Skip to main content

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။ 



ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။ 

ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေကို ဘာလို့မဆွေးနွေးဘဲ ဒါကိုမှ ဆွေးနွေးရသလဲမေးရင် ဒီတပုဒ်ကပဲ တခြားအပုဒ်တွေထက် ထူးထူးကဲကဲ အပြာဝတ္ထုဟန်ပေါက်နေလို့ပါပဲ။ တခြားဝတ္ထုတွေမှာလည်း လိင်နဲ့ပတ်သက်တဲ့ အရေးအသား တချို့ပါပေမဲ့ ‘ဟိုဘက်ခန်းကမိန်းမ’ လောက် ဒါကို တိုက်ရိုက်ရေးတာမျိုး၊ အဓိကရေးတာမျိုး မဟုတ်လို့ပါ။ 

ဆွေးနွေးချင်တဲ့ ခေါင်းစဉ်က အဲဒီဝတ္ထုဟာ အပြာလား၊ အပြာမဟုတ်ဘူးဆိုရင် အပြာမဟုတ်အောင်၊ အပြာဝတ္ထုဆိုတဲ့ စည်းရဲ့ အပြင်ဘက်ကို ရောက်အောင် အဲဒီဝတ္ထုပါဖန်တီးမှုတွေထဲက ဘယ်ဟာက ပြဋ္ဌာန်းပေးတာ ဖြစ်နိုင်သလဲ ဆိုတာပါ။ (ညစ်ညမ်းလို့မသုံးဘဲ အပြာလို့ပဲ တမင်သုံးပါတယ်။ အပြာစာပေဟာ ညစ်ညမ်း ဟုတ်မဟုတ်က သီးခြား ငြင်းခုံရမယ့် ခေါင်းစဉ်တစ်ခုပါ။)

‘ဟိုဘက်ခန်းကမိန်းမ’ ကို မည်သူမဆို ရုတ်တရက် ဖတ်ရင်တော့ အပြာဝတ္ထုတပုဒ်လို့ပဲ ဆုံးဖြတ်လိုက်နိုင် ပါတယ်။ ဒီဝတ္ထုအတွက်လည်း မယ်လွင့် အတော်အပြောခံခဲ့ရသေးတယ်လို့ သိရပါတယ်။ စာရှုသူတွေထဲမှာ အပြာဝတ္ထုဖတ်ဖူးသူ၊ အပြာရုပ်ရှင်ကြည့်ဖူးသူတွေ ပါမယ်ဆိုရင် အပြာ ဝတ္ထုနဲ့ ရုပ်ရှင်တွေကို ဘယ်လို တည်ဆောက်တင်ပြလေ့ရှိတယ်ဆိုတာ သိမှာပါပဲ။ အပြာ ဝတ္ထု တပုဒ်မှာ တွေ့ရတဲ့ ဇာတ်လမ်းဖွဲ့ပုံ၊ တင်ပြပုံ၊ ရေးသားပုံမျိုးနဲ့ ဆင်တူတဲ့ အရေးအဖွဲ့တွေ ဒီ ဝတ္ထုမှာ အလားတူတာတွေ ပါတဲ့အတွက် အပြာ ဇာတ်လမ်းတပုဒ်လို့လည်း ယေဘုယျဆိုနိုင်ပါတယ်။ ဒီ စာစုမရေးခင်မှာ အလွတ်သဘောနဲ့ ဒီဝတ္ထုတို လေးထဲက စာသားအချို့ကို စာပေသမား၊ ဧည့်သွားဧည့်လာ စာဖတ်သူ၊ စာလုံးဝနီးပါးမဖတ်သူဆိုတဲ့ သုံးမျိုးထဲမှာ ပါတဲ့ လူအချို့ကို နမူနာပေးဖတ်ကြည့်ရာမှာ တုံ့ပြန်ပုံအမျိုးမျိုး တွေ့ရပါတယ်။

‘ဟိုဘက်ခန်းကမိန်းမ’ ဝတ္ထုအကျဉ်းကတော့ ရန်ကုန်က အထပ်မြင့်တိုက်ခန်းတခန်းကို အသစ်ရောက်လာတဲ့ ကောင်လေးတယောက်က သူ့ဘေးခန်းကပ်လျက် တယောက်တည်းနေတဲ့ ခပ်မိုက်မိုက် မိန်းမ တယောက်နဲ့ အိပ်ဖြစ်အောင် ကြံဖန်တဲ့ ဇာတ်လမ်းပါပဲ။ မိန်းမက သူ့ထက်ကြီးတယ်၊ လိင်ညှို့ငင်အားပြင်းတယ်၊ စတွေ့တွေ့ချင်း စကားပြောပုံက အထက်ဆီး ဆန်တယ်။ ဒါမျိုးပေါ့။ (ဆရာမ မယ်လွင့်ဟာ ဒီဝတ္ထုမှာ ယောက်ျားဇာတ်ကောင်နေရာကို ဝင်ပြီး ယောက်ျားစိတ်သဘာဝတွေပေါ်အောင် ရေးသွားနိုင်တာ ချီးကျူးစရာပဲ။) 

ဒီဝတ္ထုရဲ့ flow ကို သဘောပေါက်ဖို့ရော၊ ကျနော် ဆွေးနွေးမယ့် အပြာဟုတ်မဟုတ်ခေါင်းစဉ်အတွက် ကိုးကားချက်အနေနဲ့ပါ စာသားအချို့ကို ဦးစွာ ကောက်နုတ်ပြပါ့မယ်။

မျက်ဆံအိမ် ရှည်လျားလျားနဲ့ စူးတောက်နေတဲ့ မျက်လုံးတွေ၊ အဲလို မျက်လုံးတွေနဲ့ မိန်းမကို ကျနော့် ကိုယ်လုံးအောက်မှာ ဖိထားပြီး အော်ဟစ်ငြီးတွား တောင်းဆိုနေအောင် လုပ်ကြည့်ရင် ဘယ်လိုနေမလဲ။ သူ့ဆံပင်ရှည်တွေကို နောက်ကနေ လက်တွေနဲ့ ရစ်ပတ်ဆွဲထားပြီး သူ့တင်ပါး တွေကိုရိုက်ရင် သူ ကျနော့်ကို အဲဒီလို မျက်လုံး စူးစူးရဲရဲတွေနဲ့ ပြန်ကြည့်နိုင်မှာလား

(စာ ၁၄၊ ‘ဟိုဘက်ခန်းကမိန်းမ’၊ Midnight Blue၊ ဇလပ်နီစာပေ၊ ဒုတိယအကြိမ်)


ဒီစာပိုဒ်ကနေ ကျနော် မြင်မိတာကတော့ ယောက်ျားတွေရဲ့ male dominance ကိုပါပဲ။ ယောက်ျားတွေဟာ မိသားစုထဲက အမေ၊ အဘွား၊ အဒေါ်၊ အစ်မ စတဲ့ အသက်အရ ဝါအရ ကြီးတဲ့မိန်းမတချို့ကလွဲရင် ကိုယ့်ကိုမိန်းမတယောက်က အထက်ဆီးက ဆက်ဆံတာကို မကြိုက်တတ်ပါဘူး။ အဲသလို မိန်းမမျိုးနဲ့တွေ့ရင် ပြန်ပြီး အနိုင်ယူချင်တဲ့ ဆိုက်ကို ရှိကြပါတယ်။ အကယ်၍ အဲဒီ မိန်းမဟာ ကိုယ့်အတွက် sexually attractive မဖြစ်တဲ့မိန်းမမျိုးဆိုရင် တခြား တနည်းနဲ့ ပြန်အနိုင်ယူဖို့ကြိုးစားတတ်ပြီး sexually attractive ဖြစ်တဲ့ မိန်းမမျိုးဆိုရင်တော့ အဲဒီ မိန်းမနဲ့ လိင်ဆက်ဆံတဲ့အချိန်မှာ male dominance သဘောကို ပြသတတ်ပါတယ်။ 

ဒီ အထက်ပါ စာပိုဒ်ဟာ အဲဒီ ဇာတ်ကောင် ယောက်ျားရဲ့ ကိန်းအောင်းနေတဲ့ male dominance ကို စာရေးသူကပြတဲ့ သဘောလို့ မြင်ပါတယ်။ သူ့ကို စကတည်းက အထက်ဆီးလေသံနဲ့ မာရေကျောရေ ပြောတဲ့ အထက်ဆီး ဆန်ဆန်ပြောတဲ့ အဲဒီ မိန်းမကို သူ မကျေနပ်ဘူး။ တချိန်တည်းမှာ အဲဒီမိန်းမနဲ့ သူအိပ်ချင်နေတယ်။ သူ့ စိတ်ကူးထဲမှာ အဲဒီမိန်းမကို လိင်ဆက်ဆံတဲ့အခါ သူက dominant ၊ အဲဒီ မိန်းမက submissive နေရာမှာ ထားပြီး စိတ်ကူးယဉ် နေတာပါပဲ။ တမင်ဖန်တီးသည်ဖြစ်စေ၊ ဒီအတိုင်း ရေးမိလိုက်သည်ဖြစ်စေ ဒီ ယောက်ျားလိင်စိတ်ကို ဒီနေရာမှာ မြင်မိပါတယ်။ ဒါမျိုး အပြာဝတ္ထုတွေမှာ မပါဘူးလားဆိုရင် ပါတတ်ပါတယ်။ ဒါပေမဲ့ အပြာဝတ္ထုတွေ/ဇာတ်ကားတွေမှာ မြင်ရတဲ့ male dominance ဟာ social science သဘောပိုင်းအရ ပြတာမဟုတ်ဘဲ ဈေးကွက်အရ ယောက်ျား ပရိသတ်ကို ဆွဲခေါ်ဖို့ရာ အတွက် သူတို့အကြိုက်ကို ထည့်ပြီး ပြပေးတဲ့သဘောမျိုး ပိုဆန်ပါတယ်။ ဒီ ဝတ္ထုမှာတော့ ဈေးကွက်သဘောအရ ထည့်တာမျိုးထက် စာရေးသူရဲ့ အမြင်/ခံစားမှုကို ရောင်ပြန်ဟပ်တဲ့သဘော ပိုဆန်ပါတယ်။

ဇာတ်လမ်းကို ဆက်ရရင် အချိန်တစ်ခုကိုရောက်တော့ ဒီမိန်းမနဲ့သူနဲ့ လိင်ဆက်ဆံဖြစ်သွားကြတယ်။ ဇာတ်လမ်းက ဒါပဲ။ ဒါချည်းသက်သက်ဆိုရင်တော့ အပြာဝတ္ထုစည်းထဲမှာပဲ ကျနော် ထားချင်သေးတယ်။ Hard core မဟုတ်တဲ့ Erotic ဘက်ကဲတဲ့ အပြာမျိုးပေါ့။ ဒါပေမဲ့ ဆရာမ မယ်လွင့်သုံးတဲ့ နိမိတ်ပုံတချို့ကြောင့် ကျနော် ဒီဝတ္ထုတိုကို အပြာစည်းရဲ့အပြင်ကို ထုတ်ပစ်လိုက်ပါတယ်။ အပြာမဟုတ်ဘူးလို့ ကျနော် ရဲရဲရင့်ရင့် ပြောပါတယ်။ ရှင်းပြပါမယ်။ 

ဒီထဲက ယောက်ျားဇာတ်ကောင်ဟာ ဒီမိန်းမကိုမရခင်ကတည်းက စိတ်ကူးထဲမှာ ဒီမိန်းမရဲ့ ဆံပင်ရှည်တွေနဲ့ပတ်သက်ပြီး sexual fantasy တချို့ ရှိထားနှင့်တယ်။ အဲဒါကိုဘယ်လို ပြောထားသလဲ ဆိုတော့ …  


အဲဒီအခါ ဓာတ်လှေကားကနေ အတူဆင်းရင်း နောက်ကနေ သူ့တင်ပါးတွေနဲ့ ဆံပင်တွေကို လိုက်ငေးနေမိတယ်။ သူ့ဆံပင်နက်နက်တွေပေါ်မှာ ကျနော့်ဆီက သုက်ရည်ဖြူဖြူတွေနဲ့သာဆို စံပယ်ပွင့်ကလေးတွေ ပန်ထားသလို လှမယ် …

(စာ ၁၆၊ ၎င်း)


ဇာတ်ကောင်ဟာ ဒီမိန်းမနဲ့ အတူအိပ်ချင်နေရုံ သက်သက်မဟုတ်ဘူး။ သူ့အာရုံထဲမှာ ပန်းချီကားတချပ်ကို ဆွဲထားပြီး ဖြစ်နှင့်တယ်။ အဲဒါက သူပြီးမြောက်သွားတဲ့အချိန်မှာ အမျိုးသမီးရဲ့ခေါင်းမှာ စံပယ်ပန်းလေးတွေ ပန်ထားသလိုမျိုး မြင်ယောင်ကြည့်ထားနှင့်တာပဲ။ သူဟာ အဲဒီမိန်းမနဲ့အတူ လိင်ဆန္ဒ ပြီးမြောက်ချင်ရုံ မဟုတ်ဘူး၊ အဲသလို ပြီးမြောက်ချိန်မှာ သူ့စိတ်ကူးထဲက ပန်းချီကားတချပ်ကိုလည်း မြင်ချင်နေတယ်။ အဲဒီပန်းချီကားဟာ ကင်းဗတ်စတွေပေါ်မှာ ဆွဲထားတဲ့ ပန်းချီကားမျိုး မဟုတ်ဘူး။ တကယ့် သက်ရှိလူဖြစ်တဲ့ အဲဒီမိန်းမရယ်၊ သူ့ရဲ့ဆံပင်ရယ်၊ အဲဒီ ဆံပင်ပေါ်မှာ စံပယ်ပွင့်လေး ပန်းထားသလိုမျိုး ဖြစ်နေမယ့် ယောက်ျားဇာတ်ကောင်ရဲ့ သုက်ရည်အချို့ရယ်အနေနဲ့ မြင်ရမယ့် ပန်းချီကားမျိုးပါ။

ဒီလိုနဲ့ တစ်ညမှာ သူတို့အိပ်ဖြစ်ကြတယ်။ အိပ်တဲ့အခန်းကလည်း ကြမ်းတမ်းတဲ့ စကားလုံး အသုံးတွေ မပါတာကလွဲရင် ကွက်ကွက်ကွင်းကွင်းတွေပါပဲ။ အဓိကကျတဲ့အပိုင်းကိုပြပါမယ်။ ဒါ အရေးကြီးတဲ့ နိမိတ်ပုံအပိုင်းပါ။ 


“မမ ပြီးပြီလား”

သူအသံမထွက်ဘဲ ခေါင်းပဲ ညိတ်ပြတယ်။ 

“ဆိုဖာအောက်ကို ဆင်းထိုင်ပေးစမ်းပါ”

ကျနော့်စကားကို သူ မငြင်းဘူး။ ဆိုဖာပေါ်ကနေ လျှောချပြီး ကျနော့်ခြေထောက်ရှေ့မှာ ဒူးတွေတုပ်ပြီး ထိုင်လိုက်တယ်။

“မမ ကျနော့်ကိုကြည့်ပါ”

မော့ကြည့်လာတဲ့ သူ့မျက်လုံးတွေကို ငေးရင်း ကျနော့်စိတ်ရောကိုယ်ကိုပါ လွှတ်ချလိုက်တယ်။ သူက ရုတ်တရက်လန့်ပြီး မျက်နှာလွှဲလိုက်လို့ အရည်တွေက သူ့နားရွက်အထက်က ဆံပင်တွေပေါ်ကို ရောက်သွားခဲ့ပေမယ့် ကျနော့်စိတ်ကူးထဲကအတိုင်း စံပယ်ပန်းကလေးတွေ ပန်ထားသလိုပဲ။ သိပ်ကို လှနေခဲ့တယ်။ 

“ဟယ် … ဆံပင်တွေအပေါ်ကိုတော်” လို့ပြောပြီး ကျနော့်ကို မျက်စောင်းနုနုထိုးတယ်။ 

(စာ ၂၁-၂၂)


ဒီဇာတ်ကောင်ရဲ့ စိတ်ကူးထဲက စံပယ်ပန်းနိမိတ်ပုံဟာ သာမန် အပြာဝတ္ထုတွေမှာ မတွေ့ရတဲ့ အရေးအသားအစိတ်အပိုင်းမျိုး ဖြစ်ပါတယ်။ ဒီစံပယ်ပန်းကိစ္စမပါဘဲ ဒီဝတ္ထုကို တခါပြန်ဖတ်ကြည့်ရာမှာ အပြာဝတ္ထုဖြစ်သွားပါတယ်။ ဒါဟာ လိင်စိတ်ဖြစ်အောင် နှိုးဆွတဲ့ အပြာ ဝတ္ထုတွေနဲ့ စာပေအနုပညာ လက်ရာတခုကြားမှာ ခြားထားတဲ့ စည်းပါပဲ။ ကျနော် ဖတ်ဖူးသမျှ အပြာဇာတ်လမ်းတွေ၊ အပြာဇာတ်ကားတွေထဲမှာ မယ်လွင့် ရေးပြတဲ့ စံပယ်ပန်းနိမိတ်ပုံလိုမျိုး ဖန်တီးမှုတွေကို ကျနော်မတွေ့ဖူးပါ။ အပြာစာအုပ်နဲ့ ဇာတ်ကားတွေဟာ လိင်ဆက်ဆံမှုတစ်ခုတည်း အပေါ်မှာ အရသာခံဖို့သက်သက် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ရသစာပေဖန်တီးသူတွေဆီကနေသာ ရနိုင်တဲ့ သင်္ကေတတွေ၊ နိမိတ်ပုံတွေကို တွေ့ရမှာမဟုတ်ပါဘူး။ 

‘ဟိုဘက်ခန်းကမိန်းမ’မှာ နောက်ထပ် အပြာနဲ့ကွဲတဲ့ အရေးအသားတခုပါပါသေးတယ်။ အဲဒါကတော့ ဆူရီယယ် (surreal) ဆန်တဲ့ အရေးအဖွဲ့ဖြစ်ပါတယ်။ အဲဒီ မိန်းမက သူ့အခန်းထဲမှာ မြွေဝင်နေတယ်လို့ ပြောပြီး သူ့ကို (ယောက်ျားဇာတ်ကောင်ကို) လာအကူအညီတောင်းတယ်။ သူဝင်ကြည့်တော့ ဘာမြွေမှ မတွေ့ဘူး။ ဒါပေမဲ့ အဲဒီည သူနဲ့ အဲဒီမိန်းမ အတူအိပ်ပြီး နိုးလာချိန်မှာ ... 


ကျနော့်ခန္ဓာကိုယ် အောက်ပိုင်းဆီမှာ အေးစက်စက် လျှာကလေးတစ်ချောင်းရဲ့ လိမ်ပတ်နေတဲ့ အထိအတွေ့။ ကျနော် မျက်လုံးတွေကို မဖွင့်ဘဲ ဇိမ်ခံနေမိတယ်။ မမဟာ အထန်မလေးပဲ။ အိပ်နေတဲ့ကျနော့်ကို သူ့လျှာတွေနဲ့ နှိုးဆွနေခဲ့တာ။ ကျနော် ဆက်အိပ်ချင်ယောင်ဆောင်နေပေမယ့် ခန္ဓာကိုယ်ရဲ့အထိအတွေ့ကို တုံ့ပြန်ပုံက ငြင်းဆန်လို့မရဘူး။ မမရဲ့ အာခေါင်က နွေးနွေးလေး။ ဆီးခုံနဲ့လာထိတဲ့ မမနှုတ်ခမ်းလေးတွေက အေးစက် … ချွဲကျိ ... ။

‌အေးစက်စက် ချွဲကျိကျိ နှုတ်ခမ်းတွေ … ပိုပြီးတင်းကျပ်နက်ရှိုင်းလာတဲ့ စုပ်ယူမှု … ကျနော့်မျက်လုံးတွေကို အလန့်တကြား ဖွင့်ကြည့်မိတဲ့အခါ ကျနော့်ခန္ဓာကိုယ် အောက်ပိုင်းတခုလုံးဟာ မြွေတကောင်ရဲ့ အာခံတွင်း ထဲမှာ။

(စာ ၂၃)


ဆရာမ မယ်လွင့်ရဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်တွေ ကျနော် လိုက်ဖတ်ကြည့်တော့ sex, murder, extramarital affairs, suicide, ဆိုတဲ့ theme တွေနဲ့ပဲ တည်ဆောက်ထားတာ တွေ့ရပါတယ်။ သူ့ရဲ့ ပထမဆုံးလက်ရာ ‘ရိုဆယ်လာ’ အပါအဝင်ပေါ့။ ဝတ္ထုတိုင်းမှာ ခုနကပြောတဲ့ theme တွေ တခုမဟုတ်တခု ပါပေမဲ့ sex ကတော့ အားလုံးမှာ ပါတဲ့ theme ပဲလို့ (ဖတ်မိသလောက်) ဆိုရပါမယ်။ ဘယ်လိုပဲ sex theme ပါသည်ဖြစ်စေ ကျန်တဲ့ ဝတ္ထုတွေနဲ့ ယှဉ်ရင် ဒီ ‘ဟိုဘက်ခန်းကမိန်းမ’ လောက် sexual content မှာ explicit ဖြစ်တာလည်း ဒီ တပုဒ်တည်းပါပဲ။ အလားတူ ‘ဟိုဘက်ခန်းကမိန်းမ’ လောက် အပြာရောင်ခြယ်ထားတဲ့ ပိတ်ကားပြင်ကြီး ပေါ်ကနေ ရှုကြည့်သူရဲ့မျက်လုံးထဲ ရောင်စဉ်တန်းတွေ ဖြာထွက်လာအောင် လုပ်နိုင်တာလည်း ‘ဟိုဘက်ခန်းက မိန်းမ’ ပဲရှိပါတယ်။ 

တစ်ချိန်တုန်းက ဂယက်ထခဲ့တဲ့ အောင်ရင်ငြိမ်းရဲ့ ‘ရိုမန်ဘော့တို့ရဲ့ကမ္ဘာ’ ဆိုတဲ့ ဝတ္ထုတုန်းကလည်း အပြာ ဝတ္ထုဖြစ်တယ်ဆိုပြီး ဟိုးလေးတကြော်ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျနော့်တဦးတည်းရဲ့ သဘောမှာတော့ ‘ရိုမန်ဘော့တို့ရဲ့ကမ္ဘာ’မှာ ‘ဟိုဘက်ခန်းကမိန်းမ’ လိုမျိုး အနုပညာမြောက်ဖန်တီးချက်အချို့ မတွေ့မိပါဘူး။ ‘ရိုမန်ဘော့တို့ရဲ့ကမ္ဘာ’ ဟာ လိင်ဆက်ဆံခန်းအချို့ကို ကမ္ဘာ့တွေးခေါ်ဆရာတချို့ရဲ့ ဖီလော်တွေနဲ့ ညှပ်ထည့် ထားတဲ့ အရေးအသားတမျိုးလို့ပဲ မြင်ပါတယ်။ မယ်လွင့်ရဲ့ ‘ဟိုဘက်ခန်းကမိန်းမ’ မှာတော့ အပြာလို့ ပြောလို့မရတော့မယ့် အနုပညာဖန်တီးမှုအချို့ကို အထက်မှာ ကျနော်ပြောခဲ့သလို တွေ့ရပါကြောင်း။ ။


Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...