမ်ထောင်သည် မိန်းမတစ်ဦးအဖို့ ခါးလေးတုတ်လာသည်မှာ သိပ်တော့ အဆန်း မဟုတ်ပါ။ ထားတော့။
ဒါက ပြဿနာမဟုတ်ပါ။ ခင် ဝသည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ ခင်သည် ကျွန်တော့်အတွက် ထာ၀ရ ခင်
သာ ဖြစ်ပါသည်။
ပြဿနာက ခင့်ခန္ဓာကိုယ်မဟုတ်ပါ။ ပြဿနာက
ခင့် စိတ်ဖြစ်သည်။ “မောင် အရင်လို မဟုတ်တော့ဘူး” ဆိုသည့် စကားကို ပြောနေသည့်
ခင်ကိုယ်တိုင်ပင် ဖြစ်သည်။ ခင်နှင့်ကျွန်တော် လက်ထပ်ခဲ့တာ ၁၀ စုနှစ် တစ်ခုကျော်၍
သားတစ်ယောက်သမီးတစ်ယောက်ပင် ထွန်းကားခဲ့ပြီ။ ဒီအတောအတွင်း ကျွန်တော် ခင့်အပေါ်
မည်မျှသစ္စာရှိမှန်း၊ ခင့်ကို ကျွန်တော်ဘယ်လောက်ချစ်မှန်း ခင် တကယ်ပဲ မသိလေသလား။
မသိချင်ယောင်ပဲဆောင်လေသလား။
“မောင်
ခင့်ကို အရင်လောက် မချစ်တော့ဘူး မဟုတ်လား” ဆိုသော စကားသည် ဘာကိုကြည့် ၍ ဆိုပါသနည်း။
ကျွန်တော်ပဲ သမီး ရည်းစား ဘဝကလို ခင့်လက်ကလေးကို တမြတ်တနိုး မကိုင်တွယ်
မိ၍လော။ ခင်နှင့် ဆိုင်ထိုင်တိုင်း တစ်ရှူးစကလေးများ အလိုက်တသိဆုတ်မပေးမိလေသလော။
ခင့်မျက်နှာမကြည်တိုင်း “နေမကောင်းဘူးလားခင်” ဟုဆိုရင်း ခင့်နဖူးပြင်ကို အသာအယာ မစမ်းကြည့်မိလေသလော။
ဘာပဲပြောပြော ခင် ခုလိုပြောသည့်အတွက် ကျွန်တော့်မှာ စိတ်မကောင်းဖြစ်ရ ပါသည်။
အမှန်ဆိုရလျှင် ကျွန်တော်ခင့်ကို
မည်မျှဂရုစိုက်ပါစေ၊ သမီး ရည်းစားဘ၀တုန်းကလောက်တော့ တူနှစ်ကိုယ်အချိန်များ
မချိုမြိန်တော့တာ သေချာပါ၏။ ယခင်က ကျွန်တော့် အချိန် တော်တော်များများကို
ခင့်အတွက်သာ ပေးခဲ့သည်။ ယခု ခင် ထက်စီးပွားရေး၊ လူမှုရေး၊ သားနှင့်သမီးတို့အရေးကို
ခေါင်းထဲပိုထည့်ထားရပါသည်။ ဒါလည်း သဘာ၀ကျပါသည်။ အိမ်ထောင်သည်ဘ၀ကိုး။ ဒါကို ခင်
ဘာကြောင့် နားလည်မပေးနိုင်ပါသနည်း။ နှစ်ယောက်တည်း ရှိသည်နှင့် ခင်သည် ဒီအကြောင်းစကားစ၍
ကျွန်တော့်ကို စိတ်ကောက်ဖို့သာ ပြင်နေပါ၏။
“အချစ်ဆိုတာ
အမြဲပြုစုပျိုးထောင် ပေးဖို့လိုတဲ့ အရာတစ်မျိုးပဲ သူငယ်ချင်းရဲ့။ ထမင်းတွေ၊
ဟင်းတွေကို ဒီအတိုင်း ထားလိုက်ရင်အေးစက်သွားသလိုပဲ အချစ်ဆိုတာလည်း ပြန်လည် ဆန်းသစ်
မပေးရင် အေးစက်သွားတတ်တယ်။ သမီး ရည်းစားပဲဖြစ်ဖြစ်၊လင်မယားပဲဖြစ်ဖြစ်
အမြဲရင်ခုန်အောင် လုပ်ပေးနေဖို့လို တယ်”
သူငယ်ချင်းများ၏ အကြံပေးစကားကို
နားထဲမှာ ကြားယောင်ရင်း အိမ်အပြန် လမ်းတစ်လျှောက် စဉ်းစားလာခဲ့မိ၏။
ကျွန်တော့်အချစ်တို့ အပေါ် ခင်က အေးစက်နေသော ထမင်းဟင်း များလို မြင်နေပြီလား။
ဒါဆို ပြန်ပြီးပူနွေးလာအောင် နွှေးပေးဖို့လိုနေပြီပေါ့။ ခင်နှင့် ကျွန်တော်တို့
ကြား ရင်ခုန်မှုများပြန်ရအောင် ဘယ်လိုလုပ်ရပါမလဲ။
တစ်ချိန်ကကြည်နူးဖွယ်ရင်ခုန်မှုမျိုး။ဟုတ်ပြီ။ မကြာမီ ခင့်မွေးနေ့ရောက်တော့မည်။
အကြံရပြီ။
ခင့်မွေးနေ့ကို
ကျွန်တော်တို့အိမ်ဂေဟာလေးမှာပဲ အကျဉ်းရုံး ကျင်းပခဲ့သည်။
ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေအရင်းအချာလောက်သာဖိတ်သော်လည်း
စည်စည်ကားကားရှိပါသည်။ အချိန်တန်တော့ သားနှင့်သမီးက သူတို့အမေအတွက်
မွေးနေ့လက်ဆောင် ကိုယ်စီပေးကြသည်။ ခင်က ကျွန်တော် ဘာပေးမလဲဟု အကဲခတ်၏။
ကျွန်တော့်လက်ထဲဘာမျှမမြင်သော်ခင်နှုတ်ခမ်းစူလေပြီ။ ဧည့်သည်များရှေ့
မည်မျှဣန္ဒြေထိန်း ထားစေ ခင့်မျက်နှာကတော့ သုန်မှုန်နေတာ
သတိထားမိပါသည်။ကျွန်တော်ကတော့ ကိုယ့်အကြံနှင့်ကိုယ်။
မင်္ဂလာအချိန် ကျရောက်ပါပြီ။ ကျွန်တော်က
တပည့်လုပ်သူကို မျက်ရိပ်ပြလိုက်သည်။ ကျွန်တော့်တပည့် ထွက်သွားတော့ ကျွန်တော်က
ခင့်အနားကပ်လိုက်ပြီး အဆင်သင့်ပြင်ထားလိုက် သည်။ အဆင်ပြေမှ ပြေပါ့မလား ဟုလည်း
စိတ်ပူရပါသည်။ကျွန်တော့်တပည့် မိန်းခလုတ်နားရောက်ပြီ။ ခလုတ်ကိုဆွဲချဖို့
လက်ပြင်ပြီ။ လုပ်ငန်းစပြီ။
“ဟယ်
မီးပျက်သွားပြီ ... မီးခြစ် ဘယ်မလဲ မီးခြစ်။
“ဘယ်လိုဖြစ်တာပါလိမ့်။
တို့ တစ်အိမ်တည်း ကွက်ပျက်သွား တာဟ။”
အားလုံးမှင်တက်မိနေစဉ် ကျွန်တော်က
ခင်၏တုတ်ခိုင်စ ပြုနေသောခါးလေးကို သိုင်းဖက်လိုက်ပါသည်။ နောက် “ဟက်ပီး ဘတ်ဒေး ခင်”ဟု နားနားကပ်ပြောရင်း ခင့်မေးဖျားလေးကို
အသာ ဆွဲမçလိုက်ပါသည်။
ထို့နောက်မှာတော့ ...
ခင်သည် အစတွင်တောင့်တောင့်ကြီးဖြစ်နေ၏။
နောက်မှ အလိုက်သင့်လေး ပါလာပါသည်။ ကျွန်တော်ရသည့်အချိန်မှာ ၁၀စက္ကန့်သာဖြစ်၏။
စိတ်ထဲကလည်း တစ်က ၁၀ အထိရေတွက်နေရသည်။ ၁၀ စက္ကန့်ပြည့်လျှင် ကျွန်တော့်တပည့်က
မီးပြန်ဖွင့်လိမ့်မည်။ အားလုံးကွက်တိကျမှ ဖြစ်မည်။
ခလုတ်တိုက်သူတိုက်၊
မီးခြစ်ရှာသူရှာနှင့် ကမ္ဘာပျက်သလို ဖြစ်နေသည့် ဧည့်ခန်းထဲတွင် ကျွန်တော်နှင့်ခင်တို့နှစ်ဦးသာ
ငြိမ်းငြိမ်းချမ်းချမ်းရှိနေပါသည်။ လွတ်ငြိမ်းခွင့်ရနေပါသည်။ ခိုးစားသည့်မုန့်က
ပို၍စားကောင်းပါသည်။ ဆယ်ကမ္ဘာစာမျှ ကြာလိုက်သည်ဟုထင်ရသည့် ထို ၁၀ စက္ကန့်သည်
ချိုမြိန်ခြင်း၊ နွေးထွေးခြင်း၊ ရင်ခုန်ခြင်းတို့နှင့် အတိပြီးလို့နေပါသည်။
“...
ရှစ်၊ ကိုး၊ တစ်ဆယ်”
တစ်ဆယ်ပြည့်သည်နှင့်
မီးပြန်လင်းလာပါသည်။ ကျွန်တော် သည်လည်း ခင့် ကိုယ်မှ ခွာပြီးဖြစ်သွားသည်။ ဒီ
ဆယ်စက္ကန့်အတွင်း တစ်စုံတစ်ယောက်က မီးမထွန်းမိအောင်လည်း မီးခြစ်၊ ဖယောင်းတိုင်၊
လက်နှိပ်မီးအားလုံးကို ကြိုတင်ရှင်းလင်းထားပြီးဖြစ်သည်။
“ဟော မီးပြန်လာပြီဟေ့”
ကျွန်တော်အားလုံးကို
ဝေ့ဝဲအကဲခတ်လိုက်သည်။ မည်သူမျှ ရိပ်မိလိုက်ဟန်မတူ။ ယုတ်စွအဆုံး
အနီးဆုံးမှာရပ်နေကြသည့်သားနှင့်သမီးတို့ပင်သိလိုက်ဟန်မတူပါ။ကျွန်တော်
ခင့်ဘက်ကိုငဲ့၍ တစ်ချက် အကဲခတ်ကြည့်လိုက်၏။ ခင်သည်
ကျွန်တော်ခေါ်ရာခရီးကိုလိုက်ခဲ့ရ၍ မောသွားဟန်တူပါသည်။ ခင့် ရင်အစုံက
နိမ့်တုံမြင့်တုံလှုပ်ရှားလျက်။ စောစောက စူနေသည့် နှုတ်ခမ်းအစုံကတော့ မပွင့်အာအာ
ပွင့်အာအာနှင့်တဆတ်ဆတ် တုန်ယင်လျက်။
ကျွန်တော်ပေးသည့် မွေးနေ့လက်ဆောင်ကို
ခင် သဘောကျ လိမ့်မည် ထင်ပါသည်။
ထိုနေ့မှစ၍ “မောင် အရင်လိုမဟုတ်တော့ဘူး” ဆိုသည့်
စကား ခင့်နှုတ်ဖျားမှ ထပ်မကြားရတော့ချေ။
Now! Magazine။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ။
ဝေယံဘုန်း၏ ပင်ကိုရေးဝတ္ထုတိုစုစည်းမှု ဖြစ်သည့် 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။
ကောင်းတယ်ဗျို့။ ခင် လို့သုံးထားလို့ Kဇော်ရဲ့ ကဗျာတွေ သတိရမိတယ်။ ပုံမှန်လာဖတ်ပါမယ်။
ReplyDelete