“ဟဲ့ နင်ဘယ်လာတာလဲ” ရုတ်တရက် ကြားလိုက်တဲ့ ခေါ်သံကြောင့် ကျနော် လှည့်ကြည့်လိုက်တော့ ကျနော့်ညာဘက်ဘေး သုံးပေ အကွာလောက်နား လက်ထဲမှာ ပစ္စည်းပစ္စယတွေကိုင်ပြီး ရပ်နေတဲ့ ဂျူလီ့ကိုတွေ့လိုက်တာပါပဲ။ ရုတ်တရက် တော့ သူ့ကိုမမှတ်မိဘူး။ ရှည်လာတဲ့ဆံပင်ကို အဝါနဲ့အနီရောင် ဟိုက်လိုက်ဖောက်ထားပြီး နည်းနည်း ကောက်ထားတာရယ်၊ မဆိုစလောက်လေး ဝလာတာရယ်ကြောင့်ရယ်၊ လုံးဝ ထင်မထားတဲ့ အချိန်မှာ တွေ့တာကြောင့်ရယ် နှစ်စက္ကန့်လောက် ကျနော် သူ့ကို ကြောင်ငေး ကြည့်နေပြီးမှ အသိဝင်လာတယ်။ သရုပ်ဖော် - ငုအိမ်ထက်မြက် “ဪ အင်း ... ပါဝါဘန့်ခ်တစ်ခု ဝယ်စရာရှိလို့ လှည်းတန်းစင်တာအောက်က Remax ကို လာတာ” “ဟုတ်လား ... ငါလည်း ခုပဲ လှည်းတန်းစင်တာထဲကနေ ထွက်လာတာ၊ နင် ခု ဘယ်မှာ ဘာတွေလုပ်နေလဲ” ဂျူလီ့အမေးကို ကျနော် ချက်ချင်းပြန်မဖြေမိဘဲ နှုတ်ခမ်းတွေက အလိုအလျောက် ကွေးတွန့်သွားတယ်။ ပြုံးလိုက် ရယ်လိုက်လုပ်တိုင်း နဂိုကမှ ကျဉ်းရတဲ့ မျက်စိမှေးမှေးက ပိတ်ပိတ်သွားတတ်လို့ ‘တရုတ်ကလေး’ လို့ ဂျူလီက အမြဲ ခေါ်တာ ခံခဲ့ရဖူးတဲ့ ကျနော်ဟာ ခုလည်း ဂျူလီ့အမြင်မှာ မျက်မှေးကလေး ဖြစ်သွားဦးမှာပဲဆိုတာ စိတ်ထဲက သိလိုက်ပြီး စိတ်မှာ မလုံသလိုလေး ဖြစ်သွားတယ်။ ရှူးဖိနပ်ထဲက ကျနော့် ခြ...