Skip to main content

ရှောစောင်တဘက်

လောက၌ ပူသောငရဲအပြင် ရေခဲငရဲရှိနေသေးလား စတယ်လာ မသိ။ အေးလိုက်သည်မှာ ခဲတော့မည်။ လမ်းမများထက် သူတို့ အတူတူ ခြေကျင်နှင်ခဲ့ကြသည်။ ရိုစာ၏ ရင်သားများက နာကျင်နေ၏။ မက်ဂဒါက ထိုရင်နှစ်မြွှာကြား ရစ်ပတ်ထုပ်ထားသည့် စောင်ပဝါထုပ်ကလေးထဲ ကွေးကွေးလေး လိုက်ပါလာသည်။ စတယ်လာက မက်ဂဒါကို တစ်လှည့်ယူချီသည့် အခါလည်း ရှိသည်။ သို့သော် မက်ဂဒါကို စတယ်လာ မနာလို။ စတယ်လာသည် အသက် ဆယ့်လေးနှစ်သာရှိသေး၏။ သို့သော် လူက ဝါးခြမ်းပြားလောက်သာ ရှိသည်။ ခါးသေးသလောက် ရင်ကလည်း မချီနိုင်သူ ဖြစ်သည်။ စတယ်လာသည်လည်း မက်ဂဒါလိုပင် ကိုယ်တစ်ပိုင်းခြုံစောင်လေးထဲ အထွေးခံလျက် လိုက်ချင်နေသည်။ ဒါဆို သူ့ကို လူမမြင်တော့ဘူးပေါ့။ အိပ်လျက်လိုက်မည်။ လူပေါ်လိုက်ရလျှင် ပုခက်ထဲချော့သိပ်ခံရသလိုဖြစ်နေမည်။ လူကြီး လက်ပေါ်ရောက် ပုတုကွေးကလေးအဖြစ်ကို သူစိတ်ကူးယဉ်၏။ မက်ဂဒါက ရိုစာ၏ နို့ကိုစို့သည်။ ရိုစာသည် မနေမနား တသွားတည်း သွားနေသည်။ လမ်းလျှောက်ပုခက်နှင့်တူ၏။ သို့သော် သူ့မှာ နို့က မထွက်ချင်တော့။ မက်ဂဒါသည် လေကိုသာ စုပ်နေမိသည့်အခါရှိသည်။ နို့မရတိုင်း သူအော်ငိုသည်။ စတယ်လာ့ဗိုက်ထဲ ပါစကဝမ်းမီးတွေက တဟုန်းဟုန်း တောက်လျက်။ သူ့ဒူးနှစ်ဖက်သည် တုတ်ချောင်းများပေါ်ရှိ အဖုအဆစ်ကလေးများနှင့် တူသည်။ တံတောင်ဆစ်နှစ်ဖက်က ကြက်ရိုးများနှင့် တူသည်။

ပုံ - The New Yorker


ရိုစာသည် ဆာလောင်ခြင်းမရှိ။ ပကတိ ပေါ့ပါးနေသည်။ သူ့ကြည့်ရတာ လမ်းလျှောက်နေသူတစ်ဦးနှင့် မတူ။ အားပြတ်နေသူပမာ၊ စိတ်ညှို့ခံနေရသူပမာ၊ တက်နေသူပမာ ဖြစ်နေသည်။ နိုးကြားသတိရှိလျက် အရာရာကို မြင်နေရသည့် မိုးပေါ်ပျံကြွ ကောင်းကင်တမန်ဘဝ ရောက်ပြီးသလို ဖြစ်နေ၏။ ထိုနေရာမှာမရှိ၊ မြေနှင့်မထိတော့ဘဲ အခိုးအငွေ့ပမာ လွင့်ပျံတော့မည့်ပမာ ရှိသည်။ ရိုစာသည် မတ်မတ်မရပ်နိုင်၊ သာခွေယိုင်ဖြစ်နေသည်။ တဘက်စောင် အဟမှနေ၍ မက်ဂဒါ၏ မျက်နှာကို ရိုစာ ကြည့်၏။ မက်ဂဒါသည် အသိုက်ထဲက ရှဉ့်ကလေးနှင့်တူသည်။ ဘေးကင်းလုံခြုံသည်။ ခြုံပဝါ အိမ်ကလေးထဲမှာ မည်သူမျှ သူ့ကိုလာမနှောင့်ယှက်နိုင်။ မက်ဂဒါ့မျက်နှာလေးက အိတ်ဆောင်မှန် ကလေးလို လုံးဝိုင်းလှ၏။ သို့သော် ကာလဝမ်းရောဂါသည်အလား မည်းမည်းညစ်ညစ် ရိုစာနှင့်တော့ အသွေးအမွေးချင်း မတူ။ မက်ဂဒါ့မျက်နှာက တကယ့်ကို တသီးတခြား တစ်ဘာသာဖြစ်သည်။ မျက်လုံးများက ကောင်းကင်လို ပြာသည်။ ဆံပင်မွေးညင်းနုလေးများက ရိုစာ့ ကုတ်အင်္ကျီမှာ ထိုးထားသည့် ကြယ်ကြီးလောက်နီးနီး ဝါကြဉ်နေသည်။ မက်ဂဒါ့ကိုမြင်လျှင် ဟိုလူတွေရဲ့ သွေးပါသည့်ကလေးတွေထဲကဟုပင် ထင်လောက်သည်။

ရိုစာ၏ စိတ်သည် အတက်အကျမမှန်။ လမ်းခုလတ် ရွာတစ်ရွာမှာ မက်ဂဒါကို ပေးခဲ့ရလျှင်ကောင်းမည်ဟု အတွေးဝင်၏။ လူတန်းထဲမှ ခဏထွက်ပြီးလျှင် လမ်းဘေး ရပ်ကြည့်နေသူ အမျိုးသမီးတစ်ဦးလက်ထဲ မက်ဂဒါလေးကို ထည့်ခဲ့ချင်၏။ သို့သော် လူတန်းထဲမှ ထွက်လိုက်လျှင် သူ့ကို လှမ်းပစ်လိုက်နိုင်သည်။ လှစ်ခနဲ ဘေးထွက်ပြီး လူစိမ်းမိန်းမ တစ်ယောက်လက်ထဲ စောင်ထုပ်ကလေးကို ထိုးထည့်ပေးလိုက်နိုင်သည်ထားဦး၊ ထိုအမျိုးသမီးက လက်ခံပါ့မလား။ ထို လူစိမ်း မိန်းမသည် ကြောင်သွားနိုင်သည်။ သို့မဟုတ် ကြောက်သွားနိုင်သည်။ တဘက်ဖြင့်ထွေးထားသည့် အရာကို လွှတ်ချပစ်လိုက်နိုင်သည်။ သို့ဆိုလျှင် မက်ဂဒါသည် မြေပြင်နှင့် ခေါင်းနှင့်ရိုက်၊ ဦးဇက်ပွင့်ကာ သေသွားလိမ့်မည်။ လုံးလုံးဝိုင်းဝိုင်း သူ့ခေါင်းကလေး ကြမွသွားလိမ့်မည်။ မက်ဂဒါလေးကလည်း ဘယ်လောက်လိမ္မာလိုက်သလဲဆို အငိုတိတ်ပေးရှာသည်။ ရိုစာ၏ နို့ပိန်နို့ခြောက်ကိုသာ တပြွတ်ပြွတ်စို့နေတော့၏။ သွားဖုံးနုလေးများဖြင့် ကိုက်ထားသည်။ အောက်သွားဖုံးမှာတော့ ထွက်သစ်ပြူစ သွားကလေးတစ်ချောင်းက ဖြူဆွတ်ဆွတ် တောက်ပလျက်။ ချစ်စရာ စကျင်ကျောက် အုတ်ဂူလေးတစ်လုံးလို လင်းလက်လျက်။ မက်ဂဒါသည် မထွက်လေသောနို့ကို ဆက်မစို့တော့ပေ။ အသာတကြည်ပဲ ရပ်လိုက်သည်။ ပထမဆုံး ဘယ်ဘက်နို့၊ ပြီးတော့ ညာဘက်နို့။ ရိုစာ၏ သားမြတ်နှစ်ဖက်စလုံးသည် ပပ်ကြားအက်ကာ နို့နံ့ပင်မရတော့။ နို့ရည်ပေါက်များ မရှိတော့ပြီ။ မီးတောင်သေ တစ်လုံးနှင့်တူ၏။ ကန်းသောမျက်စိနှင့်တူ၏။ အေးစိမ့်စိမ့် တွင်းတစ်တွင်းနှင့်တူ၏။ မက်ဂဒါသည် စောင်တဘက်အနားစတစ်ဖက်ကိုသာ သားမြတ်အမှတ်ဖြင့် ကိုက်ယူစုပ်နေတော့သည်။ တဘက်အနားစမျှင်များ စိုစွတ်လာသည်အထိ စုပ်သည်။ တဘက်စောင်၏ ရနံ့သင်းသင်းကလေး။ လိုင်နင်သားပိတ်မှရသော နို့ရည်ကလေး။ 

ယင်းသည် မှော်ဝင်သော တဘက်စောင်ကလေးပင် ဖြစ်၏။ ကလေးငယ်ကို သုံးရက်နှင့်သုံးညတိုင်တိုင် အာဟာရပေးနိုင်ခဲ့သည်။ မက်ဂဒါ မသေခဲ့။ အသံမထွက်သော်လည်း အသက်မထွက်ခဲ့ပေ။ သူ့ခံတွင်းမှ သစ်ကြမ်းပိုးနှင့် ဗာဒံအနံ့လို အနံ့ထူးကို ရသည်။ မျက်တောင်မှိတ်ဖို့၊ မှေးစက်ဖို့ မေ့နေသည့်အလား တစ်ချိန်လုံး မျက်စိနှစ်ဖက်ကို ဖွင့်ထားသည်။ ရိုစာသည်လည်းကောင်း တစ်ခါတစ်ရံတွင် စတယ်လာသည်လည်းကောင်း မက်ဂဒါ၏ မျက်လုံးပြာပြာလေးများကို သေချာစူးစမ်းကြသည်။ သူတို့သည် ခရီးတစ်လျှောက်လုံး လေးလံလှသော ခြေနှစ်ဖက်၏ ဝန်ကိုထမ်းပိုးသွားရင်းနှင့်ပင် မက်ဂဒါ၏ မျက်နှာကို စူးစမ်းကြသည်။ “အာရိယန်” ဟု စတယ်လာက ပြော၏။ သူ့အသံက ကြိုးမျှင်တစ်ချောင်းလို သေးငယ်စူးရှသောအသံ။ မက်ဂဒါ့ကို စိုက်ကြည့်နေသော စတယ်လာသည် ရိုစာ့အမြင်တွင် လူသားစားသတ္တဝါလေး တစ်ကောင်နှင့် တူသည်။ စတယ်လာ့ပါးစပ်က “အာရိယန်” ဟု ထွက်လာသောအခါ ထိုအသံသည် ရိုစာ၏ နားဝတွင် “သူ့ကိုပဲ စားလိုက်ကြရအောင်” ဟု ပြောနေသလို ကြားယောင်မိသည်။

မက်ဂဒါသည် ထိုနေ့က ထလမ်းလျှောက်ဖို့အတွက် အသက်ရှင်နေခဲ့ခြင်းဖြစ်သည်။ သည်လောက်ထိရောက်အောင် သူ ရှင်သန်ခဲ့သည်။ သို့သော် လမ်းတော့ ကောင်းကောင်း မလျှောက်နိုင်ရှာ။ ဘယ်လျှောက်နိုင်ပါ့မလဲ၊ ခုမှ သူက အခါလည်နှင့်သုံးလပဲရှိသေးသည်။ နောက်ပြီး ခြေသလုံး ပလွေရိုးလေးနှစ်ချောင်းက ဗိုက်ဖောင်းဖောင်းလေးကို ထောက်မ မထားနိုင်။ သူ့ဗိုက်ကလေးက လေတွေနှင့် ပူဖောင်းနေသည်။ ဗိုက်ပူနံကားလေးဖြစ်နေသည်။ ရိုစာက သူရသမျှ အစာကို မက်ဂဒါ့ကို ကျွေးသည်။ စတယ်လာကတော့ ဘာမှ မကျွေး။ သူကိုယ်တိုင်ကလည်း မွတ်သိပ်နေသော၊ ဖွံ့ထွားဆဲဖြစ်သော ကလေးတစ်ယောက်မဟုတ်လား။ သို့သော် စတယ်လာ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုသည် ပြောရလောက်အောင် မဟုတ်။ စတယ်လာတစ်ယောက် ဥတုသွေးမဆင်း။ ရိုစာတစ်ယောက်လည်း ရာသီမလာ။ ရိုစာသည် မွတ်လည်း မွတ်သိပ်၏။ မွတ်လည်း မမွတ်သိပ်။ လက်ချောင်းကို စုပ်၍အရသာခံ သောက်နည်းကို မက်ဂဒါ့ထံက သူ သင်ယူခဲ့သည်။ ရိုစာတို့သည် သနားညှာတာစိတ် အလျင်းမရှိသော နေရာတစ်ခု၌ ရောက်နေကြ၏။ ရိုစာ့တွင် ရှိရှိသမျှ သနားစိတ်တို့သည် ချုပ်ငြိမ်း ကွယ်ပျောက်ခဲ့ပြီ။ စတယ်လာ၏ အရိုးပြိုင်းပြိုင်းကိုယ်ကို ရိုစာသည် သနားခြင်းအလျှင်းမရှိဘဲ ကြည့်ရှုလေသည်။ စတယ်လာသည် မက်ဂဒါ သေမည့်အချိန်ကို စောင့်ဆိုင်းနေမှန်း ရိုစာ သိ၏။ စတယ်လာသည် ကလေး၏ ပေါင်သားနှစ်ဖက်ကို ကိုက်ဝါးလိုစိတ်ပြင်းပြနေလေသည်။

မကြာမြင့်မီမှာတင် မက်ဂဒါလေး သေတော့မည်ဟု ရိုစာ သိသည်။ သေမယ်ဆိုလည်း သေပြီးနေခဲ့လောက်ပါပြီ။ သို့သော် မက်ဂဒါသည် ထိုမှော်ဝင်စောင်တဘက်လေးအောက် အနက်ကြီးထဲ အမြှုပ်နှံထားခဲ့ရ၏။ တဘက်အောက်ထဲ၌ မက်ဂဒါသည် ရိုစာ၏ တလှုပ်လှုပ်ရင်သားမို့မို့ကြီးနှစ်ဖက် အသွင်ဆောင်လျက် ပုံမှားရိုက်ခဲ့လေသည်။ ရိုစာကလည်း သူ့တစ်ကိုယ်စာသာ ခြုံဘိသည့်အလား တဘက်စောင်ကို ကိုယ်နှင့်မကွာ အတင်းကပ်ထား၏။ မည်သူမျှ သူ့စောင်ကို ယူမသွား။ မက်ဂဒါသည် အသံ မထွက်တော့။ လုံးဝကို မငို။ တန်းလျားထဲ ရိုစာက မက်ဂဒါ့ကို တဘက်ဖြင့်ပတ်၍ ဝှက်ထားခဲ့သည်။ သို့သော်လည်း တစ်နေ့နေ့တော့ တစ်ယောက်ယောက်က သွားအတို့အထောင်လုပ်လိမ့်မည်မှန်း သူ သိသည်။ တစ်နေ့ကျလျှင် စတယ်လာထက်တောင် အကြံဦးပြီး မက်ဂဒါ့ကို ခိုးစားသူရှိလာလိမ့်မည်မှန်း သူသိသည်။ မက်ဂဒါလေး လမ်းစလျှောက်သောအခါ မကြာခင်ပဲ မက်ဂဒါသေတော့မည်ဟု ရိုစာ သိသည်။ တစ်ခုခု ဖြစ်တော့မည်။ အိပ်ပျော်သွားမှာ ရိုစာကြောက်သည်။ ခြေထောက်တစ်ဖက်ကို မက်ဂဒါ့ကိုယ်ပေါ် ခွတင်၍ အိပ်သည်။ မက်ဂဒါ့ကို ခြေထောက်ဖြင့် ဖိသတ်လိုက်သလို ဖြစ်သွားမှာတော့ ရိုစာ ကြောက်သည်။ ရိုစာ၏ ကိုယ်အလေးချိန်သည် တစစ လျော့ကျလာ၏။ ရိုစာနှင့် စတယ်လာတို့သည် အခိုးအငွေ့အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲလာနေလျက် ရှိသည်။

ငြိမ်သက်တိတ်ဆိတ်နေသော မက်ဂဒါ။ သို့သော် ကြောက်စရာကောင်းလောက်အောင် အသက်ဝင် နေဆဲ မျက်လုံးများ။ ထိုမျက်လုံးများက ရှားပါးကျားပြာများနှင့် တူသည်။ မက်ဂဒါသည် ထိုမျက်လုံးများဖြင့် ကြည့်ရှုသည်။ တစ်ခါတစ်ရံ ရယ်သည်။ ရယ်သည်ဟု ထင်ရ၏။ သို့သော် မည်သို့ ဖြစ်နိုင်ပါ့မလဲ။ လူတစ်ယောက် ရယ်သည်ကို ယနေ့အထိ မက်ဂဒါ တစ်ခါမျှမမြင်စဖူး။ သို့သော်လည်း လေတိုက်၍ စောင်အနားစများ လှုပ်သွားတိုင်း သူ ရယ်နေတတ်တုန်း။ ထိုလေတွင် အမှုန်အမွှားမည်းမည်းများ ပါ၏။ ထိုလေကြောင့် စတယ်လာနှင့် ရိုစာတို့ မျက်လုံးများစပ် မျက်ရည်တွေ ထွက်ကြသည်။ မက်ဂဒါ့မျက်လုံးများကတော့ ကြည့်လိုက်တိုင်း ကြည်လင်ခြောက်သွေ့နေ၏။ မက်ဂဒါသည် ကျားတစ်ကောင်လို ကြည့်ရှုတတ်သည်။ သူ့ကိုယ်ပေါ်က စောင်တဘက်ကို သူများ အယူမခံ။ မည်သူမျှ လာထိလို့မရ။ ရိုစာတစ်ဦးသာ လာထိလို့ရသည်။ စတယ်လာကိုလည်း လာထိခွင့်မပေး။ ထို တဘက်စောင်သည် မက်ဂဒါ၏ ရင်သွေး၊ မက်ဂဒါ၏ အိမ်မွေးတိရစ္ဆာန်လေး၊ မက်ဂဒါ၏ ညီမလေး။ ထို တဘက်ခြုံလွှာထဲက သူမထွက်။ ငြိမ်ငြိမ်လေး နေချင်သည့်အခါတိုင်း တဘက်အနားစွန်းတစ်စကို ကိုက်၍စုပ်နေတတ်သည်။

ထို့နောက်မှာတော့ စတယ်လာသည် ထိုရှောစောင်ကို လုယူသွားပြီးလျှင် မက်ဂဒါကို သေတွင်းပို့လိုက်တော့သည်။

နောင်တွင် စတယ်လာသည် “သမီးချမ်းနေလို့ပါ” ဟု ပြောသည်။ ထို့နောက်မှာလည်း သူသည် တစေ ချမ်းနေသည်။ ချမ်းပြီးရင်းချမ်းနေတော့သည်။ အေးစက်ခြင်းသည် သူ့နှလုံးသားထဲ ဝင်ရောက်သွားခဲ့ပြီ။ စတယ်လာ၏ နှလုံးသားသည် အေးစက်နေမှန်း ရိုစာ သိ၏။ မက်ဂဒါသည် သူ့တဘက်ကို လိုက်ရှာသည်။ ပုလွေရိုးလေး နှစ်ချောင်းက ဟပ်ထိုးဟပ်ထိုး သွားနေသည်။ ထိုခြေနှစ်ချောင်းသည် အလင်းရောင်ဝင်ရာ တန်းလျားအပေါက်ဝ၌ တုံ့တုံ့ဆိုင်းဆိုင်း ဖြစ်သွား၏။ လှမ်းမြင်လိုက်သည့် ရိုစာက နောက်မှလိုက်သည်။ သို့သော် မက်ဂဒါသည် တန်းလျားအပြင်ဘက် ရွှင်မြူးသော နေရောင်ခြည်အောက် မြေကွက်လပ်သို့ ရောက်သွားခဲ့ပြီ။ ထိုနေရာသည် နာမည်ခေါ် လူစစ်သော နေရာဖြစ်သည်။ မနက်တိုင်း ရိုစာသည် မက်ဂဒါကို တန်းလျား၏ အတွင်းနံရံတစ်ဖက်နား စောင်ဖြင့် ထွေးပတ်ကာ ဝှက်ထားခဲ့ရပြီးလျှင် စတယ်လာ၊ ရာနှင့်ချီသောတခြားသူများနှင့်အတူ ထိုမြေကွက်လပ်သို့ ထွက်၍တန်းစီရသည်။ တစ်ခါတစ်ရံတွင် နာရီနှင့်ချီ ကြာသည်။ မက်ဂဒါသည် စောင်အနားစကို စုပ်လျက် စောင်ဖြင့်ရစ်ပတ်လျက် အသံမထွက်ဘဲ တစ်ယောက်တည်း ကျန်နေခဲ့သည်။ နေ့တိုင်း မက်ဂဒါသည် အသံမပြု။ ထို့ကြောင့်လည်း သူ မသေခဲ့။ သည်နေ့တော့ မက်ဂဒါ့အတွက် နောက်ဆုံးနေ့ရောက်ပြီဟု ရိုစာသိလိုက်သည်။ တစ်ချိန်တည်းမှာပင် လိပ်ပြာလွင့်မတတ် ကြောက်စရာ ကောင်းသော ပျော်ရွှင်မှုသည် ရိုစာ၏ လက်ဖဝါးနှစ်ဖက်တွင် ခံစားလိုက်ရ၏။ လက်ချောင်းများ ပူနွေးလာသည်။ ရိုစာသည် မှင်တက်မိနေသည်။ အဖျားသွေးတွေ တိုးလာသည်။ နေရောင်အောက်က မက်ဂဒါ၊ ပုလွေရိုး ခြေထောက် နှစ်ချောင်းဖြင့် ဘယ်ယိမ်းညာယိုင် မက်ဂဒါသည် ဝူးဝူးဝါးဝါး အော်နေပါပကော။ 

ရိုစာ၏သားမြတ်တို့ နို့ရည်ခန်းခြောက်သွားကတည်းက၊ လမ်းခရီးမှာ မက်ဂဒါ နောက်ဆုံးအကြိမ် အော်ငိုခဲ့စဉ်ကတည်းက မက်ဂဒါသည် အသံတစ်သံကိုသော်မျှ မထွက်ခဲ့တော့။ မက်ဂဒါသည် အအဖြစ်နေခဲ့သည်။ လည်ချောင်းရှိ အသံကြိုးများ၊ လေပြွန်၊ အသံအိုးတို့သည် ချို့ယွင်းချက်တစ်ခုခု ဖြစ်သွားခဲ့ပြီဟု ရိုစာ ယုံကြည်သည်။ မက်ဂဒါသည် ဆွံ့အသူ ဖြစ်သည်။ နဂိုကတည်းက နားမကြားသူလည်း ဖြစ်နိုင်သည်။ ဉာဏ်ရည် ပုံမှန်အလုပ်မလုပ်တာများလား။ မက်ဂဒါသည် အသံမထွက်နိုင်ပြီ။ ပြာမှုန့်တို့ဖြင့် မသန့်ရှင်းသည့် လေကြောင့် စောင်အနားများ လှုပ်ခါသည်ကို ကြည့်၍ သူရယ်သည်ဆိုသော်လည်း ၎င်းသည် လေကိုမှုတ်ထုတ်ရာမှ သွားများပေါ်လာခြင်းမျှသာဖြစ်သည်။ ဆံပင်မှသန်းများ၊ ကိုယ်ပေါ်မှသန်းများကြောင့် စိတ်တိုသောအခါ မက်ဂဒါသည် ရိုစာတို့တန်းလျားထဲ နေ့အခါ စားစရာ အသေကောင်ကို လိုက်ရှာတတ်သော ကြွက်ကြီးများပမာ အရိုင်းစိတ်ဝင်နေတတ်၏။ ထိုအခါမျိုးမှာတောင် မက်ဂဒါသည် ဆွံ့အတိတ်ဆိတ်လျက်သာလျှင် ပွတ်သပ်၊ ကုတ်ခြစ်၊ ကန်ကျောက်၊ ကိုက်ခဲ၊ လူးလှိမ့်၏။ သို့သော် ယခုတော့ မက်ဂဒါ၏ပါးစပ်မှ ဆွဲဆွဲငင်ငင် အသံရှည်ကြီးတစ်သံကို ထုတ်လွှတ်နေလေသည်။

“မားးး...”

ရိုစာ၏ သားမြတ်အစုံမှ နို့ရည်တို့ခန်းခြောက်သွားသည့်နောက်ပိုင်း မက်ဂဒါ၏လည်ချောင်းမှ ပထမဆုံးအကြိမ် ရိုက်ခတ်ထွက်ပေါ်လာသည့် စူးစူးဝါးဝါးအသံဖြစ်သည်။

“မားးး...အား...”

ကြည့် ... လုပ်ပြန်ပြီ။ မြေကွက်ထဲ အန္တရာယ်များလွန်းသော နေရောင်ခြည်အောက်တွင် အသည်းယားချင်စရာ ပုလွေရိုးကလေးနှစ်ချောင်းသည် မက်ဂဒါ့အား ယိုင်တိယိုင်ထိုး သယ်ဆောင်နေလေသည်။ ရိုစာ သိသည်။ မက်ဂဒါသည် သူ့စောင်တဘက်ကို မတွေ့တော့သဖြင့် စိတ်ဆင်းရဲနေမှန်း သိသည်။ မက်ဂဒါ သေရတော့မည်မှန်း ရိုစာ သိသည်။ ရိုစာ၏ သားမြတ်အစုံ၌ ညွှန်ကြားချက်များ လှိုင်းဆင့်သလို ထွက်ပေါ်လာ၏။ သွားယူစမ်း၊ ပြန်ခေါ်ခဲ့စမ်း။ သို့သော် ရိုစာသည် မက်ဂဒါနှင့် တဘက်စောင်ရှိရာ ဘယ်ကို အလျင်သွားရမည်မှန်း မဝေခွဲနိုင်။ မက်ဂဒါကို မြန်မြန်ပြန်ခေါ်ဖို့ ကွက်လပ်ထဲ သုတ်သုတ်သွားလျှင်လည်း စောင်ကိုမမြင်လျှင် မက်ဂဒါသည် အသံတိတ်ဦးမည် မဟုတ်။ သို့သော် တန်းလျားထဲ ပြန်ဝင်ကာ တဘက်ကိုရှာ၊ ရှာတွေ့ပြီးမှ မက်ဂဒါနောက်ကိုလိုက်၍ သူ့ရှေ့မှာ တဘက်ကို ကိုင်မြှောက်ပြ၊ လှုပ်ယမ်းပြပြီးမှ မက်ဂဒါ့ကို ပြန်ခေါ်မည်ဆိုလျှင်တော့ မက်ဂဒါသည် တဘက်ကို ပါးစပ်မှာပြန်ကိုက်ပြီး ငိုသံပြန်တိတ်လိမ့်မည်။

ရိုစာသည် တန်းလျား၏အမှောင်ရိပ်အောက် ဝင်လာခဲ့၏။ ရှောစောင်ကို ရှာရမခက်ပါ။ ပိန်လှီလှသော အရိုးပဒေသာ စတယ်လာသည် တဘက်ခြုံအောက် ပုံ့ပုံ့ကလေး အိပ်နေသည်။ ရိုစာသည် တဘက်ကို စတယ်လာ့ကိုယ်ပေါ်မှ ဆွဲခွာ ယူ၍ အပြင်မြေကွက်လပ်ရှိရာသို့ ငှက်သဖွယ် ပျံ၍ လာခဲ့သည် (တကယ်လည်းရိုစာသည် အခိုးအငွေ့မျှသာဖြစ်၏။ လေလိုလွင့်မျောသွားနိုင်သည်)။ နေအပူသည် တပါးသောသက်ရှိဘဝတစ်ခုအကြောင်း၊ နွေခါကာလမှာ ပျံဝဲတတ်သော လိပ်ပြာတို့အကြောင်းကို တိုးတိုးဖွဖွ ပြော၏။ အသားကိုလာထိသော နေခြည်က ငြိမ်သက် နူးညံ့တောက်ပလျက်။ သံမဏိဆူးကြိုးများ၏ ဟိုမှာဘက် အဝေးမှာတော့ မြက်ရိုင်းပင်ရှည်ရှည်တို့ကြားတွင် ဒုဓလီပန်းများနှင့် အရောင်ရင့်ရင့် နီလာပန်းများကို မြင်ရသည်။ သာ၍ဝေးရာဆီမှာတော့ ပြစ်မျိုးမှည့်မထင်သော လိမ္မော်ရောင် သဇင်ပန်းလေးများက ကော့ပျံတက်နေသည်။ တန်းလျားမှာဆိုရင်တော့ ရိုစာတို့သည် “ပန်းများ” အကြောင်း၊ “မိုး” အကြောင်း ပြောကြ၏။ ကျင်ကြီးများ၊ ဖွတ်မြီးထိုးထားသည်နှင့်တူသော မစင်တုံးများ၊ အထက်ထပ်အိပ်စင်များမှ တသွင်သွင် စီးကျနေသော အော်ဂလီဆန်စရာ နီညိုရင့်ရင့် ရေတံခွန်များ။ အနံ့အသက်သည် ရိုစာ၏အရေပြားပေါ် စွဲထင်နေသော ထူထဲထဲ ညိုမှိုင်းမှိုင်း မီးခိုးငွေ့များနှင့် ပေါင်းစပ်သွား၏။ အပြင်မြေကွက်လပ် အစပ်အရောက် ရိုစာ ခဏလေး ရပ်နေသည်။ တစ်ခါတစ်ရံမှာတော့ လျှပ်စစ်ဓာတ်လွှတ်ထားသည့် သံဆူးကြိုးများထဲမှ စကားသံလိုလိုများ ကြားရသည်။ စတယ်လာကတောင် စိတ်ထင်တာပါဟု ပြောသည်။ သို့သော် ရိုစာသည် ဝိုင်ယာကြိုးများထဲမှ တကယ့် စကားသံများ ကြားရခြင်းဖြစ်သည်။ ဝမ်းနည်းသံပါသော တကျွိကျွိအသံများကို ကြားရခြင်းဖြစ်သည်။

ခြံစည်းရိုးမှ ဝေးကွာနေလေ ထိုအသံများက ရိုစာ့နားထဲ ပို၍ ပြတ်ပြတ်သားသား ပြုံတိုးဝင်လာလေဖြစ်သည်။ ထိုအသံများသည် နာနာကျင်ကျင် ကြေကြေကွဲကွဲ သံမြည်ဟစ်ကြွေးနေခြင်းဖြစ်၏။ ကိုယ့်စိတ်ကိုယ်လှည့်စားသော မာယာအသံများ မဖြစ်နိုင်တော့။ သံသယဖြစ်စရာလုံးဝနတ္ထိ။ ထိုအသံများက ရိုစာ့အား ရှောစောင်ကို မြင့်မြင့်ကိုင်မြှောက် ခိုင်းနေ၏။ လှုပ်ခါပြခိုင်းနေ၏။ တရွှမ်းရွှမ်းရိုက်ခိုင်း၏။ အလံတစ်ခုလို လွှင့်ခိုင်းနေ၏။ ရိုစာသည် ရှောစောင်တဘက်ကို ကိုင်မြှောက်၏။ လှုပ်ယမ်း၏။ ကြာပွတ်သဖွယ် ရိုက်၏။ အလံလို ဖြန့်လွှင့်၏။ ဟိုးဝေးဝေး၊ လိုက်မမီနိုင်သော အဝေးမှာတော့ မက်ဂဒါသည် လေဖောင်းဗိုက်ပူလေးကို အောက်မှာထားပြီး အလျားမှောက်လျက်ရှိသည်။ လက်မောင်းပိန်ကလေးနှစ်ဖက်က ရှေ့ကိုတစမ်းစမ်း တယမ်းယမ်းဖြစ်နေသည်။ သို့သော် မက်ဂဒါသည် မြေပေါ်မှာမဟုတ်။ သူသည် လေထဲ အမြင့်တစ်နေရာမှာ ယက်ကန်ယက်ကန် ဖြစ်နေခြင်းဖြစ်၏။ လူတစ်ယောက်၏ ပခုံးထက်မှာ ဖြစ်၏။ သို့သော် မက်ဂဒါကို ထမ်းတင်ထားသော ပခုံးသည် ရိုစာရှိရာ၊ ရှောစောင်ရှိရာသို့ လာနေခြင်းမဟုတ်။ ဆန့်ကျင်ဘက်ဝေးရာသို့ ဦးတည်နေခြင်းဖြစ်သည်။ မက်ဂဒါသည် ရိုစာ့မြင်ကွင်းတွင် အစက်အပြောက်ကလေး တစ်ခုအဖြစ်ဖြင့် မီးခိုးမြူများ ထနေသော အဝေးသို့သာ တရွေ့ရွေ့သွားနေတော့သည်။ ထိုပုခုံး အထက်မှာတော့ သံခမောက်တစ်လုံးက လင်းခနဲ လက်။ နေခြည်သည် သံခမောက်ကို ထိမှန်လျက် ပြိုးခနဲပြက်။ ထိုသံခမောက်၏အောက်မှာ မရဏဝတ်ရုံနက်နှင့်တူသော မဟူရာခန္ဓာကိုယ်တစ်ခု။ ဘွတ်ဖိနပ်အမည်းတစ်ရံက လျှပ်စစ်လွှတ်ထားသော သံဆူးကြိုးများဆီ တလွှားလွှားပြေးနေ၏။ စက်ရုပ်သံနှင့်တူသော အသံများက အထိမ်းအကွပ်မဲ့လာပြီး ပိုဆူညံလာကြသည်။ “မားးးးမားးး ... မားးးမားးး” ဟု သံပြိုင်အော်မြည်ကြသည်။ မက်ဂဒါသည် ရိုစာနှင့် အဝေးကြီး ဝေးသွားခဲ့ပြီကော။ တန်းလျားဆောင်ပေါင်း တစ်ဒါဇင်ခန့်အလွန်၊ ကွက်လပ်ကျယ်ကြီးတစ်ခုလုံး၏ ဟိုမှာဘက်ကို ရောက်သွားခဲ့ပြီ။ ဘဝခြားပြီ၊ အလွှာခြားပြီ။ ယခု မက်ဂဒါသည် ပိုးဖလံကောင်မျှသာ မြင်ရတော့သည်။

မျက်စိတစ်မှိတ်အတွင်း မက်ဂဒါသည် လေထဲ ကူးခတ်သွားတော့သည်။ သူ့တစ်ကိုယ်လုံးသည် အမြင့်ကြီးမြောက်တက် သွားသည်။ ဘော်သာခွာကြူစပျစ်နွယ်တစ်ပင်နှင့် သွားထိလိုက်သော လိပ်ပြာလေးတစ်ကောင်နှင့် တူ၏။ မက်ဂဒါ၏ ဆံမွေးဖွားဖွားနှင့် ဦးခေါင်းကလေးသည်လည်းကောင်း၊ ဘောလုံးလို ပူပူဖောင်းဖောင်း ဗိုက်လေးသည် လည်းကောင်း၊ ကွေးကွေးကောက်ကောက် လက်နှစ်ဖက်သည်လည်းကောင်း သံဆူးကြိုးနှင့် ဖြန်းခနဲသွားရိုက်မိသည်။ တဂျစ်ဂျစ် မြည်သံများသည် ထိန်းမနိုင်သိမ်းမရ ဆူညံအော်ဟစ်လာကြသည်။ လျှပ်စစ်လွှတ် သံဆူးကြိုးများနှင့် မက်ဂဒါ ရိုက်မိပြီး ပြုတ်ကျသွားသည့်နေရာသို့ ရောက်အောင် ရိုစာ့ကို ပြေးခိုင်းနေကြသည်။ ရိုစာသည် ထိုအသံများ၏ စေညွှန်ရာသို့မလိုက်။ (ဘယ်လိုက်ပါ့မလဲ)။ သူသည် ရပ်လျက်သာ နေလေသည်။ သူပြေးသွားလျှင် ဟိုလူတွေက လှမ်းပစ်မည်မလွဲမုချ။ မက်ဂဒါ့ကိုယ်ခန္ဓာကို ကောက်ယူပွေ့ချီလိုက်လျှင် သူတို့က လှမ်းပစ်လိမ့်မည်။ အရိုးပဒေသာ သူ့ခန္ဓာ၏ အတွင်းလှေကားတစ်လျှောက် တလိပ်လိပ်တက်လာသော ဝံပုလွေအူသံကို အပြင်ထွက်ခွင့်ပေးလိုက်လျှင် သူတို့က လှမ်းပစ်လိမ့်မည်။ ထို့ကြောင့်လည်း ရိုစာသည် မက်ဂဒါ၏ စောင်တဘက်လေးကိုသာယူလုံး၍ ပါးစပ်ထဲအတင်းဆို့ပိတ် လေ၏။ ခံတွင်းထဲထည့်၏။ ထည့်နိုင်သမျှထည့်၏။ ရင်ခေါင်းထဲက ဝံပုလွေအူသံကို ပြန်မျိုချနိုင်သည်အထိ၊ မက်ဂဒါ့တံတွေးမှ ရသော သစ်ကြံပိုးခေါက်နံ့နှင့် ဗာဒံနံ့စူးစူးကို အရသာခံလို့ရသည်အထိ ပါးစပ်ကိုသာ အတင်းဆို့၏။ ပြီးလျှင် ရိုစာသည် မက်ဂဒါ၏ ရှောစောင်ကလေး ခြောက်သွေ့သွားသည်အထိ သောက်သုံးလေသတည်း။

Cynthia Ozick ရေးသားသည့် The Shawl ဝတ္ထုတိုကို ပြန်ဆိုပါသည်။ 

The New Yorker Magazine Fiction May 26, 1980 Issue

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...