ကျနော် လူမှန်းသိတတ်စကတည်းက အမေချက်ကျွေးတာကို စားခဲ့တာပဲ ဆိုပေမယ့် အမေ့လက်ရာကို စားတဲ့အခါတိုင်း ‘ဟာ ကောင်းလိုက်တာ အမေရယ်… ကျေးဇူးတင်လိုက်တာ’ ရယ်လို့ မပြောမိခဲ့ပါဘူး။ ဒါပေမဲ့ အမေ့လက်ရာကို ကျနော်ကြိုက်မှန်း အမေကတော့ သိတာပါပဲ။ ငယ်ငယ်က အပြင်ကနေ မောကြီး ပန်းကြီးပြန်လာတိုင်း ထမင်းအုပ်ဆောင်းကိုဖွင့်၊ ဆာဆာနဲ့တီးပြီဆိုရင် အမေက အနားကနေ လာရပ်ကြည့်ပြီး ‘ကောင်းလား စားလို့’ လို့ မေးရင်တော့ ကျနော်က ခေါင်းကို ခပ်သွက်သွက်ပြန်ညိတ်ပြတတ်တာမျိုး။ ကျနော်ကတော့ ဒါကို passive appreciation လို့ခေါ်ချင်တာပါပဲ။ စိတ်ထဲကတော့ အသိအမှတ်ပြုပြီးသား၊ နှုတ်ကတော့ အထူးတလည် ဆိုမနေတော့ဘူးဆိုတဲ့ အနေအထားပေါ့။ အဲဒါနဲ့ဆန့်ကျင်ဘက်ကတော့ active appreciation ပေါ့။ တစ်ဖက်သားက ကိုယ့်ကို လုပ်ကိုင်ကျွေးမွေးတာကို အသိအမှတ်ပြုတယ်၊ ကျေးဇူးတင် ကြောင်း ပြောမယ်၊ နှုတ်ကလည်းပြောမယ်၊ မျက်လုံးတွေနဲ့လည်းပြောမယ်။ ကျနော်တို့ယဉ်ကျေးမှုမှာ တစ်ပါးသူရဲ့ လက်ရာ၊ တစ်ပါးသူရဲ့ ကူညီမှုကို active appreciation နည်းနဲ့ အသိအမှတ်ပြုတာမျိုးက ရှားသလား လို့ တဖြည်းဖြည်းသတိပြုမိလာပါတယ်။ လမ်းသွားရင်း ပစ္စည်းတစ်ခု ပြုတ်ကျသွားလို့ ပြန်ကောက်ပေးလိုက်တိုင်း ‘ကျေးဇ...