Skip to main content

ပုံဖျက်ခံနေရတဲ့ကိစ္စလည်း အရေးကြီးတယ်


Photo: Reuters


အသိ ညီငယ်တစ်ယောက်က ကျွန်တော့်ကိုလှမ်းမေးပါတယ်။ “အစ်ကို၊ Editorial ဆိုတာ ဗမာလိုဘာလဲ”တဲ့။ မြန်မာပြည်မှာမွေး၊ ဗမာစကားပြောပြီး ဗမာလိုကြီးလာတဲ့လူတစ်ယောက်က အင်္ဂလိပ်စာလုံးကိုတော့သိပြီး ဗမာလိုတော့မသိဘူး ဆိုတော့ ရင်နာမိရတယ်။ တကယ်ဆိုရင် “အစ်ကိုရေ သတင်းစာခေါင်းကြီးဆိုတာ အင်္ဂလိပ်လိုဆို ဘာလဲ”လို့ မေးတာမျိုးပဲ ဖြစ်သင့် တာမဟုတ်လား။ စိတ်ထဲမှာ တင်းခနဲဖြစ်သွားမိပေမယ့် သူ့အပြစ်မဟုတ်ဘူးဆိုတာ ဆင်ခြင်မိတော့လည်း စိတ်လျှော့ လိုက်ပါတယ်။ သည်ကနေ့ထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ်တွေ၊ ရုပ်သံလိုင်းတွေ ကြည့်လိုက်ရင် အဲဒီ ဗမာစကားလုံးဖြစ်တဲ့ ‘ခေါင်းကြီးပိုင်း’ ဆိုတဲ့ စာလုံးက တွေ့မှမတွေ့ရတော့တာ။ အဲဒီလိုပါပဲ Satire တို့၊ Article တို့၊ Feature တို့၊ Local News တို့၊ International News တို့၊ Sport News တို့၊ Entertainment တို့၊ Celebrity News တို့က နေရာပိုယူထားကြတာမို့ အဲဒါတွေကို ဗမာလို ဘယ်လို ခေါ်သလဲလို့ မေးတဲ့ကလေးတွေ ရှိတော့လည်း ဆန်းတော့မဆန်းပါဘူး။ ဘာသာစကား ဆိုတာ မွေးကတည်းက တတ်လာတာမဟုတ်ဘဲ ကိုယ့်ပတ်ဝန်းကျင်ကနေပဲ သင်ယူရတာမျိုးမဟုတ်လား။

ကျွန်တော်ကတော့ နောင် အနှစ် ၂၀၊ ၃၀ မှာဖြစ်နေမယ့် ဗမာဘာသာစကားရဲ့ပုံစံကို လှမ်းမြင်ယောင်နေပြီး ရင်မောနေ မိတယ်။ တစ်ခါတစ်ခါတော့လည်း တွေးမိတယ်။ ကျွန်တော်ကပဲ သိပ်မျိုးချစ်စိတ်ဓာတ် ပြင်းထန်နေ သလားပေါ့ လေ။ ဒီစာကိုဖတ်နေသူတွေကပဲ ကျွန်တော့်ကို လှောင်ရယ်ရယ်နေကြမလားလို့လည်း တွေးမိပါတယ်။ ဒါပေမယ့်လည်း လူတစ်ယောက်ဟာ သူ့ဘာသာစကားနဲ့စာပေ၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို ချစ်တာ၊ ထိန်းသိမ်း စောင့်ရှောက်ချင်တာ၊ တန်ဖိုးထားတာဟာ သဘာဝမကျတဲ့အရာ မဟုတ်တာမို့လို့ ကိုယ်မှားနေတာ မဟုတ်ဘူးလို့တော့ သဘောပေါက်ပါတယ်။ ဒါပေမယ့်လည်း မှားခြင်းမှန်ခြင်းဟာ တစ်ခါတစ်ရံမှာတော့ လူများခြင်း၊ နည်းခြင်းပေါ်လိုက်ပြီး ဖြစ်တည်ရမဟုတ်လား။ ကျွန်တော် ဘယ်လောက်မှန်နေပါစေ ကျွန်တော့်ဘက်က တစ်ယောက်မှမရှိရင် ကျွန်တော် မှားတာပဲပေါ့။

ကျွန်တော် ဂျာနယ်တွေဖတ်တိုင်း၊ ရုပ်သံလိုင်းတွေကြည့်တိုင်း သတိထားမိနေတာကတော့ (၁) အများစုသည် ဗမာစာကို ဖြောင့်အောင်မရေးတတ်၊ ဗမာစကားကို မှန်အောင်မပြောတတ် (၂) အင်္ဂလိပ်လို တတ်သလား ဆိုတော့လည်း မတတ် သို့သော် အင်္ဂလိပ်လိုညှပ်ရေး၊ ညှပ်ပြောသည် (အဲဒီတော့မှားတာများသည်) (၃) သူတို့မှာ မိမိတိုက်နှင့်ပတ်သက်ပြီး စာရေးထုံး၊ ပြောထုံးကို သေသေချာချာ မူချမှတ်ထားတာမရှိ။ (ဥပမာ ဘယ်လိုနေရာမှာ မူရင်းအတိုင်းသုံးမယ်၊ ဘယ်လို ဆိုရင်တော့ ဆီလျော်အောင် ပြန်ဆိုသုံးနှုန်းမယ် စသည်) အဲဒီလိုတွေ ဖြစ်တဲ့အတွက် မျက်စိနောက်စရာတွေ ဖြစ်လာတယ်။ ကိုယ်မေးလိုက်တဲ့သူက ပြောတဲ့အတိုင်း ရေးတယ်။ ရေးတော့လည်း မှန်အောင်မရေးနိုင်ဘူး။ (ဥပမာ bias ကို virus လုပ်တာ၊ transaction ကို transection လုပ်တာ၊ stakeholder ကို stateholder လုပ်တာ)

အဆိုးဆုံးအချက်ကတော့ နိုင်ငံပိုင်လို့ခေါ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ MRTV ရုပ်မြင်သံကြားပါ။ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး တိုင်းခန်းလှည့်လည်၊ မိန့်ခွန်းပြောတဲ့ အခါမှာ ပြောသွားတဲ့ မိန့်ခွန်းအတိအကျကို ပြန်ပြီး ဖတ်ပြတာပါ။ အဲဒီတော့ မိန့်ခွန်းခြွေတဲ့လူကြီး (ဟိုအရင်ခေတ်က စစ်ဗိုလ်ချုပ်များ၊ ယနေ့ခေတ် ဝန်ကြီး၊ ဝန်ကလေး၊ ဝန်ကြီးချုပ်များ) ဟာ ပြောစကားထဲမှာ ဘိုလိုတွေထည့်ပြောသွားရင်လည်း MRTV က သတင်းကြေညာသူဟာ အဲဒီအတိုင်းလိုက်ပြီးရွတ်ပြသွားပါတယ်။ ဦးသိန်းစိန်လက်ထက်ကလို့ ထင်ပါတယ်၊ ဝန်ကြီးတစ်ဦးက နယ်မြို့တစ်မြို့ရောက်တော့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ပြီး “အစိုးရသစ်လက်ထက်မှာ ဝန်ထမ်းများကလည်း mindset ပြောင်းကြပါလို့” မှာတယ်နဲ့တူပါတယ်။ သတင်းမှာ ဖတ်ပြတော့လည်း “ဝန်ကြီး ... သည် ... မြို့ရှိ ဝန်ထမ်းများအား မိုင်းဆတ်ပြောင်းကြရန်မှာကြားပါတယ်” လို့ ဖတ်ပြသွားပါတယ်။ မသိတဲ့လူဆို နားထောင်ရင်းနဲ့ ဝန်ထမ်းတွေကို ရှမ်းပြည်က မိုင်းတုံတို့ မိုင်းဆတ်တို့ကို ပြောင်းရွှေ့ကြလို့ မှာနေသလိုပါပဲ။ ဌာနဆိုင်ရာဝန်ထမ်းများဟာ သူတို့လူကြီးတွေပြောစကားကို အဆင်ပြေအောင် ပြန်ရေး၊ ပြန်တည်းဖြတ်ဖို့တောင် မဝံ့ရဲကြပါဘူး။ တကယ်ဆို “ဝန်ထမ်းများလည်း စိတ်နေစိတ်ထား ပြောင်းကြရန် မှာကြား”လို့ ပြန်တည်းဖြတ်ပေးလိုက်ရင် အဆင်ပြေပါလျက်နဲ့ ပြော၊ ပြောတဲ့အတိုင်း ပြန်ရွတ်ပြတာဟာ ကျွန်တော်တို့မြန်မာပြည်ဌာနဆိုင်ရာတွေရဲ့ ပြောင်းမရတော့တဲ့ မိုင်းဆတ် (mindset) ဖြစ်နေ မလားပါပဲ။

အဲဒီလိုလုပ်တော့ ဖြစ်လာတဲ့ ပြဿနာက အင်္ဂလိပ်လို အားနည်းတဲ့လူတွေမှာ သွားတက်ပါတယ်။ သူတို့ ဘာဆိုလိုလဲ ပြည့်ပြည့်ဝဝ နားမလည်တော့ဘူး။ မြန်မာပြည်မှာ အင်္ဂလိပ်လို ကောင်းကောင်းတတ်တဲ့သူက လူဦးရေရဲ့ဘယ်နှရာခိုင်နှုန်း ရှိလို့လဲ။ ဒီတော့ သူတို့တတွေ ဘိုလို ထည့်ရေး၊ ပြောခြင်းအားဖြင့် စာဖတ်သူ၊ ရုပ်သံကြည့်သူတွေထဲက ပညာအဆင့်နိမ့်သူ တွေကို ဘေးဖယ်ထုတ်သလိုဖြစ် တယ်။ မီဒီယာဟာ အားလုံးကို လွှမ်းခြုံနိုင်ခြင်းမရှိတော့ဘူး။ အင်္ဂလိပ်လိုတတ်တဲ့အလွှာတစ်ခုအတွက်ပဲ သီးသန့် တင်ဆက်နေသလို ဖြစ်နေတယ်။

ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးဖြစ်စဉ်အခါက ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူး တစ်ခုပေးထားတာကို ဖတ်လိုက်ရတယ်။ သူက အင်္ဂလိပ်လို့တွေ တော်တော်ညှပ်ပြောသွားပါတယ်။ တချို့စာလုံးတွေဆို သိပ်ကို ပညာရပ်ဆန်တယ်။ အဲဒီ အင်တာဗျူးကိုဖတ်ပြီး အောက်က မှတ်ချက်ပေးတဲ့ သူတွေက ဝန်ကြီးမင်းရဲ့ဘိုလိုမှုတ်တဲ့ အတွက် ကြောင့် သူတို့မှာ အဘိဓာန်ကို ဘေးမှာ ချထားရပါတယ် စသည်ဖြင့် ရေးကြပါတယ်။ ဒါနဲ့ ဧရာဝတီက ဝန်ကြီးမင်းရဲ့ဘိုစကားလုံးတွေဘေးမှာ ကွင်းစ ကွင်းပိတ်နဲ့ မြန်မာလိုအဓိပ္ပာယ်ပြန်ထည့်ပြီး ပြန်တင်ပေးခဲ့ရဖူး ပါတယ်။ နိုင်ငံခြားဘာသာနဲ့ထုတ်တဲ့ သတင်းစာတွေ တွေ့ရင် (ကိုယ်မဖတ်တတ်ပေမယ့်) လိုက် ကြည့်မိတယ်။ (ဥပမာ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား) ကြည့်မိသ လောက်တော့ အတိုကောက်တွေလောက်ပဲ (ဥပမာ အဖွဲ့အစည်းနာမည်၊ ကုန်ပစ္စည်း အမှတ်တံဆိပ်) အင်္ဂလိပ်လိုထည့်သုံးတာတွေ့တယ်။ ကျန်တာတော့ သူတို့ဘာသာနဲ့သူတို့ပဲ ရေးတာပဲ။ တိုက်ရိုက်ပြောစကား (quotation) ထဲမှာလည်း မတွေ့ရဘူး။ ပြောတဲ့သူကပဲ ထည့်မပြော တာလား၊ ပြောလျက်သားနဲ့ အယ်ဒီတာက အဆင်ပြေအောင် ပြန်ရေးပေးသလားတော့ မသိဘူး။ ဒါပေမယ့် သေချာတာတော့ သူတို့မှာ မူတစ်ခုတော့ ရှိတယ်။

နောက်တက်တဲ့ပြဿနာတစ်ချက်က ကျွန်တော် စောစောက ပြောခဲ့သလို တချို့လူတွေ ဗမာစကားလုံး အသုံးအနှုန်းတွေ မသိတော့ဘူး။ ကြာရင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် မြန်မာဘာသာစကားအဆင့်အတန်း ဆုတ်ယုတ်သွားတော့မယ်။ ခုတောင် ဟိုအင်္ဂလိပ်စာလုံးကို ဗမာလို ဘယ်လိုခေါ်သလဲ ပြန်မေးနေရတဲ့ အဖြစ်ရောက်နေတာ။ ဒီလို ပြောလို့ အင်္ဂလိပ်စာ မသင်နဲ့ အင်္ဂလိပ်လို မပြောနဲ့လို့ပြောတာမဟုတ်ဘူး။ ကိုယ့်ဘာသာစကားကို ထိန်းသိမ်းဖို့ပဲပြောချင်တာ။ အဲဒါမှ စစ်မှန်တဲ့ မျိုးချစ်စိတ်ဖြစ်တယ်လို့ထင်တယ်။ ကျွန်တော်တို့လူမျိုးက မဟုတ်တဲ့နေရာကျသွားပြီး အမျိုး၊ ဘာသာ၊ သာသနာကွ ဆိုပြီး လက်သီးလက်မောင်းတန်းနေကြတယ်။ ဂရုစိုက်ရမယ့် အလေးထားရမယ့်နေရာကျ ဂရုမစိုက်ကြ၊ အလေးမထားကြဘူး။



မီဒီယာရဲ့အခန်းကဏ္ဍဟာ ဒီနေရာမှာ သိပ်ကိုအရေးကြီးတယ်။ မီဒီယာဟာ ခေတ်ကိုထင်ဟပ်ပေါ်လွင်စေတဲ့ ကြေးမုံပြင် ဖြစ်သလို ခေတ်ကိုရှေ့ကဦးဆောင်သူလည်းဖြစ်တယ်။ မီဒီယာဟာ သိပ်ကိုသြဇာကြီးတယ်ဆိုတာ အားလုံးလည်း သိပြီး သားပါ။ ဒီတော့ဗျာ မီဒီယာသမားတွေအနေနဲ့ အချိန်နဲ့အမျှဖြစ်နေတဲ့ အရေးကြီးတဲ့ ဖြစ်စဉ်တွေကို အများပြည်သူသိရှိအောင် အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တင်ပြဖို့တင် တာဝန်ရှိတာမဟုတ်ဘဲ ခေတ်ကိုဦးဆောင်ဖို့၊ လူတွေကိုရှေ့ဆောင်လမ်းပြဖို့လည်း တာဝန်ရှိတယ်ဆိုတာ မမေ့ဖို့ပြောချင်တာပါ။ မီဒီယာဟာ မြို့နေလူတန်းစား ခေတ်ပညာတတ်အလွှာကွက်ကွက်လေး တစ်ခုတည်းကို ကိုယ်စားပြုတာမဟုတ်ဘူးဆိုတာရယ်၊ ဘာသာစကားကိုအသုံးပြုပြီးလုပ်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်တာမို့ မိမိ အသုံးပြုတဲ့ဘာသာစကားကို ကျွမ်းကျင်လေ့လာပိုင်နိုင်အောင် အားထုတ်ဖို့နဲ့ မိမိဘာသာစကားကို ထိန်းသိမ်းဖို့လည်း တာဝန်ရှိတယ်ဆိုတာရယ်ကို သတိလေးပေးချင်တာပါ။

ချင်းမိုင်မှာရှိတဲ့ တိုင်းရင်းသားဘာသာစကားနဲ့ထုတ်လွှင့်တဲ့ ရေဒီယိုအသံလွှင့်ဌာနတစ်ခုက အသိတစ်ယောက်က ပြောဖူး တယ်။ သူတို့ ဘာသာနဲ့အသံလွှင့်လို့ ဗမာစကားလုံးတစ်လုံး ညပ်ပါသွားရင်ကို လှမ်းဖုန်းဆက်ပြီး အပြောခံရတယ်တဲ့။ တိုင်းရင်းသားတွေဟာလည်း သူတို့ ဘာသာစကား ကွယ်ပျောက်မသွားဖို့ အသည်းအသန် ကာကွယ်နေရ တာပါ။ တချို့ ဘာသာ စကားတွေဟာ မကြာခင်မှာ ပျောက်ကွယ်မယ့် အရိပ်အယောင် တွေရှိနေတယ် လို့လည်း ပညာရှင်တွေက သတိပေးနေကြတယ်။ ဥပမာ ဗမာတွေထက် ဒီနယ်မြေကို အရင်ရောက်ပြီး ယဉ်ကျေးမှုအရင်ထွန်းကားခဲ့တဲ့ မွန်လူမျိုးတို့ရဲ့ ဘာသာစကားဟာ မထိန်းသိမ်းရင် မျိုးဆက်တစ်ဆက်၊ နှစ်ဆက်အတွင်း ပျောက်ကွယ်သွားနိုင်တယ်လို့လည်း သတိပေး သူတွေက ပေးထားကြပြီ။ တကယ်ဆို ဗမာတွေဟာ မွန်တွေဆီကနေ စာရေးနည်းနဲ့ ယဉ်ကျေးမှုတွေကို လေ့လာသင်ယူခဲ့ရတာမဟုတ်လား။ မွန်တွေရဲ့ကျေးဇူး ဗမာမှာရှိတယ်။ အခုတော့ အဲဒီ မွန်ဘာသာစကားနဲ့ ယဉ်ကျေးမှုက ပျောက်ကွယ်တော့မယ့်အနေအထားမှာရှိတယ်ဆိုတော့ စိတ်မကောင်း ဘူး။ လူမျိုးတစ်မျိုးဟာ ဘာသာစကားပျောက်ရင် လူမျိုးပါပျောက်တာပဲ။

ဗမာစကားကတော့ ပျောက်ကွယ်သွားမယ့်အလားအလာမရှိသေးပေမယ့် ပုံပျက်ပန်းပျက်ဖြစ်သွားမယ့်အနေအထားမှာ ရှိတယ်။ ပေါ့ပေါ့သဘောထားရင် ကျီးလည်းမဟုတ် ကြက်လည်း မဟုတ်တဲ့ အောက်ကလိအာဖြစ်သွားနိုင်တယ်။ ဒါကို အစိုးရကလည်း မူဝါဒတစ်ခုချပြီးတော့ကို ကြပ်ကြပ်မတ်မတ် လုပ်ပေးရမှာ။ ပြင်သစ်တွေ၊ ဂျပန်တွေ၊ တရုတ်တွေဟာ သူတို့ ဘာသာစကားကို သန့်စင်အောင် အတော်လေး အားထုတ်ကြတယ်လို့ ကြားဖူးတယ်။ ဒီလိုမျိုးတွေရှိဖို့က အစိုးရကစလို့ လူမှု အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းပါဝင်ရမယ်။ မီဒီယာတွေ နှလုံးသွင်းဖို့က အိုဘားမားလာတဲ့ကိစ္စ အရေးကြီးတယ်။ ရခိုင်ပြဿနာ အရေးကြီး တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိစ္စ၊ လက်ပံတောင်းတောင်ကိစ္စ၊ အကျင့်ပျက်ခြစားမှုကိစ္စ၊ တရားရေးမဏ္ဍိုင် ကိစ္စ၊ အမျိုးသားသင့်မြတ်ရေးကိစ္စ အားလုံးအရေးကြီးတယ်။ ထိုနည်းလည်းကောင်း မြန်မာ/ဗမာ ဘာသာစကား ပုံဖျက်ခံနေရတဲ့ ကိစ္စလည်း အရေးကြီးပါတယ်။



'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 

Comments

အဖတ်အများဆုံး

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

နိုင်ငံတကာဆက်ဆံရေး အဓိကအယူအဆများ

စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ပထမအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၄ ဒီဇင်ဘာ ထုတ်ဝေသူ - Myanmar Knowledge Society တန်ဖိုး - ကျပ် ၂၅၀၀ ဖြန့်ချိရေး - MKS ၀၁ ၆၈၃ ၁၉၈၊ ၀၉ ၇၃၀ ၆၆၉၁၈၊ ၉၀၉၇၂၃၄ ၃၅၆၁ စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ဒုတိယအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၉ ဇန်နဝါရီ ထုတ်ဝေသူ - Myanmar Harp Publishing တန်ဖိုး - ကျပ် ၄၀၀၀ ဖြန့်ချိရေး - Myanmar Harp Publishing အမှတ် ၁၈၀၊ မြေညီ၊ ၃၅ လမ်း(လယ်)၊ ကျောက်တံတား၊ ရန်ကုန်မြို့ ဖုန်း ၀၉ ၉၇၂ ၇၄၂ ၁၅၀၊ ၀၉ ၇၇၇ ၀၀၁ ၀၁၇

ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထု

Picture: FinArtAmerica.com ရယ်မောသံများ ထွက်ပြေးတိမ်းရှောင်သွားသောအခါ တိတ်ဆိတ်ခြင်းများ ကျန်ခဲ့မည်မှာ သေချာပါသည်။ အရာဝတ္ထုများ မြေပြင်ပေါ်သို့ အတားအဆီးမရှိ လွတ်လပ်စွာကျဆင်းနေစဉ် မလွတ်လပ်နိုင်ရှာသည့် စစ်တုရင်ရုပ်များလည်း ရှိသည်။ အရှိန်နှင့်လိမ့်နေသော အံစာတုံးတစ်တုံး အရှိန်ကုန်၍ရပ်သွားလျှင် ကျမည့်ဂဏန်းနံပါတ်ကိုလည်းကောင်း၊ အကြောင်းရင်း ကိုလည်းကောင်း သိနေပါသည်။ သို့ရာတွင် ထိုသို့သိခြင်းသည် သင်္ချာကျောင်းသားတစ်ယောက်၏ တစ်နှင့်တစ်ပေါင်းလျှင် ' နှစ် ' ဖြစ်သည်ဟု သိခြင်းမျိုး၊ ရူပဗေဒကျောင်းသားတစ်ယောက်၏ ' ရီလေတီဗတီသီအိုရီ ' ကို နားလည်ခြင်းမျိုးထက် စိုးစဉ်းမျှ မပိုကြောင်းကိုလည်း သိနေပြန်သည်။ သိခြင်း၊ နားလည်ခြင်းသည် အကန့်အသတ် ခြွင်းချက်ရှိခြင်း (ဝါ) စင်းလုံးချော မဖြစ်နိုင်ခြင်း အကြောင်းကို သိပြီဆိုလျှင် တွက်လက်စပုစ္ဆာတစ်ပုဒ်ကို ခေါင်းရှုပ်ခံပြီး ဆက်စဉ်းစားစရာ မလိုတော့ပါ။ မှန်ကွဲစများအား တပါးသူမထိခိုက်မိစေရန် စေတနာဖြင့် ကောက်ယူ သိမ်းဆည်းမည်ဆိုပါက သင့်လက်ကို လက်အိတ်စွပ်ရန် မမေ့ဖို့သတိပေးပါရစေ။ ကမ္ဘာလောကကြီး ဖြစ်တည်လာသည်။ သစ်ပင်များပေါက်လာကြသည်။ သစ်ကိုင်းပေါ်တွင် သစ်ရွက်တို့...

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...

ကလေးစာတတ်ခြင်းအစ မိဘက

ကလေးတစ်ယောက် လွယ်အိတ်လွယ် လို့ ကျောင်းတက်တဲ့အခါ ကျောင်းစာ တွေကို မကြောက်ရွံ့ဖို့၊ စာအုပ်တွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုနေတတ်ဖို့၊ စာဖတ်တဲ့အခါ ဖတ်မှတ်နားလည် နိုင်စွမ်း၊ ခြုံငုံဆင်ခြင်နိုင်စွမ်း၊ ဝေဖန် ပိုင်းခြားနိုင်စွမ်းမြင့်ပြီး ဝေါဟာရကြွယ် ကြွယ်၊ ဝါကျရှည်ရှည်မြင့်မြင့်တွေ သုံးနှုန်းပြောဆိုတတ်ဖို့ ဘယ်အချက် အလက်တွေက ပြဋ္ဌာန်းပါသလဲ။ ကလေး တစ်ယောက် ယဉ်ကျေးသိမ် မွေ့ခြင်း၊ ကြမ်းတမ်းခြင်း၊ ပညာထူးချွန် ခြင်း၊ ညံ့ဖျင်းခြင်း၊ စည်းကမ်းကောင်း ခြင်း၊ စည်းကမ်းမဲ့ခြင်း၊ အဖိုးတန်ခြင်း၊ အဖိုးမဲ့ခြင်းစတာတွေဟာ သူ့ရဲ့ပင်ကို ဗီဇအပြင် ငယ်စဉ်ကတည်းက မိဘရဲ့ ဆုံးမသွန်သင်မှုအပေါ် များစွာ မူတည် တယ်လို့ အများကလက်ခံကြ ပါတယ်။ မြန်မာမှာဆိုရင် "လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့် ဖ" လို့တောင် ဆိုစကားရှိကြတာပါ။ ဒီစကားမမှားပါဘူး။ မမှားကြောင်း ကို ပညာရှင်အတော်များများက သူတို့ ရဲ့ လေ့လာဆန်းစစ်ချက်တွေမှာ ဖော် ပြထားကြပါတယ်။ ကလေးရဲ့ စာဖတ် ဝါသနာထုံမှု၊ ကျောင်းမှာ စာလိုက်နိုင်မှု ဟာ မိဘရဲ့လွှမ်းမိုးမှုနဲ့အဓိကသက်ဆိုင် တယ်လို့ သူတို့ရဲ့အဖြေတွေမှာ တွေ့ရှိ ရပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝမှာ ပတ်ဝ...