Skip to main content

အင်ဒရိုမီဒါနှင့်ကျွန်တော်တို့ ဆုံတဲ့အခါ ပြန်ပြောပြချင်တဲ့ နိုဝင်ဘာ ၂၇

နိုဝင်ဘာလ ၂၇ ရက်နေ့သည် ကျွန်တော့်ဘဝတွင် တိုက်ဆိုင်စွာပင် အမှတ်တရများရှိသော နေ့စွဲတစ်ခု ဖြစ်ပါသည်။ လူတို့သည် သူတို့ဘဝတွင် ထူးခြားဖြစ်စဉ်များနှင့်ကြုံရသောအခါ ထိုသို့ကြုံရသည့် နေ့စွဲကို မှတ်မိနေတတ်ကြသည် မဟုတ်လား။ 

(၁)

နိုဝင်ဘာ ၂၇ နှင့်ပတ်သက်၍ ပထမဆုံး အမှတ်တရမှာ ထိုနေ့သည် အဘွားဆုံးသောနေ့စွဲဖြစ်သည်။ အဘွား ရုတ်တရက် ဆုံးတုန်းက ကျွန်တော်အသက် ၁၆ နှစ်အရွယ်။ အဘွားသည် အိပ်ရာထပြီးနောက် ရေချိုးခန်းထဲ မျက်နှာသစ်နေရာမှ နှလုံးရပ်ကာ သတိလစ်သွားခဲ့သည်။ အိမ်သားများက ရှေးဦးသူနာပြုစုနည်းဖြင့် နှလုံးပြန်နှိုးကာ ဆေးရုံအမြန်ပို့သော်လည်း ထိုတောင်ကိုမကျော်နိုင်ခဲ့ပါ။ အဘွား အဲသည်လိုတွေ ဖြစ်နေတော့ ကျွန်တော်က ကျောင်းသွားနေချိန်။ မနက်ကျောင်းမသွားခင် အဘွားကို တွေ့လိုက်သေး သည်။ ကျောင်းမှအိမ်ပြန်လာတော့ အဘွားမရှိတော့။ မြန်လိုက်တာ။ သည်လိုမှန်း သိခဲ့လျှင် ကျောင်းမသွားခင် အဘွားကို ဖက်သွားခဲ့ရကောင်းသား။ 



အဘွားဆုံးတော့ အမေတို့ငိုကြသည်။ အဘွားအကြောင်းတွေ တသသပြန်ပြောကြ၊ အဘွားကို အာဂမိန်းမဟဲ့ ဟူ၍ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်ကြ။ လွမ်းဆွေးကြ။ အဘွားသည် ရှာမှရှားသောမိန်းမတွေထဲက တစ်ယောက်ဟု ထောပနာကြသည်။ ကျွန်တော်သည် နာရေးကာလတစ်လျှောက်လုံး အိမ်မှာ ဧည့်သည်တွေ တရုန်းရုန်း၊ အမျိုးတွေလည်း စုံညီစွာဖြင့် ညဉ့်နက်သည်အထိ ပြောကြသော စကားဝိုင်းများထဲတွင် ပျော်ပင်ပျော်နေမိသေးသည်။ “အဘိုး အဘွား သေလျှင် မြေးပျော်” သတဲ့။ ပျော်ရခြင်းမှာ အဘွားဆုံးလို့မဟုတ်၊ နာရေးကိုအကြောင်းပြု၍ လူစုံ တက်စုံ တွေ့ရ၍၊ ကြားရခဲသော ရှေးဟောင်းနှောင်းဖြစ်များ၊ ပုံတိုပတ်စများကို နားထောင်ရ၍ ဖြစ်သည်။

အဘွား၏ချီးမွမ်းခန်းတွေ နားထောင်ရင်း ကျွန်တော့်အတွေးထဲတွင် အဘွားရှိတုန်းက ဒီအကြောင်းတွေ ငါတို့သိအောင် အမေတို့က ဘာလို့မပြောပြကြပါလိမ့်ဟု မေးခွန်းပေါ်လာခဲ့သည်။ လူတစ်ယောက်ကို သေမှချီးမွမ်းပါဆိုသော စကားအရ အဘွားအကြောင်းကို သေမှပြောရအောင် လူကြီးများက စောင့်ခဲ့ကြ လေသလား။ ဟုတ်တော့ မဟုတ်နိုင်ပါ။ သို့သော် ကျွန်တော့်အဖို့တော့ အဘွားမသေခင် အဘွားအကြောင်း ပို ပြည့်ပြည့်စုံစုံ သိခွင့်ရခဲ့လျှင် ပိုကောင်းမည်ဟု ထင်မိပါသည်။ အဘွားဘဝ ဖြတ်သန်းမှုကို ပိုသိရလျှင် အဘွားအကြောင်းကို ပိုစိတ်ဝင်စားမိမည်။ စိတ်ဝင်စားမိလျှင် မေးခွန်းများ ပိုမေးမိခဲ့မည်။ စိတ်ဝင်စားစရာ ကောင်းသော အဘွားဘဝအကြောင်းကို သည့်ထက်ပို သိခဲ့လျှင် ယခု ဝတ္ထုပြန်ရေးကောင်း ရေးမိနိုင်သည်။ သေမှတော့ ဘာမှ မေးလို့မရတော့။ ကျန်နေသေးသူတွေကို ပြန်မေးလို့ရသော်လည်း ကာယကံရှင်၏ နှုတ်ထွက်စကား (primary source) မဟုတ်တော့။ တစ်ဆင့်ပြော (secondary source) တွေမျှသာ။ 

ကိုယ်နှင့် အနီးဆုံး နေခဲ့သူ လူတစ်ယောက်အကြောင်းကို သူသေမှ သူများတကာပြောလို့ သိရခြင်းကြောင့် နှမြောရခြင်းနှင့်အတူ လူတစ်ယောက်ကို သေမှချီးမွမ်းရမှာလား၊ ရှင်စဉ်ကတည်းက ချီးမွမ်းရမှာလား ဆိုသော မေးခွန်းသည် ထိုနေ့ကိုအစွဲပြု၍ ကျွန်တော့်အား တရစပ်မေးနေခြင်းကြောင့် နိုဝင်ဘာ ၂၇ သည် မေ့မရသော နေ့စွဲတစ်ခု ဖြစ်လာခဲ့သည်။ 

(၂)

နိုဝင်ဘာ ၂၇ ရက်နေ့သည် ကျွန်တော် နိုင်ငံအဆင့် စာပေဆုပေးပွဲတစ်ခုတွင် ဆုတက်ယူခဲ့ရသည့် နေ့ တစ်နေ့လည်း ဖြစ်သည်။ ထိုမတိုင်မီတစ်နှစ်က ကျွန်တော်သည် နိုင်ငံခြားဝတ္ထုတစ်ပုဒ်ကို ကြိုးစားပမ်းစား ဘာသာပြန်ပြီးသည့်နောက် မိမိ၏အားထုတ်မှုကို ဆုရွေးချယ်ရေးအဖွဲ့က သဘောကျသည်ဟုဆိုကာ ဆုချီးမြှင့်ခဲ့သည်။ ထိုဆုကို တက်ယူခဲ့ရသည်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့ဖြစ်သည်။ ထိုစဉ်က ကျွန်တော် ဆုရသဖြင့် အမျိုးအဆွေများ၊ မိတ်ဆွေသူငယ်ချင်းများက ဂုဏ်ယူဝမ်းသာကြသည်။ သို့သော် ကျွန်တော်ကမူ ဝမ်းသာရခြင်းနှင့်အတူ အတွေးတွေလည်း ပွားနေမိခဲ့ပြန်သည်။ 

ကျွန်တော်တို့ ပြည်တွင်းက စာပေဆုတွေကို ကမ္ဘာကမသိပါ။ မြန်မာစာရေးဆရာတွေကိုလည်း ကမ္ဘာက မသိပါ။ ကမ္ဘာမဆိုနှင့် အာဆီယံမှာတောင် မသိပါ။ မြန်မာဆိုသော နိုင်ငံကိုတောင် ကမ္ဘာကမသိမှတော့ မြန်မာစာပေကိုရော၊ မြန်မာစာရေးဆရာတွေကိုရော ကမ္ဘာက မသိတာ ဆန်းပါ့မလား။ မြန်မာဝတ္ထုတွေကို ဘာသာပြန်ထုတ်ဝေကြတာ ရှိပါသည်။ သို့သော် ကမ္ဘာသိတော့ မဟုတ်သေး။ မြန်မာ (ရသ) စာရေးဆရာတို့၏ လက်ရာတို့သည် ကမ္ဘာတစ်ဝန်းရှိ စာအုပ်ဆိုင်ကြီးများ၏ စာအုပ်စင်များပေါ်တွင် ခန့်ခန့်ညားညား နေရာမယူတတ်သေး။ 

မြန်မာရသစာရေးဆရာတို့သည် ကိုယ့်ပြည်တွင်းမှာ ကိုယ့်အချင်းချင်းပြန်ပေးသောဆုတွေမျှလောက်နှင့် ဝါးလုံးခေါင်းထဲ လသာနေသည့် အဖြစ်ကိုတော့ ကျွန်တော် မတင်းတိမ်နိုင်ပါ။ ကျွန်တော်တို့ စာပေလက်ရာတွေကို ကမ္ဘာက ဖတ်လည်းဖတ်စေချင်သည်။ သိလည်း သိစေချင်၊ ပေါက်လည်း ပေါက်စေချင်သည်။ မြန်မာစာရေးဆရာ တစ်ဦးအမည်ကို ပြောလိုက်လျှင် “အိုး သိတာပေါ့” ဟု နိုင်ငံခြားသားများက ပြောတာ ပြန်ကြားချင်သည်။ ကိုယ့်အချင်းချင်းသာ ဖတ်၊ ကိုယ့်အချင်းချင်းသာ ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက် ဘဝနှင့် အိပ်ပျော်မနေစေချင်။ ကမ္ဘာ့စာပေ စင်မြင့်မှာ ဘာတွေရေးနေကြပြီလဲ။ ၂၁ ရာစုမှာ ရသခံစားမှု ရပ်ဝန်းအသစ်  လမ်းကြောင်းအသစ် ဘာတွေ ပေါ်နေပြီလဲ။ အနိမ့်ဆုံး အဆင့် အာဆီယံက ကမ္ဘာသိ စာရေးဆရာတွေက ဘယ်လိုဝတ္ထုမျိုးတွေ ရေးနေကြပြီလဲ။ ကျွန်တော်တို့ မျက်ခြည် မပြတ်ဖို့လိုသည်။ အာဆီယံ နိုင်ငံအချို့က စာရေးဆရာတချို့ ကမ္ဘာ့စင်မြင့်ထက် ရောက်နေကြပြီ (ဥပမာ - အင်ဒိုနီးရှား စာရေးဆရာ Eka Kurniawan)။

(၃)

ဆောင်းဦးအခါလည်း ဖြစ်သော တစ်ခုသော နိုဝင်ဘာ ၂၇ ရက်နေ့တွင် ကျွန်တော်သည် သွေးမတော်သားမစပ် လူမိန်းမတစ်ယောက်ကို ဘဝမှာ ပထမဆုံး အကြိမ်ချစ်ခဲ့မိသည်။ ဆောင်းလေအေးတို့ တိုက်ခတ်နေသော်လည်း ကျွန်တော့်ရင်ထဲ နွေးနေခဲ့သည်။ ကျွန်တော်သည် လေတိုက်တိုင်း ယိမ်းနွဲ့သွားခဲ့သော သစ်ပင်အကိုင်းအဖျားများကို ကြည့်နေမိခဲ့၏။ အရှေ့အရပ်မှ တိုးထွက်လာသော ရွှေဝါရောင် နေခြည်များသည် ချစ်သူ၏မျက်နှာပေါ် တစောင်း ကျရောက်နေသည်ကို ကြည့်နေမိခဲ့သည်။ ချစ်သူ၏ မျက်ဝန်းကလေးများထဲတွင် ထွက်ပြူစ နေနှစ်စင်းကို ကျွန်တော်မြင်ခဲ့သည်။ ချစ်သူ၏ ခေါင်းစည်းကြိုးအဝါရောင် အစကလေးသည် လေအတိုက်တွင် တလှုပ်လှုပ်ဖြစ်နေခဲ့သည်။ ရေထဲသို့နှစ်ထားသော ချစ်သူ၏လက်ကလေးကို ရေစီးကြောင်းက တိုးအတိုက်မှာ ရေမှုန်ရေမွှားကလေးများ ဖွာထွက်နေကြသည်။ ရေစီးအတိုင်း မျောပါလာသော တောပန်းလေးတစ်ပွင့်ကို ကျွန်တော်က ဆယ်ယူ၍ ချစ်သူ၏ခေါင်းမှာ ပန်ပေးလိုက်၏။ ချစ်သူက ကျွန်တော့်အား မပွင့်တပွင့် ပြန်ပြုံးပြခဲ့သည်။ ရွှေနေခြည်အောက်က ထိုအပြုံးနုနုသည် အဓိပ္ပာယ်အများကြီးပါသော အပြုံးဖြစ်သည်။

ကဗျာဆရာတို့သည် အချစ်ကိုတင်စားရာ၌ အဖူးအငုံလေးတစ်ပွင့် ပွင့်အာလာပုံ၊ နံနက်ခင်း အရှေ့အရပ်မှ နေဝန်းကြီး တိုးထွက်လာပုံ၊ အရုဏ်တက် ငှက်ကျေးတို့ သာယာဖွယ်တေးသီပုံတို့နှင့် ခိုင်းနှိုင်းတင်စားလေ့ ရှိကြသည်။ ကျွန်တော်ကတော့ ထိုနိမိတ်ပုံ ဥဒါဟရုဏ်များထဲမှ ဘယ်ဟာကိုမှ ယူမသုံးချင်ပါ။ ကျွန်တော်သုံးချင်သော ဥပမာမှာ သိပ္ပံပညာနယ်ပယ်မှ ဝေါဟာရတစ်ခုဖြစ်သည့် Big Bang သာဖြစ်သည်။ Big Bang ကို ‘မဟာပေါက်ကွဲမှု’ ဟု မြန်မာမှုပြုကြသူတွေလည်း ရှိသည်။ Big Bang သည် ပေါက်ကွဲသည့် သဘောမဟုတ်ဟု ဆိုကြသူများလည်း ရှိသည်။ ကျွန်တော်သည် သိပ္ပံပညာရှင်တစ်ဦးမဟုတ်ပါ။ ရူပဗေဒကိုလည်း ကျောင်းမှာ သင်ဖူးသလောက်သာ သိပါသည်။ သို့သော် နားလည်သလောက် ပြောရလျှင် Big Bang သည် စကြာဝဠာကြီး၏ မူလအစမှတ်၊ စကြာဝဠာကြီးမဖြစ်ခင် ရှိရှိသမျှ စွမ်းအင်အားလုံး အသေးဆုံး အကျုံ့ဆုံး စုစည်းထားသော အနေအထားမှသည် စတင်ပြန့်ကားသွားသည့် အဖြစ်အပျက်တစ်ခုကို ခေါ်ခြင်းဖြစ်သည်။ 

ကျွန်တော်သည် အချစ်၏ပေါက်ဖွားခြင်းအား Big Bang နှင့်သာ နှိုင်းချင်နေမိသည်။ Big Bang ဟူ၍မဖြစ်ခင် အခိုက်အတန့်တွင် စကြာဝဠာနှင့်ပတ်သက်လျှင် နားလည်ထားကြသော အချိန်နှင့်နေရာသဘော (spacetime dimension) များ မရှိသေး။ ထိုခဏတွင် စကြာဝဠာဖြစ်လာမည့် စွမ်းအင်စုစုပေါင်း၏ အတွင်းဆွဲအား (gravity) သည် သိပ်သည်းလွန်းသဖြင့် spacetime သည် singularity အဖြစ်နှင့်သာရှိနေသည့်အနေအထား။ ထိုမှသည် Big Bang ဖြစ်၊ ‘အချိန်’ နှင့် ‘နေရာ’ တို့ စတင် ပေါ်ပေါက်လာခဲ့။ နေတွေ၊ ဂြိုလ်တွေ၊ လတွေ၊ ဥက္ကာပျံ ဥက္ကာခဲတွေ၊ ဓာတ်ငွေ့တိမ်တိုက်တွေ ဖြစ်လာခဲ့။ ဂလက်ဆီတွေ ဖြစ်လာခဲ့။ စကြာဝဠာကြီး ပြန့်ကားလာခဲ့။

ချစ်သူကိုမတွေ့ခင်ကဆို ကျွန်တော်သည် Big Bang မတိုင်ခင် ရှိခဲ့ဖူးသော singularity မျှသာ။ ကျွန်တော့်တွင် space တို့၊ time တို့မရှိသေး။ ချစ်သူနှင့်ဆုံရခြင်းသည် ကျွန်တော်၏ Big Bang။ ထို့နောက် ကျွန်တော်သည် ယနေ့ ကျွန်တော် ဖြစ်လာခဲ့သည်။ ချစ်သူသည် ယနေ့ချစ်သူဖြစ်လာခဲ့သည်။ ချစ်သူနှင့် ကျွန်တော်တို့ကြားတွင် ကြားကွက်လပ် space တစ်ခု ရှိလာခဲ့သည်။ အချိန်ကာလ time ဆိုသော သဘောဖြစ်လာခဲ့သည်။ Big Bang ဖြစ်ပြီးနောက် ကျွန်တော်သည် နဂါးငွေ့တန်းဂလက်ဆီ (Milky Way Galaxy) ထဲက အလယ်အလတ် အရွယ်အစားရှိသည့် ကြယ်တစ်စင်းကို ဝန်းရံနေသည့် တတိယမြောက် ဂြိုဟ်ပြာကြီးပေါ်က ဂြိုဟ်သားတစ်ဦးဖြစ်လာကာ ချစ်သူက ကျွန်တော်တို့ ဂလက်ဆီနှင့် အနီးဆုံး ဂလက်ဆီဖြစ်သည့် ‘အင်ဒရိုမီဒါ ကြယ်စင်စု’ (Andromeda Galaxy) သို့ရောက်ရှိသွားသည်။ ကံဆိုးသည်က ကျွန်တော်တို့နှစ်ဦးသည် ကြယ်စင်စုတစ်ခုထဲတွင် ရှိမနေခြင်း။ ကံကောင်းပြန်သည်က ချစ်သူရှိရာ အင်ဒရိုမီဒါ ဂလက်ဆီသည် ကျွန်တော်တို့နှင့်အနီးဆုံး ဂလက်ဆီဖြစ်နေခြင်း။ ကံဆိုးပြန်သည်က အနီးဆုံးဆိုသော အင်ဒရိုမီဒါဂလက်ဆီသည်ပင် ကျွန်တော်တို့နှင့် အလင်းနှစ်ပေါင်း ၂ ဒသမ ၂ သန်းကွာဝေးခြင်း။ 

ဂရိဒဏ္ဍာရီတွင် အင်ဒရိုမီဒါသည် ဘုရင့်သမီးတော်ဖြစ်၍ တိုင်းပြည်ပျက်စီးမည့်ဘေးမှ ကာကွယ်ရန် အသက်ကို စတေးခံရမည့် ယဇ်ကောင်တစ်ဦး။ ပါးဆီးယပ် (Perseus) သည် ရေမိစ္ဆာကြီး၏ အစားခံရမည့်ဘေးမှ အင်ဒရိုမီဒါမင်းသမီးလေးကို ကယ်တင်ခဲ့သည့် လူနှင့်နတ်တို့စပ်ကျသော ဒေဝမနုဿ (demigod) တစ်ဦး။ 

ကံကောင်းပြန်သည်က ကျွန်တော်တို့ နေအဖွဲ့အစည်းပါဝင်သည့် နဂါးငွေ့တန်း ဂလက်ဆီနှင့် အင်ဒရိုမီဒါဂလက်ဆီတို့သည် တရွေ့ရွေ့ နီးကပ်လာနေပြီး အနာဂတ်တွင် ဂလက်ဆီနှစ်ခု တိုက်မိကာ တစ်ပေါင်းတည်းဖြစ်သွားကြမည်ဟု သိပ္ပံ ပညာရှင်တို့က ဆိုပါသည်။ ထိုအချိန်တွင် ကျွန်တော်နှင့် ချစ်သူတို့ ပေါင်းဆုံကြမည်။ သို့သော် ပေါင်းစည်းမိကြမည့်အချိန်သည် နောင်နှစ်ပေါင်း ၄ ဒသမ ၅ ဘီလျံ (နှစ်သန်းပေါင်း ၄၅၀၀) ဖြစ်သည်။ နောင်နှစ်ပေါင်း ၄ ဒသမ ၅ ဘီလျံအထိ ကျွန်တော် ဘယ်လိုလုပ် အသက်ရှင်ပါ့မလဲ။ 

သို့သော် သိပ္ပံပညာအလိုအရ စကြာဝဠာကြီး၏ စွမ်းအင်စုစုပေါင်းသည် ကိန်းသေသာဖြစ်သည်။ တိုးလည်း မတိုး၊ လျော့လည်း မလျော့။ ကျွန်တော်သေလျှင် ကျွန်တော်ခန္ဓာကိုယ်သည် စွမ်းအင်ပုံစံနောက်တစ်မျိုးသို့ ပြောင်းလဲပြိုကွဲသွားမည်။ စွမ်းအင်တို့မည်သည် ဖန်တီးလို့လည်းမရ၊ ဖျက်ဆီးလို့လည်း မရ (Energy can neither be created nor destroyed) ဟု ကျောင်းမှာတုန်းက သင်ခဲ့ရသည်မဟုတ်လား။ ဒါဖြင့် ရုပ်ခန္ဓာကတော့ ဟုတ်ပြီ။ ကျွန်တော့် နာမ်ခန္ဓာကတော့ရော။ အကြွင်းမဲ့ပျက်စီးသွားမှာလား၊ ပုံစံတစ်မျိုးမျိုးနဲ့ တစ်နေရာမှာ ဆက်ရှိနေမှာလား။ 

နာမ်ဟုဆိုဆို၊ စိတ်ဟု ခေါ်ခေါ် အာရုံကိုသိတတ်သော သဘော၊ တွေးတတ် ကြံဆတတ်၊ ခံစားတတ်သော ထို သဘောကလေး။ ထိုနာမ်သဘော၊ စိတ်သဘောကလေးသည် မီးခတ်ကျောက်နှစ်ခု ပွတ်တိုက်ရာမှ ပေါ်ထွက်လာသော မီးပွားကလေးပေါ့။ မီးပွားဆိုသည် စကြာဝဠာကြီးထဲမှာ ရှိပြီးသား အပူစွမ်းအင်ပဲ မဟုတ်လား။ အသစ် ရောက်ရှိလာသော အရာမဟုတ်။ သို့ဆိုလျှင် သက်ရှိတို့၏ နာမ်တို့သည်လည်း စကြာဝဠာကြီးထဲက ရှိပြီးသား စွမ်းအင်ဒယ်အိုးကြီးထဲမှ ခုန်ထွက်လာသော စွမ်းအင်အစအနတစ်မျိုးပဲပေါ့။ ဒါဆို ကျွန်တော့်ရုပ်ခန္ဓာကိုယ်ကြီး စွမ်းအင်ပုံစံနောက်မျိုးအဖြစ် ပြောင်းလဲပြိုကွဲသွားသည့်အတိုင်း ကျွန်တော့် နာမ် ခန္ဓာကလေးလည်း စွမ်းအင် ပုံစံနောက်တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပြီး စကြာဝဠာဆုံးတိုင် ဆက်ရှိနေဦးမည်။ ထို့ကြောင့် ကျွန်တော်သည် သေသော်လည်း သေသည်မမည်ပဲ စွမ်းအင်တစ်မျိုးမျိုးဖြင့် ဆက်ရှိနေကာ ချစ်ရသူ အင်ဒရိုမီဒါကို ဆက်စောင့်နေဦးမည် ဖြစ်သည်။

(၄)

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့သည်လည်း အမှတ်ရစရာ နေ့စွဲတစ်ခု ဖြစ်လာမည်ဟု ကျွန်တော် ထင်ပါသည်။ အပြောင်းအလဲများကို ဆောင်ကြဉ်းလာမည့်နေ့၊ အဟောင်းချုပ် အသစ်ဖြစ် (စေရန် အစပျိုး) မည့် နေ့တစ်နေ့ ဖြစ်လာမည်ဟု မျှော်လင့်ကြည့်ချင်ပြန်သည်။ ထိုနေ့ကို အမှတ်တရအဖြစ် ရင်ထဲမှာ ထပ်သိမ်းထားချင်သေးသည်။ 

နောင်နှစ်ပေါင်း ၄ ဒသမ ၅ ဘီလျံကြာလို့ အင်ဒရိုမီဒါဂလက်ဆီနှင့် ကျွန်တော်တို့ နဂါးငွေ့တန်းဂလက်ဆီတို့ ပေါင်းစည်းမိကြသည့်အခါ ရုပ်အသစ်၊ နာမ်အသစ်ဘဝဖြင့် ချစ်သူကို ကျွန်တော့်မှာ ပြောပြစရာရှိချင်ပါသည်။ “အင်ဒရိုမီဒါရေ ... လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဒသမ ၅ ဘီလျံတုန်းကပေါ့။ တို့တွေရဲ့ဂြိုဟ်ပြာကြီးပေါ်က ပြက္ခဒိန်အရ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ...” အစချီပြီး ချစ်သူ အင်ဒရိုမီဒါကို ကျွန်တော့်မှာ ပြောပြစရာတွေ တစ်ပုံကြီး ရှိနေချင်ပါသည်။ 

(ယခု စာစုကို အဖြစ်မှန် fact နှင့် ထိုးဇာတ် fiction နှစ်မျိုးပေါင်းပုံစံ တစ်မျိုးဖြင့် ရေးသားထားသည်။)


Comments

အဖတ်အများဆုံး

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

ပြိုင်တူအဖြေရှာ ဦးနှောက်ယိုစီးမှုပုစ္ဆာ

“တို့နိုင်ငံကပညာတော်သင် ကျောင်းသားတွေ ပြီးသွားရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်မလာကြဘူးကွ” ဟု ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတစ်ခုမှ သူငယ်ချင်းတစ်ဦးက ပြောဖူးပါသည်။ ပညာရေး စနစ်တွင် နာမည်ကြီးသည့် အခြား နိုင်ငံများတွင် ပညာတော်သင်ဆုရပြီး ပညာထွက် သင်ကြားကြသည့် လူငယ်၊ လူလတ်များ ဒီဘက်နှစ်ပိုင်းတွင် များလာသော်လည်း ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ထိုပညာကိုပြန်အသုံးချသည့်ဦးရေက အချိုးကျကျ လိုက်ပြီး များပြားမလာသည့်အပေါ် သူက ညည်းတွားခြင်း ဖြစ်သည်။