Skip to main content

အင်ဒရိုမီဒါနှင့်ကျွန်တော်တို့ ဆုံတဲ့အခါ ပြန်ပြောပြချင်တဲ့ နိုဝင်ဘာ ၂၇

နိုဝင်ဘာလ ၂၇ ရက်နေ့သည် ကျွန်တော့်ဘဝတွင် တိုက်ဆိုင်စွာပင် အမှတ်တရများရှိသော နေ့စွဲတစ်ခု ဖြစ်ပါသည်။ လူတို့သည် သူတို့ဘဝတွင် ထူးခြားဖြစ်စဉ်များနှင့်ကြုံရသောအခါ ထိုသို့ကြုံရသည့် နေ့စွဲကို မှတ်မိနေတတ်ကြသည် မဟုတ်လား။ 

(၁)

နိုဝင်ဘာ ၂၇ နှင့်ပတ်သက်၍ ပထမဆုံး အမှတ်တရမှာ ထိုနေ့သည် အဘွားဆုံးသောနေ့စွဲဖြစ်သည်။ အဘွား ရုတ်တရက် ဆုံးတုန်းက ကျွန်တော်အသက် ၁၆ နှစ်အရွယ်။ အဘွားသည် အိပ်ရာထပြီးနောက် ရေချိုးခန်းထဲ မျက်နှာသစ်နေရာမှ နှလုံးရပ်ကာ သတိလစ်သွားခဲ့သည်။ အိမ်သားများက ရှေးဦးသူနာပြုစုနည်းဖြင့် နှလုံးပြန်နှိုးကာ ဆေးရုံအမြန်ပို့သော်လည်း ထိုတောင်ကိုမကျော်နိုင်ခဲ့ပါ။ အဘွား အဲသည်လိုတွေ ဖြစ်နေတော့ ကျွန်တော်က ကျောင်းသွားနေချိန်။ မနက်ကျောင်းမသွားခင် အဘွားကို တွေ့လိုက်သေး သည်။ ကျောင်းမှအိမ်ပြန်လာတော့ အဘွားမရှိတော့။ မြန်လိုက်တာ။ သည်လိုမှန်း သိခဲ့လျှင် ကျောင်းမသွားခင် အဘွားကို ဖက်သွားခဲ့ရကောင်းသား။ 



အဘွားဆုံးတော့ အမေတို့ငိုကြသည်။ အဘွားအကြောင်းတွေ တသသပြန်ပြောကြ၊ အဘွားကို အာဂမိန်းမဟဲ့ ဟူ၍ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်ကြ။ လွမ်းဆွေးကြ။ အဘွားသည် ရှာမှရှားသောမိန်းမတွေထဲက တစ်ယောက်ဟု ထောပနာကြသည်။ ကျွန်တော်သည် နာရေးကာလတစ်လျှောက်လုံး အိမ်မှာ ဧည့်သည်တွေ တရုန်းရုန်း၊ အမျိုးတွေလည်း စုံညီစွာဖြင့် ညဉ့်နက်သည်အထိ ပြောကြသော စကားဝိုင်းများထဲတွင် ပျော်ပင်ပျော်နေမိသေးသည်။ “အဘိုး အဘွား သေလျှင် မြေးပျော်” သတဲ့။ ပျော်ရခြင်းမှာ အဘွားဆုံးလို့မဟုတ်၊ နာရေးကိုအကြောင်းပြု၍ လူစုံ တက်စုံ တွေ့ရ၍၊ ကြားရခဲသော ရှေးဟောင်းနှောင်းဖြစ်များ၊ ပုံတိုပတ်စများကို နားထောင်ရ၍ ဖြစ်သည်။

အဘွား၏ချီးမွမ်းခန်းတွေ နားထောင်ရင်း ကျွန်တော့်အတွေးထဲတွင် အဘွားရှိတုန်းက ဒီအကြောင်းတွေ ငါတို့သိအောင် အမေတို့က ဘာလို့မပြောပြကြပါလိမ့်ဟု မေးခွန်းပေါ်လာခဲ့သည်။ လူတစ်ယောက်ကို သေမှချီးမွမ်းပါဆိုသော စကားအရ အဘွားအကြောင်းကို သေမှပြောရအောင် လူကြီးများက စောင့်ခဲ့ကြ လေသလား။ ဟုတ်တော့ မဟုတ်နိုင်ပါ။ သို့သော် ကျွန်တော့်အဖို့တော့ အဘွားမသေခင် အဘွားအကြောင်း ပို ပြည့်ပြည့်စုံစုံ သိခွင့်ရခဲ့လျှင် ပိုကောင်းမည်ဟု ထင်မိပါသည်။ အဘွားဘဝ ဖြတ်သန်းမှုကို ပိုသိရလျှင် အဘွားအကြောင်းကို ပိုစိတ်ဝင်စားမိမည်။ စိတ်ဝင်စားမိလျှင် မေးခွန်းများ ပိုမေးမိခဲ့မည်။ စိတ်ဝင်စားစရာ ကောင်းသော အဘွားဘဝအကြောင်းကို သည့်ထက်ပို သိခဲ့လျှင် ယခု ဝတ္ထုပြန်ရေးကောင်း ရေးမိနိုင်သည်။ သေမှတော့ ဘာမှ မေးလို့မရတော့။ ကျန်နေသေးသူတွေကို ပြန်မေးလို့ရသော်လည်း ကာယကံရှင်၏ နှုတ်ထွက်စကား (primary source) မဟုတ်တော့။ တစ်ဆင့်ပြော (secondary source) တွေမျှသာ။ 

ကိုယ်နှင့် အနီးဆုံး နေခဲ့သူ လူတစ်ယောက်အကြောင်းကို သူသေမှ သူများတကာပြောလို့ သိရခြင်းကြောင့် နှမြောရခြင်းနှင့်အတူ လူတစ်ယောက်ကို သေမှချီးမွမ်းရမှာလား၊ ရှင်စဉ်ကတည်းက ချီးမွမ်းရမှာလား ဆိုသော မေးခွန်းသည် ထိုနေ့ကိုအစွဲပြု၍ ကျွန်တော့်အား တရစပ်မေးနေခြင်းကြောင့် နိုဝင်ဘာ ၂၇ သည် မေ့မရသော နေ့စွဲတစ်ခု ဖြစ်လာခဲ့သည်။ 

(၂)

နိုဝင်ဘာ ၂၇ ရက်နေ့သည် ကျွန်တော် နိုင်ငံအဆင့် စာပေဆုပေးပွဲတစ်ခုတွင် ဆုတက်ယူခဲ့ရသည့် နေ့ တစ်နေ့လည်း ဖြစ်သည်။ ထိုမတိုင်မီတစ်နှစ်က ကျွန်တော်သည် နိုင်ငံခြားဝတ္ထုတစ်ပုဒ်ကို ကြိုးစားပမ်းစား ဘာသာပြန်ပြီးသည့်နောက် မိမိ၏အားထုတ်မှုကို ဆုရွေးချယ်ရေးအဖွဲ့က သဘောကျသည်ဟုဆိုကာ ဆုချီးမြှင့်ခဲ့သည်။ ထိုဆုကို တက်ယူခဲ့ရသည်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့ဖြစ်သည်။ ထိုစဉ်က ကျွန်တော် ဆုရသဖြင့် အမျိုးအဆွေများ၊ မိတ်ဆွေသူငယ်ချင်းများက ဂုဏ်ယူဝမ်းသာကြသည်။ သို့သော် ကျွန်တော်ကမူ ဝမ်းသာရခြင်းနှင့်အတူ အတွေးတွေလည်း ပွားနေမိခဲ့ပြန်သည်။ 

ကျွန်တော်တို့ ပြည်တွင်းက စာပေဆုတွေကို ကမ္ဘာကမသိပါ။ မြန်မာစာရေးဆရာတွေကိုလည်း ကမ္ဘာက မသိပါ။ ကမ္ဘာမဆိုနှင့် အာဆီယံမှာတောင် မသိပါ။ မြန်မာဆိုသော နိုင်ငံကိုတောင် ကမ္ဘာကမသိမှတော့ မြန်မာစာပေကိုရော၊ မြန်မာစာရေးဆရာတွေကိုရော ကမ္ဘာက မသိတာ ဆန်းပါ့မလား။ မြန်မာဝတ္ထုတွေကို ဘာသာပြန်ထုတ်ဝေကြတာ ရှိပါသည်။ သို့သော် ကမ္ဘာသိတော့ မဟုတ်သေး။ မြန်မာ (ရသ) စာရေးဆရာတို့၏ လက်ရာတို့သည် ကမ္ဘာတစ်ဝန်းရှိ စာအုပ်ဆိုင်ကြီးများ၏ စာအုပ်စင်များပေါ်တွင် ခန့်ခန့်ညားညား နေရာမယူတတ်သေး။ 

မြန်မာရသစာရေးဆရာတို့သည် ကိုယ့်ပြည်တွင်းမှာ ကိုယ့်အချင်းချင်းပြန်ပေးသောဆုတွေမျှလောက်နှင့် ဝါးလုံးခေါင်းထဲ လသာနေသည့် အဖြစ်ကိုတော့ ကျွန်တော် မတင်းတိမ်နိုင်ပါ။ ကျွန်တော်တို့ စာပေလက်ရာတွေကို ကမ္ဘာက ဖတ်လည်းဖတ်စေချင်သည်။ သိလည်း သိစေချင်၊ ပေါက်လည်း ပေါက်စေချင်သည်။ မြန်မာစာရေးဆရာ တစ်ဦးအမည်ကို ပြောလိုက်လျှင် “အိုး သိတာပေါ့” ဟု နိုင်ငံခြားသားများက ပြောတာ ပြန်ကြားချင်သည်။ ကိုယ့်အချင်းချင်းသာ ဖတ်၊ ကိုယ့်အချင်းချင်းသာ ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက် ဘဝနှင့် အိပ်ပျော်မနေစေချင်။ ကမ္ဘာ့စာပေ စင်မြင့်မှာ ဘာတွေရေးနေကြပြီလဲ။ ၂၁ ရာစုမှာ ရသခံစားမှု ရပ်ဝန်းအသစ်  လမ်းကြောင်းအသစ် ဘာတွေ ပေါ်နေပြီလဲ။ အနိမ့်ဆုံး အဆင့် အာဆီယံက ကမ္ဘာသိ စာရေးဆရာတွေက ဘယ်လိုဝတ္ထုမျိုးတွေ ရေးနေကြပြီလဲ။ ကျွန်တော်တို့ မျက်ခြည် မပြတ်ဖို့လိုသည်။ အာဆီယံ နိုင်ငံအချို့က စာရေးဆရာတချို့ ကမ္ဘာ့စင်မြင့်ထက် ရောက်နေကြပြီ (ဥပမာ - အင်ဒိုနီးရှား စာရေးဆရာ Eka Kurniawan)။

(၃)

ဆောင်းဦးအခါလည်း ဖြစ်သော တစ်ခုသော နိုဝင်ဘာ ၂၇ ရက်နေ့တွင် ကျွန်တော်သည် သွေးမတော်သားမစပ် လူမိန်းမတစ်ယောက်ကို ဘဝမှာ ပထမဆုံး အကြိမ်ချစ်ခဲ့မိသည်။ ဆောင်းလေအေးတို့ တိုက်ခတ်နေသော်လည်း ကျွန်တော့်ရင်ထဲ နွေးနေခဲ့သည်။ ကျွန်တော်သည် လေတိုက်တိုင်း ယိမ်းနွဲ့သွားခဲ့သော သစ်ပင်အကိုင်းအဖျားများကို ကြည့်နေမိခဲ့၏။ အရှေ့အရပ်မှ တိုးထွက်လာသော ရွှေဝါရောင် နေခြည်များသည် ချစ်သူ၏မျက်နှာပေါ် တစောင်း ကျရောက်နေသည်ကို ကြည့်နေမိခဲ့သည်။ ချစ်သူ၏ မျက်ဝန်းကလေးများထဲတွင် ထွက်ပြူစ နေနှစ်စင်းကို ကျွန်တော်မြင်ခဲ့သည်။ ချစ်သူ၏ ခေါင်းစည်းကြိုးအဝါရောင် အစကလေးသည် လေအတိုက်တွင် တလှုပ်လှုပ်ဖြစ်နေခဲ့သည်။ ရေထဲသို့နှစ်ထားသော ချစ်သူ၏လက်ကလေးကို ရေစီးကြောင်းက တိုးအတိုက်မှာ ရေမှုန်ရေမွှားကလေးများ ဖွာထွက်နေကြသည်။ ရေစီးအတိုင်း မျောပါလာသော တောပန်းလေးတစ်ပွင့်ကို ကျွန်တော်က ဆယ်ယူ၍ ချစ်သူ၏ခေါင်းမှာ ပန်ပေးလိုက်၏။ ချစ်သူက ကျွန်တော့်အား မပွင့်တပွင့် ပြန်ပြုံးပြခဲ့သည်။ ရွှေနေခြည်အောက်က ထိုအပြုံးနုနုသည် အဓိပ္ပာယ်အများကြီးပါသော အပြုံးဖြစ်သည်။

ကဗျာဆရာတို့သည် အချစ်ကိုတင်စားရာ၌ အဖူးအငုံလေးတစ်ပွင့် ပွင့်အာလာပုံ၊ နံနက်ခင်း အရှေ့အရပ်မှ နေဝန်းကြီး တိုးထွက်လာပုံ၊ အရုဏ်တက် ငှက်ကျေးတို့ သာယာဖွယ်တေးသီပုံတို့နှင့် ခိုင်းနှိုင်းတင်စားလေ့ ရှိကြသည်။ ကျွန်တော်ကတော့ ထိုနိမိတ်ပုံ ဥဒါဟရုဏ်များထဲမှ ဘယ်ဟာကိုမှ ယူမသုံးချင်ပါ။ ကျွန်တော်သုံးချင်သော ဥပမာမှာ သိပ္ပံပညာနယ်ပယ်မှ ဝေါဟာရတစ်ခုဖြစ်သည့် Big Bang သာဖြစ်သည်။ Big Bang ကို ‘မဟာပေါက်ကွဲမှု’ ဟု မြန်မာမှုပြုကြသူတွေလည်း ရှိသည်။ Big Bang သည် ပေါက်ကွဲသည့် သဘောမဟုတ်ဟု ဆိုကြသူများလည်း ရှိသည်။ ကျွန်တော်သည် သိပ္ပံပညာရှင်တစ်ဦးမဟုတ်ပါ။ ရူပဗေဒကိုလည်း ကျောင်းမှာ သင်ဖူးသလောက်သာ သိပါသည်။ သို့သော် နားလည်သလောက် ပြောရလျှင် Big Bang သည် စကြာဝဠာကြီး၏ မူလအစမှတ်၊ စကြာဝဠာကြီးမဖြစ်ခင် ရှိရှိသမျှ စွမ်းအင်အားလုံး အသေးဆုံး အကျုံ့ဆုံး စုစည်းထားသော အနေအထားမှသည် စတင်ပြန့်ကားသွားသည့် အဖြစ်အပျက်တစ်ခုကို ခေါ်ခြင်းဖြစ်သည်။ 

ကျွန်တော်သည် အချစ်၏ပေါက်ဖွားခြင်းအား Big Bang နှင့်သာ နှိုင်းချင်နေမိသည်။ Big Bang ဟူ၍မဖြစ်ခင် အခိုက်အတန့်တွင် စကြာဝဠာနှင့်ပတ်သက်လျှင် နားလည်ထားကြသော အချိန်နှင့်နေရာသဘော (spacetime dimension) များ မရှိသေး။ ထိုခဏတွင် စကြာဝဠာဖြစ်လာမည့် စွမ်းအင်စုစုပေါင်း၏ အတွင်းဆွဲအား (gravity) သည် သိပ်သည်းလွန်းသဖြင့် spacetime သည် singularity အဖြစ်နှင့်သာရှိနေသည့်အနေအထား။ ထိုမှသည် Big Bang ဖြစ်၊ ‘အချိန်’ နှင့် ‘နေရာ’ တို့ စတင် ပေါ်ပေါက်လာခဲ့။ နေတွေ၊ ဂြိုလ်တွေ၊ လတွေ၊ ဥက္ကာပျံ ဥက္ကာခဲတွေ၊ ဓာတ်ငွေ့တိမ်တိုက်တွေ ဖြစ်လာခဲ့။ ဂလက်ဆီတွေ ဖြစ်လာခဲ့။ စကြာဝဠာကြီး ပြန့်ကားလာခဲ့။

ချစ်သူကိုမတွေ့ခင်ကဆို ကျွန်တော်သည် Big Bang မတိုင်ခင် ရှိခဲ့ဖူးသော singularity မျှသာ။ ကျွန်တော့်တွင် space တို့၊ time တို့မရှိသေး။ ချစ်သူနှင့်ဆုံရခြင်းသည် ကျွန်တော်၏ Big Bang။ ထို့နောက် ကျွန်တော်သည် ယနေ့ ကျွန်တော် ဖြစ်လာခဲ့သည်။ ချစ်သူသည် ယနေ့ချစ်သူဖြစ်လာခဲ့သည်။ ချစ်သူနှင့် ကျွန်တော်တို့ကြားတွင် ကြားကွက်လပ် space တစ်ခု ရှိလာခဲ့သည်။ အချိန်ကာလ time ဆိုသော သဘောဖြစ်လာခဲ့သည်။ Big Bang ဖြစ်ပြီးနောက် ကျွန်တော်သည် နဂါးငွေ့တန်းဂလက်ဆီ (Milky Way Galaxy) ထဲက အလယ်အလတ် အရွယ်အစားရှိသည့် ကြယ်တစ်စင်းကို ဝန်းရံနေသည့် တတိယမြောက် ဂြိုဟ်ပြာကြီးပေါ်က ဂြိုဟ်သားတစ်ဦးဖြစ်လာကာ ချစ်သူက ကျွန်တော်တို့ ဂလက်ဆီနှင့် အနီးဆုံး ဂလက်ဆီဖြစ်သည့် ‘အင်ဒရိုမီဒါ ကြယ်စင်စု’ (Andromeda Galaxy) သို့ရောက်ရှိသွားသည်။ ကံဆိုးသည်က ကျွန်တော်တို့နှစ်ဦးသည် ကြယ်စင်စုတစ်ခုထဲတွင် ရှိမနေခြင်း။ ကံကောင်းပြန်သည်က ချစ်သူရှိရာ အင်ဒရိုမီဒါ ဂလက်ဆီသည် ကျွန်တော်တို့နှင့်အနီးဆုံး ဂလက်ဆီဖြစ်နေခြင်း။ ကံဆိုးပြန်သည်က အနီးဆုံးဆိုသော အင်ဒရိုမီဒါဂလက်ဆီသည်ပင် ကျွန်တော်တို့နှင့် အလင်းနှစ်ပေါင်း ၂ ဒသမ ၂ သန်းကွာဝေးခြင်း။ 

ဂရိဒဏ္ဍာရီတွင် အင်ဒရိုမီဒါသည် ဘုရင့်သမီးတော်ဖြစ်၍ တိုင်းပြည်ပျက်စီးမည့်ဘေးမှ ကာကွယ်ရန် အသက်ကို စတေးခံရမည့် ယဇ်ကောင်တစ်ဦး။ ပါးဆီးယပ် (Perseus) သည် ရေမိစ္ဆာကြီး၏ အစားခံရမည့်ဘေးမှ အင်ဒရိုမီဒါမင်းသမီးလေးကို ကယ်တင်ခဲ့သည့် လူနှင့်နတ်တို့စပ်ကျသော ဒေဝမနုဿ (demigod) တစ်ဦး။ 

ကံကောင်းပြန်သည်က ကျွန်တော်တို့ နေအဖွဲ့အစည်းပါဝင်သည့် နဂါးငွေ့တန်း ဂလက်ဆီနှင့် အင်ဒရိုမီဒါဂလက်ဆီတို့သည် တရွေ့ရွေ့ နီးကပ်လာနေပြီး အနာဂတ်တွင် ဂလက်ဆီနှစ်ခု တိုက်မိကာ တစ်ပေါင်းတည်းဖြစ်သွားကြမည်ဟု သိပ္ပံ ပညာရှင်တို့က ဆိုပါသည်။ ထိုအချိန်တွင် ကျွန်တော်နှင့် ချစ်သူတို့ ပေါင်းဆုံကြမည်။ သို့သော် ပေါင်းစည်းမိကြမည့်အချိန်သည် နောင်နှစ်ပေါင်း ၄ ဒသမ ၅ ဘီလျံ (နှစ်သန်းပေါင်း ၄၅၀၀) ဖြစ်သည်။ နောင်နှစ်ပေါင်း ၄ ဒသမ ၅ ဘီလျံအထိ ကျွန်တော် ဘယ်လိုလုပ် အသက်ရှင်ပါ့မလဲ။ 

သို့သော် သိပ္ပံပညာအလိုအရ စကြာဝဠာကြီး၏ စွမ်းအင်စုစုပေါင်းသည် ကိန်းသေသာဖြစ်သည်။ တိုးလည်း မတိုး၊ လျော့လည်း မလျော့။ ကျွန်တော်သေလျှင် ကျွန်တော်ခန္ဓာကိုယ်သည် စွမ်းအင်ပုံစံနောက်တစ်မျိုးသို့ ပြောင်းလဲပြိုကွဲသွားမည်။ စွမ်းအင်တို့မည်သည် ဖန်တီးလို့လည်းမရ၊ ဖျက်ဆီးလို့လည်း မရ (Energy can neither be created nor destroyed) ဟု ကျောင်းမှာတုန်းက သင်ခဲ့ရသည်မဟုတ်လား။ ဒါဖြင့် ရုပ်ခန္ဓာကတော့ ဟုတ်ပြီ။ ကျွန်တော့် နာမ်ခန္ဓာကတော့ရော။ အကြွင်းမဲ့ပျက်စီးသွားမှာလား၊ ပုံစံတစ်မျိုးမျိုးနဲ့ တစ်နေရာမှာ ဆက်ရှိနေမှာလား။ 

နာမ်ဟုဆိုဆို၊ စိတ်ဟု ခေါ်ခေါ် အာရုံကိုသိတတ်သော သဘော၊ တွေးတတ် ကြံဆတတ်၊ ခံစားတတ်သော ထို သဘောကလေး။ ထိုနာမ်သဘော၊ စိတ်သဘောကလေးသည် မီးခတ်ကျောက်နှစ်ခု ပွတ်တိုက်ရာမှ ပေါ်ထွက်လာသော မီးပွားကလေးပေါ့။ မီးပွားဆိုသည် စကြာဝဠာကြီးထဲမှာ ရှိပြီးသား အပူစွမ်းအင်ပဲ မဟုတ်လား။ အသစ် ရောက်ရှိလာသော အရာမဟုတ်။ သို့ဆိုလျှင် သက်ရှိတို့၏ နာမ်တို့သည်လည်း စကြာဝဠာကြီးထဲက ရှိပြီးသား စွမ်းအင်ဒယ်အိုးကြီးထဲမှ ခုန်ထွက်လာသော စွမ်းအင်အစအနတစ်မျိုးပဲပေါ့။ ဒါဆို ကျွန်တော့်ရုပ်ခန္ဓာကိုယ်ကြီး စွမ်းအင်ပုံစံနောက်မျိုးအဖြစ် ပြောင်းလဲပြိုကွဲသွားသည့်အတိုင်း ကျွန်တော့် နာမ် ခန္ဓာကလေးလည်း စွမ်းအင် ပုံစံနောက်တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပြီး စကြာဝဠာဆုံးတိုင် ဆက်ရှိနေဦးမည်။ ထို့ကြောင့် ကျွန်တော်သည် သေသော်လည်း သေသည်မမည်ပဲ စွမ်းအင်တစ်မျိုးမျိုးဖြင့် ဆက်ရှိနေကာ ချစ်ရသူ အင်ဒရိုမီဒါကို ဆက်စောင့်နေဦးမည် ဖြစ်သည်။

(၄)

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့သည်လည်း အမှတ်ရစရာ နေ့စွဲတစ်ခု ဖြစ်လာမည်ဟု ကျွန်တော် ထင်ပါသည်။ အပြောင်းအလဲများကို ဆောင်ကြဉ်းလာမည့်နေ့၊ အဟောင်းချုပ် အသစ်ဖြစ် (စေရန် အစပျိုး) မည့် နေ့တစ်နေ့ ဖြစ်လာမည်ဟု မျှော်လင့်ကြည့်ချင်ပြန်သည်။ ထိုနေ့ကို အမှတ်တရအဖြစ် ရင်ထဲမှာ ထပ်သိမ်းထားချင်သေးသည်။ 

နောင်နှစ်ပေါင်း ၄ ဒသမ ၅ ဘီလျံကြာလို့ အင်ဒရိုမီဒါဂလက်ဆီနှင့် ကျွန်တော်တို့ နဂါးငွေ့တန်းဂလက်ဆီတို့ ပေါင်းစည်းမိကြသည့်အခါ ရုပ်အသစ်၊ နာမ်အသစ်ဘဝဖြင့် ချစ်သူကို ကျွန်တော့်မှာ ပြောပြစရာရှိချင်ပါသည်။ “အင်ဒရိုမီဒါရေ ... လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဒသမ ၅ ဘီလျံတုန်းကပေါ့။ တို့တွေရဲ့ဂြိုဟ်ပြာကြီးပေါ်က ပြက္ခဒိန်အရ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ...” အစချီပြီး ချစ်သူ အင်ဒရိုမီဒါကို ကျွန်တော့်မှာ ပြောပြစရာတွေ တစ်ပုံကြီး ရှိနေချင်ပါသည်။ 

(ယခု စာစုကို အဖြစ်မှန် fact နှင့် ထိုးဇာတ် fiction နှစ်မျိုးပေါင်းပုံစံ တစ်မျိုးဖြင့် ရေးသားထားသည်။)


Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...