Skip to main content

အချိန်ခရီးသွားဖို့ အိပ်ချ်၊ ဂျီ၊ ဝဲလ်ရဲ့ဝတ္ထုထဲကစက် မလိုပါ

ဒီဒီဟာ ကျွန်တော့်အစ်မ အရင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် လူမှန်းသိတတ်စကတည်းက အခုအထိ ဘယ်သူမေးမေး ကျွန်တော်က ဒီဒီဟာ ကျွန်တော့်အစ်မလို့ပဲ ပြောပါတယ်။ ကျွန်တော့်မှာက အစ်မ အရင်းလည်းမရှိသလို ဝမ်းကွဲအစ်မတွေနဲ့ကလည်း အနေကဝေးပြီး စိမ်းတယ်။ ဒီဒီနဲ့ကတော့ အိမ်ချင်း ကလည်း ခြေရင်းခေါင်းရင်းနေကြတာ။ မိသားစုနှစ်စုကလည်း တစ်စုတည်းပဲ။ 



တစ်ဦးတည်းသော သားဖြစ်တဲ့ဖေဖေက ငယ်ငယ်ကတည်းက ဒီဒီ့မိဘတွေကိုပဲ အစ်ကိုကြီး၊ အစ်မကြီးတွေလို သဘောထားခဲ့တာမို့ ဒီဒီတို့ညီအစ်မတွေကလည်း ဖေဖေ့အတွက်ကတော့ တူမတွေပဲပေါ့။ ဖေဖေနဲ့ မေမေ ညားကြတော့လည်း မေမေဟာ သည်မိသားစုနှစ်စုမှာ နောက်ထပ် မိသားစုဝင် တစ်ဦး ထပ်တိုးလာတယ်ပဲ ဆိုရမယ်။ ဒီဒီတို့ ညီအစ်မတွေဟာလည်း မေမေ့ရဲ့ တူမတွေပဲပေါ့။ 

ရန်ကုန်နဲ့ နှစ်နာရီလောက် ကားစီးရုံပဲ ဝေးတဲ့ ကျွန်တော်တို့ မြို့ကလေးက သေးသေးလေးရယ်။ စက်ဘီးနဲ့ ပတ်ရင်တောင် တစ်မြို့လုံး နာရီဝက်ဆိုတာ အကြာဆုံးပဲ။ ဒါပေမဲ့လည်း ကျွန်တော် ငယ်ငယ်တုန်း ကတော့ အိမ်ကနေ မြို့ရဲ့ အစည်ကားဆုံးနေရာဖြစ်တဲ့ မြို့မဈေးဆီ လမ်းလျှောက်ရတာတောင် အကြာကြီး၊ အဝေးကြီး လို့ စိတ်ထဲ ထင်ခဲ့ဖူးတာ။ အိမ်ကနေ မြို့မဈေးကို ဒီဒီက လက်ဆွဲခေါ်သွားခဲ့ဖူးတဲ့ နေ့ပေါင်းများစွာတွေထဲက တစ်နေ့ ဈေးရဲ့တောင်ဘက်က ခန်းမမှာ မင်္ဂလာဆောင် တစ်ခုကိုမြင်တော့ ဒီဒီက “လေးလေးနဲ့ ဒေါ်ဒေါ်တို့ တုန်းကလည်း ဒီမှာပဲ ဆောင်ခဲ့တာလေ။ မောင်လေး သိတယ်ဟုတ်” လို့ ပြောတယ်။ 

ဖေဖေနဲ့မေမေ မင်္ဂလာဆောင်တုန်းက အဲဒီမှာပဲ ဆောင်တာ ကျွန်တော်သိတာပေါ့။ အိမ်မှာ ဖေဖေတို့ မင်္ဂလာဆောင် ဓာတ်ပုံအယ်လဘမ် ရှိတာပဲကို။ အဲဒီ အယ်လဘမ်ထဲမှာ ဒီဒီ့ပုံလည်း ပါတယ်။ သတို့သား၊ သတို့သမီးရယ်၊ ဧည့်သည်တွေရယ် တွဲရိုက်ကြတဲ့ ပုံတစ်ပုံထဲမှာ ဒီဒီတို့ညီအစ်မသုံးယောက်က ကော်ဇော ပေါ် ကျုံ့ကျုံ့လေးထိုင်လို့။ ဒီဒီက ဂါဝန်ပန်းနုရောင်ကလေးနဲ့ရယ်။ ခါးကလေးကို သိသိသာသာစောင်းပြီး ကင်မရာကို စူပုပ်ပုပ်နဲ့ကြည့်နေပုံက ချစ်စရာ။ ဒီဒီဟာ အဲဒီပုံမှ မဟုတ်ဘူး။ ဘယ်အခါပဲ ဓာတ်ပုံရိုက်ရိုက် အိုက်တင်မထုတ်တတ်ဘူး။ အမြဲ မျက်နှာက စူစူလေးနဲ့ပဲ ကင်မရာကိုကြည့်တတ်တာ။ ကျွန်တော် စကားပြောတတ်ခါစအရွယ် အဲဒီ အယ်လဘမ်ထဲက ဓာတ်ပုံကိုမြင်တိုင်း ဒီဒီ့ပုံကို လက်ညှိုးထိုးပြီး လိုက်တုထိုင်ပြရင်း တခစ်ခစ်ရယ်တတ်တယ်။ ကျွန်တော် လိုက်လုပ်တဲ့ပုံကိုမြင်ရင် ဒီဒီက အသည်းတွေ အူတွေယားလာပြီး ကျွန်တော့်ကို တရှုပ်ရှုပ်နမ်းပါရော။ 

ဒီဒီတို့ ညီအစ်မသုံးယောက်မှာ အကြီးဆုံးက နေရီ၊ အလတ်က အေမီ၊ အငယ်ဆုံးက နဒီတဲ့။ လူကြီးတွေက သူတို့ကို ရီရီ၊ မီမီ၊ ဒီဒီဆိုပြီး ခေါ်ကြတယ်။ ကျွန်တော်က အကြီးနှစ်ယောက်ကို မမရီ၊ မမမီလို့ခေါ်ပေမဲ့ နဒီ ကိုတော့ သူတို့ခေါ်သလို ဒီဒီလို့ပဲ လိုက်ခေါ်တယ်။ လူကြီးတွေကတော့ ဒီဒီဟာ ကျွန်တော့်ထက် အသက် အများကြီးကြီးတယ်ဆိုပြီး ရှေ့က ‘မမ’ တပ်ခေါ်ခိုင်းပေမဲ့ ကျွန်တော်က နှုတ်ကျိုးနေတာပါပဲ။ တစ်နေ့တော့ လမ်းထဲက ဆော့ဖော်ဆော့ဖက် ဟိန္ဒူကောင်လေး ရာဂျူးအိမ်ရောက်တုန်း သူက သူ့အစ်မကို ‘ဒီဒီ’ လို့ ခေါ်သံကြားလိုက်မိတယ်။ 

“မင်းအစ်မ နာမည်က ဒီဒီတဲ့လား” လို့မေးတော့ ရာဂျူးက “ဒီဒီဆိုတာ ဟိန္ဒီလို အစ်မလို့ ခေါ်တာ” လို့ ဖြေတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း ဒီဒီ့ကို ဒီဒီလိုပဲ ဆက်ခေါ်ဖို့ ဆင်ခြေကောင်းတစ်ခုရခဲ့တာပဲ။

မမရီနဲ့ မမမီတို့ခမျာလည်း မောင်ဖားမရှိတော့ကာ ကျွန်တော့်ကိုပဲ မောင်လေးအရင်းလို ချစ်ရတယ်။ ဒါပေမဲ့ ဒီဒီကတော့ သူတို့ချစ်တာထက်ပိုပြီး ကျွန်တော့်ကိုချစ်တယ်။ ကျွန်တော်ကလည်း သူ့ကို ပိုတွယ်တာတယ်။ ကျွန်တော့်အောက်က မွေးလာတဲ့ အငယ်တွေကိုလည်း သူတို့ မိသားစုက ချစ်တာပါပဲ။ ဒါပေမဲ့ အားလုံးထဲမှာ ဒီဒီနဲ့ ကျွန်တော်ကတော့ ဘယ်သူနဲ့မှမတူတဲ့ နှောင်ကြိုးလေး တစ်ကြိုးနဲ့ ဆက်သွယ်ထားတယ်လို့ ဆိုရမယ်။

မောင်လေးရူးရူးတဲ့ ဒီဒီတစ်ယောက် ကျွန်တော်မွေးလာပြီးနောက် ပျော်ရသလို အမှတ်တရတွေအပြည့်နဲ့ပဲ။ ကျွန်တော် မမှတ်မိတဲ့ အဖြစ်အပျက်တစ်ခုမှာ ကျွန်တော့်ကြောင့် ဒီဒီမျက်ခုံးကွဲပြီး ချုပ်ရဖူးသတဲ့။ ငယ်ငယ်က ကျွန်တော်က ငြိမ်ငြိမ်နေတယ်လို့မှမရှိပဲ။ တစ်ချိန်လုံးခုန်ပေါက်နေတာ။ တစ်ရက်မှာ ဒီဒီက ကျွန်တော့်ကို ရေချိုးပေးနေတုန်း ဆပ်ပြာတိုက်ပေးဖို့ သူက ကိုယ်ကိုအကုန်း၊ ကျွန်တော်က ငြိမ်ငြိမ်မနေဘဲ ထခုန်လိုက်တာ ကျွန်တော့်ခေါင်းနဲ့ သူ့မျက်နှာနဲ့ဆောင့်မိပြီး သူ့ဘယ်ဘက်မျက်ခုံးအစပ်နေရာနား ကွဲသွားတယ်။ ဆေးခန်းမှာ ဘယ်နှချက်ဆိုလား သွားချုပ်လိုက်ရသတဲ့။

“ဒါ မင်းငယ်ငယ်က ဆောင့်လိုက်လို့ ဒီဒီ မျက်ခုံးကွဲရတာ တွေ့လား … ဒီနားမှာ” လို့ ဒီဒီက ကျွန်တော် နည်းနည်းကြီးလာတဲ့တစ်နေ့ အနာရွတ်ကိုပြရင်း ပြောတယ်။ 

“ဒီဒီ တော်တော်နာသွားမှာပဲ။ သားကို စိတ်မဆိုးဘူးလား” လို့ မေးတော့ “စိတ်ဆိုးတာပေါ့။ ဆိုးလို့ နောင်ကျ မင်းကို လူကြီးတွေမသိအောင် ခိုးခိုးဆိတ်ဆွဲတာ” လို့ ဆိုတယ်။ ပြောရင်း တဟားဟားနဲ့ ရယ်တာပဲ။ 

ကျွန်တော်လည်း ဒီဒီ့ကိုသနားသွားပြီး သူ့ရင်ခွင်ထဲ ဝင်ချွဲတဲ့အခါတိုင်း သူ့ကိုမော့ကြည့်၊ သူ့မျက်ခုံးနားက အမာရွတ်ကလေးကို လက်နဲ့စမ်းစမ်းကြည့်ရတာ အကျင့်တစ်ခုလိုတောင် ဖြစ်လာတယ်။

ဒီဒီက ကိုယ်အမူအရာရော နှုတ်အမူအရာရော တော်တော်နူးညံ့တဲ့ မိန်းကလေးလို့ ပြောရမယ်။ ပင်ကို အသံကလည်း နူးညံ့ချိုသာတယ်။ ဆဲဆိုဖို့ဝေးစွ၊ ဒီဒီ့နှုတ်က ဒေါသသံပါတဲ့စကားမျိုးတောင် မကြားဖူးဘူး။ ဒီဒီက ကျွန်တော့်ကို တစ်ခါမှလေသံမာမာတောင် မပြောဖူးဘူး။ လူကြီးတွေဆူရင် ရိုက်ရင်တောင် ဒီဒီက ငြိမ်းချမ်းရေးသမား။ ကျွန်တော်ငိုရင်လည်း ကျောကလေးသပ်သပ်ပေးပြီး အချော့တတ်ဆုံးက ဒီဒီပဲ။ ဒီဒီက ကျွန်တော့်အားကိုးရာပဲ။ ဒီဒီ ရှိနေလို့ကတော့ ကျွန်တော်က မေမေတို့ကို မကြောက်တတ်ဘူး။ မောင်လေးကို သိပ်ကာကွယ်ပေးမနေနဲ့၊ ရောင့်တက်လာလိမ့်မယ်လို့တောင် မေမေတို့က ဒီဒီ့ကို ပြောဖူးတယ်။ 

ဒီဒီနဲ့ကျွန်တော်နဲ့က အသက်ကွာတယ်ဆိုပေမဲ့လည်း သူငယ်ချင်းလိုပဲ။ ကျွန်တော်ငယ်ငယ်က ဆော့ဖော် တွေထဲ ဒီဒီလည်း ပါတာပဲ။ ဒါတောင် သူက အဲဒီအချိန် အရွယ်ကြီးနေပြီ။ နောက်ပြီး ကျွန်တော်က ကလေး ဆိုပေမဲ့ ဒီဒီ့ရဲ့ ဘော်ဒီဂတ်လုပ်ရတယ်။ နယ်ထုံးစံ လူကြီးတွေက သမီးမိန်းကလေး အရွယ် ရောက်လာရင် အပြင်ကို အဖော်မပါဘဲ မလွှတ်တတ်ဘူး။ မမရီနဲ့ မမမီတို့က အဲသည်တုန်းက ရန်ကုန်မှာ ကျောင်းတက် နေကြတယ်။ ဆိုတော့ ဒီဒီ့ အပြင်သွားစရာပေါ်ရင် ကျွန်တော်ပဲ အများဆုံး သူ့စက်ဘီး ကယ်ရီယာ ခုံမှာ ထိုင်လိုက် ပေးရတာပဲ။ လမ်းမှာ ဒီဒီ့ကိုတခြား ကိုလူပျိုတွေက စက်ဘီးနဲ့ လိုက်စကားပြောရင် ကျွန်တော်က အရင်ဆုံး ဘုကြည့်ကြည့်တယ်။ မရရင် အော်ထုတ်တယ်။ တချို့က ကျွန်တော့်ကို မုန့်ဝယ်ကျွေး ဘာဝယ်ပေးနဲ့ လာပေါင်းရင်လည်း ကျွန်တော်က “ခင်ဗျား ကျုပ်အစ်မကိုလိုချင်လို့မဟုတ်လား” ဆိုပြီး လမ်းကြောင်း ကြိုပိတ်တတ်တယ်။ ကျွန်တော့်ကိုတော့ အဲသည်အစ်ကိုကြီးတွေက မုန်းကြတာပေါ့။ 

ဒီဒီ ဆယ်တန်းအောင်တော့ နိုင်ငံရေးအခြေအနေကြောင့် ကျောင်းတွေပိတ်ထားလို့ ချက်ချင်း တက္ကသိုလ် မတက်ရသေးဘူး။ ကျောင်းဖွင့်လို့ သွားတက်ရတော့ ကျွန်တော်လည်း မခွဲစဖူး ဒီဒီနဲ့ ခွဲရတော့ ငိုချင်နေမိတယ်။ ကားဂိတ်မှာ “ဒီဒီ ဖုန်းဆက်နော်၊ ကျောင်းပိတ်ရင်ပြန်လာနော်” ဆိုပြီး ကျွန်တော် ငိုမဲ့မဲ့နဲ့ ပြောတော့ ဒီဒီက ကျွန်တော့်ပါးကို လိမ်ဆွဲပြီး ရယ်တယ်။ 

“ခွေးကောင်လေး ... ခဏနေ ဘောလုံးလည်းကန်ရော အစ်မကို မေ့သွားမယ့်သူကများ” လို့ ဆိုပြီး ကျွန်တော့် လက်ထဲ မုန့်ဖိုးထည့်ပေးသွားသေးတယ်။ သူလည်း အိမ်နဲ့ခွဲရတော့ မျက်ရည်ဝဲတာပဲ။ မမမီက သူ့ကို ရန်ကုန် ခေါ်သွားတာ။ သူရယ်၊ မမမီရယ် စီးသွားတဲ့ ဟိုင်းလတ်ကားလေး မြင်ကွင်းထဲက ပျောက်သွားတဲ့အထိ ကျွန်တော်တို့ ကြည့်နေခဲ့ကြတယ်။ 

ကျောင်းပိတ်ရက် ဒီဒီ အိမ်ပြန်လာတိုင်း ကျွန်တော်က သတင်းကြားတာနဲ့ ရောက်တဲ့နေရာက အပြေးပြန်လာတာပဲ။ ပြီးရင် မိန်းကလေးသူငယ်ချင်းနှစ်ယောက်လို၊ ညီအစ်မနှစ်ယောက်လို နှစ်ယောက်သား တကျိတ်ကျိတ်နဲ့ ပြောမပြီးတော့ဘူး။ ဒီဒီ ကျောင်းပိတ်လို့ပြန်လာတိုင်း ရန်ကုန်အကြောင်း၊ တက္ကသိုလ်တက်ရတဲ့အကြောင်းတွေ ပြောပြတယ်။ သူ ရန်ကုန်ကနေ ဝယ်လာတဲ့ ဝက်ခြံညှစ်တံနဲ့ လူပျိုပေါက်ဖြစ်ခါစ ကျွန်တော့်ကို ‘လာစမ်း’ ဆိုပြီး မျက်နှာကဝက်ခြံတွေကို ညှစ်ပေးတတ်တယ်။ 

သူ ကျောင်းမှာ ရည်းစားရှိလာတော့လည်း ပြောပြတာပဲ။ သူ့ရည်းစားအကြောင်း ရှက်ကိုးရှက်ကန်းမျက်နှာနဲ့ ပြောပြတိုင်း “မရယ်နဲ့နော်” ဆိုပြီး စကားခံတတ်တာ။ 

“ဒီဒီ သူ့ကိုရည်းစားအနေနဲ့ ထားချင်ထား။ ယူတော့မယူနဲ့” 

“ဘာဖြစ်လို့လဲ မောင်လေးရဲ့”

“ဟင် အဲဒီလူအကြောင်း ကြားရသလောက်နဲ့တင် မကြိုက်ဘူး။ ယူပြီးရင် ဒီဒီ့ကို သူနှိပ်စက်လိမ့်မယ်။ ဒီဒီ့ကို နှိပ်စက်လို့ကတော့ ကျွန်တော်နဲ့တွေ့သွားမယ်”

ဒီဒီက အူတက်မတတ် ရယ်ပြီး “အောင်မလေး ချစ်ဖို့ကောင်း လိုက်တဲ့ ငါ့မောင်လေးတော်” လို့ ကျွန်တော့်ခေါင်းက ဆံပင်တွေကို ဖွရင်း၊ ပါးကိုဖျစ်ရင်း ပြောတယ်။ “ဒီ မောင်လေးအားကိုးနဲ့ ဘာကိုမှကြောက်စရာမလိုတော့ပေါင်” လို့လည်း ဆိုတယ်။ 

ကျွန်တော်ရှစ်တန်းရောက်တော့ ရည်းစားတစ်ယောက်ရတယ်။ ကလေးဆိုတော့လည်း ကလေးချစ် ပေါ့။ ဒီဒီ တစ်ခေါက် အိမ်ပြန်အလာ ကျွန်တော့်စာကြည့်စားပွဲကို ရှင်းပေးရင်း ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော် အပြန်အလှန် ပို့ထားတဲ့ ချစ်သဝဏ်လွှာတွေ တွေ့သွားပြီး ခါးကလေး ထောက်ရင်း မျက်စောင်းထိုးတယ်။ 

“ဟဲ့ ကောင်လေး၊ ကလေးပဲရှိသေးတာကို အတတ်စမ်းတွေ တတ်နေလိုက်တာ၊ ကြည့်စမ်း” ဆိုပြီး ကျွန်တော့် ခေါင်းကို ခေါက်ရော။ ကျွန်တော်က ရယ်ကျဲကျဲနဲ့ သူ့ခါးကိုပြန်ဖက်ထားလိုက်တယ်။ ဒီဒီက လူကြီးတွေကို ပြန်မတိုင်ပေမဲ့ ကျောင်းစာထိခိုက်မှာစိုးလို့ အဲဒါတွေစိတ်မဝင်စားပါနဲ့လို့တော့ တဖွဖွမှာတယ်။ မကြာပါဘူး၊ အဲသည်ကိစ္စ ဆရာမက တခြားကနေ သိသွားပြီး မိဘခေါ်ခံရပါလေရော။ 

ဒီဒီ ကျောင်းပြီးလို့ ဘွဲ့ရတော့လည်း အိမ်ကို ခဏလေးပဲ ပြန်လာနေဖြစ်ပြီး ရန်ကုန်မှာ အလုပ်ရလို့ဆိုပြီး ပြန်သွားရတယ်။ ဘယ်လောက်ပဲ မတွေ့ရကြာကြာ၊ ကျွန်တော်နဲ့ ဒီဒီက တွေ့လိုက်တာနဲ့ အမြဲ မပြောင်းလဲတဲ့ သံယောဇဉ်တွေနဲ့ပဲ။ ဘွဲ့ရပြီးနောက် ဒီဒီက နောက်ထပ် ရည်းစားတစ်ယောက်အကြောင်း ပြောပြတယ်။ သူ့ ရည်းစားဓာတ်ပုံလည်း ကျွန်တော့်ကို ပြတယ်။ 

“ရုပ်ကတော့ သိပ်မချောဘူး။ ဒါပေမဲ့ လူကတော့ လူကောင်းပုံပါပဲ။ ဒီဒီ့ကို သူချစ်လား” 

“အင်း ချစ်ရှာပါတယ်။ ဒီဒီ့အနားရောက်တာနဲ့ ပျာနေတာပဲ၊ ပျာကလောင်လို့ နာမည်ပေးထားတယ် ဟဲ ဟဲ”

“ဒီဒီကရော သူ့ကိုချစ်လား”

ဒီဒီက မျက်တောင်ပုတ်ခတ်ပုတ်နဲ့ “အို မဖြေပါဘူး … ရှက်စရာကြီး” ဆိုပြီး တခစ်ခစ်ရယ်ရော။ 

ကျွန်တော် ဆယ်တန်းရောက်လို့ ကျူရှင်တွေနဲ့ လုံးလည်လိုက်နေတဲ့ တစ်နေ့ပေါ့။ တစ်နေ့ ကျူရှင်က အိမ်ပြန်အရောက် ဒီဒီ အိမ်ထောင်ပြုတော့မယ် လို့ လူကြီးတွေ ပြောနေသံ ကြားလိုက်ရတယ်။ နည်းနည်းတော့ ရုတ်တရက် နိုင်သလိုပဲ။ သည်အဖြစ်ကို ကြိုတွေးမထားလို့တော့ မဟုတ်ဘူး။ မမမီနဲ့ မမရီ တို့တောင် အိမ်ထောင်တွေ ကျကုန်မှပဲ။ ဒီဒီလည်း တစ်နေ့ သည်လိုလာမှာဆိုတာ မသိစိတ်က သိတာပေါ့။ ဒါပေမဲ့ တကယ်တမ်း ဖြစ်လာတော့ သိစိတ်ထဲက လက်မခံချင်ဘူး။ ဒီဒီနဲ့ အနေဝေးသွားတော့မှာလား၊ စိမ်းသွားကြတော့မှာလား ဆိုတဲ့ စိတ်က ဖြစ်လာတယ်။ နောက်ပြီး ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းကြီး တစ်ခုက ပြုတ်ထွက်သွားတော့မှာဆိုတဲ့ အတွေး။ 

မင်္ဂလာဆောင်ဖို့ ဒီဒီက မြို့ကိုအရင်ပြန်လာတယ်။ သူ့ခင်ပွန်းလောင်းက နောက်မှ မိဘတွေနဲ့အတူ လိုက်လာတယ်။ ဒီဒီလည်း အလုပ်ရှုပ်နေတာရယ်၊ ကျွန်တော်ကလည်း သူ့ကို ရှောင်နေတာရယ်ကြောင့် သိပ် မျက်နှာချင်းမဆိုင်ဖြစ်ဘူး။ ခါတိုင်းဆိုရင်တော့လား … ကျွန်တော်တို့နှစ်ယောက်ဟာ တွေ့တာနဲ့ လောင်းကျော်ကြတာ။ စက်ဘီးတစ်စီးနဲ့ လျှောက်သွား၊ လျှောက်စား။ မီးဖိုချောင်ထဲ ကြွက်နှစ်ကောင်လို ဝင်အနံ့ခံ၊ ရှိတာတွေ လုပ်စား။ ဒါမှမဟုတ် ခြံနှစ်ခြံဆုံတဲ့ထောင့်က ပိန္နဲပင်ကြီးအောက်က ဒန်းလေးမှာထိုင်ပြီး အာလူးဖုတ်။ ခုတော့ တစ်ခါလားပဲ ကျွန်တော် သူတို့ပစ္စည်းတွေသွားဝယ်တုန်းက ကူလီလိုက်လုပ် ပေးလိုက်တယ်။ ကျန်တဲ့ အချိန်တွေတော့ ကျူရှင်ကိုဘန်းပြပြီး အပြင်မှာပဲ နေနေတာပဲ။ 

ဒီဒီ မင်္ဂလာဆောင်တဲ့နေ့က ရိုက်ခဲ့ကြတဲ့ အမှတ်တရပုံတွေအားလုံးမှာ ကျွန်တော့်မျက်နှာက မရွှင်မပျဆုံးပဲ။ 

ဒီဒီတို့က ရန်ကုန်မှာလည်း နောက်တစ်ပွဲထပ်ဆောင်ဦးမှာ။ သူ့ယောက်ျားက ရန်ကုန်သားဆိုတော့ ဒီဒီလည်း ရန်ကုန်သူ ဖြစ်တော့မှာပေါ့။ ရန်ကုန်ပွဲကိုတော့ ကျွန်တော်က လိုက်မသွားဖြစ်ပါဘူး။ ဆယ်တန်းစာမေးပွဲက နီးနေပြီမဟုတ်လား။ ဒီဒီတို့မင်္ဂလာဆောင်အပြီး ရန်ကုန်ပြန်ဆင်းကြမယ့်နေ့တုန်းက ကျူရှင်ဆင်းတော့ ကျွန်တော် အိမ်တန်းမပြန်ဘဲ မြို့ဦးစေတီကိုသွားပြီး ဘုရားအနောက်မုခ်နားက မုဉ္စလိန္ဒာ ရေကန်ကြီးမှာ တစ်နေကုန် သွားထိုင်နေတယ်။ ဒီဒီ ဟိုတစ်ခါတုန်းကလို လက်ပြ နှုတ်ဆက်ထွက်သွားဦးမှာ မဟုတ်လား။ ဒါပေမဲ့ ခုတစ်ခါက ကျောင်းတက်ဖို့သွားမှာ မဟုတ်ဘူး။ အပြီးထွက်သွားတော့မှာ။ နောင် ဘယ်လောက်နေမှ တစ်ခါ ပြန်တွေ့ကြမယ်မသိဘူး။ ပြန်တွေ့ကြလည်း အရင်လို တပူးတွဲတွဲ နေလို့မရတော့ဘူး။ 

ဒီဒီဟာ အဲသည်နေ့တုန်းက ကျွန်တော် ပြန်မလာလို့ ကားပေါ် ပစ္စည်းတွေတင်ပြီးတာတောင် မထွက်ခိုင်း သေးဘဲ စောင့်နေသတဲ့။ လူလွှတ်ပြီးတော့ ကျွန်တော့်ကိုလိုက်ရှာခိုင်းသေးတယ်။ ဒါပေမဲ့ လွှတ်အရှာခိုင်းတဲ့ ကျွန်တော့်ညီက တခြားနေရာတွေကိုပဲ သွားရှာခဲ့ပြီး ဘုရားကိုတော့ လာမရှာခဲ့လို့ လွဲသွားခဲ့တယ်။ ကျွန်တော် အိမ်ပြန်ရောက်တော့ မှောင်နေပြီ။ ဒီဒီ ကျွန်တော့်ကိုအတော်ကြာအောင် စောင့်နေခဲ့သေးတယ်တဲ့။ တော်တော်ကြာတော့မှ သက်ပြင်းလေးချ အားလုံးကို နှုတ်ဆက်ပြီး ကားထွက်ခိုင်းခဲ့သတဲ့။ 

“တစ်ချိန်လုံး နင့်အစ်မက ‘မောင်လေးကလည်း … သမီးပြန်မယ်မှန်း သိလျက်နဲ့ ဘယ်တွေလျှောက်သွား နေမှန်းမသိဘူး’ လို့ တဖွဖွနဲ့။ နင့် တွေ့ချင်လို့ သူ့ခမျာ စောင့်နေတာ အကြာကြီး …”

သည်စကားကြားတော့ ကျွန်တော် နောင်တရသွားပါတယ်။ ကိုယ်မကြည့်နိုင်တဲ့ မြင်ကွင်းတစ်ခုကို မမြင်ရဖို့ အရေး ကိုယ့်ကိုမြင်ချင်သူတစ်ယောက်ကို မြင်ခွင့်မရအောင် လုပ်မိလို့ပါ။ ဒီဒီက ကျွန်တော့်အတွက် မုန့်ဖိုးရယ်၊ စာမေးပွဲဖြေရင် သုံးဖို့ဆိုပြီး ဘောလ်ပင်ကောင်းကောင်းတစ်ချောင်းရယ် ပေးသွားတယ်။ အဲဒီ ဘောလ်ပင်နဲ့ပဲ ဖြေပြီး ကျွန်တော် ဆယ်တန်းအောင်ခဲ့တာပဲ။ စာမေးပွဲတွေ ပြီးပြီးချင်း တစ်ခါ၊ အောင်စာရင်း ထွက်တော့ တစ်ခါ ဒီဒီက ကျွန်တော်တို့လမ်းထဲက ဖုန်းရှိတဲ့ စတိုးဆိုင်ကို လှမ်းဆက် ခေါ်ခိုင်းပြီး သတင်းမေးသေးတယ်။ စာမေးပွဲအောင်တော့လည်း လူကြုံနဲ့ ငွေလှမ်းပို့ပြီး ဆုချတယ်။ 

သူ့ယောက်ျားပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မြို့ကိုအလည်ပြန်လာတိုင်း ကျွန်တော်က ဒီဒီ့ကို မှန်တန်းပဲ ဆက်ဆံတယ်။ ဒီဒီ ကတော့ ခါတိုင်းလိုပါပဲ။ ကျွန်တော့်ကို ချစ်ဆဲ၊ ဂရုစိုက်ဆဲပါပဲ။ ကျွန်တော့်ဘက်က ဒီဒီ့ အပေါ် တတ်နိုင်သမျှ ခပ်တန်းတန်း ဆက်ဆံသမျှကို ဒီဒီက မသိချင်ယောင်ဆောင်ပြီး ပြန်လည် ချေဖျက်ဖို့ ကြိုးစားပါတယ်။ ဒါကြောင့်လည်း ကျွန်တော်နဲ့ သူနဲ့က တစ်သက်တာ သူစိမ်းလို ဖြစ်မသွားခဲ့တာပါ။ 

ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ ကျွန်တော် ရန်ကုန်ရောက်လာတော့ ဒီဒီက သူ့အိမ်မှာနေပြီး ကျောင်းတက်ခိုင်းတယ်။ ဒါပေမဲ့ ကျွန်တော်က အဆောင်နေပြီးတော့ပဲ တက်မယ်ဆိုပြီး မရမက ငြင်းတာပဲ။ ဒီဒီ့ဆီကိုတော့ တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက် သွားရတယ်။ မသွားရင် ဒီဒီက အဆောင်ကို ဖုန်းဆက်တော့တာကိုး။ “အိမ်လာခဲ့ဦးလေ မောင်လေးရယ်” ဆိုတဲ့ မေတ္တာဓာတ်ပါတဲ့ ဒီဒီ့အသံကြားရင် ကျွန်တော် တင်းမခံနိုင်ဘူး။ သွားရတာပဲ။ သည်လိုနဲ့ တက္ကသိုလ်ကျောင်းသားဘဝ တစ်လျှောက်လုံး ဒီဒီ့အိမ်ဟာ ကျွန်တော့်ရဲ့ စားအိမ်သောက်အိမ် ဖြစ်လာခဲ့ပါတယ်။ 

တက္ကသိုလ်ရောက်တော့ လူကြီးစိတ်လေး ဝင်လာပြီမို့ ကျွန်တော်လည်း ဒီဒီ့ကို အရင်ကလောက် မစိမ်းရက် တော့ ပါဘူး။ အစောပိုင်း ခပ်တန်းတန်းပဲ နေခဲ့တဲ့ သူ့ယောက်ျားနဲ့လည်း ခင်ခင်မင်မင် နေတတ်လာပါတယ်။ သူ့ယောက်ျားက ကျွန်တော့်ကို သူ ဓာတ်ပုံပြဖူးတဲ့ တစ်ယောက်မဟုတ်ဘူး။ ဒါက ဒီဒီ အလုပ်ဝင်တော့မှ အလုပ်ကိစ္စနဲ့ အစိုးရရုံးဌာနတွေ သွားရင်း တွေ့လာတဲ့ အရာရှိတစ်ယောက်။ ငွေကြေးလည်း အဆင်ပြေတယ်ပဲ ဆိုပါတော့။ ဒီဒီ့ကို အရိပ်တကြည့်ကြည့်နဲ့ ငုံထားမတတ်ချစ်တယ်။ ဘာအပြင်အလုပ်မှလည်း မလုပ်ခိုင်းဘူး။ အိမ်စီးပွားရေးလည်း မလုပ်ခိုင်းဘူး။ ပညာတွေလည်း ဆက်သင်စရာမလိုတော့ဘူး။ ဒီဒီဟာ ရံရွေတော်တွေ ခြံရံထားတဲ့ မိဖုရားတစ်ပါးလိုပဲ။ ဪ ဒီလိုတော့လည်း ဒီဒီ ကံကောင်းလိုက်တာ။ 

ကျွန်တော်သွားတိုင်း ဒီဒီက ကျွန်တော်ကြိုက်တဲ့ဟင်းတွေ အပျံစားချက်ထားတတ်တယ်။ ကျွန်တော် ဘာကြိုက်တတ်တယ်ဆိုတာ အမေပြီးရင် အသိဆုံးက ဒီဒီပဲကိုး။ 

“သူ့မောင်လေးလာမှ ငါ့မိန်းမက ဟင်းကောင်းကောင်း ချက်တာကွ။ မင်း များများလာပေး” လို့ သူ့ယောက်ျားက တစ်ခါက စဖူးတယ်။ “ရှင်နော် မပလီစမ်းနဲ့” ဆိုပြီး ဒီဒီက မျက်စောင်းထိုးရင်း ပြုံးလို့။ 

ကျွန်တော့်ဘက်က စိမ်းဖို့ကြိုးစားခဲ့သလောက် ဒီဒီက ကျွန်တော် အိမ်လာတိုင်း ပျော်နေတတ်တာ၊ ဟိုဟာ လုပ်ကျွေး၊ သည်ဟာလုပ်ကျွေးနဲ့ အဆောင်ပြန်ရင်လည်း တစ်ပတ်စာ အခြောက်အခြမ်းတွေ ထည့်ပေးနဲ့ ဂရုစိုက်တာဆိုတော့ ကျွန်တော် စိတ်မကောင်းနိုင်ပြန်ဘူး။ တစ်ချိန်က ကလေးစိတ်နဲ့ ဒီဒီ့ကို စိမ်းကားဖို့ ကြိုးစားခဲ့တာကို ဒီဒီ ဗွေမယူဘဲ ခွင့်လွှတ်လိမ့်မယ် ထင်တာပါပဲ။ 

သည်လိုနဲ့ ကျွန်တော့်ဘက်က ဒီဒီ့အပေါ်ဖြစ်နေတဲ့ စိတ်အခုအခံလေးတွေ လျော့ပါးလာပါတယ်။ လေးနှစ်အတွင်း ကျွန်တော် ရည်းစားထားတိုင်း ဒီဒီက ကျွန်တော့် အတိုင်ပင်ခံလုပ်တယ်။ ရည်းစားတွေကို လည်း သူ့ဆီခေါ်သွားပြီး မိတ်ဆက်ပေးရသေးတယ်။ လေးနှစ်အတွင်း ကျွန်တော် ရည်းစားနံပါတ်တွေ တိုးသလို ဒီဒီတို့အိမ်ထောင်လည်း သားသမီးတွေ တဖြည်းဖြည်း ပွားစီးလာတယ်။ ကျွန်တော့်အဖို့ ချစ်စရာ တူတူမလေးတွေပေါ့။ 

ကျောင်းပြီးတော့ ဒီဒီက ကျွန်တော့်ကို သူနဲ့ နီးနီးနားနား ရန်ကုန်မှာပဲ အခြေချစေချင်တယ်။ ဒါပေမဲ့ ကျွန်တော့် ဘဝကလည်း ရွက်ကျပင်ပေါက်လို ဖြစ်နေလိုက်တာ ရှမ်းပြည်တောင်ပိုင်းမှာ လက်ဖက်ခြောက်လုပ်ငန်း လုပ်တဲ့အခါကျ မှပဲ အနည်ထိုင်သွားပါတော့တယ်။ အဲသည် အရပ်သူတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး အဲသည် ဒေသသား လုံးလုံး ဖြစ်သွားတယ်ပဲ ဆိုပါတော့။ ဖေဖေဆုံးပြီးတော့ မေမေလည်း ကျွန်တော့်နှမ ရှိရာ မန္တလေးမှာ လိုက်နေပါတယ်။ ညီလေးကတော့ သင်္ဘောတက်သွားပါတယ်။ ဇာတိမြို့ကလေးက အိမ်ကိုလည်း ရောင်းပြီး အမွေခွဲလိုက်ကြပါတယ်။ ဒီဒီတို့ ညီအစ်မတွေလည်း သည်အတိုင်းပါပဲ။ မိဘတွေ မရှိတော့တဲ့ နောက် အိမ်ကိုရောင်းချလိုက်ကြတယ်။ ဇာတိမြို့လေးနဲ့ ကျွန်တော်တို့နဲ့ကြားမှာ ဆက်စရာ ဘာကြိုးမှ မကျန်တော့လောက်အောင်ပဲ။ 

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကျွန်တော့်ဘဝက အိမ်ထောင်ရှင် တစ်ဦးအနေနဲ့ရော၊ စီးပွားရေးသမား တစ်ဦး အနေနဲ့ပါ အနိမ့်အမြင့်အတက်အကျ အချိုးအကွေ့တွေ ပေါလိုက်ပုံများ ကလောတက်တဲ့ လမ်းလိုပါပဲ။ တစ်ဖက်မှာ ဒီဒီ့ဘဝကတော့ တန်းနေတဲ့ ဂရပ်မျဉ်းလို တည်ငြိမ်လှပါတယ်။ တည်ငြိမ်တယ်ဆိုတာကလည်း ကန်ရေပြင်လို ငြိမ်သက်တာမျိုးပါ။ ဒီဒီဟာ နာမည်ကသာ ‘နဒီ’ ဆိုပေမဲ့ ဘဝကတော့ မြစ်ရေလို တသွင်သွင် စီးဆင်းမနေဘဲ တမံတုပ်ခံထားရတဲ့ ရေလို ရေလှောင်ကန်ထဲက ရေမျိုးနဲ့တူရဲ့။ သူ့အလုပ်က သူ့ယောက်ျားရဲ့ မိန်းမအဖြစ် နေပေးဖို့သာပဲ။ “ဒါ ကျွန်တော့်မိန်းမလေ” လို့ ဂုဏ်ယူဝံ့ကြွား မိတ်ဆက်ပေးခံဖို့ပါပဲ။ ဒီဒီရဲ့ တစ်နေ့တာ အချိန်ဇယားဟာ ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပါဘူး။ ဒီဒီ့မှာ မိတ်ဆွေအသစ်တွေလည်း ရှိမလာခဲ့သလို အပြင်လောက အကြောင်းတွေကိုလည်း ကျွန်တော်နဲ့ယှဉ်ရင် မသိတော့ပါဘူး။ ဒီဒီရဲ့ အတိတ်ကံကပေးတဲ့ ဖယောင်းသားအကောင်းစားကို နေ့တွေ၊ လတွေ၊ နှစ်တွေဆိုတဲ့ မီးတောက်က တတိတိ စားသုံးနေပါတယ်။

ငယ်ငယ်တုန်းက မီးပျက်တဲ့ညတစ်ညမှာ (မီးကလည်း မလာတာကများပါတယ်) ဒီဒီတို့ အိမ်ရှေ့ကပြင်က ကွပ်ပျစ်ပေါ်လှဲလို့ ကောင်းကင်ကိုမော့ကြည့်တုန်း ဒီဒီက ပြောဖူးတယ်။ “အာကာသထဲ ပထမဆုံးသွားဖူးတဲ့ ယူရီ ဂါဂါရင်တို့၊ လပေါ်ကိုပထမဆုံးရောက်ဖူးတဲ့ နီးလ် အမ်စထရောင်းတို့ကို ဒီဒီ သိပ်အားကျတာ။ ဒီဒီ့ အလှည့်ကျ အင်္ဂါဂြိုဟ်ပေါ် ပထမဆုံး ခြေချခွင့်ရတဲ့ အာကာသယာဉ်မှူးဖြစ်ရင် သိပ်ကောင်းမှာ” တဲ့။ 

ကျွန်တော်ကလည်း အားကျမခံ “သားက တီဗီမှာလာတဲ့ ပြိုင်ကားမောင်းသမားတွေလို ပြိုင်ကားတွေ နဲ့ ကမ္ဘာပတ်ပြိုင်မောင်းမှာ” လို့ ပြန်ပြောခဲ့သေးတယ်။ 

ဒီဒီ ခုရော အာကာသထဲ သွားချင်သေးရဲ့လားဆိုတာ မသိပေမဲ့ သူ့ လက်ရှိဘဝနဲ့ အဲသည်အိပ်မက် နဲ့ကတော့ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။ ဒီဒီ့အနေနဲ့ သူကိုယ်တိုင် အာကာသယာဉ်မှူးဖြစ်ဖို့ထက် ‘နာဆာ’ မှာအလုပ်လုပ်ချင်တယ်ဆိုပြီး ပြောပြောနေတဲ့ သူ့သားအကြီးကောင် အာကာသယာဉ်မှူးဖြစ်သွားတာကို မြင်ရဖို့ကမှ ပိုနီးစပ်ချင်နီးစပ်ပါဦးမယ်။ ကျွန်တော်ကတော့ ပြိုင်ကား မောင်းသမားမဖြစ်ခဲ့ပေမဲ့ အလုပ်ကိစ္စနဲ့ ကိုယ့်ကားကိုယ်မောင်းပြီး မြန်မာပြည်အနှံ့ ခရီးထွက်ရတာတွေ ကတော့ မနည်းတော့ပါဘူး။ 

အလုပ်နဲ့ဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာနဲ့ဖြစ်ဖြစ် ရန်ကုန်ကို ရောက်တိုင်း သူ့အိမ်မှာ ဝင်မတည်းရင် ဒီဒီက စိတ်ဆိုးပါတယ်။ စိတ်ဆိုးတယ်ဆိုတာထက် စိတ်မကောင်းတာမျိုးပါ။ ဒီဒီက ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ စိတ်ဆိုးဖူးသူမဟုတ်ဘူး။ ဒါပေမဲ့လည်း ဒီဒီဟာ သူစိတ်မကောင်းဖြစ်တာကို ထုတ်ပြတတ်တဲ့ လူမျိုးလည်း မဟုတ်ပြန်ဘူး။ သူ့ ကြည့်လိုက်ရင် အမြဲပြုံးနေတတ်တာ။ ဒါပေမဲ့ ဒီဒီ စိတ်မကောင်းဖြစ်ရင် ဖြစ်မှန်း ကျွန်တော်ကတော့ သိတယ်။ အဲဒါ ဒီဒီ့မျက်လုံးတွေကြောင့်ပဲ။ မျက်နှာက ဘယ်လောက်ပြုံးနေနေ သူ့မျက်လုံးလေးတွေက မျက်ရည်မထွက်ဘဲ ငိုနေတတ်တယ်။ ဒါကြောင့်လည်း ဒီဒီ စိတ်မကောင်း ဖြစ်မယ်မှန်း သိလို့ ကျွန်တော်က သူ့ဆီ အလိုက်တသိ သွားတည်းရပါတယ်။ ကျွန်တော့်ဘဝမှာ သူ မင်္ဂလာဆောင်ပြီး မြို့ကနေ ပြန်မယ့်နေ့တုန်းက သူမျှော်နေမှန်း သိလျက်နဲ့ အိမ်ပြန်မလာဘဲ နေခဲ့တဲ့ နောက်ပိုင်း ဒီဒီ့ကို စိတ်မကောင်းဖြစ်အောင် ထပ်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ယောက်ျားက ရုံးသွား၊ သားသမီးတွေက ကျောင်းသွားနဲ့ အသီးသီးအိမ်ကနေ ထွက်သွားပြီဆိုတာနဲ့ ဒီဒီရဲ့ တစ်နေ့တာဟာ တိတ်ဆိတ်ခြောက်ကပ်သွားပါတော့တယ်။ တစ်ခါတုန်းက သူ့အိမ်ကို ကျွန်တော်ရောက်တာ အဲသည်လို နေ့လယ်ခင်းပိုင်းတစ်ခုမှာပေါ့။ ဧည့်ခန်းထဲက ခုံလေးမှာ တစ်ယောက်တည်းထိုင်ရင်း အိမ်ပြင်ကို ငေးကြည့်နေတဲ့ ဒီဒီဟာကျွန်တော့်ကိုလည်း မြင်ရော ငေါက်ခနဲထပြီး ပြေးထွက်လာပုံများ ဟိုးငယ်ငယ်က သူ တက္ကသိုလ်ကျောင်းသူဘဝ ပိတ်ရက် အိမ်ပြန်တဲ့အခါ ကျွန်တော် အပြေးကြိုခဲ့ပုံအတိုင်းပဲ။ ဒီဒီဟာ ဧည့်ကိုမျှော်နေတာလား၊ ကျွန်တော့်ကိုပဲ မျှော်နေတာလား မသိပါဘူး။ တခြား ဧည့်တွေလာရင် ဘယ်လိုနေမှန်းမသိပေမဲ့ ကျွန်တော်လာရင်တော့ ဒီဒီဟာ နံနက်ခင်းပန်းကလေးတစ်ပွင့် ပွင့်လာသလိုမျိုး။  

ဒီဒီတို့ အိမ်ထောင်ရေးလား။ သူ့ ယောက်ျားက သိသလောက် အပြင်မှာအရှုပ်အရှင်းကင်းတယ်။ အသောက် အစားသမားလည်း မဟုတ်ဘူး။ သူ့ကိုလည်း ချစ်ပါတယ်။ ဒါပေမဲ့လည်း နွားသိုးမှန်ရင် ချို (ဂျို) ရာမကင်းဘူး မဟုတ်လား။ အိမ်ထောင်ဆိုတာလည်း သက်တမ်းကြာလာတာနဲ့အမျှ အဖုအထစ်တွေတော့ ဘယ်ကင်း ပါ့မလဲ။ အဲသည် အဖုအထစ်တွေကို ဒီဒီက ဖျာအောက်လေးထဲ တံမြက်စည်းလေးနဲ့ အသာလှဲထည့်သူပေါ့။ မိသားစုလှေကြီးကို ရေစီးကြောင်းအတိုင်း ထိန်းရင်း ဟိုကွေ့ ဟိုတက်နဲ့လှော်ပေါ့။ တချို့သော သပွတ်အူတွေ ကျတော့လည်း အချိန်တန် နွားပိန်ကန် လိမ့်မယ်လို့ နှလုံးမူရုံပေါ့။ တစ်ခါက ကျွန်တော်အရောက်နဲ့ သူတို့လင်မယားစကားများနေတာနဲ့ တည့်တည့်တိုး ပါသေးတယ်။ လင်မယား စကားများတာ မဆန်းပေမဲ့ အဲသည်နေ့က သူတို့စကားအသွားအလာအရ ဒီဒီဟာ လှည်းအိုကြီးတစ်စီးကို ကြိုးတွေနဲ့ ရသမျှ လိုက်တုပ်နှောင်ပြီး ဆက်မောင်းနေတဲ့ လှည်းသမားလိုပါပဲ။ ဒီဒီဟာ အစဉ်အလာဘောင်ထဲက ကြီးပြင်းလာတဲ့ အမျိုးသမီးတစ်ဦးမျှသာရယ်။ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုပ်ထိုး ဆိုတဲ့ ဂါထာကိုပဲ တစ်သက်လုံး ရွတ်လာတဲ့သူ။ 

တစ်ခါတုန်းက သူ့ယောက်ျားမရှိတဲ့အချိန် တိတ်ဆိတ်နေတဲ့ နေ့လယ်ခင်းတစ်ခုမှာ သူတို့အိမ်ဧည့်ခန်းမှာပဲ ဒီဒီက ကျွန်တော့်ကို ပြောခဲ့ဖူးတယ်။

“ငါ ဘာလို့ ဒီလမ်းကိုရွေးခဲ့ပါလိမ့်လို့ တစ်ခါတစ်ခါ တွေးမိတယ် သိလား မောင်လေး။ ဒီလိုပြောလို့ ဒီလင်၊ ဒီသား၊ ဒီသမီးတွေကို မချစ်လို့ရယ် မဟုတ်ပါဘူး။ ဒီလူတွေနဲ့ ဒီဘဝမှာ လာပြီး တစ်မိသားစုတည်း ဖြစ်ခွင့်ရတာလည်း ကံကောင်းတယ် ဆိုနိုင်ပါတယ်။ လင်ကလည်း ကိုယ့်အပေါ်ကောင်းတယ်။ သားသမီးတွေ ကြောင့်လည်း ပြောပရလောက်အောင် စိတ်မဆင်းရပါဘူး။ ဒါပေမဲ့လည်း တစ်ခါတစ်ခါကျတော့ ဘာဖြစ်မှန်းမသိဘူး။ ဘဝကို တအားငြီးငွေ့တာပဲ”

“ဒီဒီက ကိုသက်ထွန်းကို ချစ်လို့ယူခဲ့တာပဲ မဟုတ်လား။ ချစ်ရသူနဲ့ အတူနေရတာ ပျော်စရာမဟုတ်ဘူးလား” လို့ ကျွန်တော်က ပြန်မေးပါတယ်။ ဒီဒီက ချက်ချင်းပြန်မဖြေသေးဘဲ ငြိမ်သက်နေပါတယ်။ ပြီးမှ … 

“တစ်ခါတုန်းက တေးသီငှက်ကလေး တစ်ကောင် ပြတင်းပေါက်မှာ လာနားတယ်။ သူ တေးဆိုတာလေးက သာယာလိုက်တာ။ စိတ်မှာ ညွတ်နူးသွားတယ်။ ဒါပေမဲ့ ငှက်ကလေးက အကြာကြီးနားမနေဘူး မောင်လေး။ ဈာန်ဝင်နေတုန်း ထပျံသွား တယ်။ သူပြန်လာမလားလို့ မျှော်နေတုန်းမှာပဲ တခြားငှက်တွေသာ တစ်ကောင် ရောက်လာလိုက်၊ ပြန်ထွက် သွားလိုက်ပေါ့။ ဥဩလေးတွေပါသလို ငှက်ဆိုးတွေလည်း ပါတာပါပဲ။ ဒါပေမဲ့ မောင်လေးရယ် အချိန်တွေသာကုန်သွားတယ်။ နိုက်တင်ဂေး ငှက်ကလေးကတော့ ပြန်ပေါ်လာခဲပါဘိခြင်း”

ဒီဒီ ဘာပြောချင်မှန်း မသိပါဘူး။ ဝတ္ထုတစ်အုပ်ထဲက စာသားတွေလား။ ဘယ်ကနေကြားထားတဲ့စကားတွေလဲ မပြောတတ်ဘူး။ ကျွန်တော် တကယ်မသိတာဖြစ်နိုင်သလို မသိချင်ယောင်ဆောင်တာလည်း ဖြစ်နိုင်ပါရဲ့။

“ဒီဒီ အာကာသယာဉ်မှူးဖြစ်ခဲ့ရင်ကော ကြာရင်ငြီးငွေ့သွားမှာလားဟင်”

သည်စကားကြားတော့ ဒီဒီဟာ လှုပ်နှိုးခံလိုက်ရသူတစ်ယောက်လို ဖြစ်သွားပါတယ်။ ပြီးတော့မှ “အောင်မလေး … ဒါလား …” ဆိုပြီး တဟားဟား ရယ်မောပါတယ်။ “နင်မှတ်မိသားပဲ” တဲ့။ 

တကယ်ကတော့ အဲသည်တုန်းက ဒီဒီလည်း ကလေးပီပီ စိတ်ကူးပေါက်ရာ ပြောပုံမျိုးပဲဖြစ်မှာပါ။ တကယ်လည်း သူ အာကာသယာဉ်မှူးဖြစ်ချင်တယ်ထားဦး၊ ဒီဒီဟာ စိတ်ကလည်း နူးနူးညံ့ညံ့လေး၊ လူ ကလည်း ပျော့ပျော့လေး။ ချူကလည်း ချူချာသေးတယ်။ ဖြစ်ဖို့မလွယ်ပါဘူး။ အင်္ဂါဂြိုဟ်ကိုဆင်းဖို့က တကယ့် အိပ်မက်မဟုတ်ဘူး ဆိုရင်လည်း တခြား လက်တွေ့နဲ့ပိုနီးတဲ့ ဘာအိပ်မက် ဒီဒီ့မှာ ရှိသေးလဲတော့ မသိပါဘူး။

အကယ်၍များ ဒီဒီဟာ ကန်ရေပြင်ဖြစ်မလာခဲ့ဘဲနဲ့ ပင်လယ်ရေမျက်နှာပြင်တစ်ခု ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လိုနေမလဲလို့ ကျွန်တော် တွေးကြည့်မိပါတယ်။ ပင်လယ်ရေမျက်နှာပြင်ဆိုတာ လှိုင်းသေးတာနဲ့ လှိုင်းကြီးတာနဲ့ပဲ ကွာမယ်၊ ရေလှိုင်းတွေက အမြဲလှုပ်ခတ်ပြောင်းလဲနေတာ မဟုတ်လား။ မှတ်မိသလောက် ငယ်ငယ်က ဒီဒီနဲ့အဖော်လိုက်သွားပေးရသမျှထဲမှာ မြို့က စက်ချုပ်သင်တန်းဆိုင်လည်း ပါတယ်။ ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်ကနေ ဒီဒီက လစဉ်မဂ္ဂဇင်းတွေ ငှားငှားပြီး မျက်နှာဖုံးနဲ့ အတွင်းပုံတွေထဲက မော်ဒယ်တွေရဲ့အဝတ်အစားတွေကို စုတုပြုပြီး လိုက်ချုပ်ကြည့်တတ်တယ်။ ဒီဒီသာ ဖက်ရှင်ဒီဇိုင်နာ ဖြစ်ခဲ့မယ်ဆိုရင်တောင် ဒီဒီရဲ့ဘဝဟာ အီးစီဂျီဂရပ်မျဉ်းတွေလို ဖြစ်နေမယ်လို့တော့ ထင်တယ်။

နေ့ရက်တွေဟာ မသိလိုက်မသိဘာသာ ကုန်ဆုံးသွားကြပါတယ်။ ဟိုဘက်သည်ဘက် ခေါက်တုံ့ခေါက်ပြန် ကူးနေတဲ့ ရက်ကန်းစင်ကလွန်းလို တတောက်တောက် ကူးခတ်နေရတဲ့စက္ကန့်ပင်လယ်ကြီးထဲမှာ ကျွန်တော်တို့ဟာ ကိုယ့်ဘဝရဲ့ အထည်ကိုယ်စီကို အချိန်တိုင်း ရက်နေကြပါတယ်။ တချို့လည်း အထည် အများကြီး ရက်လုပ်ပြီးကြ။ တချို့လည်း ရုန်းကန် ရက်နေဆဲ။ တချို့ အထည်တွေက လှပတယ်။ တချို့က မလှ။ တချို့လည်း နှပ်ကျော်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်း ရက်ကန်းစင် တစ်ခုစီနဲ့ အထည်ကိုယ်စီ ရက်နေကြရတာဟာ မွေးရာပါ အလုပ်ကြီးတစ်ခုပါပဲ။ သေမှပဲ ရက်နေရတာ ပြီးမှာပါ။ 

ရန်ကုန်ကို နောက်ဆုံးတစ်ခေါက် အလုပ်နဲ့ဆင်းလာတော့ ပွဲရုံနဲ့နီးနီးနားနားမှာပဲ မိတ်ဆွေတစ်ယောက်နဲ့ အတူ တည်းဖြစ်တယ်။ ဒီဒီ့ဆီကိုတော့ ပြန်ခါနီးမှပဲ သွားနှုတ်ဆက်တော့မယ်ဆိုပြီး ဖုန်းလည်း မဆက်ဖြစ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မိန်းမက သူ့မိဘတွေအတွက် မှာလိုက်တဲ့ ဆေးဝါးတချို့ဝယ်ဖို့ ရန်ကုန်ရဲ့ နာမည်ကြီး ဆေးဆိုင်ကြီး တစ်ဆိုင်ကိုဝင်တုန်း ဒီဒီနဲ့ အမှတ်မထင် သွားတွေ့ပါတယ်။ ရန်ကုန်ကို သူ့မပြောဘဲ တိတ်တိတ်လေး ရောက်နေလို့ ဒီဒီ စိတ်မကောင်းဖြစ်သွားမလားလို့တွေးပြီး အားနာသွားရတယ်။ 

“ဟင် ဒီဒီ တစ်ယောက်တည်းလား။ ဘယ်သူ့အတွက် ဆေးလာဝယ်တာလဲ”

“ကားဒရိုင်ဘာနဲ့အတူ လာတာ။ ဆေးက ဒီဒီ့အတွက်ပေါ့။ မင်းသိသားနဲ့၊ ဒီဒီက ဒီလိုပဲ ဆေးနဲ့ပါးစပ်နဲ့က မပြတ်ရဘူး။ ဒါနဲ့ မောင်လေးက ဘယ်တုန်းက ရန်ကုန် ရောက်နေတာတုံး။ ဒီဒီ့ဆီ မလာတော့ဘူးလား”

ဒီဒီ့ ရောဂါက နာမည်တပ်မရဘူး။ မတ်တပ်နာ လူမမာလို့ပဲ ပြောရမယ်။ ခုတစ်ခေါက် ခါတိုင်းထက်တောင် ပိုပိန်သွားသလား မှတ်ရတယ်။ သူ့ပုံက ပိုးဟပ်ဖြူလေးတစ်ကောင်လိုပဲ။ 

“နှစ်ရက်၊ သုံးရက်ရှိပြီ။ အလုပ်မအားသေးတာနဲ့။ ဝယ်လက်တွေနဲ့ စာရင်းရှင်းစရာကိစ္စတွေ ပြီးမှ လာမယ်ဆိုပြီး လုပ်ထားလို့ ဖုန်းမဆက်ဖြစ်တာ။”

ဒီဒီ တစ်ခုခုပြောချင်နေမှန်းသိပေမဲ့ သူ့ထုံးစံအတိုင်း စကားလုံးရှာမရရင် ပြုံးပြတာပဲ။ “လာဖြစ်အောင် လာဦး” လို့ပဲ ပြောသွားတယ်။ 

ကျွန်တော် သွားတဲ့နေ့မှာ ဒီဒီက ဟင်းတွေသေချာချက်ထားတယ်။ ကိုသက်ထွန်းလည်း ရှိနေပါတယ်။ အိမ်ထဲရောက်မဆိုက် ကိုသက်ထွန်းက ကျွန်တော့်ကို “ငါ့ညီ မင်းအချိန်ရရင် သန်ဘက်ခါလောက်မှ ပြန်ပါလား။ မနက်ဖြန် မင်းအစ်မကို ပုသိမ် နေ့ချင်းပြန် လိုက်ပို့မပေးနိုင်ဘူးလား။ ငါ ဒီနေ့ပဲ လူကြီးနဲ့ တိုင်းခန်းလှည့် ခရီးစဉ် လိုက်ရတော့မှာ။ ဒရိုင်ဘာနဲ့လည်း မလွှတ်ချင်ဘူး” လို့ ပြောတယ်။ 

ပုသိမ်မှာနေတဲ့ ဒီဒီတို့အမေဘက်က အဒေါ်အငယ်ဆုံး ရုတ်တရက် နာရေးဖြစ်တာကို ဒီဒီက သင်္ဂြိုဟ်အမီသွားချင်တယ်။ မီမီက နိုင်ငံခြားမှာ။ ရီရီကလည်း တစ်နယ်တစ်ကျေးမှာ။ ကျန်းမာရေးကလည်း မကောင်း။ သွားနိုင်သူဆိုလို့ ဒီဒီပဲရှိတာ။ ဒါနဲ့ ကျွန်တော်လည်း မိန်းမကိုဖုန်းဆက်ပြီး မနက်ဖြန် ပြန်မလာဖြစ်သေးဘူးလို့ အကျိုးအကြောင်း ပြောပြလိုက်ပါတယ်။ 

ကျွန်တော့်ကားနဲ့ပဲ ဒီဒီ့ကိုခေါ်ပြီး ပုသိမ်ကို နောက်တစ်နေ့ မနက်စောစော သွားကြပါတယ်။ တစ်လမ်းလုံး ဒီဒီဟာ ရယ်ရယ်မောမောနဲ့ စကားတွေပြောလိုက်တာမှ နာရေးသွားနေသူနဲ့တောင် မတူပါဘူး။ ပုသိမ်ကို ထမင်းစားချိန်အမီရောက်တယ်။ မွန်းလွဲပိုင်းမှာပဲ သင်္ဂြိုဟ်တယ်။ အမျိုးတွေက တစ်ညလောက် အိပ်ပါဦး ဆိုပြီး ပြောပေမဲ့ ဒီဒီက ကလေးတွေအဖေလည်း ခရီးသွားနေတယ်၊ အိမ်မှာ ကလေးတွေပဲ ထားခဲ့ရတာ ဆိုပြီး ကူငွေတွေဘာတွေပေးပြီး နှုတ်ဆက်ထွက်ခဲ့ကြပါတယ်။ 

ပုသိမ်မြို့ထဲပြန်ရောက်တော့ ဒီဒီက ကားကိုခဏရပ်ခိုင်းတယ်။ 

“ဟိုမှာ ညမအိပ်ချင်လို့သာ ပြန်မယ် ပြောရတယ်။ အိမ်လည်းမပြန်ချင်သေးဘူးရယ်”

“ဘာဖြစ်လို့လဲ ဒီဒီ”

ဒီဒီက သက်ပြင်းချပြီး ရှေ့ကိုငြိမ်ငြိမ်လေး ငါးစက္ကန့်လောက် ငေးကြည့်နေပါတယ်။ ပြီးမှ … 

“အိမ်ထောင်စကျကတည်းက နေ့စဉ်နဲ့အမျှ ဒီဒီဟာ စတုရန်းပေ နှစ်ထောင့်လေးရာရှိတဲ့ အကွက်ထဲမှာပဲ နေခဲ့ရတာ။ ကျန်တဲ့ မိသားစုဝင်တွေသာ အချိန်တန်ရင် အလုပ်သွားတဲ့သူနဲ့၊ ကျောင်းသွားတဲ့သူနဲ့။ သူတို့ မရှိတော့တာနဲ့ ဒီဒီဟာ မျောက်အိုမကြီးလို ငုတ်တုတ်ကလေးကျန်ခဲ့ရတာ နှစ်နှစ်ဆယ်ရှိပြီ။ မိသားစု ခရီးတွေ တော့ ရံဖန်ရံခါ သွားရပါရဲ့။ ဒါပေမဲ့ ဘယ်သူမှမပါဘဲ တစ်ယောက်တည်း ခရီးသွားချင်နေတာ။ ကြာပြီ။ ကိုသက်ထွန်းကိုပြောရင် ဘယ်တော့မှ ခွင့်မပြုလို့ မသွားရဘူး” 

“ဒီဒီက ကျန်းမာရေးမှ မကောင်းတာ ဘယ်ယောက်ျားကခွင့်ပြုမှာတုံး”

“အို … ကျန်းမာရေးကောင်းတုန်းကလည်း သူက ဘယ်တုန်းကမှ တစ်ယောက်တည်းမလွှတ်ခဲ့ပါဘူး”

“ဘာပဲပြောပြော တစ်ယောက်တည်းတော့ မသွားပါနဲ့ ဒီဒီရယ်။ ကျွန်တော်အဖော်လိုက်ပေးပါ့မယ်။ ဘယ်သွားချင်လို့လဲ ပြောလေ လိုက်ပို့ပေးမယ်” လို့ မေးလိုက်ပါတယ်။

ဒီဒီက ကျေကျေနပ်နပ် ပြုံးရင်း “ဒါမှ ငါ့မောင်လေး” လို့ ဆိုတယ်။

“ဒါပေမဲ့ ဒီဒီတစ်ယောက်တည်းသွားချင်တဲ့ ဆန္ဒတော့ ဘယ်ပြည့်တော့မလဲ” 

“ဪ ဘာဖြစ်လဲ... တို့နှစ်ယောက်အတူတူသွားတာ တစ်ယောက်တည်းသွားတာနဲ့ ဘာများခြားလို့လဲ” 

ကျွန်တော့်စိတ်ထဲ နွေးထွေးသွားတယ်။ ကလေးဘဝတုန်းက ဒီဒီတို့မိသားစုနဲ့ ကျွန်တော်တို့မိသားစု နှစ်မိသားစုပေါင်းပြီး ခရီးတွေ ထွက်ခဲ့ဖူးပေမဲ့ သူနဲ့ကျွန်တော် နှစ်ယောက်တည်းတော့ ဘယ် သွားဖူးပါ့မလဲ။ သွားဖြစ်မယ်လည်း ဘယ်ထင်ပါ့မလဲ။ ခုတော့ ကြည့်ဦး။ ကြံကြံဖန်ဖန် မက်တဲ့အိပ်မက်လို။ တစ်ချိန်တည်းမှာ ဒီဒီ့ကိုလည်း သနားတယ်။ သူ့ယောက်ျားခွင့်မပြုတဲ့ ကိစ္စတစ်ခုကို ခိုးလုပ်ဖို့ ဘဝမှာ သူအယုံကြည်ရဆုံးဖြစ်တဲ့ ကျွန်တော့်ကို ဖွင့်ဟ အကူအညီတောင်းနေရတာ။ 

“ဒါြဖင့် ဘယ်မောင်းရမလဲ။ ဒီဒီ ဘယ်သွားချင်လဲ။ ဘာလုပ်ချင်လဲ”

“မောင်းချင်းတဲ့ဆီသာမောင်း။ အိမ်ပြန်မယ့်ကိစ္စကို နောက် နှစ်ဆယ့်လေးနာရီ ထပ်ဆွဲထားရရင် ပြီးရော”

ကျွန်တော်လည်း ကားကို ချောင်းသာဘက်ဆီ ဦးတည်လိုက်ပါတယ်။ ဘယ်သွားနေမှန်း ဒီဒီလည်း သိပါတယ်။ သူက အိမ်ကိုဖုန်းလှမ်းဆက်ပြီး သူ့ကို နာရေးအိမ်က ဆွဲထားလို့ မနက်ဖြန်မှပြန်လာမယ်လို့ အိမ်ဖော် အဒေါ်ကြီးကို ပြောတယ်။ ကလေးတွေကိုလည်း မိဘမရှိဘဲ တစ်ည စိတ်ချလက်ချထားလို့ရမရ၊ သေရေးရှင်ရေးက လွဲရင် ဘာပြဿနာပဲရှိရှိ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းနိုင်မယ်မဟုတ်လားလို့ မေးတယ်။

ဒီဒီ့သားအကြီးဆုံးဟာ နိုင်ငံခြားမှာ ကျောင်းသွားတက်နေပြီမို့ အိမ်မှာက အငယ်တွေပဲကျန်ခဲ့တယ်။ ဒီဒီ လေ့ကျင့်ပေးထားလို့ သူ့ကလေးတွေဟာ လူကြီးမိဘကို တရားလွန်အားမကိုးဘဲ နေတတ်နေပြီလို့ ဒီဒီက ဆိုဖူးတယ်။ ဒီအဆို ဟုတ်မဟုတ် စမ်းသပ်ဖို့ ဖြစ်လာတယ်ဆိုရမပေါ့။ ဒီဒီက ကိုသက်ထွန်းကိုလည်း အလားတူ လှမ်းသတင်းပို့ပါတယ်။ လူကြီနားပါသွားတဲ့ ကိုသက်ထွန်းက ဖုန်းကိုတောင် နားပူအောင် မပြောနိုင်ဘဲ ခဏပဲပြောပြီး ပြန်ချသွားပါတယ်။ 

ချောင်းသာရောက်တော့ ချုပ်စမှောင်ရီ။ ခရီးသွားရာသီမဟုတ်လို့ လူပါးလှပါတယ်။ ညစာစားပြီးတော့ ကျွန်တော်တို့ ကမ်းခြေဘက်ကို ထွက်လာခဲ့ကြတယ်။ မှောင်နေပြီမို့ ရေကူးနေသူတွေမရှိတော့ဘူး။ ညအမှောင်အောက်မှာပဲ သဲသောင်ပြင်ပေါ် အတူတူလမ်းလျှောက်ကြပါတယ်။ ဒီဒီက ပြေးတက်လာတဲ့ ရေတွေကို ခြေထောက်တွေနဲ့ ထိတွေ့ဆော့ကစားနေတယ်။ ခရုကမာခွံလေးတွေကို ကောက်တယ်။ ရေလှိုင်းနဲ့အတူ လာတင်တဲ့ အကောင်ပလောင်လေးတွေကို ကောက်ပြီး ရေထဲကို လှမ်းလှမ်းပစ်တယ်။ ဒါမြင်တော့ ကြယ်ငါးလေးတွေ တစ်ကောင်ကယ်နိုင်လည်း တစ်ကောင်ပေါ့ ဆိုပြီး ရေထဲပြန်ပစ်တဲ့ လူအကြောင်း ရေးထားတဲ့ The Star Thrower ဆိုတဲ့ ဇာတ်လမ်းလေးတောင် သွားသတိရမိတယ်။ 

အဲသည်ညက လကတော့ သိပ်မသာပါဘူး။ ကျွန်တော်တို့ဟာ သဲပေါ်မှာပဲ ဖိနပ်ချွတ်ထိုင်၊ မှောင်နဲ့မည်းမည်း ကောင်းကင်ကို ကြည့်ပြီး တဝေါဝေါရေလှိုင်းသံတွေကို နားဆင်ငြိမ်သက်လို့။ ပုံမှန်ဆို ကျွန်တော်တို့ နှစ်ယောက်မှာ အမြဲ ပြောစရာတွေက အပြည့်ပဲ။ တစ်ချိန်က သူ ပြောပြသမျှ မျက်လုံးအဝိုင်းသားနဲ့ နားထောင်ခဲ့ရတဲ့ ကျွန်တော့်ဆီကနေ အခု သူ သိပ်မသိတဲ့ တိုင်းပြည်အရေး၊ ကမ္ဘာ့အရေးတွေကို ဒီဒီက စိတ်ဝင်တစား ပြန်နားထောင်တတ်တယ်။ ကျွန်တော့်အလုပ်အကြောင်း၊ အိမ်ထောင်ရေးအကြောင်းတွေလည်း စပ်စုတတ်တယ်။ ဒါပေမဲ့ ခုတော့ နှစ်ယောက်စလုံး အတွေးကိုယ်စီနဲ့ ငြိမ်သက်လို့။

“ငယ်ငယ်က ဒီဒီ အပြင်သွားရင် ငါ့မောင်ကို အဖော်ခေါ်သွားနေကျ။ အခုလည်း လိုက်ရပြန်ပြီ။ အခုချိန်ထိ ဒီဒီ့ကို မင်းလိုက်စောင့်ရှောက် နေရတုန်းပဲနော်” လို့ အကြာကြီးတိတ်နေကြပြီးမှ ဒီဒီက စကားစတယ်။

“ဟုတ်ပ ဒီဒီ။ မသိရင် ခုပဲ ဒီဒီ့စက်ဘီးနောက်က ထိုင်ပြီး ဟိုအစ်ကိုကြီးတွေကို အော်မောင်းထုတ်နေရတယ် လို့တောင် ထင်မိတယ်။ ဟာ … ဟိုမှာ အစ်ကိုကြီးတစ်ယောက် … ဟေ့လူ သွားသွား ကျုပ်အစ်မကို လာမနှောင့်ယှက်နဲ့” 

ကျွန်တော်က ခပ်တည်တည်နဲ့ နောက်တော့ ဒီဒီက အဟုတ်မှတ်လို့ လှည့်ကြည့်လိုက်သေးတယ်။ ပြီးတော့ လှိုက်လှိုက်လှဲလှဲပြုံးရယ်လိုက်တာကို ကြယ်ရောင်မှုန်မှုန်လေးအောက်မှာ ကျွန်တော် မြင်ရတယ်။ သည်လောက်မှောင်တဲ့ညမှာ ဒီဒီ့မျက်နှာတစ်ခုပဲ သောက်ရှူးကြယ်လို ထိန်လင်းနေတာကိုး။ 

ခရီးထွက်ရလို့လား၊ ဒါမှမဟုတ် ကျွန်တော်နဲ့အတူ လာရလို့ပဲလားတော့မသိဘူး။ ဒီဒီ့ကိုကြည့်ရတာ မျက်နှာက ခါတိုင်းနဲ့ မတူ တော်တော်လေး ရွှင်လန်းနေတယ်။ ခုချိန် သူ့ခေါင်းထဲမှာ ယောက်ျားရော၊ ကလေးတွေရော၊ နှစ်ပေါင်းများစွာ ဖင်ကျောက်ချနေခဲ့ရတဲ့ အိမ်ကိုရော မေ့ထားဟန် တူပါတယ်။ ကျွန်တော်လည်း ခုခဏတော့ ဒီဒီ့ကိုပဲ ခေါင်းထဲထည့်ထားပါတယ်။ အခုနေ ကိုသက်ထွန်းဖြစ်ဖြစ်၊ ကျွန်တော့်မိန်းမပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီ ဖုန်းဆက်လာခဲ့ရင်ဆိုတဲ့ အတွေးတောင် မဝင်မိဘူး။ ဒါပေမဲ့ အဲဒီညက ဘယ်သူကမှလည်း ဖုန်းမခေါ်ခဲ့ကြဘူး။

ကျွန်တော်တို့ဟာ စကားသိပ်မပြောဖြစ်ကြဘဲ သဲသောင်ပြင်မှာ အားရအောင် နေပြီးမှ ဘန်ဂလိုကို ပြန်လာ၊ ခုံလေးတစ်ခုံမှာထိုင်ရင်း ညဉ့်နက်တဲ့အထိ နေနေကြပါတယ်။ ကျွန်တော်တို့မှာ မိနစ်စက္ကန့်တိုင်းကို အတူတူ ကုန်ဆုံးသွားဖို့ကလွဲရင် တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ကိုယ်စီ ရက်ကန်းစင်က အထည်တွေကို အလှဆုံးဖြစ်အောင် ရက်ချင်နေကြတာပဲရှိပါတယ်။

ဒီဒီက တဖြည်းဖြည်းနဲ့ ငယ်ငယ်က အကြောင်းလေးတွေ ပြန်စလာတယ်။ သည်လိုနဲ့ မှတ်ဉာဏ် သေတ္တာအိုကြီးထဲက အထည်ဟောင်းလေးတွေကို တစ်ခုစီ ပြန်ဆွဲထုတ်ရင်း သဘောကျစရာတွေ့တော့ ရယ်လိုက်ကြ၊ လွမ်းစရာပါလာတော့ ငိုင်သွားကြ၊ ဆင်ခြင်စရာတွေ့လာရင် ဆွေနွေးကြပေါ့။ ကျွန်တော် ကလည်း သည်တစ်ရက်တော့ ဒီဒီ စိတ်တိုင်းကျနေပေးဖို့ ဆုံးဖြတ်ထားပြီးသား။ သူ တိတ်တိတ်နေချင်တဲ့ ခဏမှာ တိတ်တိတ်နေပေးတယ်။ သူ စကားပြောချင်တဲ့ ခဏမှာ အတိုင်အဖောက် ညီညီ ပြန်ပြောပေးတယ်။ ငယ်ငယ်ကလို စကားထာဝှက်ချင်တယ်ဆိုလို့ မှတ်မိသမျှပြန်စဉ်းစားပြီး ကစားရသေးတယ်။ 

“ဒီဒီ သိလား။ ဒီဒီ ယောက်ျားယူတုန်းကလေ ကျွန်တော့်စိတ်ထဲ ဘယ်လိုကြီးမှန်း မသိဘူး။ ကိုသက်ထွန်း ကိုလည်း မုန်းတယ်။ ငါ့အစ်မကို လုယူသွားတယ်ဆိုပြီး ...”

ကိုယ်တိုင်လည်း ဘယ်တော့မှမပြောဘူးလို့ ထင်ထားတဲ့စကားကို အရင်းမရှိ အဖျားမရှိ ထပြောလိုက်တဲ့ ကျွန်တော့်ကြောင့် ဒီဒီ အံ့ဩသွားမယ်အထင်နဲ့ သူ့မျက်နှာကို ကျွန်တော် လှည့်ကြည့်လိုက်တယ်။ ဒါပေမဲ့ သူက ဟိုးရှေ့တည့်တည့် အမှောင်ထုအောက်ထဲ တရှဲရှဲမြည်နေတဲ့ ပင်လယ်ကမ်းစပ်ကိုသာ မှန်းဆကြည့်သလို ကြည့်ရင်း ပြုံးနေပါတယ်။ 

“အဲဒါနဲ့ပဲ ဒီဒီ ရန်ကုန်ပြန်မယ့်နေ့တုန်းက မောင်လေးက အိမ်ပြန်မလာတာပေါ့လေ” လို့ အသံတိုးတိုးလေးနဲ့ ကျွန်တော့်ကိုမကြည့်ဘဲ မေးပါတယ်။ 

ဪ အဲသည်နေ့ကို ဒီဒီလည်း မှတ်မိတာပါပဲလား။ ကျွန်တော် ဘာမှ ပြန်မဖြေလိုက်ဘူး။ တစ်အောင့်နေတော့ သူက ပြောတယ်။ 

“ဒီဒီလည်း အဲဒီနေ့တုန်းက မောင်လေးကိုမတွေ့လိုက်ရဘဲ ပြန်လာခဲ့ရလို့ တစ်လမ်းလုံး စိတ်မကောင်းလိုက် တာမှ” 

ကြည့်စမ်း။ ဒါတွေဟာ ဘာမှမဟုတ်တော့ပေမဲ့ ခုလို စားမြုံ့ပြန်ကြတော့လည်း ကြည်နူးစရာ။ အတိတ်ဟာ ခုတော့လည်း မီးဖိုထဲက ထုတ်ခါစ ကိတ်မုန့်လေးတစ်လုံးလိုပါပဲ။ ပူပူနွေးနွေးနဲ့ ရနံ့သင်းသင်းကလေးရယ်။ 

“မင်းသိလား။ မိခင်တစ်ယောက်အနေနဲ့ ပြောရရင် သားသမီးတွေကို ယောက်ျားထက် ပိုချစ်တယ်။ ဒါပေမဲ့ သားသမီးတွေ ဆိုတာ အချိန်တန်ရင် အတောင်ပေါက်ပြီး သူ့အသိုက်သူ ဆောက်ကြမှာ ဓမ္မတာပဲ။ လင်မယားဆိုတာလည်း ဒီကနေ့ချစ်နေကြပေမဲ့ မနက်ဖြန်သူစိမ်းပြင်ပြင် ဖြစ်ချင်လည်း ဖြစ်သွားနိုင်တယ်။ ဘဝဆိုတာ ဘာမှတပ်အပ်ပြောလို့မရဘူး။ ဒါပေမဲ့ အထီးကျန်ညမှာ ကောင်းကင်ကို မော့ကြည့်တဲ့လူတိုင်းကို လတွေ၊ ကြယ်တွေက အမြဲ အဖော်ပြုပေးနေတတ်သလို ဒီဒီ့ဘဝမှာလည်း မော့ကြည့်လိုက်တိုင်း အမြဲမပြောင်းမလဲ အဖော်အဖြစ် ရှိနေပေးမယ့်သူကတော့ မောင်လေးပဲဖြစ်မယ်လို့ ထင်တယ်။ ဒီဒီပြောတာ မှန်တယ် မဟုတ်လား” 

ကျွန်တော် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်တယ်။ နှုတ်ကဘာမှပြန်မဖြေပါဘူး။ ဆိတ်ဆိတ်နေခြင်းနဲ့ပဲ ဝန်ခံလိုက်ပြီး ဒီဒီ့လက်ဖဝါး တစ်ဖက်ကို ဖွဖွဆုပ်ကိုင်လိုက်ပါတယ်။ ဒီဒီကလည်း ကျွန်တော့်လက်ကို တင်းတင်းလေး ပြန်ဆုပ်ကိုင်ပါတယ်။ ပြီးတော့ ကျွန်တော့် ပခုံးပေါ် ခေါင်းမှီချလိုက်တယ်။ ကျွန်တော်ဟာ ငယ်ငယ်တုန်းက လုပ်တတ်သလို ဒီဒီ့ဘယ်ဘက်မျက်ခုံးအစပ်နားက အနာရွတ် နေရာဟောင်းလေးကို ကျန်လက်တစ်ဖက်နဲ့ ရွရွလေးစမ်းနေမိတယ်။ 

ညဟာ အုန်းပင်ထိပ်ဖျားတွေဆီကလာတဲ့အသံ၊ ကမ်းစပ်ကလာတဲ့ ရေတက်ရေကျသံတွေကလွဲရင် ဘာသံမှ မကြားရဘူး။ ကျွန်တော်နဲ့ ဒီဒီတို့ရဲ့ အသက်ရှူသွင်းရှူထုတ်သံတွေကလွဲရင်ပေါ့။ ဘန်ဂလိုရှေ့က ခုံလေးမှာ နှစ်ယောက်သား ထိုင်နေရင်းသား သတိရမိတာက ငယ်ငယ်က ဒီဒီတို့အိမ်ရှေ့မှာ ချထားတဲ့ ကွပ်ပျစ်ပေါ် ပက်လက်လှန်လှဲရင်း ကြယ်စုံတဲ့ကောင်းကင်ကို မော့ကြည့်ခဲ့ကြတာပဲ။ 

ကျွန်တော်တို့နှစ်ယောက်ဟာ ဘယ်အချိန်ရောက်လို့ ရောက်မှန်းမသိအောင် အဲသည်ခုံလေးပေါ်မှာပဲ စကားပြောလိုက်၊ ပါးချင်းအပ်ထားလိုက်၊ ငြိမ်သွားလိုက် လုပ်ရင်းနဲ့သာ အထည်သစ်ကိုယ်စီကို ရက်ကန်းစင် အသီးသီးမှာ ရက်လုပ်နေကြပါတယ်။ ဆုပ်ကိုင်ထားကြတဲ့ လက်တစ်စုံကိုတော့ မဖြည်ဖြစ်ကြပါဘူး။ 

ခုနစ်စဉ်ကြယ် အမြီးထောင်တော့မှပဲ ဒီဒီဟာ ကျွန်တော့်ကို တစ်နေကုန် ကားမောင်းခဲ့ရတာ နားဦးဆိုပြီး သူလည်း သူ့အခန်းသူ ပြန်သွားပါတယ်။ အိမ်နှစ်အိမ် ခြေရင်းခေါင်းရင်း နေခဲ့ကြတဲ့ ကျွန်တော်တို့ နှစ်ယောက်ဟာ ခုလည်း အားလုံးနဲ့ဝေးရာတစ်နေရာမှာ ဘေးချင်းကပ်လျက် အခန်းနှစ်ခန်းထဲ နံရံလေး တစ်ချပ်သာခြားရင်း အတူရှိနေကြပါတယ်။ ဒီဒီတော့မသိ၊ ကျွန်တော်ကတော့ တော်တော်နဲ့အိပ်မပျော်ပါဘူး။ မိုးလင်းခါနီးမှ မှေးခနဲတစ်ချက် ပျော်သွားတယ်။

ဒီဒီ အခန်းတံခါးလာခေါက်တော့မှ ကျွန်တော်နိုးပါတယ်။ အရှေ့အရပ် ရှမ်းပြည်ဘက်ကတိုးထွက်လာတဲ့ နေရောင်ခြည်တွေဟာ အနောက်အရပ် ဘင်္ဂလားပင်လယ်အော်ရဲ့ ရေပြင်ပေါ် ရောင်ပြန်ဟပ်လို့။ ကျွန်တော် မျက်နှာသစ်၊ ရေချိုးပြီး နှစ်ယောက်သား ဘန်ဂလိုက ကျွေးတဲ့ မနက်စာစားကြတယ်။ ပြီးတော့ ဒီရောက်မှ ဝယ်ထားတဲ့ တီရှပ်တွေ၊ ဟာဝေယံသရီးကွာတား ဘောင်းဘီတွေ ကိုယ်စီနဲ့ ကမ်းခြေဘက်ကို လက်ချင်းတွဲလို့ လမ်းလျှောက်ကြတယ်။ ဒီဒီဟာ ညတုန်းက မှောင်နေလို့ မမြင်ခဲ့ရတဲ့ တလက်လက် ပင်လယ်ကြီးကို တက်သစ်စ နေရောင်အောက် တဝ ငေးကြည့်နေတယ်။ ဒီဒီဆိုတဲ့ ငြိမ်သက် ကန်ရေပြင်ထဲက ရေသေတွေ ပင်လယ်ဒီလှိုင်းတို့နဲ့ ပေါင်းစည်းသွားတဲ့ခဏလို့တောင် အဲဒီအခိုက်အတန့်ကို ကျွန်တော် တင်စားလိုက်တယ်။  

ပင်လယ်ကိုနောက်ခံထားပြီး ဒီဒီ့ကို ကျွန်တော်က ဓာတ်ပုံရိုက်ပေးတယ်။ တစ်သက်လုံး ဓာတ်ပုံရိုက်တိုင်း ကင်မရာကို ရှုတည်တည်နဲ့ပဲ ကြည့်တတ်တဲ့ ဒီဒီက မပြုံးစဖူးပြုံးတယ်။ အိုက်တင်လေးနဲ့ မျက်နှာပေးလေးနဲ့။ 

နေ့လယ်စာစားပြီး မပြန်ခင်မှာ ကျွန်တော်တို့ ရန်ကုန်ကထွက်လာတဲ့ အဝတ်အစားတွေပြန်လဲဝတ်ကြပြီး ဒီမှာ ဝယ်ဝတ်တဲ့ အဝတ်တွေကို ကြွပ်ကြွပ်အိတ်နဲ့ထုပ် ယူချင်တဲ့သူယူဆိုပြီး ပံ့သကူပစ်ခဲ့ကြတယ်။ အပြန်လမ်းတစ်လျှောက် ဒီဒီက စကားသိပ် မပြောဘဲ လယ်ကွင်းပြင်တွေကိုသာ ငေးကြည့်ရင်း လိုက်ပါတယ်။ အန္တရာယ်မများတဲ့ လမ်းပိုင်းနေရာတွေမှာ ဆိုရင်တော့ ဒီဒီက ကျွန်တော့်ရဲ့ လက်တစ်ဖက်ကို လာဆုပ်ကိုင်ထားတာပဲ။

H. G Wells ရဲ့ The Time Machine ဆိုတဲ့ စိတ်ကူးယဉ် သိပ္ပံဝတ္ထုကို အခြေခံပြီး ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ထဲမှာ ဇာတ်လိုက်ဟာ သေသွားတဲ့ သူ့ချစ်သူကို လွမ်းဆွတ်နေရတဲ့အတွက် အချိန်ခရီးသွားစက်ကို တီထွင်ပြီး အတိတ်ကို ပြန်သွားလို့ ကောင်မလေးနဲ့ ပြန်တွေ့ဖို့ ကြိုးစားပါသတဲ့။ ဒါပေမဲ့လည်း ဘဝကိုနောက်ပြန်ရစ်ပေမဲ့ ကောင်မလေးဟာ သေရမယ့် နေရာရောက်တော့ အကြောင်းတမျိုးမဟုတ် တမျိုးနဲ့ သေရပြန်တာပါပဲ။ ဒါနဲ့ပဲ သူလည်း အတိတ်ကိုခရီးမသွားတော့ဘဲ အနာဂတ်ကိုပဲ ခရီးထွက်သွားတော့တယ်။ 

ကျွန်တော်တို့နှစ်ဦးကတော့ အချိန်ယန္တရားစက်ကြီးထဲဝင်ပြီး သည်ရုပ်သည်ခန္ဓာကြီးနဲ့ အချိန်နောက်ပြန် ခရီးမသွားခဲ့ကြပါဘူး။ သည်ရုပ် သည်ခန္ဓာကို ပစ္စုပ္ပန်မှာထားရင်းနဲ့ပဲ အတိတ်ကို စိတ်အားဖြင့်သာ ခဏပြန်သွားခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ ငယ်ငယ်ကနေဖူးတဲ့ ဇာတိမြို့ကလေးကို စိတ်နဲ့ နှစ်ဦးသား ခဏအလည် ပြန်သွားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပြိုင်ကားလေးတစ်စီးပေါ် ဒီဒီ့ကိုတင်ပြီး ကမ္ဘာတစ်ပတ်တင်မက စကြဝဠာတစ်ပတ်ပါ ပတ်ခဲ့ရသလိုပါပဲ။

ရန်ကုန်ကနေ မနေ့မနက် ထွက်လာချိန်ကစ ရေတွက်ရင် အိမ်ပြန်ရောက်တဲ့အထိ စုစုပေါင်း သုံးဆယ့်ခြောက်နာရီလောက်ကို ကျွန်တော်တို့ သီးသန့်ပိုင်ဆိုင်ခဲ့ကြပါတယ်။ 

အဲသည် သုံးဆယ့်ခြောက်နာရီအတွင်း ရက်လုပ်ခဲ့ကြတဲ့ အထည်သစ်ကိုယ်စီဟာ ကျွန်တော်တို့နှစ်ဦးရဲ့ ရုပ်ခန္ဓာနဲ့စိတ်ဝိညာဉ်တွေကို တစ်သက်လုံး လွှမ်းခြုံရစ်ပတ်ထားတော့မှာ ဖြစ်ပါတယ်။ ။

ယခုဝတ္ထုတိုအပါအဝင် တခြားသောဝတ္ထုတိုများကို 'နှလုံးသားအေအိုင်နှင့်အခြားဝတ္ထုတိုများ' နှင့် 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' ဆိုသည့် ဝတ္ထုတိုစုစည်းမှု စာအုပ်များတွင် တစ်ပေါင်းတည်း ဖတ်ရှုနိုင်ပါသည်။ စာအုပ်များကို Thu Tayy Sitt စာပေ၊ စာအုပ်တွန်းလှည်းလေး Page၊ ပန်းဆက်လမ်း၊ WE Distribution စသည်တို့မှ အိမ်တိုင်ရာရောက် မှာယူနိုင်ပါသည်။  





Comments

အဖတ်အများဆုံး

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...

အနက်မထင် ပဟေဠိများ

မစဲသော တံခါးခေါက်သံများ လှည့်ရလွန်းသဖြင့် ပျက်လုလု လက်ကိုင်ဘု မကွေးညွတ်တတ်မီက ငါ့နှုတ်ခမ်းများကို ပုလဲပုတီးတကုံးဆွဲသော လည်တိုင်အထက်မှာ ပြန်ရှာတွေ့ပါသည် ရောင်စုံစာအိတ်များနှင့် ပြည့်လျှံနေသော အိမ်ရှေ့က အဝင်စာတိုက်ပုံး ဖွင့်ကြည့်မိသော အိပ်မက်ထဲကပြန်စာတစောင် အထဲမှာ ဗလာစာရွက်တရွက် နှင်းဆီပွင့်များအား နေ့တိုင်း ငါပြန်ပြုံးပြဖို့ကြိုးစားပါသည် စံပယ်နဲ့တွေ့မယ့်အခါအတွက် ရီဟာဇယ်အဖြစ် သို့သော် ... စံပယ် ဪ ချစ်စံပယ်ဟာ မျက်နှာလွှဲသွား အခန်းထဲဝင်အလာ ‘မင်္ဂလာပါ’ ဟု လက်ပိုက်နှုတ်ဆက်ကြသူများ ခင်ခင်ပျိုတွေ တပျော်တပါး ပါသွားသော မပြေးဆွဲဖြစ်လိုက်သော လေအိတ်ရထားများ မြောက်မှတောင်သို့တိုက်နေသော နှင်းစက်တင်လေများ အသားတွေပပ်ကြားအက်နေသော လေကြောင်းသင့် ငါ့မျက်နှာ လမ်းပေါင်းများစွာ လမ်းပေါင်းများစွာ ဖြောင့်ဖြောင့်ဖြူးဖြူး ချိုင့်ကျင်းမရှိ ကတ္တရာလမ်းများ အကောင်းစား ဇိမ်ခံကားများ အဲကွန်းပါသော ဘတ်စ်ကားများ ဓာတ်တိုင်များ၊ LED လမ်းမီးများ ဓာတ်ကြိုးများပေါ်ရှိ ခိုများ လမ်းဘေးဝဲယာက အိမ်ကြီးရခိုင်များ လကြည့်နေသူများ ... ကြယ်ရေတွက်နေသူများ နို့ဆာနေသူများ ... အာသာဖြေနေကြသူများ ‘အိမ်ရှင်’ ဟုခေါ်၍ တံခါးကို အသာအယာ ခေါက်၏ တံခါ...

ခွေးတစ်ကောင်နှင့် ကလေးကိုးယောက်

စကော့တီသည် သန်မာထွားကြိုင်းလှသော ခွေးဘီလူးမတစ်ကောင်ဖြစ်သည်။ ကျန်းလည်းကျန်းမာ၊ ချစ်ဖို့ လည်းကောင်း၊ ဖျတ်ဖျတ်လတ်လတ်လည်း ရှိသည်။ စကော့တီ၏ သခင်လင်မယားဖြစ်ကြသော ရောဘတ်နှင့် အေဒယ်လင်းတို့သည် အိုင်ဗရီကို့စ်မှ ထွက်ခွာ သွားကြတော့မည်။ သူတို့က တဟီတီသို့ သွားကြမည်။ လမ်းမှာ ပြင်သစ်ခဏဝင်ဦးမည်။ သို့ဖြစ်၍ သူတို့ အဖို့ စကော့တီကို တစ်ပါတည်းခေါ်သွားဖို့ရာမှာ အတော်လေး ခက်ခဲနေကြသည်။ သို့သော် သိပ်ကြာကြာ မရှာလိုက်ရဘဲ သူတို့ခွေးအတွက် သခင်အသစ်ကို တွေ့သွားကြသည်။ အသက်လေးနှစ်အရွယ် ကျွန်တော့သား ရိုမိန်းကလည်း ခွေးကိုချစ်သည်။ ကျွန်တော်တို့ကလည်း သဘောကျသည်။ ထို့ပြင် ကျွန်တော်တို့ ကလည်း ခြံနှင့်ဝင်းနှင့် လုံးချင်းအိမ်မှာနေကြသည်က တစ်ကြောင်း၊ ကျွန်တော်တို့ခြံစောင့် ဘူရီမာကလည်း တစ်ခုခု ကြားလျှင် ထကြည့်ဖို့ထက် ဆက်နှပ်ချင်နေတတ်သူ ဖြစ်တာကတစ်ကြောင်း (ကျွန်တော်တို့ကလည်း သူ့ကို ဘယ်လိုလုပ်အပြစ်သွားပြောမလဲ) စကော့တီကိုသာ မွေးထားလိုက်လျှင် အိမ့်လုံခြုံရေးမှာ တစ်တပ်တစ်အား ဖြစ်သွားမည်ဟု တွေးမိပါသည်။ တိုတိုပြောရလျှင် စကော့တီမည်သော ခွေးမသည် ကျွန်တော်တို့နှင့် လာနေဖြစ်သွားသည်။ အားလုံးကလည်း ကျေနပ်ကြသည်။ ကျွန်တော်တို့အိမ်မှာ ခိုင်...

ကျွန်တော်တည်ခင်းချင်သော ထမင်းဝိုင်းကလေး

ဒေဝါအမ္ဗုန်အရှင်သည် အငြိုးတကြီးဖြင့် မိုးစက်မိုးပေါက် များကို အရှိန်ပြင်းပြင်းလွှတ်ချလို့ နေပါသည်။ ထက်ကောင်းကင် အဇဋာကတော့ မည်းမှောင်လို့။ ‘အတိတ် ကိုလည်းမပြန်နှင့်၊ အနာဂတ်ကိုလည်း မကြံနှင့်’ ဟူ၍ ပစ္စုပ္ပန် မှာသာနေရန် ပညာရှိကဝိတို့ ဆုံးမကြသော်ငြား မိုးသံ တဖြောက်ဖြောက်သည် အတိတ်ကို မပြန်ဘဲ မနေနိုင်အောင် ကျွန်တော့်စိတ်ကို ဆွတ်ချူနေပါသည်။ သရုပ်ဖော် - သိန်းထွန်းဦး တောင်တောင်အီအီ အတွေးနယ်ချဲ့မိနေစဉ် တည်ထားသည့် ဟင်းအိုးဆီမှ တူးနံ့အနည်းငယ်ရလာသဖြင့် ကမန်းကတန်း ထတည့်၍ အမြန်ပြေးပြီး မီးဖိုပေါ်မှ ပြေးချရပြန်ပါသည်။ အနည်းငယ် ကပ်သွားသည်မှ လွဲ၍ ဟင်းသည် စားဖို့ရန် အနေတော်လေး ဖြစ်ပါသည်။ ဟင်းနံ့ မွှေးမွှေးကြောင့် ကျွန်တော့်ဗိုက်မှာ ပိုလို့ပင်ဆန္ဒ ပြလာပါသည်။ သို့သော် ကျွန်တော့်မှာ ချက်ချင်း မစားနိုင်သေး။ ထမင်းနှင့်ဟင်းကိုကြည့်ရင်း ခေတ္တခဏထိုင်ကာ အမောဖြေရင်း စောစောက အတွေးစကို ပြန်ဆက်နေ မိလေသည်။ ကျွန်တော်တို့မိသားစုတွင် အဖေ၊ အမေနှင့် ကျွန်တော် သုံးဦးသာ ရှိလေသည်။ တစ်ဦးတည်းသောသား ဖြစ်ရ ခြင်းအတွက် ကံကောင်းသည်လား မကောင်းသည်လား ကျွန်တော့်တွင် ဝိဝါဒကွဲစရာ ချည်ခင်အစရှိပါသော် လည်း သားတစ်ယောက်သာ မွေးမိသည့်အတွက်...