Skip to main content

သွားပြီ ပီတာ နှုတ်ဆက်တယ်

ဒီနေ့ ပီတာအသက် ရွှေရတုတိုင်ပြီ။ ဒါဆို ကျနော့်အသက်လည်း ရွှေရတုပဲပေါ့။ ရွှေရတုရောက်တဲ့အထိ သူနဲ့အတူရှိနေသေးတာဆိုလို့ ကျနော်ပဲကျန်တော့တာ။ ကျန်တဲ့သူတွေကတော့ ခရီးတစ်ဝက် လမ်းခုလတ် မှာတင် လက်ပြနှုတ်ဆက်သွားခဲ့ကြပြီ။ မနက်အိပ်ရာ နိုးနိုးချင်းမှာပဲ ကျနော်ပီတာကို ‘ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ ပီတာရေ’ လို့ ဆုတောင်းပေးလိုက်သေးတယ်။ သူကြားမှာမဟုတ်မှန်း သိပေမဲ့ပေါ့လေ။ တကယ်တော့လည်း ကျနော့်တစ်သက်မှာ သူ့ကိုမွေးနေ့ဆုတောင်းပေးတာ ခု ဒါပထမဆုံးပဲ။ အဲ … နောက်ဆုံးလည်း ဖြစ်လိမ့်မယ်လို့တော့ မသိခဲ့ဘူးပေါ့လေ။ 

ပီတာနဲ့ ကျနော်နဲ့က တစ်နေ့တည်း၊ တစ်ချိန်တည်းမွေးကြတာပေါ့။ တစ်မအေတည်းကနေ မွေးကြတာပေါ့။ အမြွှာညီအစ်ကိုတော့လည်း မဟုတ်ပြန်ဘူး။ နားရှုပ်သွားလား။ မရှုပ်ပါနဲ့။ ပီတာမှာ အမြွှာမရှိပါဘူး။ ရိုးရိုးအမြွှာလည်းမရှိသလို ခေါင်းချင်းဆက်၊ ကိုယ်ချင်းဆက်၊ ရင်ချင်းဆက် အမြွှာလည်းမရှိပါဘူး။ ကျနော်က အမှန်တော့ သူ့ခေါင်းပေါ်က ဆံပင်မွေးတစ်ချောင်းမျှရယ်ပါ။ ဖွားဖက်တော် ဆံပင်မွေးအနည်းငယ်အနက်က တစ်ချောင်းပေါ့။ ကြီးမှ အသစ်ထပ်ပေါက်လာတဲ့ ဆံပင်မျိုးထဲကမဟုတ်ဘူး။ ဒါကြောင့် ပီတာရဲ့ဖွားဖက်တော် ပိုစစ်တယ်လို့ဆိုရမှာပေါ့။ 

ကျနော်က “ပီတာ၊ ပီတာ” နဲ့ ပြောပြောနေတော့ ကျနော်က သတ်သတ်၊ ပီတာက သတ်သတ်ရယ် လို့ စာဖတ်သူတွေးမိနိုင်ပါတယ်။ ပီတာရဲ့ဆံပင်နဲ့ ပီတာဆိုတာ ခွဲခြားပြောလို့ရပါ့မလားလို့လည်း စောကြော နိုင်ပါတယ်။ မမှားပါဘူး။ လူဆိုတာ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ … ဆိုတဲ့ ဆံပင်၊ မွေးညင်း၊ အရိုး၊ အရေ၊ လက်၊ ခြေ၊ ကိုယ်တွင်းအင်္ဂါ စတဲ့ အပေါင်းအစုကြီးကိုမှ ခေါ်တာမဟုတ်လား။ ဒါဆိုပီတာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆံပင်ဖြစ်တဲ့ ကျနော်လည်း အပါအဝင်ပေါ့။ ဒါကြောင့် ပီတာနဲ့ ကျနော်နဲ့ဟာ သီးခြားစီမဟုတ်ဘူး လို့ဆိုရင် မှန်ပါတယ်။ ဒါပေမဲ့ မိတ်ဆွေကိုသိစေချင်တာက ကျနော် ဒီအကြောင်းတွေပြန်ပြောပြနေချိန်မှာ ကျနော်ဟာ ပီတာမဟုတ်တော့ပါဘူး။ ကျနော်ဟာ ပီတာနဲ့လုံးဝကင်းကွာသွားတဲ့ သီးခြားဖြစ်တည်မှု တစ်ခုနေရာမှာ ရှိနေပါပြီ။ ဒါကြောင့် ကျနော်ဟာ ပီတာမဟုတ်ဘိသကဲ့သို့၊ သီးခြားပုဂ္ဂိုလ်နေရာကနေ ပြောနေတာဟာ လည်း မမှားပြန်ပါဘူး။ လူတစ်ယောက်ရဲ့ကိုယ်ခန္ဓာနဲ့ လုံးဝကင်းကွာသွားတဲ့ အစိတ်အပိုင်းတစ်ခုကို ကာယကံ ရှင်ပုဂ္ဂိုလ်ကလည်း ဒါငါပဲလို့ မပြော၊ မစွဲတော့သလို တခြားလူကလည်း ဒါ သူပဲလို့ မသတ်မှတ်တော့ဘူး မဟုတ်လား။ ဒါဖြင့် မူလပုဂ္ဂိုလ်နဲ့ ကင်းကွာသွားပြီးဖြစ်တဲ့ ဆံပင်လေးကျနော်ကရော ကိုယ့်ကိုယ်ကိုယ် ငါ ပီတာပဲ လို့ပြောနေသင့်ပါသေးရဲ့လား။ 

ခုနကစကားကို ပြန်ဆက်ရရင် ပီတာရဲ့အသက်ငါးဆယ်ပြည့်မွေးနေ့မှာ မွေးနေ့ဆုတောင်းပေးတဲ့ ဖွားဖက် တော်ဆိုလို့ ကျနော်တစ်ယောက် အဲ … တစ်ပင်ပဲရှိတယ်။ ဘာလို့လဲဆိုတော့ သူ့ခေါင်းပေါ်မှာ ကျနော်ကလွဲရင် ဆံပင်မွေး တစ်ချောင်းမှမကျန်တော့လို့ပါပဲ။ ပီတာရဲ့ဘဝတစ်လျှောက်လုံးမှာ သူ့ခေါင်းပေါ်က ဆံပင်တွေဟာ တစတစ်နဲ့ ပြုတ်ပြုတ်ပြုန်းလာခဲ့တာ လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက အကုန်ကုန်သွားခဲ့တာပဲ ဆိုပါတော့။ ထူးဆန်းတာက ကျနော်ဟာ ဘာဖြစ်လို့မှန်းမသိ၊ ကျွတ်မထွက်ဘဲကျန်ခဲ့တဲ့ တစ်ပင်တည်းပဲကျန်ခဲ့တဲ့ ဆံမွေးဖြစ်နေတာပါပဲ။ ကျနော်လည်းမသိဘူး။ ကျနော့်အမြစ်ကပဲ သိပ်ခိုင်နေလို့လား။ ဘုရားသခင်ကပဲ မင်းနေလိုက်ဦးကွာ လို့ အမိန့်တော်ရှိလို့လား။ ကျနော်က ပီတာကို သိပ်ခင်တွယ်ပြီးမခွဲနိုင်မခွာရက် ဖြစ်နေလို့ မဟုတ်တာတော့ သေချာပါတယ်။ 

ယောက်ျားတွေထဲက တချို့ပဲပြောရမလား၊ တစ်ဝက်လောက်ပဲပြောရမလား၊ အသက်ကြီးလာရင် ထိပ်ပြောင် လာတတ်ကြတာ အသိပဲမဟုတ်လား မိတ်ဆွေ။ ထိပ်ပြောင်တဲ့ယောက်ျားတွေဟာ များသောအားဖြင့် အသက် သုံးဆယ်ကျော်လောက်ကစပြီး နောက်စေ့နေရာမှာ ကျပ်ပြားစေ့ဝိုင်းလောက် စကွက်လာမယ်၊ ရှေ့နဖူးပြင် ဆံစပ်နေရာတွေ နောက်ကိုဆုတ်လာမယ်။ တချို့လည်း နားအပေါ် ဘေးနှစ်ဖက်နဲ့ လည်ကုပ် အပေါ်ဘက် နားလောက်ပဲ ကျန်မယ်၊ တချို့ကျ အကုန်ပြောင်သွားမယ်။ ပီတာလည်းပဲ ဒီထဲက တစ်ယောက်ပဲ ပေါ့။ ဒါပေမဲ့ ပီတာရဲ့ခေါင်းပေါ်က ဆံပင်တွေပြောင်တလင်းခါသွားရခြင်းရဲ့ နောက်ကွယ်မှာ သဘာဝ အလျောက်၊ အသက်ကြီးလို့ ဖြစ်လာတဲ့အကြောင်းတရားအပြင်ကိုမှ လူမသိသူမသိ ဇာတ်လမ်းလေးတွေ ရှိပါသေးတယ်။ ဒါကို ပြောချင်လို့ ကျနော်က ပျိုးလာခဲ့တာပါ။ 

ပီတာက ငယ်ငယ်က သိပ်ဆံပင်ကောင်းပါတယ်။ အသက်ဆယ်နှစ်လောက်ကစပြီး မည်းနက်သန်စွမ်းတဲ့ ဆံ ကေသာဟာ သူ့ခေါင်းပေါ်မှာ မဟူရာတောရိုင်းပင်တွေပေါက်နေသလိုပါပဲ။ မနက်တိုင်း သူ့အမေက အုန်းဆီလေး လိမ်းပြီး သေချာဖြီးပေးတယ်။ ဆံပင်ညှပ်ဆိုင်ရောက်ပြီဆို ဆံသဆရာက “မောင်ရင့်ဆံပင် တယ်ကောင်းပါလားကွ” လို့ ချီးမွမ်းရတာချည်းပါပဲ။ ပီတာဟာ သူ့ရုပ်သွင်ပြင်အဆင်းကို အတော်လေး ဂရုစိုက်ပါတယ်။ လူပျိုပေါက်ဖြစ်လာတော့ ဆံပင်ကို ကော်တောင့်အောင်လုပ် ပုံအမျိုးမျိုးသွင်း တယ်။ ရူပါကလည်းဖြောင့်တော့ ပီတာတို့များ ငယ်ကတည်းက ရည်းစားက မှိုလိုပေါတာပေါ့။ လူတစ်ယောက် ရဲ့ခေါင်းမှာ ဆံပင်မွေးပေါင်းပျမ်းမျှတစ်သိန်းလောက် ရှိတယ်လို့ ဆိုကြတယ်။ ပီတာကတော့ ဆံပင်အုံ ထူတော့ တစ်သိန်းဘယ်ကမလဲ။ ကျနော်တို့ ဆံပင်အချင်းချင်းလည်း များလွန်းတော့ အချင်းချင်း အကုန် မသိနိုင်ပါဘူး။ ကျနော်က သူ့ညာဘက်ချိုစောင်းမှာ ပေါက်တဲ့ဆံပင်ဆိုတော့ ကျနော့်အနီးအနား တစ်ဝိုက်က ဆံပင်တွေကိုပဲ သိနိုင်တယ်။ 

ပီတာရဲ့ဆံပင်တွေ ကျွတ်ထွက်ခြင်းရဲ့အစဟာ ကျောင်းကဆရာမလို့ဆိုရမယ်။ တစ်ခါသားမှာ သူ အိမ်စာ မလုပ်လာလို့လား၊ စာမရလို့လားမသိ ဆရာမက သူ့နားသယ်မွေးကိုဆွဲပါတယ်။ မောင်ပီတာလေးကလည်း ဆံပင် မညှပ်ရသေးတာဆိုတော့ နားသယ်မွေးတွေက ရှည်နေတာပေါ့။ အဲဒီမှာ နှစ်ချောင်းလား၊ သုံး ချောင်းလား ကျွတ်ပါသွားတာပဲ။ ဒါကတော့ သဘာဝအကြောင်းတရားကြောင့်မဟုတ်တဲ့ လူ့ပယောဂကြောင့် ကျနော်တို့ကို အစောဆုံးနှုတ်ဆက်သွားခဲ့တဲ့ ညီအစ်ကိုတွေပါပဲ။ 

ကျနော်တို့ကို ခွဲခွာသွားတဲ့ ကျန်တဲ့ဆံပင်ညီအစ်ကိုတွေကတော့ ပီတာအသက်နှစ်ဆယ်ကျော်လောက်မှာ စမယ်ထင်တာပဲ။ ခေါင်းဖြီးလိုက်တာ ဘီးနဲ့အတူ ဘဝတူတွေကျွတ်ကျွတ်ပါသွားတာ မြင်ရပြီး ကျနော်တို့မှာ ဖြေမဆည်နိုင်ခဲ့ဘူး။ တချို့များဆို နှုတ်တောင်မဆက်လိုက်ရဘူး။ ဗြုန်းခနဲပဲ။ ထယ်ထိုးရာလမ်းတစ်လျှောက် ကျွတ်ပါသွားတဲ့ မြက်ပင်ပေါင်းပင်တွေလိုပါပဲ။ ခေါင်းလျှော်တိုင်းလည်း ကျနော်တို့ညီအစ်ကိုတွေ လျော့လျော့ သွားရပြန်ပါတယ်။ သူတို့ကိုမြင်ရတာ ဆူနာမီရေလှိုင်းတွေကြောင့် ကျွတ်ပါသွားတဲ့ အိမ်တွေ၊ အပင်တွေလိုပါပဲ။ ပီတာ ခေါင်းဖြီးတော့မယ်ဆိုတိုင်း၊ ခေါင်းလျှော်တော့မယ်ဆိုတိုင်း ကျနော် တို့မှာ ဆောက်တည်ရာမရအောင် ဖြစ်ကြရတယ်။ ရှိသမျှဘုရားအကုန်တိုင်တည်ပြီး ဆုတောင်းကြရတယ်။ ဖြီးပြီးသွားတိုင်းလည်း အပြီးအပိုင် ခွဲခွာသွားကြရသူများအတွက် ငိုကြွေးကြရတယ်။ နေ့စဉ်နဲ့အမျှ ကြုံနေရတော့လည်း နောက်တော့ သိပ်မတုန် လှုပ်တော့ဘူး။ အချိန်မရွေး ကွဲကွာသွားနိုင်ကြတာမို့ အချင်းချင်းကြိုနှုတ်ဆက်ထားကြပါတယ်။

သမားရိုးကျ ဆံပင်ကျွတ်တဲ့အဆင့်ကနေ ထိပ်ပြောင်တယ်လို့ပြောရလောက်တာကတော့ ပီတာ အသက် သုံးဆယ်ငါးနှစ်လောက်မှာ စတယ်ဆိုရမယ်။ သူ့ရဲ့နောက်စေ့မှာ စကွက်လာတာပေါ့။ ငယ်ထိပ်နေရာကလည်း ကျဲပါးလာပြီး ပြောင်လာတယ်။ ပီတာတစ်ယောက် မှန်ရှေ့ရပ်တိုင်း ပြောင်ပြောင်လိုက်လာတဲ့ သူ့ခေါင်းသူ ပြန်ကြည့်ရင်း စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာ မှတ်မိပါသေးရဲ့။ ပီတာလို ပင်ကိုဆံပင်ကောင်းတဲ့ သူတောင် အသက်လေးဆယ် လောက်ရောက်တော့ ဖုံးလို့ဖိလို့မနိုင်တော့ပါဘူး။ နောက်ဆုံး ဆရာဝန်ဆီ ရောက်တာပါပဲ။ 

ဆရာဝန်က ပီတာကို စိတ်ရှည်ရှည်ထားပြီး ရှင်းပြပါတယ်။ ဆံပင်ကျွတ်ရတဲ့အကြောင်းရင်းတွေ အများကြီး ရှိကြောင်း၊ မျိုးဗီဇကြောင့်၊ ဗိုက်တာမင်ချို့တဲ့မှုကြောင့်၊ စိတ်ဖိစီးမှုကြောင့်၊ ဆေးပြင်းဝါးပြင်းတွေကြောင့် အဖြစ်များကြောင်း၊ ယောက်ျားမိန်းမ လူမှန်ရင် ဆံပင်ကျွတ်ကြတာ ဓမ္မတာပဲဆိုပေမဲ့ ထိပ်ပြောင်တာဟာ ယောက်ျားတွေမှာသာ ဖြစ်တတ်ကြောင်း။ ဓမ္မတာအတိုင်းဆံပင်ကျွတ်တာဟာ ဦးခေါင်းနေရာအနှံ့ အညီအမျှ နည်းနည်းစီ ကျွတ်တာမျိုး ဖြစ်ပေမဲ့ ထိပ်ပြောင်တယ်ဆိုတာကျတော့ တစ်နေရာတည်းကနေ ကွက်ပြီး အမြောက်အမြား ကျွတ်ထွက်တာဖြစ်ကြောင်း။ 

ဆရာဝန်ရှင်းပြတာကို ကျနော်လိုက်မှတ်ထားမိသမျှ ပြန်ဖောက်သည်ချပါမယ်။ ယောက်ျားရော မိန်းမပါ ဆံပင် ကျွတ်ကြပေမဲ့ ယောက်ျားတွေမှာသာလျှင် ထိပ်ပြောင်တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ လူတိုင်းမှာ တက်စတိုစတယ်ရုန်း ခေါ် ဟော်မုန်းတစ်မျိုးရှိပြီး ယောက်ျားတွေမှာတော့ ပိုပြီးများများတွေ့ရပါတယ်။ လူမှာရှိတဲ့ ဖိုက်အယ်လဖာ (5-alpha) လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးဟာ တက်စတိုစတယ်ရုန်းတွေကို ဒီအိပ်ချ်တီ လို့ခေါ်တဲ့ ဘေးထွက်ပစ္စည်း အဖြစ် ပြောင်းလဲပစ်ပါတယ်။ အင်ဇိုင်းမြင့်ရင် မြင့်သလောက် ဒီအိပ်ချ်တီမြင့်တက်လာပါတယ်။ ဒီအိပ်ချ်တီဟာ ဦးရေပြားပေါ်ကဆံပင်မွေးညင်းပေါက်ထဲက ဆံပင်ဖြစ်ထွန်းမှုကို ရပ်ဆိုင်းပစ်ပါတယ်။ ရပ်ဆိုင်းတာ ကြာလာတဲ့အခါ ဆံပင်ပြန်မပေါက်တော့ပါဘူး။  ဒါဟာ ထိပ်ပြောင်းခြင်းရဲ့ အစပါပဲ။ 

ပီတာ ထိပ်ပြောင်နေပြီဆိုတဲ့အချိန်မှာ သူဟာလူလတ်ပိုင်းလွန်လို့ လူကြီးပိုင်းစဖြစ်နေပါပြီ။ အသက်အစိတ် လောက်မှာ အိမ်ထောင်ကျခဲ့ပြီး သားလေးတစ်ယောက်၊ သမီးလေး တစ်ယောက်ရနေပါပြီ။ ပီတာရဲ့မိန်းမက ကျောင်းတုန်းကတည်းက ရည်းစားပါ။ ပထမဆုံးရည်းစားမဟုတ်သလို နောက်ဆုံးရည်းစားလည်း မဟုတ်ပြန် ပါဘူး။ ပီတာရဲ့မိန်းမဟာ ငယ်တုန်းကတော့ ငယ်ဂုဏ်နဲ့ ချောတာလှတာပါပဲ။ ဒါပေမဲ့ ကလေး နှစ်ယောက်ရပြီးတဲ့နောက်မှာတော့ သူလည်း အဆီတစ်ထပ် အသားတစ်ထပ်နဲ့ဖြစ်နေပါပြီ။ ပီတာဟာလည်း ဘီယာဗိုက်ဖြစ်နေပါပြီ။ လင်မယားနှစ်ယောက် ရှေ့သွားနောက်လိုက်ညီကြပါတယ်။

ပီတာဟာ ပညာရေးမှာတော့ သာမန်ပါပဲ။ ရိုးရိုး ဘွဲ့တစ်ဘွဲ့လောက်သာ ရခဲ့ပေမဲ့ စီးပွားရေးမှာတော့ သူဟာ အတော်တော်တဲ့သူဖြစ်ပါတယ်။ ပေါင်းတတ်သင်းတတ်၊ ကပ်တတ်၊ လိုင်းဝင်တတ်တဲ့သူဖြစ်တာမို့ မကြာပါဘူး၊ ပီတာဟာ အလယ်အလတ်အဆင့် လူချမ်းသာတစ်ယောက် ဖြစ်လာတာပါပဲ။ စီးပွားရေးလောကသား အပေါင်းအသင်း တွေဟာ ကျောင်းသားဘဝကသူငယ်ချင်းတွေထက် ပိုများလာတယ်။ သူ့စီးပွားရေးမိတ်ဆွေ တွေထဲမှာ ရပ်ကွက်လူကြီးကအစ ဗိုလ်ချုပ်တချို့အထိတောင် ပါပါသေးတယ်။ ပီတာရဲ့နိစ္စဓူဝဆိုတာဟာ ဘယ်ဂွင်ကနေ ဘယ်လောက်ရမလဲဆိုတာနဲ့ အလုပ်ပင်ပန်းတဲ့အခါ ရေလိုပေါတဲ့သူ့ငွေတွေကို ဘယ်မှာသွားပြီး လောကစည်းစိမ်ခံရမလဲဆိုတာ စဉ်းစားရတာပါပဲ။ 

ပေါင်းစားစီးပွားရေးလောကထဲဝင်ပြီး အောင်မြင်လာတဲ့ ပီတာဟာ သူ့ဘော်ဒါရောင်းရင်းတွေနဲ့ သောက်ပွဲ စားပွဲတွေဆိုတာ မကြာခဏပါပဲ။ သောက်ပြီးစားပြီးရင်လည်း အိမ်ဘယ်တန်းပြန်ပါ့မလဲ။ သီချင်းဆိုဝါသနာ ပါကြသူတွေမို့ စားသောက်ပြီးတဲ့အခါ အသံသွားစစ်ကြရတာပေါ့။ အဲ စီးရီးခွေတော့တစ်ခွေမှ ထွက်မလာပါဘူး။ ဈေးကြီးပေ့ဆိုတဲ့ စင်တင်ဆိုင်တွေ ဘာတွေ ဆိုတာလည်း သူမထိုင်ဖူးတာ မရှိသလောက်ပါပဲ။ အပေါင်းအသင်းဆံ့၊ ခြေတံလက်တံရှည်တဲ့သူပီပီ ပီတာဟာ ရှာနိုင်တုန်းရှာ သုံးနိုင်တုန်းသုံးဆိုတဲ့ မူကို ကိုင်စွဲပြီး ဆရာကြီးရွှေဥဒေါင်းပြောသလို ‘ယောက်ျားဆိုတာစုံမှ’ ဆိုတဲ့အတိုင်း လူ့လောကရဲ့ လောကီအာရုံကာမဂုဏ် ဆိုတာတွေကို မခံစားရမရှိရလေအောင် အားထုတ်တဲ့သူထဲမှာ ပါပါတယ်။ 

ပီတာနဲ့ တစ်သက်လုံးအတူတူမခွဲမခွာနေလာခဲ့သူပီပီ သူဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘယ်သူနဲ့ တွေ့တယ်၊ ဘယ်ကောင်မလေးနဲ့အိပ်တယ် စတာတွေကို သူ့မိန်းမထက် ကျနော်က ပိုသိပါတယ်။ သူပြောသမျှ၊ သူ့ကိုပြောသမျှ စကားတွေကိုလည်း ကျနော်အကုန်ကြားခဲ့တာပဲ။ နံရံတွေမှာ နားရှိမရှိမသိပေမဲ့ ပီတာရဲ့ ဦးခေါင်းထက်မှာတော့ ကျနော်တို့လို နားတွေက သိန်းသောင်းချီရှိတာပေါ့ဗျာ။ ဒါကြောင့်လည်း သူ့ဘဝရဲ့ လျှို့ဝှက်ချက်မှန်သမျှ ကျနော် ပြန်ပြောပြနိုင်ပါတယ်။ အကုန်တော့ပြန်မပြောပြနိုင်ပါဘူး။ ကျင့်ဝတ်အရ တချို့ ဟာတွေတော့ ထိမ်ချန်ပေးထားရပါလိမ့်မယ်။ 

ပီတာဟာ လက်ဖျားမှာငွေသီးသူပီပီ စင်တင်ဆိုင်၊ ကေတီဗီ၊ မာဆတ် စတာတွေကနေ အကြိုက်တွေ့တာ လေးတွေကို အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ ထားပေးထားခဲ့တာတွေလည်း မနည်းပါဘူး။ ကြိုက်လို့ဆိုပြီး တစ်ညအိပ်ရုံသက်သက် နေခဲ့တဲ့ မိန်းမတွေဆိုတာကတော့လက်ချိုးမရေနိုင်ပါဘူး။ အသက်သုံးဆယ်ကျော် လေးဆယ်နားကပ်လာတဲ့အခါ ပီတာရဲ့ အိမ်ကွင်းအဝေးကွင်း စွမ်းဆောင်ရည်တွေဟာ သိသိသာသာ ကျဆင်း လာပါတယ်။ ကောင်မလေးတွေရဲ့အလှောင်ခံရတဲ့ အချိန်တွေလည်းရှိလာပါတယ်။ ယောက်ျား တစ်ယောက်ရဲ့ စွမ်းဆောင်ရည်တွေကို အကောင်းဆုံးထိန်းသိမ်းထားနည်းဟာ အားကစားလိုက်စားတဲ့နည်း၊ ဝိတ်ချတဲ့နည်း၊ အစားအသောက်ရွေးချယ်စားတဲ့နည်းတွေဖြစ်ပေမဲ့ ပီတာဟာမိသားစုအတွက်ရော စီးပွားရေး အတွက်ပါအချိန်ပေးနေရသူပီပီ ဒါတွေ သူစွဲစွဲမြဲမြဲမလုပ်နိုင်ပါဘူး။ လမ်းလျှောက်မယ်ဆိုပြီး လုပ်တော့လည်း တစ်ပတ်လောက် နေတော့ရပ်သွားပါတယ်။ အားကစားခန်းမကိုသွားတော့လည်း ပိုက်ဆံဆုံးတာပဲ အဖတ်တင်ပါတယ်။ ဒီတော့ ပီတာအတွက် အားကိုးစရာဟာ ဆေးပဲရှိပါတော့တယ်။ တယ်စတိုစတယ်ရုန်း ဟော်မုန်းဆေးပဲပေါ့။ 

ဒါကြောင့်လည်း ဆရာဝန်ဆီရောက်လို့ ဆရာဝန်က ထိပ်ပြောင်းခြင်းအကြောင်းတွေရှင်းပြနေစဉ် ကျနော့် အတွေးထဲ ပီတာရဲ့ထိပ်ပြောင်ခြင်းနောက်ကွယ် သူသောက်ခဲ့တဲ့ ကျားတစ်ကောင်လိုသန်မာစေတဲ့ ဆေးတွေကများ အဓိကကျနေ မလားလို့ တွေးမိသေးတယ်။ ဒါပေမဲ့လည်း ပီတာရဲ့အမျိုးထဲမှာ ထိပ်ပြောင်သူတွေများတာမို့ မျိုးရိုးဗီဇအမွေ ကလည်း အကြောင်းတစ်ခုဖြစ်နိုင်ပါသေးတယ်။ ဆရာဝန်ကတော့ ပီတာရဲ့ထိပ်ပြောင်ခြင်းအတွက် သောက်ဆေးတွေ၊ လိမ်းဆေးတွေ၊ ဗိုက်တာမင်အမျိုးအစားအလိုက် အစားအစာအုပ်စုတွေ ညွှန်တာပါပဲ။ အမြဲကြားနေရလွန်းလို့ ကျနော်လည်း အလွတ်ရနေပါတယ်။ 

ရယ်ချင်နေမိတဲ့အရာတစ်ခုကတော့ ပီတာကို ဆရာဝန်က ရွှတ်သလိုနောက်သလိုနဲ့ ပြောလိုက်တဲ့စကား တစ်ခွန်းပါပဲ။ ဆရာဝန်နဲ့သူနဲ့ ရင်းနှီးလာတဲ့တစ်နေ့မှာ အမေးအမြန်းထူ စပ်စုနေတဲ့ ပီတာကို ဒေါက်တာက ပြောလိုက်တာ ကြားတော့ ကျနော်တောင် အူတက်နေအောင်ရယ်မိသေးတာ။

“ခင်ဗျား ထိပ်မပြောင်ချင်ရင် လုပ်လို့ရမယ့်နည်းတစ်နည်း ရှိတယ်။” 

“ဟုတ်လား၊ ပြောပါဦးဒေါက်တာ။ ဘာများလဲ။”

“ခင်ဗျား ခွိုင်ယာဆိုတာ သိတယ်မဟုတ်လား။ (ဟုတ်ကဲ့ ခရစ်ယာန်ဘုရားသီချင်းပါ။) အင်း  အလယ်ခေတ်တုန်းက ဥရောပမှာ ခွိုင်ယာဆိုတဲ့ ကောင်လေးတွေထဲက အသံသိပ်ကောင်းတဲ့ ကောင်လေး တချို့ကို သင်းကွပ်ပစ်ကြသတဲ့။ သူတို့ကြီးလာရင် အသံပြောင်းမသွားအောင်လို့ပေါ့။ အဲဒီကောင်လေးတွေရဲ့ တူညီချက်က ကြီးတော့ ဘယ်သူမှ ထိပ်မပြောင်ကြတော့ဘူးတဲ့ဗျို့။” 

ပီတာရဲ့ မျက်နှာကြီး ဘာဖြစ်သွားမှန်းတော့ ကျနော့်နေရာက မမြင်ရတဲ့အတွက် မပြောနိုင်ပါဘူး။ “ဟာဗျာ ဒေါက်တာကလည်း” ဆိုတဲ့ စိတ်ပျက်လက်ပျက် အသံကြီးတော့ ကြားလိုက်ရတယ်။ သူ့ခေါင်းပေါ်က ကျနော်တို့ ဆံပင်လက်ကျန်တွေကတော့ ခွက်ထိုးခွက်လန်ရယ်ကြတာပေါ့ဗျာ။ 

ပီတာဟာ ငယ်ငယ်နဲ့ထိပ်ပြောင်တဲ့အတွက် စိတ်မသက်မသာရှိဟန်တူပါတယ်။ အဲဒီအတွက်လည်း အတော် လေး ငွေကုန်ကြေးကျခံပါရဲ့။ ဒါပေမဲ့လည်း ဘာလို့လဲမသိပါဘူး၊ သူ့ဆံပင်တွေကို ဆုံးရှုံးမြဲဆုံးရှုံးဆဲ ပါပဲ။ ကျနော်တို့အတွက်ကလည်း ကျနော်တို့ဆံပင်ညီနောင်တွေ လျော့ပါးသွားတာ ဘယ်ဖြစ်စေချင်မလဲ။ ပီတာရဲ့ ထိပ်ပြောင်ခြင်းတွေ ရပ်တန့်ပါစေလို့ပဲ ဆုတောင်းကြတာပါပဲ။ ဒါပေမဲ့လည်း ကျနော်တို့ဆုတောင်းတွေ မပြည့်ဝပါဘူး။ 

ပီတာ မိန်းမကျပြန်တော့လည်း တစ်ဒုက္ခပါပဲ။ မိန်းမဆိုတော့ တက်စတိုစတယ်ရုန်း နည်းတဲ့အတွက် ထိပ်ပြောင်တာတော့မရှိပေမဲ့ သူကျတော့ သူ့ရဲ့တစ်နေ့တစ်ခြား တက်တက်လာတဲ့ ဝိတ်ကို အတော် စိတ်ညစ်နေရှာတယ်။ သူလည်း သူ့ယောက်ျား အပြင်မှာကဲနေရှုပ်နေ၊ တိတ်တိတ်ထောက်ပံ့နေရတာ တွေ သိတာပေါ့။ သူ့ယောက်ျား သူ့အနားကပ်လို့ ပွေ့ဖက်ချော့မြှူဖက်ရမ်းနမ်းရှုပ်တာလေးတွေ ပြန်ရဖို့ရာ တုတ်နေတဲ့ဒီခါး၊ တက်နေတဲ့ဒီအဆီတွေကို လျှော့ချဖို့အတော်လေး လုံ့လဥဿဟပြုရှာတယ်။ ဒါကြောင့်လည်း ပီတာရဲ့ဆရာဝန်က ပြောတာနေမယ်။ “မိန်းမတွေကြောက်တာ အဆီ။ ယောက်ျားတွေကြောက်တာ ထိပ်ပြောင်မှာ” တဲ့။ 

တစ်ခါတုန်းက ပီတာနဲ့ သူ့ငယ်သူငယ်ချင်းတစ်ယောက် ပြောကြဆိုကြသံကြားဖူးတယ်။ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး ဆိုတာ။ အင်္ဂလိပ်လိုပြောတာတော့ ဖရီးဒမ်းဖရွန်ဖီးယား ဆိုလားပဲ။ သူ့သူငယ်ချင်းက သူ့လို စီးပွားရေးလောကကမဟုတ်ဘူး။ ကြည့်ရတာ စာသမားပေသမားနဲ့တူပါရဲ့၊ စကားပြောရင် စာအုပ်အကြောင်း မပါမပြီးဘူး။ အဲ … သူပြောတဲ့စာအုပ်တစ်အုပ်က အဲဒီ ကြောက်ရွံ့ခြင်းမှကင်းဝေးရေးအကြောင်းဆိုတာပဲ။ စာအုပ်က နိုင်ငံရေးရှုထောင့်ကနေ ရေးထားတာ ဆိုပေမဲ့ ကျနော်ကတော့ လူတွေဟာ အကြောက်တရားကနေ လုံးဝလွတ်ကင်းနိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ တွေးမိတာပဲ။ လူတွေဟာ အာဏာရှင်တွေကို မကြောက် တော့ရင်တောင်မှ သူတို့ကိုယ်စီမှာ အကြောက်တရားကိုယ်စီက ကြီးစိုးနေကြဦးမှာပဲ။ ပီတာက ထိပ်ပြောင် မှာ ကြောက်တယ်။ သူ့မိန်းမက ဝလာမှာကြောက်တယ်။ ဆယ်တန်းဖြေမယ့်သူ့သားက ကမ်မစ္စတြီဘာသာရပ် မဖြေနိုင်မှာ ကြောက်တယ်။ အပျိုပေါက်ဖြစ်ခါစ သူ့သမီးက လစဉ်နာကျင်ကိုက်ခဲရမှာကို ကြောက်နေတယ်။ 

ပီတာရဲ့ အဲသည် ငယ်သူငယ်ချင်းကတော့ ပြောရှာပါတယ်။ သူဖတ်ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ထိပ်ပြောင်တဲ့ ယောက်ျားတွေဟာ ဉာဏ်ကြီးရှင်တွေ၊ အောင်မြင်တဲ့သူတွေဖြစ်တယ်တဲ့။ ဂျူးလိယက်ဆီဇာ၊ ဆော့ခရတ္တိ၊ နပိုလီယံ၊ အရစ္စတိုတယ်၊ ဂန္ဓီ၊ ဒါဝင်၊ ချာချီ၊ ရှိတ်စပီးယား၊ ဟစ်ပိုကရေးတီး … စတဲ့ ကမ္ဘာ့သမိုင်းက ထင်ရှားတဲ့ပုဂ္ဂိုလ်ကျော်တွေဟာ ထိပ်ပြောင်ကြတဲ့အကြောင်း၊ 

“ဟကောင် ပီတာရ။ မင်းခန္ဓာကိုယ်ကို လူပျိုဘဝကလို ပြန်ချပ်ရပ်အောင်လုပ်လို့ရတဲ့အခါ၊ မင်းခေါင်းက ဆံပင်ပြန်ပေါက်အောင်လုပ်လို့ရတဲ့အခါ ငယ်ငယ်တုန်းကလို မင်းနားမှာ ကောင်မလေးတွေဝိုင်းချင်ဝိုင်းလာ လိမ့်မယ်။ လူတွေရဲ့အမြင်မှာ မင်းဟာ ဒီဘဲကြီးလန်းတယ်လို့မြင်ချင်မြင်မယ်။ မင်းကိုယ်မင်းလည်း ‘ငါကွ’ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ မင်းကိုချစ်တဲ့သူကတော့ မင်း ဘာဖြစ်ဖြစ် ချစ်နေမှာပါပဲ” လို့ ပီတာ ရဲ့ သူငယ်ချင်းက ပြောတယ်။

ပီတာရဲ့သူငယ်ချင်းပြောတာ ဟုတ်လောက်ပါတယ်။ ပီတာနဲ့တွဲသမျှကောင်မလေးတွေဟာ ပီတာ့ကို တည့်တည့် ကြည့်‌နေပေမဲ့ သူတို့မျက်လုံးထဲ ပီတာ့ကိုမြင်တယ်လို့မထင်ပါဘူး။ ပီတာဆိုတဲ့ လူရဲ့နောက်က အရာတွေကိုမြင်လိမ့်မယ်လို့ ကျနော်ကထင်တာပဲ။ ဒါကြောင့် ပီတာတစ်ယောက် သူ့ကိုယ်သူ အမြင်ပိုင်း ဂရုစိုက်နေသလောက် ကြိုးစားထားသမျှအရာမထင်ဘူးလို့ ကျနော်ကတော့ သုံးသပ်နေမိတယ်။ တကယ်တော့ လူတွေဟာ ရှေ့ပိုင်းမှာပြောခဲ့သလို ကိုယ့်အကြောက်တရားနဲ့ကိုယ် ပြန်ပိတ်မိနေတတ်ကြတာပါပဲ။ ‘ငါ့ကို ဘယ်လိုမြင်ကြမလဲ’ ဆိုတဲ့ ကြောက်စိတ်ကိုမှီပြီး လျှောက်လုပ်နေကြပေမဲ့ ဘေးလူက သူကြောက်နေသလို သူတို့စိတ်ထဲ ထင်ချင်မှထင်ကြတာပါ။ ဒါကြောင့်လည်း လူ့စိတ်သဘောကို၊ လူ့အကြောက်တရားကို နားလည် တဲ့ သူတွေဟာ ဒါကိုအသုံးချပြီး ကောင်းကောင်းအကျိုးအမြတ်ရနိုင်ကြတာပေါ့။ 

ပီတာ သွားပြနေကျ ဆရာဝန် က တစ်ခါက ပြောဖူးတယ်။ 

“ဦးပီတာရေ … ထိပ်ပြောင်တာကိုကုသဖို့ရာ လူတွေသုံးတဲ့စရိတ်က တစ်နှစ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ သုံးဘီလျံကျော်လောက် ရှိတယ်ဗျ။ ငှက်ဖျားအတွက်သုံးတာကမှ တစ်နှစ်ကို ဒေါ်လာသန်း နှစ်ရာ လောက် ရှိတာဗျာ။ ဟိုးတစ်နှစ်ကဆို ဆံပင်ကျွတ်သက်သာဆေးတစ်မျိုးရဲ့ ရောင်းအားက ဒေါ်လာ ၂၆၄ သန်း တောင် ကျော်ပြီးစံချိန်တင်သွားသတဲ့။ အင်း … ထိပ်ပြောင်တာကို လုံးဝကာကွယ်၊ ကုသနိုင်တဲ့ ဆေးမပေါ်သေး လို့ ပေါ့ဗျာ။ အဲဒီဆေးထွင်နိုင်သူ ကျနော်ပဲ ဖြစ်လိုက်ချင်ရဲ့။ ဒါဆို ကမ္ဘာ့အချမ်းသာဆုံးသူဌေးတွေဆိုတဲ့ ဂျက် ဘီဇော့တို့၊ ဘီလ်ဂိတ်တို့ဆိုတာတွေကိုကျော်ပြီး ကျနော် နံပါတ်တစ် ဖြစ်မှာဗျ သိလား။” 

အစပိုင်းမှာပြောခဲ့တဲ့ ပီတာထိပ်ပြောင်ရခြင်းရဲ့ နောက်ကွယ်က လူမသိသူမသိဇာတ်လမ်းဆိုတာလေး ပြောပါရစေ။ ဒီလိုပါ။ ပီတာ ထိပ်ပြောင်တာ မျိုးရိုးဗီဇကြောင့်လား၊ ဒီအိပ်ချ်ဒီတွေကိုဖြစ်စေတဲ့ အင်ဇိုင်းတွေ များနေလို့လား၊ ဒါမှမဟုတ် တခြားဘာအကြောင်းတွေကြောင့်လဲ ကျနော်သေချာမသိပါဘူး။ သူ့ဆရာဝန်က လည်း သေချာရေရာတဲ့အဖြေမပေးနိုင်သလို ကုသရာမှာလည်း သိသိသာသာ တိုးတက်မလာပါဘူး။ ဒါပေမဲ့လို့ သူ့ဆံပင်တွေကျွတ်ကုန်ရခြင်းအကြောင်းထဲမှာ ခုပြောမယ့်အကြောင်းရင်းလည်းပါတာတော့ ကျနော်တို့ ဆံပင်ညီအစ်ကိုတွေကတော့ ကောင်းကောင်းကြီးကို သိထားကြပါတယ်။

ဆံပင်တွေဟာ လူရဲ့အစိတ်အပိုင်းဖြစ်တယ်။ ကျနော်ဟာ ပီတာဖြစ်သလို ပီတာဟာလည်း ကျနော်ပါပဲ။ ကျနော်တို့ဆံပင်တွေမှာလည်း ကျားသဘာဝ မသဘာဝရှိကြပါတယ်။ ယောက်ျားတစ်ယောက်ရဲ့ဆံပင်ဟာ ကျားစိတ်ရှိသလို မိန်းမတစ်ယောက်ရဲ့ဆံပင်ကလည်း မိန်းမစိတ်ရှိပါတယ်။ လိင်တူချစ်တဲ့ တခြားသော လူ ဆိုရင်လည်း သူ့ဆံပင်က သူနဲ့အလားတူစိတ်မျိုး ရှိတာပါပဲ။ ဒါကြောင့် ကျနော်တို့ဆံပင်တွေဟာ ဆန့်ကျင်ဘက် လိင်ရှိသူ လူပုဂ္ဂိုလ်ရဲ့ဦးခေါင်းက ဆံပင်တွေရဲ့ဆွဲဆောင်မှုကို ခံရတာပါပဲ။ 

ကျနော်တို့ဆံပင်တွေဟာ ဆန့်ကျင်ဘက်လိင်ရဲ့ဆံပင်တွေကို စစိတ်ဝင်စားချိန်ဟာ အနှီပုဂ္ဂိုလ် တခြားလိင်ကို စစိတ်ဝင်စားချိန်နဲ့ အတူတူပါပဲ။ ဒါကြောင့် ပီတာ ရည်းစားစထားချိန်မှာ သူ့ရည်းစားရဲ့ခေါင်းပေါ်က ဆံပင်မ လေးတွေနဲ့ ကျနော်တို့လည်း ချစ်မျိုးကြဲချ၊ ချစ်ပျိုးပင်ပေါက်၊ ချစ်ပန်းတွေပွင့်ကြပါရဲ့။ သမီးရည်းစား နှစ်ယောက်ဖက်ပြီး ပါးချင် အပ်ထားချိန်ဆို ဦးခေါင်းနှစ်ခု နီးကပ်သွားပြီး ဆံပင်ချင်းလည်း ထိသွားကြပါတယ်။ ဒီအချိန်ဟာ ကျနော်တို့ ဆံပင်တွေ လူပျိုလှည့်ချိန်ပါပဲ။ 

ကျနော်တို့ရဲ့အားနည်းချက်ကတော့ ဆံပင်ချင်းမထိတွေ့ရင် လူပျိုလှည့်လို့မရပါဘူး။ ဒါကြောင့် ခေါင်းချင်း ထိမထားတဲ့ဘက်က ဆံပင်တွေဆို မချင့်မရဲတွေဖြစ်ပေါ့။ ကောင်မလေးက ညာဘက်ကထိုင်ရင် ကောင်လေးရဲ့ ညာဘက်က ဆံပင်တွေနဲ့ ကောင်မလေးရဲ့ ဘယ်ဘက်ကဆံပင်တွေ ငြိကြလေသတည်းပေါ့။ နောက်ဆုံး မခွဲနိုင် အောင်ချစ်မိတဲ့အခါ ဆံပင်နှစ်ချောင်းဟာ ထိပ်ဖျားချင်း ပူးပြီး ကြိုးစနှစ်စလို ထုံးချည်လိုက်ကြပါတယ်။ ထိနေတဲ့ခေါင်းချင်း ပြန်ကွာသွားတဲ့အခါမှာတော့ ခုနက ပူးချည်ထားတဲ့ ဆံပင်နှစ်ချောင်းဟာ အမြစ်ကနေ ကျွတ်ပြီး ပါသွားကြပါတယ်။ ဒါဟာ ဆံပင်မွေးတစ်ချောင်းရဲ့ သူ့မိခင်ခန္ဓာအိမ်ကို အပြီးတိုင်စွန့်ခွာတဲ့အချိန် ဖြစ်သလို သူ့ရဲ့ကိုယ်ပိုင်ဖြစ်တည်မှုကိုရှာဖွေတဲ့အချိန်လို့ပဲ ပြောရမလားပဲ။ 

မှန်မမှန်မသိပေမဲ့ ကောလာဟလအနေနဲ့ ကြားဖူးနေတာတစ်ခုကတော့ ကျနော်တို့ဆံပင်တွေလိုပဲ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေချင်းလည်း ချစ်ကြိုက်ညားကြတာမျိုး ရှိပါသတဲ့။ နှုတ်ခမ်းချင်းနမ်းကြတဲ့အခါ သူ့တံတွေး ကိုယ့်တံတွေးရောသွားတဲ့နည်းနဲ့ တံတွေးချင်းလည်း နမ်းကြပါသတဲ့။ လိင်ဆက်ဆံနေချိန်မှာ ဆိုရင်လည်း ဆီးခုံမွေးတွေချင်း ကြင်ဖော်ရှာကြပြီး ကျနော်တို့လို ထိပ်စချင်းထုံးချည်လို့ ခန္ဓာကိုယ်ကို လုံးဝ စွန့်ခွာသွားကြပါသတဲ့။ ဒါတွေကတော့ အတည်ပြုလို့မရတဲ့အရပ်စကားတွေဖြစ်ပြီး ကျနော့်အနေနဲ့ အတည်ပြု နိုင်တာကတော့ ဆံပင်တွေချင်း ချစ်ကြိုက်အိမ်ထောင်ပြုကြတဲ့ကိစ္စပါပဲ ခင်ဗျာ။ 

ပီတာ ထားခဲ့သမျှ ရည်းစားတွေနဲ့အတူ ပီတာရဲ့ခေါင်းက ဆံပင်တွေထဲမှာ ဘဝလက်တွဲဖော် ဆံပင်မလေး ရှာတွေ့ပြီး အပြီးအပိုင် ထွက်ခွာသွားတဲ့ဆံပင်တွေမနည်းပါဘူး။ အလားတူပဲ ချစ်ဖော်ကြင်ဖော်ရှာမတွေ့ သေးဘဲ ဖူးစာရှင်စောင့်နေရင်းမှာပဲ ဆံပင်ဖြီးရင်းဖြစ်စေ၊ ခေါင်းလျှော်ရင်းဖြစ်စေ ကျွတ်ထွက်သွားကြတဲ့ ဆံပင် တွေလည်း ဒုနဲ့ဒေးပါပဲ။ ပီတာရဲ့မိန်းမခေါင်းကဆံပင်မလေးတွေထဲမှာတင် ကြိုးချင်းထားတော့ ကြိုးချင်းငြိ သွားကြတဲ့ ကျနော့် ညီအစ်ကိုတွေတောင် အတော်များပါရဲ့။ နောက်ပြီး ပီတာနဲ့ အတူထိုင်ပြီးသီချင်းဆိုခဲ့ကြတဲ့ ကေတီဗီက ဆိုပျော်မယ်လေးတွေ၊ ပီတာကို “ဦး ဦး” နဲ့ ညာခေါ်ခဲ့တဲ့ သမီးလေးတွေနဲ့တုန်းကလည်း ဒီအတိုင်းပါပဲ။ 

တစ်ခုရှိတာက လူတွေမှာ သွေးသားချင်းစောင့်စည်းရသလို ကျနော်တို့ဆံပင်တွေမှာလည်း သွေးသားရင်းချာ တွေရဲ့ ဆံပင်တွေချင်း မငြိတွယ်ကြပါဘူး။ ဥပမာ - ပီတာဟာ သူ့သမီးလေးကို သိပ်ချစ်လို့ အမြဲလိုလို ပွေ့ဖက် ထားတတ်၊ ခေါင်းချင်းထိထားတတ်ပေမဲ့ ပီတာသမီးရဲ့ခေါင်းကဆံပင်မလေးတွေဟာ ကျနော်တို့အတွက် ကျနော်တို့ရဲ့သမီးတွေပါပဲ။ ဒါကြောင့် ကျနော်တို့ဟာ ပီတာသမီးရဲ့ခေါင်းက ဆံပင်မလေးတွေနဲ့ ချစ်ကြိုက် တာမျိုး မလုပ်ကြပါဘူး။ ပီတာရဲ့ညီမတို့၊ အဒေါ်တို့၊ အမေတို့ရဲ့ခေါင်းကဆံပင်တွေကိုလည်း ကျနော်တို့က အလားတူ သဘောထားရပါတယ်။ 

ပီတာရဲ့ခေါင်းကနေ သဘာဝအလျောက် ကျွတ်တဲ့ဆံပင်က ဘယ်နှချောင်း၊ ထိပ်ပြောင်ဖြစ်စဉ်ကြောင့် ကျွတ်တာက ဘယ်နှချောင်း၊ ဆံပင်ချင်း ညားကြလို့ကျွတ်တာက ဘယ်နှချောင်းရယ်လို့တော့ ကျနော်တို့ မမှတ် ထားနိုင်ကြပါဘူး။ ကျနော်ကတော့ သူ့ဟာသူကျွတ်ထွက်တဲ့ ဆံညီအစ်ကိုတွေထက် ချစ်သူကြင်သူတွေ့လို့ သီးခြားဘဝထူထောင်သွားကြသူ ညီအစ်ကိုတွေအတွက် ပိုပြီးဝမ်းသာရပါတယ်။ ပေါက်ရောက်ရာ အရပ်ချင်း နီးတဲ့ ဆံပင်ချင်းလည်း သူ့နှလုံးသားရေးရာ၊ ကိုယ့်နှလုံးသားရေးရာ တိုင်ပင်ကြပါတယ်။ “အစ်ကိုရေ၊ ငါတော့ ဟိုကောင်မလေးနဲ့ မခွဲနိုင်တော့ဘူး။” “မင်း သေချာပြီလား၊ မင်းကိုယ်မင်း သေချာမေးပြီးပြီလား။” “သေချာပါ တယ်။ ကျနော် အချိန်ယူစောင့်ကြည့်ပြီးပါပြီ။” “ဝမ်းသာတယ်ကွာ။ မင်းလမ်းမင်း ဆက်လျှောက်တော့မှာပေါ့။ ငါတို့တွေခွဲကြရတော့မယ်။ ကံကောင်းပါစေ ငါ့ညီ” စသည်ဖြင့် ကျနော်တို့ အချင်းချင်း ကာလသားပြော ပြောတတ်ကြတယ်။ ဒါက နှုတ်မဆက်ဘဲ ခွဲခွာသွားတာမျိုးထက်စာရင် ပိုပြီးဖြေသိမ့်နိုင်တာ မဟုတ်ဘူးလား။ 

ဒီလိုနဲ့ပဲ နေ့တွေ၊ လတွေ၊ ရက်တွေကုန်လွန်လာတာနဲ့အမျှ ပီတာရဲ့ခေါင်းကဆံပင်တွေ အကုန်ကုန်သွားပါပြီ။ ကျနော်ကလွဲရင်ပေါ့။ တစ်ပင်တည်းကျန်တဲ့ ဒီဆံပင်လေးကို ပီတာက ဆွဲနုတ်ပါသေးတယ်၊ ဘလိတ်ဓားနဲ့လည်း ရိတ်ပစ်ပါတယ်။ ဒါပေမဲ့ ကျနော်က ပြီးရင်ပြန်ထွက်လာတာပါပဲ။ အမြစ်က မွေးညင်းပေါက်ထဲ ကျန်နေတာကိုး။ နောက်တော့ သူလည်း ကျနော့်ကိုဘာမှမလုပ်တော့ဘဲ ဒီအတိုင်းလေး ထားလိုက်တော့တယ်။ နည်းနည်းရှည်လာမှသာ ကတ်ကြေးလေးနဲ့တိတိပေးတယ်။ ကျနော်ကတော့ ခေါင်းဖြီး တုန်းကလည်း ကြွေမကျ၊ ခေါင်းလျှော်တုန်းကလည်း ပါမသွား။ ချစ်ကြင်ဖော်ကိုလည်း ခုထိရှာမတွေ့သေးဘဲ ပီတာရဲ့ ညာဘက် ချိုစောင်းနေရာလေးမှာ တစ်ပင်တည်း အထီးကျန်စွာနဲ့ နေလာခဲ့တာ ခုဆို ပီတာရော ကျနော်ရော အသက်ငါးဆယ်ပြည့်တဲ့နေ့အထိပါပဲ။ 

တကယ်ဆို ကျနော်ဟာတစ်နည်းမဟုတ်တစ်နည်းနဲ့ ပီတာရဲ့ခေါင်းပေါ်ကနေ ထွက်ခွာသွားချင်ခဲ့တာ ကြာခဲ့ပါပြီ။ ပီတာအပေါ် ကျနော်တွယ်တာမှုမရှိတော့ပါဘူး။ ပီတာဆိုတဲ့ လူပုဂ္ဂိုလ်ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် နေခဲ့ရတာ ကျနော် ငြီးငွေ့လှပါပြီ။ ပီတာရဲ့ လောင်းရိပ် အောက်ကနေ ထွက်ခွာပြီး သီးခြားဖြစ်တည်မှု တစ်ခုအနေနဲ့ပဲ ကျနော်ရှင်သန်ချင်ပါတော့တယ်။ ကျနော်က ကျနော်၊ ပီတာနဲ့မဆိုင်တဲ့ကျနော်အနေနဲ့ပေါ့။ လူတွေဟာ တကယ်တော့ ဆံပင်တွေကို တကယ်မြတ်နိုးတာမဟုတ်ပါဘူး။ ဆံပင်တွေရှိနေလို့ သူတို့ရဲ့ ရုပ်အဆင်းတင့်တယ်တယ်လို့ မြင်တာကြောင့်သာ ခေါင်းမှာရှိသရွေ့ တသသနဲ့ထားတာ ဖြစ်ပါတယ်။ ခေါင်းကနေ ကျွတ်သွားတဲ့အခါ ဘယ်သူမှ ငါ့ဆံပင်လေးရယ်လို့ တယုတယမသိမ်းထားပါဘူး။ မသိမ်းထားတဲ့ အပြင် ထမင်းပန်ကန်ထဲကျသွားရင်တောင် ရွံရှာကြပါတယ်။ လူတွေဟာ ကျနော်တို့ဆံပင်တွေအပေါ် သူတို့ အတွက် အသုံးချဖို့သက်သက်မျှသာ သဘောထားကြပါတယ်။ ဒါကြောင့်လည်း ပီတာကိုကျနော် မခင်တွယ်တော့တာပါ။ သူ့ဟာသူကျွတ်ထွက်သွားဖို့ဖြစ်ဖြစ်၊ ဖူးစာရှင်ဆံပင်မလေးနဲ့တွေ့ဖို့ဖြစ်ဖြစ် ကျနော် အမြဲ မျှော်လင့်ခဲ့ ပါတယ်။ 

တစ်ပင်တည်း ထီးတည်းနေလာတာ ငါးနှစ်လောက်ရှိလာတဲ့အခါ ကျနော့်ဆုတောင်းတွေပြည့်ဖို့ နီးစပ်လာပါ တယ်။ ပီတာ ခုတလော ဓာတ်ကျနေတဲ့ ကေတီဗီကကောင်မလေးရဲ့ ဘယ်ဘက်ချိုစောင်းက ဆံပင်မလေး တစ်ပင်နဲ့ ကျနော်ဟာ တစ်ပင်ကိုတစ်ပင် နှလုံးသားချင်းနားလည်နေပြီးသား ဆိုကြပါတော့။ ကျနော့်အနေနဲ့ ပီတာကို ထားခဲ့ပြီး သူနဲ့နှစ်ကိုယ်တူဘဝတည်ထောင်ချင်ပေမဲ့ သိပ်အလျင်မလိုရဲပါဘူး။ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုးမဟုတ်လား။ ဒါကြောင့် ပီတာ ကေတီဗီရောက်တိုင်း၊ ကောင်မလေးနဲ့ အတူတူ ကယုကယင်တွေ ပြုကြတိုင်း ကျနော်ဟာ ကောင်မလေးရဲ့ခေါင်းက ကျနော့်ရဲ့ အဆက်ကလေးနဲ့ နှလုံးသားချင်း ပိုနီးအောင်သာ စကားတွေပြောဖြစ်နေပါတယ်။ ဖွင့်တော့မပြောဖြစ်သေးပါဘူး။ နောက်တစ်ခါ တွေ့ရင်တော့ တစ်ခါတည်းဖွင့်ပြောပြီး ဆက်ထုံးချည်လိုက်ကြတော့မယ်လို့ ဆုံးဖြတ်ထားလိုက်တယ်။

ပီတာဟာ အသက်ငါးဆယ်ပြည့်မွေးနေ့မှာ မနက်စောစောထပြီး ဘုရားသွားတယ်။ သူ့မိန်းမက မနေ့ည ကတည်းက “မောင် မနက်ကျဘုရားသွားမယ်။ စောစောထနော်” လို့မှားထားလို့ပါ။ တစ်နေကုန် သူနေချင် သလို နေတော့မှာမို့ မနက်ခင်းလေးတော့ သူ့မိန်းမစိတ်မငြိုငြင်အောင် ပေးစားလိုက်တဲ့သဘောပေါ့။ ပီတာကတော့ ဘုရားရောက်တာတောင် ညနေကျ ဘော်ဒါတွေနဲ့ဝိုင်းမယ့်ပွဲကိုပဲ စိတ်ရောက်နေတာပဲ။ ပြီးရင် ကေတီဗီပေါ့။ ကျနော်ကတော့ ပီတာတစ်ယောက် ကျနော့်ကောင်မလေးကို ဓာတ်မကျတော့မှာကိုပဲ စိုးရိမ်နေမိ တယ်။ ဒီလောကမှာက သူ့ထက်ငါ လှတဲ့သူတွေ၊ ငယ်တဲ့သူတွေကများတာဆိုတော့ ဒီတစ်ယောက်ထက် ပီတာ ပိုကြွေတဲ့တစ်ယောက် တွေ့လာခဲ့ရင် ကျနော့် ချစ်သူဆံပင်မလေးနဲ့လည်း ဝေးရလိမ့်မယ်။ ဒါကြောင့် ဖွင့်ပြောဖို့အချိန်ယူ စဉ်းစားတာနဲ့ ပီတာ စိတ်မပြောင်းခင် ဒီဆံပင်မလေးကို ဖွင့်ပြောဖို့ဆုံးဖြတ်တာ နှစ်ခုဟာ တိုင်မင်ကိုက်မှ ရပါလိမ့်မယ်။ 

ပီတာဟာ ညနေလည်းရောက်ရော သူတို့လိုဘောစိအထက်တန်းလွှာတွေသာ သွားနိုင်တဲ့ နာမည်ကျော် ကေတီဗီကြီးကို ချီတက်တော့တာပဲ။ “ဒီညနေ အစ်ကိုကြီးလာခဲ့မယ်၊ ဆက်ဆက်စောင့်နေနော်” လို့ ပီတာက ကျနော့်ကောင်မလေး (အဲ သူ့ကောင်မလေး) ဆီ ဖုန်းကြိုလွှတ်လိုက်ပါတယ်။ ကျနော်ကတော့ ရင်တွေခုန်လို့ ပေါ့။ ဒီညတော့ ကျနော့်ချစ်သူ ဆံပင်မလေးကိုတစ်ခါတည်းခွင့်တောင်းပြီး (ကျနော်တို့ဆံပင်လောက ဗန်းစကားနဲ့ပြောရရင်) ခုန်ချလိုက်ကြတော့မယ်လို့ တွေးနေမိတော့တယ်။ 

လူအယောက်သုံးဆယ်လောက်ဆန့်တဲ့ ခန်းမကျယ်ကြီး၊ မီးရောင်စုံစလိုက်တွေနဲ့ ခမ်းနားဆန်းကြယ်တဲ့ ခန်းမ ကြီးထဲမှာ ပီတာနဲ့အတူ သူ့နဲ့အပေါင်းဖြစ်ဆုံး သူဌေးတွေ၊ အာဏာပိုင်တွေဟာ ဘီးကြဲတွေဝတ်တတ်ကြတဲ့ ဟာဝေယံရှပ်ကိုယ်စီ၊ စတိုင်ပင်ကိုယ်စီနဲ့ပါ။ တချို့လည်း မျက်မှန်နဲ့။ တချို့လည်း ပီတာလိုပဲ ထိပ်ပြောင်ပြောင်နဲ့။ မဒီချောတွေကတော့ ဆိုင်ရာဆိုင်ရာ ဦးတွေ၊ အစ်ကိုကြီးတွေနဲ့အတူ ဒွိယံဒွိယံပဲ။ ပီတာရဲ့ကောင်မလေးလည်း သူ့အနားမှာ ပူးပူးကပ်ကပ်ပဲ။ ဒါပေမဲ့ ကျနော့်မှာ ကျနော့်ဆံပင်မလေးနဲ့ စကားအေးအေးဆေးဆေး မပြောနိုင်သေးဘူး။ 

ဖယောင်းတိုင် မမှုတ်ခင် ဆုတောင်းခိုင်းတော့ ပီတာ ဘာတွေဆုတောင်းလဲ မသိပေမဲ့ ကျနော်ကတော့ ခုည ကျနော့်အစီအစဉ် အဆင်ပြေပါစေရယ်လို့ပဲ နာနာ ဆုတောင်းတာပဲ။ ကျနော် ဒီတစ်ခါတော့မလွဲချင်တော့ဘူး။ ‘ငါတို့ ဘယ်ရထားမှာလွဲခဲ့လဲ တစ်ခါလွဲရင်နှစ်ပေါင်းဘယ်လောက်ကြာတတ်သလဲ ခင်ခင်ပျိုရေ ကိုယ်စောင့် ခဲ့တယ်’ ဆိုတဲ့ အောင်ချိမ့်ရဲ့စာသားကို ကျနော် နောင်ရွတ်မနေချင်ဘူး။  ပီတာရဲ့ ကောင်မလေးက ပီတာ နားနားကပ်ပြီး တိုးတိုးပြောတယ်။ ‘အသက်တစ်ရာ့နှစ်ဆယ်ရှည်ပါစေ’ ဆုတောင်းပေးတာတော့ မဖြစ်နိုင်ပါဘူး။ ပီတာ အသက့်တစ်ရာ့နှစ်ဆယ်အထိ ဒီကလေးမက သူနဲ့တွဲချင်ပါ့မလား။ ပီတာလည်း မွေးနေ့ကိတ်ကိုခွဲပြီး သူ့ဘော်ဒါရောင်းရင်းတွေနဲ့ မဒီချောလေးတွေကို လိုက်ခွံ့တယ်။ ကိတ်မုန့်ခရင်ကို လက်နဲ့တို့ပြီး မျက်နှာတွေလိုက်သုတ်ကြသေးတယ်။ ပျော်စရာကြီးပဲ။ ကျနော်လည်း ကျနော့်ဆံပင်မလေးကို လှမ်းလှမ်းကြည့်ပြီး ပျော်နေတယ်။ 

အရက်ခွက်တွေကိုင်မြှောက်၊ “ချီးယား” ချင်းတွေထပ်၊ “စော်ကြည်ထီပေါက်နိဗ္ဗာန်ရောက်ပါစေ’ တွေ မိုးမွှန်ပြီး တော့ ထိုင်ခုံမှာကိုယ့်အတွဲနဲ့ကိုယ်ထိုင်ကြပြီ။ သီချင်းတွေတောင်းကြပြီ။ ဘီးကြဲတွေက စိုင်းထီးဆိုင်တို့၊ စိုးလွင်လွင်တို့တွေဆိုချင် တယ်။ ခင်ခင်ပျိုတွေက စိုင်းစိုင်းတို့၊ ဝေလတို့ဆိုချင်တယ်။ မျိုးဆက်ချင်းတွန်းတိုက်။ ဒါပေမဲ့ ကာစတမ်မာအစ္စ အောလွေ့(စ) ရိုက် မဟုတ်လား။ ဦးသဘော၊ ကိုကြီးသဘောပေါ့။ 

ပီတာရဲ့ရင်ခွင်ထဲမှာတော့ အသက်နှစ်ဆယ်မပြည့်တတ်ပြည့်တတ် ကောင်မလေးဟာ ပီတာကို ပခုံးမှီနွဲ့ အုံးစက်လိုက်၊ ပါးချင်းအပ်လိုက်နဲ့ပဲ။ နုနုနယ်နယ်ပါးလေးတစ်ဖက်ကို ပီတာက ရမ္မက်အပြည့်နဲ့ မကြာမကြာ နမ်းရှိုက်ပါတယ်။ ကျနော်လား… ကျနော် ဂွကျ နေတာ။ ကောင်မလေးက ပီတာရဲ့ဘယ်ဘက်ကထိုင်နေလို့ ကျနော့်ဆံကေသာမလေးနဲ့ ကျနော် မတွေ့ရပါဘူး။ ခင်ခင်ပျိုရေ၊ ဒီရထားမှာ ငါတို့လွဲကြတော့မလား။ ကျနော် ငူငူငိုင်ငိုင်ဖြစ်နေမိတယ်။ ပျော်နေကြတဲ့ မွေးနေ့ပွဲလာ မင်းပရိသတ်ကိုကြည့်ပြီး ကျနော်မပျော်နိုင်တော့ဘူး။ 

အချိန်တွေ တဖြည်းဖြည်းကုန်လာတယ်။ ဦးတွေ၊ ကိုကြီးတွေလည်း သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ် ဆိုပြီး ကွေးနေအောင်ကတဲ့သူက ကတဲ့အဆင့်ရောက်လာကြပြီ။ ဘိုလိုမှုတ်တဲ့သူက မှုတ်လာကြပြီ။ ကျနော့်အတွက် တော့ ဆံပင်မလေးနဲ့နီးရက်ဝေးနေတုန်း။ သည်တစ်ခါလွဲရင် ဘယ်လောက်ကြာဦးမလဲ မေးရမလိုဖြစ်နေတုန်း ကံကြမ္မာက တစ်ချက်ပြန်လင်းလာတယ်။ ကောင်မလေးရဲ့ဘယ်ဘက်မှာ ထိုင်နေတဲ့ ဘဲကြီးဟာ သူ့မှာလည်း ကောင်မလေးရှိရက်သားနဲ့ ပီတာ့ကောင်မလေးရဲ့ ပေါင်ကို မသိမသာ လာလာကိုင်နေတာ တော်တော်ကြာ ပြီ။ များလာတော့ ကောင်မလေးလည်း သည်းမခံနိုင်တော့ဘူးထင်ရဲ့၊ ထလာပြီး ပီတာနဲ့ နေရာချင်းလဲထိုင် တယ်။ သူက ပီတာရဲ့ ညာဘက်ကိုရောက်သွားတာပေါ့။ 

ကျနော် ဘယ်လောက်ပျော်ပြီး ရင်တွေခုန်နေမလဲ စဉ်းစားသာကြည့်တော့။ ကျနော့် ဆံပင်မလေးကိုမြင်ရချိန် ဖြစ်သွားတဲ့ဝမ်းသာမှု။ သူကလည်း ကျနော့်ကို အလားတူရင်ခုန်တဲ့အကြည့်နဲ့ပြန်ကြည့်တယ်။ “ကိုယ် မင်းကို ပြောစရာတစ်ခုရှိတယ်၊ အချိန်မရှိလို့ မြန်မြန်ပြောမှဖြစ်မယ်” လို့ သူ့ကို အလောသုံးဆယ်ပြောလိုက်တယ်။ သူကလည်း “ပြောလေ” တဲ့။ ကျနော် သူ့ကိုချစ်နေကြောင်း၊ တူနှစ်ကိုယ်ဂဟေဆက်ချင်ကြောင်း စကားပလ္လင် မခံတော့ဘဲ မြန်မြန်ပြောလိုက်တယ်။ အခွင့်အရေးဆိုတာ နှစ်ခါပြန်မရချင်တာကြောင့် ခုညကိုပဲ ဘဝသစ် ထူထောင်ချင်တယ်လို့ပြောလိုက်တယ်။

ဆံပင်မလေးက သူ့ဆံပင်ညီအစ်မတွေနဲ့ တိုင်ပင်ချင်သေးတယ်တဲ့။ ကျနော်က ဒီတစ်ခါလွဲရင် တစ်သက်စာ ဖြစ်ချင်ဖြစ်သွားနိုင်တယ်လို့ ဖိပြောတယ်။ (တကယ်က သူကမူနေတာပါ။) “အချိန်မရှိဘူး၊ မြန်မြန်ပြောပါ။ တော်ကြာ ညာဘက်ကနေ ဘယ်ဘက်ပြန်ရောက်သွားမှ” လို့ပါ လောလိုက်တယ်။ သည်တော့မှ ထိပ်ထားလေး က ‘မောင့်သဘောပါ’ လို့ မျက်နှာကလေးနီမြန်းလို့ပြောပါတယ်။ 

ကျနော်တို့နှစ်ပင်လည်း ပီတာတို့ ခေါင်းချင်ပြန်မကွာခင် ဆံစထိပ်ဖျားချင်း ထုံးချည်လိုက်ကြပါတယ်။ သေချာအောင် နှစ်ထပ်၊ သုံးထပ်ချည်လိုက်တာပါ။ ပီတာတို့နှစ်ယောက် ခေါင်းချင်းခဏပြန်အကွာမှာ ကျနော်တို့ဆံနှစ်ပင် အားကုန်သုံးရုန်းလိုက်ကြတာ အမြစ်ကစကျွတ်ထွက်ပြီး ပါလာတော့တာပဲ။ အသေဂဟေ ဆက်ထားတဲ့ ဆံစနှစ်ချောင်းဟာ လူနှစ်ယောက်ကြား ဆိုဖာပေါ်ကိုကျသွားပါတော့တယ်။ ဆံပင်တွေဆိုတာ ကိုယ့်ဟာကိုယ် နေရာမရွေ့နိုင်ကြဘူး။ တစ်ယောက်ယောက်က လာပြီးမဖယ်ရှားမပစ်ချင်းပေါ့။ အဲသည်မှာပဲ ပီတာတို့တွေ ပွဲပြီးလို့အိမ်ပြန်သွားကြတဲ့အထိ တင်ကျန် နေရစ်တယ်။ 

လူ့ဦးရေပြားကနေ ကျွတ်ကျသွားပြီးတဲ့ ဆံပင်မွေးတွေဟာ တခြားပယောဂမပါခဲ့ရင် အကြာ့အကြာကြီး မပျက် မစီးဘဲ တည်ရှိနေပါသတဲ့။ ကံမကောင်းရင်တော့ မိုက်ခရိုအော်ဂင်နစ်ဇင် ခေါ် အဏုဇီဝပိုးမွှားလေးတွေရဲ့ အစာအဖြစ်နဲ့ ကိုက်ဖြတ်စားသောက်တာ ခံရတတ်ပါတယ်။ ကျနော်တို့ ဆံပင်တွေမှာ ပါတဲ့ပရိုတိန်းတစ်မျိုးကို အဲသည်အကောင်လေးတွေက သိပ်ကြိုက်တယ်လို့ ဆိုကြတယ်။ ကျနော်နဲ့ကျနော့်ချစ်သူတို့ဟာ မနက်ကျရင် သန့်ရှင်းရေးဝန်ထမ်းက တံမြက်စည်းလှဲတဲ့အထဲဖြစ်စေ၊ ဖုန်စုပ်စက်နဲ့စုပ်တဲ့အထဲဖြစ်စေ ပါသွားနိုင်ပါတယ်။ အမှိုက်ပုံး သို့မဟုတ် မြေကြီးပေါ်မှာ စွန့်ပစ်လိုက်တာ ခံရပါလိမ့်မယ်။ 

ပူးချည်ထားတဲ့ ကျနော်တို့ဆံပင်နှစ်စကတော့ ဘယ်လိုကံကြမ္မာမျိုးကိုမှ မကြောက်ပါဘူး။ ပိုးမွှားလေးတွေ စားရင်လည်း ခံလိုက်မှာပါပဲ။ (အစားမခံရရင်တော့ နှစ်ပေါင်းများစွာ အတူရှိနေကြမှာပေါ့။) ကျနော့်အဖို့ ကတော့ ပိုးမွှားလေးတွေ စားတာခံလိုက်ရတာဟာ ပီတာ့ခေါင်းပေါ်မှာနေရတာထက်တော့ အပုံကြီးပိုသာ ပါတယ်။ ကျနော်ဟာ ပီတာဆိုတဲ့ စုပေါင်းပညတ်ထားတဲ့ ပုဂ္ဂလနာမ်အောက်ကနေ လွတ်မြောက်ခဲ့ပြီး သီးခြားကိုယ်ပိုင်ဖြစ်တည်မှုနဲ့ နေတဲ့ အရာတစ်ခုဖြစ်လာပါပြီ။ ကျနော့်ကို ပီတာလို့ခေါ်လို့မရတော့သလို ပီတာရဲ့ဆံပင်လို့လည်း ခေါ်လို့မထိုက်တော့ပါဘူး။ ကျနော်ဟာ ကျနော်ဖြစ်ခဲ့ပါပြီ။ ဒီနေ့ဟာ ကျနော့်ဘဝမှာ အပျော်ဆုံးနေ့ပါပဲ။ လွတ်လပ်ခြင်းရဲ့အရသာဟာ ဘာနဲ့မှမလဲနိုင်ပါဘူး။ လွတ်လပ်ခြင်းနဲ့အတူ ကျနော်တို့နှစ်ဦး ဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး ဖြစ်လာသမျှအပေါ်လည်း ရဲရဲရင့်ရင့်လက်ခံရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပီတာရေ နှစ်ပေါင်းငါးဆယ်အထိ မင်းနဲ့အတူတူငါရှိပေးခဲ့တယ်။ ခုတော့ ငါ့လမ်းငါ သွားခွင့်ပြုပါတော့။ မင်းခေါင်းပေါ်မှာပဲ အဓိပ္ပာယ်မရှိ နေခဲ့ရတဲ့နေ့ရက်တွေဟာ ဒီနေ့မှာပဲ ကုန်ဆုံးခြင်းကိုရောက်ခဲ့ပါပြီ။ မင်းရဲ့ ရွှေရတုမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်စွာဖြတ်သန်းရပါစေလို့ ငါဆုတောင်းပေးပါရဲ့။ ငါနဲ့မင်းနဲ့ ဟာ ဒီနေ့ညမှာပဲ ရေစက်ကုန်ပါပြီ။ ငါဟာ မင်းရဲ့အရိပ်တစ်ခု၊ မင်းရဲ့အစိတ်အပိုင်းတစ်ခု မဟုတ်တော့ပါဘူး။  

မိတ်ဆွေ။ အကယ်၍များ သွားရင်းလာရင်း တစ်နေရာရာမှာ ဆက်ထုံးချည်ဆက်ထားတဲ့ ဆံစနှစ်ချောင်းကို တွေ့ခဲ့ရင် ရိုးရိုးဆံပင်မွေးလို့မယူမှတ်ပါနဲ့။ ဒါဟာ လူတွေရဲ့ခေါင်းပေါ်မှာနေပြီး လူတွေရဲ့အလှကိုပံ့ပိုး ပေးနေရတဲ့ အဖြည့်ခံဘဝကနေ ကြိုးစားရုန်းထွက်လာပြီး တူနှစ်ကိုယ်ဘဝတည်ဆောက်ကြတဲ့ ဆံပင်မွေးလေး နှစ်စပဲလို့ သဘောပေါက်စေချင်ပါတယ်။ ဘေးလွတ်ရာကို ရွှေ့မပေးထားနိုင်ရင်တောင်မှ မနှစ်မြို့တဲ့ ရွံရှာတဲ့ အကြည့်နဲ့မကြည့်ပေးဖို့မေတ္တာရပ်ခံချင်ပါတယ်။ ကျနော်တို့ဟာ လွတ်လပ်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြတဲ့ ဆံပင်မွေးနှစ်ချောင်း ဖြစ်ပါတယ်။

ကျနော့်ဇာတ်လမ်း ဤမှာပြီးပါပြီ။ 


Comments

အဖတ်အများဆုံး

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

အနက်မထင် ပဟေဠိများ

မစဲသော တံခါးခေါက်သံများ လှည့်ရလွန်းသဖြင့် ပျက်လုလု လက်ကိုင်ဘု မကွေးညွတ်တတ်မီက ငါ့နှုတ်ခမ်းများကို ပုလဲပုတီးတကုံးဆွဲသော လည်တိုင်အထက်မှာ ပြန်ရှာတွေ့ပါသည် ရောင်စုံစာအိတ်များနှင့် ပြည့်လျှံနေသော အိမ်ရှေ့က အဝင်စာတိုက်ပုံး ဖွင့်ကြည့်မိသော အိပ်မက်ထဲကပြန်စာတစောင် အထဲမှာ ဗလာစာရွက်တရွက် နှင်းဆီပွင့်များအား နေ့တိုင်း ငါပြန်ပြုံးပြဖို့ကြိုးစားပါသည် စံပယ်နဲ့တွေ့မယ့်အခါအတွက် ရီဟာဇယ်အဖြစ် သို့သော် ... စံပယ် ဪ ချစ်စံပယ်ဟာ မျက်နှာလွှဲသွား အခန်းထဲဝင်အလာ ‘မင်္ဂလာပါ’ ဟု လက်ပိုက်နှုတ်ဆက်ကြသူများ ခင်ခင်ပျိုတွေ တပျော်တပါး ပါသွားသော မပြေးဆွဲဖြစ်လိုက်သော လေအိတ်ရထားများ မြောက်မှတောင်သို့တိုက်နေသော နှင်းစက်တင်လေများ အသားတွေပပ်ကြားအက်နေသော လေကြောင်းသင့် ငါ့မျက်နှာ လမ်းပေါင်းများစွာ လမ်းပေါင်းများစွာ ဖြောင့်ဖြောင့်ဖြူးဖြူး ချိုင့်ကျင်းမရှိ ကတ္တရာလမ်းများ အကောင်းစား ဇိမ်ခံကားများ အဲကွန်းပါသော ဘတ်စ်ကားများ ဓာတ်တိုင်များ၊ LED လမ်းမီးများ ဓာတ်ကြိုးများပေါ်ရှိ ခိုများ လမ်းဘေးဝဲယာက အိမ်ကြီးရခိုင်များ လကြည့်နေသူများ ... ကြယ်ရေတွက်နေသူများ နို့ဆာနေသူများ ... အာသာဖြေနေကြသူများ ‘အိမ်ရှင်’ ဟုခေါ်၍ တံခါးကို အသာအယာ ခေါက်၏ တံခါ...

စောင်းကြိုးညှိခြင်း

လာပါကွယ် သွားရအောင်ပါ အလင်းရှိတဲ့နေရာ အာဃာတတွေ စေးပိုင် အနုညာတတွေက ဈေးကိုင် မရ, ရသက ချိုင်နေကြတဲ့ တို့တွေနေတဲ့ အပူသည် ကမ္ဘာ မင်းရယ်ကိုယ်ဟာ စွန့်ခွာထွက်ပြေး မဝေးလည်းမဝေး မနီးလည်းမနီး ငြီးလည်း မငြီးငွေ့နိုင်တဲ့တစ်နေရာ လိုက်မှာလား မင်းငါ့အပါး နှလုံးသားချင်း ခပ်ပြင်းပြင်းပူးချည် မေတ္တာဖြင့် နွေးထွေးစေမည် သစ္စာဖြင့် စုစည်းရစ်ချည် နေခြည်မှာရွှေရည်လောင်းသော တစ်နှစ်မှာ အကြိမ်ကြိမ်သီးသော မြေဆီမှာ အဆိပ်ကင်းသော မွှေးပျံ့သော ငါတို့ဥယျာဉ် စိမ်းဖန့်သော ငါတို့လွင်ပြင် ဆိတ်ညံသော ငါတို့ရင်ခွင် လူမျိုးသည်လည်းကောင်း၊ ဘာသာသည်လည်းကောင်း၊ စကားသည် လည်းကောင်း၊ ဓလေ့သည်လည်းကောင်း ငါတို့စိတ်ကြိုက် ငါတို့ဦးခိုက် ဘယ်အမိုက်မှ မဖျက်စေရ ဒီတစ်သက်စာ ငါတို့ဆောက်တဲ့ကမ္ဘာ လာပါကွယ် သွားရအောင်ပါ။ (၂၉ မေ ၂၀၁၃) ကဗျာကဏ္ဍမှာ အခြားဖတ်စရာ ကျနော်က ခင်ဗျားကိုတွေ့ချင်တာ မတ်မတ်များအတွက် ဩဘာစာ သတိဖြင့်ချစ်ခြင်း လူတွေနေနေတဲ့မြို့ နှစ် အပေါင်း နှစ် ညီမျှခြင်း တစ် My Dear Guest ဒွိဟ “လ” နှစ်သစ်ဆုတောင်း

မတူတာအပြစ်လား

ရှေ့နေလုပ်ဖို့ဆိုပြီး တောင်အာဖရိက နိုင်ငံကို ရောက်လာတဲ့ မစ္စတာဂန္ဒီဟာ ခါးသီးတဲ့ အတွေ့အကြုံ တစ်ခုကို ရင်ဆိုင်ခံစားခဲ့ရပါတယ်။ ဒါကတော့ ဥရောပတိုက်သားတွေပဲစီးခွင့်ရတဲ့ ရထားတွဲ ပေါ်ကို တက်မိတဲ့အတွက် တွဲပေါ်ကနေ ခွေးဆွဲ ဝက်ဆွဲ ဆွဲချခံခဲ့ရတာပါပဲ။ သူဘာမှ မတတ်နိုင်တဲ့၊ မည်းနက်တဲ့ သူ့ရဲ့မွေးရာပါ အသား အရောင် အတွက် ဂုဏ်သိက္ခာ ကျခဲ့ရတာဟာ အနာဂတ်မှာ တိုင်းပြည် ခေါင်းဆောင် ဖြစ်လာမယ့် ဂန္ဒီအတွက် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရအောင် ကြိုးပမ်းချင် စိတ်တွေ တဖွားဖွား ပေါ်ပေါက်စေ ခဲ့တဲ့ ကြီးမားတဲ့ တွန်းအား တစ်ရပ် ဖြစ်ခဲ့ ပါတယ်။ ဒီလိုမျိုး လူမျိုးရေးအရ၊ အသားအရောင်၊ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုဆိုတာ ဟိုးကမ္ဘာဦး အစကတည်းက ရှိလာခဲ့တဲ့ အစဉ်အလာတစ်ခုပါ။ ခွဲခြားမှုတွေဘာလို့ရှိနေပါသလဲ။ မတူညီမှုတွေ ရှိနေလို့ပါပဲ။ ပိုပြီး တိတိကျကျပြောရရင် အဲဒီ့ မတူညီမှုတွေကို သဘောထားကြီးကြီးနဲ့ခွင့်မလွှတ်နိုင်လို့ပါပဲ။ လူတွေဟာ တူညီမှုကိုလိုလားကြပါတယ်။ တူတာကိုပဲရှာဖွေကြပါတယ်။ ကလေးတစ်ယောက် မွေးလာပြီဆိုကတည်းက မိဘက သူနဲ့တူမတူအရင်ကြည့်ပါတယ်။ အဲဒီ့ကလေးကြီးလာရင်လည်း သူနဲ့တူတဲ့ သူတွေကို ရှာဖွေပါတယ်။ ကိုယ်နဲ့ စရိုက်သဘာ၀၊ အတွေးအခေါ်၊ ဓနဂုဏ်၊...

ကွန်းခိုရာ။ ရာဘင်ဒြာနတ် တဂိုး

ဘာသာပြန်သူ၏အမှာ ဘင်္ဂါလီစာဆိုတော်ကြီး ရာဘင်ဒြာနတ် တဂိုး (၁၈၆၁-၁၉၄၁) ကို ဝတ္ထုရေးဆရာတစ်ဦးအဖြစ်ထက် ကဗျာစာဆိုတော်ကြီး တစ်ဦးအဖြစ်သာ ကျွန်တော်ပို၍ ရင်းနှီးခဲ့သည်။ မြန်မာနိုင်ငံတွင် တဂိုး၏ ကဗျာစာစုများ၊ ဝတ္ထုတိုများကို ရှေ့ရှေ့က ဘာသာပြန် ဆရာကြီးများ မြန်မာဘာသာသို့  ပြန်ဆိုမှုများ ရှိသော်လည်း ဝတ္ထုရှည်အဖြစ်မူဘာသာပြန်သည်ကို မတွေ့ဖူးပါ။ (ကျွန်တော် မသိတာလည်း ဖြစ်နိုင်ပါသည်။) မူရင်း ဘင်္ဂါလီဘာသာဖြင့် ရေးသားထားသည့် ထိုဝတ္ထု၏ အင်္ဂလိပ်ဘာသာပြန်ကိုဖတ်ပြီး သည့်အခါ နှစ်သက်သဖြင့် မြန်မာဘာသာပြန်ဆိုရန် ဆုံးဖြတ်လိုက်သည်။