Skip to main content

ပုံဖျက်ခံနေရတဲ့ကိစ္စလည်း အရေးကြီးတယ်


Photo: Reuters


အသိ ညီငယ်တစ်ယောက်က ကျွန်တော့်ကိုလှမ်းမေးပါတယ်။ “အစ်ကို၊ Editorial ဆိုတာ ဗမာလိုဘာလဲ”တဲ့။ မြန်မာပြည်မှာမွေး၊ ဗမာစကားပြောပြီး ဗမာလိုကြီးလာတဲ့လူတစ်ယောက်က အင်္ဂလိပ်စာလုံးကိုတော့သိပြီး ဗမာလိုတော့မသိဘူး ဆိုတော့ ရင်နာမိရတယ်။ တကယ်ဆိုရင် “အစ်ကိုရေ သတင်းစာခေါင်းကြီးဆိုတာ အင်္ဂလိပ်လိုဆို ဘာလဲ”လို့ မေးတာမျိုးပဲ ဖြစ်သင့် တာမဟုတ်လား။ စိတ်ထဲမှာ တင်းခနဲဖြစ်သွားမိပေမယ့် သူ့အပြစ်မဟုတ်ဘူးဆိုတာ ဆင်ခြင်မိတော့လည်း စိတ်လျှော့ လိုက်ပါတယ်။ သည်ကနေ့ထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ်တွေ၊ ရုပ်သံလိုင်းတွေ ကြည့်လိုက်ရင် အဲဒီ ဗမာစကားလုံးဖြစ်တဲ့ ‘ခေါင်းကြီးပိုင်း’ ဆိုတဲ့ စာလုံးက တွေ့မှမတွေ့ရတော့တာ။ အဲဒီလိုပါပဲ Satire တို့၊ Article တို့၊ Feature တို့၊ Local News တို့၊ International News တို့၊ Sport News တို့၊ Entertainment တို့၊ Celebrity News တို့က နေရာပိုယူထားကြတာမို့ အဲဒါတွေကို ဗမာလို ဘယ်လို ခေါ်သလဲလို့ မေးတဲ့ကလေးတွေ ရှိတော့လည်း ဆန်းတော့မဆန်းပါဘူး။ ဘာသာစကား ဆိုတာ မွေးကတည်းက တတ်လာတာမဟုတ်ဘဲ ကိုယ့်ပတ်ဝန်းကျင်ကနေပဲ သင်ယူရတာမျိုးမဟုတ်လား။

ကျွန်တော်ကတော့ နောင် အနှစ် ၂၀၊ ၃၀ မှာဖြစ်နေမယ့် ဗမာဘာသာစကားရဲ့ပုံစံကို လှမ်းမြင်ယောင်နေပြီး ရင်မောနေ မိတယ်။ တစ်ခါတစ်ခါတော့လည်း တွေးမိတယ်။ ကျွန်တော်ကပဲ သိပ်မျိုးချစ်စိတ်ဓာတ် ပြင်းထန်နေ သလားပေါ့ လေ။ ဒီစာကိုဖတ်နေသူတွေကပဲ ကျွန်တော့်ကို လှောင်ရယ်ရယ်နေကြမလားလို့လည်း တွေးမိပါတယ်။ ဒါပေမယ့်လည်း လူတစ်ယောက်ဟာ သူ့ဘာသာစကားနဲ့စာပေ၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို ချစ်တာ၊ ထိန်းသိမ်း စောင့်ရှောက်ချင်တာ၊ တန်ဖိုးထားတာဟာ သဘာဝမကျတဲ့အရာ မဟုတ်တာမို့လို့ ကိုယ်မှားနေတာ မဟုတ်ဘူးလို့တော့ သဘောပေါက်ပါတယ်။ ဒါပေမယ့်လည်း မှားခြင်းမှန်ခြင်းဟာ တစ်ခါတစ်ရံမှာတော့ လူများခြင်း၊ နည်းခြင်းပေါ်လိုက်ပြီး ဖြစ်တည်ရမဟုတ်လား။ ကျွန်တော် ဘယ်လောက်မှန်နေပါစေ ကျွန်တော့်ဘက်က တစ်ယောက်မှမရှိရင် ကျွန်တော် မှားတာပဲပေါ့။

ကျွန်တော် ဂျာနယ်တွေဖတ်တိုင်း၊ ရုပ်သံလိုင်းတွေကြည့်တိုင်း သတိထားမိနေတာကတော့ (၁) အများစုသည် ဗမာစာကို ဖြောင့်အောင်မရေးတတ်၊ ဗမာစကားကို မှန်အောင်မပြောတတ် (၂) အင်္ဂလိပ်လို တတ်သလား ဆိုတော့လည်း မတတ် သို့သော် အင်္ဂလိပ်လိုညှပ်ရေး၊ ညှပ်ပြောသည် (အဲဒီတော့မှားတာများသည်) (၃) သူတို့မှာ မိမိတိုက်နှင့်ပတ်သက်ပြီး စာရေးထုံး၊ ပြောထုံးကို သေသေချာချာ မူချမှတ်ထားတာမရှိ။ (ဥပမာ ဘယ်လိုနေရာမှာ မူရင်းအတိုင်းသုံးမယ်၊ ဘယ်လို ဆိုရင်တော့ ဆီလျော်အောင် ပြန်ဆိုသုံးနှုန်းမယ် စသည်) အဲဒီလိုတွေ ဖြစ်တဲ့အတွက် မျက်စိနောက်စရာတွေ ဖြစ်လာတယ်။ ကိုယ်မေးလိုက်တဲ့သူက ပြောတဲ့အတိုင်း ရေးတယ်။ ရေးတော့လည်း မှန်အောင်မရေးနိုင်ဘူး။ (ဥပမာ bias ကို virus လုပ်တာ၊ transaction ကို transection လုပ်တာ၊ stakeholder ကို stateholder လုပ်တာ)

အဆိုးဆုံးအချက်ကတော့ နိုင်ငံပိုင်လို့ခေါ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ MRTV ရုပ်မြင်သံကြားပါ။ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး တိုင်းခန်းလှည့်လည်၊ မိန့်ခွန်းပြောတဲ့ အခါမှာ ပြောသွားတဲ့ မိန့်ခွန်းအတိအကျကို ပြန်ပြီး ဖတ်ပြတာပါ။ အဲဒီတော့ မိန့်ခွန်းခြွေတဲ့လူကြီး (ဟိုအရင်ခေတ်က စစ်ဗိုလ်ချုပ်များ၊ ယနေ့ခေတ် ဝန်ကြီး၊ ဝန်ကလေး၊ ဝန်ကြီးချုပ်များ) ဟာ ပြောစကားထဲမှာ ဘိုလိုတွေထည့်ပြောသွားရင်လည်း MRTV က သတင်းကြေညာသူဟာ အဲဒီအတိုင်းလိုက်ပြီးရွတ်ပြသွားပါတယ်။ ဦးသိန်းစိန်လက်ထက်ကလို့ ထင်ပါတယ်၊ ဝန်ကြီးတစ်ဦးက နယ်မြို့တစ်မြို့ရောက်တော့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ပြီး “အစိုးရသစ်လက်ထက်မှာ ဝန်ထမ်းများကလည်း mindset ပြောင်းကြပါလို့” မှာတယ်နဲ့တူပါတယ်။ သတင်းမှာ ဖတ်ပြတော့လည်း “ဝန်ကြီး ... သည် ... မြို့ရှိ ဝန်ထမ်းများအား မိုင်းဆတ်ပြောင်းကြရန်မှာကြားပါတယ်” လို့ ဖတ်ပြသွားပါတယ်။ မသိတဲ့လူဆို နားထောင်ရင်းနဲ့ ဝန်ထမ်းတွေကို ရှမ်းပြည်က မိုင်းတုံတို့ မိုင်းဆတ်တို့ကို ပြောင်းရွှေ့ကြလို့ မှာနေသလိုပါပဲ။ ဌာနဆိုင်ရာဝန်ထမ်းများဟာ သူတို့လူကြီးတွေပြောစကားကို အဆင်ပြေအောင် ပြန်ရေး၊ ပြန်တည်းဖြတ်ဖို့တောင် မဝံ့ရဲကြပါဘူး။ တကယ်ဆို “ဝန်ထမ်းများလည်း စိတ်နေစိတ်ထား ပြောင်းကြရန် မှာကြား”လို့ ပြန်တည်းဖြတ်ပေးလိုက်ရင် အဆင်ပြေပါလျက်နဲ့ ပြော၊ ပြောတဲ့အတိုင်း ပြန်ရွတ်ပြတာဟာ ကျွန်တော်တို့မြန်မာပြည်ဌာနဆိုင်ရာတွေရဲ့ ပြောင်းမရတော့တဲ့ မိုင်းဆတ် (mindset) ဖြစ်နေ မလားပါပဲ။

အဲဒီလိုလုပ်တော့ ဖြစ်လာတဲ့ ပြဿနာက အင်္ဂလိပ်လို အားနည်းတဲ့လူတွေမှာ သွားတက်ပါတယ်။ သူတို့ ဘာဆိုလိုလဲ ပြည့်ပြည့်ဝဝ နားမလည်တော့ဘူး။ မြန်မာပြည်မှာ အင်္ဂလိပ်လို ကောင်းကောင်းတတ်တဲ့သူက လူဦးရေရဲ့ဘယ်နှရာခိုင်နှုန်း ရှိလို့လဲ။ ဒီတော့ သူတို့တတွေ ဘိုလို ထည့်ရေး၊ ပြောခြင်းအားဖြင့် စာဖတ်သူ၊ ရုပ်သံကြည့်သူတွေထဲက ပညာအဆင့်နိမ့်သူ တွေကို ဘေးဖယ်ထုတ်သလိုဖြစ် တယ်။ မီဒီယာဟာ အားလုံးကို လွှမ်းခြုံနိုင်ခြင်းမရှိတော့ဘူး။ အင်္ဂလိပ်လိုတတ်တဲ့အလွှာတစ်ခုအတွက်ပဲ သီးသန့် တင်ဆက်နေသလို ဖြစ်နေတယ်။

ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးဖြစ်စဉ်အခါက ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူး တစ်ခုပေးထားတာကို ဖတ်လိုက်ရတယ်။ သူက အင်္ဂလိပ်လို့တွေ တော်တော်ညှပ်ပြောသွားပါတယ်။ တချို့စာလုံးတွေဆို သိပ်ကို ပညာရပ်ဆန်တယ်။ အဲဒီ အင်တာဗျူးကိုဖတ်ပြီး အောက်က မှတ်ချက်ပေးတဲ့ သူတွေက ဝန်ကြီးမင်းရဲ့ဘိုလိုမှုတ်တဲ့ အတွက် ကြောင့် သူတို့မှာ အဘိဓာန်ကို ဘေးမှာ ချထားရပါတယ် စသည်ဖြင့် ရေးကြပါတယ်။ ဒါနဲ့ ဧရာဝတီက ဝန်ကြီးမင်းရဲ့ဘိုစကားလုံးတွေဘေးမှာ ကွင်းစ ကွင်းပိတ်နဲ့ မြန်မာလိုအဓိပ္ပာယ်ပြန်ထည့်ပြီး ပြန်တင်ပေးခဲ့ရဖူး ပါတယ်။ နိုင်ငံခြားဘာသာနဲ့ထုတ်တဲ့ သတင်းစာတွေ တွေ့ရင် (ကိုယ်မဖတ်တတ်ပေမယ့်) လိုက် ကြည့်မိတယ်။ (ဥပမာ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား) ကြည့်မိသ လောက်တော့ အတိုကောက်တွေလောက်ပဲ (ဥပမာ အဖွဲ့အစည်းနာမည်၊ ကုန်ပစ္စည်း အမှတ်တံဆိပ်) အင်္ဂလိပ်လိုထည့်သုံးတာတွေ့တယ်။ ကျန်တာတော့ သူတို့ဘာသာနဲ့သူတို့ပဲ ရေးတာပဲ။ တိုက်ရိုက်ပြောစကား (quotation) ထဲမှာလည်း မတွေ့ရဘူး။ ပြောတဲ့သူကပဲ ထည့်မပြော တာလား၊ ပြောလျက်သားနဲ့ အယ်ဒီတာက အဆင်ပြေအောင် ပြန်ရေးပေးသလားတော့ မသိဘူး။ ဒါပေမယ့် သေချာတာတော့ သူတို့မှာ မူတစ်ခုတော့ ရှိတယ်။

နောက်တက်တဲ့ပြဿနာတစ်ချက်က ကျွန်တော် စောစောက ပြောခဲ့သလို တချို့လူတွေ ဗမာစကားလုံး အသုံးအနှုန်းတွေ မသိတော့ဘူး။ ကြာရင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် မြန်မာဘာသာစကားအဆင့်အတန်း ဆုတ်ယုတ်သွားတော့မယ်။ ခုတောင် ဟိုအင်္ဂလိပ်စာလုံးကို ဗမာလို ဘယ်လိုခေါ်သလဲ ပြန်မေးနေရတဲ့ အဖြစ်ရောက်နေတာ။ ဒီလို ပြောလို့ အင်္ဂလိပ်စာ မသင်နဲ့ အင်္ဂလိပ်လို မပြောနဲ့လို့ပြောတာမဟုတ်ဘူး။ ကိုယ့်ဘာသာစကားကို ထိန်းသိမ်းဖို့ပဲပြောချင်တာ။ အဲဒါမှ စစ်မှန်တဲ့ မျိုးချစ်စိတ်ဖြစ်တယ်လို့ထင်တယ်။ ကျွန်တော်တို့လူမျိုးက မဟုတ်တဲ့နေရာကျသွားပြီး အမျိုး၊ ဘာသာ၊ သာသနာကွ ဆိုပြီး လက်သီးလက်မောင်းတန်းနေကြတယ်။ ဂရုစိုက်ရမယ့် အလေးထားရမယ့်နေရာကျ ဂရုမစိုက်ကြ၊ အလေးမထားကြဘူး။



မီဒီယာရဲ့အခန်းကဏ္ဍဟာ ဒီနေရာမှာ သိပ်ကိုအရေးကြီးတယ်။ မီဒီယာဟာ ခေတ်ကိုထင်ဟပ်ပေါ်လွင်စေတဲ့ ကြေးမုံပြင် ဖြစ်သလို ခေတ်ကိုရှေ့ကဦးဆောင်သူလည်းဖြစ်တယ်။ မီဒီယာဟာ သိပ်ကိုသြဇာကြီးတယ်ဆိုတာ အားလုံးလည်း သိပြီး သားပါ။ ဒီတော့ဗျာ မီဒီယာသမားတွေအနေနဲ့ အချိန်နဲ့အမျှဖြစ်နေတဲ့ အရေးကြီးတဲ့ ဖြစ်စဉ်တွေကို အများပြည်သူသိရှိအောင် အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တင်ပြဖို့တင် တာဝန်ရှိတာမဟုတ်ဘဲ ခေတ်ကိုဦးဆောင်ဖို့၊ လူတွေကိုရှေ့ဆောင်လမ်းပြဖို့လည်း တာဝန်ရှိတယ်ဆိုတာ မမေ့ဖို့ပြောချင်တာပါ။ မီဒီယာဟာ မြို့နေလူတန်းစား ခေတ်ပညာတတ်အလွှာကွက်ကွက်လေး တစ်ခုတည်းကို ကိုယ်စားပြုတာမဟုတ်ဘူးဆိုတာရယ်၊ ဘာသာစကားကိုအသုံးပြုပြီးလုပ်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်တာမို့ မိမိ အသုံးပြုတဲ့ဘာသာစကားကို ကျွမ်းကျင်လေ့လာပိုင်နိုင်အောင် အားထုတ်ဖို့နဲ့ မိမိဘာသာစကားကို ထိန်းသိမ်းဖို့လည်း တာဝန်ရှိတယ်ဆိုတာရယ်ကို သတိလေးပေးချင်တာပါ။

ချင်းမိုင်မှာရှိတဲ့ တိုင်းရင်းသားဘာသာစကားနဲ့ထုတ်လွှင့်တဲ့ ရေဒီယိုအသံလွှင့်ဌာနတစ်ခုက အသိတစ်ယောက်က ပြောဖူး တယ်။ သူတို့ ဘာသာနဲ့အသံလွှင့်လို့ ဗမာစကားလုံးတစ်လုံး ညပ်ပါသွားရင်ကို လှမ်းဖုန်းဆက်ပြီး အပြောခံရတယ်တဲ့။ တိုင်းရင်းသားတွေဟာလည်း သူတို့ ဘာသာစကား ကွယ်ပျောက်မသွားဖို့ အသည်းအသန် ကာကွယ်နေရ တာပါ။ တချို့ ဘာသာ စကားတွေဟာ မကြာခင်မှာ ပျောက်ကွယ်မယ့် အရိပ်အယောင် တွေရှိနေတယ် လို့လည်း ပညာရှင်တွေက သတိပေးနေကြတယ်။ ဥပမာ ဗမာတွေထက် ဒီနယ်မြေကို အရင်ရောက်ပြီး ယဉ်ကျေးမှုအရင်ထွန်းကားခဲ့တဲ့ မွန်လူမျိုးတို့ရဲ့ ဘာသာစကားဟာ မထိန်းသိမ်းရင် မျိုးဆက်တစ်ဆက်၊ နှစ်ဆက်အတွင်း ပျောက်ကွယ်သွားနိုင်တယ်လို့လည်း သတိပေး သူတွေက ပေးထားကြပြီ။ တကယ်ဆို ဗမာတွေဟာ မွန်တွေဆီကနေ စာရေးနည်းနဲ့ ယဉ်ကျေးမှုတွေကို လေ့လာသင်ယူခဲ့ရတာမဟုတ်လား။ မွန်တွေရဲ့ကျေးဇူး ဗမာမှာရှိတယ်။ အခုတော့ အဲဒီ မွန်ဘာသာစကားနဲ့ ယဉ်ကျေးမှုက ပျောက်ကွယ်တော့မယ့်အနေအထားမှာရှိတယ်ဆိုတော့ စိတ်မကောင်း ဘူး။ လူမျိုးတစ်မျိုးဟာ ဘာသာစကားပျောက်ရင် လူမျိုးပါပျောက်တာပဲ။

ဗမာစကားကတော့ ပျောက်ကွယ်သွားမယ့်အလားအလာမရှိသေးပေမယ့် ပုံပျက်ပန်းပျက်ဖြစ်သွားမယ့်အနေအထားမှာ ရှိတယ်။ ပေါ့ပေါ့သဘောထားရင် ကျီးလည်းမဟုတ် ကြက်လည်း မဟုတ်တဲ့ အောက်ကလိအာဖြစ်သွားနိုင်တယ်။ ဒါကို အစိုးရကလည်း မူဝါဒတစ်ခုချပြီးတော့ကို ကြပ်ကြပ်မတ်မတ် လုပ်ပေးရမှာ။ ပြင်သစ်တွေ၊ ဂျပန်တွေ၊ တရုတ်တွေဟာ သူတို့ ဘာသာစကားကို သန့်စင်အောင် အတော်လေး အားထုတ်ကြတယ်လို့ ကြားဖူးတယ်။ ဒီလိုမျိုးတွေရှိဖို့က အစိုးရကစလို့ လူမှု အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းပါဝင်ရမယ်။ မီဒီယာတွေ နှလုံးသွင်းဖို့က အိုဘားမားလာတဲ့ကိစ္စ အရေးကြီးတယ်။ ရခိုင်ပြဿနာ အရေးကြီး တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိစ္စ၊ လက်ပံတောင်းတောင်ကိစ္စ၊ အကျင့်ပျက်ခြစားမှုကိစ္စ၊ တရားရေးမဏ္ဍိုင် ကိစ္စ၊ အမျိုးသားသင့်မြတ်ရေးကိစ္စ အားလုံးအရေးကြီးတယ်။ ထိုနည်းလည်းကောင်း မြန်မာ/ဗမာ ဘာသာစကား ပုံဖျက်ခံနေရတဲ့ ကိစ္စလည်း အရေးကြီးပါတယ်။



'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 

Comments

အဖတ်အများဆုံး

ရသဝတ္ထုတို့ရဲ့သဘော

ကျွန်တော်က အခါအားလျော်စွာ ပင်ကိုရေးဝတ္ထုတိုလေးတွေ ရေးဖြစ်တော့ အချို့က သူတို့ရေးထားတဲ့ ၀တ္ထုတိုလေးကို ဖတ်ကြည့်ပေးဖို့ လာလာပြတာမျိုး မကြာခဏကြုံရပါတယ်။ ကျွန်တော်ကိုယ်တိုင်က ရသစာပေတွေရေးနေပေမယ့် သူများရဲ့ရသစာတစ်ပုဒ်ကို ဝေဖန်ပိုင်းခြားပြဖို့တော့ မစွမ်းနိုင်သေးတာ အမှန်ပါ။ ဒါပေမဲ့ လာပေးဖတ်ရင်တော့ အတတ်နိုင်ဆုံး ကိုယ်မြင်တာကို ပြန်ပြောပြတတ်ပါတယ်။ မကြာခင်ကတောင်မှ ညီမတစ်ယောက်က သူ့ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ဖတ်ကြည့်ပါဦး လို့ ပြောပါသေးတယ်။ သူ့စာလေးအတွက် မှတ်ချက်ပေးဖို့ စဉ်းစားရင်းနဲ့ တစ်ခါတည်းပဲ ကိုယ့်ရဲ့ ရသဝတ္ထုအပေါ်မှာ ထားတဲ့ အမြင်တွေကို စာနဲ့တစ်စုတစ်စည်းတည်း ကျန်ရစ်စေချင်တဲ့အတွက် ခုလို တခုတ်တရ ရေးဖြစ်တာပါပဲ။

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...