Skip to main content

ဒီပါမာ ... ဝိပဿနာတရားပြဆရာမကြီးတစ်ဦး၏ ရုပ်ပုံလွှာ

ကမ္ဘာသိ ဝိပဿနာ တရားပြဆရာတွေထဲမှာ ဦးဂိုအင်ကာကို မြန်မာလူမျိုးတွေက ပိုသိကြပေမဲ့ ဦးဂိုအင်ကာလိုပဲ မြန်မာပြည်ကနေ ဝိပဿနာတရားမျိုးစေ့ကို ရရှိသွားပြီး ကမ္ဘာ့တရားပြ ဆရာမကြီး ဖြစ်လာခဲ့တဲ့ နာနီဘာလာ ဘရူးဝါး ခေါ် ဒီပါမာကိုတော့ ပြည်တွင်းမှာ သိသူနည်းလှတယ်။ ဒီပါမာရဲ့ တပည့်တွေထဲမှ အေမီ ရှမစ် (Amy Schmidt) က ဒီပါမာကို သိမီလိုက်တဲ့ တပည့်ပေါင်းများစွာကို လိုက်လံ အင်တာဗျူးပြီး ရေးထားတဲ့ ဒီပါမာရဲ့ အတ္ထုပ္ပတ္တိတစ်ပိုင်းစာအုပ်ဖြစ်တဲ့ Dipa Ma: The Life and Legacy of a Buddhist Master စာအုပ်ကို (တေးရေး) ဝင်းမင်းထွေးက ဘာသာပြန်ထားတဲ့ စာအုပ်။ (စာရေးသူ ရှမစ်ကိုယ်တိုင်က ဒီပါမာကို မမီလိုက်ဘူးလို့ ဆိုပါတယ်။) ဘာသာပြန်သူ တေးရေးဝင်းမင်းထွေး ကိုယ်တိုင်ကလည်း ဦးဂိုအင်ကာ တရားစခန်းမှာ ကမ္မဋ္ဌာန်းဆရာ တစ်ဦးဖြစ်ပါတယ်။



ဒီပါမာကို ၁၉၁၁ ခုနှစ် အရှေ့ဘင်္ဂလားပြည်နယ် (ယနေ့ ဘင်္ဂလားဒေ့ရှ်) စစ်တကောင်းဒေသက ရွာတစ်ရွာမှာ ဘရူးဝါး မျိုးနွယ် ဘင်္ဂါလီ မိသားစုတစ်စုကနေ မွေးတယ်။ သူတို့မျိုးနွယ်တွေက မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတယ်။ နာမည်ရင်းက နာနီ ဘာလာ ဘရူးဝါးဖြစ်တယ်။ နာနီဘာလာဟာ ငယ်ငယ်ကတည်းက အသိဉာဏ်ပညာ ဆာလောင်မှု ရှိသူဖြစ်တယ်လို့ ဆိုတယ်။

အသက် ၁၂ နှစ်အရွယ်မှာ မိဘတွေက အိမ်ထောင်ချပေးလိုက်တယ်။ ယောက်ျားဖြစ်သူက ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် ဘင်္ဂါလီတစ်ဦးပဲ။ အသက် ၁၄ နှစ်မှာ နာနီဟာ ယောက်ျားနောက် လိုက်လာပြီး ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းမှာ နေထိုင်တယ်။ သားသမီးတော်တော်နဲ့ မရတဲ့အတွက် ယောက်ျားရဲ့ မိဘတွေက သူတို့သားကို နောက်မိန်းမထပ်ပေးစားဖို့ လုပ်ပေမဲ့ နာနီ့ခင်ပွန်းဟာ ငြင်းပယ်ပြီး နာနီ့ကိုသာ သစ္စာရှိရှိ ဆက်ပေါင်းတယ်။ နာနီ အသက် ၃၅ နှစ်ကျမှ ပထမကလေး စရပေမယ့် အဖတ်မတင်ဘူး။ နောက်ထပ် တစ်ဦးထပ်ရသေးပေမယ့်လည်း အဲဒီကလေးလည်း သေသွားတယ်။ နာနီဟာ ပူဆွေးသောက အပြင်းအထန် ရောက်ရတယ်။

နောက်ထပ် သမီးလေး တစ်ယောက်ထပ်ရမှပဲ အဖတ်တင်တယ်။ သမီးလေးနာမည်ကို ‘ဒီပါ (အလင်း)’ လို့ မှည့်တယ်။ သမီးကိုအကြောင်းပြုပြီး နာနီ့ကို ‘ဒီပါမာ (အလင်းမိခင်)’ လို့ပဲ ခေါ်ကြ၊ လူသိများကြတယ်။ သမီးလေး အသက် ၇ နှစ်မှာ နာနီရဲ့ခင်ပွန်း ရုတ်တရက် နှလုံးဖောက်ပြီးကွယ်လွန်တယ်။ သောက အပြင်းအထန် ဖိစီးနေတာကို ဖြေဖျောက်ဖို့ရာ မဟာစည်တရားရိပ်သာကို ဝင်တယ်။ ဒါပေမဲ့ တရားထူး မရခဲ့ဘူး။

အိမ်နားကိုရောက်လာတဲ့ ဘင်္ဂါလီ ကမ္မဋ္ဌာန်းတရားပြဆရာ အနာဂါရိက မုနိန္ဒြဆီကနေ အနီးကပ်သင်ယူတယ်။ ဒုတိယအကြိမ် မဟာစည်တရားစခန်းဝင်လို့ ခြောက်ရက်အရမှာ တရားထူးတွေ့တယ်လို့ဆိုတယ်။

၁၉၆၇ မှာ အိန္ဒိယကိုပြန်ပြီး ကာလကတ္တားမှာအခြေချတယ်။ ကလေး ၆ ယောက်မိခင် အိမ်နီးချင်းကို ဝိပဿနာ တရား စပြပေးရာကနေ ကာလကတ္တားမှာ နာမည်ကျော်လာတယ်။ ဆရာ မုနိန္ဒြနဲ့တွဲပြီးတော့လည်း တရားပြတယ်။ ယနေ့ အမေရိကန်ရဲ့ ဝိပဿနာ တရားပြဆရာကြီးတွေဖြစ်ကြတဲ့ ဂျိုးဇက် ဂိုးလ်စတိန်း၊ ရှရွန် ဆဲလ်ဇ်ဘတ်၊ ဂျက်ကွန်းဖီးလ် စသူတွေဟာ ဒီပါမာရဲ့ တပည့်ရင်းတွေ ဖြစ်ကြတယ်။ ဒီပါမာဟာ တပည့်တွေရဲ့ ပင့်ဖိတ်မှုကြောင့် အမေရိကန်ပြည်ထောင်စုထိလည်း သွားပြီးတရားပြပေးခဲ့တယ်။

၁၉၈၉ ခုနှစ် အသက် ၇၈ နှစ်အရွယ်မှာ နေအိမ်တိုက်ခန်းမှာပဲ ကွယ်လွန်တယ်။

ဒီပါမာဟာ ဝိပဿနာတင်မက၊ သမထကိုပါကျင့်ပြီး ဈာန်အဘိညာဉ်ရတဲ့အထိ ပေါက်မြောက်ခဲ့ဖူးတယ်လို့ စာအုပ်ထဲမှာ ဆိုထားတယ်။ ဒီပါမာ တန်ခိုးပြတာတွေကို မြင်လိုက်ရသူတွေက ပြန်ပြောပြတဲ့ ဇာတ်လမ်းတွေကိုလည်း ဒီစာအုပ်မှာ မှတ်တမ်းတင်ထားတယ်။ (ဈာန်အဘိညာဉ်တန်ခိုးဟာ အန္တရာယ်များလို့ တန်ခိုးမပြဖို့ မဟာစည်ဆရာတော်က တားမြစ်ယူခဲ့ဖူးတယ်လို့ တခြား Facebook ပို့စ်တစ်ခုမှာဆိုတယ်။ စာအုပ်မှာတော့ မပါ။)

ဦးဂိုအင်ကာရော ဒီပါမာရောဟာ အိန္ဒိယနွယ်ဖွားဖြစ်တာချင်းလည်း တူသလို မြန်မာပြည်ကနေ ဝိပဿနာအမွေကို လက်ခံရရှိကြပြီး ကမ္ဘာကျော်တဲ့ တရားပြဆရာ/ဆရာမတွေ ဖြစ်လာခဲ့ကြတာချင်းလည်း တူတယ်။ နှစ်ဦးစလုံးဟာ မြန်မာပြည်မှာ နှစ်အကြာကြီးနေခဲ့ဖူးပေမဲ့ မြန်မာစကား မပြောတတ်ကြတာချင်းမှာလည်း တူညီကြပါတယ်။

ဒီစာအုပ်မှာပါတဲ့ ဒီပါမာ့တပည့်တွေပြန်ပြောပြတဲ့ ပုံရိပ်လွှာတွေထဲက တချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

*

ဒီပါမာ မကြာမကြာ ပြောလေ့ရှိတာက “တစ်ခုခုကို ရချင်တဲ့ အလိုဆန္ဒအတွက် အားထုတ်နေတာ ဆိုရင်တော့ အဲဒါဟာ မင်းအတွက် အတားအဆီး ဖြစ်လာလိမ့်မယ်” တဲ့။ လွတ်မြောက်လိုတဲ့ ဆန္ဒဆိုတာဟာ အလိုဆန္ဒသက်သက်မျှသာမက စိတ်အဆင့်ဆင့် မြင့်တက်ရေးလမ်းကြောင်းမှာ တွေ့ရမယ့် အဓိက အတားအဆီးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဝီရိယဆိုတာ အဆင့်တစ်ခုမှာ ကျွန်တော်တို့အတွက် တွန်းအားအဖြစ် အသုံးဝင်ခဲ့ပေမယ့် ဝီရိယဟာ ဘယ်အချိန်မှာ အတားအဆီးဖြစ်လာတတ်တယ်ဆိုတာ ကျွန်တော်တို့ သိထားဖို့ လိုပါတယ်။

*

“သတိပဋ္ဌာန်ဆိုတာ ကြိုးစားရယူရမယ့် အရာမဟုတ်ဘူး။ အမြဲတမ်း အချိန်တိုင်း ဖြစ်နေရမှာ။ ဖမ်းဆုပ်ရမယ့်အရာမဟုတ်ဘူး။ သတိပဋ္ဌာန်ဆိုတာ ဘာပဲပေါ်လာပေါ်လာ အချိန်တိုင်းသိနေဖို့ပဲလို့ ဒီပါမာက သင်ပေးခဲ့တယ်” လို့ ရှရွန်ခရိတ်ဒါးကလည်း ထပ်ပြောပြပါတယ်။

*

ဒီပါမာ သင်ပေးထားတာက စိတ်ဆိုတာ ဇာတ်လမ်းစုံ တစ်ခုပြီးတစ်ခု အထပ်ထပ် ထပ်ထားတဲ့ ကစားစရာမျိုးပဲတဲ့။ တစ်ခုဖွင့်လိုက်ရင် နောက်တစ်ခုက အထဲမှာ ရှိနေတယ်။ အဲဒီ တစ်ခု ထပ်ဖွင့်လိုက်ရင် နောက်ဇာတ်လမ်းတစ်ခုက ထပ်ထွက်လာနေမှာပဲ။ ကစားစရာရဲ့ နောက်ဆုံးအသေးဆုံး အထပ်ရောက်လို့ ဖွင့်ကြည့်လိုက်တော့ အထဲမှာ ဘာရှိသလဲ။ ဗလာပဲ၊ ဘာမှ မရှိတော့ဘူး။ အဲဒီလိုပဲ ခင်ဗျားကို ဝိုင်းရံထားတာတွေက ခင်ဗျားဘဝဇာတ်လမ်းတွေရဲ့ ဗလာအခွံတွေသာ ဖြစ်ပါလိမ့်မယ်။

*

ဒီပါမာက အမျိုးသမီးတွေရဲ့ စိတ်ဟာ ပိုပြီး နူးညံ့တဲ့အတွက် တရားကျင့်ရာမှာ အမျိုးသားတွေထက် ပိုပြီး မြန်မြန်တရားရလွယ်တယ်လိ့ ပြောပြတာကြားရတော့ ကျွန်မ အံ့အားသင့်ခဲ့ရပါတယ်။ စိတ်နုတာဟာ ပိုပြီး ခံစားလွယ်၊ ပိုပြီး စိတ်လှုပ်ရှားလွယ်တယ်၊ ဒီ စိတ်လှုပ်ရှားမှုဟာ တရားအရာမှာ အဟန့်အတားပဲလို့ အမျိုးသမီးတွေက ထင်ထားကြပေမဲ့ ဒီပါမာကတော့ ‘အမျိုးသမီးတွေရဲ့ စိတ်ခံစား လှုပ်ရှားလွယ်တဲ့ သဘောက တရားကျင့်ကြံရာမှာ အဟန့်အတား မဟုတ်ပါဘူး’ တဲ့။ ‘စိတ်လှုပ်ရှားမှုတွေကိုသာ သိရုံသိနေလိုက်ပါ၊ လိုက်ပြီးခံစားမနေပါနဲ့၊ အသိရှိရှိ သတိနဲ့သမာဓိကို ပိုအားကောင်းအောင် လုပ်ပါ’ လို့ အမေက အကြံပေးလမ်းပြခဲ့တယ်။ (မီရှဲလ်လီဗီ)

*

ဘုရားအလောင်းတော်ဟာ ဗောဓိဉာဏ်ရအောင် အားထုတ်ဖို့ သူ့ကြင်ယာနဲ့သားကို ထားပစ်ခဲ့ရတယ်။ ဒီပါမာ အတွက်တော့ ဒီလိုလုပ်ဖို့ မလိုအပ်ခဲ့ဘဲ မိခင်ဘဝနဲ့ သာမန်အိမ်ထောင်သည် ဘဝထဲမှာပဲ လွတ်မြောက်ရာလမ်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတွေအားလုံး (အမျိုးသားတွေလည်းပါပါတယ်) အတွက် သူသိစေချင်တာက တရားထူးရအောင် ကျင့်ဖို့ မိသားစုကနေ ခွဲခွာသွားဖို့မလိုဘူး ဆိုတာပါပဲ။ ခင်ပွန်း၊ ဇနီး ဒါမဟုတ်မဟုတ် မိဘအဖြစ်နဲ့ပဲ ဓမ္မကိုကျင့်ကြံလို့ရတယ်။

သမီးကို စွန့်ခွာပြီး ဘုန်းကြီးကျောင်းမှာ၊ လူသူဝေးရာမှာ သွားကျင့်ရလိမ့်မယ်လို့ တရားကျင့်စ အချိန်တုန်းက စဉ်းစားမိခဲ့ပေမဲ့ အိမ်ထောင်စုဘဝကိုပဲ တရားရှာပုံတော်ရဲ့ အစိတ်အပိုင်းအဖြစ် ကျင့်သုံးရင် ရတယ်ဆိုတာ ဒီပါမာ နားလည်သိရှိလာခဲ့ပါတယ်။ တရားဓမ္မဆီ ဒီပါမာ ချဉ်းကပ်ပုံဟာ အခြေခံကျလွန်း လက်တွေ့ကျလွန်းလို့ နည်းနည်းများသွားသလားလို့တောင် ထင်ရပါတယ်။

“ဘာကိုမှ တွယ်တာစရာ လုံးလုံးမရှိတဲ့လောကထဲမှာ ရှိသမျှအရာအားလုံးကို ကောင်းကောင်း အသုံးချနိုင်ရမယ်။ ဘဝဆိုတာ ငြင်းပယ်စရာမဟုတ်ဘူး။ သူ့အတိုင်းရှိပါစေ။ ဘဝဆိုတာ ရှိနေသမျှ တို့တတွေ ရှိနေသမျှ ဘဝကို အကောင်းဆုံး အသုံးချနိုင်ရမယ်” လို့ ဒီပါမာက သင်ကြားခဲ့ပါတယ်။

*

ဂျက်အင်္ဂလာက ဗုဒ္ဓကမ္မဋ္ဌာန်းမှာ ပျော်စရာ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဒီပါမာကို မေးကြည့်ခဲ့ပါတယ်။ “တရားကျင့်တယ်ဆိုတာ အလွန်းငြီးငွေ့ဖွယ် ဖြစ်မနေဘူးလား။ တပ်မက်မှုတွေစွန့်၊ ဒေါသကိုစွန့်၊ ဆန္ဒတွေစွန့်၊ ဒီတရားဟာ ခြောက်သွေ့ငြီးငွေ့စရာ ဖြစ်နေပုံရတယ်။ စိတ်လှုပ်ရှားတက်ကြွစရာတွေ မပါတော့ဘူးလား” တဲ့။

“အိုး၊ ငါ့သား နားမလည်ပါလားကွယ်” ဆိုပြီး အမေက အသံထွက်အောင် ရယ်နေပါတော့တယ်။ “ဒီ လောကီဘဝတွေမှာလည်း မင်းပြောတဲ့အတိုင်းပါပဲ။ အဲဒီလို လူတိုင်းမြင်နေကြတဲ့အတိုင်း အရာရာကို အမြဲတမ်း ခံယူနေကြတယ်။ လောဘ၊ ဒေါသနဲ့ မောဟတွေ တစ်ခါကင်းပြတ်သွားတာနဲ့ မင်းဟာ တစ်လောကလုံးကို လတ်ဆတ်သစ်လွင်တဲ့ အမြင်နဲ့ အမြဲတမ်း တွေ့ရလိမ့်မယ်။ အချိန်တိုင်း အသစ်ဖြစ်လာမယ်။ ငြီးငွေ့တဲ့ဘဝဆိုတာ အတိတ်မှာကျန်ခဲ့မယ်။ အခုအချိန်မှာ နေ့တိုင်းအချိန်တိုင်း ဘဝအရသာတွေ ရွှင်လန်းတက်ကြွစရာတွေနဲ့ ပြည့်နှက်နေလိမ့်မယ်။”

*

ဗုဒ္ဓဘာသာဝင်တွေက “လောကကြီးကို စွန့်ခွာသွားတယ်”၊ “လောကကြီးဆီပြန်လာတယ်” လို့ တင်စားပြောတတ်ကြတယ်။ အမှန်မှာကတော့ လောကက စွန့်ခွာသွားတာလည်းမရှိ၊ လောကဆီ ပြန်လာတာလည်း မဟုတ်ပါဘူး။ ယောဂီတို့ဟာ ဖြစ်တည်ခြင်းရဲ့ အခြေခံအကျဆုံး အမှန်တရား ဖြစ်တဲ့ ယောဂီတို့ရဲ့ အနှစ်သာရဆီကနေ စွန့်ခွာ/ပြန်လာလို့မရနိုင်ပါဘူး။ အဲဒီအနှစ်သာရဟာ ပစ္စုပ္ပန်မှာပဲ အမြဲ တည်ရှိနေပြီး မသိမှုဆိုတဲ့ အလွှာပါးပါးလေးထဲမှာ ပုန်းကွယ်နေတာ ဖြစ်လို့ပါပဲ။ အဲဒီအရာကို ယောဂီတို့ ရှာမတွေ့နိုင်ဘူး။ တကယ်ဆိုရင် ယောဂီတို့ကို ဖုံးကွယ်ထားတဲ့ မသိမှုဆိုတဲ့ တိမ်တိုက်ထဲကနေ အဲဒီ အနှစ်သာရကို ရှေ့ကိုထွက်ပေါ်လာအောင် အခွင့်ပေးသင့်တယ်။

*

မေး - ချစ်လည်းချစ်ချင်တယ် စွဲလည်း မစွဲလမ်းချင်ဘူးဆိုရင် ဘယ်လိုနေရမလဲ။

ဖြေ - ရေဥပမာနဲ့ပဲ ရိုးရိုးလေးပြမယ်။ ရေပေါ်မှာ မျောပါသွားတာဟာ မစွဲလမ်းခြင်းနဲ့ တူတယ်ဆိုပါစို့။ ရေထဲ နစ်မသွားဘူး။ ရေထဲ နစ်မြုပ်မသွားဘဲ ရေပေါ်စီးမျောသွားနိုင်ရမယ်။

မေး - တရားကျင့်သူဟာ အသီးအရွက်ပဲစားရမယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ - အသီးအရွက်ပဲ စားစား၊ အသားငါးပဲ စားစား ပြဿနာမဟုတ်ပါဘူး။ ပြဿနာက စိတ်ပါပဲ။ အသီးအရွက်ဟင်းပဲ စားနေပေမဲ့ လောဘတွေ ဒေါသတွေ မောဟတွေနဲ့ မင်းစိတ်ဟာ ညစ်ညမ်းနေမယ် ဆိုရင် အဲဒီ မင်းစားတဲ့ အသီးအရွက်ဟင်းဟာ အသားငါးဟင်း ဖြစ်လာလိမ့်မယ်။ ... မင်းစိတ်ဟာ လောဘ၊ ဒေါသ၊ မောဟ ကင်းနေရင်း မင်းစားတဲ့ အသားငါးဟင်းဟာ အသီးအရွက်ဟင်းဖြစ်လာလိမ့်မယ်။ ဘာပဲ လုပ်လုပ် ကိုယ်နှုတ်နှလုံး သုံးပါးလုံးရဲ့ စေတနာသာ အရေးကြီးကြောင်း ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...