Skip to main content

စံပယ်ရုံကဖေးကို ထပ်မသွားတော့ပါ

တက္ကသိုလ်ကျောင်းတုန်းက ကျွန်တော့်သူငယ်ချင်းတွေထဲမှာ ဖိုးဇော်ဆိုတာ ရှိတယ်။ ဖိုးဇော်နဲ့ ကျွန်တော်နဲ့က မေဂျာမတူဘူး။ သူက မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ ကျွန်တော်က အီလက်ထရွန်းနစ်ပေါ့။ ဖိုးဇော်ဟာ သူနဲ့ တစ်မေဂျာတည်းတက်တဲ့ နွေးနွေးဆိုတဲ့ ကျောင်းသူနဲ့ပဲ နောက်ပိုင်း အိမ်ထောင်ကျတယ်။ သမီးတစ်ယောက်ရတယ်။ 



ဖိုးဇော်နဲ့ နွေးနွေးတုန်းက ကြိုက်သွားတဲ့အကြောင်းတွေကို ကျွန်တော်က အစအဆုံး သိတယ်။ ကျွန်တော်တို့ ပထမနှစ်ကတည်းက ဖိုးဇော်က နွေးနွေးကို စိတ်ဝင်စားတယ်။ နွေးနွေးက တရုတ်ကပြားမလေး၊ အသားဖြူဖြူ၊ ခပ်ချောချော၊ သွားထပ်ကလေးနဲ့။ ဆံပင်ရှည်ရှည်လေးကို ဖားလျားလေးချပြီး လွယ်အိတ်လေး ဘေးတစောင်းလွယ်လို့ ကျောင်းလာတတ်တယ်။ ရိုးရိုးယဉ်ယဉ်ပုံစံလေးပေါ့။ ဖိုးဇော်က နွေးနွေးကို ကျွန်တော်တို့ ပထမနှစ်မှာ စပိုးတယ်။ 

ဖိုးဇော်က ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့သူ။ အဲဒီတုန်းက ကျွန်တော်တို့ အင်ဂျင်နီယာကျောင်းသားတွေကို ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရက အသကုန်နှိပ်ကွပ်ထားတာ။ ကျောင်းတွေကို ခွဲထုတ်၊ မြို့ပြင်ပို့။ ရိုးရိုး အေဂျီတီအိုင်တွေနဲ့ ရောပြီးတက်ခိုင်း။ အဲသလိုလုပ်တော့ ကျောင်းသားတွေက ကျောင်းထဲမှာ ဆန္ဒပြကြတယ်။ အခန်းထဲကနေ အပြင်ထွက်ထိုင်၊ ကျောင်းအုပ်ရုံးခန်းကို သွားပြီးအရေးဆိုကြ။ နောက်ဆုံး ဝန်ကြီးလာပြီး ကျောင်းသားတွေနဲ့ မျက်နှာစုံညီ အကြိတ်အနယ်နွှဲရတဲ့အထိပဲ။

အဲဒီတုန်းက ပထမနှစ် တက်တက်ချင်း ဆောက်နဲ့ထွင်းရတဲ့ ဒီအရေးမှာ ကျောင်းသားတွေကို ဦးဆောင်ကြတဲ့ နိုင်ငံရေးစိတ်ခံရှိတဲ့ ခေါင်းဆောင် အချို့ထဲ ဖိုးဇော်က နာမည်အထွက်ဆုံး။ ဖိုးဇော်က စာလည်းတော်တော် ဖတ်တယ်။ နိုင်ငံရေးစာအုပ်တွေဆို ဆယ်တန်းအောင်ပြီးကတည်းက မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ဖတ်တာ။ ကမ္ဘာရော မြန်မာရော နိုင်ငံရေး သမိုင်းကြောင်းတွေ၊ လှုပ်ရှားမှုတွေ၊ အကြမ်းမဖက် အာဏာဖီဆန်မှုကို ဘယ်လိုလုပ်ရမယ် စသည်ဖြင့် သူက သီအိုရီပိုင်း ကျေထားတော့ ကျောင်းတက်တော့ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေနဲ့ ကြုံရော သူက ဦးဆောင်မှုပိုင်း၊ ကျောင်းသားတွေကို စည်းရုံးမှုပိုင်းမှာ သူများတကာထက် ခေါင်းတစ်လုံးပိုသာနေတာ။ ဒါနဲ့ပဲ သူက ခေါင်းဆောင်အလိုလိုဖြစ်သွားတယ်။ နောက်ပိုင်း အာဏာပိုင်တွေဘက်က ကျောင်းသားတွေ တောင်းဆိုတာကို အလျှော့ပေးလိုက်လျောလိုက်တဲ့ ကိစ္စမှာ ဖိုးဇော်ရဲ့ မှုပိုင်း ကောင်းမွန်တာတွေ အဓိက ကျတယ်ဆိုရမယ်။ 

နွေးနွေးနဲ့ ကိစ္စပြန်ဆက်ရရင် ပထမနှစ်စစချင်း ကျောင်းသားတွေရဲ့ အရေးတောင်းဆိုမှုတွေမှာ နွေးနွေးကလည်း ဖိုးဇော်လောက်မဟုတ်ပေမဲ့ တက်တက်ကြွကြွ ပါတဲ့ ကျောင်းသူအုပ်စုမှာပါတယ်။ ဖိုးဇော်က နဂိုကမှ နိုင်ငံရေးကို ဗိုလ်ချုပ်အောင်ဆန်းလို အိပ်လည်း ဒီစိတ်၊ စားလည်း ဒီစိတ်လို့ ပြောရလောက်အောင် စိတ်ဝင်စားတဲ့သူ။ မိန်းကလေးတွေထဲကမှ သူ့လိုမျိုး ဇရှိတယ်လို့ ယူဆရတဲ့ နွေးနွေးကို အဲဒီကတည်းက သူက ကျိတ်ကြိုက်နေတာ။ သပိတ်မှောက်ကျောင်းသားထဲက မထားမြင့်တို့ ဘာတို့လို ဇာတ်ကောင်တွေရဲ့ လွှမ်းမိုးမှုလည်း ပါမှာပေါ့။ ဖိုးဇော်က မျက်မှန်ထူထူကြီးနဲ့၊ Queed ဝတ္ထုထဲက ဇာတ်ကောင် ကွိ လိုလို ဘာလိုလို။ 

အဲဒီလိုနဲ့ ကျောင်းသားတွေတောင်းဆိုတဲ့ ကိစ္စပြီးသွားတဲ့နောက် စာသင်ခန်းတွေထဲ ပြန်ထိုင်ကြ။ စာတွေ ပုံမှန် ပြန်သင်ကြပေါ့။ အဲဒီတုန်းက မေဂျာမခွဲသေးပေမဲ့လည်း ကျွန်တော်တို့အားလုံးက အင်ဂျင်နီယာ ဘာသာရပ်အားလုံးရဲ့ အခြေခံ ဖြစ်တဲ့ ပုံဆွဲဘာသာရပ်အတွက် လက်တွေ့ချိန်ရှိတယ်။ ဝပ်ရှော့ချိန်လို့ ခေါ်တာပေါ့။ တစ်ရက်ကျ ဝပ်ရှော့ဝင်နေကြတုန်း နွေးနွေးက သားရေပင်ကုန်သွားတော့ “ဘယ်သူ့မှာ သားရေပင်ရှိလဲ၊ တစ်ပင်လောက်” လို့ လှမ်းအော်တယ်။ ဖိုးဇော်က သူ့မှာရှိတဲ့ သားရေပင်တစ်ပင်ယူပြီး နွေးနွေးရဲ့ပုံဆွဲခုံပေါ် သွားချပေးလိုက်တယ်။ 

တစ်ချိန်တည်းမှာ တခြားကျောင်းသားတစ်ယောက်ကလည်း သူ့မှာရှိတဲ့ သားရေပင်တစ်ပင်ကို နွေးနွေးကို လှမ်းပေးတာနဲ့ အချိန်ကိုက်။ နွေးနွေးက ဖိုးဇော်ပေးတဲ့ သားရေပင်ကိုမယူဘဲ တခြားကျောင်းသားပေးတဲ့ သားရေပင်ကိုပဲ ယူတယ်။ ကျွန်တော်တို့သူငယ်ချင်းတွေရဲ့ “ဟား” ခနဲ ရယ်လိုက်သံဟာ ဝပ်ရှော့ထဲမှာ ဟိန်းထွက်သွားတာပဲ။ ဖိုးဇော်လည်း ရှက်သွားတယ်။

ကျွန်တော်ကတော့ ဖိုးဇော်ကိုပြောပါတယ်။ နွေးနွေးက မင်းကိုကြိုက်တယ်လို့ ငါထင်တယ်လို့ပေါ့။ ဝပ်ရှော့ထဲက ကိစ္စတော့ ခေါင်းထဲထည့်မနေနဲ့။ စိတ်အေးအေးနဲ့သာစောင့်၊ အချိန်တန်ရင် ဖြစ်လာလိမ့်မယ်လို့ ပြောလိုက်သေးတယ်။  

သရေပင်ကိစ္စမှာ အရှက်ကွဲပြီးနောက်ပိုင်း ဖိုးဇော်က ရှက်သွားပြီး နွေးနွေးကို အရောမဝင်တော့ဘဲ ခပ်တန်းတန်း နေလိုက်တာ ဒုတိယနှစ်ရောက်တဲ့အထိပဲ။ ဒုတိယနှစ်ကျတော့ နွေးနွေးက တစ်ရက် ဖိုးဇော်ကို ကျောင်းကင်တင်းမှာ လာစကားပြောတယ်။ သူ စာဖတ်ချင်တယ်၊ ဘာဖတ်ရမလဲပေါ့။ အဲဒီမှာ ဖိုးဇော်ကလည်း အချိုရှာသကာတွေ့ အကွက်ဆိုက်ပေါ့။ “ဟာ ... နွေးနွေးက ဘာစာတွေဖတ်ချင်တာတုံး” ဆိုတော့ ဟိုကလည်း နိုင်ငံရေးစာအုပ်တွေ ဖတ်ချင်တာပေါ့၊ နိုင်ငံရေးနောက်ခံ ဝတ္ထုတို့ဘာတို့ ဖတ်ချင်တယ်ဆိုတော့ မောင်ဖိုးဇော်လည်း မှိုရတဲ့မျက်နှာနဲ့ သူ့ရှိတဲ့ အရှေ့ကနေဝန်းထွက်သည့်ပမာတို့၊ သပိတ်မှောက် ကျောင်းသားတို့၊ အမေတို့၊ တို့တိုင်းဌာနီတို့တွေ၊ နောက်ပြီး လူထုဒေါ်အမာစာအုပ်တွေ စသည်ဖြင့် ပေးဖတ်လေသတည်းပေါ့။ 

ဒီလိုနဲ့ ဖိုးဇော်က စာအုပ်ငှားဖတ်လိုက်၊ နွေးနွေးက ဖတ်ပြီးပြန်ပေး၊ ပြန်ဆွေးနွေးကြ၊ နောက်တစ်အုပ် ငှားဖတ်လိုက်ပေါ့။ ဟုတ်နေတာပဲ။ မကြာပါဘူး။ နှစ်ဦးသား ချစ်သူဘဝရောက်၊ လူသိရှင်ကြား တွဲကြ။ နွေးနွေးက ဖိုးဇော်ကို တစ်ရက်ကျ သူ့အိမ်ခေါ်သွားပြီး မိဘနဲ့မိတ်ဆက်ပေးတယ်။ အံမယ် ... နွေးနွေး အဖေက ဖိုးဇော်ကို မြင်တော့ သမက်လောင်းကို တစ်ခုကြည့်ပြီး သဘောကျသွားသတဲ့။ တခြားမဟုတ်ဘူး။ ဖိုးဇော်က ယောက္ခမလောင်းအိမ် ဦးဆုံး သွားတဲ့ရက်မှာ ဝတ်သွားတဲ့ ပုဆိုးက အပေါက်နဲ့။ သမက်လောင်းရဲ့ ရိုးသားမှုကို ယောက္ခမအလောင်းက အမှတ်ပေးသွားတယ် ဆိုပဲ။

ဒီလိုနဲ့ ဖိုးဇော်နဲ့ နွေးနွေးလည်း ကျောင်းပြီးတဲ့အထိ သမီးရည်းစားဆက်ဆံရေး မြဲခဲ့သလို ကျောင်းလည်း ပြီးရော နှစ်ဦးသား အာဝါဟ ဝိဝါဟလုပ်ကြ။ မင်္ဂလာဆောင်မှာ ကျွန်တော်တို့က စားပွဲတောင် သွားထိုးပေးခဲ့ရသေးတယ်။ ဖိုးဇော်နဲ့နွေးနွေးနဲ့မှာ သမီးတစ်ယောက်ရတယ်။

ကျောင်းတွေပြီးလို့ နှစ်အတော်ကြာတဲ့အထိ ကျွန်တော် ဖိုးဇော်နဲ့ ပြန်မတွေ့ဖြစ်ဘူး။ သူရော ကျွန်တော်ရောက အင်ဂျင်နီယာဘွဲ့ ရကြပေမဲ့ အင်ဂျင်နီယာမလုပ်ကြပါဘူး။ ကိုယ်လည်း ကိုယ့်ဘဝနဲ့ ကိုယ်။ အဲဒီတုန်းက ဆက်သွယ်ရေးကလည်း ခုလောက် မလွယ်တော့ ဖုန်းတောင် ပုံမှန် ဆက်ပြောဖြစ်တာ မဟုတ်ဘူး။ တွေ့ဖို့ဆိုတာ တကူးတကကိုချိန်းရတာ။ ရန်ကုန်ဆိုတာကလည်း သိတဲ့အတိုင်း တစ်မြို့တည်း နေပေမဲ့ တွေ့ဖို့က အမြဲမလွယ်လှဘူး မဟုတ်လား။ 

ဒီလိုနဲ့ နှစ်အနည်းငယ်ကြာတော့ ဖိုးဇော်နဲ့ကျွန်တော်တို့နဲ့ပြန်တွေ့ကြတယ်။ အရက်မူးလာတော့ ဖိုးဇော်က ညည်းရော။ သူ့မိန်းမ နွေးနွေးနဲ့ ဘယ်လို အဆင်မပြေတဲ့အကြောင်း၊ ဘယ်လိုနားညည်းလောက်အောင်ကို ပွမ်တယ်ဆိုတဲ့ အကြောင်း။ ယောက္ခမအိမ်မှာ သူက လိုက်နေရတော့ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ရော၊ ခယ်မတွေ ယောက်ဖတွေနဲ့ပါ ဘယ်လို မျက်နှာကြောမတည့်ကြောင်း။ အကုန်လုံးက ငွေမှ ငွေ ငွေ ဆိုတဲ့ မိသားစု ပေါ့လေ။ သူ့ကိုကျ ငွေမရှာလို့ မကြည်ဘူးပေါ့။ 

ဖိုးဇော်က ပြောရင်းနဲ့ စကားထဲ တစ်ခုပါလာတယ်။ နွေးနွေးကို စာဖတ်တဲ့ မိန်းမ၊ နိုင်ငံရေးစိတ်ဝင်စားတဲ့ ထက်ထက်မြက်မြက် မိန်းမလို့ သူတစ်လျှောက်လုံးထင်ခဲ့တာ ယူပြီးမှ မဟုတ်မှန်း သိတော့တယ်တဲ့။ 

“အဲဒီတုန်းက သူပဲ မင်းဆီကနေ စာအုပ်တွေငှားဖတ်လိုက်၊ မင်းတို့ချင်း ဆွေးနွေးလိုက်နဲ့ ဟုတ်နေတာပဲကို။ ပြီးတော့ မင်းပဲပြောသေးတယ်လေ၊ နွေးနွေးလို မိန်းမမျိုးကရှားတယ်ဆို”

“အေး ... ဟုတ်တယ်လေ။ ဒါပေမဲ့ သူက အဲဒီတုန်းက စာတကယ်ဖတ်ချင်လို့မဟုတ်ဘူး။ ငါ့ကို စိတ်ဝင်စားလို့ ဖတ်ချင်ယောင်ဆောင်တာ။ နိုင်ငံရေးလည်း တကယ်ဒီလောက်ကြီး စိတ်ဝင်စားတာ မဟုတ်ဘူး”

“ဒါဆို ဘာဖြစ်လို့ အဲဒီလို ... ”

“ဪ မင်းကလည်း ... လွှတ်တော်အမတ်တွေလိုပေါ့ကွာ။ မဲဆွယ်ခင်ကာလနဲ့ မဲရပြီးကာလ မတူသလိုပေါ့ ဟဲ ဟဲ ... ခုတော့ သူလိုချင်တာလည်း ရသွားပြီးပြီဆိုတော့ ဘုရားပြီးငြိမ်းဖျက်ပေါ့။ ကမ်းရောက်ပြီးမှတော့ ဖောင်ကို ဘယ်တွယ်နေပါတော့မလဲ ...”

“ဒါဆို မင်း ဂျင်းအကြီးကြီးမိသွားတာပေါ့” 

“ဟုတ်ပါ့ သူငယ်ချင်းရာ ဟား ဟား”

ကျွန်တော်တို့နှစ်ယောက်ရဲ့ ရယ်သံဟာ ဆူညံနေတဲ့ အရက်ဆိုင်ရဲ့အသံတွေကို ထွင်းဖောက်ထွက်သွားခဲ့ပါတယ်။

*

ကျွန်တော်ဟာ ကျောင်းမှာကတည်းက စာပေရေးသားတဲ့ဝါသနာ စခဲ့တာမို့ ကျောင်းပြီးကတည်းက စာမူလေးတွေ ဟိုမဂ္ဂဇင်းတိုက် ဒီမဂ္ဂဇင်းတိုက် စမ်းပို့ကြည့်တယ်။ တချို့မဂ္ဂဇင်းတွေက ကျွန်တော့် ဝတ္ထုတို၊ အက်ဆေး၊ ကဗျာလေးတွေ ဖော်ပြကြတယ်။ ကျွန်တော့်ကလောင်ကို သိတဲ့သူတွေလည်း တဖြည်းဖြည်း များလာတာပေါ့။ 

ကျွန်တော်က အိမ်မှာနေရင်း စာရေးတာ၊ စာဖတ်တာ လုပ်သလို တခါတခါကျတော့လည်း အဲကွန်းရှိတဲ့ ကော်ဖီဆိုင်လေးတွေ လိုက်ရှာပြီး ကွန်ပျူတာလေး တစ်လုံးနဲ့ တချောက်ချောက်ရေးချင်ရေးတတ်တယ်။ များသောအားဖြင့်တော့ ကော်ဖီလေး တစ်ခွက်သောက်ရင်း စာဖတ်ရတာအကြိုက်ဆုံးရယ်။

ကျွန်တော်တို့နဲ့ ကပ်လျက် ရပ်ကွက်မှာ ကော်ဖီဆိုင်လေးတစ်ဆိုင် ဖွင့်ထားတာ ကြာပေမဲ့ ကျွန်တော် တစ်ခါမှ မထိုင်ဖြစ်သေးဘူး။ တစ်ရက်ကျတော့ အိမ်မှာ စာဖတ်ရတာပျင်းလာတာနဲ့ အဲဒီဆိုင်လေးလည်း အပြင်ကသာ ဖြတ်သွားမိနေတာ၊ တစ်ခါမထိုင်ဖူးသေးဘူး ဆိုပြီး ဖတ်လက်စ စာအုပ်ကလေး ဆွဲပြီး သွားထိုင်ဖတ်တယ်။ 

ဆိုင်လေးက အဆင်အပြင်လေးလည်း ချစ်စရာလေးပဲ။ လူကလည်း တအားကြီးမများလှဘူး။ နေ့လယ် နေ့ခင်းတွေဆို အတွဲလေး၊ဘာလေး နှစ်တွဲလောက်ပဲ။ ဆိုတော့ စာဖတ်ရတာ ကောင်းတယ်။ အပေါ်ထပ်ကနေ ဆိုရင် ရှုခင်းလေးလည်း လှတယ်။ စာဖတ်ရင်း မျက်လုံးညောင်းရင်း ပြတင်းပေါက်ကနေ မြင်ရတဲ့ ရှုခင်းကို လှမ်းငေးငေးနေရတာ အရသာ။ 

ဒီလိုနဲ့ ကျွန်တော် အဲဒီကော်ဖီဆိုင်လေးမှာ တစ်ပတ်ကို နှစ်ရက်၊ သုံးရက် သွားသွားထိုင်ဖြစ်တယ်။ ဆိုင်နာမည်က Jasmine Café တဲ့။ ကျွန်တော်ကတော့ စိတ်ထဲကနေ စံပယ်ရုံကဖေးလို့ နာမည်ပေးလိုက်တယ်။ တစ်ခါတလေ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ချိန်းရင်လည်း အဲဒီဆိုင်လေးပဲ ချိန်းလိုက်တာ များတယ်။ 

ကျွန်တော် စံပယ်ရုံကဖေးမှာ ထိုင်တာများလာတော့ ဆိုင်ဝန်ထမ်းတွေနဲ့လည်း မျက်မှန်းတမ်းမိလာ၊ မေးထူး ခေါ်ပြောလေးတွေ ရှိလာတာပေါ့လေ။ လူငယ်လေးတွေ များပါတယ်။ သဘောကောင်း၊ ဖော်ရွေပြီး ဝန်ဆောင်မှုလေးတွေ ကောင်းကြတယ်။ 

တစ်ရက်ကျတော့ ကျွန်တော် စာဖတ်နေတုန်း စားပွဲထိုးကောင်မလေးတွေထဲက တစ်ယောက်က အနားကို ရောက်လာပြီး ရပ်နေတော့ ကျွန်တော်က မော့ကြည့်လိုက်တယ်။ သူက ပြုံးပြတယ်။ 

“အစ်ကို့ကို တစ်ခု မေးလို့ရမလား” ဆိုတော့ ကျွန်တော်လည်း “မေးပါ မေးလေ” လို့ ပြန်ဖြေလိုက်တာပေါ့။ 

ကောင်မလေးကို ခုမှ သတိထားမိတယ်။ အသက်နှစ်ဆယ်ကျော်၊ လှတပတကလေးထဲကပါပဲ။ ဆံပင်လည်း ဟိုက်လိုက်တွေ ဘာတွေ ဖောက်ထားတာပေါ့။ သွက်လက်ချက်ချာတယ်။ ခါတိုင်း မြင်ဖူးနေပေမဲ့ တစ်ခါမှ သေချာမကြည့်ဖူးသလို စကားလည်း မပြောဖူးသေးဘူး။ သူက မေးတယ်။

“အစ်ကို ဒီမှာ စာအုပ်လာလာဖတ်တာ သတိထားမိတာ ကြာပြီ။ အစ်ကိုဖတ်ဖတ်နေတာတွေက ငှားတာလား။ အပိုင်လား” 

ကျွန်တော်လည်း “အပိုင်တွေများပါတယ် ညီမ။ ငှားဖတ်တာလည်း ရှိတော့ရှိပါတယ်။ ဘာဖြစ်လို့လဲ” လို့ ဆိုတော့ - 

ကောင်မလေးက တစ်ချက်ပြုံးလိုက်ပြီး မျက်လုံးလေးကို အပေါ်ထောင့်ကပ်လိုက်ပြီး -

“ဟိုလေ ... ညီမလည်း စာဖတ်ချင်လို့။ အဲဒါ အစ်ကို့မှာ စာအုပ်တွေအများကြီး အပိုင်ရှိရင် ငှားဖတ်ပါလားလို့ပါ”

ကျွန်တော်က စားပွဲပေါ်က ကော်ဖီခွက်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး နှစ်စက္ကန့်လောက် အချိန်ယူလိုက်တယ်။ 

“ဪ ရပါတယ်။ ငှားရတာ အပန်းမကြီးပါဘူး။ ဒါထက် ညီမက စာဖတ်ရတာ ဝါသနာပါတာလား” ဆိုတော့ သူက ခေါင်းညိတ်ပြီး “ဟုတ်ကဲ့ ဝါသနာပါတယ်” တဲ့။ 

ဒါနဲ့ ကျွန်တော်က ဒီမှာတင်ရပ်လိုက်ရမှာကို မရပ်ဘဲ လျှာရှည်ပြီး သူ့ကို ပြန်အင်တာဗျူးလိုက်မိတယ်။ 

“စာဖတ်ဝါသနာပါတာ ကောင်းတာပေါ့။ ညီမက ဘယ်စာအုပ်မျိုးတွေ ဖတ်လဲ။ ဘယ်စာရေးဆရာတွေကို ကြိုက်လဲ” ဆိုတော့ သူက ချက်ချင်း ပြန်မဖြေဘူး။ ခဏလောက် မျက်လုံး ထောင့်ကပ်ပြီး စဉ်းစားနေသေးတယ်။

“အကုန်ဖတ်တယ် အစ်ကို ... ဘာဖြစ်ဖြစ်ရတယ်” တဲ့။ 

ဒါနဲ့ ကျွန်တော်လည်း ဟိုစာရေးဆရာ သိလား၊ ဒီစာရေးဆရာသိလားဆိုပြီး ရွှေဥဒေါင်းတို့ခေတ်ကစလို့ ဒီဘက်ခေတ်အထိ ထင်ရှားတဲ့ စာရေးဆရာဆရာမတွေနာမည်ကို မေးတာပေါ့။ သူကတော့ ဘယ်သူ့မေးမေး “မသိဘူး” နဲ့ “ကြားတော့ကြားဖူးတယ်” ချည်းပဲ။ ပုညခင်တော့ တစ်အုပ်စနှစ်အုပ်စ ဖတ်ဖူးတယ်တဲ့။ ဇာဏ်ခီရေးတာတော့ ဖတ်ဖူးတယ် ပြောတယ်။ ဘယ်စာအုပ်တွေ ဖတ်ဖူးလဲ၊ အကြိုက်ဆုံးစာအုပ်ရှိလားဆိုပြီး မေးတော့ သေချာမဖြေဘဲ အင်း အဲ လုပ်နေတယ်။ 

“ကောင်းပြီလေ။ အဲဒါဆို ညီမ ခု လောလောဆယ် ဖတ်ချင်နေတဲ့ စာအုပ် ဘာရှိလဲ။ အစ်ကို့အိမ်မှာရှိရင် နောက်တစ်ခါကျ ယူလာခဲ့မယ်” ဆိုတော့ သူက - 

“ဖတ်ချင်နေတာရယ်လို့ မရှိပါဘူး။ ဘာဖြစ်ဖြစ် ရပါတယ်။ အစ်ကို အဆင်ပြေမယ်ထင်တဲ့ တစ်အုပ် ယူခဲ့ပါ။ ဟိုလေ သိပ်အထူကြီးတော့ မလုပ်နဲ့ပေါ့နော်။ ခပ်ပါးပါးထဲကပဲ”

ကျွန်တော် ခေါင်းတစ်ချက်ညိတ်ကာ အင်တာဗျူးကို ခပ်တိုတိုပဲရပ်လိုက်ပြီး ရေနွေးခွက်ကို မော့လိုက်တယ်။ ထိုင်နေတာလည်း ကြာပြီဆိုတော့ သွားမှပဲလို့ တွက်လိုက်တယ်။ 

“ဟုတ်ပြီ ညီမ။ အဆင်ပြေတာယူခဲ့မယ်” လို့ပြောပြီး ပြုံးပြလိုက်တယ်။ တစ်ခါတည်း ပိုက်ဆံလည်း ရှင်းလိုက်တယ်။ 

နောက်တစ်ပတ်နေတော့ အဲဒီ ဆိုင်ကို ကျွန်တော် နောက်တစ်ခေါက်ထပ်သွားတယ်။ မသွားခင်မှာ ကျွန်တော် ဝတ္ထုတိုတစ်ပုဒ်ရေးတယ်။ ဇာတ်လမ်းက တခြားမဟုတ်ဘူး၊ ဖိုးဇော်ရဲ့အကြောင်းပဲ။ ဖိုးဇော်နဲ့ နွေးနွေးနဲ့ ကျောင်းတုန်းက ပထမနှစ် သရေပင်ကိစ္စကစပြီး စာအုပ်ငှားဖတ်တဲ့အဆင့်၊ ဆွေးနွေးတဲ့အဆင့်၊ နောက် ညားတဲ့အဆင့်၊ နောက်ဆုံး ကျွန်တော်နဲ့အရက်ဆိုင်မှာတွေ့ပြီး သူ့မိန်းမ စာတကယ်မဖတ်ကြောင်း ပြောပြတဲ့အဆင့်ထိကို အဖြစ်မှန်ကို တည်ပြီး စိတ်ကူးနဲ့ ဇာတ်ကောင်တွေမွေးပြီး ရေးလိုက်တယ်။ ပြီးတော့ ပရင့်ထုတ်လိုက်တာ အေဖိုးစာရွက်နဲ့ ငါးမျက်နှာလောက်ရတယ်။ 

ကျွန်တော်လည်း စာအုပ်စင်ကနေ ကိုယ်သိပ်အကြိုက်လှကြီး မဟုတ်တဲ့ စာအုပ်တစ်အုပ်ယူလိုက်ပြီး ခုနက ပရင့်ထုတ်ထားတဲ့ စာရွက်တွေကို စာအုပ်ကြားမှာ ညှပ်လိုက်တယ်။ ပြီးတော့ ကြွပ်ကြွပ်အိတ်တစ်အိတ်ထဲ စာအုပ်ကို ထည့်ပြီး စံပယ်ရုံ ကော်ဖီဆိုင်ကို ထွက်လာလိုက်တယ်။ ဆိုင်ရောက်တော့ ဟိုကောင်မလေးက ဝမ်းပန်းတသာနဲ့ “ဟာ ... အစ်ကိုကလည်း စာအုပ်ငှားခါမှ ပေါ်ကိုမလာတော့ပဲကိုး။ မျှော်နေတာ။ စာအုပ်မှ သတိရပါ့မလားလို့” တဲ့။ 

ကျွန်တော်လည်း အဆင်ပြေမယ်ထင်တဲ့တစ်အုပ်ယူလာတဲ့ အကြောင်းပြောပြီး စာအုပ်အဖုံးကို ထုတ်ပြလိုက်တယ်။ ဒီစာအုပ်သိလား၊ ဖတ်ဖူးလား၊ စာရေးသူကိုရော သိလားဆိုတော့ ဟင့်အင်းတဲ့။ ပြီးတော့ စာအုပ်ကို ကြွပ်ကြွပ်အိတ်ကလေးအတိုင်း ယူသွားတယ်။ နည်းနည်းပါးပါးတောင် လှန်လှောမကြည့်ဘူး။ သေချာလှန်မကြည့်ဘဲ စာအုပ်ကို ဒီအတိုင်းလေး ဖလပ်ဖလပ်ဖြစ်အောင် လုပ်လိုက်ရင်တောင် ကျွန်တော် ညှပ်ထားတဲ့ ဝတ္ထုတိုစာရွက်လေးကို သတိထားမိမှာပဲ။ အဲဒီအခါကျ ဒါ ကျွန်တော်ရေးထားတဲ့ ဝတ္ထုတိုဖြစ်ကြောင်း၊ သူဖတ်ရအောင် ယူလာကြောင်း ပြောပြမိမှာ။ အဓိကက ဟိုစာအုပ်ကို သူစိတ်မဝင်စားရင်တောင် ကျွန်တော့်ဝတ္ထုတိုကိုတော့ ဖတ်ကြည့်စေချင်တာပဲ။ 

ဒါပေမဲ့ ခုတော့ သူက သေချာတောင်ဖွင့်မကြည့်တော့ ပြောမပြလိုက်ရရှာဘူး။ သူ ဒီစာအုပ်ကို ညရောက်လို့ လှန်ကြည့်မိ၊ ဖွင့်ကြည့်မိတယ်ဆို ဒါလေးတွေ့ရင် ရုတ်တရက်တော့ ရည်းစားစာပေးတယ်လို့များ ထင်မလားမသိဘူး။

“ညီမကလေ စာဖတ်နှေးတယ်။ နည်းနည်းတော့ ကြာမယ်အစ်ကို။ ဖြစ်လား” ဆိုတော့ ကျွန်တော်လည်း “ဖြစ်တယ်။ ဒီစာအုပ်က အပိုင်ပဲ။ အေးဆေးဖတ်ပါ” လို့ ပြုံးပြုံးလေး ပြောလိုက်တယ်။

ကျွန်တော် စာအုပ်တစ်အုပ် အဆုံးခံလိုက်ပါတယ်။ အဲဒီနေ့ကစလို့ စံပယ်ရုံကဖေးကို ကျွန်တော် နောက်တစ်ခေါက် ထပ်မသွားတော့ပါဘူး။ 

နောက်သုံးလနေတော့ မဂ္ဂဇင်းတစ်စောင်မှာ ဖိုးဇော်အကြောင်း ရေးထားတဲ့ ဝတ္ထုတိုလေး ပါလာလေရဲ့။ စာမူခ ကိုတော့ ဘော်ဒါတွေနဲ့ မြို့ထဲက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာပဲ လက်ဖက်ရည်ဝိုင်းလိုက်ကြတယ်။ ။


Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...