Skip to main content

ခင့်အတွက်မွေးနေ့လက်ဆောင်


ခင့်ကို ဝလာသည်ဟု လူတိုင်းက ပြောကြသည်။ ဟုတ်ပါသည်။ ယခင်က သွယ်သွယ်လျလျ ခင့်ခါးတဝိုက်တွင် ယခု အတော်လေး အဆီတက်နေမှန်း ကျွန်တော်လည်း သတိထားမိပါ၏။ အသက်အားဖြင့် သုံးဆယ်ကျော် ငါးနှစ်ပတ်လည် အိမ်ထောင်သည် မိန်းမတစ်ဦးအဖို့ ခါးလေးတုတ်လာသည်မှာ သိပ်တော့ အဆန်း မဟုတ်ပါ။ ထားတော့။ ဒါက ပြဿနာမဟုတ်ပါ။ ခင် သည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ ခင်သည် ကျွန်တော့်အတွက် ထာ၀ရ ခင် သာ ဖြစ်ပါသည်။

ပြဿနာက ခင့်ခန္ဓာကိုယ်မဟုတ်ပါ။ ပြဿနာက ခင့် စိတ်ဖြစ်သည်။ မောင် အရင်လို မဟုတ်တော့ဘူးဆိုသည့် စကားကို ပြောနေသည့် ခင်ကိုယ်တိုင်ပင် ဖြစ်သည်။ ခင်နှင့်ကျွန်တော် လက်ထပ်ခဲ့တာ ၁၀ စုနှစ် တစ်ခုကျော်၍ သားတစ်ယောက်သမီးတစ်ယောက်ပင် ထွန်းကားခဲ့ပြီ။ ဒီအတောအတွင်း ကျွန်တော် ခင့်အပေါ် မည်မျှသစ္စာရှိမှန်း၊ ခင့်ကို ကျွန်တော်ဘယ်လောက်ချစ်မှန်း ခင် တကယ်ပဲ မသိလေသလား။ မသိချင်ယောင်ပဲဆောင်လေသလား။

မောင် ခင့်ကို အရင်လောက် မချစ်တော့ဘူး မဟုတ်လားဆိုသော စကားသည် ဘာကိုကြည့် ၍ ဆိုပါသနည်း။ ကျွန်တော်ပဲ သမီး ရည်းစား ဘကလို ခင့်လက်ကလေးကို တမြတ်တနိုး မကိုင်တွယ် မိ၍လော။ ခင်နှင့် ဆိုင်ထိုင်တိုင်း တစ်ရှူးစကလေးများ အလိုက်တသိဆုတ်မပေးမိလေသလော။ ခင့်မျက်နှာမကြည်တိုင်း “နေမကောင်းဘူးလားခင်ဟုဆိုရင်း ခင့်နဖူးပြင်ကို အသာအယာ မစမ်းကြည့်မိလေသလော။ ဘာပဲပြောပြော ခင် ခုလိုပြောသည့်အတွက် ကျွန်တော့်မှာ စိတ်မကောင်းဖြစ်ရ ပါသည်။

အမှန်ဆိုရလျှင် ကျွန်တော်ခင့်ကို မည်မျှဂရုစိုက်ပါစေ၊ သမီး ရည်းစားဘ၀တုန်းကလောက်တော့ တူနှစ်ကိုယ်အချိန်များ မချိုမြိန်တော့တာ သေချာပါ၏။ ယခင်က ကျွန်တော့် အချိန် တော်တော်များများကို ခင့်အတွက်သာ ပေးခဲ့သည်။ ယခု ခင် ထက်စီးပွားရေး၊ လူမှုရေး၊ သားနှင့်သမီးတို့အရေးကို ခေါင်းထဲပိုထည့်ထားရပါသည်။ ဒါလည်း သဘာ၀ကျပါသည်။ အိမ်ထောင်သည်ဘ၀ကိုး။ ဒါကို ခင် ဘာကြောင့် နားလည်မပေးနိုင်ပါသနည်း။ နှစ်ယောက်တည်း ရှိသည်နှင့် ခင်သည် ဒီအကြောင်းစကားစ၍ ကျွန်တော့်ကို စိတ်ကောက်ဖို့သာ ပြင်နေပါ၏။

အချစ်ဆိုတာ အမြဲပြုစုပျိုးထောင် ပေးဖို့လိုတဲ့ အရာတစ်မျိုးပဲ သူငယ်ချင်းရဲ့။ ထမင်းတွေ၊ ဟင်းတွေကို ဒီအတိုင်း ထားလိုက်ရင်အေးစက်သွားသလိုပဲ အချစ်ဆိုတာလည်း ပြန်လည် ဆန်းသစ် မပေးရင် အေးစက်သွားတတ်တယ်။ သမီး ရည်းစားပဲဖြစ်ဖြစ်၊လင်မယားပဲဖြစ်ဖြစ် အမြဲရင်ခုန်အောင် လုပ်ပေးနေဖို့လို တယ်

သူငယ်ချင်းများ၏ အကြံပေးစကားကို နားထဲမှာ ကြားယောင်ရင်း အိမ်အပြန် လမ်းတစ်လျှောက် စဉ်းစားလာခဲ့မိ၏။ ကျွန်တော့်အချစ်တို့ အပေါ် ခင်က အေးစက်နေသော ထမင်းဟင်း များလို မြင်နေပြီလား။ ဒါဆို ပြန်ပြီးပူနွေးလာအောင် နွှေးပေးဖို့လိုနေပြီပေါ့။ ခင်နှင့် ကျွန်တော်တို့ ကြား ရင်ခုန်မှုများပြန်ရအောင် ဘယ်လိုလုပ်ရပါမလဲ။ တစ်ချိန်ကကြည်နူးဖွယ်ရင်ခုန်မှုမျိုး။ဟုတ်ပြီ။ မကြာမီ ခင့်မွေးနေ့ရောက်တော့မည်။ အကြံရပြီ။

ခင့်မွေးနေ့ကို ကျွန်တော်တို့အိမ်ဂေဟာလေးမှာပဲ အကျဉ်းရုံး ကျင်းပခဲ့သည်။ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေအရင်းအချာလောက်သာဖိတ်သော်လည်း စည်စည်ကားကားရှိပါသည်။ အချိန်တန်တော့ သားနှင့်သမီးက သူတို့အမေအတွက် မွေးနေ့လက်ဆောင် ကိုယ်စီပေးကြသည်။ ခင်က ကျွန်တော် ဘာပေးမလဲဟု အကဲခတ်၏။ ကျွန်တော့်လက်ထဲဘာမျှမမြင်သော်ခင်နှုတ်ခမ်းစူလေပြီ။ ဧည့်သည်များရှေ့ မည်မျှဣန္ဒြေထိန်း ထားစေ ခင့်မျက်နှာကတော့ သုန်မှုန်နေတာ သတိထားမိပါသည်။ကျွန်တော်ကတော့ ကိုယ့်အကြံနှင့်ကိုယ်။

မင်္ဂလာအချိန် ကျရောက်ပါပြီ။ ကျွန်တော်က တပည့်လုပ်သူကို မျက်ရိပ်ပြလိုက်သည်။ ကျွန်တော့်တပည့် ထွက်သွားတော့ ကျွန်တော်က ခင့်အနားကပ်လိုက်ပြီး အဆင်သင့်ပြင်ထားလိုက် သည်။ အဆင်ပြေမှ ပြေပါ့မလား ဟုလည်း စိတ်ပူရပါသည်။ကျွန်တော့်တပည့် မိန်းခလုတ်နားရောက်ပြီ။ ခလုတ်ကိုဆွဲချဖို့ လက်ပြင်ပြီ။ လုပ်ငန်းစပြီ။

ဟယ် မီးပျက်သွားပြီ ... မီးခြစ် ဘယ်မလဲ မီးခြစ်။

ဘယ်လိုဖြစ်တာပါလိမ့်။ တို့ တစ်အိမ်တည်း ကွက်ပျက်သွား တာဟ။

အားလုံးမှင်တက်မိနေစဉ် ကျွန်တော်က ခင်၏တုတ်ခိုင်စ ပြုနေသောခါးလေးကို သိုင်းဖက်လိုက်ပါသည်။ နောက် “ဟက်ပီး ဘတ်ဒေး ခင်ဟု နားနားကပ်ပြောရင်း ခင့်မေးဖျားလေးကို အသာ ဆွဲမçလိုက်ပါသည်။ ထို့နောက်မှာတော့ ...

ခင်သည် အစတွင်တောင့်တောင့်ကြီးဖြစ်နေ၏။ နောက်မှ အလိုက်သင့်လေး ပါလာပါသည်။ ကျွန်တော်ရသည့်အချိန်မှာ ၁၀စက္ကန့်သာဖြစ်၏။ စိတ်ထဲကလည်း တစ်က ၁၀ အထိရေတွက်နေရသည်။ ၁၀ စက္ကန့်ပြည့်လျှင် ကျွန်တော့်တပည့်က မီးပြန်ဖွင့်လိမ့်မည်။ အားလုံးကွက်တိကျမှ ဖြစ်မည်။

ခလုတ်တိုက်သူတိုက်၊ မီးခြစ်ရှာသူရှာနှင့် ကမ္ဘာပျက်သလို ဖြစ်နေသည့် ဧည့်ခန်းထဲတွင် ကျွန်တော်နှင့်ခင်တို့နှစ်ဦးသာ ငြိမ်းငြိမ်းချမ်းချမ်းရှိနေပါသည်။ လွတ်ငြိမ်းခွင့်ရနေပါသည်။ ခိုးစားသည့်မုန့်က ပို၍စားကောင်းပါသည်။ ဆယ်ကမ္ဘာစာမျှ ကြာလိုက်သည်ဟုထင်ရသည့် ထို ၁၀ စက္ကန့်သည် ချိုမြိန်ခြင်း၊ နွေးထွေးခြင်း၊ ရင်ခုန်ခြင်းတို့နှင့် အတိပြီးလို့နေပါသည်။

“... ရှစ်၊ ကိုး၊ တစ်ဆယ်

တစ်ဆယ်ပြည့်သည်နှင့် မီးပြန်လင်းလာပါသည်။ ကျွန်တော် သည်လည်း ခင့် ကိုယ်မှ ခွာပြီးဖြစ်သွားသည်။ ဒီ ဆယ်စက္ကန့်အတွင်း တစ်စုံတစ်ယောက်က မီးမထွန်းမိအောင်လည်း မီးခြစ်၊ ဖယောင်းတိုင်၊ လက်နှိပ်မီးအားလုံးကို ကြိုတင်ရှင်းလင်းထားပြီးဖြစ်သည်။

ဟော မီးပြန်လာပြီဟေ့

ကျွန်တော်အားလုံးကို ဝေ့ဝဲအကဲခတ်လိုက်သည်။ မည်သူမျှ ရိပ်မိလိုက်ဟန်မတူ။ ယုတ်စွအဆုံး အနီးဆုံးမှာရပ်နေကြသည့်သားနှင့်သမီးတို့ပင်သိလိုက်ဟန်မတူပါ။ကျွန်တော် ခင့်ဘက်ကိုငဲ့၍ တစ်ချက် အကဲခတ်ကြည့်လိုက်၏။ ခင်သည် ကျွန်တော်ခေါ်ရာခရီးကိုလိုက်ခဲ့ရ၍ မောသွားဟန်တူပါသည်။ ခင့် ရင်အစုံက နိမ့်တုံမြင့်တုံလှုပ်ရှားလျက်။ စောစောက စူနေသည့် နှုတ်ခမ်းအစုံကတော့ မပွင့်အာအာ ပွင့်အာအာနှင့်တဆတ်ဆတ် တုန်ယင်လျက်။

ကျွန်တော်ပေးသည့် မွေးနေ့လက်ဆောင်ကို ခင် သဘောကျ လိမ့်မည် ထင်ပါသည်။

ထိုနေ့မှစ၍ “မောင် အရင်လိုမဟုတ်တော့ဘူးဆိုသည့် စကား ခင့်နှုတ်ဖျားမှ ထပ်မကြားရတော့ချေ။

Now! Magazine။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ။
ဝေယံဘုန်း၏ ပင်ကိုရေးဝတ္ထုတိုစုစည်းမှု ဖြစ်သည့် 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 



 

Comments

  1. ကောင်းတယ်ဗျို့။ ခင် လို့သုံးထားလို့ Kဇော်ရဲ့ ကဗျာတွေ သတိရမိတယ်။ ပုံမှန်လာဖတ်ပါမယ်။

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...