Skip to main content

ကလေးစာတတ်ခြင်းအစ မိဘက

ကလေးတစ်ယောက် လွယ်အိတ်လွယ် လို့ ကျောင်းတက်တဲ့အခါ ကျောင်းစာ တွေကို မကြောက်ရွံ့ဖို့၊ စာအုပ်တွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုနေတတ်ဖို့၊ စာဖတ်တဲ့အခါ ဖတ်မှတ်နားလည် နိုင်စွမ်း၊ ခြုံငုံဆင်ခြင်နိုင်စွမ်း၊ ဝေဖန် ပိုင်းခြားနိုင်စွမ်းမြင့်ပြီး ဝေါဟာရကြွယ် ကြွယ်၊ ဝါကျရှည်ရှည်မြင့်မြင့်တွေ သုံးနှုန်းပြောဆိုတတ်ဖို့ ဘယ်အချက် အလက်တွေက ပြဋ္ဌာန်းပါသလဲ။

ကလေး တစ်ယောက် ယဉ်ကျေးသိမ် မွေ့ခြင်း၊ ကြမ်းတမ်းခြင်း၊ ပညာထူးချွန် ခြင်း၊ ညံ့ဖျင်းခြင်း၊ စည်းကမ်းကောင်း ခြင်း၊ စည်းကမ်းမဲ့ခြင်း၊ အဖိုးတန်ခြင်း၊ အဖိုးမဲ့ခြင်းစတာတွေဟာ သူ့ရဲ့ပင်ကို ဗီဇအပြင် ငယ်စဉ်ကတည်းက မိဘရဲ့ ဆုံးမသွန်သင်မှုအပေါ် များစွာ မူတည် တယ်လို့ အများကလက်ခံကြ ပါတယ်။ မြန်မာမှာဆိုရင် "လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့် ဖ" လို့တောင် ဆိုစကားရှိကြတာပါ။

ဒီစကားမမှားပါဘူး။ မမှားကြောင်း ကို ပညာရှင်အတော်များများက သူတို့ ရဲ့ လေ့လာဆန်းစစ်ချက်တွေမှာ ဖော် ပြထားကြပါတယ်။ ကလေးရဲ့ စာဖတ် ဝါသနာထုံမှု၊ ကျောင်းမှာ စာလိုက်နိုင်မှု ဟာ မိဘရဲ့လွှမ်းမိုးမှုနဲ့အဓိကသက်ဆိုင် တယ်လို့ သူတို့ရဲ့အဖြေတွေမှာ တွေ့ရှိ ရပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝမှာ ပတ်ဝန်းကျင်ရဲ့ ပြုစု ပျိုးထောင်မှု ဘယ်လောက်အဓိကကျ သလဲဆိုတာ ပြဆိုတာပါပဲ။ အဲဒီ ပညာ ရှင်တွေရဲ့တွေ့ရှိချက်တွေကို စာရေးသူ အကျဉ်းမျှ ထုတ်နုတ်ပြချင်ပါတယ်။

"အဖယုတ်တော့ ကိုယ်ကြမ်း၊ အမိ ယုတ်တော့နှုတ်ကြမ်း" ရယ်လို့ ယေဘု ယျ ဆိုကြတယ်ဆိုရင် ကလေးတွေရဲ့ စာဖတ်ခြင်းအလေ့အထကို သူတို့ မိဘနဲ့ သူတို့ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင်တွေက ပြဋ္ဌာန်းတယ် ဆိုတာကိုလည်း လက်ခံကြမှာပါ။ စာဖတ်ခြင်းကို တန်ဖိုးထားတဲ့မိဘဟာ ကလေးငယ်တွေကို စာအုပ်စာပေနဲ့ နီးစပ်အောင် ဝန်းကျင်လေးတစ်ခု ဖန်တီးပေးထား တတ်ပါတယ်။ ကလေး တွေကို စာအုပ် ထဲမှာပါတဲ့ အရုပ်တွေ ကြည့်ခိုင်းမယ်၊ စာ နည်းနည်း ဖတ်တတ်တဲ့သူဆိုရင် ပုံတို ပတ်စ လေးတွေ ဖတ်ခိုင်းပြီး ပြန်ပြောပြ ခိုင်းမယ်။ မိဘတွေကိုယ်တိုင်က စာဖတ်ပြီး ကိုယ့်ကလေးတွေကိုလည်း စာဖတ်ပြတတ်တဲ့၊ ကလေးတွေ ဖတ် နိုင်အောင်လည်း ထွေထွေရာရာ ဖတ်စရာလေးတွေ ထားပေးထားတတ် တဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတွေမှာ စာဖတ်ခြင်းနဲ့ မွေ့လျော်တတ်တဲ့ အကျင့်ဝါသနာက ပိုစွဲပြီးပါလာတတ်တယ်လို့ဆိုပါတယ်။

စာဖတ်တာကို မွေ့လျော်ဖွယ်တစ်ခု အဖြစ်ရှုမြင်ပြီး စာဖတ်ရာမှာလည်း ဝေါဟာရတွေရဲ့ ရင်းမြစ်ထိကိုပါ မြင် အောင်ဖတ်ပြတတ်တဲ့ မိဘတွေကနေ စာဖတ် ကျွမ်းကျင်တဲ့၊ စာဖတ်ဝါသနာ ထုံတဲ့ ကလေးတွေကို မွေးထုတ်ပေးပါ တယ်။ စာဖတ်ချင်လာအောင် ဖန်တီး ထားပေးတဲ့ အိမ်မှာနေရတဲ့ ကလေး တွေ ဟာ ပညာသင်ဖို့ ပိုမို လိုလားထက် သန် သူတွေဖြစ်ပါတယ်။ အိမ်မှာ ဖတ်စရာ စာအုပ်တစ်အုပ်မှမရှိ (ဒါမှ မဟုတ်) အနည်းငယ်သာ ရှိတဲ့ မိသားစု တွေ၊ ဒါမှမဟုတ် ကလေးတွေကို စာမဖတ်ပြ နိုင်လောက်အောင် အလုပ် များတဲ့မိဘ (ဒါမှမဟုတ်) ကလေး အတွက် ဖတ်စရာတွေ ဝယ်ဝယ်ပေးဖို့ အရေးကြီးမှန်း မသိတဲ့မိဘတွေဟာ ကလေးတွေကို စာဖတ်ပြဖို့နဲ့ စာဖတ် ချင်လာအောင် နှိုးဆော်ဖို့ အခွင့် အလမ်းနည်းသွားပါတယ်။

"အကြောင်း အမျိုးမျိုးကြောင့် စာမဖတ်တဲ့ မိဘတွေရှိတဲ့အိမ်မှာ ကြီးပြင်တဲ့ ကလေးတွေဟာ စာဖတ် ခြင်းအပေါ် မနှစ်မြို့တတ်ပါဘူး" လို့ ဖလင့်ဆိုတဲ့ ပညာရှင်က ပြောပါတယ်။

မီလာဆိုတဲ့ ပညာရှင်ကလည်း "ပုံမှန်စာဖတ်တတ်တဲ့ အမေ သို့မဟုတ် အဖေကိုမြင်ရတဲ့ ကလေး တစ်ယောက်အတွက် စာဖတ်ခြင်းဟာ အရေးကြီးလာပါတယ်။ အကြောင်းက သူ့ဘဝရဲ့ အရေးကြီးဆုံးပုဂ္ဂိုလ်(တွေ) ဟာ စာဖတ်နေလို့ပါပဲ" လို့ ဆိုပါတယ်။

မိဘတွေဟာ ကလေးတွေ ကိုယ့် အနားနားရှိချိန်မှာ အချိန်ယူပြီး စာဖတ်ပြနေသင့်ပါတယ်။ ဒါမှ ကလေးက ကိုယ့်ကိုနမူနာယူမှာပါ။ မိဘတွေဟာ ကလေးတွေကို တစ်ပတ် ကိုအနည်းဆုံး လေးကြိမ်၊ တစ်ကြိမ်မှာ ၁၀ မိနစ်ခန့် ပုံမှန်ဖတ်ပြသင့်ပါတယ်။ ကလေးတွေကို စာဖတ်ပြခြင်းဟာ ကလေးရဲ့ အက္ခရာတွေမှတ်မိနိုင်စွမ်း၊ ဝေါဟာရနားထောင်နိုင်စွမ်း၊ စကား ပြောရာမှာ ဝါကျရှည်ရှည် ပြောဆိုနိုင် စွမ်းနဲ့ ခြုံငုံသုံးသပ်နားလည်နိုင်စွမ်းတွေ ပါ တိုးတက်စေပါတယ်။

ကလေးတစ်ယောက် ငယ်ရွယ်စဉ် မှာ စာရေးတတ်ဖတ်တတ်ဖို့၊ တစ်ဆင့် တက်ပြီး ခက်ခဲတဲ့စာတွေကို အဓိပ္ပာယ် ဖမ်းတတ်လာဖို့၊ ဝေဖန် ပိုင်းခြား စဉ်းစားတတ်လာဖို့၊ ပရိယာယ်ကြွယ်၀ လာဖို့တွေအတွက် မိဘတွေက အဓိက ကျတဲ့အခန်းက ပါဝင်ပါတယ်။ မိဘနဲ့ ကလေး အတူတူစာဖတ်တဲ့အခါ ကလေးရဲ့စာဖတ်နိုင်စွမ်းကိုသာမက မိဘနဲ့ကလေးကြား ရင်းနှီးတဲ့ချည် နှောင်မှုတစ်ခုကိုပါ ပေါ်ပေါက်စေပါ တယ်။ ကလေးတွေဟာ မေးခွန်းမေးဖို့ မရှက်မကြောက်တော့သလို စာထဲမှာ မိဘနဲ့အတူ နစ်ဝင်စီးမျောဖို့လည်း လွယ်ကူသွားပါတယ်။ ဒါဟာ ကလေး သဘာ၀ စပ်စုချင်တဲ့စိတ်ကိုလည်း အားပေးရာရောက်သလို ဖတ်ထားတာ ကို ပြန်ပြောပြနိုင်စွမ်း၊ စာလုံးတွေခွဲခြား သိမြင်နိုင်စွမ်း၊ ကာရန်တွေရှာနိုင်စွမ်း တွေကိုပါ တိုးတက်စေပါတယ်။

မိဘ (သို့မဟုတ်) လူကြီးတစ်ဦးဦးက မကြာခဏ စာဖတ်ပြတာခံရတတ်တဲ့ ကလေးဟာ ကျောင်းမှာစာသင်ဖို့ ပိုပြီး အဆင်သင့် ဖြစ်နေတတ်ပါတယ်။  ကျောင်းမှာလည်း စာဖတ် စွမ်းရည် အမှတ်အမြဲ မြင့်နေတတ်ပါတယ်။ စာဖတ်ပြရင်း ကိုယ့်ကို မိဘက စကား စမြည်ပါ ပြောတတ်တယ်ဆိုရင် အဲဒီ ကလေးဟာ ကျောင်းမှာ စာဖတ် စွမ်းဆောင်မှု စစ်တမ်းတိုင်းမှာ အမြဲ ရှေ့ကပြေးနေတတ်ပါတယ်။

ဝင်ငွေနိမ့်မိသားစုကလာတဲ့၊ ဒါမှ မဟုတ် အိမ်မှာစာအုပ်စာတမ်းတွေ စုဆောင်းပေးမထားတတ်၊ ကလေးကို လည်း စာဖတ်အလေ့အထ မပြုစု မပျိုးထောင်ပေးတတ်တဲ့ မိဘတွေရဲ့ ကလေးတွေကျတော့ သူတို့ရဲ့ စာဖတ် စွမ်းဆောင်ရည်ပိုင်းမှာ အတော်ကို အားနည်းသွားတာကို တွေ့ရပါတယ်။ ကလေးတွေကို စာဖတ်ပြခြင်းဟာ ကလေးကို ဝေါဟာရတွေကြွယ်ဝစေ သလို၊ ဝါကျတည်ဆောက်မှု၊ စကား ပရိယာယ်ကြွယ်မှုနဲ့ လောကကြီးနဲ့ ဆိုင်တဲ့အထွေထွေဗဟုသုတဆိုင်ရာ သိမှုအဆောက်အအုံကြီးတည်ဆောက် မှုတွေမှာ အလွန်ကိုအထောက်အကူပြု တာသွားတွေ့ရပါတယ်။

]]မိဘတစ်ယောက်အနေနဲ့ ကိုယ့် ကလေး ကျောင်းမှာရော အပြင် မှာပါ ပညာရည်အဆင့်မနိမ့်သူအဖြစ် ရပ်တည်နိုင်အောင် ဘယ်လိုပျိုးထောင် ရမလဲဆိုတဲ့ စာအုပ်တစ်အုပ် လိုပါ တယ်}}လို့ ဝိုင်နာ အမည်ရှိ ပညာရှင်က ဆိုပါတယ်။ စာသင်ခန်းထဲမှာ ဆရာ တစ်ယောက်ဟာ ကလေးတွေအများ ကြီးကို ကိုင်တွယ်ရတဲ့အတွက် တစ်ဦး ချင်းစီရဲ့ စာဖတ်စွမ်းရည်အပေါ် အသေးစိတ်အာရုံမစိုက်နိုင်တာမို့ မိဘ သည်သာလျှင် ကလေးစာဖတ်တတ်ဖို့ အဓိကပံ့ပိုးသူဖြစ်လာပါတယ်။ အိမ်နဲ့ ကလေးရဲ့ ပတ်ဝန်းကျင်တွေဟာ ကလေးအတွက် စာဖတ် လက်တွေ့ စမ်းသပ်ခန်းတွေဖြစ်လာပါတယ်တဲ့။

အိမ်မှာ စာအုပ်များများရှိလေ၊ ကလေးဟာ စာဖတ်နာသူ၊ စာဖတ် ဝါသနာထုံသူဖြစ်လေပဲလို့ လေ့လာမှု တစ်ခုကဆိုပါတယ်။ စာဖတ်ရာမှာ လည်း တစ်ဖက်တည်းကချည်း အသေ ဖတ်သွားတာမျိုးမဟုတ်ဘဲ ကလေးနဲ့ မိဘကြား အပြန်အလှန်ဆွေးနွေးရင်း ဖတ်သွားတာမျိုးက ကလေးရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်တခုလုံးအတွက် အလွန်အမင်း အရေးကြီးပါတယ်။ လူကြီးနဲ့ကလေး အတူတူစာဖတ်တဲ့အခါ ကလေးတွေ ဟာ မေးခွန်းတွေအလိုအလျောက် ရှိလာတတ်ပြီးတော့ သူတို့စိတ်ထဲမှာ ရှိတာတွေကိုလည်း ပြောပြတတ်ပါ တယ်။

ကလေးရဲ့ ရှေးဦးစာတတ်မြောက်မှု ဟာ မိဘရဲ့ပညာရည်အဆင့်အတန်းနဲ့ ဆိုင်တယ်လို့ ယေဘုယျဆိုလို့ရပေမယ့် မိဘက ပညာအဆင့်အတန်း မမြင့်ရင် တောင် ကလေးရဲ့ စာတတ်မြောက်ရေး ကြိုးပမ်းအားထုတ်မှုမှာ ပါဝင် ပတ်သက်တဲ့မိဘတွေမှာ စာဖတ်ခြင်း ကို လိုလိုလားလား နှစ်ခြိုက်တတ် ပြီး တော့ အိမ်မှာလည်း စာအုပ်တွေ များများစားစား ထားရှိတတ်ပါတယ်။ စာဖတ်ရာမှာ မိဘဆီက အကူအညီ ရတတ်တဲ့ကလေးတွေဟာ မရတဲ့ ကလေးတွေထက် စာဖတ်စွမ်းရည်မှာ ပိုမိုပြောင်မြောက်တတ်ပါတယ်။

မိဘတွေ ကလေးရဲ့စာဖတ်စွမ်း ရည် တိုးအောင် ကူညီနိုင်တဲ့ နည်းလမ်း တွေ ရှိပါတယ်။ အဲဒါတွေကတော့ (၁) အိမ်မှာ စာဖတ်စရာတွေထားရှိပေး ခြင်း၊ (၂) "ဖတ်၊ ခြုံငုံယူ၊ မှတ်၊ ပြန်ပြော" ခိုင်းခြင်း (၃) ၃-၂-၁ နည်းစနစ်ကို သုံးခြင်း တို့ပဲ ဖြစ်ပါတယ်။ (၃-၂-၁ နည်းစနစ်ဆိုတာက ကလေးနဲ့အတူ ဖတ်တဲ့စာတစ်ပုဒ်ထဲကနေ ကလေး အဓိကထားမိတဲ့အချက် သုံးခု၊ သူ စိတ်ဝင်စားတဲ့အရာ နှစ်ခု၊ မေးချင်လာ မိတဲ့ မေးခွန်းတစ်ခုကို သိအောင်၊ ထွက်လာအောင် လုပ်တာပါပဲ။)

နိုင်ငံသားချင်းမတူတဲ့ မိဘနှစ်ပါးက မွေးဖွားတဲ့ ကလေးဟာ နိုင်ငံသားတူ မိဘက မွေးတဲ့ကလေးနဲ့ယှဉ်ရင် (စာ ဖတ်တာကို အားပေးတာချင်း တူတယ် ဆိုရင် တောင်) စာဖတ်စွမ်းရည်ပိုင်းမှာ အား နည်းတတ်ပါတယ်တဲ့။ မိခင်နဲ့ ဖခင်မှာတောင် ကလေးရဲ့စာဖတ်ခြင်း အပေါ် မိခင်ကပိုမိုလွှမ်းမိုးပါတယ်။ မိခင်ဟာ အထက်တန်းထက် ပိုမြင့်တဲ့ ပညာအဆင့်ရှိထားရင် စာဖတ်တဲ့ အလေ့အထပိုများပြီး စာဖတ်ရတာကို ပိုနှစ်ခြိုက်တတ်သလို ကလေးကိုလည်း စာအုပ် ပိုများများ ဝယ်ပေးလေ့ ရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ပညာတတ်တဲ့ အမေရဲ့ ကလေးတွေဟာ စာဖတ်မှု ပိုင်းမှာ ပိုပြီး ရလဒ်ကောင်း တတ်တယ် လို့ ဆိုလိုတာပါ။

မိဘတွေဟာ ကိုယ့်ရဲ့ကလေးကို လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တဲ့ လူတွေ ဖြစ်လာစေချင်ကြပါတယ်။ ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ တော့ "ကလေးပညာရေးအစ မိဘက" လို့ပဲ ပြောရမှာပါ။

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...