အချိန်က ဈေးပေါင်ကျိုး။ ကလေးတွေလည်း ကျောင်းတက်၊ အလုပ်သမားတွေလည်း ရုံးတက်ကုန်ကြပြီ။ လူကျခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးတောင် ပြန်လည်ငိုက်မျဉ်းလို့။ ခုနက ယာဉ်သွားယာဉ်လာတွေ၊ ခြေကျင်သွားသူတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ လမ်းမတော်ရဲ့အထက်က ဖုန်မှုန့်တွေဟာ လေနှင်ရာ လွင့်ပါသွားပြီးကြလို့ လေထုဟာ ပြန်လည် သန့်စင်သွားတယ်။ ခရီးနှစ်ကြောင်းစီလောက် လိုက်ပြီး ပြန်လာနားနေကြတဲ့ ဆိုက်ကားဆရာတွေဟာ ကျားထိုးတဲ့အဖွဲ့နဲ့ ဇယ်တောက်တဲ့အဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲသွားကြတယ်။ ဘယ်အဖွဲ့မှာမှ မပါတဲ့ ဆိုက်ကားဆရာတစ်ယောက် ကတော့ ဆိုက်ကားပေါ်မှာပဲ သက်သောင့်သက်သာထိုင်ရင်း ဖုန်းထဲက တွံတေးသိန်းတန် သီချင်းတစ်ပုဒ်ကို ဖွင့်၊ နှုတ်က လိုက်ညည်းလို့။ ဆိုက်ကားဂိတ်နဲ့ မျက်စောင်းထိုး ပျံကျဈေးလေးထဲက ကုန်စုံဆိုင်လေးမှာ ဈေးဝယ်သူရောက်လာလို့ ဆိုင်ရှင်မိန်းမဟာ ကလေး ခါးထစ်ခွင်ချီလျက်သားနဲ့မှ အပြင်ထွက်လာတယ်။ ခုချိန်မှ ဈေးဝယ်လာဟန်တူတဲ့ ဈေးဝယ်သူမိန်းမက သူ့ဆိုင်မှာတင်ထားတဲ့ ပစ္စည်းအတိုအထွာလေးတွေကို ဟိုရွေးသည်ရွေးလုပ်နေတာ တော်တော်နဲ့ မပြီးဘူး။ ဆိုင်ရှင်မိန်းမဟာ ဝယ်သူကိုစိတ်မရှည်ဟန်နဲ့ သူ့ခါးပေါ်က ဂျီတိုက်နေတဲ့ ကလေးကို ဆူနေတယ်။ “ဒီကလေးဟာလေ ငိုရတဲ့ကလေး မုန့်စားရတယ် ဆိုတ...