“ဧည့်သည်တော်တစ်ဦးမှ တေးသံရှင် (…) အား ဆုတော်ငွေများစွာနဲ့အတူ ကြိုက်နှစ်သက်ရာ သီချင်းတစ်ပုဒ် သီဆိုပေးဖို့ တောင်းဆိုထားပါတယ်ရှင်” ခဏအကြာ နားကွဲမတတ် ဆူညံလှသော ကီးဘုတ်မြည်သံ တဒေါင်ဒေါင်တဒင်ဒင်နှင့်အတူ စကတ်အတိုဝတ် ကောင်မလေးတစ်ယောက် ထွက်လာပြီး ကိုယ်တလှုပ်လှုပ် တယမ်းယမ်းဖြင့် သီချင်းတစ်ပုဒ်ဆိုသည်။ စားပွဲထိုးတစ်ဦးက တက်လာပြီး သီချင်းတောင်းသူကိုယ်စား ပန်းကုံး စွပ်ပေးသည်။ ဧည့်သည်က ပန်းကုံးစွပ်တိုင်း တဆိုင်လုံးက စားပွဲထိုးများက လက်ခုပ်တဖြောင်းဖြောင်းတီးကြ၏။ ထိုမြင်ကွင်းကို ကျနော် ယခုကာလမှာ တကယ်မြင်နေရခြင်းမဟုတ်ပါ။ ထိုမြင်ကွင်းနှင့်အသံတို့မှာ ကျနော် ယခု ရောက်ရှိနေရာ၏ အတိတ်မှာကျန်ခဲ့သော ပုံရိပ် များစွာအနက်မှ တစ်ခုသာဖြစ်သည်။ ကျနော် တကယ်မြင်နေ ကြားနေရသည်တို့မှာ အသစ်အသစ်တွေဖြစ်နေပါသည်။ “ဘော်ဒါတို့ ကဲဖို့အဆင်သင့်ပဲလား” “ရေး...” “ဟာ … ခု ညအသည်းကွဲတဲ့သူတွေချည်းပါပဲလား” “ရေး...” Music band အဆိုတော်ကောင်မလေးနှင့် ပရိသတ်တို့ အတိုင်အဖောက်ညီနေကြသည်။ မျက်နှာကျက်မှ တလက်လက်ဒစ္စကိုမီးရောင်စုံများ။ သီချင်းတစ်ပုဒ်ဆိုတိုင်း လိုက်ဆိုကြသူများ၊ dancing floor မှာ ထွက် က ကြသူများ။ ကျနော့်မျက်စ...