Skip to main content

ဂျူလီ

“ဟဲ့ နင်ဘယ်လာတာလဲ”

ရုတ်တရက် ကြားလိုက်တဲ့ ခေါ်သံကြောင့် ကျနော် လှည့်ကြည့်လိုက်တော့ ကျနော့်ညာဘက်ဘေး သုံးပေ အကွာလောက်နား လက်ထဲမှာ ပစ္စည်းပစ္စယတွေကိုင်ပြီး ရပ်နေတဲ့ ဂျူလီ့ကိုတွေ့လိုက်တာပါပဲ။ ရုတ်တရက် တော့ သူ့ကိုမမှတ်မိဘူး။ ရှည်လာတဲ့ဆံပင်ကို အဝါနဲ့အနီရောင် ဟိုက်လိုက်ဖောက်ထားပြီး နည်းနည်း ကောက်ထားတာရယ်၊ မဆိုစလောက်လေး ဝလာတာရယ်ကြောင့်ရယ်၊ လုံးဝ ထင်မထားတဲ့ အချိန်မှာ တွေ့တာကြောင့်ရယ် နှစ်စက္ကန့်လောက် ကျနော် သူ့ကို ကြောင်ငေး ကြည့်နေပြီးမှ အသိဝင်လာတယ်။ 

သရုပ်ဖော် - ငုအိမ်ထက်မြက်

“ဪ အင်း ... ပါဝါဘန့်ခ်တစ်ခု ဝယ်စရာရှိလို့ လှည်းတန်းစင်တာအောက်က Remax ကို လာတာ”

“ဟုတ်လား ... ငါလည်း ခုပဲ လှည်းတန်းစင်တာထဲကနေ ထွက်လာတာ၊ နင် ခု ဘယ်မှာ ဘာတွေလုပ်နေလဲ”

ဂျူလီ့အမေးကို ကျနော် ချက်ချင်းပြန်မဖြေမိဘဲ နှုတ်ခမ်းတွေက အလိုအလျောက် ကွေးတွန့်သွားတယ်။ ပြုံးလိုက် ရယ်လိုက်လုပ်တိုင်း နဂိုကမှ ကျဉ်းရတဲ့ မျက်စိမှေးမှေးက ပိတ်ပိတ်သွားတတ်လို့ ‘တရုတ်ကလေး’ လို့ ဂျူလီက အမြဲ ခေါ်တာ ခံခဲ့ရဖူးတဲ့ ကျနော်ဟာ ခုလည်း ဂျူလီ့အမြင်မှာ မျက်မှေးကလေး ဖြစ်သွားဦးမှာပဲဆိုတာ စိတ်ထဲက သိလိုက်ပြီး စိတ်မှာ မလုံသလိုလေး ဖြစ်သွားတယ်။ ရှူးဖိနပ်ထဲက ကျနော့် ခြေထောက်နှစ်ချောင်းက ခြေစုံမတ်မတ် ရပ်နေရာကနေ နည်းနည်း ကွေးသလိုလို၊ ချဲသလိုလို။ 

“နင်အချိန်ရလား ... လာလေ တစ်ခုခုသောက်ရအောင်။ ငါတိုက်ပါ့မယ်”

ကျနော် ဘာမှပြန်မဖြေရသေးခင်မှာပဲ ဂျူလီက သူ့နဂိုအကျင့်အတိုင်း ဆိုးဆိုးဆတ်ဆတ်နဲ့ ပြောပြီး ကျနော့်ကို ရှေ့ကနေ ဦးဆောင်ခေါ်သွားတော့တာပဲ။ ကျနော် အချိန်ရမရ၊ “တစ်ခုခု” သောက်ချင်စိတ် ရှိမရှိတောင် သူက စကားပြန် မစောင့်တော့ဘူး။ ဒါ ဂျူလီ့အကျင့်ပါပဲ။ 

လူတွေရှုပ်နေတဲ့ ပလက်ဖောင်းက လမ်းဘေးဈေးသည်တွေကြောင့် ကျဉ်းရတဲ့အထဲ လမ်းဘေးကပ်ပြီး တက္ကစီတွေက နှစ်ထပ်တွေ ရပ်ထား ကြတော့ လူက ကတ္တရာလမ်းပေါ် ဆင်းလျှောက်ရတယ်။ အေးအေးဆေးဆေး ရင်ပေါင်တန်းလျှောက်လို့ မရတဲ့ကြားက ဂျူလီဟာ နောက်ကို လှည့်လှည့်ပြီး ကျနော့်ကို လှမ်းစကားပြောပါသေးတယ်။ ဟိုသူငယ်ချင်း၊ သည်သူငယ်ချင်းအကြောင်း၊ ဘယ်သူက ဘာဖြစ်နေပြီ၊ ဘယ်ရောက်နေပြီ စသည်ဖြင့်ပေါ့။ 

လှည်းတန်းစင်တာ ပထမထပ်ကို ပြန်တက်ပြီး Remax မှာ ကျနော် ပါဝါဘန့်ခ်ဝယ်တာကို သူလိုက်ပြီး ဘေးကနေ စောင့်ပေးတယ်။ ရွေးတာနဲ့၊ စမ်းတာနဲ့၊ ငွေချေတာနဲ့ ဆယ့်ငါးမိနစ်၊ မိနစ် နှစ်ဆယ်တော့ ကြာမလားပဲ။ အားလုံးပြီးတော့မှ Yakun ကို ဝင်ပြီး ကော်ဖီသောက်ကြတယ်။ 

ဆိုင်ထဲမှာ လူသိပ်မရှိလို့ စကားအေးအေးဆေးဆေး ပြောလို့ရတယ်။ ဂျူလီက လမ်းမဘက်ကို လှမ်းမြင် ရတဲ့ မှန်တွေနားက စားပွဲတစ်လုံးကိုရွေးလိုက်တယ်။ 

ကျနော် ကိုယ့်ကိုယ်ကိုယ် အံ့ဩနေတာ။ ကျနော် ဘာမှမဖြစ်သလိုပဲ။ ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး ကျနော် ဂျူလီ့ကို မတွေ့မိအောင် တမင်ရှောင်ခဲ့တာ။ သူ့ကိုမြင်ရင် ကျနော် ခံနိုင်ရည်ရှိမှာမဟုတ်မှန်း သိနေလို့ပဲ။ သူငယ်ချင်းတွေ ဆုံတဲ့ပွဲတွေမှာ သူပါရင် ကျနော် မသွားဘူး။ သူရှိနိုင်မယ့် နေရာတွေ ကျနော် ယောင်လို့တောင် အနားမသီခဲ့ဘူး။ 

Facebook မှာ သူငယ်ချင်းအဖြစ် သူနဲ့ကျနော် ရပ်ဆိုင်းသွားခဲ့ပေမဲ့ နောက် အတော်ကြာတော့ သူက ပြန်လာပြီး သူငယ်ချင်းပြန်လုပ်တယ်။ လက်ခံလိုက်ပေမဲ့ ကျနော် သူ့ကို Unfollow လုပ်ထားခဲ့တယ်။ ဒီနှစ်နှစ်ကျော် သုံးနှစ်အတွင်း တစ်ခါလားပဲ၊ ကျနော် သူ့ကို ဂျန်းရှင်းစကွဲနားမှာ ဖျတ်ခနဲ မြင်လိုက်မိတာ။ ဂျူလီက အဲဒီတုန်းက တီရှပ်အဖြူလေး ဝတ်လို့၊ ခေါင်းကလေး ခါခါခါခါနဲ့ စကားတွေပြောလို့။ သူ့ဘေးမှာတော့ ကျနော်မသိတဲ့ ငနဲ တစ်ကောင်။ ကျနော့်ကိုတော့ သူမမြင်ဘူး။ 

တဖြည်းဖြည်း ရင်ထဲက အနာက ကျက်လာခဲ့ပြီဆိုပေမဲ့လည်း ကျနော် ဖြစ်နိုင်ရင် သူနဲ့ပြန်မတွေ့ချင် ဘူး။ အဟောင်းတွေ အကုန်ပြန်သစ်ကုန်မှာ စိုးလို့ပဲ။ သူငယ်ချင်းဆက်ဆံရေးနဲ့ ဆက်နေလို့ရတာပဲ ဆိုပေမဲ့ ကျနော့် ရင်ထဲ နာနေတာကတော့ အမှန်။ ပြန်တွေ့ရင် အနာဟောင်းပြန်ပေါ်လာမယ်လို့ပဲ ထင်တာပဲ။ ဒါပေမဲ့ပေါ့လေ ခုလို မထင်မှတ်ဘဲ မျက်နှာချင်းဆိုင် ဆိုင်ထိုင်ရတာကြီးက အိပ်မက်လိုပဲ။ ကျနော် အံ့ဩတာက ကျနော် ထင်ထားတာနဲ့ ပြောင်းပြန်။ ကျနော် သိပ်ကို တည်ငြိမ်နေတာ။ ဂျူလီ့ကို ဟိုးအရင့်အရင်တုန်းက သူငယ်ချင်း တစ်ယောက်အဖြစ်နဲ့ပဲ ပြန်မြင်နေတယ်။ ကျနော် စိုးရိမ်နေတဲ့ ဝေဒနာဟောင်းတွေက ပြန်ပေါ်မလာခဲ့ဘူး။

“နင်ကလည်းနော် နေနိုင်လိုက်တာ၊ ဟိုတစ်ခါ ဂဲသားရင်းတုန်းကတောင် မလာဘူး”

ဂျူလီ့ရဲ့ မျက်စောင်းထိုးလိုက်တဲ့ အကြည့်မှာ ကျနော် ရယ်ရုံရယ်ပြီး ကော်ဖီအေးကိုသာ ပိုက်နဲ့စုပ်သောက် နေလိုက်တယ်။ “မအားလို့ပါဟာ အလုပ်စာမေးပွဲရှိနေလို့ပါ” လို့ပဲ သင့်ရုံပြန်ဖြေလိုက်တယ်။ 

“ငါ အခု xxx မှာ လုပ်နေတယ်ဟ။ ပြီးခဲ့တဲ့လကမှ ရာထူးတိုးထားတာလေ။ လစာတော်တော်ကောင်းတယ်၊ ပထမဆုံးအလုပ်မှာတင် ခုလို အခြေအနေကောင်းတာဆိုတော့ တော်တော်လေး ပျော်ရတယ်”

“ဟင် ဟုတ်လား ... ကွန်ဂရက်ကျူးလေးရှင်းပါပဲဟာ ... တကယ်ဝမ်းသာတာပါ။ သူငယ်ချင်းတွေထဲမှာ နင်ရယ်၊ ဟိုကောင် ဝေကြီးရယ်က အခြေအနေ အကောင်းဆုံးပဲ” 

ကျနော် သူ့အတွက် တကယ်ဝမ်းသာတာပါ။ ဟန်လုပ်တာမဟုတ်ပါဘူး။ ကျောင်းမှာကတည်းက စာလုပ်ရမှာ ပျင်းတဲ့၊ ဘဝအတွက်လည်း သိပ်လေးနက်မှုမရှိဘူးလို့ သိထားခဲ့တဲ့ ဂျူလီက ခုတော့ အလုပ်အကိုင် ကောင်းကောင်းနဲ့ အဆင်ပြေနေတယ်လို့ သိရတာ အံ့ဩဖို့လည်း ကောင်းသလို ဝမ်းသာဖို့လည်း ကောင်းပါ တယ်။ ဘာပဲပြောပြော အသက်အရွယ်ကြောင့်ရော၊ လုပ်ငန်းခွင်ထဲ ရောက်သွားတာကြောင့်ရော သူ ရင့်ကျက် ပြောင်းလဲလာခဲ့တယ်လို့ ထင်တာပါပဲ။

နှစ်ယောက်သား နောက်ဆုံးအခြေအနေတွေကို မေးမြန်းဖလှယ်ကြတယ်။ ဟိုကိစ္စကလွဲရင်ပေါ့။ ဒါကိုတော့ နှစ်ဦးစလုံးက ရှောင်မေးကြတယ်။ ကျန်တာတွေကိုပဲ ဝေ့ကာဝိုက်ကာနဲ့။ တကယ်ကတော့ ခုလိုမျိုး ဆိုင်မှာထိုင်ပြီး မျက်နှာချင်းဆိုင် စကားပြောနေတာကိုက ကျနော်တို့နှစ်ယောက်အတွက် အူကြောင်ကြောင် ကြီးပဲ မဟုတ်လား။ တကယ်ဆို စောစောက ပလက်ဖောင်းမှာတွေ့တုန်းက နှုတ်ဆက်ရုံလောက်နဲ့ ပြီးရမှာကို။ 

“ဒါနဲ့ နင့်အမေ ဆုံးသွားတာ ငါကြားလိုက်တယ်။ ငါ လိုက်မပို့နိုင်ခဲ့တာ ခွင့်လွှတ်ပါဟာ။ ငါ အဲဒီတုန်းက ခရီးလွန်နေလို့ပါ”

ကျနော် ညာပြောတာမဟုတ်ပါဘူး။ အဲဒီတုန်းက အလုပ်ကခိုင်းလို့ နယ်ကို ပရိုမိုးရှင်းကိစ္စ ကျနော် ထွက်နေခဲ့တာပါ။ Facebook မှာ unfollow လုပ်ထားလို့ သူ့အမေဆုံးတာ ချက်ချင်းမသိပေမဲ့ တခြား သူငယ်ချင်းတွေက မက်ဆင်ဂျာကနေ လှမ်းပြောကြတယ်။ ကျနော် သူ့အမေအတွက် နာရေးကူငွေ စိုက်ထည့် ပေးထားဖို့ သူငယ်ချင်းတွေကို ပြောလိုက်ပါသေးတယ်။ ဂျူလီ့ဆီကိုတော့ ဖုန်း မက်ဆေ့ချ်ကနေပဲ စိတ်မကောင်းကြောင်း လှမ်းပို့လိုက်ပါတယ်။ ဂျူလီကတော့ နောက်တော်တော်ကြာမှ ‘ကျေးဇူးတင်ပါတယ်’ တစ်ခွန်း ပြန်ပို့တယ်။ 

“ရပါတယ်ဟာ ငါ့ကို ဟိုကောင်တွေ ပြောပါတယ်။ ကိစ္စမရှိပါဘူး။ ရုတ်တရက်ကြီး ဆုံးသွားတော့ဟာ ဘယ်လို ပြောမလဲ ငါ့မှာ ယူကျုံးမရပဲ။ အမေ့စိတ်နဲ့ ငါလည်း ဗုံးဗုံးကိုလဲတာ”

ပြောရင်း ဂျူလီ့မျက်ဝန်းထဲမှာ မျက်ရည်လေးတွေ ဝိုင်းစပြုလာတာ သတိထားလိုက်မိတယ်။ မေ့မေ့ ပျောက်ပျောက် ဖြစ်နေတာကို ကျနော် သွားပြန်အစဖော်ပေးလိုက်သလို ဖြစ်မှာစိုးတာနဲ့ပဲ စကား လမ်းကြောင်းပြောင်းဖို့ ဘာပြောရမလဲ စဉ်းစားလိုက်တယ်။ 

“အမေမရှိတော့မှပဲ အမေ့တန်ဖိုးတွေကို နားလည်တော့တယ်ဟာ။ အမေရှိတုန်းက ငါ ... သူ့ကို တန်ဖိုး ထားရကောင်းမှန်း မသိခဲ့ဘူး။ တအား နောင်တရတာပဲ”

ဂျူလီ့စကားကြောင့် စကားလမ်းကြောင်း ပြောင်းဖို့ စဉ်းစားနေတဲ့ ကျနော် သူ့မျက်နှာကိုပဲ ငေးငိုင် ကြည့်နေ မိတော့တယ်။ ခုလို သူတကယ်ခံစားပြီး ပြောနေတုန်း ကျနော် စကားလမ်းကြောင်း မပြောင်းသင့်ဘူး။ 

“စိတ်မကောင်း မဖြစ်ပါနဲ့ဟာ။ နင့်မှာ အဖေကျန်သေးတာပဲ။ အဖေ့ကိုပဲ နှစ်ဆတိုးပြီး ဂရုစိုက်ပေါ့။ နောင်တ ဆိုတာ ပူလောင်ရပါတယ်”

ကျနော် သူ့ကို တကယ့်ကို သူငယ်ချင်းလို၊ နှမလေးတစ်ယောက်လို သဘောထားပြီး ရင်ထဲကလာတဲ့ စကားကို ပြောလိုက်တာပါ။ သူလည်း ဒါကို ခံစားရိပ်မိပါလိမ့်မယ်။ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး ခေါင်း တဆတ်ဆတ်ညိတ်ပြတယ်။ တစ်ရှူးတစ်စယူလိုက်ပြီး နှာညှစ်တယ်။ ပြီးတော့ ဆက်ပြောတယ်။

“အဲသလိုပါပဲဟာ ဘဝမှာ တချို့သောလူတွေကိုလည်း ဆုံးရှုံးလိုက်ရပြီးတော့မှ သူတို့ တန်ဖိုးတွေကို သိလာရတယ်။ အဲဒီထဲကမှ အမေ့ကိုတော့ ပြန်မရနိုင်တော့ဘူး၊ တန်ဖိုးထားမှန်း ပြန်ပြခွင့် မရတော့ဘူး ပေါ့လေ”

ဂျူလီက စကားကို ဆက်မပြောဘဲရပ်ထားတယ်။ အမေ့ကိုပြန်မရနိုင်တော့ပေမဲ့ ပြန်ရနိုင်သေးတဲ့သူ ဆိုရင်တော့ ပြန်ရချင်တယ်ဆိုတဲ့ သဘောများလား။ သူက မှန်ကိုဖောက်ပြီး ဟိုးအပြင်ဘက် လှည်းတန်းလမ်းဆုံ ရှိရာကို လှမ်းငေးနေတယ်။ ကျနော်ကတော့ နွမ်းလျသွားတဲ့ သူ့မျက်နှာကိုပဲ ငေးကြည့်နေတယ်။ 

ဒီလိုနဲ့ တစ်နာရီလောက် စကားပြောပြီးတော့ ကော်ဖီဆိုင်ကနေ ထခဲ့ကြတယ်။ သူလည်း သူ့လမ်းသူ ဆက်သွား၊ ကျနော်လည်း ကျနော့်လမ်းဆက်သွားပေါ့လေ။ လမ်းချင်းမှ မတူကြပဲကိုး။ 

ကျနော် ဂျူလီ့ကို follow ပြန်လုပ်လိုက်ပြီး သည်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ့ပရိုဖိုင်းထဲ ဝင်ကြည့်ဖြစ်တယ်။ ပြီးခဲ့တဲ့တစ်လလောက်မှာတော့ သူ အသည်းကွဲပို့စ်တွေ တောက်လျှောက် တင်ထားရဲ့။ ဒါဆို သူ နောက်ရည်းစားနဲ့ပြတ်သွားတာပေါ့။ ဒါကို ကျနော် မသိခဲ့ဘူး။ ရည်းစားရသွားခဲ့မှန်းတော့ သိခဲ့ပေမယ့် နောက်ဆုံးအခြေအနေကိုတော့ မသိခဲ့ပါဘူး။ 

ကျနော်ကတော့ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်၊ သုံးနှစ်နီးပါးအတွင်း အသစ်တစ်ယောက်မရှိခဲ့ပါဘူး။ ဂျူလီ့ကို မမေ့နိုင်လို့ မဟုတ်ဘဲ ရင်ထဲကို ဘယ်သူမှ ထပ်ဝင်မလာတော့တာ မို့ပါ။ ကျနော် ကြိုးစားကြည့်ခဲ့ ပါသေးတယ်။ ဒါပေမဲ့ အချစ်ဆိုတာဟာလည်း အတင်းအမိန့်ပေးလို့မှ မရပဲမဟုတ်လား။ ဂျူလီကတော့ ကော်ဖီဆိုင်မှာ စကားလမ်းကြောင်း ဖွင့်ပေးသွားခဲ့တာပဲ။ မျက်လုံးလေးတွေကတစ်ဆင့်၊ သေချာဂရုတစိုက် ရွေးချယ်ထားတဲ့ စကားလုံးတွေကတစ်ဆင့်။ 

ကျနော် သက်ပြင်းချလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးတယ်။ ဂျူလီ့ဆီ ပြန်သွားမလား။ ဒီ မေးခွန်းအတွက် အဖြေပေးရခက်နေတယ်။

ဒါပေမဲ့ ပြဿနာက ကျနော့်ရင်ထဲမှာ အရင်က ရှိခဲ့ဖူးတဲ့ နွေးထွေးမှုတွေ၊ ယုယပိုက်ထွေးလိုစိတ်တွေ ဂျူလီ့ အပေါ်မှာ ရှိမနေတာ့တာပဲ။ ခု ပြန်တွေ့ရ၊ ပြန်စကားလက်ဆုံကျရတော့ စိတ်ထဲမှာ ဂျူလီ့ကို သူငယ်ချင်းလို, နှမလိုပဲ ဖြစ်နေတယ်။ အရင်လိုစိတ်မျိုး ပြန်ဝင်မလာတော့ဘူး။ ကိုယ်တိုင်လည်း ဒါကိုပဲ အံ့ဩနေတာ။ တစ်ချိန်တုန်းက သိပ်ကိုချစ်ခဲ့ရပါသော ဂျူလီ့ကို ခု ဘာဖြစ်လို့ ကျနော့်အသည်းနှလုံးက အေးစက်နေခဲ့တာ ပါလိမ့်။

သိပ်ဂျီကျ၊ သိပ်အနိုင်ယူတတ်တဲ့ ဂျူလီကို ကျနော်ဟာ တစ်ချက်ကလေး အပြုံးမပျက် မညည်းမငြူ ချစ်ခဲ့တာပဲ။ အလိုလိုက်ခဲ့တာပဲ။ ဂျူလီမျက်နှာ တစ်ချက်မညှိုးစေရ။ သူ ခေါ်ရင် ဘယ်အချိန်၊ ဘယ်နေရာ ဖြစ်ဖြစ် ကျနော် ရောက်အောင် သွားခဲ့တာပဲ။ ကိုရီးယားကားတွေထဲကလို ကုန်းပိုးဆိုလည်း ပိုးခဲ့တာပဲ။ မိန်းကလေး တော်တော်များများ ရင်ခုန်တတ်ကြတဲ့ Surprise တွေဆိုလည်း အကြိမ်ကြိမ်လုပ်ခဲ့တာပဲ။ မြို့မငြိမ်းရဲ့ ‘သက်ဝေ’ ထဲကလို ဂျူလီလေး လှသထက် လှဖို့ဆိုရင် ကျနော့် အသွေးတွေ အသားတွေ အသည်းတွေ နှလုံးတွေကမှ ဆေးဖက်ဝင်ပါတယ် ဆိုရင်၊ ဒါတွေကို ဖောက်ပေးရရင်လည်း ပေးရမတတ် ချစ်ခဲ့တာ မဟုတ်လား။ 

ဂျူလီဟာ ကျနော့်ဘက်က တအားအလျှော့ပေးခဲ့သလောက် သူကတော့ ဒါကို တန်ဖိုးမထားခဲ့ဘူး။ ဒါကိုလည်း  သူ နားလည်ကြောင်း ကော်ဖီသောက်ရင်း ရိုးတိုးရိပ်တိပ် ပြောသွားခဲ့တာပဲ။ သူက ကျနော့်အပေါ် ချစ်သူချင်း ဆိုးတာ၊ နွဲ့တာ၊ အနိုင်ယူတာထက်ကို ပိုပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း ရင့်သီးလာတယ်။ မထေမဲ့မြင်ပြုတာတွေ လုပ်လာ တယ်။ လူရှေ့မရှောင် သူရှေ့မရှောင် ပြောပစ်တာတွေ၊ ကျနော် သူ့ဆန္ဒကို လိုက်လျောဖြည့်ဆည်းသလောက် ကျနော့်ဆန္ဒကိုကျတော့ တစ်ကြိမ်တစ်ခါ လိုက်လျောဖို့အရေး မနည်းတောင်းတောင်းပန်ပန် ပြောခဲ့ရတာတွေ။ ကြာလာတော့လည်း သိပ်ကို တစ်ဖက်သတ် ဆန်လာသလို ခံစားလာရလို့ ကျနော် သူ့ကွယ်ရာမှာ ငိုတောင် ငိုမိတယ်။ ဂျူလီဟာ ငါ့ကိုတကယ်မှ ချစ်ရဲ့လားလို့ အကြိမ်ကြိမ်တွေးမိတာပဲ။

တစ်ရက်တော့ ကျနော် သူ့ဖုန်းကို ချက်ချင်းမကိုင်မိဘူး။ တမင်မကိုင်တာမဟုတ်ဘဲ လူကြီးနဲ့စကားပြောနေ တုန်းမို့လို့ မကိုင်သေးဘဲခဏ အသံတိတ်ထားလိုက်တာပါ။ ဒါကို သူက မကိုင်မချင်း တောက်လျှောက် ခေါ်တယ်။ မက်ဆေ့ချ်တွေလည်း တစောင်ပြီးတစောင်ပဲ။ 

ကျနော် ဖုန်းပြန်ခေါ်တော့ သူ အတော်ပေါက်ကွဲနေပြီ။ အကျိုးအကြောင်း ရှင်းပြလည်း မရဘူး။ တကယ်တော့ ကျနော်လိမ်ပြောနေတယ် ထင်လို့ရယ်မဟုတ်ဘူး။ သက်သက်မဲ့လုပ်တာ။ ဒါ ပထမဆုံးအကြိမ်လည်း မဟုတ်ဘူး။ ရှေ့မှာ ခဏခဏပဲ။ ကျနော် ဘာဖြစ်နေလို့ ဖုန်းမကိုင်သလဲ သူမစဉ်းစားပေးဘူး။ သူခေါ်ရင် ချက်ချင်းကိုင်မှ။ သူစာပို့ရင် ချက်ချင်းပြန်မှ။ မနက် အိပ်ရာနိုးနိုးချင်း အဆင်သင့်ဖတ်ရအောင် စာတိုပို့ထားမှ။ ကျနော်လည်း သူကြိုက်တာတွေ အမြဲ မပျက်မကွက် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခါတလေတော့လည်း ခုနကလိုမျိုး ပျက်ကွက်မိတာတွေတော့ ရှိတာပေါ့။ 

အဲဒီနေ့ကတော့ ကျနော် ဒေါသတအားထွက်သွားတယ်။ ဒီလောက် အကျိုးအကြောင်းရှင်းပြနေတာတောင်မှ မသိသားဆိုးဝါးလှတဲ့ ဂျူလီ့ကို ကျနော် ဘယ်လိုလုပ် ဆက်သည်းခံရမလဲ။ သည်းခံတယ်ဆိုတာလည်း အကန့်အသတ်နဲ့မဟုတ်လား။ လူနှစ်ယောက်ကြားမှာ နောက်ဆုံးပိတ်မကျော်ရမယ့်စည်းကိုတော့ မကျော်မိစေဖို့ လိုတယ် မဟုတ်လား။ 

“ဂျူလီ ... မင်းငါ့ကို တအားအနိုင်ကျင့်လွန်းတယ်ကွာ”

“ကျင့်တော့ ဘာဖြစ်လဲ၊ နင်ပဲ ငါ့ကိုချစ်လှချည်ရဲ့ဆို”

“ဘာဆိုင်လို့လဲဟ။ နင်ကလည်း ငါ့ကိုချစ်တယ်ဆို။ ချစ်ရင် နားလည်သည်းခံပေးရမှာပဲမဟုတ်လား”

“ငါက အခု ဘာဖြစ်နေလို့လဲ”

“ဘာဖြစ်ရမှာလဲ နင်က ငါ့ဘက်က တစ်ခါမှစဉ်းစားမပေးဘူး။ နင့်အတ္တကိုပဲ ရှေ့တန်းအမြဲတင်တယ်။ နင်က နင့်ကိုယ်နင်ပဲချစ်တာ။ ငါ့ကိုချစ်တာမဟုတ်ဘူး”

“ဘာ ပြောတယ်...”

ဒီလိုနဲ့ပဲ ဂျူလီနဲ့ကျနော်တို့ရဲ့ ကတ္တီပါလမ်းခွဲလား၊ ဘာလမ်းခွဲလား မသိတဲ့ လမ်းခွဲခြင်းအစပြုခဲ့ပါတယ်။ အချစ်ကြီးတော့လည်း အမျက်ကြီးတယ် ခေါ်မှာပေါ့။ ကျနော့်ဘက်က ပြန်လျှော့ပြီး တောင်းပန်လိုက်ရင် ပြန်အဆင်ပြေသွားလိမ့်မယ် ဆိုတာ သိနေခဲ့တာတောင် ကျနော် ပြန်မချော့ခဲ့ဘူး။ တစ်ခါမှ အမောက် မထောင်ဖူးခဲ့တဲ့ ရင်ထဲက မာနနဂါးက ဒီတစ်ခါတော့ ကျနော့်ကို တားမြစ်ထားတယ်။ ဘာပဲဖြစ်ဖြစ် အသည်းအသည် ခံစားရတာပါပဲ။ မချိတင်ကဲ ဖြစ်ရလွန်းလို့ ကျနော် ငိုတယ်။ ချုံးပွဲချငိုတယ်။ တစ်လလောက် စိတ်လေပြီး အခန်းအောင်းနေခဲ့တယ်။ သူနဲ့ အတူ သွားခဲ့တဲ့နေရာလေးတွေကိုရှောင်တယ်၊ အတူတူ နားကြပ်တပ်ပြီး နားထောင်ခဲ့ဖူးတဲ့ သီချင်းလေးတွေကို ပြန်နားမထောင်မိ အောင် နေတယ်။ အမှတ်ရစရာတွေကို မေ့အောင် အားထုတ်တယ်။  

နောက်တော့လည်း လွမ်းစရာကို နာစရာနဲ့ဖြေခဲ့ပါတယ်။ သွေးအေးလာတော့မှ ဂျူလီ ကျနော့်အပေါ် ရက်စက်ခဲ့တာတွေကို တစိမ့်စိမ့်ပြန်တွေးပြီး နာရကောင်းမှန်း သိလာတော့တယ်။ ချစ်နေကြတုန်းက အပြစ်မမြင်ခဲ့တာတွေဟာ ခုတော့ သိပ်ကိုခါးသီးစရာတွေပေါ့။ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခဲ့တဲ့ နောက်မှာတောင် ကျနော် ဂျူလီနဲ့ မျက်နှာချင်းပြန်ဆိုင်ဖို့တော့ ဆန္ဒမရှိခဲ့ဘူး။ ဒါ ကိုယ့်ဘက်က မှားသွားခဲ့လို့ ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့တာမျိုးမဟုတ်ဘူး။ သူငယ်ချင်း တစ်ယောက် ပြောသလိုပြောရရင် စိတ်ဆိုးတာထက် စိတ်ကုန်သွားတာ။ ရထားကြီးက လုံးဝ အရှိန်ကုန်သွားခဲ့တာ။ 

ဟော ... ခုတော့ မထင်ထားတဲ့နေရာမှာ၊ မထင်ထားတဲ့ပုံစံနဲ့ ပြန်တွေ့ပြီ။ ဂျူလီ ပြောင်းလဲသွားခဲ့တာ ကတော့ သိသာပါတယ်။ လူကြီးပိုဆန်လာတဲ့ ဂျူလီ့ကိုမြင်ရတာ သိပ်ဝမ်းသာပါတယ်။ ကျနော် ဂျူလီ့ကို မမုန်းပါဘူး။ သူ ကောင်းစားတာကို မြင်ချင်တဲ့စိတ် တကယ်ရှိပါတယ်။ ဒါပေမဲ့ပေါ့လေ ... ဂျူလီအရင်လို မဟုတ်တော့ဘဲ ကျနော့်ကို တန်ဖိုးထားတတ်လာစေဦးတော့၊ ကျနော့်မှာ စာရင်းချုပ်တော့ ဂျူလီအတွက် အချစ်လက်ကျန်က အနုတ်ပြနေတာပဲ။

သွေးမတော် သားမစပ် လူနှစ်ယောက်ကြားမှာ ထူထောင်ထားရတဲ့ အချစ်ဆိုတာမျိုးဟာ အပြန်အလှန် သဘော မပါရင် ကြာရှည်မခံဘူးဆိုတာ ဂျူလီနဲ့ပြီးခဲ့တဲ့နောက်ပိုင်း ကျနော် နားလည်လာခဲ့ပါတယ်။ တစ်ချိန်ကတော့ ဂျူလီ့ကို ကိုယ့်ဘက်က ချစ်နေရရင်ကို ဘဝက ပြည့်စုံနေပြီမို့ သူ့ဆီက ဘာမှပြန်မရလည်း သို့မဟုတ် နည်းနည်းလေးပဲ ပြန်ရလည်း သိပ်ကိစ္စမရှိဘူးလို့ ထင်ခဲ့မိပါတယ်။ အဲဒါဟာ မြဲနေတုန်းမှာတော့ မှန်ကန်သလိုလို ရှိပါတယ်။ ပေးနေရတဲ့တစ်ယောက်က ကျေနပ်နေသရွေ့ပေါ့။ ဒါပေမဲ့ လမ်းခွဲပြတ်စဲကြပြီ ဆိုရာမှာတော့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ရှိခဲ့ခြင်း၊ မရှိခဲ့ခြင်းဟာ သိပ်ကို စကားပြောလာပါတော့တယ်။ ကျနော့်လိုမျိုး ကိုယ်က အပေးဘက်ကချည်း၊ အခံဘက်ကချည်း နေခဲ့ရသူတစ်ယောက်ဟာ စိတ်ကိုလွှတ်ချ၊ လျှော့ချလိုက်ပြီဆိုတဲ့နောက်မှာတော့ နွေခေါင်ခေါင်မှာ ခန်းခြောက်သွားတတ်တဲ့ အင်းအိုင်တွေလိုပဲ နှလုံးသားရဲ့ မေတ္တာတွေလည်း အကုန်အငွေ့ပျံသွားတတ်ပါတယ်။

ဂျူလီသာ အတ္တမကြီးခဲ့ဘဲ ကျနော့်ဘက်ကို ကျနော်ပေးခဲ့တာရဲ့ တစ်ဝက်လောက်ပဲ ဖြစ်ဖြစ် ပေးခဲ့ရင် သိပ်ကောင်းမှာပဲ။ ဒါဆို ခုလို ပြန်တွေ့ကြချိန်မှာ သူရော ကိုယ်ရော သားရွှေအိုးထမ်းတဲ့ကိန်းပေါ့။ ဒါပေမဲ့လည်း ကံဆိုးချင်တော့ ဂျူလီဟာ ခုလိုအနေအထားမျိုးမှာ ကျနော့်ဘက်က အချစ်အတွက် တဖန် ပြန်မွေးဖွားချင် မွေးဖွားလို့ရလောက်အောင်တောင် တစ်ချိန်က မျိုးစေ့လေး ချပေးမသွားခဲ့ဘူး။ မိန်းကလေးတွေဟာ အချစ်ခံချင်တယ်၊ ယုယခံချင်တယ်၊ ဂရုစိုက်တာသိပ်ခံချင်တာ။ ဒါပေမဲ့ ဒါဟာ တစ်လမ်းသွားပဲ ဖြစ်နေခဲ့မယ် ဆိုရင် ရေရှည်မှာ ဆက်ဆံရေးတစ်ခုရဲ့ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ မိန်းကလေးတိုင်းက သဘောမပေါက်ကြဘူး။ သူတို့အပေါ် ဒီလူဟာ ထာဝရသည်းခံနေမယ်၊ ပေးနေမယ်၊ ဂရုစိုက်နေမယ်၊ ငါ့အနွံအတာကိုခံနေမယ်လို့ပဲ တွက်တတ်ကြတာ။  ဒီတော့ သူ ဘယ်လောက်ပဲ စိတ်ပြန်လည်ပြီး ရေစိတ်ကြိုက်လောင်းပါစေ၊ ကျနော့်နှလုံးသားက (သူ့အတွက်) အပင်ပြန်မပေါက်တော့မယ့် ကျတ်တီးကုန်းမြေဘဝရယ်။

ဂျူလီ့အပေါ် ချစ်သူလိုချစ်တဲ့စိတ်မျိုး ပြန်မရှိဘဲနဲ့တော့ ကျနော့်ကို သူလိုလားတယ်ဆိုတဲ့ အကြောင်း တစ်ခုတည်းနဲ့ သူခေါ်ရာနောက်ကို ကျနော် မလိုက်သင့်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ အရင်ကလို ပြန်ပြီး နေကြတယ်ပဲ ထားပါဦး၊ ကျနော့်ဘက်က သူ့အပေါ် အရင်လိုချစ်တဲ့စိတ်၊ ကြည်နူးတဲ့စိတ်၊ ပေးဆပ်ချင်စိတ်တွေ ပြန်မရှိနိုင်ပဲနဲ့ဆိုရင် နှစ်ဦးစလုံး ပျော်ရွှင်ရတော့မှာ မဟုတ်ပါဘူး။ 

အတိတ်လမ်းကို ကျနော် ပြန်မလျှောက်ချင်တော့ဘူး။ ဘယ်လောက်ပဲ ခါးသီးတဲ့အချိုးအကွေ့တစ်ခုကို ဖြတ်သန်းခဲ့ရပါစေ၊ နောက်တစ်ကြိမ် ပြန်ကြိုးစားမနေတော့တာ ကောင်းပါတယ်လို့ပဲ ကျနော် စဉ်းစား မိပါတယ်။ ဆက်ဆံရေးဆိုတာမျိုးက ကြိုးလိုပါပဲ။ ကြိုးဆိုတာ မပြတ်ရင်လည်း အကောင်းသား၊ ပြတ်လို့ ပြန်ထုံးပြီး ဆက်လိုက်လည်း အရင်လို အကောင်းအတိုင်း ပြန်ဖြစ်နိုင်တော့တာမှ မဟုတ်တာ။ ဂျူလီလည်း သူနားလည်လာပြီပဲ။ ဒီအသိတွေနဲ့အတူ နောက်တစ်ချိန်မှာ ကောင်းမွန်တဲ့၊ ရေရှည် တည်တံ့တဲ့၊ နှစ်ဖက် ဘက်မျှတဲ့၊ ဆက်ဆံရေးတစ်ခုကို တခြားသူတစ်ယောက်နဲ့ သူတည်ဆောက်နိုင်မှာပါ။ 

ကော်ဖီဆိုင်မှာတုန်းက ဂျူလီက ချိန်းတယ်။ နောက်တစ်ပတ် ဒီနေရာမှာပဲ ထပ်တွေ့ကြမလားတဲ့။ ကျနော်က အချိန်ဇယားတစ်ခု မသေချာသေးလို့ ချက်ချင်းပြန်ပြောမယ်လို့ ပြောခဲ့လိုက်တယ်။ အဲဒီနေ့ ဘော့စ်က အချိန်ပို ဆင်းခိုင်း မဆင်းခိုင်း မသိသေးလို့ပါ။ ဘော့စ်ကို လှမ်းမေးကြည့်တော့ မလာနဲ့တော့ ရတယ်လို့ ပြောတယ်။ ဒါဆို ကျနော် အားသွားပြီပဲ။ ဂျူလီနဲ့ တွေ့ချင်တွေ့လို့ရပါပြီ။ 

မက်ဆင်ဂျာကနေ ကျနော် ဂျူလီ့ကိုရှာပြီး လှမ်းမက်ဆေ့ချ်ပို့လိုက်ပါတယ်။ စကားမပြောဖြစ်တာ ကြာလို့ သူ့ မက်ဆင်ဂျာ ချတ်ဘောက်ကလေးက ဟိုးအောက်တကာ့အောက်ကို ရောက်နေခဲ့ပြီ။ 

“ဂျူလီရယ် အဲဒီနေ့ ငါအချိန်ပိုဆင်းရမယ်။ အားနာပါတယ်ဟာ။ ဒါပေမဲ့ နောက်တစ်ပတ်ကျ ငါ့မွေးနေ့ရှိတယ် မဟုတ်လား။ ငါ နင်တို့အားလုံးနဲ့ တစ်နေရာမှာ သွားစားမယ်လေ။ ငါတို့အားလုံး သူငယ်ချင်းတွေ လူမစုံတာကြာပြီမဟုတ်လား” 

ဂျူလီ့ကို ကျနော် တစ်သက်တာ သူငယ်ချင်းအဖြစ်နဲ့ ထားဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ 

တကယ်တော့လည်း ကျနော်တို့နှစ်ယောက်က အစကတည်းက သူငယ်ချင်းတွေပဲ မဟုတ်လား။

ယခုဝတ္ထုတိုအပါအဝင် တခြားသောဝတ္ထုတိုများကို 'နှလုံးသားအေအိုင်နှင့်အခြားဝတ္ထုတိုများ' နှင့် 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' ဆိုသည့် ဝတ္ထုတိုစုစည်းမှု စာအုပ်များတွင် တစ်ပေါင်းတည်း ဖတ်ရှုနိုင်ပါသည်။ စာအုပ်များကို Thu Tayy Sitt စာပေစာအုပ်တွန်းလှည်းလေး Pageပန်းဆက်လမ်းWE Distribution စသည်တို့မှ အိမ်တိုင်ရာရောက် မှာယူနိုင်ပါသည်။  





Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...