Skip to main content

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။ 



ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။ 

ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေကို ဘာလို့မဆွေးနွေးဘဲ ဒါကိုမှ ဆွေးနွေးရသလဲမေးရင် ဒီတပုဒ်ကပဲ တခြားအပုဒ်တွေထက် ထူးထူးကဲကဲ အပြာဝတ္ထုဟန်ပေါက်နေလို့ပါပဲ။ တခြားဝတ္ထုတွေမှာလည်း လိင်နဲ့ပတ်သက်တဲ့ အရေးအသား တချို့ပါပေမဲ့ ‘ဟိုဘက်ခန်းကမိန်းမ’ လောက် ဒါကို တိုက်ရိုက်ရေးတာမျိုး၊ အဓိကရေးတာမျိုး မဟုတ်လို့ပါ။ 

ဆွေးနွေးချင်တဲ့ ခေါင်းစဉ်က အဲဒီဝတ္ထုဟာ အပြာလား၊ အပြာမဟုတ်ဘူးဆိုရင် အပြာမဟုတ်အောင်၊ အပြာဝတ္ထုဆိုတဲ့ စည်းရဲ့ အပြင်ဘက်ကို ရောက်အောင် အဲဒီဝတ္ထုပါဖန်တီးမှုတွေထဲက ဘယ်ဟာက ပြဋ္ဌာန်းပေးတာ ဖြစ်နိုင်သလဲ ဆိုတာပါ။ (ညစ်ညမ်းလို့မသုံးဘဲ အပြာလို့ပဲ တမင်သုံးပါတယ်။ အပြာစာပေဟာ ညစ်ညမ်း ဟုတ်မဟုတ်က သီးခြား ငြင်းခုံရမယ့် ခေါင်းစဉ်တစ်ခုပါ။)

‘ဟိုဘက်ခန်းကမိန်းမ’ ကို မည်သူမဆို ရုတ်တရက် ဖတ်ရင်တော့ အပြာဝတ္ထုတပုဒ်လို့ပဲ ဆုံးဖြတ်လိုက်နိုင် ပါတယ်။ ဒီဝတ္ထုအတွက်လည်း မယ်လွင့် အတော်အပြောခံခဲ့ရသေးတယ်လို့ သိရပါတယ်။ စာရှုသူတွေထဲမှာ အပြာဝတ္ထုဖတ်ဖူးသူ၊ အပြာရုပ်ရှင်ကြည့်ဖူးသူတွေ ပါမယ်ဆိုရင် အပြာ ဝတ္ထုနဲ့ ရုပ်ရှင်တွေကို ဘယ်လို တည်ဆောက်တင်ပြလေ့ရှိတယ်ဆိုတာ သိမှာပါပဲ။ အပြာ ဝတ္ထု တပုဒ်မှာ တွေ့ရတဲ့ ဇာတ်လမ်းဖွဲ့ပုံ၊ တင်ပြပုံ၊ ရေးသားပုံမျိုးနဲ့ ဆင်တူတဲ့ အရေးအဖွဲ့တွေ ဒီ ဝတ္ထုမှာ အလားတူတာတွေ ပါတဲ့အတွက် အပြာ ဇာတ်လမ်းတပုဒ်လို့လည်း ယေဘုယျဆိုနိုင်ပါတယ်။ ဒီ စာစုမရေးခင်မှာ အလွတ်သဘောနဲ့ ဒီဝတ္ထုတို လေးထဲက စာသားအချို့ကို စာပေသမား၊ ဧည့်သွားဧည့်လာ စာဖတ်သူ၊ စာလုံးဝနီးပါးမဖတ်သူဆိုတဲ့ သုံးမျိုးထဲမှာ ပါတဲ့ လူအချို့ကို နမူနာပေးဖတ်ကြည့်ရာမှာ တုံ့ပြန်ပုံအမျိုးမျိုး တွေ့ရပါတယ်။

‘ဟိုဘက်ခန်းကမိန်းမ’ ဝတ္ထုအကျဉ်းကတော့ ရန်ကုန်က အထပ်မြင့်တိုက်ခန်းတခန်းကို အသစ်ရောက်လာတဲ့ ကောင်လေးတယောက်က သူ့ဘေးခန်းကပ်လျက် တယောက်တည်းနေတဲ့ ခပ်မိုက်မိုက် မိန်းမ တယောက်နဲ့ အိပ်ဖြစ်အောင် ကြံဖန်တဲ့ ဇာတ်လမ်းပါပဲ။ မိန်းမက သူ့ထက်ကြီးတယ်၊ လိင်ညှို့ငင်အားပြင်းတယ်၊ စတွေ့တွေ့ချင်း စကားပြောပုံက အထက်ဆီး ဆန်တယ်။ ဒါမျိုးပေါ့။ (ဆရာမ မယ်လွင့်ဟာ ဒီဝတ္ထုမှာ ယောက်ျားဇာတ်ကောင်နေရာကို ဝင်ပြီး ယောက်ျားစိတ်သဘာဝတွေပေါ်အောင် ရေးသွားနိုင်တာ ချီးကျူးစရာပဲ။) 

ဒီဝတ္ထုရဲ့ flow ကို သဘောပေါက်ဖို့ရော၊ ကျနော် ဆွေးနွေးမယ့် အပြာဟုတ်မဟုတ်ခေါင်းစဉ်အတွက် ကိုးကားချက်အနေနဲ့ပါ စာသားအချို့ကို ဦးစွာ ကောက်နုတ်ပြပါ့မယ်။

မျက်ဆံအိမ် ရှည်လျားလျားနဲ့ စူးတောက်နေတဲ့ မျက်လုံးတွေ၊ အဲလို မျက်လုံးတွေနဲ့ မိန်းမကို ကျနော့် ကိုယ်လုံးအောက်မှာ ဖိထားပြီး အော်ဟစ်ငြီးတွား တောင်းဆိုနေအောင် လုပ်ကြည့်ရင် ဘယ်လိုနေမလဲ။ သူ့ဆံပင်ရှည်တွေကို နောက်ကနေ လက်တွေနဲ့ ရစ်ပတ်ဆွဲထားပြီး သူ့တင်ပါး တွေကိုရိုက်ရင် သူ ကျနော့်ကို အဲဒီလို မျက်လုံး စူးစူးရဲရဲတွေနဲ့ ပြန်ကြည့်နိုင်မှာလား

(စာ ၁၄၊ ‘ဟိုဘက်ခန်းကမိန်းမ’၊ Midnight Blue၊ ဇလပ်နီစာပေ၊ ဒုတိယအကြိမ်)


ဒီစာပိုဒ်ကနေ ကျနော် မြင်မိတာကတော့ ယောက်ျားတွေရဲ့ male dominance ကိုပါပဲ။ ယောက်ျားတွေဟာ မိသားစုထဲက အမေ၊ အဘွား၊ အဒေါ်၊ အစ်မ စတဲ့ အသက်အရ ဝါအရ ကြီးတဲ့မိန်းမတချို့ကလွဲရင် ကိုယ့်ကိုမိန်းမတယောက်က အထက်ဆီးက ဆက်ဆံတာကို မကြိုက်တတ်ပါဘူး။ အဲသလို မိန်းမမျိုးနဲ့တွေ့ရင် ပြန်ပြီး အနိုင်ယူချင်တဲ့ ဆိုက်ကို ရှိကြပါတယ်။ အကယ်၍ အဲဒီ မိန်းမဟာ ကိုယ့်အတွက် sexually attractive မဖြစ်တဲ့မိန်းမမျိုးဆိုရင် တခြား တနည်းနဲ့ ပြန်အနိုင်ယူဖို့ကြိုးစားတတ်ပြီး sexually attractive ဖြစ်တဲ့ မိန်းမမျိုးဆိုရင်တော့ အဲဒီ မိန်းမနဲ့ လိင်ဆက်ဆံတဲ့အချိန်မှာ male dominance သဘောကို ပြသတတ်ပါတယ်။ 

ဒီ အထက်ပါ စာပိုဒ်ဟာ အဲဒီ ဇာတ်ကောင် ယောက်ျားရဲ့ ကိန်းအောင်းနေတဲ့ male dominance ကို စာရေးသူကပြတဲ့ သဘောလို့ မြင်ပါတယ်။ သူ့ကို စကတည်းက အထက်ဆီးလေသံနဲ့ မာရေကျောရေ ပြောတဲ့ အထက်ဆီး ဆန်ဆန်ပြောတဲ့ အဲဒီ မိန်းမကို သူ မကျေနပ်ဘူး။ တချိန်တည်းမှာ အဲဒီမိန်းမနဲ့ သူအိပ်ချင်နေတယ်။ သူ့ စိတ်ကူးထဲမှာ အဲဒီမိန်းမကို လိင်ဆက်ဆံတဲ့အခါ သူက dominant ၊ အဲဒီ မိန်းမက submissive နေရာမှာ ထားပြီး စိတ်ကူးယဉ် နေတာပါပဲ။ တမင်ဖန်တီးသည်ဖြစ်စေ၊ ဒီအတိုင်း ရေးမိလိုက်သည်ဖြစ်စေ ဒီ ယောက်ျားလိင်စိတ်ကို ဒီနေရာမှာ မြင်မိပါတယ်။ ဒါမျိုး အပြာဝတ္ထုတွေမှာ မပါဘူးလားဆိုရင် ပါတတ်ပါတယ်။ ဒါပေမဲ့ အပြာဝတ္ထုတွေ/ဇာတ်ကားတွေမှာ မြင်ရတဲ့ male dominance ဟာ social science သဘောပိုင်းအရ ပြတာမဟုတ်ဘဲ ဈေးကွက်အရ ယောက်ျား ပရိသတ်ကို ဆွဲခေါ်ဖို့ရာ အတွက် သူတို့အကြိုက်ကို ထည့်ပြီး ပြပေးတဲ့သဘောမျိုး ပိုဆန်ပါတယ်။ ဒီ ဝတ္ထုမှာတော့ ဈေးကွက်သဘောအရ ထည့်တာမျိုးထက် စာရေးသူရဲ့ အမြင်/ခံစားမှုကို ရောင်ပြန်ဟပ်တဲ့သဘော ပိုဆန်ပါတယ်။

ဇာတ်လမ်းကို ဆက်ရရင် အချိန်တစ်ခုကိုရောက်တော့ ဒီမိန်းမနဲ့သူနဲ့ လိင်ဆက်ဆံဖြစ်သွားကြတယ်။ ဇာတ်လမ်းက ဒါပဲ။ ဒါချည်းသက်သက်ဆိုရင်တော့ အပြာဝတ္ထုစည်းထဲမှာပဲ ကျနော် ထားချင်သေးတယ်။ Hard core မဟုတ်တဲ့ Erotic ဘက်ကဲတဲ့ အပြာမျိုးပေါ့။ ဒါပေမဲ့ ဆရာမ မယ်လွင့်သုံးတဲ့ နိမိတ်ပုံတချို့ကြောင့် ကျနော် ဒီဝတ္ထုတိုကို အပြာစည်းရဲ့အပြင်ကို ထုတ်ပစ်လိုက်ပါတယ်။ အပြာမဟုတ်ဘူးလို့ ကျနော် ရဲရဲရင့်ရင့် ပြောပါတယ်။ ရှင်းပြပါမယ်။ 

ဒီထဲက ယောက်ျားဇာတ်ကောင်ဟာ ဒီမိန်းမကိုမရခင်ကတည်းက စိတ်ကူးထဲမှာ ဒီမိန်းမရဲ့ ဆံပင်ရှည်တွေနဲ့ပတ်သက်ပြီး sexual fantasy တချို့ ရှိထားနှင့်တယ်။ အဲဒါကိုဘယ်လို ပြောထားသလဲ ဆိုတော့ …  


အဲဒီအခါ ဓာတ်လှေကားကနေ အတူဆင်းရင်း နောက်ကနေ သူ့တင်ပါးတွေနဲ့ ဆံပင်တွေကို လိုက်ငေးနေမိတယ်။ သူ့ဆံပင်နက်နက်တွေပေါ်မှာ ကျနော့်ဆီက သုက်ရည်ဖြူဖြူတွေနဲ့သာဆို စံပယ်ပွင့်ကလေးတွေ ပန်ထားသလို လှမယ် …

(စာ ၁၆၊ ၎င်း)


ဇာတ်ကောင်ဟာ ဒီမိန်းမနဲ့ အတူအိပ်ချင်နေရုံ သက်သက်မဟုတ်ဘူး။ သူ့အာရုံထဲမှာ ပန်းချီကားတချပ်ကို ဆွဲထားပြီး ဖြစ်နှင့်တယ်။ အဲဒါက သူပြီးမြောက်သွားတဲ့အချိန်မှာ အမျိုးသမီးရဲ့ခေါင်းမှာ စံပယ်ပန်းလေးတွေ ပန်ထားသလိုမျိုး မြင်ယောင်ကြည့်ထားနှင့်တာပဲ။ သူဟာ အဲဒီမိန်းမနဲ့အတူ လိင်ဆန္ဒ ပြီးမြောက်ချင်ရုံ မဟုတ်ဘူး၊ အဲသလို ပြီးမြောက်ချိန်မှာ သူ့စိတ်ကူးထဲက ပန်းချီကားတချပ်ကိုလည်း မြင်ချင်နေတယ်။ အဲဒီပန်းချီကားဟာ ကင်းဗတ်စတွေပေါ်မှာ ဆွဲထားတဲ့ ပန်းချီကားမျိုး မဟုတ်ဘူး။ တကယ့် သက်ရှိလူဖြစ်တဲ့ အဲဒီမိန်းမရယ်၊ သူ့ရဲ့ဆံပင်ရယ်၊ အဲဒီ ဆံပင်ပေါ်မှာ စံပယ်ပွင့်လေး ပန်းထားသလိုမျိုး ဖြစ်နေမယ့် ယောက်ျားဇာတ်ကောင်ရဲ့ သုက်ရည်အချို့ရယ်အနေနဲ့ မြင်ရမယ့် ပန်းချီကားမျိုးပါ။

ဒီလိုနဲ့ တစ်ညမှာ သူတို့အိပ်ဖြစ်ကြတယ်။ အိပ်တဲ့အခန်းကလည်း ကြမ်းတမ်းတဲ့ စကားလုံး အသုံးတွေ မပါတာကလွဲရင် ကွက်ကွက်ကွင်းကွင်းတွေပါပဲ။ အဓိကကျတဲ့အပိုင်းကိုပြပါမယ်။ ဒါ အရေးကြီးတဲ့ နိမိတ်ပုံအပိုင်းပါ။ 


“မမ ပြီးပြီလား”

သူအသံမထွက်ဘဲ ခေါင်းပဲ ညိတ်ပြတယ်။ 

“ဆိုဖာအောက်ကို ဆင်းထိုင်ပေးစမ်းပါ”

ကျနော့်စကားကို သူ မငြင်းဘူး။ ဆိုဖာပေါ်ကနေ လျှောချပြီး ကျနော့်ခြေထောက်ရှေ့မှာ ဒူးတွေတုပ်ပြီး ထိုင်လိုက်တယ်။

“မမ ကျနော့်ကိုကြည့်ပါ”

မော့ကြည့်လာတဲ့ သူ့မျက်လုံးတွေကို ငေးရင်း ကျနော့်စိတ်ရောကိုယ်ကိုပါ လွှတ်ချလိုက်တယ်။ သူက ရုတ်တရက်လန့်ပြီး မျက်နှာလွှဲလိုက်လို့ အရည်တွေက သူ့နားရွက်အထက်က ဆံပင်တွေပေါ်ကို ရောက်သွားခဲ့ပေမယ့် ကျနော့်စိတ်ကူးထဲကအတိုင်း စံပယ်ပန်းကလေးတွေ ပန်ထားသလိုပဲ။ သိပ်ကို လှနေခဲ့တယ်။ 

“ဟယ် … ဆံပင်တွေအပေါ်ကိုတော်” လို့ပြောပြီး ကျနော့်ကို မျက်စောင်းနုနုထိုးတယ်။ 

(စာ ၂၁-၂၂)


ဒီဇာတ်ကောင်ရဲ့ စိတ်ကူးထဲက စံပယ်ပန်းနိမိတ်ပုံဟာ သာမန် အပြာဝတ္ထုတွေမှာ မတွေ့ရတဲ့ အရေးအသားအစိတ်အပိုင်းမျိုး ဖြစ်ပါတယ်။ ဒီစံပယ်ပန်းကိစ္စမပါဘဲ ဒီဝတ္ထုကို တခါပြန်ဖတ်ကြည့်ရာမှာ အပြာဝတ္ထုဖြစ်သွားပါတယ်။ ဒါဟာ လိင်စိတ်ဖြစ်အောင် နှိုးဆွတဲ့ အပြာ ဝတ္ထုတွေနဲ့ စာပေအနုပညာ လက်ရာတခုကြားမှာ ခြားထားတဲ့ စည်းပါပဲ။ ကျနော် ဖတ်ဖူးသမျှ အပြာဇာတ်လမ်းတွေ၊ အပြာဇာတ်ကားတွေထဲမှာ မယ်လွင့် ရေးပြတဲ့ စံပယ်ပန်းနိမိတ်ပုံလိုမျိုး ဖန်တီးမှုတွေကို ကျနော်မတွေ့ဖူးပါ။ အပြာစာအုပ်နဲ့ ဇာတ်ကားတွေဟာ လိင်ဆက်ဆံမှုတစ်ခုတည်း အပေါ်မှာ အရသာခံဖို့သက်သက် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ရသစာပေဖန်တီးသူတွေဆီကနေသာ ရနိုင်တဲ့ သင်္ကေတတွေ၊ နိမိတ်ပုံတွေကို တွေ့ရမှာမဟုတ်ပါဘူး။ 

‘ဟိုဘက်ခန်းကမိန်းမ’မှာ နောက်ထပ် အပြာနဲ့ကွဲတဲ့ အရေးအသားတခုပါပါသေးတယ်။ အဲဒါကတော့ ဆူရီယယ် (surreal) ဆန်တဲ့ အရေးအဖွဲ့ဖြစ်ပါတယ်။ အဲဒီ မိန်းမက သူ့အခန်းထဲမှာ မြွေဝင်နေတယ်လို့ ပြောပြီး သူ့ကို (ယောက်ျားဇာတ်ကောင်ကို) လာအကူအညီတောင်းတယ်။ သူဝင်ကြည့်တော့ ဘာမြွေမှ မတွေ့ဘူး။ ဒါပေမဲ့ အဲဒီည သူနဲ့ အဲဒီမိန်းမ အတူအိပ်ပြီး နိုးလာချိန်မှာ ... 


ကျနော့်ခန္ဓာကိုယ် အောက်ပိုင်းဆီမှာ အေးစက်စက် လျှာကလေးတစ်ချောင်းရဲ့ လိမ်ပတ်နေတဲ့ အထိအတွေ့။ ကျနော် မျက်လုံးတွေကို မဖွင့်ဘဲ ဇိမ်ခံနေမိတယ်။ မမဟာ အထန်မလေးပဲ။ အိပ်နေတဲ့ကျနော့်ကို သူ့လျှာတွေနဲ့ နှိုးဆွနေခဲ့တာ။ ကျနော် ဆက်အိပ်ချင်ယောင်ဆောင်နေပေမယ့် ခန္ဓာကိုယ်ရဲ့အထိအတွေ့ကို တုံ့ပြန်ပုံက ငြင်းဆန်လို့မရဘူး။ မမရဲ့ အာခေါင်က နွေးနွေးလေး။ ဆီးခုံနဲ့လာထိတဲ့ မမနှုတ်ခမ်းလေးတွေက အေးစက် … ချွဲကျိ ... ။

‌အေးစက်စက် ချွဲကျိကျိ နှုတ်ခမ်းတွေ … ပိုပြီးတင်းကျပ်နက်ရှိုင်းလာတဲ့ စုပ်ယူမှု … ကျနော့်မျက်လုံးတွေကို အလန့်တကြား ဖွင့်ကြည့်မိတဲ့အခါ ကျနော့်ခန္ဓာကိုယ် အောက်ပိုင်းတခုလုံးဟာ မြွေတကောင်ရဲ့ အာခံတွင်း ထဲမှာ။

(စာ ၂၃)


ဆရာမ မယ်လွင့်ရဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်တွေ ကျနော် လိုက်ဖတ်ကြည့်တော့ sex, murder, extramarital affairs, suicide, ဆိုတဲ့ theme တွေနဲ့ပဲ တည်ဆောက်ထားတာ တွေ့ရပါတယ်။ သူ့ရဲ့ ပထမဆုံးလက်ရာ ‘ရိုဆယ်လာ’ အပါအဝင်ပေါ့။ ဝတ္ထုတိုင်းမှာ ခုနကပြောတဲ့ theme တွေ တခုမဟုတ်တခု ပါပေမဲ့ sex ကတော့ အားလုံးမှာ ပါတဲ့ theme ပဲလို့ (ဖတ်မိသလောက်) ဆိုရပါမယ်။ ဘယ်လိုပဲ sex theme ပါသည်ဖြစ်စေ ကျန်တဲ့ ဝတ္ထုတွေနဲ့ ယှဉ်ရင် ဒီ ‘ဟိုဘက်ခန်းကမိန်းမ’ လောက် sexual content မှာ explicit ဖြစ်တာလည်း ဒီ တပုဒ်တည်းပါပဲ။ အလားတူ ‘ဟိုဘက်ခန်းကမိန်းမ’ လောက် အပြာရောင်ခြယ်ထားတဲ့ ပိတ်ကားပြင်ကြီး ပေါ်ကနေ ရှုကြည့်သူရဲ့မျက်လုံးထဲ ရောင်စဉ်တန်းတွေ ဖြာထွက်လာအောင် လုပ်နိုင်တာလည်း ‘ဟိုဘက်ခန်းက မိန်းမ’ ပဲရှိပါတယ်။ 

တစ်ချိန်တုန်းက ဂယက်ထခဲ့တဲ့ အောင်ရင်ငြိမ်းရဲ့ ‘ရိုမန်ဘော့တို့ရဲ့ကမ္ဘာ’ ဆိုတဲ့ ဝတ္ထုတုန်းကလည်း အပြာ ဝတ္ထုဖြစ်တယ်ဆိုပြီး ဟိုးလေးတကြော်ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျနော့်တဦးတည်းရဲ့ သဘောမှာတော့ ‘ရိုမန်ဘော့တို့ရဲ့ကမ္ဘာ’မှာ ‘ဟိုဘက်ခန်းကမိန်းမ’ လိုမျိုး အနုပညာမြောက်ဖန်တီးချက်အချို့ မတွေ့မိပါဘူး။ ‘ရိုမန်ဘော့တို့ရဲ့ကမ္ဘာ’ ဟာ လိင်ဆက်ဆံခန်းအချို့ကို ကမ္ဘာ့တွေးခေါ်ဆရာတချို့ရဲ့ ဖီလော်တွေနဲ့ ညှပ်ထည့် ထားတဲ့ အရေးအသားတမျိုးလို့ပဲ မြင်ပါတယ်။ မယ်လွင့်ရဲ့ ‘ဟိုဘက်ခန်းကမိန်းမ’ မှာတော့ အပြာလို့ ပြောလို့မရတော့မယ့် အနုပညာဖန်တီးမှုအချို့ကို အထက်မှာ ကျနော်ပြောခဲ့သလို တွေ့ရပါကြောင်း။ ။


Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...