Skip to main content

Posts

ဝါဆိုလပြည့်နေ့အတွေးများ (၂)

လွန်ခဲ့တဲ့ နှစ်နှစ်က ‘ ဝါဆိုလပြည့်နေ့အတွေးများ ’ ဆိုပြီး ရေးခဲ့ဖူးတော့ ခုတစ်ခါရေးတာက အပိုင်း (၂) ပဲ ဆိုကြပါစို့။ အများသူငါက ဝါဆိုလပြည့်နေ့မှာ ဓမ္မစကြာ ဒေသနာကို အကျဉ်းချုပ်ပြန်ရေးကြတာ လုပ်ကြပေမဲ့ ကျွန်တော်ကတော့ ဓမ္မစကြာထဲက အချက်အချို့ကို အမြင်တစ်မျိုးနဲ့ ပြန်ကြည့်ချင်တယ်။   (၁) ပထမအချက်က မဇ္ဈိမပဋိပဒါလို့ လူသိများကြတဲ့ အလယ်အလတ်လမ်း၊ အစွန်းမရောက်တဲ့လမ်း ဆိုတဲ့ ဟောကြားချက်ပါ။ သိပြီးဖြစ်တဲ့အတိုင်း ဗုဒ္ဓက ပဉ္စဝဂ္ဂီငါးဦးကို တရားဟောတော့ “ဒွေ မေ ဘိက္ခဝေ အန္တာ ...” အစချီပြီး ဟောပါတယ်။ ရဟန်းတို့၊ လောကမှာ အစွန်းနှစ်ပါးရှိတယ်။ တစ်ပါးက ကာမသုခလ္လိကာနုယောဂ (ကာမဂုဏ်ခံစားတဲ့လမ်း)၊ တစ်ပါးက အတ္တကိလမထာနုယောဂ (ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲတဲ့လမ်း)။ သစ္စာတရားရှာဖွေသူတွေဟာ အဲဒီ အစွန်းနှစ်ပါးစလုံးကို ရှောင်တယ် (ရှောင်ရမယ်) လို့ ဆိုတယ်။ ကာမဂုဏ် ခံစားနေခြင်းဖြင့် သို့မဟုတ် ကိုယ့်ခန္ဓာကိုယ်ကို နာကျင်အောင် နှိပ်စက်နေခြင်းဖြင့် ဓမ္မဉာဏ်အလင်းကို မသိနိုင်ဘူး။ ဒါ အားလုံးသိပြီးသားအပိုင်း။  အဲဒီမှာ ကျွန်တော်တို့က အဲဒီလမ်းနှစ်သွယ်ကို ‘အစွန်း နှစ်ပါး’ ရယ်လို့ သိထားကြတယ်။ ဒါကလည်း ပါဠိ ‘အန္တာ’ ကို မြန်မာလို ‘အစွန်း’ အင်...

ဒီပါမာ ... ဝိပဿနာတရားပြဆရာမကြီးတစ်ဦး၏ ရုပ်ပုံလွှာ

ကမ္ဘာသိ ဝိပဿနာ တရားပြဆရာတွေထဲမှာ ဦးဂိုအင်ကာကို မြန်မာလူမျိုးတွေက ပိုသိကြပေမဲ့ ဦးဂိုအင်ကာလိုပဲ မြန်မာပြည်ကနေ ဝိပဿနာတရားမျိုးစေ့ကို ရရှိသွားပြီး ကမ္ဘာ့တရားပြ ဆရာမကြီး ဖြစ်လာခဲ့တဲ့ နာနီဘာလာ ဘရူးဝါး ခေါ် ဒီပါမာကိုတော့ ပြည်တွင်းမှာ သိသူနည်းလှတယ်။ ဒီပါမာရဲ့ တပည့်တွေထဲမှ အေမီ ရှမစ် (Amy Schmidt) က ဒီပါမာကို သိမီလိုက်တဲ့ တပည့်ပေါင်းများစွာကို လိုက်လံ အင်တာဗျူးပြီး ရေးထားတဲ့ ဒီပါမာရဲ့ အတ္ထုပ္ပတ္တိတစ်ပိုင်းစာအုပ်ဖြစ်တဲ့ Dipa Ma: The Life and Legacy of a Buddhist Master စာအုပ်ကို (တေးရေး) ဝင်းမင်းထွေးက ဘာသာပြန်ထားတဲ့ စာအုပ်။ (စာရေးသူ ရှမစ်ကိုယ်တိုင်က ဒီပါမာကို မမီလိုက်ဘူးလို့ ဆိုပါတယ်။) ဘာသာပြန်သူ တေးရေးဝင်းမင်းထွေး ကိုယ်တိုင်ကလည်း ဦးဂိုအင်ကာ တရားစခန်းမှာ ကမ္မဋ္ဌာန်းဆရာ တစ်ဦးဖြစ်ပါတယ်။ ဒီပါမာကို ၁၉၁၁ ခုနှစ် အရှေ့ဘင်္ဂလားပြည်နယ် (ယနေ့ ဘင်္ဂလားဒေ့ရှ်) စစ်တကောင်းဒေသက ရွာတစ်ရွာမှာ ဘရူးဝါး မျိုးနွယ် ဘင်္ဂါလီ မိသားစုတစ်စုကနေ မွေးတယ်။ သူတို့မျိုးနွယ်တွေက မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတယ်။ နာမည်ရင်းက နာနီ ဘာလာ ဘရူးဝါးဖြစ်တယ်။ နာနီဘာလာဟာ ငယ်ငယ်ကတည်းက အသိဉာဏ်ပညာ ဆာလောင်မှု ရှိသူဖြစ်တယ်လို့ ဆိုတယ်။ အသက် ၁...

Royal ... ‘တော်ဝင်’ ... 'နန်းထိုက်' ... 'မင်း' ...

မြန်မာဘာသာနဲ့ ရေးသားတဲ့ သတင်းတချို့မှာ ‘တော်ဝင်’ လို့ရေးကြတာကို နေရာအတော်များများ တွေ့ရပါတယ်။ တော်ဝင်မင်းသား၊ တော်ဝင်ရေတပ်၊ တော်ဝင်အသုံးအဆောင် စသည်ဖြင့်ပေါ့။ ဒါဟာ အင်္ဂလိပ်စကားလုံး Royal ကို ဘာသာပြန်ပြီး သုံးတယ်လို့ နားလည်ပါတယ်။ အင်္ဂလိပ်ကလည်း ရိုးရိုးသာမန်ပြည်သူနဲ့ဆိုင်တဲ့ အရာတွေနဲ့ ဘုရင် သို့မဟုတ် ဘုရင်မ နဲ့ဆိုင်တဲ့ အရာတွေကို ခွဲခြားသုံးဖို့ noun တွေရဲ့ ရှေ့မှာ royal ဆိုတဲ့ adjective ကို ထည့်ပေးတာ မဟုတ်လား။ Royal ဆိုတဲ့ စကားလုံးတွေ့တိုင်း ကျနော်တို့ အနေနဲ့ “တော်ဝင်” ဆိုပြီး လုပ်လိုက်စရာ လိုပါသလား။ မြန်မာစကားမှာ ဒီလိုမျိုး အုပ်ချုပ်သူ မင်းအစိုးရနဲ့ဆိုင်တဲ့ ဝေါဟာရတွေ ဘာတွေရှိပြီးသား ဖြစ်ပါသလဲ။ တော်ဝင်ဆိုတဲ့ ရှေ့ဆက်မထည့်ဘဲနဲ့ တော်ဝင်ကြောင်းကို ပြပြီးသား စကားလုံးတွေ ရှိပါသလား။ ဒီမေးခွန်းအဖြေကိုပေးရရင် ‘ရှိပါတယ်’ ဆိုတာပါပဲ။ မြန်မာစကားမှာ မင်းမိဖုရားတို့ နဲ့ ပတ်သက်တိုင်း ‘တော်ဝင်’ လို့ချည်း တစ်ချိန်လုံးမသုံးပါဘူး။  ပထမဆုံး မင်းသားဆိုတဲ့ စကားလုံးကိုပဲ ကြည့်ကြည့်ပါမယ်။ မင်းသားမှာ ပုဒ်က ၂ ခုပါပါတယ်။ ‘မင်း’ နဲ့ ‘သား’ နဲ့ပါ။ ‘မင်း’ ဆိုတာကတော့ ရှင်ဘုရင်ကို ပြောတာဖြစ်ပြီး ‘သား’ ကတော့ အဲဒီရှင်...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

အချိန်ခရီးသွားဖို့ အိပ်ချ်၊ ဂျီ၊ ဝဲလ်ရဲ့ဝတ္ထုထဲကစက် မလိုပါ

ဒီဒီဟာ ကျွန်တော့်အစ်မ အရင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် လူမှန်းသိတတ်စကတည်းက အခုအထိ ဘယ်သူမေးမေး ကျွန်တော်က ဒီဒီဟာ ကျွန်တော့်အစ်မလို့ပဲ ပြောပါတယ်။ ကျွန်တော့်မှာက အစ်မ အရင်းလည်းမရှိသလို ဝမ်းကွဲအစ်မတွေနဲ့ကလည်း အနေကဝေးပြီး စိမ်းတယ်။ ဒီဒီနဲ့ကတော့ အိမ်ချင်း ကလည်း ခြေရင်းခေါင်းရင်းနေကြတာ။ မိသားစုနှစ်စုကလည်း တစ်စုတည်းပဲ။  တစ်ဦးတည်းသော သားဖြစ်တဲ့ဖေဖေက ငယ်ငယ်ကတည်းက ဒီဒီ့မိဘတွေကိုပဲ အစ်ကိုကြီး၊ အစ်မကြီးတွေလို သဘောထားခဲ့တာမို့ ဒီဒီတို့ညီအစ်မတွေကလည်း ဖေဖေ့အတွက်ကတော့ တူမတွေပဲပေါ့။ ဖေဖေနဲ့ မေမေ ညားကြတော့လည်း မေမေဟာ သည်မိသားစုနှစ်စုမှာ နောက်ထပ် မိသားစုဝင် တစ်ဦး ထပ်တိုးလာတယ်ပဲ ဆိုရမယ်။ ဒီဒီတို့ ညီအစ်မတွေဟာလည်း မေမေ့ရဲ့ တူမတွေပဲပေါ့။  ရန်ကုန်နဲ့ နှစ်နာရီလောက် ကားစီးရုံပဲ ဝေးတဲ့ ကျွန်တော်တို့ မြို့ကလေးက သေးသေးလေးရယ်။ စက်ဘီးနဲ့ ပတ်ရင်တောင် တစ်မြို့လုံး နာရီဝက်ဆိုတာ အကြာဆုံးပဲ။ ဒါပေမဲ့လည်း ကျွန်တော် ငယ်ငယ်တုန်း ကတော့ အိမ်ကနေ မြို့ရဲ့ အစည်ကားဆုံးနေရာဖြစ်တဲ့ မြို့မဈေးဆီ လမ်းလျှောက်ရတာတောင် အကြာကြီး၊ အဝေးကြီး လို့ စိတ်ထဲ ထင်ခဲ့ဖူးတာ။ အိမ်ကနေ မြို့မဈေးကို ဒီဒီက လက်ဆွဲခေါ်သွားခဲ့ဖူးတဲ့ နေ့ပေါင်းမျ...

အနက်မထင် ပဟေဠိများ

မစဲသော တံခါးခေါက်သံများ လှည့်ရလွန်းသဖြင့် ပျက်လုလု လက်ကိုင်ဘု မကွေးညွတ်တတ်မီက ငါ့နှုတ်ခမ်းများကို ပုလဲပုတီးတကုံးဆွဲသော လည်တိုင်အထက်မှာ ပြန်ရှာတွေ့ပါသည် ရောင်စုံစာအိတ်များနှင့် ပြည့်လျှံနေသော အိမ်ရှေ့က အဝင်စာတိုက်ပုံး ဖွင့်ကြည့်မိသော အိပ်မက်ထဲကပြန်စာတစောင် အထဲမှာ ဗလာစာရွက်တရွက် နှင်းဆီပွင့်များအား နေ့တိုင်း ငါပြန်ပြုံးပြဖို့ကြိုးစားပါသည် စံပယ်နဲ့တွေ့မယ့်အခါအတွက် ရီဟာဇယ်အဖြစ် သို့သော် ... စံပယ် ဪ ချစ်စံပယ်ဟာ မျက်နှာလွှဲသွား အခန်းထဲဝင်အလာ ‘မင်္ဂလာပါ’ ဟု လက်ပိုက်နှုတ်ဆက်ကြသူများ ခင်ခင်ပျိုတွေ တပျော်တပါး ပါသွားသော မပြေးဆွဲဖြစ်လိုက်သော လေအိတ်ရထားများ မြောက်မှတောင်သို့တိုက်နေသော နှင်းစက်တင်လေများ အသားတွေပပ်ကြားအက်နေသော လေကြောင်းသင့် ငါ့မျက်နှာ လမ်းပေါင်းများစွာ လမ်းပေါင်းများစွာ ဖြောင့်ဖြောင့်ဖြူးဖြူး ချိုင့်ကျင်းမရှိ ကတ္တရာလမ်းများ အကောင်းစား ဇိမ်ခံကားများ အဲကွန်းပါသော ဘတ်စ်ကားများ ဓာတ်တိုင်များ၊ LED လမ်းမီးများ ဓာတ်ကြိုးများပေါ်ရှိ ခိုများ လမ်းဘေးဝဲယာက အိမ်ကြီးရခိုင်များ လကြည့်နေသူများ ... ကြယ်ရေတွက်နေသူများ နို့ဆာနေသူများ ... အာသာဖြေနေကြသူများ ‘အိမ်ရှင်’ ဟုခေါ်၍ တံခါးကို အသာအယာ ခေါက်၏ တံခါ...