Skip to main content

အသိအမှတ်ပြုခြင်းအနုပညာ (The art of appreciation)



ကျနော် လူမှန်းသိတတ်စကတည်းက အမေချက်ကျွေးတာကို စားခဲ့တာပဲ ဆိုပေမယ့် အမေ့လက်ရာကို စားတဲ့အခါတိုင်း ‘ဟာ ကောင်းလိုက်တာ အမေရယ်… ကျေးဇူးတင်လိုက်တာ’ ရယ်လို့ မပြောမိခဲ့ပါဘူး။ ဒါပေမဲ့ အမေ့လက်ရာကို ကျနော်ကြိုက်မှန်း အမေကတော့ သိတာပါပဲ။ ငယ်ငယ်က အပြင်ကနေ မောကြီး ပန်းကြီးပြန်လာတိုင်း ထမင်းအုပ်ဆောင်းကိုဖွင့်၊ ဆာဆာနဲ့တီးပြီဆိုရင် အမေက အနားကနေ လာရပ်ကြည့်ပြီး ‘ကောင်းလား စားလို့’ လို့ မေးရင်တော့ ကျနော်က ခေါင်းကို ခပ်သွက်သွက်ပြန်ညိတ်ပြတတ်တာမျိုး။ ကျနော်ကတော့ ဒါကို passive appreciation လို့ခေါ်ချင်တာပါပဲ။ စိတ်ထဲကတော့ အသိအမှတ်ပြုပြီးသား၊ နှုတ်ကတော့ အထူးတလည် ဆိုမနေတော့ဘူးဆိုတဲ့ အနေအထားပေါ့။ အဲဒါနဲ့ဆန့်ကျင်ဘက်ကတော့ active appreciation ပေါ့။ တစ်ဖက်သားက ကိုယ့်ကို လုပ်ကိုင်ကျွေးမွေးတာကို အသိအမှတ်ပြုတယ်၊ ကျေးဇူးတင် ကြောင်း ပြောမယ်၊ နှုတ်ကလည်းပြောမယ်၊ မျက်လုံးတွေနဲ့လည်းပြောမယ်။ 

ကျနော်တို့ယဉ်ကျေးမှုမှာ တစ်ပါးသူရဲ့ လက်ရာ၊ တစ်ပါးသူရဲ့ ကူညီမှုကို active appreciation နည်းနဲ့ အသိအမှတ်ပြုတာမျိုးက ရှားသလား လို့ တဖြည်းဖြည်းသတိပြုမိလာပါတယ်။ လမ်းသွားရင်း ပစ္စည်းတစ်ခု ပြုတ်ကျသွားလို့ ပြန်ကောက်ပေးလိုက်တိုင်း ‘ကျေးဇူးတင်ပါတယ်’ လို့ ပြန်ပြောခံရတာမျိုးက ကျနော်အနေနဲ့ ကြုံဖူးတာ ရှားပါတယ်။ အနောက်တိုင်းသားတွေကတော့ ပြုံးပြီး “Oh thank you so much” ဆိုတဲ့ စကားကို ကျေကျေနပ်နပ်ကြီးကို ပြောတတ်တယ်။ မြန်မာတွေကတော့ ဒီလိုပဲ ဘာသိ ဘာသာ ယူလိုက်ပြီး ဆက်ထွက်သွားတာပါပဲ။ ဝန်ဆောင်မှု ပေးရတယ်ဆိုတဲ့ လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ မှာတောင် ကိုယ့်ဆီက ဝန်ဆောင်မှုဝယ်တဲ့သူတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောတဲ့ လုပ်ငန်း၊ ဆိုင်မျိုးက သိပ်မရှိပါဘူး။ ပုဂ္ဂလိကဘဏ်အချို့ရယ် ခုနောက်ပိုင်း ဖွင့်တဲ့ အနောက်တိုင်းစတိုင် ဘားတို့၊ ကဖေးတို့ရယ်မှာသာ တွေ့ရတတ်သလားလို့ပါ။ ကားမောင်းတဲ့ သူတွေကတော့ ကိုယ့်ကားကို တစ်ဖက်ကားက ဦးစားပေးတာမျိုးနဲ့ကြုံရင် လက်ကလေးထောင်ပြီး ကျေးဇူး တင်ကြောင်း ပြကြတဲ့ဓလေ့တော့ တွေ့လာ ရတယ်။ တစ်ခါကတော့ မြန်မာနိုင်ငံရောက် နိုင်ငံခြားသားတစ်ယောက် (ဂျပန်လို့ထင်တယ်) သူလမ်းကူးလို့ရအောင် ရပ်ပေးလိုက်တဲ့ ကားမောင်းသူကို လက်ကလေးပြပြီး ခါးကလေးကိုင်းလို့ ကျေးဇူး တင်ကြောင်း ပြသွားတာတော့ တွေ့ဖူးတယ်။ 

လူတွေဟာ အသိအမှတ်ပြုခံချင်တဲ့စိတ်ရှိကြပါတယ်။ ကိုယ်ချက်ကျွေးလိုက်တဲ့ ဟင်းလျာလေးတစ်ခွက်ကို သူများက စားပြီး ချီးမွမ်းတာ၊ သို့မဟုတ် တစ်ခုခု တုံ့ပြန်တာကို မျှော်လင့်တတ်ကြပါတယ်။ အကြားချင်ဆုံး ကတော့ ‘ကောင်းလိုက်တာ’ ဆိုတဲ့ စကားပေါ့။ ဒါပေမဲ့ အကောင်းချည်းပဲ မဟုတ်ရင်တောင် ကောင်းတာရော မကောင်းတာရော မျှပြောလို့ရှိရင်လည်း လက်ခံနိုင်ကြပါတယ်။ မကြားချင်ဆုံးကတော့ ‘ညံ့ပါ့’ ဆိုတဲ့ စကားပဲ ဖြစ်မှာပေါ့။ ဒါပေမဲ့လည်း ပေါ်လီယာနာလိုမျိုး အကောင်းမြင်စိတ်ရှိသူဆိုရင်တော့ ‘ညံ့ပါတယ်’ ဆိုတဲ့ စကားကိုကြားရလည်း ဘာမှမပြောတာထက်စာရင် တစ်ခုခုပြောတာက ပိုကောင်းတယ်လို့ အကောင်းမြင် တွေးနိုင်ပါလိမ့်မယ်။

တစ်သက်လုံး စားလာတဲ့ အမေ့လက်ရာကို အမြဲလိုလို အထူးတလည် အသိအမှတ်ပြုမနေမိပေမယ့် တစ်ခါက တခြားလူတစ်ယောက် ချက်ကျွေးတာကို စားပြီး ဘာမှမပြောမိတဲ့အတွက် အဲဒီ ကာယကံရှင်က နောက်ပိုင်း မကျေမနပ် ထုတ်ပြောဖူးတာ ခံရဖူးပါတယ်။ တကယ်တော့ သူချက်ကျွေးတာက မကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က ကောင်းလည်း ကောင်းတယ်ပဲ စိတ်ထဲကမှတ်ပြီး စားကျင့်က ဖြစ်နေတော့ ပါးစပ်က ထုတ်မပြောဖြစ်ခဲ့တာပါပဲ။ ဒါပေမဲ့ သူက သူ့လက်ရာကို အသိအမှတ်မပြုတဲ့အပေါ် စိတ်မကောင်းဘူးလို့ သိလိုက်တဲ့နောက်တော့ သူကျွေးတာစားတိုင်း သတိထားပြီး ‘ကောင်းတယ်နော’ စသဖြင့် ပြောကျင့်လေး လုပ်ရပါတော့တယ်။

စာရေးဆရာ သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။ သူစာအုပ်ရေးတိုင်း သူ့စာအုပ်လေးတွေကို လက်မှတ်ထိုးပြီး လက်ဆောင်ပေးတတ်ပါတယ်။ ကိုယ့်ဘဝင်နဲ့ဟပ်မိတဲ့စာအုပ်လည်း ရှိသလို ဘယ်လိုမှ မခံစားမိတဲ့ စာအုပ်လည်း ရှိတာပဲ။ ဒါပေမဲ့ ကျနော်က သူနဲ့တွေ့တိုင်း သူ့စာအုပ်နဲ့ပတ်သက်လို့ ဘာမှ ပြန်မဆွေးနွေးဖြစ်ခဲ့ဘူး။ ဒါကို သူက နည်းနည်းစပ်ဖျင်းဖျင်းဖြစ်မှန်း နောက်မှသိတယ်။ (မူးလာတော့ ထွက်လာတာပေါ့။) သူ ဘယ်လောက် အားထုတ်ခဲ့ရတာ၊ ဒါကို သူငယ်ချင်းတွေက သေချာမဖတ်ဘူး၊ ဘာမှ ပြန်ပြီး မတုံ့ပြန်ကြဘူး။ ဒါနဲ့ပဲ နောက်ဆို သူ့စာအုပ်ထွက်တိုင်း မေးမြန်း၊ ဖတ်ရှု၊ ဆွေးနွေးပေါ့။ ရှေ့တစ်ခန်း လောက်လေး ဖတ်ပြီးရင်ပဲ ‘ခင်ဗျား စာအုပ် ကျနော် ရှေ့တစ်ခန်းဖတ်ပြီးပြီဗျ၊’ ခုထိတော့ ဘယ်လို ဘယ်ချမ်းသာ စသဖြင့် ပြောလိုက်ရင်ကိုပဲ သူ့မျက်လုံးတွေအရောင်လက်လာတော့တာပဲ။ ဟုတ်တာပေါ့၊ လူဆိုတာ အသိအမှတ်ပြုခံချင်တဲ့သတ္တဝါပဲ။ နည်းနည်းလောက်လေးဖြစ်ဖြစ် သူ့အားထုတ်မှုအပေါ် ထုတ်ဖော်ဝေဖန်လိုက်ရင် သူ့စိတ်ထဲမှာလည်း အားထုတ်ရကျိုးနပ်တယ်လို့ ခံစားရတာမျိုးမဟုတ်လား။

ဒါပေမဲ့လည်း လူတွေက စရိုက်အမျိုးမျိုးပါ။ တချို့က ကိုယ်ပေးလိုက်တဲ့လက်ဆောင်၊ သို့မဟုတ် ချက်ကျွေး လိုက်တဲ့ဟင်းတစ်ခွက်၊ ကိုယ့်ရဲ့အားထုတ်မှု စသည်ဖြင့် တစ်ခုခုအပေါ် ဘာမှမပြောဘဲ တုဏှိဘာဝေ နေတဲ့ လူမျိုးတွေရှိတတ်ပေမဲ့ ဒီလိုနေလိုက်လို့ ဒီအရာအပေါ် ဘာမှအသိအမှတ်မပြုတာမျိုးတော့လည်း မဟုတ်ပါဘူး။ စိတ်ထဲကတော့ သဘောတွေ့ချင်တွေ့မယ်၊ နှုတ်နည်းလို့ ပါးစပ်က ထုတ်မပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ မူလပိုင်ရှင်စိတ်ထဲမှာတော့ ဒါဟာ ဘာနဲ့တူသလဲဆိုရင် လေဟာနယ် ကြီးတစ်ခုထဲကို အော်ပြောလိုက်ရသလိုမျိုးပါပဲ။ ကိုယ်ကသာ အဆက်မပြတ်အော်နေပေမယ့် ကိုယ့်အော်သံကို ကိုယ်ကိုယ်တိုင်တောင် ပြန်မကြားရဘူး။ ဒီခံစားချက်မျိုးကို လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ကြုံဖူးကြမယ်လို့ ထင်တယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အသိအမှတ်ပြုခြင်းဟာ လိုအပ်တယ်လို့ ကျနော်ကတော့ ထင်တယ်။ ကျနော်ကိုယ်တိုင်လည်း နှုတ်နည်းတဲ့ အားနည်းချက်ရှိတယ်။ ဒါပေမဲ့ တတ်နိုင်သလောက် ပြင်တယ်။ ကိုယ်ကိုယ်တိုင် ကလည်း ကိုယ့်အပေါ် အသိအမှတ် ပြုမှုတစ်ခုကို ခံယူချင်တာကိုး။ ဘာမှမပြောတာ ထက်စာရင် တစ်ခုခု ပြောတာကလေးကလည်း ပိုကောင်းတယ်လို့ သဘောပိုက်မိလာတာကိုး။ အနည်းဆုံးတော့ ကိုယ်ကသူများကို ကူညီတဲ့အခါမှာ ‘ကျေးဇူးပါ’ ဆိုတဲ့ စကားလေးလောက်မှ ပြန်မကြားရလည်း တစ်မျိုးတော့ ဖြစ်မိတာပဲ။ ပါရမီတွေအလွန်ရင့်သန်တဲ့ လူသားဖြစ်သွားရင်တော့ ကိုယ့်ကိုအသိအမှတ်ပြုပြု မပြုပြု ဂရုမထားတော့ဘဲ နေနိုင်မလားပဲ။

လူတစ်ဖက်သားကို အသိအမှတ်ပြုတဲ့နေရာမှာ ပြဿနာတစ်ခုက တစ်ဖက်လူရဲ့လက်ရာ/အားထုတ်မှုကို ကိုယ်ကမကြိုက်တဲ့အခါမျိုးမှာ လူ့လောကဝတ်အရ တစ်ခုခုတုံ့ပြန်ဖို့ကလည်း မဖြစ်မနေ လိုအပ်လာတာမျိုး ပါ။ ထမင်းဆိုင်တစ်ဆိုင်မှာ သွားစားလို့ သူတို့လက်ရာကောင်းကောင်း မကောင်းကောင်း ဘာမှ တုံ့ပြန်စရာ မလိုပေမဲ့ သူများအိမ်မှာ ဧည့်သည်လုပ်ပြီး သွားစားတဲ့အခါမှာတော့ ကောင်းလည်း ‘ကောင်း’၊ မကောင်းလည်း ‘ကောင်း’ လုပ်ရတာမျိုးပါပဲ။ မကောင်းလို့၊ မကြိုက်လို့ မကောင်းဘူး၊ မကြိုက်ဘူး ပြောချင်ရင်တောင်မှ မျက်နှာ မပျက်ရလေအောင် ‘ကောင်းသားပဲနော်’ လို့ ကြံဖန်ပြောရတဲ့အခြေအနေမျိုးကျရင် ကျနော်တို့ အတော်မှ အကြံအိုက်ရတတ်ပါတယ်။ မကောင်းတာကို ‘ကောင်းပါတယ်’ လို့ ပြောရင်လည်း သူဟာ သူ့ကိုယ်သူ အဆင်ပြေနေတယ်လို့ထင်ပြီး ဘယ်တော့မှ ကောင်းအောင်အားထုတ်နိုင်တော့မှာ မဟုတ်ဘူး။ အမှန်အတိုင်း ‘မကောင်းဘူး’ လို့ ပြောပြန်ရင်လည်း မျက်နှာမရ ခြေထောက်ကရနိုင်တယ်။ အဲ … မဖြစ်မနေ ဝေဖန်ရတော့မယ်ဆိုတဲ့အခါမျိုးမှာ မကောင်းတာကို မကောင်းဘူးလို့ တည့်တည့်ပြောမယ့်အစား ‘ဟိုလိုလေး လုပ်လိုက်ရင် ပိုများကောင်းသွားမလားလို့’ ဆိုတဲ့ စကားမျိုးနဲ့ ဆင်ဝှေ့ ရန်ရှောင်ရင်လည်း ရတာပါပဲ။

မိတ်ဆွေအပေါင်းအသင်းတွေကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ချင် တယ်ဆိုရင် အသေးစိတ်ကလေးတွေကို ဂရုစိုက်ဖို့လိုအပ်တယ်ဆိုတာ ဘဝနေနည်းအနုပညာတစ်ခုပဲလို့ ကျနော်တော့ ထင်တယ်။ ကိုယ်က လောကဝတ်ထုံးစံ ဘာကိုမှ ဂရုမစိုက်ဘူးဆိုပြီး ကြိုတင်ကြေညာ၊ လူ့အသိုင်းအဝိုင်းနဲ့ ကင်းကင်းနေချင်ရင်လည်း ရတာပါပဲ။ ရွာပြင်ထွက်နေတာမျိုးပေါ့။ ဒီလိုမှမဟုတ်လို့ လူတွေနဲ့ မကင်းနိုင်ဘူး ဆိုရင်၊ လူလူချင်းကြားက “အလျားလိုက်ဆက်ဆံရေး” ကို ဂရုစိုက်တယ် ဆိုရင်တော့ လူ့သဘော လူ့သဘာဝကို ငဲ့ကြည့်ဖို့လိုအပ်လာပါတယ်။ ဂရုစိုက်ရမယ့်အရာတွေ၊ အလေးထားရမယ့်အရာတွေကို လျစ်လျူမပြုမိဖို့လိုအပ်တယ်လို့ထင်တယ်။ ဟာသတစ်ပုဒ်လိုပေါ့ “သူက နင့်ကို ဘာလုပ်လို့ နင် သူ့ကိုစိတ်ဆိုးနေတာလဲ” လို့မေးတော့ “ဘာမှ မလုပ်လို့စိတ်ဆိုးနေတာပေါ့” လို့ ပြန်ဖြေသလိုမျိုးပဲ။ ကျနော်တို့ဟာ ဘဝမှာ မပြုလုပ်ဘဲရှောင်ကြဉ်ခြင်းဖြင့် ကောင်းတာမျိုး ရှိသလို (ဥပမာ - လူသတ်တာတို့၊ ခိုးတာတို့) မပြုလုပ်ဘဲနေခြင်းအားဖြင့် မကောင်းကျိုးရသွားတာမျိုးလည်း ရှိတတ်တာပဲ။ ဥပမာ ပြောရရင် ကိုယ့်ကိုဟင်းချက်ကျွေးဖူးသူကို ကျနော်က အသိအမှတ်မပြုလို့ စိတ်မကောင်းဖြစ်သွားတဲ့ တစ်ယောက်လိုမျိုးပေါ့။ သူ့ ရင်ထဲမှာ ဖြစ်သွားတာ ကျနော်က မသိလိုက်ဘူး။ ကိုယ်ကတော့ ဒီလိုပဲ စားလိုက်တာပဲ။ နှုတ်က ထုတ်ပြီး အသိအမှတ်မပြုလိုက်မိဘူး။ ဒါဟာ ‘ရှောင်ကြဉ်ခြင်း’ မဟုတ်တော့ဘဲ ‘ပျက်ကွက်ခြင်း’ ဖြစ်သွားခဲ့တယ်။ အဲဒီတုန်းက သူ့ဟင်းလျာကို ‘ကောင်းလိုက်တာ’ လို့ စိတ်ထဲက ချီးကျူးရုံ အသိအမှတ်ပြုရုံမဟုတ်ဘဲ နှုတ်ကဖြစ်ဖြစ် မျက်နှာအမူအရာနဲ့ဖြစ်ဖြစ် အသိအမှတ်ပြုခဲ့မယ်ဆိုရင် တစ်ဖက်အတွက် ရှေ့ဆက်ဖို့ ခွန်အား ရသွားခဲ့မှာပါပဲ။ တစ်ဖက်လူရဲ့ အားထုတ်မှုဟာ ညံ့နေတယ် ဆိုရင်တောင် အနိမ့်ဆုံးအဆင့် သူ့ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုမယ်၊ ‘ကောင်းလိုက်တာ’၊ ‘ဆက်ကြိုးစား’၊ ‘ကျေးဇူးပဲနော်’ စတဲ့စကားတွေကို မနှမြောဘူးဆိုရင်တော့ ကျနော်တို့ဟာ active appreciation ရော passive appreciation ရော နှစ်မျိုးစလုံးကျွမ်းကျင်တဲ့သူတွေ ဖြစ်လာမှာပါပဲ။



'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 

Comments

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...