ငါချစ်ခင်ရသူတွေ
လေးစားရသူတွေ
မြတ်နိုးရသူတွေ
တဖြုတ်ဖြုတ်ကြွေသွားကြတော့
ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။
ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။
ငါထားခဲ့ရမယ့်သူတွေ
ငါ့မျက်နှာကိုကြည့်နေကြသူတွေ
ငါအခုခံစားရသလို
မခံစားစေချင်သေးဘူးလို့။
သေမင်းကပြောတယ်။
လူတိုင်းက ဒီလိုပဲပြောကြတာပဲ
မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင်
ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။
ငါကပြန်ချေတယ်။
ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။
ဆိုတော့ သူကပြောတယ်
မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း
ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။
ငါဟာသစ်ပင်စိုက်ရဦးမှာလို့
ပြောလိုက်တော့ သူကရယ်တယ်။
ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ
လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။
မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...
နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။
မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ
သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ
ငါဟာအရိပ်
ငါဟာအကိုင်းအခက်
ငါဟာအသီးအပွင့်ဖြစ်မှာ။
ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ်
ငါ့ရဲ့အသီးအပွင့်တွေကို
ငှက်တွေကကိုက်ချီပြီး
အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။
ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ
ရာဝင်အိုးနဲ့ပြည့်တဲ့ ဆီတွေရဲ့ အမွန်အစဖြစ်လာလိမ့်မယ်။
ဆိုတော့
"ဟား ... အရိပ်နေနေ အခက်ချိုးချိုးတွေ
ကြုံရဦးတော့မယ်" တဲ့ သူက ခနဲ့တယ်
‘သင်္ဘောတစ်စင်းဟာ ရွက်လွှင့်မသွားသရွေ့
ပင်လယ်ပြင်မှာ မုန်တိုင်းမိနိုင်စရာမရှိဘူး၊
ဒါပေမဲ့ သင်္ဘောဆိုတာလည်း
ကမ်းကပ်ထားဖို့ ဆောက်ထားတာ မဟုတ်ဘူး’ လို့
ငါက ပြန်ချေလိုက်တယ်။
သေမင်းဟာဘာမှဆက်မပြောတော့ဘူး
ငါနောက်မှပြန်လာခဲ့မယ်ဆိုတဲ့စကားနဲ့အတူ
ပြန်ပျောက်ကွယ်သွားတယ်။
Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း