Skip to main content

ကျွန်တော်ပုတီးမစိပ်ပါ သို့သော်...



ထိုစဉ်က ထွေးကို စိပ်ပုတီးလေး အမှတ် မထင် လက်ဆောင်ပေးမိသည်။ ထွေး ပုတီးစိပ်၊ မစိပ် သိထားလို့ရယ်တော့ မဟုတ်ပါ။ အကယ်စင်စစ် ထွေး အကြောင်းကို ကျွန်တော်ထိုစဉ်က ဘာမျှ ဟုတ္တိပတ္တိ မသိသေး။
ထွေး ပုတီးစိပ်သလားဟုမေးတော့ ထွေးက အသာအယာသာ ခေါင်းညိတ်ပြခဲ့လေသည်။ နောက်မှ သိရသည်ကထွေးပုတီးစိပ်လေ့မရှိတဲ့၊ ကျွန်တော့် ပုတီးကိုတစ်ညသာစိပ်ပြီး နောက်ညတွေ ဆက်မစိပ်ဖြစ်တဲ့။ ထွေး ကျွန်တော့်ကို ညာခဲ့သည်။ သို့သော် ထိုညာခြင်းကပင် စိပ်ပုတီးပေးဖြစ်ရခြင်း၏ အကြောင်းပင် ဖြစ်လေသည်။
မင်းကွာ လက်ဆောင်ပေးစရာရှားလို့ ပုတီးမှပေးရသလား။ မိန်းကလေးအကြိုက် ပစ္စည်းတွေမှ တပုံတပင်ဟုအပြစ်ပြောလာလျှင်လည်း ခံရုံသာရှိပါသည်။ တကယ်တော့ ထိုစဉ်က ကျွန်တော်တို့နှစ်ဦးသားက ဘုရားစောင်းတန်းမှာ။ ရုတ်တရက် ခေါင်းထဲမှာ ဖျတ်ကနဲပေါ်လာသည်က ထွေးကို မိတ်ဖြစ်ဆွေဖြစ် လက်ဆောင်တစ်ခုပေးဖို့။ ဘုရားစောင်းတန်းတလျှောက်ရှိ ဆိုင်များတွင် အမှတ်တရပန်းချီကား၊ ခရုကမာပုတီး၊ လက်ကောက်၊ ဆံထိုး စသည့် မိန်းမကြိုက်ပစ္စည်းပစ္စယ အစုံအလင်တင်ထားသော်ငြား ကျွန်တော်သည် နံသာဖြူပုတီးကိုသာ လက်ဆောင်အဖြစ် ရွေးချယ်ခဲ့မိ၏။ ဘာကြောင့် ရွေးခဲ့ရမှန်းတော့ ကိုယ်ကိုယ်တိုင်လည်း မစဉ်းစားမိခဲ့ချေ။
အမှန်အတိုင်းဝန်ခံရလျှင် ထိုစဉ်က ကျွန်တော့်စိတ်သည် ဘုရားရိပ်၊ တရားရိပ်ကြောင့် အေးမြကြည်လင်နေ သည်က တစ်ကြောင်း၊ ထွေးအပေါ် တဏှာရမ္မက်မဖက် ဖြူစင်သန့်ရှင်းသည့် မေတ္တာဓာတ်သက်သက်တို့သာ လွှမ်းခြုံရစ်ပတ်ထားသည်က တစ်ကြောင်းကြောင့် တခြားထွေလီကာလီများထက် ဘာသာရေးပစ္စည်းတစ်ခု ဖြစ်သော စိပ်ပုတီးကိုသာ ပို၍ဓာတ်ကျသွားမိသည်ဟု ယူဆရသည်။
အတိတ်ကောင်း၊ နိမိတ်ကောင်းကို ဆောင်သည့် ပစ္စည်းတစ်ခုဟု စိတ်မှာမှတ်ယူ၍ ဈေးသည်အမျိုးသမီး လှမ်းပေးသည့် နံ့သာဖြူပုတီးအတွဲများထဲမှ ကျွန်တော့်စိတ်ကြိုက် ပုတီးတစ်ကုံးကို ဖြုတ်ယူလိုက်ပြီး ထွေးလက်ထဲ အသာအယာ ထည့်ပေးလိုက်ပါသည်။
ကျွန်တော်ပေးသည့် စိပ်ပုတီးကိုလှမ်း ယူစဉ်က ထွေးမျက်နှာမည်သို့ရှိခဲ့သည် ကျွန်တော်မသိ။ အကြောင်းမှာ ထိုအချိန်က ထွေး၏ဖြန့်ထားသောလက်ဖဝါးနုနုကလေးများအပေါ် အာရုံပိုဝင်စားနေ၍ ဖြစ်ပါသည်။ ထွေး ပြုံးနေခဲ့သလား။ ပြုံးချင်မှလည်းပြုံးခဲ့ပါမည်။ ဒါပေမယ့် ခပ်တည်တည်ကြီး မဟုတ်ခဲ့တာလည်း သေချာပါသည်။
ဒီ စိပ်ပုတီးလေးကို အမြဲသိမ်းထား၊ အမြဲစိပ်ပါ၊ ထွေး
ကျွန်တော့်စကားကို ကြားသွား၏။ ထွေးက ခေါင်းညိတ်သည်။ နိုးမဟုတ်ပါ။ ထွေးက ဆိုင်ကယ်ကို ညာဘက်သို့ ကွေ့မည်ဟုအချက်ပြခြင်းသာဖြစ်သည်။ ဆိုင်ကယ်နှစ်စီး ဘေးချင်းယှဉ်မိတိုင်း ထွေးမျက်နှာကို လှမ်းကြည့်၍ပြုံးမိသည်။ ထွေးကလည်းကျွန်တော့်ကို ပြုံးပြုံးလေး ပြန်ကြည့်သည်။ ကျွန်တော်ကလည်း ကိုယ့်အတွေးနဲ့ကိုယ်ပြုံး။ ထွေးကလည်း သူ့အတွေးနဲ့သူ ရယ်။
စိပ်ပုတီးတစ်ကုံးတွင် ပုတီးစေ့ ၁၀၈ လုံးပါပါသည်။ ပုတီးတစ်လုံးစိပ်တိုင်း ထွေး ကျွန်တော့်ကို တစ်ကြိမ် သတိရမည် ဆိုလျှင်တစ်ပတ်စေ့တိုင်း ထွေးက ကျွန်တော့်ကို ၁၀၈ ကြိမ် သတိရပါလိမ့်မည်။ သို့သော် ပုတီးတစ်လုံးချတိုင်း ကျွန်တော့်ကိုတစ်ကြိမ်သတိရမည်ဟု မည်သူပြောပါသနည်း။ ထွေး ပုတီးစိပ်လျှင် ဘာကို အာရုံပြု၍စိပ်သလဲ မမေးမိခဲ့ချေ။ ဂုဏ်တော်လား၊ သမ္ဗုဒ္ဓေလား၊ ၂၄ ပစ္စည်းလား။ အရင်က ဘာပဲစိပ်ဖူးခဲ့၊ ဒီပုတီးနှင့်ဆိုလျှင်တော့ ကျွန်တော့်ကိုသာ အာရုံပြုပါ ဟု ပြောချင်ပါသည်။
လူ့ဘ၀တွင် ပြုသည့်ကိစ္စတိုင်း ရည်ရွယ်ချက်ရှိရှိ၊ အဓိပ္ပာယ်ပါပါ ပြုသည်လည်းရှိသလို ဘာရယ်မဟုတ် ပြုမိသည်လည်း ရှိပါ၏။ စိပ်ပုတီးကိုမှ ရွေးချယ်ပေးမိခြင်းတွင် ရည်ရွယ်ချက်တစ်ခု၊ အဓိပ္ပာယ်တစ်မျိုး မပါခဲ့။ ယခုမှ ကျွန်တော်သည်ကျွန်တော့်အပြုအမူအတွက် တရားမျှတသော ဆင်ခြေတစ်ခုပြန်ရှာ နေမိပြန်သည်။ စိပ်ပုတီးသည် ကြိုးကွင်းတစ်ခုဖြစ်သဖြင့် ထွေးအပေါ် ထားသည့် ကျွန်တော့်မေတ္တာ တို့သည် လည်း ကြိုးကွင်းလိုအဆုံးအစမရှိ။ ၁၀၈ ကို ဂဏန်း တစ်လုံးတည်း ကျန်အောင်ပေါင်းလျှင် ၉ ရသည်။ ၉ သည် ဂဏန်းအား လုံးတွင် စွမ်းအားအမြင့်ဆုံးဖြစ်သည်။ ထို့ကြောင့် ကျွန်တော့်မေတ္တာတို့သည်လည်း စွမ်းအားအထွတ်အထိပ်မှာ ရှိသည်။ နံ့သာဖြူအနံ့သည် မွှေးပျံ့သည်။ ထို့ကြောင့် ကျွန်တော့်မေတ္တာသည် ထွေးအနားမှာ ထာ၀ရထုံသင်းနေလိမ့် မည်။ ပုတီးကို ငွေ ၂၀၀၀ ပေးဝယ်ခဲ့ရသည်။ ၁၅၀၀ နှင့် ၅၂၈ မေတ္တာ နှစ်ခုပေါင်းလျှင် ၂၀၂၈ ရသည်။ အစွန်းထွက် ၂၈ က ထားတော့။ ကျွန်တော့်မေတ္တာကို ပုတီးတန်ဖိုးက ကိုယ်စား ပြုသည်။ ဤသို့လျှင် ကျွန်တော်သည် ဘယ်သူကမှဖြေရှင်းချက် မတောင်းရပါပဲနှင့် ကိုယ့်ရွေးချယ်ချက် မှန်ကြောင်း ကို ကာတွေး တွေးနေမိလေသည်။
ကျွန်တော်ပေးသည့်ပုတီးကို ထွေးစိပ်တာ ယနေ့အထိမမြင်ရသေး။ ထွေးကို ပုတီးလက်ဆောင်ပေးအပြီး နှစ်ရက်၊ သုံးရက်အကြာမှာပင် ထွေးနေသည့်မြို့မှ ကျွန်တော်ပြန်လာခဲ့ရသည်။ ထွေး ပုတီးစိပ်နေသည့်ပုံစံကို ကြည့်ချင်သည်။ ထွေး ပုလင်းထဲမှအအေးကို ပိုက်ဖြင့်စုပ်သောက်လျှင် ထွေးမျက်နှာက ကလေးလေးနှင့် တူသည်။ ဒါဆို ပုတီးစိပ်လျှင်ရော။ ကလေးမျက်နှာလေးနှင့်စိပ်မှာလား။ ဈာန်ဝင်စားနေသည့် ရသေ့မ တစ်ဦး၏ သမာဓိမျက်နှာထားနှင့် စိပ်မှာလား။ ကျွန်တော်မပြောတတ်ပါ။ မြို့နှစ်မြို့သည် မိုင်ရာနှင့်ချီ၍ ဝေးသည် မဟုတ်ပါလား။
ထွေးတစ်ယောက် တစ်နေကုန် ပုတီးထိုင်စိပ်နေလို့တဲ့ဟူ၍ ထွေးတို့နေသောမြို့ ထံမှ ကောလာဟလလိုလို၊ တကယ်လိုလိုသတင်းရောက်လာတတ်သည်။ ထွေးသည် ကျွန်တော့်ကို တစ်နေကုန် တစ်နေခန်း သတိရနေ နိုင်ပါ့မလား။ မဖြစ်နိုင်ပါ။ အခြေအမြစ် သိပ်မရှိပါ။
ပုတီးနှင့်စိမ်းသော ကျွန်တော်သည် ဘုရားရောက်တိုင်း ပုတီးကိုသာသတိ ထားကြည့်နေမိ၏။ ထွေးနှင့် ထပ်တွေ့လျှင်တော့ပုတီးစိပ်ဖြစ်သေးလားဟု မေးကြည့်ချင်သည်။
ကျွန်တော်ကတော့ ပုတီးမစိပ်ပါ။ ဒါပေမယ့် ထွေးကိုတော့ သိပ် စိပ်စေချင်ပါသည်။

NOW! Fashion and Lifestyle Magazine. November, 2007


ရသဝတ္ထုကဏ္ဍမှ ကျန်ဝတ္ထုတိုများကို ဖတ်ရှုရန်အတွက် ယခုပို့စ်၏ ထိပ်ဆုံးညာဘက်ခြမ်း Labels ဆိုသော စာသား၏ အောက်ရှိ "ရသဝတ္ထု" ဆိုသည့် စာသားကို ကလစ်နှိပ်ပါ။


ဝေယံဘုန်း၏ ပင်ကိုရေးဝတ္ထုတိုစုစည်းမှု ဖြစ်သည့် 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 

Comments

  1. လာဖတ္သြားတယ္ဗ်။ စိတ်ကူးလေး ဆန်းတယ်။

    ReplyDelete
  2. ဟိ နုနုလေးကော ဘယ်လိုခံစားပြီးပြောရမလဲမသိဘူး ဒါပေမဲ့မိုက်တယ်လို့ထင်တယ်

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

ပြိုင်တူအဖြေရှာ ဦးနှောက်ယိုစီးမှုပုစ္ဆာ

“တို့နိုင်ငံကပညာတော်သင် ကျောင်းသားတွေ ပြီးသွားရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်မလာကြဘူးကွ” ဟု ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတစ်ခုမှ သူငယ်ချင်းတစ်ဦးက ပြောဖူးပါသည်။ ပညာရေး စနစ်တွင် နာမည်ကြီးသည့် အခြား နိုင်ငံများတွင် ပညာတော်သင်ဆုရပြီး ပညာထွက် သင်ကြားကြသည့် လူငယ်၊ လူလတ်များ ဒီဘက်နှစ်ပိုင်းတွင် များလာသော်လည်း ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ထိုပညာကိုပြန်အသုံးချသည့်ဦးရေက အချိုးကျကျ လိုက်ပြီး များပြားမလာသည့်အပေါ် သူက ညည်းတွားခြင်း ဖြစ်သည်။