Skip to main content

ရထားကောင်

ဆိုင်ထဲဝင်ပြီးတဲ့နောက် အပြင်ကိုလည်း ကောင်းကောင်း မြင်ရမယ့်၊ အပြင်ကဝင်လာရင်လည်း ကိုယ့်ကို သိပ်မရှာရမယ့် စားပွဲတစ်လုံးကို ရွေးပြီးထိုင်လိုက်တယ်။ စားပွဲထိုးကို မှာစရာရှိတာ မှာပြီးတာနဲ့ ဖုန်းဆက်မယ်လုပ်တုန်း ကျနော်ဆက်မယ့်သူဆီက ဖုန်းအရင် ဝင်လာတာနဲ့ ကောက်ကိုင်လိုက်တယ်။ 



“ရောက်နေပြီ ကိုစည်သူ၊ ဆိုင်ထဲဝင်ဝင်ချင်း ဘယ်ဘက်ခြမ်း ဒုတိယမြောက်စားပွဲမှာ”

မကြာပါဘူး၊ ကျနော့်အသိ ကိုစည်သူတို့စုံတွဲ ဆိုင်ထဲကို ဝင်လာပါတယ်။ ကျနော့်စားပွဲမှာ ဝင်ထိုင်ကြတယ်။ 

“ရောက်တာကြာပြီလား ကိုမြင့်ကို” ဆိုတဲ့ ကိုစည်သူ့မေးခွန်းအဆုံးမှာ မကြာသေးကြောင်း ဖြေလိုက်ရင်း တခြား ပဋိသန္ဓာရစကားတွေ ပြောကြပါတယ်။ ခဏနေတော့ သူတို့ဖို့ယူလာတဲ့ ဖိတ်စာကို ကျနော် ကမ်းပေးလိုက်ပါတယ်။ 

“ဒါ လာမယ့်အပတ်ထဲ လောကနတ်မှာလုပ်မယ့် ကျနော့်ပြပွဲဖိတ်စာ။ ကိုစည်သူရော မကြော့ရော အချိန်ရရင် ကြွခဲ့ပါဦး”

“ဟာ မိုက်တာပေါ့၊ တစ်ကိုယ်တော်ပွဲလား” လို့ မကြော့က မေးတော့ “ဟုတ်တယ်၊ မကြော့ရေ။ ကျနော့်ရဲ့ ပထမဆုံး တစ်ကိုယ်တော်ပြပွဲပါဗျ” လို့ ကျနော်က ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောလိုက်တယ်။ 

မကြော့ဟာ အဝါရောင်စာအိတ်လေးပေါ်က သူတို့စုံတွဲနာမည်ရေးထားတာကို တစ်ချက်ကြည့်တယ်။ ပြီးတော့ အထဲက ဖိတ်စာကိုအပြင်ထုတ်ပြီး နှစ်ယောက်အတူတူ ခေါင်းချင်းဆိုင်ဖတ်ကြတယ်။ 

“ဖိတ်စာ ဒီဇိုင်းလေးက မိုက်တယ်ဗျ။ စိတ်ကူးဆန်းသား။ ကွန်ဂရက်ကျူလေးရှင်းဗျာ ... ဝမ်းသာတယ်။ ပန်းချီဆရာတစ်ဦးရဲ့ ပထမဆုံး ပန်းချီ ဆိုလိုရှိုးအတွက် အထိမ်းအမှတ် ... ကိုင်း ချီးယား...”

ကိုစည်သူက ခုပဲ လာချတဲ့သူ့ဘီယာခွက်ကို ကိုင်မြှောက်လိုက်တယ်။ ကျနော်နဲ့ မကြော့တို့လည်း ကိုယ့်ခွက်ကိုယ် အသီးသီးမြှောက်ပြီး ခွက်ချင်းတိုက်လိုက်ကြပါတယ်။ ကိုစည်သူက ခွက်ကို တစ်ဝက်လောက်ပဲ ကျန်တဲ့အထိ တစ်ကျိုက်တည်း မော့ချလိုက်ပြီး ရေငတ်နေသူတစ်ယောက် ရေတွင်းထဲ ကျသွားသလို ကျေနပ်ဟန်နဲ့ ‘အား ...’ လို့ အာမေဍိတ်ပြုလိုက်ပါတယ်။ 

ဆွဲပြီးသားပန်းချီကားပေါင်း ဘယ်လောက်ရှိပြီလဲ၊ သူများတွေနဲ့ပေါင်းပြီး ဘယ်နှပွဲလုပ်ပြီးပြီလဲ စသည်ဖြင့် ကိုစည်သူက မေးခွန်းတွေမေးလိုက်၊ အမြည်းတွေ နှိုက်လိုက်၊ ကျနော် ဖြေတာကို ခေါင်းတညိတ်ညိတ် လုပ်လိုက်နဲ့ပါ။ မကြော့ကတော့ ကျနော်ပြောတာလည်း နားထောင်လိုက်၊ တစ်ချက်တစ်ချက် ဖိတ်စာထည့်တဲ့ အဝါရောင်စာအိတ်လေးကို ကြည့်လိုက်လုပ်နေပါတယ်။ ကိုစည်သူနဲ့ မကြော့နဲ့က ပန်းချီလောကက မဟုတ်သလို ပန်းချီတို့၊ အနုပညာတို့ကို သိပ်ကြီး စိတ်ဝင်စားသူတွေတော့ မဟုတ်ကြဘူး။ ဒါပေမဲ့လည်း ကိုယ်နဲ့က ခင်နေ၊ မတွေ့တာလည်းကြာတော့ကာ ဆိုင်မှာချိန်းရင်းနဲ့ ခရီးသွားဟန်လွဲ ကျနော့်ပြပွဲ ဖိတ်စာလေး ပေးလိုက်မိတာပဲ။ 

ပန်းချီအကြောင်း အာပေါင်အာရင်းတွေ သန်နေတဲ့ကျနော့် စကားအပြတ်မှာ မကြော့က ရုတ်တရက် ထမေးပါတယ်။ 

“ဟိုဟာလေ ကိုမြင့်ကိုကို တစ်ခုလောက် မေးလို့ရမလား ... စိတ်တော့မရှိနဲ့နော်...” 

မကြော့ပုံစံက မေးရမှာ တအားကြီး အားတုံ့အားနာပုံလည်း မဟုတ်သလို၊ အတားအဆီးမရှိ ဗွင်းဗွင်းရှင်းရှင်း မေးချတော့မယ့် သူတစ်ယောက်ရဲ့ ပုံစံမျိုးလည်း မဟုတ်ပါဘူး။ သူ့ခေါင်းထဲမှာ မေးခွန်းကို ဘယ်လိုစာစီရမလဲ စဉ်းစားနေတဲ့ ပုံစံမျိုးပါ။ မျက်မှောင်ကြုတ်သလို၊ နှုတ်ခမ်းကိုလည်း ကိုက်ထားသေးတယ်။ 

“ရပါတယ် မကြော့ရဲ့ ... အောင်မလေး စကားပလ္လင်ခံနေရသေးတယ်။ ဒီလူနဲ့ ဒီလူကို ... စိတ်မရှိပါဘူး မေးမှာသာမေး ... ”

မကြော့က ကျနော့်ကို ပြုံးပြတယ်။ ကိုစည်သူက မကြော့ကို လှမ်းကြည့်တယ်။ 

“ဘာဖြစ်လို့ ... ဖိတ်စာ စာအိတ်ပေါ်မှာ ‘ကိုစည်သူအောင် + မကြော့ကေသွယ်’ လို့ နာမည်ထိုးရတာလဲ။ ဘာဖြစ်လို့ ‘မကြော့ကေသွယ် + ကိုစည်သူအောင်’ လို့ မရေးတာလဲ”

တစ်ခါမှအမေးမခံရဖူးတဲ့ မေးခွန်းကြောင့် ကျနော် ရုတ်တရက်ကြောင်သွားပါတယ်။ အဲသည်အချိန် ကိုစည်သူက ခွက်ထဲက လက်ကျန် ဘီယာကို အပြတ်ဖြတ်ရင်းမတ်တတ် ‘အွတ်’ ဆိုပြီး သီးမလို ဖြစ်သွား တယ်။ လက်ကျန် ဘီယာကို အပြောင်ရှင်းပြီးနောက် ခွက်ကိုပြန်ချတယ်။ ပြီးတော့ မကြော့မျက်နှာကို ပြူးကြည့်တယ်။ 

“ဘာဖြစ်လို့လဲ မကြော့ ... ဒီလိုပဲ ရေးကြတာပဲလေ” လို့ ကျနော်က ခေါင်းကိုဖြည်းဖြည်းပွတ်ရင်း ဖြေလိုက်တယ်။

“အေးလေ ကြော့ကလည်း ... ယောက်ျားလေးနာမည်ကို ဒီလိုပဲ ရှေ့ကထားရေးတာ ထုံးစံပဲဟာကို” ဆိုပြီး ကိုစည်သူက ဝင်ပြောပါတယ်။ မကြော့ပုံစံက ကိုစည်သူဖြေပုံကို မကျေနပ်ပါဘူး။ ဒါပေမဲ့ ကျနော့်နဲ့ မပြောရဘဲ ကိုစည်သူဘက် စကားက လှည့်သွားမှာစိုးလို့လားမသိ၊ ဘာမှဆက်မပြောတော့ဘဲ မျက်စောင်းပဲ တစ်ချက်ထိုးလိုက်ပါတယ်။ ပြီးတော့ ကျနော့်ဘက် မျက်နှာလှည့်တယ်။ ချောင်းတစ်ချက်ဟန့်ပါတယ်။ 

“ဒီလိုပါ ကိုမြင့်ကိုရယ် ...” လို့ အစချီပြီးနောက် မကြော့ဟာ မိန်းမတွေရဲ့ ဒုတိယတန်းစားလိင်ဖြစ်မှု အကြောင်းကို သမိုင်းကြောင်းနဲ့ချီပြီး ရှည်ရှည်လျားလျား ရှင်းပြပါတယ်။ ကျားမတန်းတူညီမျှမှုအရေး၊ မဟာဖိုဝါဒအကြောင်း၊ ကျားမအခန်းကဏ္ဍပုံသေသတ်မှတ်မှုအကြောင်း၊ အမျိုးသမီးကို အမျိုးသားတွေက ပိုင်ဆိုင်မှုအဖြစ် မှတ်ယူကြကြောင်း စသည် အများအပြားပါပဲ။ ကျနော်ကတော့ စိတ်ဝင်တစားနဲ့ မကြော့ ပြောတာတွေကိုပဲ ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ပါတယ်။ ကိုစည်သူကတော့ ခေါင်းကုတ်လိုက်၊ မျက်မှောင်ကြုတ်လိုက်၊ ဘီယာ မော့လိုက်ပါပဲ။ 

“အဲဒီတော့ ... ဆိုလိုချင်တာက ကျမတို့အမျိုးသမီးတွေဟာ အမြဲတမ်း နောက်မှာပဲ။ နာမည်ထိုးတာကအစ ယောက်ျား နာမည်ကိုပဲ ရှေ့မှာထိုးတာ အစဉ်အလာလိုဖြစ်နေပြီ။ ကလေးကျောင်းအပ်ရင်တောင် အဖေနာမည်ပဲ တောင်းတာ။ မှတ်ပုံတင်မှာလည်း အဖေနာမည်ပဲ။ အမေရဲ့အခန်းကဏ္ဍက ကြီးသလောက် အသိအမှတ်ပြုခံရတာမရှိဘူး။ အဲ ... ကွယ်ဖျောက် ခံထားရတယ်။ အခုဆို အမျိုးသမီးအခွင့်အရေး ... ... ...”

မကြော့ကတော့ ကျနော် နားမလည်မှာစိုးလို့လား၊ အာတွေ့သွားလို့ပဲလား မသိ၊ ကရားရေလွှတ် ဆက်ပြောနေ သေးပေမဲ့ ဆိုလိုရင်းကို ကျနော် သဘောပေါက်ပါတယ်။ ပန်းချီဆရာဆိုပေသည့် ကိုယ်လည်း ဟိုပွဲ သည်ပွဲ ဆွေးနွေးပွဲလေးတွေ မတော်တဆရောက်ရင်းကဖြစ်ဖြစ်၊ တီဗီတို့၊ ဖေ့ဘုတ်တို့မှာ လူတွေ ဟောပြော ရေးသားနေကြတာကနေဖြစ်ဖြစ်၊ အခု မကြော့ပြောတဲ့ခေါင်းစဉ်တွေကို ကြားဖူးနားဝရှိဖူးပြီးသားပါပဲ။ 

အနှစ်ချုပ်လိုက်ရင်တော့ နာမည်ထိုးရင် အမျိုးသားနာမည်ကိုပဲ ရှေ့မှာထားတဲ့ အစဉ်အလာကို မကြော့က သဘောမကျနိုင်ဘူး။ ဥပမာပြောရရင် အနောက်တိုင်းမှာဆို မင်္ဂလာဆောင်ဖိတ်စာမှာ အမျိုးသမီးနာမည်ကိုရှေ့က ထားတာမျိုးကို သူ သဘောကျတယ်။ အနောက်တိုင်းသားတွေရဲ့ လေဒီဖတ်(စ်) ဟာ ယဉ်ကျေးမှုမြင့်မားခြင်းရဲ့ ပြယုဂ်ပဲ ဖြစ်တယ်။ အမျိုးသမီး နာမည်ကို နောက်မှာထားတာဟာ မိန်းမကို ယောက်ျားရဲ့ပိုင်ဆိုင်မှုပစ္စည်းလို့ မြင်ခြင်းရဲ့ဥပမာပဲ။ 

“ကျနော် သဘောပေါက်ပါတယ် မကြော့ ...”

ကျနော်က သဘောပေါက်တယ်ဆိုပေမဲ့ ကိုစည်သူကတော့ မကျေနပ်သေးဘူးနဲ့ တူတယ်။ မကြော့နဲ့ ဆက်ငြင်းနေကြတယ်။ သည်ခေါင်းစဉ်ကို သူတို့ အရင်လည်း ငြင်းဖူးကြပုံရပါရဲ့။ သူတို့စကားတွေထဲ “ဟိုတစ်ခါ ကြော့ပြောတုန်းက ...” တို့၊ “ဟိုတစ်ခါ ကိုပြောဖူးပါတယ်” တို့တွေ ထွက်ထွက်လာတဲ့အတွက် ဒါလည်း ဘောလီးဝု(ဒ)စီးရီးကြီးတစ်ခုရဲ့ နောက်ထပ် အပိုင်းတစ်ပိုင်းပဲ ဖြစ်မှာပါပဲ။ 

“ဒီလိုလေကွာ ကြော့ရာ ... အနောက်တိုင်းက မင်္ဂလာဆောင်ဖိတ်စာတွေမှာ သတို့သမီးနာမည်ကို ရှေ့က ထားတယ်ဆိုတာက တစ်ချိန်တုန်းက သူတို့ဆီမှာ မင်္ဂလာပွဲကို မိန်းကလေးရှင်ဘက်က အကုန်အကျခံပြီး ကျင်းပရတဲ့ဓလေ့ရှိတယ်။ နောက်ပြီး ဖိတ်စာဝေတာကအစ သတို့သမီးမိဘတွေက စီစဉ်တာဆိုတော့ သူတို့ သမီးနာမည်ကို ရှေ့ကထားပြီး ‘မစ္စတာ နဲ့ မစ္စစ် ဘယ်သူတို့ရဲ့ သမီး ဘယ်သူ့ကိုဖြင့် မစ္စတာဘယ်သူနဲ့ လက်ထပ်ပေးမှာ ဖြစ်တဲ့အတွက် ...’ ဆိုပြီး ရေးတဲ့ အစဉ်အလာ ဖြစ်လာတာတဲ့။ ခုခေတ်တော့ဖြင့် မင်္ဂလာပွဲကို မိဘက အကုန်အကျခံပေးတာမျိုး သူတို့ဆီမယ် မရှိတော့ဘူး။ ခုခေတ်က သတို့သား၊ သတို့သမီးကိုယ်တိုင်ကပဲ အကုန်အကျ ခံကြတာ။ ခုခေတ်တော့ ဘယ်သူ့နာမည် ရှေ့ထားမယ်ဆိုတာ နှစ်ဦးသဘောတူ ဆုံးဖြတ်ကြသတဲ့။ တချို့လည်း အင်္ဂလိပ်အက္ခရာစဉ်အတိုင်း စီတယ်။ ရှေ့ကျတဲ့ အက္ခရာနာမည်ပိုင်ရှင်က ရှေ့မှာ လာထားပဲ။ ဒါမှမဟုတ်လည်း ဘယ်နာမည်ကို ရှေ့ထားစီရင် ပိုပြီးဖတ်လို့ကောင်းလဲ ဆိုတာ ကြည့်ကြတယ်”

“ယူပြောတာ ကြော့ မကြားဖူးပါဘူး၊ ကြော့တို့ရုံးက အန်သော်နီ မင်္ဂလာဆောင်တုန်းကလည်း သူ့မိန်းမနာမည်ပဲ ရှေ့ကထားရေးတာပဲကို။”

“မကြားဖူးလည်း ခုကြားဖူးတယ်မှတ် ကြော့ရဲ့ ... ကို့ရုံးက ဟိုပြင်သစ်ကောင် ဂီယွမ်း ကို့ကိုပြောပြဖူးတာ။ အခုသူတို့ဆီ အဲဒါ သိပ်အရေး မကြီးတော့ဘူး။”

ကျနော့်ခေါင်းထဲ သည် စုံတွဲ မင်္ဂလာဆောင်တဲ့အခါ ဘယ်လိုလုပ်ကြမှာပါလိမ့်လို့ တွေးနေမိတာပဲ။ ဒီပုံအတိုင်းဆို နှစ်ယောက်စလုံးကလည်း လျှော့ကြမှာမဟုတ်ဘူး။ ရန်တွေဖြစ်နေကြမလားပဲ။ မယူဘဲ ဒီအတိုင်းပဲ နေလိုက်ကြတာ အေးမလား မသိဘူး။ 

ထုံးစံအတိုင်း နောက်တော့လည်း စကားလမ်းကြောင်း ပြောင်းလိုက်ကြပြီး တခြားအကြောင်းတွေပဲ ပြောကြ ပါတယ်။ မဟုတ်ရင် ကျနော်တို့သုံးယောက်ကို အကြောင်းပြုပြီး ဘီယာဆိုင်လည်း ‘လေထန်ကုန်း’ အမည် တွင်မှာ စိုးရပါတယ်။ ဘီယာလည်း နည်းနည်းမူး၊ အမြည်းတွေလည်း ကုန်၊ လေပန်းစရာလည်းကုန်တော့ ပိုက်ဆံရှင်းပြီး ထကြတယ်။ 

“ဟိုလေ ... ကျနော် စာအိတ်ပေါ်မှာ နာမည်ကို ပြန်ထိုးပေးရမလား မကြော့...” 

“အာ ... နိုး နိုး နိုး ... မလိုပါဘူး။ ဟား ဟား ကျမက ဒီလိုပဲ လေကန်ရတာ အကျင့်ပါနေလို့ အာရိုက်ကြည့်တာပါ ပန်းချီဆရာရယ် ... ရေးပြီးသားတော့ ထားလိုက်ပါတော့။ နောင်ကျရင်သာ နာမည်မရေးခင် စဉ်းစားပေါ့ ဟုတ်လား ဟဲ ဟဲ ... သွားပြီ ... ပန်းချီပွဲ ဆက်ဆက်လာခဲ့မယ်နော် ဘိုင်ရီ” 

(၂)

ကျနော်တို့ လင်မယား ပိုက်ဆံစု၊ တိုက်ခန်းတစ်ခန်းကို ခြစ်ခြုတ်ဝယ်ပြီးတဲ့နောက် အိမ်သစ် တက်ပွဲလေး လုပ်ရကောင်းမလားလို့ မိန်းမက စကားစပါတယ်။ လက်ထဲကျန်တဲ့ ပိုက်ဆံကို တွက်ချက်ပြီးတဲ့နောက် လုပ်တာပေါ့လို့ ကျနော်လည်း သဘောတူလိုက်ပါတယ်။ မနက်ပိုင်း ဘုန်းကြီးသုံးပါးလောက် ဆွမ်းကပ်မယ်၊ ပြီးရင် အမျိုးအဆွေတွေ၊ မိတ်သင်္ဂဟတွေ နည်းနည်းပါးပါး ဖိတ်ဖို့ စဉ်းစားကြတယ်။ 

ကြီးကြီးကျယ်ကျယ် မဟုတ်တာကြောင့် ဖိတ်စာတွေဘာတွေ လုပ်မနေတော့ပါဘူးလို့ ကျနော်က ပြောတယ်။ ဒါပေမဲ့ မိန်းမကတော့ အမျိုးတွေနဲ့ ရင်းနှီးရသူတချို့ကိုတော့ ဖိတ်စာကမ်းချင်တယ်တဲ့။ အများကြီး မဟုတ်ပါဘူး၊ သူ့ဘက်ကိုယ့်ဘက်ပေါင်းမှ ဖိတ်စာအစောင်နှစ်ဆယ်ပေါ့တဲ့။ ကျနော်လည်း အေးလေ မင်းသဘောပေါ့။ မိန်းမက ကျနော်လုပ်ပေးတဲ့ ဖိတ်စာဒီဇိုင်းကို ကွန်ပျူတာဆိုင်မှာသွားပြီး ပရင့်ထုတ် လာတယ်။ ထည့်ဖို့စာအိတ်တွေလည်း ဝယ်လာတယ်။ ကျနော့်အတွက် ဝေစု ဆယ်စောင်ပေးတယ်။ ရှင်ဖိတ်ချင်တဲ့သူဖိတ်တဲ့။ 

ကျနော့်ရဲ့ပန်းချီလောကသားတွေကတော့ ဖိတ်စာမပေးလည်း ရပါတယ်။ ဒီအတိုင်း ဖုန်းဆက်ပြီးဖြစ်ဖြစ်၊ ဖိတ်စာကို ဓာတ်ပုံရိုက်ပြီး မက်ဆင်ဂျာက ပို့တာပဲဖြစ်ဖြစ် ရပါတယ်။ ကျနော့်အမျိုးထဲက အွန်လိုင်းတွေ ဘာတွေ သိပ်မသုံးတဲ့ လူကြီးတချို့ကိုတော့ ဖိတ်စာ ပို့လိုက်တယ်။ ကိုးစောင်ကုန်သွားပြီ။ တစ်စောင် ကျန်တယ်။ ဘယ်သူ့ကိုဖိတ်ရမလဲစဉ်းစားတော့ ကိုအောင်ဘုနဲ့ မလုံးချေ လင်မယားရှိတာပဲလို့ သတိရသွားတယ်။ ကျနော်တို့ လင်မယား အဆင်မပြေတုန်းက သူတို့က အမြဲကူညီခဲ့ဖူးသူတွေမို့ သူတို့ကျေးဇူးရှိပါတယ်။ 

သူတို့နဲ့က ဟိုဘက်ရပ်ကွက် သည်ဘက်ရပ်ကွက်တင်ပါ။ ကျနော်လည်း ညနေဘက် အညောင်းပြေ လမ်းလျှောက်ရင်း ဖိတ်စာလေးကိုင်ပြီး သူတို့အိမ်ဝင်သွားပါတယ်။ လင်မယားနှစ်ယောက်လုံး အိမ်မှာ အဆင်သင့်ပါပဲ။ 

ပဋိသန္ဓာရစကားတွေ ပြောပြုပြီး ကျနော်လည်း အိမ်သစ်တက်ဖိတ်စာကို ပေးလိုက်ပါတယ်။ ဖိတ်စာ စာအိတ်ပေါ်မှာတော့ သူတို့လင်မယားနာမည်ပေါ့။ ဟိုတစ်ခါ ကိုစည်သူတို့ မကြော့နဲ့တုန်းကဟာကို သတိရပြီး ကျနော်လည်း ဖိတ်စာပေါ် မိန်းမနာမည်ရှေ့ထားပြီး ရေးသွားလိုက်ပါတယ်။ 

“ဟင် ဘယ့်နှယ် ... ‘မလုံးချေ + ကိုအောင်ဘု’ တုံး မြင့်ကိုရဲ့။ နင့်ဟာကြီးကလည်း...” 

မလုံးချေက မျက်မှောင်ကြီးကြုတ်ပြီး ပြောရင်းကနေ “ကြည့်ပါဦး ကိုအောင်ဘုရယ်၊ မြင့်ကိုတို့ လုပ်လိုက်ပုံက။ ကျုပ်တော့ ငရဲကြီးတော့မှာ” လို့ဆိုရင်း ဖိတ်စာကို သူ့ယောက်ျားလက်ထဲ ထည့်ပေးလိုက်တယ်။ ကိုအောင်ဘုက ချက်ချင်းမကြည့်နိုင်သေးဘူး။ သူ့မျက်မှန် အထားမှားပြီး မတွေ့လို့ ဆပ်ပြာသည် လင်ပျောက် ဖြစ်နေသေးတယ်။ 

“ဪ ဒါကတော့ မလုံးချေရယ် ... အခု ကမ္ဘာမှာက ကျားမအမြင်တွေက ပြောင်းလဲနေပြီဗျ။ ဒီလို ဒီလို...” 

ကျနော်လည်း မကြော့ ဟောခဲ့တဲ့ တရားတွေကို မလုံးချေနားပေါက်အောင် စိတ်ရှည်ရှည်နဲ့ တစ်ဆင့် ဖောက်သည်ချ ရှင်းပြပါတယ်။ ကိုအောင်ဘုက ခေါင်းတညိတ်ညိတ်နဲ့ ဘေးကနေ နားထောင်နေပေမဲ့ မလုံးချေ ကြည့်ရတာတော့ အစာကြေပုံမပေါ်ပါဘူး။ သူ့မျက်နှာက ရေညှစ်ထားပြီးခါစ အဝတ်လိုပါပဲ။ 

“အို အေ နင်တို့ဟာတွေက ဘာတွေမှန်းလည်း မသိပါဘူး။ ငါကတော့ ငါ့ယောက်ျားဆိုတာ ငါ့အိမ်ဦးနတ်ပဲ။ တစ်သက်လုံး သူပဲ ငါတို့ကိုရှာဖွေကျွေးလာတာ။ မသောက်မစား မရှုပ်မပွေနဲ့ သူတော်ကောင်းကြီး။ ဒါကြောင့် ဘာမဆို ငါကတော့ ငါ့ယောက်ျား ဦးစားပေးတယ်။ ဟင်းဆိုလည်း ဦးဦးဖျားဖျား။ အဝတ်ဆိုလည်း ကော့ကျော့နေအောင် သေချာမီးပူတိုက်ပေးပြီးမှ ဝတ်ခိုင်းတာ။”

ကိုအောင်ဘုက သူ့စာကြည့်မျက်မှန်လေးကို နှာခေါင်းထိပ်နားလေး လျှောချရင်း ဝင်ပြောတယ်။ 

“နောက်ပြီး မင်းငါ့ကို ဘယ်တော့မှလည်း အထက်စီးက မဆက်ဆံဘူးလေ။ ဟုတ်တယ် မဟုတ်လား”

“အေးပေါ့ အထက်စီးကဆက်ဆံရင် ကျုပ်ငရဲကြီးမှာပေါ့ ယောက်ျားကလည်း ...”

မလုံးချေက သူ့ဟာသူ အကောင်းပြောနေပေမဲ့ ကိုအောင်ဘုနဲ့ ကျနော်နဲ့ကတော့ ကိုယ့်ဟာနဲ့ကိုယ် အဓိပ္ပာယ်ပေါက်ပြီး တဟားဟား ရယ်ကြလေရဲ့။ တော်တော်နဲ့ အရယ်မရပ် ကြဘူး။ တော်ကြာနေမှ မလုံးချေက ဘူးလုံးနားမထွင်းနဲ့ ... 

“ဘာတွေတုံး ရှင်တို့ဟာက။ ပေါက်ကရတွေလျှောက်တွေးနေကြတာလား အညစ်စုတ်တွေ ဟွန်း...”

အဲသည်နေ့က မလုံးချေကို ဂျင်ဒါအီကွယ်လတီ သဘောတရားတွေ တရားဟောခဲ့ရတာ သိပ်ခရီးမပေါက် ခဲ့ပါဘူး။ ကိုအောင်ဘုက သိပ်ပြီး မပြောပေမဲ့ မလုံးချေက မရဘူး။ အစဉ်အလာတွေဆိုတာ တန်ဖိုးထားရမယ်။ ရှေးလူကြီးတွေက အလကား ထားခဲ့တာမဟုတ်ဘူး။ ယောက်ျားရှေ့ကနေတဲ့မိန်းမဟာ ကျက်သရေ ယုတ်မယ်။ ယောက်ျားလည်း ဘုန်းနိမ့်မယ်။ ဒါကိုချည်း တွင်တွင်ပြောနေတာ။ 

အေးလေ ... တချို့သော အမြင်တွေဟာ ပြောင်းလဲဖို့အချိန်ယူရမပေါ့လို့ပဲ တွေးလိုက်ပါတယ်။

(၃)

ကျနော့်ပန်းချီကားတွေကို ကက်တလောက်စာအုပ်အဖြစ်နဲ့ စုစည်းပြီး ပြန်ထုတ်ချင်တဲ့ ထုတ်ဝေသူရှိလာတဲ့ အတွက် ကျနော် ထီပေါက်သလိုပါပဲ။ ပန်းချီပြပွဲလုပ်ရင်း ပန်းချီကက်တလောက် စာအုပ်မိတ်ဆက်ပွဲ လေးလည်း လုပ်တယ်။ ပန်းချီပွဲလာတဲ့ ဧည့်သည်တွေဟာ ကျနော့်စာအုပ်ဝယ်ရင်း ထုံးစံအတိုင်း ကျနော်က စားပွဲတစ်လုံးမှာ ထိုင်ပြီး သူတို့စာအုပ်တွေကို ‘အော်တိုဂရပ်’ ခေါ်တဲ့ လက်မှတ်ထိုးပေးရတာပေါ့။ 

တစ်ဦးချင်းဝယ်တဲ့သူတွေကတော့ ပြဿနာမရှိပါဘူး။ သူတို့နာမည်မေးပြီးရေး၊ အောက်ကနေ လက်မှတ်ထိုးလိုက်ရုံပါပဲ။ ဒါပေမဲ့ စုံတွဲတချို့ကျ နှစ်ယောက်မှတစ်အုပ်ဝယ်တဲ့အခါ နှစ်ယောက်နာမည် ထိုးပေးဖို့ ဖြစ်လာပါတယ်။ ကျနော်ဟာ ရှေ့ကသင်ခန်းစာတွေနဲ့မို့ သတိကြီးကြီးထားပြီး သူတို့ကို အရင်မေးရပါတယ်။ 

“ဘယ်သူ့နာမည်ရှေ့မှာ ထားရမလဲ ညီလေးနဲ့ ညီမလေး”

များသောအားဖြင့်တော့ ယောက်ျားလေးနာမည်ပဲရှေ့ထားပါ ဆိုပြီး ပြောကြပါတယ်။ ရှားရှားပါးပါး တစ်စုံတွဲ ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သကာလ ကောင်လေးက “သူ့နာမည်ရှေ့ထားပေးပါ ဆရာ၊ ကျနော် သူ့ကိုပိုချစ်ကြောင်း ပြချင်လို့ပါ” ဆိုပြီး ရယ်ပြီးပြောပါရဲ့။ သူ့ကောင်မလေးက သူ့ကိုမျက်စောင်းထိုးပြီး ပြုံးစိစိလုပ်နေတယ်။ 

“အလကားပါ ဆရာရယ် ... လူရှေ့သာ ချစ်ပြတာ။ ကွယ်ရာကျ သိပ်နှိပ်စက်တာ။

ကျနော်လည်း သူတို့စကားကြောင့် ရယ်လိုက်ရင်း “ကောင်းပါပြီဗျာ” ဆိုပြီး မိန်းကလေးနာမည်ကို ရှေ့ကတပ်၊ ရေးပေးလိုက်တယ်။ အဲသည် တစ်စုံတွဲပဲ ထူးထူးခြားခြား မိန်းကလေးနာမည်ရှေ့က ရေးပေးလိုက်ရတယ်။ 

နောက်ပိုင်းမှာတော့ ကျနော်ဟာ ဖိတ်စာနဲ့ဖိတ်ရဖို့ အကြောင်းဆုံလာတဲ့အခါ စုံတွဲတွေကိုဖိတ်ရတော့မယ် ဆိုတိုင်း စာအိတ်ပေါ်နာမည်ထိုးဖို့ ခေါင်းကိုက်ရပါတယ်။ အကောင်းဆုံးကတော့ သူတို့နဲ့တွေ့မှ ဘယ်လိုရေးရ မလဲ မေးပြီး ဘောပင်ထုတ်ရေးတာပါပဲ။ တချို့ကလည်း သူတို့နာမည် မမှတ်မိလို့ ခုမှမေးတာလားလို့ မေးကြရဲ့။ တချို့ကလည်း ဒါများအထူးအဆန်းမေးနေရသေးတယ်ဆိုပြီး ကျနော့်ကို အူကြောင်ကြောင် ပုံစံမျိုး ရယ်ပွဲဖွဲ့တာလည်း ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ ဘယ်သူ့ကိုရှေ့မှာထားမိလို့ဆိုပြီး စကားပြောရ ဆိုရ တာတွေ မရှိတော့တာကို ပိုကြိုက်တာပဲ။ လူချင်းဆုံမှ ဖိတ်စာပေးရတာမျိုး မဟုတ်ဘဲ လူကြုံနဲ့ ဖိတ်စာထည့်ပေးရတာမျိုး ဆိုရင်တော့ ကျနော်လည်း နည်းလမ်းအမျိုးမျိုး စဉ်းစားပြီးရေးကြည့်ပါတယ်။ နာမည်ကို ထောင်လိုက်ရေးတာမျိုး ဥပမာ - 


ကို          မ

ကျော် နှင့် သီ

ကျော် တာ


အဲဒီအခါကျ မျက်လုံးက ထောင်လိုက် လိုက်ဖတ်နေရတာနဲ့ ဘယ်သူ့နာမည် ရှေ့ကထားတယ်ဆိုတာ သတိ မထားမိကြတော့ဘူး မဟုတ်လား။ ဒါမှမဟုတ်လည်း နောက်တစ်နည်း ထွင်တယ်။ 

တာသီမ နှင့် ကျော်ကျော်ကို

အဲဒီလိုမျိုးဆိုရင် ရုတ်တရက် ကြည့်ရင် မိန်းကလေးနာမည်က အရင်လာသလိုတော့ဖြစ်တာပေါ့။ နာမည်အမှန် ဖတ်ဖို့ဆိုရင်တော့ ညာကနေ ဘယ်ကို (တရုတ်စာဖတ်သလို) ပြောင်းပြန်ဖတ်ရမယ် မဟုတ်လား။ ဒါဆို ယောက်ျားနာမည် ရှေ့ထားရေးသမားပဲ ဖြစ်ဖြစ်၊ မိန်းကလေးနာမည်ရှေ့ထားရေးသမားပဲ ဖြစ်ဖြစ် နှစ်မျိုး စလုံးအတွက် အိုကေမယ် ထင်တာပါပဲ။ 

(၄)

နောက်တစ်ကြိမ် ဖိတ်စာပေးဖို့ ကြုံလာရတဲ့အကြောင်းကတော့ ကျနော်တို့သားလေး ရက်တစ်ရာပြည့်နဲ့ နာမည်ပေးကင်ပွန်းတပ် ဆွမ်းကျွေးမှာပါပဲ။ ထုံးစံအတိုင်း နှုတ်နဲ့ဖြစ်ဖြစ်၊ ဖေ့ဘုတ်ကနေဖြစ်ဖြစ် ဖိတ်လိုက်မယ်ကွာလို့ ပြောပေမယ့် ခက်တာက အလှူလုပ်မှာက တရားရိပ်သာတစ်ခုမှာဖြစ်နေပါတယ်။ ရိပ်သာကလည်း လူသိပ်မသိတဲ့ ရိပ်သာ။ လမ်းညွှန်ရတာလည်း နည်းနည်းခက်တော့ မြေပုံလေးတစ်ခု ဆွဲပေးမှကို ဖြစ်မယ့်သဘောပါ။ ဒီတော့ကာ ဒီဇိုင်းတွေဘာတွေလုပ်ပြီး မြေပုံအညွှန်း ထည့်ရတာပေါ့။ ဖိတ်စာဒီဇိုင်း သေချာလုပ်ပြီးမှတော့လည်း မထူးဘူး၊ လူကြီးသူမတွေလည်း အဆင်ပြေအောင် စက္ကူနဲ့ပါဖိတ်စာရိုက်ပြီး ပေးဖို့ဖြစ်လာတယ်။ 

ကျနော်ဟာ မိတ်ဆွေတွေထဲ ဘယ်သူက ဘာဆိုတာသိပြီးသားဖြစ်တာမို့ ဖိတ်စာ စာအိတ်ပေါ် နာမည်ရေးရာ မှာ သူတို့အကြိုက်ပဲ လိုက်ရေးပါတယ်။ ဥပမာ မလုံးချေတို့ ကိုအောင်ဘုတို့ဆို ကိုအောင်ဘုနာမည်ပဲ ရှေ့ထား ရေးလိုက်ပါတယ်။ နို့မို့ဆို မလုံးချေတစ်ယောက် သူငရဲကြီးတော့မှာပဲဆိုပြီး ညညအိမ်မပျော်ဖြစ်နေရင် မခက်ဘူးလား။ ဆွေမျိုးသားချင်းထဲက လူကြီးသူမတွေဆိုလည်း ဘဘဘယ်သူနှင့် ဘွားဘွားဘယ်သူပေါ့။

အသိမိတ်ဆွေအရင်းကြီးတွေအတွက် ကျနော့်မှာ ရေးပြီးသွားတော့ ဖိတ်စာတွေကို တစ်ချက်ကြည့်ပြီး ကိုစည်သူတို့ကိုရော မဖိတ်ဘူးလားလို့ မိန်းမက မေးပါတယ်။ သူနဲ့လည်း ကိုစည်သူတို့က ခင်တာကိုး။ ကျနော် မေ့နေတာ။ ဟုတ်သားပဲ သူတို့ကိုလည်း ကလေးကင်ပွန်းတပ်ပွဲ ဖိတ်ရမှာပေါ့။ ကလေးမွေးတုန်းက သူတို့လည်း လာကြည့်ထား၊ ကလေးအတွက် ဟိုဟာလေး သည်ဟာလေးတွေ ဝယ်ပေးထားတာ။ 

ခက်တာက ကျနော် စာအိတ်ပေါ် နာမည်ဘယ်လိုရေးရမှန်း မသိပါဘူး။ မကြော့အကြိုက် လိုက်ရေးပြန်ရင်လည်း ကိုစည်သူက ကြိုက်မှာမဟုတ်ဘူး။ ဟိုတစ်ခါတုန်းက သူတို့ချင်းတောင် ဆိုင်မှာ အကြိတ်အနယ် ငြင်းနေကြသေးတာ မဟုတ်လား။ ကိုစည်သူ့နာမည် ရှေ့ကထားရေးရင်လည်း မကြော့က ဟိုတစ်ခါကလို လက်ချာတွေ ရိုက်ဦးမှာ။ မရိုက်ရင်တောင် မျက်နှာက ကြည်သာမှာ မဟုတ်တော့ဘူး။ ကျနော့်မှာက ထရော်မာတွေနဲ့။ သူတို့ရှေ့ကျမှ ဘောပင်ထုတ်ပြီး ဘယ်လိုရေးရမလဲမေးရင်ကော။ ဒါလည်း မဖြစ်ပါဘူး။ သူတို့ချင်း အဝေတည့် ကြမှာ မဟုတ်ဘူး။ ဘာမှမရေးဘဲ ဒီအတိုင်းကြီး ပေးလိုက်ရင်ကော ... ဒါလည်း ရိုင်းရာကျမှာပဲ။ ဖိတ်စာပေးတယ်ဆိုတာ နာမည်လေးနဲ့ တလေးတစား ဖိတ်ရတဲ့ဥစ္စာ။ 

ဟူး ........

ကျနော် သက်ပြင်းရှည်တစ်ချက် ချလိုက်ရင်း မျက်စိတွေကိုမှိတ်ထားလိုက်တယ်။ “ရှင်ဘာဖြစ်နေတာလဲ” လို့ မိန်းမက မေးတော့ ကျနော် ဘာမှပြန်မဖြေမိဘူး။ “ဘာမှမဟုတ်ပါဘူးကွာ” ဆိုပြီး တော်၏လျော်၏ပြောလိုက် ပေမဲ့ မိန်းမက မရဘူး။ ဘာဖြစ်နေတာတုံးချည်း တမေးတည်းမေးနေတာ။ တော်ကြာ မဖြေပြန်ရင်လည်း သူက တောင်တွေးမြောက်တွေး တွေးနေမှာစိုးရသေးတယ်။ ဒါနဲ့ပဲ အကြောင်းစုံကို ကကြီးကနေ အ အထိ ဇာတ်စုံခင်းပြလိုက်ရတယ်။ 

‘အောင်မလေး ဖြစ်ရလေရှင်ရယ်’ ဆိုပြီး မိန်းမက ခွက်ထိုးခွက်လန်ကို ရယ်တာ။ သူ အရယ်ရပ်တော့ မျက်လုံးလေးထောင့်ကပ်ပြီး စဉ်းစားတယ်။ ပြီးတော့ “ရှင် ဒီလိုလုပ်ပါလား” ဆိုပြီး အကြံပေးတယ်။ 

သူပေးတဲ့အကြံက မဆိုးဘူး။ လုပ်ရမယ့်နည်းက ကျနော်တို့ ပန်းချီစကားနဲ့ပြောရရင် ကော်လာ့ဂျ် ဆန်ဆန်ပဲ။ ကိုယ်လည်း အပြစ် လွတ်မယ်။ သူတို့လည်း စကားမများရတော့ဘူးလို့ ထင်တယ်။ ဒါနဲ့ပဲ မိန်းမ ပေးတဲ့ အကြံအတိုင်း အကောင်အထည် ဖော်လိုက်တယ်။ 

ကိုစည်သူ့အိမ်ကိုသွားပြီး ဖိတ်စာသွားပေးတော့ ကိုစည်သူက အိမ်ထဲဝင်ဖို့ဖိတ်ပေမဲ့ ကျနော် ငြင်းလိုက်တယ်။ နောက်မှ တွေ့မယ်နော်ဆိုပြီး သူ့လက်ထဲ ဖိတ်စာနဲ့စာအိတ်နှစ်ခုစလုံး ထည့်ပတ်ထားတဲ့ ကြွပ်ကြွပ်အိတ် ကလေးကို ထိုးထည့်ပေးလိုက်ပြီး အမြန်ပြန်ထွက်လာခဲ့တာပဲ။ သူ့ဟာသူ အိမ်ထဲကျမှ ကြည့်ပေတော့ပဲ။ 

ပြန်လာတော့ လမ်းတစ်လျှောက် ကျနော် ရယ်ချင်နေမိတယ်။ ကိုစည်သူ ဖိတ်စာကိုကြည့်ပြီးတဲ့အခါ ဘယ်လို နေမလဲ။ ပြုံးသွားမလား၊ ခွက်ထိုးခွက်လန် ရယ်မှာလား။ မကြော့ကို သူ ဒါပြတဲ့အခါ မကြော့ကရော ဘယ်လို တုံ့ပြန်မလဲ။ ကျနော့်မျက်စိထဲ ပုံစံအမျိုးမျိုး မြင်ယောင်နေမိတယ်။ ကျနော့်အခက်အခဲကိုလည်း သူတို့ နားလည်ကြမယ်ထင်တာပါပဲ။ 

ညကျတော့ ဖုန်းကနေ ‘တောင်’ ခနဲအသံကြားလို့ ဖွင့်ကြည့်လိုက်တော့ မကြော့ မက်ဆင်ဂျာကနေ လှမ်းပို့ထားတာ။ သူက ကျနော်ပေးလိုက်တဲ့ ဖိတ်စာစာအိတ်အပေါ်က ကျနော့်ရဲ့ ဖန်တီးမှု ဓာတ်ပုံရိုက်ပြီး ပြန်ပို့ထားသလို အောက်ကလည်း “ကိုမြင့်ကို တို့ကတော့လေ ပြောကိုမပြောချင်ဘူး 😏’ တဲ့။ 

ဖိတ်စာမှာ ကျနော် ရေးပေးလိုက်တာကတော့ ပုံပါအတိုင်းပါပဲ။



Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...