Skip to main content

ဒသမစခန်းသာမှာ စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့ပါ

“ဧည့်သည်တော်တစ်ဦးမှ တေးသံရှင် (…) အား ဆုတော်ငွေများစွာနဲ့အတူ ကြိုက်နှစ်သက်ရာ သီချင်းတစ်ပုဒ် သီဆိုပေးဖို့ တောင်းဆိုထားပါတယ်ရှင်”



ခဏအကြာ နားကွဲမတတ် ဆူညံလှသော ကီးဘုတ်မြည်သံ တဒေါင်ဒေါင်တဒင်ဒင်နှင့်အတူ စကတ်အတိုဝတ် ကောင်မလေးတစ်ယောက် ထွက်လာပြီး ကိုယ်တလှုပ်လှုပ် တယမ်းယမ်းဖြင့် သီချင်းတစ်ပုဒ်ဆိုသည်။ စားပွဲထိုးတစ်ဦးက တက်လာပြီး သီချင်းတောင်းသူကိုယ်စား ပန်းကုံး စွပ်ပေးသည်။ ဧည့်သည်က ပန်းကုံးစွပ်တိုင်း တဆိုင်လုံးက စားပွဲထိုးများက လက်ခုပ်တဖြောင်းဖြောင်းတီးကြ၏။ 

ထိုမြင်ကွင်းကို ကျနော် ယခုကာလမှာ တကယ်မြင်နေရခြင်းမဟုတ်ပါ။ ထိုမြင်ကွင်းနှင့်အသံတို့မှာ ကျနော် ယခု ရောက်ရှိနေရာ၏ အတိတ်မှာကျန်ခဲ့သော ပုံရိပ် များစွာအနက်မှ တစ်ခုသာဖြစ်သည်။ ကျနော် တကယ်မြင်နေ ကြားနေရသည်တို့မှာ အသစ်အသစ်တွေဖြစ်နေပါသည်။ 


“ဘော်ဒါတို့ ကဲဖို့အဆင်သင့်ပဲလား” “ရေး...” 

“ဟာ … ခု ညအသည်းကွဲတဲ့သူတွေချည်းပါပဲလား” “ရေး...” 


Music band အဆိုတော်ကောင်မလေးနှင့် ပရိသတ်တို့ အတိုင်အဖောက်ညီနေကြသည်။ မျက်နှာကျက်မှ တလက်လက်ဒစ္စကိုမီးရောင်စုံများ။ သီချင်းတစ်ပုဒ်ဆိုတိုင်း လိုက်ဆိုကြသူများ၊ dancing floor မှာ ထွက် က ကြသူများ။ 

ကျနော့်မျက်စိရှေ့က ခေတ်နှင့်အညီ ပြောင်းလဲနေသောမြင်ကွင်းကိုကြည့်ရင်း ကျနော်သည် တစ်ချိန်က ယခု နေရာမှာပင် ရှိခဲ့ဖူးသည့် ဆိုင်အဟောင်းကို သတိရနေမိသည်။ ကျနော်သည် မိတ်ဆွေဟောင်း ၂ ဦးချိန်းသဖြင့် တချိန်က မကြာခဏထိုင်ခဲ့ဖူးရာ ဆိုင်နေရာဟောင်းသို့ ရောက်လာမိခြင်းဖြစ်၏။ သည်နေရာမှာ ရှိခဲ့ဖူးသော ဆိုင်အဟောင်း နာမည်မှာ မြန်မာလို ‘ဒသမစခန်းသာ’ ဟု အဓိပ္ပာယ်ရသော အင်္ဂလိပ်နာမည်နှင့် ဖြစ်သည်။ ဒသမစခန်းသာသည် ကျနော် ပထမဆုံးထိုင်ဖူးသော စင်တင်ဘီယာဆိုင်ဖြစ်၏။ ယခုတော့ ထိုနေရာမှာ ဒသမစခန်းသာမရှိတော့။ နာမည်တစ်လုံးတည်း ပါသော ဘီယာဆိုင်များအုပ်စုဝင် ဆိုင်တစ်ဆိုင် ဖြစ်နေပြီ။ စင်တင်လည်း မရှိတော့။ အာဏာမသိမ်းမီအထိ ကျနော် ဒီဆိုင်ကို ရောက်ခဲ့သေးသည်။ ထိုစဉ်ကအထိ ရိုးရိုးသာမန် ဘီယာဆိုင်တစ်ဆိုင်မျှသာ။ ယခုတော့ ဝင်ဝင်ချင်း ဆိုင်အဆင်အပြင်တွေ ပြောင်းသွားတာ သတိထားမိသည်။ music band ရှိမှန်း ခြေရာလက်ရာများကိုတွေ့သည်။ ယခုခေတ်မှာ ဆိုင်တိုင်းလိုလို unpluggued ပါတာ မဆန်းလို့ မအံ့ဩလှ။ သို့သော် မရောက်ဖြစ်သော ၂-၃ နှစ်အတွင်း ထိုဆိုင်နေရာဟောင်း၏ ပြောင်းလဲသွားသော ပါရာဒိုင်း (paradigm) ကတော့ အကြီးကြီး။ 

ဒသမစခန်းသာတုန်းက ကျနော်တို့က တက္ကသိုလ်ကျောင်းသားဘဝ။ သူငယ်ချင်းတွေလက်ထဲ ပိုက်ဆံ ဘယ်လောက်ပါလဲ ပေသီးခေါက်ပြီးမှ ဘီယာဆိုင်ထိုင်ရသော ကာလ။ ထိုစဉ်က ဒသမစခန်းသာသည် သူ့အတိုင်းအတာနှင့်သူ လူစည်သော ဆိုင်တစ်ဆိုင်ဖြစ်သည်။ ဆိုင်မှာ ထိုင်ကြသော ဝိုင်းအားလုံး နီးပါးမှာလည်း ဘောစိဟုခေါ်ကြသော အန်ကယ်ကြီး၊ ဘဘကြီးများသာ။ ဆိုင်ဧည့်သည်တွေထဲမှာ ကျနော်တို့က အသက်အငယ်ဆုံး။ တောသူဌေးများနှင့် ဘောစိများက ကောင်မလေးများကို ပန်းကုံးတက်စွပ် တာကို ငေးကြည့်ခဲ့ကြဖူးသည်။ 

အခုတော့ ထပ်တိုးချဲ့ထားသော ဆိုင်အသစ်၏ များပြားလှစွာသော ဝိုင်းအားလုံးနီးပါးမှာ အသက် ၂၀ ကျော် လူငယ်များသာ။ သည်တစ်ဆိုင်လုံးမှာ ကျနော်တို့ ဝိုင်းက အသက်အကြီးဆုံးများ ဖြစ်နေမလား မသိ။ ကျနော်တို့ ၃ ယောက်မှာ လူငယ်တွေ ပျော်ကြကဲကြသည့် ဘားတစ်ခု၊ နိုက်ကလပ်တစ်ခုထဲ ကျူးကျော်ဝင်ရောက်လာသည့် ဂြိုဟ်သားများပမာ။ ကျနော်တို့ ၃ ယောက်သည် တစ်ဆိုင်လုံးကို မြင်နေရသည့် ထောင့်ကျကျ နေရာရှိ ဝိုင်းကို ယူလိုက်ကြသည်။ များပြားလှသောဝိုင်းများ။ လူပင်လယ်ကြီး။ အသိသာဆုံးက ဆိုင်ကိုလာသည့် လူတန်းစားအလွှာ၏ပြောင်းလဲမှုဖြစ်၏။ လာသည့်အသက်အရွယ်တွေ ပြောင်းသွားသည်။  ဝတ်စားဆင်ယင်မှုကလည်း ဟိုတုန်းကနှင့် တခြားစီ။ ဒသမစခန်းသာကာလတုန်းက ဘောစိဆိုသူများထဲမှာ ပူရွှဲနေသောဗိုက်တွင် ခါးပတ်အိတ်ပတ်နှင့် ကွမ်းတပျစ်ပျစ်သမားများ။ ခုတော့ ဘန်ကောက်တို့ ဘာတို့မှာ တွေ့နေမြင်နေကျ လူငယ်တို့ဝတ်စားဆင်ယင်မှုမျိုးနှင့် ချာတိတ်တွေချည်း။ ဒသမစခန်းသာကာလက ဆိုင်ဧည့်သည်တွေထဲ အမျိုးသမီးဆိုတာ လက်ချိုးရေလို့ရ။ ယခုတော့ ဆိုင်၏တစ်ဝက်လောက်က အသက် ၂၀ ကျော် ခေတ်သမီးပျိုလေးများ။ 

ဒသမစခန်းသာခေတ်တုန်းက စင်တင်ဆိုင်များဆိုသည်မှာ ကီးဘုတ် တစ်လုံးတည်းနှင့်ပဲ တူရိယာအားလုံးနီးပါးအသံတွေကို တီးသည်မို့ အသံတွေအချင်းချင်း ဟာမိုနီ မဖြစ်။ သောတပသာဒမဖြစ်။ အဆိုတော်ဆိုသူများမှာလည်း well-trained, well-practiced မဟုတ်ကြ။ ဘားကျော် ကီးခွတွေလည်း ပါချင်ပါလာတတ်သေးသည်။ ဒါလည်း ပြဿနာမဟုတ်ခဲ့ပါ။ ဆိုင်လာကြသူ ဘောစိများက ဂီတကို ခံစားဖို့ လာကြတာမဟုတ်။ ဖျော်ဖြေရေးဆိုသည်မှာ ဟန်ပြမျှသာ။ သူတို့သည် မျက်စိနှင့်နားတို့ကို ရမ္မက်စားကျက်မှာ လွှတ်ကျောင်းဖို့ဖြစ်၏။ သီဆိုနေသူများကလည်း သူတို့အဆိုပညာကို သိပ်ဂရုမထား။ သူတို့ ပန်းကုံးများများ ရဖို့။ စပွန်ဆာရဖို့ဖြစ်၏။ ယခုလိုမျိုး ဘယ်သူကမှလည်း သီချင်းစင်မြင့်ရှေ့ သွားမကကြပါ။ ကိုယ့်နေရာမှာသာ ဣန္ဒြေတခွဲသားနှင့်။ 

ယခုတော့ သည်ဆိုင်ကိုလာကြသူတို့၏ ရည်ရွယ်ချက်က ပြောင်းသွားခဲ့ပြီဖြစ်သည်။ တီးသူ၊ ဆိုသူတို့ကလည်း ပရော်ဖက်ရှင်နယ်ဆန်ဆန် တီးကြဆိုကြသည်။ စပွန်ဆာရှာဖို့ လာဆိုတာမဟုတ်။ ဆိုင်ထိုင် ဧည့်သည်တို့ကလည်း ငမ်းဖို့ လာတာမဟုတ်တော့။ သောက်မည်၊ စားမည်၊ စိတ်ကိုလွှတ်မည်။ ဖောက်ခွဲမည်။ 

ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘဝက လူငယ်တို့အတွက် စိတ်ထွက်ပေါက်သည် နိုက်ကလပ်လောက်သာ ရှိသည်။ ပျော်ချင်ရင် နိုက်ကလပ်သွား၊ ခုန်ပေါက်ကကြ။ သို့မဟုတ် KTV သွား၊ ဒါပဲ။ ဘီယာဆိုင်ဆိုသည်မှာ မူးဖို့သက်သက်။ စင်တင်ဘီယာဆိုင်ဆိုသည်မှာ စပွန်ဆာဘဲကြီးများ သီးသန့်ကျက်စားကြသည့်နေရာ။ ယခုတော့ လူငယ်တို့၏ နိုက်လိုက်ဖ်သည် နိုက်ကလပ်မှသည် အနောက်တိုင်းဆန်ဆန် ဘားတွေ၊ သမားရိုးကျဆိုင်ကို ပုံစံပြောင်းထားသော မြူးဇစ်ဇုံတွေအထိ နယ်မြေကျယ်ပြန့်လာသည်။ စားသောက်ဆိုင်တစ်ဆိုင်သည် စားသောက်ရုံသက်သက်မျှ မကတော့။ သူ့ရဲ့ဝန်ဆောင်မှုတွေ ထပ်ကျယ်လာသည်။ (ဒါသည် သမားရိုးကျ အပျော်ရှာသည့်ဆိုင်များကိုသာ ဆိုလိုခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးပါရသည့် high ခန်းဆိုသော နေရာတွေမပါသေးပါ။)

ဘန်ကောက်တို့ ဘာတို့မှာ မြင်နေကျ လူငယ်များကြီးစိုးသော ဘားတစ်ခုအသွင်မျိုး ပြောင်းသွားသည့် ဒသမစခန်းသာနေရာဟောင်းကို ကြည့်ရင်း ကျနော့်စိတ်သည် အတိတ်မှာတဝဲလည်လည်။ တချိန်တုန်းက ဘီယာစင်တင်ဆိုင်များသည် သူ့ခေတ်သူ့အခါကဆို မြန်မာပြည်မှာ ရနိုင်သမျှ အကောင်းဆုံး မှော်ရုံတောဖြစ်သည်။ အယ်လ်ကိုဟော၏ တန်ခိုးပြလာလေ စင်ပေါ်က ကောင်မလေးများကလည်း လှလာလေ။ စစချင်းတုန်းက ဒသမစခန်းသာ စင်တင် သည် စွဲစရာဟု ထင်ရသည်။ နောက်တော့ သူ့ထက်သာတဲ့ဆိုင်တွေကို ရောက်တော့ ဒသမစခန်းသာ က ဘာမှမဟုတ်တော့။

မှတ်မှတ်ရရရှိသေးသည့် နောက်တဆိုင်က မြေနီကုန်းမီးပွိုင့်နား၊ ပြည်လမ်းပေါ်က ဆိုင်။ ဆိုင်နာမည်တော့ မမှတ်မိတော့။ ဒသမစခန်းသာနှင့်ယှဉ်လျှင် နေရာကျဉ်းသလို လာသည့်အန်ကယ်များလည်း မများလှ။ သို့သော် လာတဲ့သူတွေက ဒသမစခန်းသာကို လာကြသူများထက် ပို၍ရေလျှံမှန်းသိသာသည်။ ဆိုင်ကလည်း ပိုသားနားသည်။ ထိုဆိုင်က အဆိုတော်မလေးများကလည်း ဒသမစခန်းသာက ကောင်မလေးများထက် ပိုချော ပိုလှကြသည်။ သီချင်း အဆိုလည်း ပိုကောင်းသည်။ ကျနော်တို့သည် ဒသမစခန်းသာမှသည် မြေနီကုန်းရှိ ထိုဆိုင်ဘက်ကို ပိုဦးလှည့်လာကြသည်။ 

ထိုဆိုင်ရှိ အဆိုတော်မလေးများထဲတွင် အမှတ်မိဆုံးတယောက်ရှိသည်။ သူ့စတိတ်နာမည်က စန္ဒာ။ ကျနော်တို့က ၂၀ စွန်းစွန်း။ စန္ဒာကတော့ ကျနော်တို့ထက် အသက်နည်းနည်းလေး ကြီးနိုင်သည်။ အသားလတ်လတ်၊ ကိုယ်လုံးသွယ်သွယ်၊ အရပ်မြင့်မြင့်၊ နှာတံပေါ်ပေါ်၊ မျက်နှာကခပ်တည်တည်။ ကျနော်တို့ထဲက သူငယ်ချင်းတယောက်သည် သူကြိုက်နေသော (သူ့ကိုပြန်မကြိုက်သော) ကျောင်းကကောင်မလေးနှင့် ရုပ်ဆင်သည်ဟုဆိုကာ စန္ဒာကို အတော်မျက်စိကျသည်။ (သူသည် စာရေးဆရာမ မစန္ဒာ၏ ‘ကွက်လပ်ကလေးဖြည့်ပေးပါ’ စာအုပ်ကိုတောင် ထိုအဆိုတော်စန္ဒာအား သွားပေးရကောင်းမလား စဉ်းစားဖူး၏။) 

တရက်တွင် မူးယစ်ဝေသော ဘီယာတန်ခိုးသည် ကျနော်တို့အား မိုက်မိုက်မဲမဲတွေ လျှောက်လုပ်ခိုင်းသည်။ ကျနော်တို့က စန္ဒာ့ကို သီချင်းတောင်းသည်။ သီချင်းတောင်းလျှင် သည်အတိုင်းတောင်းလို့မရ၊ ပန်းကုံး ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် တက်ပေးရသည်။ သို့သော် ကျနော်တို့သည် အန်ကယ်ကြီးများလို စင်ပေါ်တက် ပန်းကုံးစွပ်ဖို့ မရဲကြ။ နောက်ဆုံးတော့ သူတက်ပေး၊ ငါတက်ပေးနှင့် ဗြဟ္မာကြီးဦးခေါင်း လုပ်နေတုန်း ကျနော် မဲပေါက်သည်။ ကျနော်သည် ပန်းကုံးမစွပ်ဘဲ နှင်းဆီလေးတပွင့်ကိုသာ တက်ပေးသည်။ စန္ဒာသီချင်းဆိုနေတုန်း ကျနော်က စားပွဲထိုးယူလာပေးသော ပန်းကို ယူကာ ခပ်တည်တည် တက်သွားပြီး စန္ဒာ့လက်ထဲ ထည့်ပေးသည်။ “ပန်းကို ဒီအတိုင်းပေးရုံပေးမလာနဲ့နော်” ဆိုသော သူငယ်ချင်းများစကားကို နားထောင်ပြီးလျှင် စန္ဒာ့အား “အရမ်းလှတယ်” ဟု ကျနော် ပြောပြီး ပြန်ဆင်းလာခဲ့၏။ 

ကျနော် ဝိုင်းမှာပြန်ထိုင်တော့ ကိုယ်ဘာပြောခဲ့သည်ကို ပြန်ပြောပြရင်း ရယ်ကြသည်။ စန္ဒာသည် စင်ပေါ်မှာ ဆိုနေရင်းနှင့်ပင် ကျနော်တို့ဝိုင်းဘက်ကို မျက်လုံးဝင့်ကာဝင့်ကာ ကြည့်၏။ ထိုမျှနှင့်ပင် ကျနော်သည် မူးယစ် ပျော်ရွှင်နေမိလေသည်။ ခဏနေတော့ စားပွဲထိုးမှတစ်ဆင့် စန္ဒာက ကျနော်တို့ဝိုင်းကို စာရွက်ပိုင်းလေးတရွက် ပို့လိုက်သည်။ သူ့ကိုအားပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ နောင်လည်း လာဖို့နှင့် သူ့ကိုဆက်အားပေးဖို့ ရေးထားသည်။ 

ကျနော်တို့ ထိုညက သီချင်းတွေ ကိုယ်ဓာတ်ကျရာတောင်းရင်း ပိုက်ဆံရှင်းခါနီးတော့ ပိုက်ဆံမလောက်တော့။ နောက်ဆုံး မြေနီကုန်းမှာပင် နေသော ရေလျှံသည့် ကျောင်းကသူငယ်ချင်းတယောက်ကို ဖုန်းလှမ်းဆက် ရသည်။ ထိုစဉ်က လူတိုင်းဟန်းဖုန်းမရှိ။ ဆိုင်ကကြိုးဖုန်းနှင့် ထိုသူဌေးသားသူငယ်ချင်း၏ ဟန်းဖုန်းကို ဆက်ရသည်။ နောက် နာရီဝက် လောက်နေတော့ ထိုသူဌေးသားသည် ပိုက်ဆံအိတ်ပိုက်ကာ မှုန်တေတေနှင့် ဆိုင်ကိုရောက်လာပြီး ကျနော်တို့ကို ဆဲရေး မေတ္တာလည်းပို့ရင်းနှင့် ထိုညက ဝိုင်းကို စိုက်ရှင်းလိုက်ရသည်။ နောက်နေ့မှ ပြန်ပေးပါမည်ဟု ကျနော်တို့က ပွစိပွစိလုပ်နေသော သူ့ကိုဝိုင်းချော့ရသည်။ 

သို့သော် ကျနော်တို့သည် ထိုလောကထဲ နစ်ဝင်မသွားမိစေဖို့တော့ အချင်းချင်းသတိပေးကြသည်။ အပျော်မှသည် အတည်မဖြစ်စေဖို့တော့ တားစရာရှိ တားကြသည်။ ဦးနု၏ တာတေစနေသားထဲမှ သူ့ကိုယ်တွေ့သည်လည်းကောင်း၊ မြသန်းတင့်၏ ‘၃၈ လမ်း’ ဝတ္ထုထဲမှ ဇာတ်ကောင်၏ အဖြစ်အပျက် သည်လည်းကောင်း အမှတ်ရစရာဖြစ်သည်။

“မင်းသိလား ... သူတို့တွေက စပွန်ဆာဘဲကြီးတွေကို အဓိကပစ်မှတ်ထားရတယ် ဆိုပေမဲ့ သူတို့လည်း လူပဲကွာ။ တဖက်က စီးပွားရေးအတွက် ဘဲကြီးတွေကိုချိုင်ရပေမဲ့ စိတ်ထဲမှာတော့ သူတို့နဲ့ ရွယ်တူတန်းတူ ငါတို့လိုအရွယ်တွေနဲ့ပဲ တွဲချင်တာပေါ့ကွာ”

“ဒါပေမဲ့ ငါတို့က ရေမှမလျှံတာ။ ငါတို့ဆီက သူတို့ဘာရမှာလဲ”

“ဘယ်ဟုတ်မလဲကွ။ သူတို့က စပွန်ဆာတွေဆီကျတဲ့ပိုက်ဆံနဲ့ အပြင်မှာ ဘဲလေးတွေပြန်ထားပြီး သူတို့က ပြန်အမ်းတာပေါ့ကွ”

ထိုကာလက ‘အမ်းတယ်’ ဆိုသော အသုံးပေါ်သေးသည်ဟု မထင်ပါ။ ဘယ်လိုသုံးခဲ့လဲ မမှတ်မိသော်လည်း ထိုအဓိပ္ပာယ်ဖြင့် ပြောသောစကားပဲဖြစ်သည်။ သေချာတာတော့ ထိုမိန်းကလေးများကိုလည်း အကုန်လုံး စပွန်ဆာရှာဖို့သက်သက် အလုပ်လုပ်နေကြသည်ဟုလည်း သိမ်းကျုံးမြင်၍မရပါ။ သူတို့သည် ဘဝပေး အခြေအနေ အကြောင်းကြောင်းကြောင့် ဘီယာဆိုင်မှာ ပန်းကုံးမျှော်ရ၊ ကိုယ့်ကိုကျမည့် ဦးလေးကြီးများကို ရှာဖွေရသော်လည်း သူတို့လည်း သည်အရွယ်မှာ ရှိတတ်သည့် သဘောသဘာဝတွေ ရှိမှာမလွဲပါ။ မည်သို့ဆိုဆို ကျနော်တို့သည် တကယ်လက်တွေ့ ထိုမိန်းကလေးများနှင့် ဇာတ်လမ်းဖြစ်ဖို့အထိ မရဲခဲ့ကြတာတော့ အမှန်။ နံပါတ် (၁)၊ ကျနော်တို့မှာ ပိုက်ဆံမရှိ။ (၂) အဲသလောက် အသိဉာဏ်မမဲ့။ ကျနော်တို့သည် ပျော်ချင်ရုံ သက်သက်သာ ဖြစ်သည်။

စင်တင်ဆိုင်ကို လာကြသော စပွန်ဆာကြီးများနှင့် ကျနော်တို့တွင် တယောက်မှာရှိတာ တယောက်မှာမရှိသည့် အနေအထားဖြစ်သည်။ သူတို့မှာ ငွေရှိသည်။ သို့သော် အရွယ်မရှိတော့။ ကျနော်တို့မှာ ငယ်ရွယ် နုပျိုမှု ရှိသည်။ ဒါပေမဲ့ သူတို့လိုတော့ ငွေမရှိ။ တူတာ နှစ်ခုတော့ရှိသည်။ သောက်ရစားရတာနှင့် မိန်းမအာရုံ တို့ဖြစ်သည်။ လူ(ယောက်ျား)တယောက်သည် အလုပ်တွေလုပ်ရင်းကိုင်ရင်း ငွေတွေ ထုပ်ထုပ်ထည်ထည် ရလာသောအခါ သူ့မှာ အရွယ်မရှိတော့။ ‘ဦး’ ဖြစ်ပြီ။ ဗိုက်ပူပြီ။ ထိပ်ပြောင်ပြီ။ သို့သော် ငွေ၏ဝိတ်ဖြင့် နုနုပျိုပျိုလေးများကို ရနိုင်သေးသည်။ သို့သော် အချစ်ကိုတော့ မရနိုင်တော့။ ကျနော်တို့မှာတော့ ငယ်ရွယ်တုန်းဖြစ်သဖြင့် ထိုနုနုပျိုပျိုလေးများကို လူရော၊အသည်းနှလုံးကိုရော ရကောင်းရနိုင်သေးသည်။ သို့သော် ကျနော်တို့မှာ ငွေမရှိပါ။ 

ထိုစဉ်က ကျနော်တို့သည် လူငယ်ပီပီ အပျော်ကိုရှာခဲ့ကြသည်။ ယခု ကျနော့်မျက်စိရှေ့ရှိ ဒသမစခန်းသာ အသွင်ပြောင်း ဘားသို့လာကြသော ဂျန်ဇီလေးများသည်လည်း အပျော်ကိုအလိုရှိကြမှန်း မငြင်းသာပါ။ သို့သော် အပျော်ပုံစံတွေတော့ ပြောင်းသွားခဲ့ပြီ။ အသိသာဆုံး အချက်ကတော့ မိန်းကလေးများ၏ လွတ်လပ်လာမှု။ တချိန်က ယောက်ျားလုပ်သူ ဘီယာဆိုင်မှအပြန်ကို မျှော်သော မိန်းမများ၊ ရည်းစား ဖြစ်သူ ဘီယာဆိုင်မှ အိမ်မပြန်မချင်း ဖုန်းတဂွမ်ဂွမ်ဆက်ရသည့် မိန်းမများအဖြစ်မှသည် ကိုယ်တိုင် ဆိုင်ထိုင်၊ သောက်စား၊ မူးယစ်၊ ပျော်ပါးကြသူများ ဖြစ်လာကြပြီ။ မူးပြီဆိုလျှင် မိန်းကလေးများက ပိုကဲနေကြသည့် ခေတ်ဖြစ်ပြီ။

ကျနော်တို့ မျက်စိရှေ့ရှိ စားပွဲဝိုင်းတချို့မှာတော့ လန်ထွက်နေအောင် ဝတ်ထားကြသော မိန်းကလေးများသည် music band မှ မြူးကြွသောသီချင်းတန်ခိုးကြောင့်ရော၊ အရက်တန်ခိုးကြောင့်ရော ထိုင်ခုံပေါ်မှာပင် မတ်တပ်ရပ်၍ ကနေကြသည်။ သူတို့ဘေးမှ ယောက်ျားလေးအဖော်များက ဝိုင်း၍အားပေးနေကြသည်။ Dancing floor မှာလည်း ကနေကြသူတွေ မနည်း။

“ကျနော်တို့ လူဖြစ်စောသွားတယ်လို့မထင်ဘူးလား။ ခုခေတ်လူငယ်တွေက ပိုပြီး ပျော်စရာတွေ ပိုမများဘူးလား”

“မထင်ဘူးဗျ။ ကျနော်တို့လိုမျိုး Y မျိုးဆက်ရဲ့ နောက်ဆုံးအမြီးတွေဆိုတာ ခေတ်နှစ်ခေတ်ကို ကောင်းကောင်း ဖြတ်သန်းရတဲ့မျိုးဆက်ပဲ။ ကျနော်တို့ဟာ ပုပ်ဆွေးနေတဲ့ ဆိုရှယ်လစ်ခေတ်ရဲ့ မီးစာကုန်ဆီခန်းခေတ်ကိုလည်း နည်းနည်းလေး မီလိုက်တယ်။ တံခါးဖွင့်လိုက်တဲ့အတွက် ဖုန်တွေ၊ ခြင်တွေရော၊ လေပြည်ညင်းတွေရော ဝင်လာတဲ့ နဝတ/နအဖခေတ်မှာ ကြီးပြင်းတယ်။ ဘဘဗိုလ်ချုပ်ကြီးခင်ညွန့် ကျန်းမာပါစေ ဆိုပြီး လက်အုပ်ချီရတဲ့ခေတ်ကို မီခဲ့တယ်။ မြန်မာပြည်မှာ အင်တာနက်ကို ပထမဆုံး စသုံးရတဲ့သူတွေဖြစ်တယ်။ ကျနော်တို့တွေ အင်တာနက်ကဖေးမှာ တနာရီ ၁၀၀၀ လောက်နဲ့ အင်တာနက် စသုံးနေတုန်းက ခု ဒီဆိုင်ထဲက ဂျန်ဇီတွေဟာ ကလေးတွေပဲရှိသေးတယ်။ ကျနော်တို့ဟာ Facebook ကို သူတို့ထက်တောင် စောပြီးသုံးခဲ့ကြရသူတွေ။ ဟော ... အခု IT ခေတ်၊ AI ခေတ်မှာလည်း ကျနော်တို့ဟာ ခေတ်နောက်မကျသေးဘဲ အမီလိုက်ပါသွားနိုင်ကြသူတွေချည်းပဲ။ ကျနော်တို့ကြုံခဲ့ရတဲ့ ခေတ်အပြောင်းအကြီးကြီးကို သူတို့ မကြုံဖူးကြဘူး။ သူတို့က ကျနော်တို့ကိုတောင် ပြန်ပြီး မနာလိုသင့်တာ”

ကျနော်သည် ထိုစကားကို နားထောင်ရင်း သဘောကျသဖြင့် ရယ်မိရသည်။ 

ကျနော်နှင့်အတူထိုင်သော မိတ်ဆွေထဲက တဦးသည် စားပွဲထိုးကို ခေါ်၍ သီချင်းတောင်းလိုက်သည်။ သူတောင်းသည့်သီချင်းက ရေမွန်၏ ‘ချန်ခဲ့’ သီချင်း။ ကျနော်တို့ရှေ့မှာ တောင်းထားသည့် သီချင်းငါးပုဒ် လောက်ရှိသေးသည်ဟု ဆိုသည်။ မတတ်နိုင်။ တောင်းပြီးမှတော့ စောင့်ရုံ။ ‘ချန်ခဲ့’ ဆိုပြီးလျှင် ကျနော်တို့ ပြန်ကြမည်။ 

ကျနော်တို့သည် ‘ချန်ခဲ့’ အလာကိုစောင့်ရင်း ပုလင်းထဲမှ လက်ကျန်ကိုဖြတ်နေကြသည်။ ကျနော်သည် ကနေ ခုန်နေကြသော ဂျန်ဇီများကိုကြည့်ရင်း စိတ်ထဲပျော်တော်တော်ဖြစ်လာသဖြင့် အိမ်သာမှအပြန် ဝိုင်းကို တန်းမပြန်သေးဘဲ သူတို့ကနေသည့်နားမှာ သွားရပ်ကြည့်နေမိသည်။ ကြည့်နေတုန်းမှာပင် ‘ချန်ခဲ့’ သီချင်း အလှည့်ရောက်လာ၏။ 

“စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့ xxx ကံမကုန်ရင် ပြန်ဆုံဦးမှာပဲ xxx အပြီးသတ်နှုတ်ဆက်ပါတယ် xxx စိတ်ဖြောင့်ဖြောင့်နဲ့ပဲ ချန်ခဲ့” 

ဪ ... သီချင်းရှင် ရေမွန်ကတော့ ကျနော်တို့အားလုံးကို စိတ်ဖြောင့်ဖြောင့်နဲ့ပဲ ချန်သွားခဲ့ပြီပဲ။ သူဆိုခဲ့သည့် သီချင်းကို ခု အားလုံးက ပျော်ရွှင်စွာ ဆိုနေကြသည်။ သီချင်းက ဝမ်းနည်းစရာသီချင်း။ သို့သော် ဆိုင်ထဲကအားလုံးက ကြေကွဲနေကြဟန်မတူပါ။ အားလုံး မြူးထူးစွာပင် ထိုသီချင်းအလိုက်အတိုင်း တဆိုင်လုံးဟိန်းနေအောင် လိုက်ဆိုရင်း ခုန်နေကြသည်။ သီဆိုပျော်ရွှင်နေကြသူတို့သည် စာသားများ၏ အဓိပ္ပာယ်နှင့် သွားလေသူ ရေမွန်ကိုယ်တိုင်တို့ကို သတိရမရ ကျနော်လည်း မသိပါ။ 

“ခင်ဗျား သိလား ... ခု ဒီဆိုင်မှာ လူငယ်တွေ ဒီလောက်များနေပေမဲ့ သူတို့ထဲမှာလည်း ဒီ တလရမှာ နောက်ကွယ်ကနေ အမျိုးမျိုးနဲ့ပါနေတဲ့သူ ဒီတဆိုင်မှာတောင် မရှိဘူးဆို လေး၊ ငါး ယောက်တော့ ရှိလိမ့်မယ်။ ကျနော် ပြောနိုင်တယ်။ နောက်ပြီး ရန်ကုန်လူဦးရေနဲ့ အချိုးချလိုက်ရင် တညတည ဒီလိုဆိုင်တွေမှာ ထိုင်တဲ့ သူဦးရေဆိုတာ ဘာမှမပြောပလောက်ဘူးဗျ။ ဒါတခုတည်းကိုပဲ indicator အနေနဲ့ ကြည့်လို့တော့မရဘူး”

အပြန်တွင် မိတ်ဆွေတဦးက သူ့အမြင်ကိုပြောသည်။ ကျနော်လည်း သဘောတူစွာဖြင့် ခေါင်းညိတ်ပြမိသည်။ ၂၀၂၁ နောက်ပိုင်း သိသိသာသာ exponentially ပြောင်းလဲသွားသော night life နှင့်ပတ်သက်၍ စိတ်အနှောင့်အယှက် သိသိသာသာ မဖြစ်ပါ။ ခုနက မိတ်ဆွေပြောသလို ဆင်ခြင်ကြည့်လျှင်တော့ ယုတ္တိကျပါသည်။ ကျနော်တို့ ကိုယ်တိုင်ပင် ဆိုင်သွားထိုင်ပြီး ခေတ္တခဏတော့ ပျော်သလိုလိုဖြစ်ခဲ့သေးသည် မဟုတ်လား။ 

အဓိကက ပျော်စရာရှိ ပျော်ပြီးလျှင် လုပ်စရာရှိသည်လည်း ပြီးပြတ်အောင် လုပ်ရမည်သာဖြစ်သည်။ အလုပ်ပြီးလျှင် သည့်ထက်ပျော်ရမည်မဟုတ်လား။ 

ကျနော်သည် ဒသမမြောက်စခန်းသာ ဆိုင်ရှိခဲ့ဖူးသည့်နေရာမှာ ဖွင့်ထားသော ၂၀၂၁ ခေတ်လွန် ဘားဆိုင်ထဲမှ လုံးလုံးပြောင်းလဲသွားသော မြင်ကွင်းများ၊ ခံစားမှုအငွေ့အသက်များ၊ ယဉ်ကျေးမှုအရွေ့များကို ကြည့်ရင်း ‘အရေးတော်ပုံအောင်ပါစေ’ ဟု စိတ်ထဲက ရွတ်ဆိုမိသည်။ ။


Comments

  1. KTV က ကောင်မလေးကိုကြိုက်တဲ့သူက အသိဉာဏ်မဲ့သူလား

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...