Skip to main content

အိုဘယ့် မြန်မာစာ




ကျွန်တော်သည် မြန်မာစာအဓိကဖြင့် ကျောင်းပြီးထားသူတစ်ဦး မဟုတ်သော် လည်း မြန်မာစာကို စိတ်ဝင်စားသူ၊ မြန်မာစာကို ချစ်မြတ်နိုးသူ၊ မြန်မာ စာပေ၌ မွေ့လျော်သူတစ်ဦး ဖြစ်ပါသည်။ ကျွန်တော်သည် ဤဆောင်းပါး ကို မြန်မာစာ၏တန်ဖိုးကို ဖွင့်ဆိုရှင်းပြရန် သော် လည်းကောင်း၊ မြန်မာစာ ဘက်မှ ခုခံချေပ ပြောဆိုရန်လည်းကောင်း ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ။ မြန်မာစာနှင့် ပတ်သက်၍ ကျွန်တော်၏အမြင်ကို တင်ပြခြင်းဟု ဆိုက ပို၍ မှန်ပါလိမ့်မည်။ မြန်မာစာ၏ တန်ဖိုး၊ မြန်မာစာ၏ သဘောနှင့် ပတ်သက်၍ ကျွန်တော့်ထက် ပိုမိုတတ်သိနားလည် သည့် မြန်မာစာပါရဂူ တစ်ဦး၊ ဘာသာဗေဒကျွမ်းကျင်သူတစ်ယောက်က ရှင်းလင်းတင်ပြမည် ဆိုပါက ပိုပြီး ပြည့်စုံနိုင် ပါသည်။ ထိုသို့ရှင်းလင်းရေးသားကြရန်လည်း မျှော်လင့်ထား ပါသည်။

ဤဆောင်းပါး ရေးရခြင်းအကြောင်းကို တင်ပြရလျှင်တော့ တစ်နေ့ ကျွန်တော် စာသင်ပေးခဲ့သော တပည့်မ တစ်ဦးအား သူ၏မိခင်နှင့်အတူ လမ်းတွင်အမှတ်မထင် သွားတွေ့ပါသည်။ ကျွန်တော်က “တက္ကသိုလ် တက်ဖို့ ဘယ်ဘာလျှောက်ထားတာရလဲ” ဟုမေးရာ မိခင်ဖြစ်သူက မြန်မာစာရကြောင်း၊ သမီးက နှာခေါင်းရှုံ့သဖြင့် အခြား ဘာသာရပ်တစ်ခု ပြောင်းလျှောက်ထားကြောင်း ပြောပါသည်။ ထိုတပည့် မလေး၏ မိခင်မှာ မြန်မာလူမျိုး ဖြစ်သော်လည်း ဖခင်က လူမျိုးခြားဖြစ်ပါသည်။ ထိုစကားကို နားထောင်ပြီး “ဒီကလေးမ မြန်မာသွေး မစစ်တော့သူမို့ ဒီလိုဖြစ်လေရသလား” ဟု တွေးမိရပါသည်။

နောက်တစ်ခါကတော့ကျွန်တော်နှင့်ရင်းနှီးသည့် မိသားစု တစ်ခုတွင်ဖြစ်သည်။ ဖခင်ဖြစ်သူက သမီးဖြစ်သူအား ဆုံးမနေသော စကားကို နားနှင့်ဆတ်ဆတ် ကြားခဲ့ရခြင်းဖြစ်သည်။ ထိုမိသားစုတွင် သမီးဖြစ်သူက မြန်မာစာဝါသနာပါသည်။ ကျောင်းမှာလည်း ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတို့တွင် ဝင်ပြိုင်နေကျဖြစ်သည်။ အဖေလုပ်သူက ထိုကဲ့သို့ဝင်ဝင်ပြိုင်သည်ကို မကြိုက်။ တစ်နေ့တော့ သူ့သမီးကို ခုလိုပြောပါသည်။ “သမီးရဲ့ မြန်မာလို စာအုပ်တွေဖတ်မနေနဲ့၊ အဲဒီပြိုင်ပွဲတွေလည်း ဝင်ပြိုင်မနေနဲ့။ မြန်မာစာက ဖွတ်ချီး၊ မြန်မာစာတော်လို့ သမီး ဘာမှဖြစ်မလာဘူး၊ အင်္ဂလိပ်စာသာ တော်အောင်လုပ်၊ ကြားလား” ဟု ပြောလေ၏။ ကလေးမလေးက သူ့အဖေကို မျက်လုံးလေး အပြူးသားနှင့် ကြည့်နေပါသည်။ အဖေလုပ်သူကိုလည်း အပြစ်မဆိုသာပါ။ သူလည်း သူ့ဘ၀ အတွေ့အကြုံနှင့် ယှဉ်ပြီး ပြောခြင်းဖြစ် ပါလိမ့်မည်။

ထို မိသားစုမှာ ရေမရောသည့် မြန်မာလူမျိုးစစ်စစ်များဖြစ်သဖြင့် ထိုသို့ကြားရသည်မှာ နည်းနည်းတော့ နားခါးစရာဖြစ်ပါသည်။ အင်္ဂလိပ်စာအရေးကြီးပါသည်။ ခေတ်ကာလအလျောက် အင်္ဂလိပ်စာမတတ်လို့ မဖြစ်မှန်း ဘယ်သူမှမငြင်းပါ၊ အင်္ဂလိပ်စာတော်မှ ခေတ်နှင့်ရင်ဘောင်တန်းနိုင်မည်ဆိုတာလည်း သွေးထွက်အောင် မှန်ပါသည်။ ယနေ့ခေတ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်ဘက်ပေါင်းစုံ၌ အင်္ဂလိပ်စာသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ အင်္ဂလိပ်စာတတ်က အလုပ်ရ လွယ်သည်။ ရသည့်အလုပ်ကလည်း အဆင့်မြင့်နိုင်သည်။ လစာလည်းကောင်းမည်။ လူတကာကလည်း အထင်ကြီးမည်။ မြန်မာစာကမူ ထိုသို့မဟုတ်။ “ကျွန်တော်/ကျွန်မ မြန်မာစာ တော်ပါတယ်” ဟု ဆိုရုံမျှနှင့် အလုပ်အကိုင်ကောင်းကောင်း မရနိုင်။ မြန်မာစာတွင် အင်္ဂလိပ်စာလို အသုံးကျတန်ဖိုးမရှိ။ ထို့ကြောင့် မြန်မာစာမှာ မျက်နှာငယ် ရသည်။ ပင်ကိုဝါသနာပါသူတချို့မှလွဲ၍ တက္ကသိုလ်ကောလိပ်များ တွင် မြန်မာစာအဓိကယူလိုသော ကျောင်းသားမရှိ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ အမှတ်နည်းသူများသာ သင်ကြားကြသော ဘာသာရပ်တစ်ခု အဆင့်သို့ လျှောကျနေ ပါသည်။ ကျောင်းများ တွင်လည်း မြန်မာစာ သင်နိုင်သော ဆရာဆို၍ မများလှသလို မြန်မာစာထူးချွန်သူများလည်း သိပ်မထွက်လှပါ။

မြန်မာစာတွင် မျက်မှောက်ခေတ်အတွက် အသုံးကျတန်ဖိုးမရှိရုံမျှနှင့် ပစ်ပယ်ထားလိုက်ရမည်လော။ မြန်မာစာတွင် ပကတိတန်ဖိုး မရှိတော့ပြီလေ။ တကယ်ပဲ မြန်မာစာ “ဖွတ်ချီး” ဖြစ်သွားပြီလော။ ဒါဆို ရှင်မဟာရဋ္ဌသာရတို့၊ ပြည်နဝဒေးကြီးတို့၊ ဦးပုညတို့လို လူတွေဘယ်နားသွားထား မည်နည်း။ ဆရာဇော်ဂျီ၊ သိပ္ပံမောင်ဝ၊ ပီမိုးနင်း၊ ရွှေဥဒေါင်း စသူတို့ကို ဘယ်ချောင်သွားထိုးမည်နည်း။

အင်္ဂလိပ်စာသည် ကမ္ဘာ့ပညာရပ်အားလုံးနှင့် ဆက်သွယ်ရာ ဝင်ပေါက်ဖြစ်သည်ဟု အဆိုရှိသည်။ ကျွန်တော်တို့နိုင်ငံတွင် ခေတ်မီဝိဇ္ဖာ သိပ္ပံပညာရပ်များအားလုံးကို မြန်မာမှုမပြုနိုင်သေး။ ထို့ကြောင့် အင်္ဂလိပ်စာ မတတ်လျှင် ထိုဘာသာရပ်များကို မလေ့လာ မဖတ်ရှုနိုင်။ အင်္ဂလိပ်စာ မတတ်လျှင် ကွန်ပျူတာ မကိုင်နိုင်။ ဒါကြောင့် အင်္ဂလိပ်စာကို အရင်သင်ကြရသည်။ အင်္ဂလိပ်စာမတတ်သူက ရှေ့တန်းမရောက်နိုင်။ မျက်နှာသာအပေးမခံရ။ နေရာမရ။ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း တိုင်းရင်းသား ဘာသာစကားနှင့် ကမ္ဘာသုံးဘာသာစာပေတို့အကြား အရေးပါမှုခြင်း ကွာဟသည့် ကိစ္စရှိနိုင်ပါသည်။ မည်သို့ဖြစ်စေ အင်္ဂလိပ်စာတတ်ဖို့ လိုရုံမျှနှင့် တိုင်းရင်းသားစာပေကို ကျွန်တော်တို့ ပစ်ပယ်လိုက်ရတော့မည်လော။ ရှေးဟောင်း ပြတိုက်ထဲ ထည့်သိမ်းထားလိုက်ရတော့မည်လော။

ပုံဖျက်ခံနေရတဲ့ကိစ္စလည်းအရေးကြီးတယ်

မြန်မာနိုင်ငံကို ဗြိတိသျှတို့အုပ်စိုးသည့်ခေတ်က မြန်မာစာနှင့် စကားသည် အထူးသဖြင့် မျက်နှာငယ်ရ ပါသည်။ မြန်မာစာသည် တောသူတောင်သား သာမန်အရပ်သားတို့ရေးသည့် စာပေတစ်ရပ်မျှသာ အဆင့်ရှိခဲ့ပါသည်။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းများတွင် မြန်မာစာကို ဘာသာ တစ်ရပ် အနေလောက်သာ အသိအမှတ်ပြုပြီး အင်္ဂလိပ်ကျောင်းများတွင်မူ မြန်မာစာကို လုံး၀ သင်ကြားခြင်း မပြုပါ။ ခေတ်ပညာတတ်ဆိုသော ကျောင်းသားများ၊ မြို့အုပ်များ၊ အရေးပိုင်နယ်ပိုင် လူတန်းစား ကလည်း မြန်မာစာကို အထင်မကြီးကြီးကြ။ နောက်ပိုင်း မြန်မာစာကို ချစ်မြတ်နိုးကြသူတို့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့မှ တစ်ဆင့် မြန်မာစာကိုလေ့လာလိုက်စားကြရန် အပတ်တကုတ် ကြိုးစားလှုံ့ဆော်ခဲ့၍သာ မြန်မာစာကိုစိတ်ဝင်စားသူများ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။ ရန်ကုန် တက္ကသိုလ်တွင်လည်း ဆရာကြီး ဦးဖေမောင်တင်၏ကြိုးစားမှုကြောင့် မြန်မာစာဌာနဟူ၍ ပေါ်ပေါက်ခဲ့သလို ဆရာကြီးနှင့် တပည့်များ ဖြစ်သည့် ဆရာဦးစိန်တင် (သိပ္ပံမောင်၀)၊ ဆရာဦးသန့်စင်၊ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ် စသည့် ခေတ်စမ်း မြန်မာစာပေ၏ဖခင်ကြီးများ၏ ကျေးဇူးကြောင့်လည်း အင်္ဂလိပ်ခေတ်တွင် မြန်မာစာတစ်ခေတ်ကို ထူထောင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်ကြီးများသည် တစ်ဖက်က မြန်မာစာတွင် ကျွမ်းကျင်သူများ ဖြစ်ကြသလို အခြားတစ်ဘက်ကလည်း အင်္ဂလိပ်စာတွင် မညံ့ကြသူများဖြစ်သည်ကို သတိချပ်ကြစေ ချင်ပါသည်။

ယနေ့ခေတ်လို အင်္ဂလိပ်စာအရေးပါသောကာလတွင် မြန်မာစာကို လေ့လာလိုက်စားသူ၊ လိုက်စားချင်စိတ်ရှိသူ အလွန်ရှားပါသည်။ ကျောင်းများ၌လည်း အင်္ဂလိပ်စာ ထူးချွန်သူက ထင်ပေါ်၍ မြန်မာစာတွင် ထူးချွန်သူမှာမူ အချီးအမွမ်းသိပ်မခံရဘဲ မေ့လျော့ခံထားရပါသည်။ ဆရာများကလည်း အင်္ဂလိပ်စာတော်သူကိုသာ ချီးကျူးပြောဆိုကြသည်ကများပြီး မြန်မာစာတော်သူတို့ကို အရေးတယူ သိပ်မရှိလှပါ။ တက္ကသိုလ်ကျောင်းသား မြန်မာစာအဓိကနှင့်ဟု ဆိုလိုက်လျှင် သိပ်အထင်မကြီးချင် ကြပါ။ မိဘများကလည်း မိမိတို့သားသမီးကို အင်္ဂလိပ်စာတော်တာ၊ ထူးချွန်တာကိုသာ မြင်လိုကြပါသည်။ ငွေကြေးတတ်နိုင်သူများက သားသမီးကို မြန်မာစာလုံးဝမသင်သည့် ပုဂ္ဂလိက ကျောင်းများတွင် အပ်နှံလေ့ ရှိကြသည်။ အင်္ဂလိပ်စာဘက်ကိုသာဖိပြီး မဲကြသဖြင့် အင်္ဂလိပ်စာတော်သူ မရှားသော်လည်း သဒ္ဒါ အသုံးအနှုန်း၊ စာလုံးပေါင်း သတ်ပုံမှအစ အလွဲလွဲအချော်ချော်နှင့် မြန်မာလို စာစီစာကုံးတစ်ပုဒ်ကိုတောင် ဖြောင့်အောင်မရေးတတ်တော့သူများ အတွေ့ရများလာသည်မှာ ဝမ်းနည်းစရာဖြစ်ပါသည်။

ဒါတင်မကပါ။ ယနေ့ခေတ် မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ရှိနေကြသည့် စာနယ်ဇင်း၊ မီဒီယာများတွင် အသုံးပြုနေကြသည့် မြန်မာစာမှာလည်း အဆင့်အတန်းအတော်နိမ့်ကျကာ အမှားပေါင်း သောင်းခြောက် ထောင်နှင့် ဖြစ်လာပါသည်။ မြန်မာကရေးသည့် မြန်မာစာသည်ပင် ကမောက်ကမတွေ ဖြစ်လာပါသည်။ “ကင်မ်အဲရစ်သည် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ယောက်အနက် အငယ်ဆုံးသားဖြစ်သည်” ဆိုသည့် အရေးအသားမျိုး၊ “ဒဏ်ရာကြောင့် ဝိန်းရွန်နီ ယနေ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်” ဆိုသည့် အရေးအသားမျိုးတွေ ဖတ်လာရပါသည်။ ဒီစာအရေးအသားများကို ကျွန်တော်တို့တွေသာမက မြန်မာစာ သင်ယူနေကြသည့် နိုင်ငံခြားသားများကလည်း ဖတ်ကြမည်မှာ အမှန်ဖြစ်သည်။ ကျွန်တော်တော့ ဒီ အမှား တွေ၊ ပေါက်ကရတွေကို မြင်သည့်သကာလ မြန်မာလိုဖတ်တတ်သည့် နိုင်ငံခြားများနှင့် ဆုံမိတိုင်း ဒီအကြောင်း စကားရောက်မည်ကိုပင် စိုးရွံ့ရှက်ကြောက်မိပါသည်။

ကမ္ဘာ့တိုင်းပြည်နိုင်ငံများတွင် နောက်ကျမှ ပေါ်ပေါက်လာသော စာပေတို့သည် မိမိတို့ထက်ပိုမို ရှေးကျသည့် ဘာသာစာပေတစ်မျိုးမျိုးကို အမှီသဟဲပြုရပါသည်။ အင်္ဂလိပ်စာသည် ဂရိ၊ လက်တင် စာပေတို့၏ အရိပ်အငွေ့မကင်းသလို မြန်မာစာသည်လည်း မိမိထက်ပို၍ရှေးကျပြီး ကြွယ်၀သော ပါဠိ သက္ကတ စာပေတို့၏ အရိပ်အငွေ့တို့ မကင်းပါ။ ပါဠိ (ခေါ်) မဂဓဘာသာကို အခြေပြုထားသော ဗုဒ္ဓဘာသာနှင့် ထိုဘာသာတွင် သက်ဝင်ယုံကြည်ကြသော လူမျိုးတို့သည် ယေဘုယျအားဖြင့် ယဉ်ကျေးသော စာပေပညာနှင့် ပြည့်စုံကြသူများ ဖြစ်ပါသည်။ သက္ကရာဇ်အခိုင်အမာ ပါရှိသော တွေ့ရှိရသမျှ မြန်မာကျောက်စာတို့တွင် မြန်မာသက္ကရာဇ် ၄၇၅ ခန့် (အေဒီ ၁၁၁၃ ခန့်) ကရေးထိုးခဲ့သော ရာဇကုမာရ် ကျောက်စာသည် အစောဆုံးဖြစ်သည်ဟု ဆိုထားသဖြင့် မြန်မာစာ၏သက်တမ်းသည် အနှစ် ၉၀၀ ခန့် ရှိပြီဖြစ်ပါသည်။ ခေတ်အဆက်ဆက်ရေးထိုးခဲ့သော ကျောက်စာများ၊ ပေစာ ပုရပိုက် စာများကို လေ့လာ ဖတ်ရှုကြည့်လျှင် မြန်မာစာ အဆင့်ဆင့် မည်မျှဖွံ့ဖြိုးတိုးတက်ခဲ့သည်၊ မြန်မာစာ မည်မျှရှေးကျသည်၊ စာပေပုံသဏ္ဌာန်အားဖြင့် မည်မျှအဆင့်မြင့်ပြီး ယဉ်ကျေးသည်ကို သိနိုင်ပါသည်။

မြန်မာလူမျိုး အတော်များများ ယနေ့အထင်မကြီးကြသော မြန်မာစာသည် သင်ကြားတတ်မြောက်ရ လွယ်ကူသော ဘာသာတစ်ခုမဟုတ်ပါ။ အကယ်၍များ တစ်ချိန်က နေမဝင်အင်ပါယာတစ်ခု စိုက်ထူခဲ့သည်မှာ အင်္ဂလိပ်လူမျိုးမဟုတ်ဘဲ မြန်မာလူမျိုးဖြစ်ခဲ့မည်ဆိုလျှင်တောင် မြန်မာစာနှင့်စကားသည် အင်္ဂလိပ်စာနှင့်စကားလို ကမ္ဘာသုံးဖြစ်ရန် မလွယ်ပါ။ မြန်မာစာလေ့လာသည့် နိုင်ငံခြားသားတစ်ဦးကို မေးကြည့်ပါက မြန်မာစာ/စကားအလွန်ခက်သည်ဟု ဖြေပါလိမ့်မည်။ မြန်မာတစ်ယောက်ပင်လျှင် ကိုယ့်ဘာသာစကားကိုလည်းကောင်း စာပေတွင်လည်းကောင်း ထုံးလိုကြေ ရေလိုနှောက် တတ်သိရန် မလွယ်ပါ။ အင်္ဂလိပ်စာသည် ပါရဂူမြောက်တတ်မြောက် တတ်ကျွမ်းရန် ခက်ခဲသည်မှန်သော်လည်း နှစ်လ သုံးလခန့် သေသေချာချာ လေ့ကျင့်သင်ယူလိုက်လျှင် ထမင်းစားရေးသောက် တတ်ကျွမ်းဖို့ သိပ်မခက်လှပါ။ အင်္ဂလိပ်စာကို ထိခိုက်လို၍ ပြောခြင်းမဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း အင်္ဂလိပ်စာကို ကျကျနန လေ့လာသင်ယူသူ ဖြစ်ပါသည်။ မြန်မာစာသည် တတ်မြောက်ရန်ခက်ခဲသော ထိုးထွင်းသိရန် ပို၍ခက်ခဲသော ဘာသာစာပေနယ်ပယ်တစ်ခုမှန်း သိသာစေလို၍ နှိုင်းယှဉ် တင်ပြခြင်း ဖြစ်ပါသည်။

မြန်မာစာသည် သင်ယူရခက်သလို သင်ကြားရလည်း ခက်သည့်ဘာသာဖြစ်သည်။ မြန်မာစာကို ဆရာတိုင်း မသင်နိုင်ပါ။ မြန်မာစာဆိုလျှင် အတော်များများ လက်တွန့်ကြသည်။ မြန်မာစာကို ထဲထဲဝင်ဝင် မလေ့လာဖူးသူတစ်ယောက် မြန်မာစာသင်လျှင် အိုးနင်းခွက်နင်းဖြစ်ပါသည်။ အခြားစာပေတို့နှင့် မတူသည့်အချက်က မြန်မာစာပေတွင် ဗုဒ္ဓစာပေနှင့်ပရိယတ္တိတို့ အမြစ်တည်စိုက်လျက်ရှိခြင်းပဲ ဖြစ်သည်။ မြန်မာစာပေ အသုံးအနှုန်းများသည် ဗုဒ္ဓစာပေနှင့် မကင်းသောကြောင့် အထူးမွန်မြတ်သော စာပေမျိုး ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ခေတ်ကာလအရ အင်္ဂလိပ်စာမတတ်လျှင် မဖြစ်သည်မှာ မှန်သော်လည်း မြန်မာစာသည် အောက်တန်းမကျကြောင်း ပြောလိုပါသည်။ မြန်မာစာ အဓိကနှင့် ဘွဲ့ရ၍လည်း ဂုဏ်ငယ်စရာ မလိုဟု ဆိုချင်ပါသည်။ အင်္ဂလိပ်ခေတ်တွင် မြန်မာစာကို အင်္ဂလိပ်အစိုးရက အသိအမှတ်ပြု လာရအောင် ကြိုးပမ်းခဲ့သော ဆရာကြီးဦးဖေမောင်တင်၊ မြန်မာစာပေ၏သူရဲကောင်းကြီးဟု ခေါ်ဆိုကြသော ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ အင်္ဂလိပ်စာရော မြန်မာစာမှာပါ မဟာဝိဇ္ဇာဘွဲ့များ ရခဲ့သော ဆရာဇော်ဂျီ၊ ခေတ်စမ်းစာပေအရေးအသားဖြင့် မြန်မာစာပေတစ်ခေတ်ဆန်းစေအောင် အားထုတ်ခဲ့သော ဆရာကြီး သိပ္ပံမောင်၀ စသူတို့ကို သတိရနေ မိပါတော့သည်။

“မြန်မာစာဈေးမရှိတာမို့၊ ဆွေးမချိနောက်ဘွယ်၊ ရှေးကဝိပျောက်ကွယ်သည်၊ အထောက်ဝယ်အိုချို့။ ။ စာကုံးမှုဖိုးမတန်သည်၊ ကျိုးမသန်ကြပ်တဲ့ခါမို့။ ရှေးမြန်မာထုံးမတွင်သည်၊ ချုံးမရွှင်သွေညို့၊ သုံးမဝင်အခြေရို့တာမို့၊ ကဝေတို့နွမ်းနယ်၊ အေဘီစီအခြေစားလောက်မှ၊ အနေအထားဖြောင့်ဘု တကယ်၊ ခေတ်အလိုက် အရိုးကွယ်သည်၊ မျိုးအနွယ်တိမ်ခဲ့ပေါ့၊ နှိမ်ဖဲ့လို့အောက်ချတာ၊ ကြောက်ဘွယ့်အခါ၊ မျိုးမြန်မာအသုံးစာနှယ်၊ နှလုံးနာခေတ်ကြီးမို့လေး”

(၁၉၂၉ ခုနှစ်ထုတ် ယူနီဗာစတီကောလိပ်မဂ္ဂဇင်း အတွဲ ၂၁၊ အမှတ် ၁ ပါ မြန်မာစာဆရာကြီးဦးလင်း၏ တေးထပ်)
အတွေးအမြင်မဂ္ဂဇင်း (၂ဝဝ၄ ခုနှစ်ခန့်)



'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 


Comments

  1. ကောင်းပါတယ်။ကျွန်မတိုတတွေ ပိုပြီးသိမြင်လာရတဲ.အတွက် ကျေးဇူးလည်းတင်ပါတယ်

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

ရသဝတ္ထုတို့ရဲ့သဘော

ကျွန်တော်က အခါအားလျော်စွာ ပင်ကိုရေးဝတ္ထုတိုလေးတွေ ရေးဖြစ်တော့ အချို့က သူတို့ရေးထားတဲ့ ၀တ္ထုတိုလေးကို ဖတ်ကြည့်ပေးဖို့ လာလာပြတာမျိုး မကြာခဏကြုံရပါတယ်။ ကျွန်တော်ကိုယ်တိုင်က ရသစာပေတွေရေးနေပေမယ့် သူများရဲ့ရသစာတစ်ပုဒ်ကို ဝေဖန်ပိုင်းခြားပြဖို့တော့ မစွမ်းနိုင်သေးတာ အမှန်ပါ။ ဒါပေမဲ့ လာပေးဖတ်ရင်တော့ အတတ်နိုင်ဆုံး ကိုယ်မြင်တာကို ပြန်ပြောပြတတ်ပါတယ်။ မကြာခင်ကတောင်မှ ညီမတစ်ယောက်က သူ့ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ဖတ်ကြည့်ပါဦး လို့ ပြောပါသေးတယ်။ သူ့စာလေးအတွက် မှတ်ချက်ပေးဖို့ စဉ်းစားရင်းနဲ့ တစ်ခါတည်းပဲ ကိုယ့်ရဲ့ ရသဝတ္ထုအပေါ်မှာ ထားတဲ့ အမြင်တွေကို စာနဲ့တစ်စုတစ်စည်းတည်း ကျန်ရစ်စေချင်တဲ့အတွက် ခုလို တခုတ်တရ ရေးဖြစ်တာပါပဲ။

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...