ဒီနေ့ ပီတာအသက် ရွှေရတုတိုင်ပြီ။ ဒါဆို ကျနော့်အသက်လည်း ရွှေရတုပဲပေါ့။ ရွှေရတုရောက်တဲ့အထိ သူနဲ့အတူရှိနေသေးတာဆိုလို့ ကျနော်ပဲကျန်တော့တာ။ ကျန်တဲ့သူတွေကတော့ ခရီးတစ်ဝက် လမ်းခုလတ် မှာတင် လက်ပြနှုတ်ဆက်သွားခဲ့ကြပြီ။ မနက်အိပ်ရာ နိုးနိုးချင်းမှာပဲ ကျနော်ပီတာကို ‘ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ ပီတာရေ’ လို့ ဆုတောင်းပေးလိုက်သေးတယ်။ သူကြားမှာမဟုတ်မှန်း သိပေမဲ့ပေါ့လေ။ တကယ်တော့လည်း ကျနော့်တစ်သက်မှာ သူ့ကိုမွေးနေ့ဆုတောင်းပေးတာ ခု ဒါပထမဆုံးပဲ။ အဲ … နောက်ဆုံးလည်း ဖြစ်လိမ့်မယ်လို့တော့ မသိခဲ့ဘူးပေါ့လေ။ ပီတာနဲ့ ကျနော်နဲ့က တစ်နေ့တည်း၊ တစ်ချိန်တည်းမွေးကြတာပေါ့။ တစ်မအေတည်းကနေ မွေးကြတာပေါ့။ အမြွှာညီအစ်ကိုတော့လည်း မဟုတ်ပြန်ဘူး။ နားရှုပ်သွားလား။ မရှုပ်ပါနဲ့။ ပီတာမှာ အမြွှာမရှိပါဘူး။ ရိုးရိုးအမြွှာလည်းမရှိသလို ခေါင်းချင်းဆက်၊ ကိုယ်ချင်းဆက်၊ ရင်ချင်းဆက် အမြွှာလည်းမရှိပါဘူး။ ကျနော်က အမှန်တော့ သူ့ခေါင်းပေါ်က ဆံပင်မွေးတစ်ချောင်းမျှရယ်ပါ။ ဖွားဖက်တော် ဆံပင်မွေးအနည်းငယ်အနက်က တစ်ချောင်းပေါ့။ ကြီးမှ အသစ်ထပ်ပေါက်လာတဲ့ ဆံပင်မျိုးထဲကမဟုတ်ဘူး။ ဒါကြောင့် ပီတာရဲ့ဖွားဖက်တော် ပိုစစ်တယ်လို့ဆိုရမှာပေါ့။ ကျနော်က “ပီတာ၊ ပီတ...