Skip to main content

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ



ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။
ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။
ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်းလဲပစ်လိုက်ပါတယ်။ ဒါဟာ တကယ့်ကို အင်္ဂလိပ်ပီသတဲ့ အင်္ဂလိပ်စာအုပ်တစ်အုပ်ပါ။ ယော့ခ်ရှဲ (Yorkshire) ကိုနောက်ခံတည်ပြီး ၁၈၄၇ ခုနှစ်မှာ ထုတ်ဝေထားတဲ့ ဒီစာအုပ်ဟာ ဘာသာစကားမျိုးစုံနဲ့ထုတ်ဝေတဲ့စာအုပ်ဖြစ်လာသလို ရောက်ရှိတဲ့ ကမ္ဘာ့နေရာဒေသကို လိုက်လို့ အဲဒီဒေသရဲ့ ယဉ်ကျေးမှုရေခံမြေခံအပေါ် မူတည်ပြီး စာသားပြောင်းလဲသွားတဲ့ စာအုပ်ပါ။ အီရန်မှာဆိုရင် ၁၉၈၀ ကစလို့ Jane Eyre ကို ဘာသာပြန်ထားတဲ့မူပေါင်း ၂၉ မူရှိပါတယ်။ ဗီယက်နမ်က ကျောင်းတစ်ကျောင်းမှာ ကိုရီးယားဘာသာကို သင်တဲ့အခါမှာ Jane Eyre ရဲ့ ဘာသာပြန်မူတစ်မူကို သင်ရိုးမှာထည့်ပြီး ကိုရီးယားစာပေနမူနာအဖြစ် ပြဋ္ဌာန်းသင်ကြားပေးပါတယ်။
ဒါ့အပြင် ဝတ္ထုကို ကျွန်တော်တို့ ဘယ်လိုလေ့လာမလဲဆိုတဲ့အပိုင်းမှာလည်း ပြောင်းလဲမှုရှိပါတယ်။ ကျွန်တော့ အနေနဲ့ကတော့ Jane Eyre နဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရိုက်ခတ်ပြောင်းလဲမှုကို မလေ့လာနိုင်ပါဘူး။ ခု လေ့လာတွေ့ရှိသမျှကလည်း Prismatic Translation Project ဆိုတဲ့ ဘာသာပြန် စီမံချက်အစိတ်အပိုင်းအနေနဲ့ နိုင်ငံအတော်များများက ပူးတွဲသုတေသီ ၄၃ ဦးရဲ့အကူအညီနဲ့ ရှာဖွေတွေ့ရှိ ထားသမျှသာဖြစ်ပါတယ်။


ဘာသာပြန်ခြင်းဟာ အနုပညာတစ်မျိုးပါ


ဘာသာပြန်ဆိုခြင်းဟာ မူရင်းစာသားတွေကို မိတ္တူစက်ထဲထည့်လိုက်သလိုမျိုး တစ်ဖက်ကနေ နောက်စာတစ်မျိုးနဲ့ ပြန်ထွက်လာတာလို့ လူအများအပြားက ထင်တတ်ကြပါတယ်။ ဒါဟာ တကယ့်အဖြစ်နဲ့ အတော်ကိုကင်းကွာသွားတာမျိုးပါ။ ဘာလို့လဲဆိုတော့ ဘာသာစကားတိုင်းဟာ သူ့မူသူ့ဟန်နဲ့သူ ရှိကြလို့ပါ။ တကယ်တမ်းပြောရရင် ဘာသာပြန်တဲ့လုပ်ငန်းစဉ်ဟာ ပိုလို့တောင် ရှုပ်ထွေးနက်နဲပြီး ပိုလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီ အကြောင်းအရာတစ်ခုကိုပဲ နောက်ဘာသာစကားနဲ့ တစ်ထပ်တည်း လိုက်မပြောနိုင်တဲ့ အတွက် ဘာသာပြန်ဆိုသူတွေဟာ သူတို့ရဲ့ စိတ်ကူးဉာဏ်ကို ကွန့်မြူးခိုင်းပြီးတော့မှ စာအုပ်တစ်အုပ်ကို ပြန်ရေးရတာဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးနဲ့ မျှော်လင့်ထားကြတဲ့ စာဖတ်ပရိသတ်အတွက် နည်းနာအမျိုးမျိုးကို အသုံးပြုရပါတယ်။ ဘာသာပြန်ခြင်းဟာ ဓာတ်ပုံရိုက်ခြင်းမျိုးထက် ပန်းပုထုလုပ်ရတာနဲ့ ပိုတူပါတယ်။
ဒါကိုသိချင်ရင်လွယ်ပါတယ်။ ဒီဝတ္ထုရဲ့ခေါင်းစဉ်ကို ဘယ်လိုမျိုး အသွင်အမျိုးမျိုးနဲ့ ပြန်ဆိုရေးသားကြသလဲကို ကြည့်လိုက်ရုံပါပါပဲ။ ၁၈၉၆ ခုနှစ်က ဂျပန်ဘာသာနဲ့ထုတ်ဝေတဲ့အခါ ဒီဝတ္ထုရဲ့ခေါင်းစဉ်က Riso Kaijin (အဓိပ္ပာယ်က စံပြအမျိုးသမီးတစ်ဦးတဲ့၊ ဘာသာပြန်သူက ဖူတို မိဇုတာနီ)။ ၁၉၄၁ ခုနှစ် ပေါ်တူဂီဘာသာနဲ့ ပြန်တော့ A Paixão de Jane Eyre (ဂျိန်းအဲရ်၏ ချစ်ဇောဟုန်၊ ဘာသာပြန်သူ “Mécia”)။ ၁၉၅၈ ခုနှစ်မှာ အီတာလျံဘာသာနဲ့ထုတ်ဝေတော့ La porta chiusa (ပိတ်ထားသောတံခါး၊ ဘာသာပြန်သူ မသိရ)။ ၂၀၁၀ မှာ တူရကီလိုထုတ်တော့ ခေါင်းစဉ်က Yıllar Sonra Gelen Mutluluk (နှစ်များစွာကြာပြီးမှာလာသော ပျော်ရွှင်မှု၊ ဘာသာပြန်သူ Ceren Taştan)

ဒီလိုမျိုး အလင်္ကာမြောက်ပြန်ကြတဲ့အထဲ ကျွန်တော်အကြိုက်ဆုံးကတော့ ၁၉၅၄ ခုနှစ်မှ Fang Li ထွင်ခဲ့တဲ့ ခေါင်းစဉ်ပဲ။ နောက်ပိုင်း ပြန်ဆိုကြတဲ့ တရုတ်ဘာသာပြန်ဆရာတွေကလည်း အားလုံးလိုလို အဲဒီ ခေါင်းစဉ်ကိုပဲ ပေးကြတယ်။ တရုတ်လိုပြန်ရာမှာ Jane Eyre ဆိုတဲ့အသံနဲ့ အနီးဆုံးဖြစ်တဲ့ တရုတ်စာလုံးနှစ်လုံးဟာ တရုတ်လိုဆိုရင် “ရိုးရှင်းတဲ့အချစ်” လို့လည်း အဓိပ္ပာယ်ရပါသတဲ့။ ဒါကြောင့် တရုတ်လိုပေးထားတဲ့ စာအုပ်နာမည်ဟာ “ဂျိန်းအဲရ်” လည်း ဖြစ်သလို “ရိုးရှင်းတဲ့အချစ်” လည်း ဖြစ်ပါတယ်။
ဘာသာဗေဒနဲ့ဆိုင်တဲ့ သေးသေးမွှားမွှား ကိစ္စတချို့ဆိုရင် နှစ်သက်တိမ်းမူးစရာ အသွင်ပြောင်းလဲခြင်းတွေကို ဖြတ်သန်းတောင် ဖြတ်သန်းနိုင်ပါတယ်။ ဥပမာ နာမ်စားတွေဆိုပါတော့။ အင်္ဂလိပ်ဘာသာစကားမှာဆိုရင် ဒုတိယနမ်စားဖြစ်တဲ့ ခင်ဗျားကို “you” တစ်လုံးတည်းနဲ့ ပြောစရာရှိပါတယ်။ ဒါပေမဲ့လို့ အင်္ဂလိပ်နဲ့သိပ်နီးစပ် တဲ့ဘာသာစကားတွေ၊ ဥပမာ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ ဆိုပါစို့၊ မှာတော့ ကွဲလွဲချက်တွေရှိပြန်ပါတယ်။ သူတို့မှာဆိုရင် သာမန်သုံးတဲ့ You (ပြင်သစ်မှာဆိုရင် vous) နဲ့ ပိုမိုရင်းနှီးကျွမ်းဝင်သူတွေကြားမှာ သုံးတဲ့ you (tu) ဆိုပြီး ရှိပါတယ်။ ဒါကြောင့် အဲဒီဘာသာစကားတွေအရ အင်္ဂလိပ်လိုမှာ မဖြစ်နိုင်တဲ့ တကယ်ကိုအရေးပါတဲ့ အခိုက်အတန့်တွေဟာ ဝတ္ထုထဲမှာ ဖြစ်ပေါ်နိုင်တဲ့အနေအထားမှာ ရှိပါတယ်။ ဂျိန်းနဲ့ ရိုချက်စတာတို့ဟာ တစ်ဦးနဲ့တစ်ဦး “tu” ဆိုတဲ့ နာမ်စားနဲ့ သုံးများသုံးခဲ့ပါရဲ့လား။
လက်တွေ့လေ့လာကြည့်တော့ ပြင်သစ်ဘာသာပြန်အရ သူတို့ အဲဒီအသုံးနဲ့စကားမပြောကြပါဘူး (သို့မဟုတ် ကျွန်ုပ်တို့လေ့လာခဲ့သမျှ ဘာသာပြန်တွေထဲက ဘယ်ဟာမှာမှ အဲဒီလိုမသုံးဘူးလို့ အောက်ထစ်ဆိုပါမယ်)။ ဒါပေမဲ့ ဂျာမန်ဘာသာပြန်မှာတော့ သုံးပါတယ်။ ကျွန်တော်နဲ့ အတူတူလေ့လာခဲ့တဲ့ မေရီ ဖရန့်ဟာ ၁၈၈၇ ခုနှစ်က မာရီ ဗွန် ဘော့ရဲ့ ဘာသာပြန်မူနဲ့ ၁၉၇၉ ခုနှစ် ဟဲလ်မို့ ကော့ဆိုဒိုရဲ့ ဘာသာပြန်မူတို့ကို တိုက်ဆိုင် ကြည့်ခဲ့ရမှာ ရိုချက်စတာဟာ သူ ဂျိန်းကို စပြီး ချစ်ခွင့်ပန်တဲ့အချိန်မှာသာ ပိုပြီးရင်းနှီးတဲ့နာမ်စားဖြစ်တဲ့ “du” ကို ပြောင်းလဲသုံးစွဲခဲ့တယ်လို့ တွေ့ရပါသတဲ့။ ဒါပေမဲ့ ဂျိန်းက ချစ်တုံ့မပြန်ပါ။ စာအုပ်ရဲ့နောက်ဆုံးအပိုင်း ရောက်ခါနီး အံ့အားသင့်စရာ စိတ်ချင်းဆက်သွယ်မှုဆန်တဲ့ အခန်းမှာ ရိုချက်စတာက သူ့နာမည်ကိုခေါ်တဲ့ အသံကိုကြားရမှာသာ သူက “ခဏစောင့်ဦး” လို့အဓိပ္ပာယ်ရတဲ့ စကားနဲ့ပြန်ပြောရာမှာ သုံးတဲ့ကြိယာဟာ “du” နဲ့လိုက်ဖက်တဲ့ ကြိယာပုံစံကိုသုံးပါတယ်။ ရိုချက်စတာရဲ့ မေတ္တာဟာ နောက်ဆုံးမှာတော့ အသွား အပြန်ရှိခဲ့ပါတယ်။
ဒါဟာ ဘာသာပြန်တွေက သူတို့စိတ်ကူးနဲ့သူတို့ ထပ်ဖြည့်ရေးသားခဲ့တာလို့ ကျွန်တော်တို့စဉ်းစားကြည့်ရမလား။ သို့မဟုတ် အင်္ဂလိပ်မူရင်းမှာလည်း ဒီသဘောဟာ မမြင်နိုင်တဲ့ သိမ်မွေ့တဲ့ သဘောနဲ့ တည်ရှိနေခဲ့တာလား။ ရှားလော့ ဘရွန်တီသာ ဂျာမန်လို၊ သို့မဟုတ် ပြင်သစ်လို (ပြင်သစ်လိုလည်း သူဟာ အက်ဆေးနဲ့ပေးစာတွေရေးခဲ့ဖူး) သုံးပြီးရေးခဲ့တာဆိုရင်ကော သူဘယ်လိုမျိုး သုံးနှုန်းခဲ့မှာလဲ။ ဒီမေးခွန်း တွေကတော့ ဖြေဖို့မဖြစ်နိုင်လောက်တဲ့အရာတွေဖြစ်ပါတယ်။ သာဓကတစ်ခုဆောင်ရရင် ကိုရီးယားဆိုပါတော့။ သူတို့မှာ နာမ်စားတွေက နေရာဌာနကိုလိုက်လို့ အမျိုးမျိုးအပြားပြားရှိနေပါတယ်။ ဒါမျိုးဆိုရင်တော့ ပိုလို့တောင် ဇာတ်ကရှုပ်ထွေးသွားပါတော့တယ်။


မိန်းမတစ်ယောက်ရဲ့ရဲရင့်တည်ကြည်မှု


ဂျိန်းဟာ ပုံစံအမျိုးမျိုးနဲ့ ရဲရင့်တည်ကြည်သူဖြစ်ပါတယ်။ ငယ်ဘဝတုန်းကဆို သူ့ဝမ်းကွဲတွေက သူ့ကို ဗိုလ်ကျတာကို ငြိမ်မခံခဲ့သလို ကျောင်းမှာလည်း သူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ ကြီးလာလို့ ရိုချက်စတာနဲ့တွေ့တော့လည်း စူးစူးနစ်နစ်ချစ်တဲ့အချစ်ကို ခံစားရပြန်ပါတယ်။ ဒီ ဝတ္ထုမှာတော့ “passion” ဆိုတာဟာ ဒေါသ၊ ခေါင်းမာခြင်း၊ ဒုက္ခ၊ ရက်ရောခြင်း၊ ဆန္ဒတောင့်တခြင်း၊ အချစ် စတာတွေကို ကိုယ်စားပြုပါတယ်။
စာရေးသူဟာ “passion” ဆိုတဲ့စကားလုံးကို အဲဒီအဓိပ္ပာယ်တွေအမျိုးမျိုးကိုဆောင်ဖို့ရာ ပရိယာယ်အမျိုးမျိုးနဲ့ ရေးသားခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ရှားလော့ ဘရွန်တီဟာ အမျိုးသမီးတစ်ဦးအနေနဲ့ သူ့အခန်းကဏ္ဍ သူ့အမြင်တွေကို ဖော်ထုတ်နေခဲ့တာပါ။ ဗစ်တိုးရီးယားခေတ်အစောပိုင်းကာလ အမျိုးသမီးတစ်ဦးအနေနဲ့ ကြည့်ရင် မိန်းမတစ်ယောက်ရဲ့ အချစ်ဆိုတာဟာ တမြတ်တနိုးစောင့်ရှောက်ရမယ့်အရာ၊ တစ်နည်း အချစ်ကို သိမ်းထုပ်လို့ ချစ်သူကိုမျှော်နေရမယ့်အရာမဟုတ်ဘူးလို့ ဖော်ထုတ်နေခဲ့တာဖြစ်ပါတယ်။ ဘရွန်တီဟာ ဒီနေရာမှာ ဒီစကားလုံးကို အမျက်ဒေါသ၊ တရားမျှတမှုတို့နဲ့ ချိတ်ဆက်ရေးသားခဲ့တာပါ။ ကိုယ့်ရင်ထဲရှိတာကို ပြတ်ပြတ်သားသား ထုတ်ပြတဲ့နည်းလမ်းတစ်ခုလည်း ဖြစ်နိုင်ပါရဲ့။
ဒီလိုမျိုး ဝတ္ထုထဲမှာ အမျိုးသမီးတို့ကို အပြုခံအဖြစ်ကနေ ပြုသူအဖြစ် ပြောင်းလဲတင်ပြဖို့ကြိုးစားခြင်းကိုက ဒီ ဝတ္ထုကမ္ဘာကျော်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ၁၉ ရာစုအလယ်ကနေ ကုန်ခါနီးအထိ ကာလတစ်လျှောက် ဥရောပရော၊ ၂၀ ရာစု အလယ်ကနေ ကုန်ခါနီးအထိကာလ အရှေ့အာရှမှာရော ဘာသာပြန်သူတွေ၊ စာဖတ်သူတွေဟာ ကြက်သီးမွေးညင်းတွေ ထခဲ့ကြတယ်။ တချို့ဆို ပါးစပ်အဟောင်းသားဖြစ်ခဲ့ကြတယ်။ ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေမတူညီကြတာနဲ့အမျှ ဒီဝတ္ထုရဲ့ စွမ်းအင်တွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ ကူးပြောင်းပေးပို့ရမှာပါ။
ဘာသာစကားအများစုဟာ ဘရွန်တီ ဆိုလိုချင်တဲ့ “passion” ဆိုတဲ့အဓိပ္ပာယ်ကို တစ်လုံးတည်းနဲ့ ငုံမိစေအောင် ဘာသာမပြန်နိုင်ကြတဲ့အတွက် ဒီစကားလုံးကိုပဲ အဓိပ္ပာယ်အမျိုးမျိုးအတွက် ခွဲခြားသုံးစွဲထားကြ ရပါတယ်။ စိတ်ဝင်စားစရာကတော့ အဲဒီဘာသာပြန်တွေကိုကြည့်ရင် စိတ်ထန်တဲ့ (passionate ဖြစ်တဲ့) လူငယ်ဘဝ ဂျိန်းနဲ့ နောင်တစ်ချိန် ရင့်ကျက်ပြောင်းလဲလာတဲ့ ဂျိန်းနဲ့ကို ခွဲခြားသုံးစွဲတာမျိုး လုပ်ကြပြီး ရိုချက်စတာရဲ့ နှိပ်စက်ခံပထမဇနီး ဘာသာ မေဆင်နဲ့ ချိတ်ဆက်ပြကြပါတယ်။
ပါရှန်းဘာသာပြန်မှာဆိုရင် ကျွန်တော်တို့ရဲ့ လေ့လာသူ Kayvan Tahmasebian တွေ့ရှိချက်အရ “passion” ကို အချစ်၊ ကာမစ္ဆန္ဒ၊ အမျက်နဲ့ စိတ်လှုပ်ရှားမှုစတဲ့ စေတသိက်တွေကို စကားလုံးအမျိုးမျိုးသုံးပြီး ခွဲပြန်သွားပါတယ်။ ဒီလိုမျိုး ဝေါဟာရတွေခွဲပြန်လိုက်ရတာဟာ ဆုံးရှုံးမှု (မူရင်း “passion” တစ်လုံးတည်းရဲ့ အဓိပ္ပာယ်အမျိုးမျိုးဖော်ပြနိုင်စွမ်းပျောက်ဆုံးသွား) လို့ မြင်ကောင်းမြင်နိုင်ပေမယ့် ဒါကို အမြတ် လို့လည်း (မသိမသာပြောင်းလဲသွားတဲ့ အဓိပ္ပာယ်လေးတွေကိုရှုပါ) မြင်နိုင်ပါတယ်။
ဒီဝတ္ထုထဲက နာမည်အကျော်ဆုံးစာကြောင်းဖြစ်တဲ့ “စာရှုသူ၊ ကျွန်မကတော့ သူ့ကိုလက်ထပ်ခဲ့ပြီ” ဟာလည်း ခံစားမှုအမျိုးမျိုးကိုဆွပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဘာသာပြန်တွေကိုလေ့လာကြည့်ရင် ဒါကို မြင်နိုင်မှာပါ။ ဆလိုဗေးနီးယန်းဘာသာပြန်မှာတော့ “စာရှုသူ၊ ကျွန်မတို့လက်ထပ်ခဲ့ပြီ” ဆိုတဲ့ သဘောမျိုး ဖြစ်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ခုထိ လေ့လာပြီးသမျှ ပါးရှန်းဘာသာပြန်တွေအားလုံး ကတော့ ဂျိန်းရဲ့ မိန်းမတစ်ယောက်အဖြစ် အမြင်ကိုဖော်ထုတ်မှုကို လုံးဝမြေလှန်ပစ်လိုက်ပါတယ်။ သူတို့ ဘာသာပြန်ရာမှာတော့ “စာရှုသူ သူ ကျွန်မကို လက်ထပ်ခဲ့ပြီ” နဲ့ ညီတဲ့စကားမျိုးဖြစ်သွားပါတယ်။
ဒီကနေ့ခေတ်မှာတောင် လုံးဝပြောင်းနိုင်တဲ့အစွမ်းမျိုး Jane Eyre မှာ ရှိနေပါတယ်။ နောက်ထပ်လည်း ဘာသာပြန်မူအသစ်တွေ ထွက်လာအောင် သူက လှုံ့ဆော်ပေးနေဦးမှာပါ။

The Conversation ဝက်ဘ်ဆိုက်တွင် Matthew Reynolds ရေးသားသည့် Jane Eyre translated: 57 languages show how different cultures interpret Charlotte Brontë’s classic novel ကို ပြန်ဆိုပါသည်။



'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 


Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...