Skip to main content

Royal ... ‘တော်ဝင်’ ... 'နန်းထိုက်' ... 'မင်း' ...

မြန်မာဘာသာနဲ့ ရေးသားတဲ့ သတင်းတချို့မှာ ‘တော်ဝင်’ လို့ရေးကြတာကို နေရာအတော်များများ တွေ့ရပါတယ်။ တော်ဝင်မင်းသား၊ တော်ဝင်ရေတပ်၊ တော်ဝင်အသုံးအဆောင် စသည်ဖြင့်ပေါ့။ ဒါဟာ အင်္ဂလိပ်စကားလုံး Royal ကို ဘာသာပြန်ပြီး သုံးတယ်လို့ နားလည်ပါတယ်။ အင်္ဂလိပ်ကလည်း ရိုးရိုးသာမန်ပြည်သူနဲ့ဆိုင်တဲ့ အရာတွေနဲ့ ဘုရင် သို့မဟုတ် ဘုရင်မ နဲ့ဆိုင်တဲ့ အရာတွေကို ခွဲခြားသုံးဖို့ noun တွေရဲ့ ရှေ့မှာ royal ဆိုတဲ့ adjective ကို ထည့်ပေးတာ မဟုတ်လား။



Royal ဆိုတဲ့ စကားလုံးတွေ့တိုင်း ကျနော်တို့ အနေနဲ့ “တော်ဝင်” ဆိုပြီး လုပ်လိုက်စရာ လိုပါသလား။ မြန်မာစကားမှာ ဒီလိုမျိုး အုပ်ချုပ်သူ မင်းအစိုးရနဲ့ဆိုင်တဲ့ ဝေါဟာရတွေ ဘာတွေရှိပြီးသား ဖြစ်ပါသလဲ။ တော်ဝင်ဆိုတဲ့ ရှေ့ဆက်မထည့်ဘဲနဲ့ တော်ဝင်ကြောင်းကို ပြပြီးသား စကားလုံးတွေ ရှိပါသလား။ ဒီမေးခွန်းအဖြေကိုပေးရရင် ‘ရှိပါတယ်’ ဆိုတာပါပဲ။ မြန်မာစကားမှာ မင်းမိဖုရားတို့ နဲ့ ပတ်သက်တိုင်း ‘တော်ဝင်’ လို့ချည်း တစ်ချိန်လုံးမသုံးပါဘူး။ 

ပထမဆုံး မင်းသားဆိုတဲ့ စကားလုံးကိုပဲ ကြည့်ကြည့်ပါမယ်။ မင်းသားမှာ ပုဒ်က ၂ ခုပါပါတယ်။ ‘မင်း’ နဲ့ ‘သား’ နဲ့ပါ။ ‘မင်း’ ဆိုတာကတော့ ရှင်ဘုရင်ကို ပြောတာဖြစ်ပြီး ‘သား’ ကတော့ အဲဒီရှင်ဘုရင့်ကနေ မွေးတဲ့သားဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် ‘မင်းသား’ ဆိုတာဟာ အင်္ဂလိပ်လိုပြောရင် Prince ပါပဲ။ အလားတူပဲ ‘မင်းသမီး’ ဆိုတဲ့စကားကလည်း Princess ကို ပြောတာပါပဲ။ 

အလားတူပဲ ‘မင်းညီမင်းသား’၊ ‘မင်းမျိုးမင်းနွယ်’၊ ‘မင်းဆွေမင်းမျိုး’ တို့ ဆိုရင်လည်း မင်းရဲ့ညီ၊ မင်းရဲ့သား၊ မင်းရဲ့အမျိုး၊ မင်းရဲ့အဆွေ၊ မင်းရဲ့အနွယ် စသည်ဖြင့် အဓိပ္ပာယ်ပေါက်ပါတယ်။ ရှင်ဘုရင်ရဲ့ မိန်းမ၊ သားသမီး၊ မြေးမြစ်၊ ညီအစ်ကို၊ ဦးရီး၊ ဦးလေး၊ ယောက္ခမ၊ ယောက်ဖ၊ ခယ်မ၊ အရီး၊ အကြီး စတဲ့ သွေးတော်သူရော တော်စပ်မှုအရ အမျိုးဖြစ်နေသူတွေရော အကုန်လုံးကို ခေါ်တာပါပဲ။

မြန်မာစကားမှာ ရှေ့ကမင်းထည့်ပြီးသုံးတဲ့ စကားလုံးတော်တော်များများက ဘုရင်နဲ့ သူ့မိသားစုနဲ့ ဆိုင်တဲ့အရာတွေကို ရည်ညွှန်းလေ့ရှိပါတယ်။ ဥပမာ - မင်းလမ်း လို့ပြောရင် ဒါဟာ ရိုးရိုးလမ်းကျဉ်း လမ်းမြှောင်မဟုတ်ဘဲ ရှင်ဘုရင် တိုင်းခန်းလှည့်လည် အဖူးမြော်ခံရာမှာ ကြွချီတဲ့လမ်းလို့ ဆိုလိုပါတယ်။ ‘မင်းခမ်းမင်းနား’ လို့ပြောရင်တော့ ဒါဟာ ရိုးရိုးသာမန် အခမ်းအနားမဟုတ်ဘူး၊ ရှင်ဘုရင်ကြွရောက်တဲ့ အခန်းအနားမို့လို့ ‘အ’ နေရာမှာ ‘မင်း’ ကို အစားထိုးပြီးသုံးတဲ့ သဘောပါပဲ။ 

မြန်မာစကားမှာ ‘မင်း’ ဆိုတဲ့ ရှေ့ဆက်အပြင် ‘တော်’ ဆိုတဲ့ပုဒ်၊ ‘နန်း’ ဆိုတဲ့ ပုဒ်တွေကို အသုံးပြုပြီးတော့လည်း ရှင်ဘုရင်နဲ့သက်ဆိုင်ကြောင်း ရည်ညွှန်းလေ့ ရှိပါသေးတယ်။ ဥပမာ - နန်းတော်လို့ပြောလိုက်တာနဲ့ ဒါဟာ ရှင်ဘုရင်၊ သူ့မိဖုရား(တွေ) နဲ့ သားသမီးတွေ စံမြန်းတဲ့ အိမ်ဆိုတာ သဘောပေါက်ပြီးသား ဖြစ်ပါတယ်။ နန်းမြို့ဆိုရင်တော့ ကျုံး၊ မြို့ရိုးကာရံထားတဲ့ လေးထောင့်စပ်စပ် သို့မဟုတ် ဝန်းဝိုင်းတဲ့ဧရိယာတစ်ခုအတွင်းကို ဆိုလိုတာဖြစ်ပြီး နန်းမြင့်ဆိုရင်တော့ နန်းမြို့အတွင်းက မျှော်စင်ကို ဆိုလိုတာ ဖြစ်ပါတယ်။ (‘တော်’ ဆိုတဲ့ပုဒ်ကို ရတနာသုံးပါးနဲ့ ပတ်သက်ရင်လည်း ထည့်သုံးပါတယ်။ ဒါကိုတော့ ဒီမှာထည့်မပြောတော့ပါ။)

ဒါကြောင့် မြန်မာတွေဟာ အင်္ဂလိပ်လို Royal လို့ဆိုလိုရည်ညွှန်းချင်တဲ့ အရာတွေအတွက် ‘မင်း’၊ ‘နန်း’၊ ‘တော်’ ဆိုတဲ့ ပုဒ်တွေကို ရှေ့ဆက်ဖြစ်စေ၊ နောက်ဆက်ဖြစ်စေ သုံးပြီး ဖော်ပြလေ့ရှိတယ် ဆိုတာ သဘောပေါက်မှာပါ။ ‘တော်ဝင်’ ဆိုတဲ့ စကားလုံးကို တိုက်ရိုက်ကြီး ထည့်သုံးတာမျိုးက ရှားပါတယ်။ သဇင်ပန်းနဲ့ပတ်သက်ပြီး တော်ဝင်သဇင် လို့ သုံးတာရှိပါတယ်။ သဇင်ပန်းဟာ နန်းတွင်းမှာသာ အသုံးပြုပန်ဆင်ရတဲ့ပန်းမို့လို့ သူဟာ ‘တော်ဝင်ပန်း’ ဖြစ်တယ်လို့ ရှေးက စာဆိုကြပါတယ်။ ဒီပန်းဟာ ‘တော်’ ဆိုတဲ့စကားလုံး တပ်သုံးရမယ့်ပစ္စည်း စာရင်းဝင်တယ်လို့ ဆိုလိုတာပါ။ ရှင်ဘုရင်နဲ့ပတ်သက်တဲ့ ဝေါဟာရတွေမှာ ‘တော်’ ကို တပ်သုံးကြတယ် မဟုတ်လား။ ဥပမာ - လက်စွဲတော်၊ ဦးရီးတော်၊ ခမည်းတော်၊ မယ်တော်၊ သားတော်၊ သမီးတော်၊ ညီတော်၊ ယောက်ဖတော်၊ သလွန်တော်၊ ဝတ်လဲတော် စသည်။ 

‘တော်ဝင်’ ဆိုတဲ့ စကားလုံးလိုပဲ အရာဝတ္ထု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးဟာ ရှင်ဘုရင်နဲ့ သက်ဆိုင်နေတယ်လို့ ရည်ညွှန်းတဲ့ နောက်ထပ်အသုံးတစ်ခုကတော့ ‘နန်းထိုက်’ ဆိုတဲ့ စကားပါ။ “မိန်းကလေးရယ် ... မင်းရဲ့အလှဟာ နန်းထိုက်တဲ့အလှမျိုးပါ” ဆိုတဲ့ စကားကိုကြည့်ရင် ကောင်မလေးဟာ သာမန်အရပ်သူ တောသူအဆင့် ချောတာ လှတာ မဟုတ်ဘူး။ ရှင်ဘုရင် တော်ကောက်တာကို ခံရလောက်အောင် လှတဲ့အဆင့်ပါလို့ ပြောချင်တာပါ။ စန္ဒရားလှထွတ်ရဲ့ သီချင်းတစ်ပုဒ်မှာ “နန်းထိုက်တော်ဝင်မေ ပန်းမကိုဋ်ဂေါ်သဇင်ရေ” ဆိုတဲ့ စာသားအသုံးလေး ရှိတာ နားထောင်ဖူးကြမှာပါ။ ‘နန်းထိုက်’ ရော၊ ‘တော်ဝင်’ ရော အသုံးနှစ်ခုစလုံးကို သုံးပြီးတော့ သူ့ချစ်သူဟာ အလှဆုံးဖြစ်ကြောင်း၊ ပန်းတကာတို့မှာ အလှဆုံးဖြစ်တဲ့ ပန်းအပေါင်းတို့ရဲ့ ဦးထိပ်က မကိုဋ်သဖွယ် ဂေါ်သဇင်လို အလှဆုံးဖြစ်ကြောင်း ခိုင်းနှိုင်းတင်စား ပြောထားတာပါ။ 

ဒါကြောင့် Royal ဆိုတဲ့ စကားလုံးကိုတွေ့ရင် ‘တော်ဝင်’ လို့ရယ်ချည်းပဲ တစ်ချိန်လုံးဖလှယ်မနေဘဲ မြန်မာမှာ ရှိပြီးသား အသုံးတွေဖြစ်တဲ့ ‘မင်း’၊ ‘နန်း’၊ ‘တော်’ တို့ကို ဘယ်လိုသင့်လျော်အောင် ဆက်ပြီး သုံးရမလဲဆိုတာ စဉ်းစားပြီး ပြန်ရေးရင် ဘာသာပြန်တာ ပိုမိုလှပနိုင်ပါတယ်။ ဥပမာ - royal maid လို့တွေ့လိုက်တာနဲ့ ‘တော်ဝင်အစေအပါး’ လို့ပြန်လိုက်မယ်ဆိုရင် ရယ်စရာ ဖြစ်ပါမယ်။ အဲဒီအစား ရှိပြီးသားဖြစ်တဲ့ ‘မောင်းမမိဿံ’၊ ‘ရံရွေတော်’ ပေါ။ Royal guard ဆိုရင်လည်း ‘တော်ဝင်အစောင့်’ အစား ‘ကိုယ်ရံတော်’ သို့မဟုတ် ‘သက်တော်စောင့်’ ပေါ့။ Royal concubine ဆိုရင် ‘တော်ဝင်ဇနီးမယား’ အစား ‘ကိုယ်လုပ်တော်’ ပေါ့။ Royal physician ဆိုရင်လည်း 'တော်ဝင်သမားတော်ကြီး' မလုပ်ပါနဲ့၊ 'နန်းတွင်းသမားတော်' သို့မဟုတ် 'ဘုရင့်သမားတော်' ပေါ့။ အလားတူ royal throne ဆို 'တော်ဝင်ပလ္လင်' ရယ်လို့ မလုပ်ပါနဲ့၊ 'ပလ္လင်' လို့ပြောရင် ရှင်ဘုရင်ထိုင်မှန်း သိပြီးသားပါပဲ။ Royal treasures ဆိုရင်လည်း 'တော်ဝင်ရတနာတွေ' လို့ လုပ်မယ့်အစား 'နန်းတွင်းရတနာ/နန်းစဉ်ရတနာ' ဆိုတာမျိုးပဲ ရေးပါ။

Royal army/navy/air force ဆိုရင် ‘ဘုရင့်(မ)တပ်မတော်/ဘုရင့်(မ)ရေတပ်/ဘုရင့်(မ)လေတပ်’ စသည်ဖြင့်ပေါ့။ 

The coalition obtained royal approval for the appointment ကို ‘ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ခန့်အပ်မယ့်သူတွေအတွက် တော်ဝင် သဘောတူညီမှုရပြီ’ လို့ရေးမယ့်အစား ‘ဘုရင်(မ)ရဲ့သဘောတူညီမှုကို ရပြီ’ ပေါ့။ 

Royal Order/Royal decree ကို 'တော်ဝင်အမိန့်'လို့ ရေးတာလည်း တွေ့ဖူးပါတယ်။ ဘုရင့်အမိန့်၊ (သို့မဟုတ်) ဘုရင်မအမိန့် (သို့မဟုတ်) အမိန့်တော်ဆိုရင် ပိုသင့်မြတ်ပါလိမ့်မယ်။

ဘုရင်စနစ် မကျင့်သုံးတော့တဲ့ မြန်မာလို့နိုင်ငံမျိုးမှာ တစ်ချိန်က အုပ်ချုပ်ခဲ့တဲ့ ဘုရင်တွေရဲ့ သားမြေးစဉ်ဆက်တွေ ရှိပါသေးတယ်။ ဒါကို အင်္ဂလိပ်က Royal descendants လို့သုံးပါတယ်။ တော်ဘုရားကလေးအောင်ဇေတို့၊ သူရဲ့သမီး ဒေါ်ဒေဝီသန့်စင်တို့လိုမျိုး သီပေါရဲ့အဆက်အနွယ်တွေက သူတို့ကိုယ်သူတို့ 'အနွယ်တော်' လို့ သုံးကြပါတယ်။ ဒါကြောင့် royal descendants ကို 'အနွယ်တော်' လို့ မြန်မာလို အသုံးရှိတဲ့အတိုင်း လှလှပပ ပြန်မလား၊ royal = တော်ဝင်၊ descendant = အဆက်အနွယ်၊ ထို့ကြောင့် တော်ဝင်အဆက်အနွယ်လို့ စာအုပ်ကြီးအတိုင်း ပြန်မလား။

စကားချပ်အနေနဲ့ တစ်ခုပြောချင်တာက ‘မင်းသား’ နဲ့ ‘မင်းသမီး’ ဆိုတဲ့ စကားလုံးတွေပါ။ အပေါ်မှာ ပြောခဲ့သလို ‘မင်းသား မင်းသမီး’ ဆိုတာ ရှင်ဘုရင်ရဲ့ သားနဲ့သမီးကိုပြောတာ ဆိုပေမဲ့ ဇာတ်ကတဲ့ ယောက်ျား၊ မိန်းမတွေကိုလည်း ‘မင်းသားမင်းသမီး’ လို့ပဲ ခေါ်ပါတယ်။ ဒါပေမဲ့ သူတို့ကို ဟိုမင်းသား မင်းသမီးနဲ့ကွဲအောင် ‘ဇာတ်မင်းသား၊ ဇာတ်မင်းသမီး’ လို့ ခွဲသုံးတတ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင် (ဗီဒီယို) တွေ ပေါ်လာတော့လည်း သရုပ်ဆောင်တွေကို ‘မင်းသား/မင်းသမီး’ လို့ သုံးပြန်ပါတယ်။ သူတို့ကို ကျတော့ ‘ရုပ်ရှင်(ဗီဒီယို)မင်းသား၊ ရုပ်ရှင်(ဗီဒီယို)မင်းသမီး’ သို့မဟုတ် ‘ဇာတ်လိုက်မင်းသား၊ ဇာတ်လိုက်မင်းသမီး’ လို့ သုံးခဲ့ကြပါတယ်။ အခုခေတ်မှာတော့ သရုပ်ဆောင်သူလို့ပဲ တရားဝင်အသုံးမှာ ပိုသုံးလာကြပါတယ်။ 

အဲဒီတော့ ဇာတ်မင်းသား၊ ဇာတ်မင်းသမီး၊ ရုပ်ရှင်မင်းသား၊ ရုပ်ရှင်မင်းသမီးမဟုတ်တဲ့ ဘုရင်ရဲ့သားသမီး (မင်းသား၊ မင်းသမီး) တွေ ဖြစ်ပါတယ်လို့ သေချာအောင် ဝိဂြိုဟ်ပြု ပြောလိုတဲ့ ဇောနဲ့ ရှေ့ကနေ ‘တော်ဝင်’ တပ်ပြီး တော်ဝင်မင်းသား၊ တော်ဝင်မင်းသမီးဆိုပြီး ခုခေတ် သတင်းစာ ဆရာများနဲ့ ဘာသာပြန်ဆရာများက ရေးကြဟန်တူပါတယ်။ တကယ်ကတော့ မင်းသား လို့ သုံးရင် royal ဆိုတဲ့ အဓိပ္ပာယ်က ပါပြီးသားဖြစ်တာမို့ ‘တော်ဝင်’ ထည့်စရာမလိုပါ။ 

ဟယ်ရီရဲ့အဖေဟာ ယူကေရဲ့ဘုရင် (ပြည့်ရှင်မင်း) ဖြစ်တဲ့ ‘ချားလ်စ်’ ပါ။ ဒါကြောင့် ဟယ်ရီဟာ မင်းရဲ့သား (မင်းသား) ဖြစ်ပါတယ်။

တော်ဝင်မင်းသား ဟယ်ရီ မဟုတ်ဘဲ မင်းသား ဟယ်ရီ ဆို ရပါတယ်။

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...