Skip to main content

စံပယ်ရုံကဖေးကို ထပ်မသွားတော့ပါ

တက္ကသိုလ်ကျောင်းတုန်းက ကျွန်တော့်သူငယ်ချင်းတွေထဲမှာ ဖိုးဇော်ဆိုတာ ရှိတယ်။ ဖိုးဇော်နဲ့ ကျွန်တော်နဲ့က မေဂျာမတူဘူး။ သူက မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ ကျွန်တော်က အီလက်ထရွန်းနစ်ပေါ့။ ဖိုးဇော်ဟာ သူနဲ့ တစ်မေဂျာတည်းတက်တဲ့ နွေးနွေးဆိုတဲ့ ကျောင်းသူနဲ့ပဲ နောက်ပိုင်း အိမ်ထောင်ကျတယ်။ သမီးတစ်ယောက်ရတယ်။ 



ဖိုးဇော်နဲ့ နွေးနွေးတုန်းက ကြိုက်သွားတဲ့အကြောင်းတွေကို ကျွန်တော်က အစအဆုံး သိတယ်။ ကျွန်တော်တို့ ပထမနှစ်ကတည်းက ဖိုးဇော်က နွေးနွေးကို စိတ်ဝင်စားတယ်။ နွေးနွေးက တရုတ်ကပြားမလေး၊ အသားဖြူဖြူ၊ ခပ်ချောချော၊ သွားထပ်ကလေးနဲ့။ ဆံပင်ရှည်ရှည်လေးကို ဖားလျားလေးချပြီး လွယ်အိတ်လေး ဘေးတစောင်းလွယ်လို့ ကျောင်းလာတတ်တယ်။ ရိုးရိုးယဉ်ယဉ်ပုံစံလေးပေါ့။ ဖိုးဇော်က နွေးနွေးကို ကျွန်တော်တို့ ပထမနှစ်မှာ စပိုးတယ်။ 

ဖိုးဇော်က ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့သူ။ အဲဒီတုန်းက ကျွန်တော်တို့ အင်ဂျင်နီယာကျောင်းသားတွေကို ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရက အသကုန်နှိပ်ကွပ်ထားတာ။ ကျောင်းတွေကို ခွဲထုတ်၊ မြို့ပြင်ပို့။ ရိုးရိုး အေဂျီတီအိုင်တွေနဲ့ ရောပြီးတက်ခိုင်း။ အဲသလိုလုပ်တော့ ကျောင်းသားတွေက ကျောင်းထဲမှာ ဆန္ဒပြကြတယ်။ အခန်းထဲကနေ အပြင်ထွက်ထိုင်၊ ကျောင်းအုပ်ရုံးခန်းကို သွားပြီးအရေးဆိုကြ။ နောက်ဆုံး ဝန်ကြီးလာပြီး ကျောင်းသားတွေနဲ့ မျက်နှာစုံညီ အကြိတ်အနယ်နွှဲရတဲ့အထိပဲ။

အဲဒီတုန်းက ပထမနှစ် တက်တက်ချင်း ဆောက်နဲ့ထွင်းရတဲ့ ဒီအရေးမှာ ကျောင်းသားတွေကို ဦးဆောင်ကြတဲ့ နိုင်ငံရေးစိတ်ခံရှိတဲ့ ခေါင်းဆောင် အချို့ထဲ ဖိုးဇော်က နာမည်အထွက်ဆုံး။ ဖိုးဇော်က စာလည်းတော်တော် ဖတ်တယ်။ နိုင်ငံရေးစာအုပ်တွေဆို ဆယ်တန်းအောင်ပြီးကတည်းက မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ဖတ်တာ။ ကမ္ဘာရော မြန်မာရော နိုင်ငံရေး သမိုင်းကြောင်းတွေ၊ လှုပ်ရှားမှုတွေ၊ အကြမ်းမဖက် အာဏာဖီဆန်မှုကို ဘယ်လိုလုပ်ရမယ် စသည်ဖြင့် သူက သီအိုရီပိုင်း ကျေထားတော့ ကျောင်းတက်တော့ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေနဲ့ ကြုံရော သူက ဦးဆောင်မှုပိုင်း၊ ကျောင်းသားတွေကို စည်းရုံးမှုပိုင်းမှာ သူများတကာထက် ခေါင်းတစ်လုံးပိုသာနေတာ။ ဒါနဲ့ပဲ သူက ခေါင်းဆောင်အလိုလိုဖြစ်သွားတယ်။ နောက်ပိုင်း အာဏာပိုင်တွေဘက်က ကျောင်းသားတွေ တောင်းဆိုတာကို အလျှော့ပေးလိုက်လျောလိုက်တဲ့ ကိစ္စမှာ ဖိုးဇော်ရဲ့ မှုပိုင်း ကောင်းမွန်တာတွေ အဓိက ကျတယ်ဆိုရမယ်။ 

နွေးနွေးနဲ့ ကိစ္စပြန်ဆက်ရရင် ပထမနှစ်စစချင်း ကျောင်းသားတွေရဲ့ အရေးတောင်းဆိုမှုတွေမှာ နွေးနွေးကလည်း ဖိုးဇော်လောက်မဟုတ်ပေမဲ့ တက်တက်ကြွကြွ ပါတဲ့ ကျောင်းသူအုပ်စုမှာပါတယ်။ ဖိုးဇော်က နဂိုကမှ နိုင်ငံရေးကို ဗိုလ်ချုပ်အောင်ဆန်းလို အိပ်လည်း ဒီစိတ်၊ စားလည်း ဒီစိတ်လို့ ပြောရလောက်အောင် စိတ်ဝင်စားတဲ့သူ။ မိန်းကလေးတွေထဲကမှ သူ့လိုမျိုး ဇရှိတယ်လို့ ယူဆရတဲ့ နွေးနွေးကို အဲဒီကတည်းက သူက ကျိတ်ကြိုက်နေတာ။ သပိတ်မှောက်ကျောင်းသားထဲက မထားမြင့်တို့ ဘာတို့လို ဇာတ်ကောင်တွေရဲ့ လွှမ်းမိုးမှုလည်း ပါမှာပေါ့။ ဖိုးဇော်က မျက်မှန်ထူထူကြီးနဲ့၊ Queed ဝတ္ထုထဲက ဇာတ်ကောင် ကွိ လိုလို ဘာလိုလို။ 

အဲဒီလိုနဲ့ ကျောင်းသားတွေတောင်းဆိုတဲ့ ကိစ္စပြီးသွားတဲ့နောက် စာသင်ခန်းတွေထဲ ပြန်ထိုင်ကြ။ စာတွေ ပုံမှန် ပြန်သင်ကြပေါ့။ အဲဒီတုန်းက မေဂျာမခွဲသေးပေမဲ့လည်း ကျွန်တော်တို့အားလုံးက အင်ဂျင်နီယာ ဘာသာရပ်အားလုံးရဲ့ အခြေခံ ဖြစ်တဲ့ ပုံဆွဲဘာသာရပ်အတွက် လက်တွေ့ချိန်ရှိတယ်။ ဝပ်ရှော့ချိန်လို့ ခေါ်တာပေါ့။ တစ်ရက်ကျ ဝပ်ရှော့ဝင်နေကြတုန်း နွေးနွေးက သားရေပင်ကုန်သွားတော့ “ဘယ်သူ့မှာ သားရေပင်ရှိလဲ၊ တစ်ပင်လောက်” လို့ လှမ်းအော်တယ်။ ဖိုးဇော်က သူ့မှာရှိတဲ့ သားရေပင်တစ်ပင်ယူပြီး နွေးနွေးရဲ့ပုံဆွဲခုံပေါ် သွားချပေးလိုက်တယ်။ 

တစ်ချိန်တည်းမှာ တခြားကျောင်းသားတစ်ယောက်ကလည်း သူ့မှာရှိတဲ့ သားရေပင်တစ်ပင်ကို နွေးနွေးကို လှမ်းပေးတာနဲ့ အချိန်ကိုက်။ နွေးနွေးက ဖိုးဇော်ပေးတဲ့ သားရေပင်ကိုမယူဘဲ တခြားကျောင်းသားပေးတဲ့ သားရေပင်ကိုပဲ ယူတယ်။ ကျွန်တော်တို့သူငယ်ချင်းတွေရဲ့ “ဟား” ခနဲ ရယ်လိုက်သံဟာ ဝပ်ရှော့ထဲမှာ ဟိန်းထွက်သွားတာပဲ။ ဖိုးဇော်လည်း ရှက်သွားတယ်။

ကျွန်တော်ကတော့ ဖိုးဇော်ကိုပြောပါတယ်။ နွေးနွေးက မင်းကိုကြိုက်တယ်လို့ ငါထင်တယ်လို့ပေါ့။ ဝပ်ရှော့ထဲက ကိစ္စတော့ ခေါင်းထဲထည့်မနေနဲ့။ စိတ်အေးအေးနဲ့သာစောင့်၊ အချိန်တန်ရင် ဖြစ်လာလိမ့်မယ်လို့ ပြောလိုက်သေးတယ်။  

သရေပင်ကိစ္စမှာ အရှက်ကွဲပြီးနောက်ပိုင်း ဖိုးဇော်က ရှက်သွားပြီး နွေးနွေးကို အရောမဝင်တော့ဘဲ ခပ်တန်းတန်း နေလိုက်တာ ဒုတိယနှစ်ရောက်တဲ့အထိပဲ။ ဒုတိယနှစ်ကျတော့ နွေးနွေးက တစ်ရက် ဖိုးဇော်ကို ကျောင်းကင်တင်းမှာ လာစကားပြောတယ်။ သူ စာဖတ်ချင်တယ်၊ ဘာဖတ်ရမလဲပေါ့။ အဲဒီမှာ ဖိုးဇော်ကလည်း အချိုရှာသကာတွေ့ အကွက်ဆိုက်ပေါ့။ “ဟာ ... နွေးနွေးက ဘာစာတွေဖတ်ချင်တာတုံး” ဆိုတော့ ဟိုကလည်း နိုင်ငံရေးစာအုပ်တွေ ဖတ်ချင်တာပေါ့၊ နိုင်ငံရေးနောက်ခံ ဝတ္ထုတို့ဘာတို့ ဖတ်ချင်တယ်ဆိုတော့ မောင်ဖိုးဇော်လည်း မှိုရတဲ့မျက်နှာနဲ့ သူ့ရှိတဲ့ အရှေ့ကနေဝန်းထွက်သည့်ပမာတို့၊ သပိတ်မှောက် ကျောင်းသားတို့၊ အမေတို့၊ တို့တိုင်းဌာနီတို့တွေ၊ နောက်ပြီး လူထုဒေါ်အမာစာအုပ်တွေ စသည်ဖြင့် ပေးဖတ်လေသတည်းပေါ့။ 

ဒီလိုနဲ့ ဖိုးဇော်က စာအုပ်ငှားဖတ်လိုက်၊ နွေးနွေးက ဖတ်ပြီးပြန်ပေး၊ ပြန်ဆွေးနွေးကြ၊ နောက်တစ်အုပ် ငှားဖတ်လိုက်ပေါ့။ ဟုတ်နေတာပဲ။ မကြာပါဘူး။ နှစ်ဦးသား ချစ်သူဘဝရောက်၊ လူသိရှင်ကြား တွဲကြ။ နွေးနွေးက ဖိုးဇော်ကို တစ်ရက်ကျ သူ့အိမ်ခေါ်သွားပြီး မိဘနဲ့မိတ်ဆက်ပေးတယ်။ အံမယ် ... နွေးနွေး အဖေက ဖိုးဇော်ကို မြင်တော့ သမက်လောင်းကို တစ်ခုကြည့်ပြီး သဘောကျသွားသတဲ့။ တခြားမဟုတ်ဘူး။ ဖိုးဇော်က ယောက္ခမလောင်းအိမ် ဦးဆုံး သွားတဲ့ရက်မှာ ဝတ်သွားတဲ့ ပုဆိုးက အပေါက်နဲ့။ သမက်လောင်းရဲ့ ရိုးသားမှုကို ယောက္ခမအလောင်းက အမှတ်ပေးသွားတယ် ဆိုပဲ။

ဒီလိုနဲ့ ဖိုးဇော်နဲ့ နွေးနွေးလည်း ကျောင်းပြီးတဲ့အထိ သမီးရည်းစားဆက်ဆံရေး မြဲခဲ့သလို ကျောင်းလည်း ပြီးရော နှစ်ဦးသား အာဝါဟ ဝိဝါဟလုပ်ကြ။ မင်္ဂလာဆောင်မှာ ကျွန်တော်တို့က စားပွဲတောင် သွားထိုးပေးခဲ့ရသေးတယ်။ ဖိုးဇော်နဲ့နွေးနွေးနဲ့မှာ သမီးတစ်ယောက်ရတယ်။

ကျောင်းတွေပြီးလို့ နှစ်အတော်ကြာတဲ့အထိ ကျွန်တော် ဖိုးဇော်နဲ့ ပြန်မတွေ့ဖြစ်ဘူး။ သူရော ကျွန်တော်ရောက အင်ဂျင်နီယာဘွဲ့ ရကြပေမဲ့ အင်ဂျင်နီယာမလုပ်ကြပါဘူး။ ကိုယ်လည်း ကိုယ့်ဘဝနဲ့ ကိုယ်။ အဲဒီတုန်းက ဆက်သွယ်ရေးကလည်း ခုလောက် မလွယ်တော့ ဖုန်းတောင် ပုံမှန် ဆက်ပြောဖြစ်တာ မဟုတ်ဘူး။ တွေ့ဖို့ဆိုတာ တကူးတကကိုချိန်းရတာ။ ရန်ကုန်ဆိုတာကလည်း သိတဲ့အတိုင်း တစ်မြို့တည်း နေပေမဲ့ တွေ့ဖို့က အမြဲမလွယ်လှဘူး မဟုတ်လား။ 

ဒီလိုနဲ့ နှစ်အနည်းငယ်ကြာတော့ ဖိုးဇော်နဲ့ကျွန်တော်တို့နဲ့ပြန်တွေ့ကြတယ်။ အရက်မူးလာတော့ ဖိုးဇော်က ညည်းရော။ သူ့မိန်းမ နွေးနွေးနဲ့ ဘယ်လို အဆင်မပြေတဲ့အကြောင်း၊ ဘယ်လိုနားညည်းလောက်အောင်ကို ပွမ်တယ်ဆိုတဲ့ အကြောင်း။ ယောက္ခမအိမ်မှာ သူက လိုက်နေရတော့ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ရော၊ ခယ်မတွေ ယောက်ဖတွေနဲ့ပါ ဘယ်လို မျက်နှာကြောမတည့်ကြောင်း။ အကုန်လုံးက ငွေမှ ငွေ ငွေ ဆိုတဲ့ မိသားစု ပေါ့လေ။ သူ့ကိုကျ ငွေမရှာလို့ မကြည်ဘူးပေါ့။ 

ဖိုးဇော်က ပြောရင်းနဲ့ စကားထဲ တစ်ခုပါလာတယ်။ နွေးနွေးကို စာဖတ်တဲ့ မိန်းမ၊ နိုင်ငံရေးစိတ်ဝင်စားတဲ့ ထက်ထက်မြက်မြက် မိန်းမလို့ သူတစ်လျှောက်လုံးထင်ခဲ့တာ ယူပြီးမှ မဟုတ်မှန်း သိတော့တယ်တဲ့။ 

“အဲဒီတုန်းက သူပဲ မင်းဆီကနေ စာအုပ်တွေငှားဖတ်လိုက်၊ မင်းတို့ချင်း ဆွေးနွေးလိုက်နဲ့ ဟုတ်နေတာပဲကို။ ပြီးတော့ မင်းပဲပြောသေးတယ်လေ၊ နွေးနွေးလို မိန်းမမျိုးကရှားတယ်ဆို”

“အေး ... ဟုတ်တယ်လေ။ ဒါပေမဲ့ သူက အဲဒီတုန်းက စာတကယ်ဖတ်ချင်လို့မဟုတ်ဘူး။ ငါ့ကို စိတ်ဝင်စားလို့ ဖတ်ချင်ယောင်ဆောင်တာ။ နိုင်ငံရေးလည်း တကယ်ဒီလောက်ကြီး စိတ်ဝင်စားတာ မဟုတ်ဘူး”

“ဒါဆို ဘာဖြစ်လို့ အဲဒီလို ... ”

“ဪ မင်းကလည်း ... လွှတ်တော်အမတ်တွေလိုပေါ့ကွာ။ မဲဆွယ်ခင်ကာလနဲ့ မဲရပြီးကာလ မတူသလိုပေါ့ ဟဲ ဟဲ ... ခုတော့ သူလိုချင်တာလည်း ရသွားပြီးပြီဆိုတော့ ဘုရားပြီးငြိမ်းဖျက်ပေါ့။ ကမ်းရောက်ပြီးမှတော့ ဖောင်ကို ဘယ်တွယ်နေပါတော့မလဲ ...”

“ဒါဆို မင်း ဂျင်းအကြီးကြီးမိသွားတာပေါ့” 

“ဟုတ်ပါ့ သူငယ်ချင်းရာ ဟား ဟား”

ကျွန်တော်တို့နှစ်ယောက်ရဲ့ ရယ်သံဟာ ဆူညံနေတဲ့ အရက်ဆိုင်ရဲ့အသံတွေကို ထွင်းဖောက်ထွက်သွားခဲ့ပါတယ်။

*

ကျွန်တော်ဟာ ကျောင်းမှာကတည်းက စာပေရေးသားတဲ့ဝါသနာ စခဲ့တာမို့ ကျောင်းပြီးကတည်းက စာမူလေးတွေ ဟိုမဂ္ဂဇင်းတိုက် ဒီမဂ္ဂဇင်းတိုက် စမ်းပို့ကြည့်တယ်။ တချို့မဂ္ဂဇင်းတွေက ကျွန်တော့် ဝတ္ထုတို၊ အက်ဆေး၊ ကဗျာလေးတွေ ဖော်ပြကြတယ်။ ကျွန်တော့်ကလောင်ကို သိတဲ့သူတွေလည်း တဖြည်းဖြည်း များလာတာပေါ့။ 

ကျွန်တော်က အိမ်မှာနေရင်း စာရေးတာ၊ စာဖတ်တာ လုပ်သလို တခါတခါကျတော့လည်း အဲကွန်းရှိတဲ့ ကော်ဖီဆိုင်လေးတွေ လိုက်ရှာပြီး ကွန်ပျူတာလေး တစ်လုံးနဲ့ တချောက်ချောက်ရေးချင်ရေးတတ်တယ်။ များသောအားဖြင့်တော့ ကော်ဖီလေး တစ်ခွက်သောက်ရင်း စာဖတ်ရတာအကြိုက်ဆုံးရယ်။

ကျွန်တော်တို့နဲ့ ကပ်လျက် ရပ်ကွက်မှာ ကော်ဖီဆိုင်လေးတစ်ဆိုင် ဖွင့်ထားတာ ကြာပေမဲ့ ကျွန်တော် တစ်ခါမှ မထိုင်ဖြစ်သေးဘူး။ တစ်ရက်ကျတော့ အိမ်မှာ စာဖတ်ရတာပျင်းလာတာနဲ့ အဲဒီဆိုင်လေးလည်း အပြင်ကသာ ဖြတ်သွားမိနေတာ၊ တစ်ခါမထိုင်ဖူးသေးဘူး ဆိုပြီး ဖတ်လက်စ စာအုပ်ကလေး ဆွဲပြီး သွားထိုင်ဖတ်တယ်။ 

ဆိုင်လေးက အဆင်အပြင်လေးလည်း ချစ်စရာလေးပဲ။ လူကလည်း တအားကြီးမများလှဘူး။ နေ့လယ် နေ့ခင်းတွေဆို အတွဲလေး၊ဘာလေး နှစ်တွဲလောက်ပဲ။ ဆိုတော့ စာဖတ်ရတာ ကောင်းတယ်။ အပေါ်ထပ်ကနေ ဆိုရင် ရှုခင်းလေးလည်း လှတယ်။ စာဖတ်ရင်း မျက်လုံးညောင်းရင်း ပြတင်းပေါက်ကနေ မြင်ရတဲ့ ရှုခင်းကို လှမ်းငေးငေးနေရတာ အရသာ။ 

ဒီလိုနဲ့ ကျွန်တော် အဲဒီကော်ဖီဆိုင်လေးမှာ တစ်ပတ်ကို နှစ်ရက်၊ သုံးရက် သွားသွားထိုင်ဖြစ်တယ်။ ဆိုင်နာမည်က Jasmine Café တဲ့။ ကျွန်တော်ကတော့ စိတ်ထဲကနေ စံပယ်ရုံကဖေးလို့ နာမည်ပေးလိုက်တယ်။ တစ်ခါတလေ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ချိန်းရင်လည်း အဲဒီဆိုင်လေးပဲ ချိန်းလိုက်တာ များတယ်။ 

ကျွန်တော် စံပယ်ရုံကဖေးမှာ ထိုင်တာများလာတော့ ဆိုင်ဝန်ထမ်းတွေနဲ့လည်း မျက်မှန်းတမ်းမိလာ၊ မေးထူး ခေါ်ပြောလေးတွေ ရှိလာတာပေါ့လေ။ လူငယ်လေးတွေ များပါတယ်။ သဘောကောင်း၊ ဖော်ရွေပြီး ဝန်ဆောင်မှုလေးတွေ ကောင်းကြတယ်။ 

တစ်ရက်ကျတော့ ကျွန်တော် စာဖတ်နေတုန်း စားပွဲထိုးကောင်မလေးတွေထဲက တစ်ယောက်က အနားကို ရောက်လာပြီး ရပ်နေတော့ ကျွန်တော်က မော့ကြည့်လိုက်တယ်။ သူက ပြုံးပြတယ်။ 

“အစ်ကို့ကို တစ်ခု မေးလို့ရမလား” ဆိုတော့ ကျွန်တော်လည်း “မေးပါ မေးလေ” လို့ ပြန်ဖြေလိုက်တာပေါ့။ 

ကောင်မလေးကို ခုမှ သတိထားမိတယ်။ အသက်နှစ်ဆယ်ကျော်၊ လှတပတကလေးထဲကပါပဲ။ ဆံပင်လည်း ဟိုက်လိုက်တွေ ဘာတွေ ဖောက်ထားတာပေါ့။ သွက်လက်ချက်ချာတယ်။ ခါတိုင်း မြင်ဖူးနေပေမဲ့ တစ်ခါမှ သေချာမကြည့်ဖူးသလို စကားလည်း မပြောဖူးသေးဘူး။ သူက မေးတယ်။

“အစ်ကို ဒီမှာ စာအုပ်လာလာဖတ်တာ သတိထားမိတာ ကြာပြီ။ အစ်ကိုဖတ်ဖတ်နေတာတွေက ငှားတာလား။ အပိုင်လား” 

ကျွန်တော်လည်း “အပိုင်တွေများပါတယ် ညီမ။ ငှားဖတ်တာလည်း ရှိတော့ရှိပါတယ်။ ဘာဖြစ်လို့လဲ” လို့ ဆိုတော့ - 

ကောင်မလေးက တစ်ချက်ပြုံးလိုက်ပြီး မျက်လုံးလေးကို အပေါ်ထောင့်ကပ်လိုက်ပြီး -

“ဟိုလေ ... ညီမလည်း စာဖတ်ချင်လို့။ အဲဒါ အစ်ကို့မှာ စာအုပ်တွေအများကြီး အပိုင်ရှိရင် ငှားဖတ်ပါလားလို့ပါ”

ကျွန်တော်က စားပွဲပေါ်က ကော်ဖီခွက်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး နှစ်စက္ကန့်လောက် အချိန်ယူလိုက်တယ်။ 

“ဪ ရပါတယ်။ ငှားရတာ အပန်းမကြီးပါဘူး။ ဒါထက် ညီမက စာဖတ်ရတာ ဝါသနာပါတာလား” ဆိုတော့ သူက ခေါင်းညိတ်ပြီး “ဟုတ်ကဲ့ ဝါသနာပါတယ်” တဲ့။ 

ဒါနဲ့ ကျွန်တော်က ဒီမှာတင်ရပ်လိုက်ရမှာကို မရပ်ဘဲ လျှာရှည်ပြီး သူ့ကို ပြန်အင်တာဗျူးလိုက်မိတယ်။ 

“စာဖတ်ဝါသနာပါတာ ကောင်းတာပေါ့။ ညီမက ဘယ်စာအုပ်မျိုးတွေ ဖတ်လဲ။ ဘယ်စာရေးဆရာတွေကို ကြိုက်လဲ” ဆိုတော့ သူက ချက်ချင်း ပြန်မဖြေဘူး။ ခဏလောက် မျက်လုံး ထောင့်ကပ်ပြီး စဉ်းစားနေသေးတယ်။

“အကုန်ဖတ်တယ် အစ်ကို ... ဘာဖြစ်ဖြစ်ရတယ်” တဲ့။ 

ဒါနဲ့ ကျွန်တော်လည်း ဟိုစာရေးဆရာ သိလား၊ ဒီစာရေးဆရာသိလားဆိုပြီး ရွှေဥဒေါင်းတို့ခေတ်ကစလို့ ဒီဘက်ခေတ်အထိ ထင်ရှားတဲ့ စာရေးဆရာဆရာမတွေနာမည်ကို မေးတာပေါ့။ သူကတော့ ဘယ်သူ့မေးမေး “မသိဘူး” နဲ့ “ကြားတော့ကြားဖူးတယ်” ချည်းပဲ။ ပုညခင်တော့ တစ်အုပ်စနှစ်အုပ်စ ဖတ်ဖူးတယ်တဲ့။ ဇာဏ်ခီရေးတာတော့ ဖတ်ဖူးတယ် ပြောတယ်။ ဘယ်စာအုပ်တွေ ဖတ်ဖူးလဲ၊ အကြိုက်ဆုံးစာအုပ်ရှိလားဆိုပြီး မေးတော့ သေချာမဖြေဘဲ အင်း အဲ လုပ်နေတယ်။ 

“ကောင်းပြီလေ။ အဲဒါဆို ညီမ ခု လောလောဆယ် ဖတ်ချင်နေတဲ့ စာအုပ် ဘာရှိလဲ။ အစ်ကို့အိမ်မှာရှိရင် နောက်တစ်ခါကျ ယူလာခဲ့မယ်” ဆိုတော့ သူက - 

“ဖတ်ချင်နေတာရယ်လို့ မရှိပါဘူး။ ဘာဖြစ်ဖြစ် ရပါတယ်။ အစ်ကို အဆင်ပြေမယ်ထင်တဲ့ တစ်အုပ် ယူခဲ့ပါ။ ဟိုလေ သိပ်အထူကြီးတော့ မလုပ်နဲ့ပေါ့နော်။ ခပ်ပါးပါးထဲကပဲ”

ကျွန်တော် ခေါင်းတစ်ချက်ညိတ်ကာ အင်တာဗျူးကို ခပ်တိုတိုပဲရပ်လိုက်ပြီး ရေနွေးခွက်ကို မော့လိုက်တယ်။ ထိုင်နေတာလည်း ကြာပြီဆိုတော့ သွားမှပဲလို့ တွက်လိုက်တယ်။ 

“ဟုတ်ပြီ ညီမ။ အဆင်ပြေတာယူခဲ့မယ်” လို့ပြောပြီး ပြုံးပြလိုက်တယ်။ တစ်ခါတည်း ပိုက်ဆံလည်း ရှင်းလိုက်တယ်။ 

နောက်တစ်ပတ်နေတော့ အဲဒီ ဆိုင်ကို ကျွန်တော် နောက်တစ်ခေါက်ထပ်သွားတယ်။ မသွားခင်မှာ ကျွန်တော် ဝတ္ထုတိုတစ်ပုဒ်ရေးတယ်။ ဇာတ်လမ်းက တခြားမဟုတ်ဘူး၊ ဖိုးဇော်ရဲ့အကြောင်းပဲ။ ဖိုးဇော်နဲ့ နွေးနွေးနဲ့ ကျောင်းတုန်းက ပထမနှစ် သရေပင်ကိစ္စကစပြီး စာအုပ်ငှားဖတ်တဲ့အဆင့်၊ ဆွေးနွေးတဲ့အဆင့်၊ နောက် ညားတဲ့အဆင့်၊ နောက်ဆုံး ကျွန်တော်နဲ့အရက်ဆိုင်မှာတွေ့ပြီး သူ့မိန်းမ စာတကယ်မဖတ်ကြောင်း ပြောပြတဲ့အဆင့်ထိကို အဖြစ်မှန်ကို တည်ပြီး စိတ်ကူးနဲ့ ဇာတ်ကောင်တွေမွေးပြီး ရေးလိုက်တယ်။ ပြီးတော့ ပရင့်ထုတ်လိုက်တာ အေဖိုးစာရွက်နဲ့ ငါးမျက်နှာလောက်ရတယ်။ 

ကျွန်တော်လည်း စာအုပ်စင်ကနေ ကိုယ်သိပ်အကြိုက်လှကြီး မဟုတ်တဲ့ စာအုပ်တစ်အုပ်ယူလိုက်ပြီး ခုနက ပရင့်ထုတ်ထားတဲ့ စာရွက်တွေကို စာအုပ်ကြားမှာ ညှပ်လိုက်တယ်။ ပြီးတော့ ကြွပ်ကြွပ်အိတ်တစ်အိတ်ထဲ စာအုပ်ကို ထည့်ပြီး စံပယ်ရုံ ကော်ဖီဆိုင်ကို ထွက်လာလိုက်တယ်။ ဆိုင်ရောက်တော့ ဟိုကောင်မလေးက ဝမ်းပန်းတသာနဲ့ “ဟာ ... အစ်ကိုကလည်း စာအုပ်ငှားခါမှ ပေါ်ကိုမလာတော့ပဲကိုး။ မျှော်နေတာ။ စာအုပ်မှ သတိရပါ့မလားလို့” တဲ့။ 

ကျွန်တော်လည်း အဆင်ပြေမယ်ထင်တဲ့တစ်အုပ်ယူလာတဲ့ အကြောင်းပြောပြီး စာအုပ်အဖုံးကို ထုတ်ပြလိုက်တယ်။ ဒီစာအုပ်သိလား၊ ဖတ်ဖူးလား၊ စာရေးသူကိုရော သိလားဆိုတော့ ဟင့်အင်းတဲ့။ ပြီးတော့ စာအုပ်ကို ကြွပ်ကြွပ်အိတ်ကလေးအတိုင်း ယူသွားတယ်။ နည်းနည်းပါးပါးတောင် လှန်လှောမကြည့်ဘူး။ သေချာလှန်မကြည့်ဘဲ စာအုပ်ကို ဒီအတိုင်းလေး ဖလပ်ဖလပ်ဖြစ်အောင် လုပ်လိုက်ရင်တောင် ကျွန်တော် ညှပ်ထားတဲ့ ဝတ္ထုတိုစာရွက်လေးကို သတိထားမိမှာပဲ။ အဲဒီအခါကျ ဒါ ကျွန်တော်ရေးထားတဲ့ ဝတ္ထုတိုဖြစ်ကြောင်း၊ သူဖတ်ရအောင် ယူလာကြောင်း ပြောပြမိမှာ။ အဓိကက ဟိုစာအုပ်ကို သူစိတ်မဝင်စားရင်တောင် ကျွန်တော့်ဝတ္ထုတိုကိုတော့ ဖတ်ကြည့်စေချင်တာပဲ။ 

ဒါပေမဲ့ ခုတော့ သူက သေချာတောင်ဖွင့်မကြည့်တော့ ပြောမပြလိုက်ရရှာဘူး။ သူ ဒီစာအုပ်ကို ညရောက်လို့ လှန်ကြည့်မိ၊ ဖွင့်ကြည့်မိတယ်ဆို ဒါလေးတွေ့ရင် ရုတ်တရက်တော့ ရည်းစားစာပေးတယ်လို့များ ထင်မလားမသိဘူး။

“ညီမကလေ စာဖတ်နှေးတယ်။ နည်းနည်းတော့ ကြာမယ်အစ်ကို။ ဖြစ်လား” ဆိုတော့ ကျွန်တော်လည်း “ဖြစ်တယ်။ ဒီစာအုပ်က အပိုင်ပဲ။ အေးဆေးဖတ်ပါ” လို့ ပြုံးပြုံးလေး ပြောလိုက်တယ်။

ကျွန်တော် စာအုပ်တစ်အုပ် အဆုံးခံလိုက်ပါတယ်။ အဲဒီနေ့ကစလို့ စံပယ်ရုံကဖေးကို ကျွန်တော် နောက်တစ်ခေါက် ထပ်မသွားတော့ပါဘူး။ 

နောက်သုံးလနေတော့ မဂ္ဂဇင်းတစ်စောင်မှာ ဖိုးဇော်အကြောင်း ရေးထားတဲ့ ဝတ္ထုတိုလေး ပါလာလေရဲ့။ စာမူခ ကိုတော့ ဘော်ဒါတွေနဲ့ မြို့ထဲက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာပဲ လက်ဖက်ရည်ဝိုင်းလိုက်ကြတယ်။ ။


Comments

အဖတ်အများဆုံး

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...

အနက်မထင် ပဟေဠိများ

မစဲသော တံခါးခေါက်သံများ လှည့်ရလွန်းသဖြင့် ပျက်လုလု လက်ကိုင်ဘု မကွေးညွတ်တတ်မီက ငါ့နှုတ်ခမ်းများကို ပုလဲပုတီးတကုံးဆွဲသော လည်တိုင်အထက်မှာ ပြန်ရှာတွေ့ပါသည် ရောင်စုံစာအိတ်များနှင့် ပြည့်လျှံနေသော အိမ်ရှေ့က အဝင်စာတိုက်ပုံး ဖွင့်ကြည့်မိသော အိပ်မက်ထဲကပြန်စာတစောင် အထဲမှာ ဗလာစာရွက်တရွက် နှင်းဆီပွင့်များအား နေ့တိုင်း ငါပြန်ပြုံးပြဖို့ကြိုးစားပါသည် စံပယ်နဲ့တွေ့မယ့်အခါအတွက် ရီဟာဇယ်အဖြစ် သို့သော် ... စံပယ် ဪ ချစ်စံပယ်ဟာ မျက်နှာလွှဲသွား အခန်းထဲဝင်အလာ ‘မင်္ဂလာပါ’ ဟု လက်ပိုက်နှုတ်ဆက်ကြသူများ ခင်ခင်ပျိုတွေ တပျော်တပါး ပါသွားသော မပြေးဆွဲဖြစ်လိုက်သော လေအိတ်ရထားများ မြောက်မှတောင်သို့တိုက်နေသော နှင်းစက်တင်လေများ အသားတွေပပ်ကြားအက်နေသော လေကြောင်းသင့် ငါ့မျက်နှာ လမ်းပေါင်းများစွာ လမ်းပေါင်းများစွာ ဖြောင့်ဖြောင့်ဖြူးဖြူး ချိုင့်ကျင်းမရှိ ကတ္တရာလမ်းများ အကောင်းစား ဇိမ်ခံကားများ အဲကွန်းပါသော ဘတ်စ်ကားများ ဓာတ်တိုင်များ၊ LED လမ်းမီးများ ဓာတ်ကြိုးများပေါ်ရှိ ခိုများ လမ်းဘေးဝဲယာက အိမ်ကြီးရခိုင်များ လကြည့်နေသူများ ... ကြယ်ရေတွက်နေသူများ နို့ဆာနေသူများ ... အာသာဖြေနေကြသူများ ‘အိမ်ရှင်’ ဟုခေါ်၍ တံခါးကို အသာအယာ ခေါက်၏ တံခါ...

ခွေးတစ်ကောင်နှင့် ကလေးကိုးယောက်

စကော့တီသည် သန်မာထွားကြိုင်းလှသော ခွေးဘီလူးမတစ်ကောင်ဖြစ်သည်။ ကျန်းလည်းကျန်းမာ၊ ချစ်ဖို့ လည်းကောင်း၊ ဖျတ်ဖျတ်လတ်လတ်လည်း ရှိသည်။ စကော့တီ၏ သခင်လင်မယားဖြစ်ကြသော ရောဘတ်နှင့် အေဒယ်လင်းတို့သည် အိုင်ဗရီကို့စ်မှ ထွက်ခွာ သွားကြတော့မည်။ သူတို့က တဟီတီသို့ သွားကြမည်။ လမ်းမှာ ပြင်သစ်ခဏဝင်ဦးမည်။ သို့ဖြစ်၍ သူတို့ အဖို့ စကော့တီကို တစ်ပါတည်းခေါ်သွားဖို့ရာမှာ အတော်လေး ခက်ခဲနေကြသည်။ သို့သော် သိပ်ကြာကြာ မရှာလိုက်ရဘဲ သူတို့ခွေးအတွက် သခင်အသစ်ကို တွေ့သွားကြသည်။ အသက်လေးနှစ်အရွယ် ကျွန်တော့သား ရိုမိန်းကလည်း ခွေးကိုချစ်သည်။ ကျွန်တော်တို့ကလည်း သဘောကျသည်။ ထို့ပြင် ကျွန်တော်တို့ ကလည်း ခြံနှင့်ဝင်းနှင့် လုံးချင်းအိမ်မှာနေကြသည်က တစ်ကြောင်း၊ ကျွန်တော်တို့ခြံစောင့် ဘူရီမာကလည်း တစ်ခုခု ကြားလျှင် ထကြည့်ဖို့ထက် ဆက်နှပ်ချင်နေတတ်သူ ဖြစ်တာကတစ်ကြောင်း (ကျွန်တော်တို့ကလည်း သူ့ကို ဘယ်လိုလုပ်အပြစ်သွားပြောမလဲ) စကော့တီကိုသာ မွေးထားလိုက်လျှင် အိမ့်လုံခြုံရေးမှာ တစ်တပ်တစ်အား ဖြစ်သွားမည်ဟု တွေးမိပါသည်။ တိုတိုပြောရလျှင် စကော့တီမည်သော ခွေးမသည် ကျွန်တော်တို့နှင့် လာနေဖြစ်သွားသည်။ အားလုံးကလည်း ကျေနပ်ကြသည်။ ကျွန်တော်တို့အိမ်မှာ ခိုင်...

ကျွန်တော်တည်ခင်းချင်သော ထမင်းဝိုင်းကလေး

ဒေဝါအမ္ဗုန်အရှင်သည် အငြိုးတကြီးဖြင့် မိုးစက်မိုးပေါက် များကို အရှိန်ပြင်းပြင်းလွှတ်ချလို့ နေပါသည်။ ထက်ကောင်းကင် အဇဋာကတော့ မည်းမှောင်လို့။ ‘အတိတ် ကိုလည်းမပြန်နှင့်၊ အနာဂတ်ကိုလည်း မကြံနှင့်’ ဟူ၍ ပစ္စုပ္ပန် မှာသာနေရန် ပညာရှိကဝိတို့ ဆုံးမကြသော်ငြား မိုးသံ တဖြောက်ဖြောက်သည် အတိတ်ကို မပြန်ဘဲ မနေနိုင်အောင် ကျွန်တော့်စိတ်ကို ဆွတ်ချူနေပါသည်။ သရုပ်ဖော် - သိန်းထွန်းဦး တောင်တောင်အီအီ အတွေးနယ်ချဲ့မိနေစဉ် တည်ထားသည့် ဟင်းအိုးဆီမှ တူးနံ့အနည်းငယ်ရလာသဖြင့် ကမန်းကတန်း ထတည့်၍ အမြန်ပြေးပြီး မီးဖိုပေါ်မှ ပြေးချရပြန်ပါသည်။ အနည်းငယ် ကပ်သွားသည်မှ လွဲ၍ ဟင်းသည် စားဖို့ရန် အနေတော်လေး ဖြစ်ပါသည်။ ဟင်းနံ့ မွှေးမွှေးကြောင့် ကျွန်တော့်ဗိုက်မှာ ပိုလို့ပင်ဆန္ဒ ပြလာပါသည်။ သို့သော် ကျွန်တော့်မှာ ချက်ချင်း မစားနိုင်သေး။ ထမင်းနှင့်ဟင်းကိုကြည့်ရင်း ခေတ္တခဏထိုင်ကာ အမောဖြေရင်း စောစောက အတွေးစကို ပြန်ဆက်နေ မိလေသည်။ ကျွန်တော်တို့မိသားစုတွင် အဖေ၊ အမေနှင့် ကျွန်တော် သုံးဦးသာ ရှိလေသည်။ တစ်ဦးတည်းသောသား ဖြစ်ရ ခြင်းအတွက် ကံကောင်းသည်လား မကောင်းသည်လား ကျွန်တော့်တွင် ဝိဝါဒကွဲစရာ ချည်ခင်အစရှိပါသော် လည်း သားတစ်ယောက်သာ မွေးမိသည့်အတွက်...