Skip to main content

ဒီပါမာ ... ဝိပဿနာတရားပြဆရာမကြီးတစ်ဦး၏ ရုပ်ပုံလွှာ

ကမ္ဘာသိ ဝိပဿနာ တရားပြဆရာတွေထဲမှာ ဦးဂိုအင်ကာကို မြန်မာလူမျိုးတွေက ပိုသိကြပေမဲ့ ဦးဂိုအင်ကာလိုပဲ မြန်မာပြည်ကနေ ဝိပဿနာတရားမျိုးစေ့ကို ရရှိသွားပြီး ကမ္ဘာ့တရားပြ ဆရာမကြီး ဖြစ်လာခဲ့တဲ့ နာနီဘာလာ ဘရူးဝါး ခေါ် ဒီပါမာကိုတော့ ပြည်တွင်းမှာ သိသူနည်းလှတယ်။ ဒီပါမာရဲ့ တပည့်တွေထဲမှ အေမီ ရှမစ် (Amy Schmidt) က ဒီပါမာကို သိမီလိုက်တဲ့ တပည့်ပေါင်းများစွာကို လိုက်လံ အင်တာဗျူးပြီး ရေးထားတဲ့ ဒီပါမာရဲ့ အတ္ထုပ္ပတ္တိတစ်ပိုင်းစာအုပ်ဖြစ်တဲ့ Dipa Ma: The Life and Legacy of a Buddhist Master စာအုပ်ကို (တေးရေး) ဝင်းမင်းထွေးက ဘာသာပြန်ထားတဲ့ စာအုပ်။ (စာရေးသူ ရှမစ်ကိုယ်တိုင်က ဒီပါမာကို မမီလိုက်ဘူးလို့ ဆိုပါတယ်။) ဘာသာပြန်သူ တေးရေးဝင်းမင်းထွေး ကိုယ်တိုင်ကလည်း ဦးဂိုအင်ကာ တရားစခန်းမှာ ကမ္မဋ္ဌာန်းဆရာ တစ်ဦးဖြစ်ပါတယ်။



ဒီပါမာကို ၁၉၁၁ ခုနှစ် အရှေ့ဘင်္ဂလားပြည်နယ် (ယနေ့ ဘင်္ဂလားဒေ့ရှ်) စစ်တကောင်းဒေသက ရွာတစ်ရွာမှာ ဘရူးဝါး မျိုးနွယ် ဘင်္ဂါလီ မိသားစုတစ်စုကနေ မွေးတယ်။ သူတို့မျိုးနွယ်တွေက မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတယ်။ နာမည်ရင်းက နာနီ ဘာလာ ဘရူးဝါးဖြစ်တယ်။ နာနီဘာလာဟာ ငယ်ငယ်ကတည်းက အသိဉာဏ်ပညာ ဆာလောင်မှု ရှိသူဖြစ်တယ်လို့ ဆိုတယ်။

အသက် ၁၂ နှစ်အရွယ်မှာ မိဘတွေက အိမ်ထောင်ချပေးလိုက်တယ်။ ယောက်ျားဖြစ်သူက ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် ဘင်္ဂါလီတစ်ဦးပဲ။ အသက် ၁၄ နှစ်မှာ နာနီဟာ ယောက်ျားနောက် လိုက်လာပြီး ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းမှာ နေထိုင်တယ်။ သားသမီးတော်တော်နဲ့ မရတဲ့အတွက် ယောက်ျားရဲ့ မိဘတွေက သူတို့သားကို နောက်မိန်းမထပ်ပေးစားဖို့ လုပ်ပေမဲ့ နာနီ့ခင်ပွန်းဟာ ငြင်းပယ်ပြီး နာနီ့ကိုသာ သစ္စာရှိရှိ ဆက်ပေါင်းတယ်။ နာနီ အသက် ၃၅ နှစ်ကျမှ ပထမကလေး စရပေမယ့် အဖတ်မတင်ဘူး။ နောက်ထပ် တစ်ဦးထပ်ရသေးပေမယ့်လည်း အဲဒီကလေးလည်း သေသွားတယ်။ နာနီဟာ ပူဆွေးသောက အပြင်းအထန် ရောက်ရတယ်။

နောက်ထပ် သမီးလေး တစ်ယောက်ထပ်ရမှပဲ အဖတ်တင်တယ်။ သမီးလေးနာမည်ကို ‘ဒီပါ (အလင်း)’ လို့ မှည့်တယ်။ သမီးကိုအကြောင်းပြုပြီး နာနီ့ကို ‘ဒီပါမာ (အလင်းမိခင်)’ လို့ပဲ ခေါ်ကြ၊ လူသိများကြတယ်။ သမီးလေး အသက် ၇ နှစ်မှာ နာနီရဲ့ခင်ပွန်း ရုတ်တရက် နှလုံးဖောက်ပြီးကွယ်လွန်တယ်။ သောက အပြင်းအထန် ဖိစီးနေတာကို ဖြေဖျောက်ဖို့ရာ မဟာစည်တရားရိပ်သာကို ဝင်တယ်။ ဒါပေမဲ့ တရားထူး မရခဲ့ဘူး။

အိမ်နားကိုရောက်လာတဲ့ ဘင်္ဂါလီ ကမ္မဋ္ဌာန်းတရားပြဆရာ အနာဂါရိက မုနိန္ဒြဆီကနေ အနီးကပ်သင်ယူတယ်။ ဒုတိယအကြိမ် မဟာစည်တရားစခန်းဝင်လို့ ခြောက်ရက်အရမှာ တရားထူးတွေ့တယ်လို့ဆိုတယ်။

၁၉၆၇ မှာ အိန္ဒိယကိုပြန်ပြီး ကာလကတ္တားမှာအခြေချတယ်။ ကလေး ၆ ယောက်မိခင် အိမ်နီးချင်းကို ဝိပဿနာ တရား စပြပေးရာကနေ ကာလကတ္တားမှာ နာမည်ကျော်လာတယ်။ ဆရာ မုနိန္ဒြနဲ့တွဲပြီးတော့လည်း တရားပြတယ်။ ယနေ့ အမေရိကန်ရဲ့ ဝိပဿနာ တရားပြဆရာကြီးတွေဖြစ်ကြတဲ့ ဂျိုးဇက် ဂိုးလ်စတိန်း၊ ရှရွန် ဆဲလ်ဇ်ဘတ်၊ ဂျက်ကွန်းဖီးလ် စသူတွေဟာ ဒီပါမာရဲ့ တပည့်ရင်းတွေ ဖြစ်ကြတယ်။ ဒီပါမာဟာ တပည့်တွေရဲ့ ပင့်ဖိတ်မှုကြောင့် အမေရိကန်ပြည်ထောင်စုထိလည်း သွားပြီးတရားပြပေးခဲ့တယ်။

၁၉၈၉ ခုနှစ် အသက် ၇၈ နှစ်အရွယ်မှာ နေအိမ်တိုက်ခန်းမှာပဲ ကွယ်လွန်တယ်။

ဒီပါမာဟာ ဝိပဿနာတင်မက၊ သမထကိုပါကျင့်ပြီး ဈာန်အဘိညာဉ်ရတဲ့အထိ ပေါက်မြောက်ခဲ့ဖူးတယ်လို့ စာအုပ်ထဲမှာ ဆိုထားတယ်။ ဒီပါမာ တန်ခိုးပြတာတွေကို မြင်လိုက်ရသူတွေက ပြန်ပြောပြတဲ့ ဇာတ်လမ်းတွေကိုလည်း ဒီစာအုပ်မှာ မှတ်တမ်းတင်ထားတယ်။ (ဈာန်အဘိညာဉ်တန်ခိုးဟာ အန္တရာယ်များလို့ တန်ခိုးမပြဖို့ မဟာစည်ဆရာတော်က တားမြစ်ယူခဲ့ဖူးတယ်လို့ တခြား Facebook ပို့စ်တစ်ခုမှာဆိုတယ်။ စာအုပ်မှာတော့ မပါ။)

ဦးဂိုအင်ကာရော ဒီပါမာရောဟာ အိန္ဒိယနွယ်ဖွားဖြစ်တာချင်းလည်း တူသလို မြန်မာပြည်ကနေ ဝိပဿနာအမွေကို လက်ခံရရှိကြပြီး ကမ္ဘာကျော်တဲ့ တရားပြဆရာ/ဆရာမတွေ ဖြစ်လာခဲ့ကြတာချင်းလည်း တူတယ်။ နှစ်ဦးစလုံးဟာ မြန်မာပြည်မှာ နှစ်အကြာကြီးနေခဲ့ဖူးပေမဲ့ မြန်မာစကား မပြောတတ်ကြတာချင်းမှာလည်း တူညီကြပါတယ်။

ဒီစာအုပ်မှာပါတဲ့ ဒီပါမာ့တပည့်တွေပြန်ပြောပြတဲ့ ပုံရိပ်လွှာတွေထဲက တချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

*

ဒီပါမာ မကြာမကြာ ပြောလေ့ရှိတာက “တစ်ခုခုကို ရချင်တဲ့ အလိုဆန္ဒအတွက် အားထုတ်နေတာ ဆိုရင်တော့ အဲဒါဟာ မင်းအတွက် အတားအဆီး ဖြစ်လာလိမ့်မယ်” တဲ့။ လွတ်မြောက်လိုတဲ့ ဆန္ဒဆိုတာဟာ အလိုဆန္ဒသက်သက်မျှသာမက စိတ်အဆင့်ဆင့် မြင့်တက်ရေးလမ်းကြောင်းမှာ တွေ့ရမယ့် အဓိက အတားအဆီးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဝီရိယဆိုတာ အဆင့်တစ်ခုမှာ ကျွန်တော်တို့အတွက် တွန်းအားအဖြစ် အသုံးဝင်ခဲ့ပေမယ့် ဝီရိယဟာ ဘယ်အချိန်မှာ အတားအဆီးဖြစ်လာတတ်တယ်ဆိုတာ ကျွန်တော်တို့ သိထားဖို့ လိုပါတယ်။

*

“သတိပဋ္ဌာန်ဆိုတာ ကြိုးစားရယူရမယ့် အရာမဟုတ်ဘူး။ အမြဲတမ်း အချိန်တိုင်း ဖြစ်နေရမှာ။ ဖမ်းဆုပ်ရမယ့်အရာမဟုတ်ဘူး။ သတိပဋ္ဌာန်ဆိုတာ ဘာပဲပေါ်လာပေါ်လာ အချိန်တိုင်းသိနေဖို့ပဲလို့ ဒီပါမာက သင်ပေးခဲ့တယ်” လို့ ရှရွန်ခရိတ်ဒါးကလည်း ထပ်ပြောပြပါတယ်။

*

ဒီပါမာ သင်ပေးထားတာက စိတ်ဆိုတာ ဇာတ်လမ်းစုံ တစ်ခုပြီးတစ်ခု အထပ်ထပ် ထပ်ထားတဲ့ ကစားစရာမျိုးပဲတဲ့။ တစ်ခုဖွင့်လိုက်ရင် နောက်တစ်ခုက အထဲမှာ ရှိနေတယ်။ အဲဒီ တစ်ခု ထပ်ဖွင့်လိုက်ရင် နောက်ဇာတ်လမ်းတစ်ခုက ထပ်ထွက်လာနေမှာပဲ။ ကစားစရာရဲ့ နောက်ဆုံးအသေးဆုံး အထပ်ရောက်လို့ ဖွင့်ကြည့်လိုက်တော့ အထဲမှာ ဘာရှိသလဲ။ ဗလာပဲ၊ ဘာမှ မရှိတော့ဘူး။ အဲဒီလိုပဲ ခင်ဗျားကို ဝိုင်းရံထားတာတွေက ခင်ဗျားဘဝဇာတ်လမ်းတွေရဲ့ ဗလာအခွံတွေသာ ဖြစ်ပါလိမ့်မယ်။

*

ဒီပါမာက အမျိုးသမီးတွေရဲ့ စိတ်ဟာ ပိုပြီး နူးညံ့တဲ့အတွက် တရားကျင့်ရာမှာ အမျိုးသားတွေထက် ပိုပြီး မြန်မြန်တရားရလွယ်တယ်လိ့ ပြောပြတာကြားရတော့ ကျွန်မ အံ့အားသင့်ခဲ့ရပါတယ်။ စိတ်နုတာဟာ ပိုပြီး ခံစားလွယ်၊ ပိုပြီး စိတ်လှုပ်ရှားလွယ်တယ်၊ ဒီ စိတ်လှုပ်ရှားမှုဟာ တရားအရာမှာ အဟန့်အတားပဲလို့ အမျိုးသမီးတွေက ထင်ထားကြပေမဲ့ ဒီပါမာကတော့ ‘အမျိုးသမီးတွေရဲ့ စိတ်ခံစား လှုပ်ရှားလွယ်တဲ့ သဘောက တရားကျင့်ကြံရာမှာ အဟန့်အတား မဟုတ်ပါဘူး’ တဲ့။ ‘စိတ်လှုပ်ရှားမှုတွေကိုသာ သိရုံသိနေလိုက်ပါ၊ လိုက်ပြီးခံစားမနေပါနဲ့၊ အသိရှိရှိ သတိနဲ့သမာဓိကို ပိုအားကောင်းအောင် လုပ်ပါ’ လို့ အမေက အကြံပေးလမ်းပြခဲ့တယ်။ (မီရှဲလ်လီဗီ)

*

ဘုရားအလောင်းတော်ဟာ ဗောဓိဉာဏ်ရအောင် အားထုတ်ဖို့ သူ့ကြင်ယာနဲ့သားကို ထားပစ်ခဲ့ရတယ်။ ဒီပါမာ အတွက်တော့ ဒီလိုလုပ်ဖို့ မလိုအပ်ခဲ့ဘဲ မိခင်ဘဝနဲ့ သာမန်အိမ်ထောင်သည် ဘဝထဲမှာပဲ လွတ်မြောက်ရာလမ်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတွေအားလုံး (အမျိုးသားတွေလည်းပါပါတယ်) အတွက် သူသိစေချင်တာက တရားထူးရအောင် ကျင့်ဖို့ မိသားစုကနေ ခွဲခွာသွားဖို့မလိုဘူး ဆိုတာပါပဲ။ ခင်ပွန်း၊ ဇနီး ဒါမဟုတ်မဟုတ် မိဘအဖြစ်နဲ့ပဲ ဓမ္မကိုကျင့်ကြံလို့ရတယ်။

သမီးကို စွန့်ခွာပြီး ဘုန်းကြီးကျောင်းမှာ၊ လူသူဝေးရာမှာ သွားကျင့်ရလိမ့်မယ်လို့ တရားကျင့်စ အချိန်တုန်းက စဉ်းစားမိခဲ့ပေမဲ့ အိမ်ထောင်စုဘဝကိုပဲ တရားရှာပုံတော်ရဲ့ အစိတ်အပိုင်းအဖြစ် ကျင့်သုံးရင် ရတယ်ဆိုတာ ဒီပါမာ နားလည်သိရှိလာခဲ့ပါတယ်။ တရားဓမ္မဆီ ဒီပါမာ ချဉ်းကပ်ပုံဟာ အခြေခံကျလွန်း လက်တွေ့ကျလွန်းလို့ နည်းနည်းများသွားသလားလို့တောင် ထင်ရပါတယ်။

“ဘာကိုမှ တွယ်တာစရာ လုံးလုံးမရှိတဲ့လောကထဲမှာ ရှိသမျှအရာအားလုံးကို ကောင်းကောင်း အသုံးချနိုင်ရမယ်။ ဘဝဆိုတာ ငြင်းပယ်စရာမဟုတ်ဘူး။ သူ့အတိုင်းရှိပါစေ။ ဘဝဆိုတာ ရှိနေသမျှ တို့တတွေ ရှိနေသမျှ ဘဝကို အကောင်းဆုံး အသုံးချနိုင်ရမယ်” လို့ ဒီပါမာက သင်ကြားခဲ့ပါတယ်။

*

ဂျက်အင်္ဂလာက ဗုဒ္ဓကမ္မဋ္ဌာန်းမှာ ပျော်စရာ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဒီပါမာကို မေးကြည့်ခဲ့ပါတယ်။ “တရားကျင့်တယ်ဆိုတာ အလွန်းငြီးငွေ့ဖွယ် ဖြစ်မနေဘူးလား။ တပ်မက်မှုတွေစွန့်၊ ဒေါသကိုစွန့်၊ ဆန္ဒတွေစွန့်၊ ဒီတရားဟာ ခြောက်သွေ့ငြီးငွေ့စရာ ဖြစ်နေပုံရတယ်။ စိတ်လှုပ်ရှားတက်ကြွစရာတွေ မပါတော့ဘူးလား” တဲ့။

“အိုး၊ ငါ့သား နားမလည်ပါလားကွယ်” ဆိုပြီး အမေက အသံထွက်အောင် ရယ်နေပါတော့တယ်။ “ဒီ လောကီဘဝတွေမှာလည်း မင်းပြောတဲ့အတိုင်းပါပဲ။ အဲဒီလို လူတိုင်းမြင်နေကြတဲ့အတိုင်း အရာရာကို အမြဲတမ်း ခံယူနေကြတယ်။ လောဘ၊ ဒေါသနဲ့ မောဟတွေ တစ်ခါကင်းပြတ်သွားတာနဲ့ မင်းဟာ တစ်လောကလုံးကို လတ်ဆတ်သစ်လွင်တဲ့ အမြင်နဲ့ အမြဲတမ်း တွေ့ရလိမ့်မယ်။ အချိန်တိုင်း အသစ်ဖြစ်လာမယ်။ ငြီးငွေ့တဲ့ဘဝဆိုတာ အတိတ်မှာကျန်ခဲ့မယ်။ အခုအချိန်မှာ နေ့တိုင်းအချိန်တိုင်း ဘဝအရသာတွေ ရွှင်လန်းတက်ကြွစရာတွေနဲ့ ပြည့်နှက်နေလိမ့်မယ်။”

*

ဗုဒ္ဓဘာသာဝင်တွေက “လောကကြီးကို စွန့်ခွာသွားတယ်”၊ “လောကကြီးဆီပြန်လာတယ်” လို့ တင်စားပြောတတ်ကြတယ်။ အမှန်မှာကတော့ လောကက စွန့်ခွာသွားတာလည်းမရှိ၊ လောကဆီ ပြန်လာတာလည်း မဟုတ်ပါဘူး။ ယောဂီတို့ဟာ ဖြစ်တည်ခြင်းရဲ့ အခြေခံအကျဆုံး အမှန်တရား ဖြစ်တဲ့ ယောဂီတို့ရဲ့ အနှစ်သာရဆီကနေ စွန့်ခွာ/ပြန်လာလို့မရနိုင်ပါဘူး။ အဲဒီအနှစ်သာရဟာ ပစ္စုပ္ပန်မှာပဲ အမြဲ တည်ရှိနေပြီး မသိမှုဆိုတဲ့ အလွှာပါးပါးလေးထဲမှာ ပုန်းကွယ်နေတာ ဖြစ်လို့ပါပဲ။ အဲဒီအရာကို ယောဂီတို့ ရှာမတွေ့နိုင်ဘူး။ တကယ်ဆိုရင် ယောဂီတို့ကို ဖုံးကွယ်ထားတဲ့ မသိမှုဆိုတဲ့ တိမ်တိုက်ထဲကနေ အဲဒီ အနှစ်သာရကို ရှေ့ကိုထွက်ပေါ်လာအောင် အခွင့်ပေးသင့်တယ်။

*

မေး - ချစ်လည်းချစ်ချင်တယ် စွဲလည်း မစွဲလမ်းချင်ဘူးဆိုရင် ဘယ်လိုနေရမလဲ။

ဖြေ - ရေဥပမာနဲ့ပဲ ရိုးရိုးလေးပြမယ်။ ရေပေါ်မှာ မျောပါသွားတာဟာ မစွဲလမ်းခြင်းနဲ့ တူတယ်ဆိုပါစို့။ ရေထဲ နစ်မသွားဘူး။ ရေထဲ နစ်မြုပ်မသွားဘဲ ရေပေါ်စီးမျောသွားနိုင်ရမယ်။

မေး - တရားကျင့်သူဟာ အသီးအရွက်ပဲစားရမယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ - အသီးအရွက်ပဲ စားစား၊ အသားငါးပဲ စားစား ပြဿနာမဟုတ်ပါဘူး။ ပြဿနာက စိတ်ပါပဲ။ အသီးအရွက်ဟင်းပဲ စားနေပေမဲ့ လောဘတွေ ဒေါသတွေ မောဟတွေနဲ့ မင်းစိတ်ဟာ ညစ်ညမ်းနေမယ် ဆိုရင် အဲဒီ မင်းစားတဲ့ အသီးအရွက်ဟင်းဟာ အသားငါးဟင်း ဖြစ်လာလိမ့်မယ်။ ... မင်းစိတ်ဟာ လောဘ၊ ဒေါသ၊ မောဟ ကင်းနေရင်း မင်းစားတဲ့ အသားငါးဟင်းဟာ အသီးအရွက်ဟင်းဖြစ်လာလိမ့်မယ်။ ဘာပဲ လုပ်လုပ် ကိုယ်နှုတ်နှလုံး သုံးပါးလုံးရဲ့ စေတနာသာ အရေးကြီးကြောင်း ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...