နေချိုသွားပြီ၊ ကောင်းကင်မှာ ပုစွန်ဆီရောင်တွေသန်းလာပြီလည်း ဆိုရော ကျနော်လည်း ချုံတွေ ကွယ်နေတဲ့ မြောင်းထဲကနေ အသာကုပ်ကပ်ထွက်လာပြီး ခြံစည်းရိုးနားကို ကပ်သွားတယ်။ ခြံစည်းရိုးက ခနော်နီခနော်နဲ့ ပါပဲ။ ပြင်ဦးလွင်တို့၊ ကလောတို့ဘက်မှာ မြေကွက်ဝယ်ထားသူတွေက အကွက်ရိုက်၊ ခြံခတ်ရင် သုံးတဲ့ သံဆူးကြိုးတွေ လောက်ပဲ။ ခတ်ထားတာ ကြာပြီမို့ထင်ပါရဲ့ ... သံဆူးကြိုးတွေက သံချေးတွေ တက်နေပြီး လျော့တွဲကျနေကြပြီ။ ပြတ်ကျနေတဲ့ နေရာ အပေါက်ကနေ ခြံဝင်းထဲ အသားလေးပဲ ကျနော် လျှိုဝင် လိုက်တယ်။
ခြံဝင်းကအကျယ်ကြီးပဲ။ စစ်တပ်ပိုင် ဆန်စက်တွေထဲက တစ်ခုပေါ့။ စက်ရုံမကြီးကိုပတ်ပြီး နောက်ဖေးဘက် ဂိုဒေါင်တွေ ရှိရာဘက်ဆီ ကျနော် မှောင်ရိပ်ခိုရင်း ခပ်သုတ်သုတ်လှမ်း လာလိုက်တယ်။ စက်ရုံထဲမှာတော့ အလုပ်သမား အချို့ မပြန်ကြသေးဘူး။ တချို့လည်း အပြင်ဘက် အုတ်ရေကန် နားမှာ ရေချိုးနေကြတယ်။ တစ်နေရာမှာ သံပုံးအစုတ်နဲ့ ခလုတ်တိုက်မိလို့ လန့်ပြီး ခဏရပ်နေရသေးတယ်။ သူတို့ မကြားမှန်းသေချာမှ ကျနော်လည်း ဟိုးနောက်ဖက် ဆက်ထွက်လာခဲ့တယ်။ ဂိုဒေါင်ဟောင်းတစ်လုံးတွေ့တာနဲ့ တံခါးသော့ခလောက်ကို အုတ်ခဲနဲ့ ထုဖျက်ပြီး အထဲဝင်လိုက်တယ်။
ဂိုဒေါင်အတွင်းပိုင်းက မှောင်မည်းနေပြီး စိုထိုင်းထိုင်း။ အောက်သိုးသိုးအနံ့အသက်လည်း ရနေတယ်။ သူ တံခါးကို လူတစ်ကိုယ်စာဝင်သာအောင် ဟဖွင့်တုန်းက ဖြာကျလာတဲ့ ညနေဆည်းဆာရောင် မှုန်ပျပျအောက်မှာ အတွင်းနံရံဘက် ကပ်စီထားတဲ့ သဲအိတ်လား ဘိလပ်မြေအိတ်လား မသိရတဲ့ အိတ်အချို့ရယ်၊ အောက်မှာ ပြန့်ကျဲနေတဲ့ ကိရိယာအချို့ရယ်ကို မြင်ရတယ်။ ဂိုဒေါင်တံခါးကို အသံမမြည် အောင် ဖြည်းဖြည်းလေး ပြန်ပိတ်လိုက်ပြီးတဲ့နောက် ကျနော်လည်း ဂိုဒေါင်နံရံတစ်ဖက်ကို မှီထိုင်ချလိုက် တယ်။
အေးလေ … ဟောဟို မြောင်းထဲမှာထက် စာရင် ဒီမှာက တော်သေးတာပေါ့ …
ကျနော်ဟာ ခုမှ အသက်နှစ်ဆယ်ကျော်ရုံလေး ရှိသေးတဲ့ ကျောင်းပြီးစ ဘွဲ့ရပေါက်စလေးပါ။ ပိန်ပိန်ပါးပါး၊ အသားလတ်လတ်နဲ့။ ဒါပေမဲ့လည်း နေပူထဲမှာ တစ်လလောက် ဆက်တိုက် ဆန္ဒတွေပြခဲ့ရတော့လည်း အသားတွေက နေလောင်လို့မွဲပြာနေပါပြီ။
ခုအတိုင်းတော့ အန္တရာယ်ကင်းပြီလို့ ပြောရမှာပဲ။ မနက်ကထက်စာရင်၊ တစ်နေ့တာလုံး ကြုံခဲ့ရတာနဲ့ စာရင် လုံခြုံတယ်ပေါ့။ အခု စဉ်းစားရမှာက အင်္ကျီမှာပေနေတဲ့ သွေးတွေကိုဘယ်လိုလုပ်ရမလဲ။ အပြင်မှာတုန်းက ရေတိုင်ကီလေးတစ်လုံးတွေ့သား။ အဲဒီကနေ ရေလေးနဲ့နည်းနည်းဆေးခဲ့ရ ကောင်းမှာလို့တွေးနေမိ သေးတယ်။ တစ်နေကုန် ပင်ပန်းခဲ့တဲ့အတွက် မျက်နှာလေးဘာလေးလည်း သစ်ချင်သေးတယ်။ ခုမှတော့ အပြင်ပြန်မထွက်ချင်တော့ဘူး။ တစ်ညလုံး သွေးနံ့တွေ၊ ချွေးနံ့တွေနဲ့ပဲ နေရတော့မယ်ထင်ရဲ့။ မတတ်နိုင်ဘူး။
ဟား … မောတယ်။ စိတ်ရောလူရောပဲ။ ဝမ်းထဲကလည်း တကြုတ်ကြုတ်နဲ့ ဆာလှပြီ။ မနက်အိမ်က ထွက်မလာခင် အမေ့ရဲ့ ထမင်းကြော် စား၊ လက်ဖက်ရည်တစ်ခွက်သောက်ပြီး ထွက်လာကတည်းက ဘာမှ မစားရသေးဘူး။ ဪ မေ့လို့၊ သီရိဝယ်ကျွေးတဲ့ အကြော်နှစ်ခုလား စားခဲ့ရသေးတယ်။ သီရိတစ်ယောက်ရော ဘေးရန်ကင်းရဲ့လား။ ကျနော်နဲ့ တောက်လျှောက် လက်ချင်း တွဲထားခဲ့တာပဲ။ ဒါပေမဲ့ လူအုပ်ကြီး နောက်ကို ပြန်ပြိုဆင်းလာချိန်၊ ကျနော်တို့လည်း မျက်ရည်ယိုဗုံးအငွေ့တွေ ကြားမှာ နောက်ပြန်ဆုတ်ခဲ့ကြတယ်။ ကျနော် သီရိကို လက်ချင်းမြဲမြဲ တွဲထားတာပဲ။ ဒါပေမဲ့ ရှုပ်ယှက်ခတ်နေတဲ့ လူတွေကြားမှာ ကွဲသွားတယ်။
သီရိကိုလိုက်ရှာပေမယ့် ရှာမတွေ့ဘူး။ လုံခြုံမယ့်တစ်နေရာရှာရမလား၊ သီရိကို အရင်လိုက်ရှာရမလား ကျနော် ဝေခွဲမရဘူး။ အဲဒီအချိန်မှာ ကျနော့်ဘေးနားက အဲဒီ ညီလေးပေါ့၊ အလွန်ဆုံးရှိလှမှ ဆယ့်ခွန်၊ ဆယ့်ရှစ်ပေါ့။ သူ မှောက်လျက်လဲကျသွားတယ်။ သူ့ရှေ့နဖူးပြင် တစ်ခုလုံး မရှိတော့ဘူး။ သူနဲ့ခပ်လှမ်းလှမ်း ကတ္တရာလမ်းပေါ်မှာ သူ့ဦးနှောက်ဖြူဖြူဖတ် တွေက သွေးစီးကြောင်းလေးထဲ ငြိမ်သက်လို့။
ဟာ … ဟက်ရှော့ပဲ စနိုက်ပါပဲ
အတွေးနဲ့တင် ကျနော် တုန်လှုပ်သွားတယ်။
“မအေ ... တွေ … ကျည်အစစ်နဲ့ပစ်တာဟ”
ဆန္ဒပြသူတစ်ယောက်ရဲ့ အသံ။
“စောက်ကြောက်တွေ … သေနတ်ကိုင်ထားပြီး နောက်ကျောကနေ ပစ်ရဲတဲ့ကောင်တွေ …”
ကျနော်ဝတ်ထားတဲ့ လက်သုံးချောင်းပုံပါ အဖြူရောင် တီရှပ်ဟာ ခုနက ကောင်လေးရဲ့ ခေါင်းက ပန်းထွက်လာတဲ့ သွေးတွေနဲ့ ချင်းချင်းနီလို့။ အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးသံတွေကြောင့် ကျနော့် နားကလည်း အူနေတယ်။ အတော်များများကတော့ အနီးအနားက တံခါးဖွင့်ပေးထားတဲ့ အိမ်တွေထဲကို ပြေးဝင်ပုန်း ကြတယ်။ ဒါပေမဲ့ အဲသည်လို အဝင်ခံတဲ့အိမ်တွေကိုပါ ပြဿနာရှာတဲ့ သတင်းတွေ အွန်လိုင်းမှာ တွေ့ထားတဲ့ အတွက် ကျနော် ဝင်မပုန်းချင်ဘူး။
အဲဒီလိုနဲ့ လမ်းမကြီးအတိုင်း ဆက်ပြေးနေရင်း ကျနော့်ညာဘက် လက်ပြင်နေရာက စူးခနဲ တစ်ချက်ဖြစ်ပြီး ကျနော် လဲကျသွားတယ်။ နောက်က တစ်ယောက်ယောက်က ဆောင့်တွန်းလိုက်သလိုပေါ့။ ခေါင်းထဲမှာ ချာချာလည်ပြီး အန်ချင်လာတယ်။ ဒါပေမဲ့လည်း ဆက်ပြေးဖို့ အတွင်းထဲက လာတဲ့အသံက ကျနော့်ကို ပြောနေလို့ ကျနော် ကုန်းရုန်းထပြီး ကြောက်ကြောက်နဲ့ ဆက်ပြေးတယ်။ မျက်ရည်ယိုဗုံး မီးခိုးတွေကြောင့် မျက်စိစပ်ပြီး ကောင်းကောင်းမမြင်ရဘူး။ တစ်အုန်းအုန်း တဒိုင်းဒိုင်းအသံတွေ၊ “ဟာ ထိသွားပြီဟေ့” ဆိုတဲ့အသံတွေ၊ “လာ လာ အိမ်ထဲမြန်မြန်ဝင်” ဆိုတဲ့အသံတွေနဲ့ ကမ္ဘာပျက်သလို အုန်းအုန်းကြွက်ကြွက် ဖြစ်ခဲ့ရတဲ့မနက်ခင်း။
ကျနော် ပြေးရင်းလွှားရင်းနဲ့ လယ်ခရိုးအစပ် ချုံတွေထူတဲ့ လမ်းဘေးရေမြောင်းကျယ်ထဲ ဝင်ပုန်းနေ လိုက်တယ်။ ရေမြောင်းက ရေတော့မရှိပါဘူး။ နောက်ကနေ ရေကားတွေ၊ နံပါတ်တုတ်နဲ့ ဒိုင်းကာပြားတွေ ကိုင်ထားတဲ့ ရဲယူနီဖောင်းဝတ်ထားသူတွေက ဘယ်လောက်မှ မဝေးလှဘူး။ မပြေးနိုင်တဲ့သူတွေကို နံပါတ်တုတ်တွေနဲ့ရိုက်၊ ခြေထောက်တွေနဲ့ ဆောင့်ကန်နေတာ ချုံထဲကနေ ကျနော် အတိုင်းသားမြင်ရတယ်။ မအေ၊ နှမ စုံအောင် ဆဲဆိုနေသံတွေလည်း ကြားရတာပဲ။ ကျနော် ကြောက်လွန်းလို့ တစ်ကိုယ်လုံး တုန်နေတယ်။ ကျနော် ပုန်းနေတဲ့နေရာက ကတ္တရာလမ်းမ ဘေးမှာတင်ပဲ။ ကျနော့် ရှေ့ကဖြတ်ပြီး သူတို့ ဆက်ထွက်သွားကြတယ်။ ကျနော့်ဘေးနားက ကောင်လေးကို ပစ်ခဲ့တဲ့ ကိုယ်တော်ချောကိုလည်း မြင်လိုက်ရတယ်။ စစ်ရောင်ပြောက်ကျားဝတ်စုံဝတ်ထားတဲ့ စနိုက်ပါမန်း ပေါ့။
မြောင်းခြောက်ထဲမှာ တစ်နေကုန် ကျနော်ပုန်းနေခဲ့ရတယ်။ သူတို့မရှိတော့တာနဲ့ အပြင်ပြန်ထွက်ပြီး ရပ်ကွက်ကြိုရပ်ကွက် ကြားကနေ အိမ်ပြန်ဖို့ပဲ။ ဒါပေမဲ့ သူတို့က ခုနက ကျနော်တို့စုရပ်ကနေ ခု ကျနော် ပုန်းနေတဲ့ နေရာနားအထိ လမ်းမကြီးတောက်လျှောက်ကို သံဆူးကြိုးတွေချပြီး ပိတ်ထားလိုက်ပြီ။ ကျနော် လမ်းမပေါ်ပြန်ထွက်လို့မရ တော့ဘူး။ နောက်ကျောဘက်မှာလည်း စက်မှုဇုန်ဧရိယာနဲ့ လူနေရပ်ကွက်ကို ခြားထာတဲ့ ခြံစည်းရိုးကြီး ခံနေတယ်။ နေ့ဘက် ပေါ်ပေါ်ထင်ထင် အဲဒီထဲ ကျနော်ဝင်ပြေးရင် အထဲကလည်း မြင်နိုင်၊ အပြင်က သူတို့ကလည်း လှမ်းပစ်လိုက်နိုင်တာမို့ မှောင်တဲ့အထိ ချုံတွေတိုး၊ မြောင်းထဲလှိမ့်ဆင်းပြီး ပုန်းပြီးစောင့်နေခဲ့ရတာ။ ဖြုတ်တွေလည်းကိုက်၊ ဆူးခြစ်ရာတွေလည်း ပွထလို့ပေါ့။
ပြဿနာက ဖုန်းဆက်လို့မရတော့တာပဲ။ ဖုန်းက ဘယ်လိုမှ လိုင်းမမိဘူး။ ပထမ ဒီကောင်တွေ အင်တာနက် ဖြတ်တယ်။ ခု ဖုန်းလိုင်းတွေပါ ဖြတ်လိုက်ပြီ ထင်ပါရဲ့။ ဒီအချိန် သီရိတစ်ယောက် ဘယ်ရောက်နေမလဲ၊ အိမ်ကိုချောချောမောမောပြန်ရောက်သွားရဲ့လား။ အဖမ်းခံရတဲ့ အထဲပါသွားသလား။ ဒါမှမဟုတ် (မဖြစ်ပါစေနဲ့) ကျည်သင့်တဲ့ထဲမှာများ ပါသွားသလား။ သူ့ကို မှန်သွားခဲ့တယ် ဆိုရင် … သူ … ဘုရား ဘုရား … ကျနော် ဆက်မတွေးဝံ့တော့ ဘူး။ ပြီးတော့ … အမေ … ကျနော် ပြန်အလာကိုမျှော်နေမယ့်အမေ။ အိမ်ကမထွက်ခင် ကျနော့်လက်မှာ သူ့လုံချည်ပိုင်းကလေး ချည်ပြီး “ငါ့သားလေး ဘေးကင်းပါစေ” ဆိုပြီး ဆုတောင်းပေးခဲ့တဲ့အမေ။ အမေလည်း ခုလောက်ဆို ကျနော့်ကို စိတ်ပူ နေလောက်ပြီ။
အစကတော့ စက်ရုံထဲကတစ်ယောက်ယောက်ကို ပြောပြ၊ အကူအညီတောင်းမလို့ပဲ။ ဒါပေမဲ့ စစ်တပ်ပိုင် စက်ရုံကို သွားပြီး အကူအညီတောင်းရမှာက ကျားဆီသွားပြီး အသနားခံရတာနဲ့ ဘာထူးမှာလဲ။ တစ်ခါတည်း ဟို မအေ … တွေလက်ထဲအပ်လိုက်မှဖြင့်လို့ တွေးမိပြီး ပုန်းနေတာပဲ ကောင်းမယ်လို့ တွေးလိုက်မိတယ်။ မနက်ဝေလီဝေလင်းကျမှ ဟိုကောင်တွေ အရိပ်အချည်ကြည့်ပြီး ပြန်ထွက်ရတော့မှာပဲ။ ညဘက်ကတော့ ကာဖျူးရှိနေတော့ သွားလို့မရဘူး။ လမ်းမှာ မိသွားရင် အထုအထောင်းခံရ၊ ဖမ်းခံရတာလောက်ဆိုတော်သေး၊ တစ်ခါတည်း ပစ်သတ်လိုက်မှဖြင့်။
*
ဒီလိုနဲ့ ဒီဂိုဒေါင်ဟောင်းကြီးထဲ ဝင်ပုန်းရတဲ့ဇာတ်လမ်း ရောက်လာရတာပဲ။ ကျနော် တစ်ယောက်တည်း။ တစ်ယောက်တည်း တော့မဟုတ်ပါဘူး။ အမျှင်လေးတွေနဲ့ အိမ်တစ်လုံးဆောက်ရင်း အလုပ်များနေတဲ့ ပင်ကူတစ်ကောင်ရယ်၊ နားနားကပ်ပြီး တဝီဝီလုပ်နေတဲ့ ခြင်တွေရယ်၊ တချိုးချိုးတချွတ်ချွတ်နဲ့ ဟိုပြေး ဒီပြေး လုပ်နေတဲ့ ကြွက်ကလေးတစ်ကောင်ရယ်ဟာ ကျနော့်အဖော်အဖြစ် ရှိပေးနေကြတယ်။ ဒါတင်မကသေး၊ စက်ရုံဝင်းကြီးထဲက ပုစဉ်းရင်ကွဲတွေကလည်း သူတို့ရဲ့မိတ်လိုက်ဖော်ရှာဖွေသံ တညံညံနဲ့ပဲ။
စိုထိုင်းထိုင်းဖြစ်နေတဲ့ ဂိုဒေါင်နံရံကိုမှီချလိုက်ပြီး လက်နှစ်ဖက်နဲ့ ကိုယ့်ဒူးကိုယ်ပြန်ပိုက်ထားလိုက်တယ်။
သီရိရေ ... မင်း ဘေးမှကင်းရဲ့လား အချစ်ရယ် ...
ကျနော်နဲ့သီရိနဲ့က အခင်မင်ဆုံးသူငယ်ချင်းတွေကနေ အဆင့်တက်ခဲ့ကြသူတွေပေါ့။ နှစ်ဦးစလုံး တစ်ဦးရဲ့ ပုံရိပ်ကို တစ်ဦးဆီမှာ မြင်ခဲ့ကြတယ်လို့ ခံစားခဲ့ကြရတယ်။ လိုက်ဖက်ညီတဲ့ စရိုက်တွေ၊ ဉာဉ်တွေ ပိုင်ဆိုင် ခဲ့ကြသူတွေ။ ကျနော်က ဒီနေ့သောက်ကြမလားဆိုတာနဲ့ သီရိဟာ ဘီယာပုလင်းတွေ ဝယ်လာပြီးသား။ သူက ဒီနေ့ ဈေးဝယ်ထွက်ကြမလားဆိုတာနဲ့ ကျနော်ကလည်း ဆိုင်ကယ်စက်နှိုးပြီးသား။ ဒါ့အပြင် နှစ်ယောက်စလုံးက သောကြာနေ့မှာမွေးတာချင်း တူကြသူတွေလေ။
“ငါ့နာမည်က သူရိန်ဆိုတော့ နေမင်းကြီး၊ နင်က သီရိဆိုတော့ ကျက်သရေပေါ့။ ဘယ်လောက် လိုက်ဖက်တဲ့ နာမည်တွေလဲ” ဆိုပြီး ကျနော် သီရိကို ချစ်သူတွေဖြစ်ခါစတုန်းက ပြောခဲ့ဖူးပါတယ်။
ချစ်သူတွေဖြစ်ပြီးတဲ့နောက် တစ်ရက်မှာ ကျနော်တို့ဟာ လူ့ဘဝရဲ့ တွေ့ဆုံကြုံကွဲသဘောတွေ ပြောဖြစ်ခဲ့ ကြသေးတယ်။ လူဆိုတာ ဘယ်လောက်ပဲချစ်ချစ်၊ တစ်နေ့ကျရင် ခွဲကြရမယ်ဆိုပေမဲ့ ကျနော်နဲ့ သီရိနဲ့ကတော့ ရှင်ကွဲအကွဲမခံဘူး၊ သေကွဲပဲအကွဲခံမယ်လို့ သဘောတူဆုံးဖြတ်ခဲ့ကြတယ်။ သီရိကတော့ သူသာ အရင်သေခဲ့ရင် ကျနော့်ကိုလာခြောက်မယ်ဆိုပြီး နောက်တယ်။ ကျနော်ကလည်း ကြောက်သွားတဲ့ဟန်မျိုး ပြန်လုပ်ပြ၊ နှစ်ဦးသား တူတူရယ်ကြတာပေါ့။
ခုတော့ မှောင်မည်းနေတဲ့ ဟောဒီဂိုဒေါင်ထဲမှာ သီရိလည်း ဘေးမှာမရှိ၊ ကျနော်တစ်ယောက်တည်း အထီးကျန် စွာ။ သီရိတစ်ယောက် အသက်မှရှိသေးရဲ့လား။ သူသာ သေသွားခဲ့ရင် ...
တတောက်တောက် လျှောက်ပြေးနေတဲ့ ကြွက်ကလေးလိုပဲ ကျနော့်စိတ်ဟာလည်း သီရိဆီကနေ အမေ့ဆီ ရောက်သွားပြန်တယ်။ မုဆိုးမ အမေဟာ ကျနော်အိမ်ပြန်မလာလို့ ဒေါင်းတောက်နေပြီလား။ မနက်က အိမ်ကမထွက်ခင် အမေ့ကိုကန်တော့တော့ အန္တရာယ်ကင်း ဘေးရှင်းစေဖို့ အမေ ဆုတွေ တတွတ်တွတ် ပေးနေခဲ့တာ။ ခုလောက်ဆို ဆေးရုံမှာများ ကျနော့်ကိုလိုက်ရှာနေလေမလား။ လက်မောင်းမှာ အမေပတ် ပေးလိုက်တဲ့ အမေ့ထဘီအစကလေးကို သက်ပြင်းတစ်ချက်နဲ့အတူ ကျနော့်လက်က စမ်းနေမိတယ်။
မနက်က သီရိ ကျနော့်ကို အရင်ရက်တွေကလိုပဲ အိမ်လာခေါ်တုန်းက အမေက “သားနဲ့သမီးတို့၊ သူတို့ ပစ်မိန့်ပေးလိုက်ပြီလို့ အမေ သတင်းကြားတယ်” လို့ စိတ်ပူပူနဲ့ ပြောပါသေးတယ်။
“မပူပါနဲ့ အမေရဲ့။ သူတို့ မလုပ်ရဲပါဘူး။ အင်တာနက်ခေတ်ကြီးမှာ အဲသလိုလုပ်ရင် တစ်ခါတည်း ကမ္ဘာက ချက်ချင်းသိသွားမှာပေါ့။ သက်သက် ခြောက်တာပါ အမေရာ။ သူတို့ သတင်းလွှင့်တာကို ကြောက်ပြီး မသွားတဲ့သူတွေ များသွားရင် သားတို့က သူတို့ဆင်တဲ့အကွက်ထဲဝင်သွားမှာပေါ့။ မပူပါနဲ့ အမေရဲ့၊ သားတို့ ဆက်ဆက်ပြန်ခဲ့မယ်၊ စိတ်ချ။ ကတိ”
အမေဟာ ဘာမှပြန်မပြောဘဲ မျက်နှာငယ်လေးနဲ့ပဲ ကျနော်နဲ့သီရိနဲ့ကို အိမ်ဝကနေ လက်ပြနေခဲ့တာ။
*
ရေလည်းငတ်၊ ဆာလည်းဆာနဲ့ ကျနော်ဟာ မှေးခနဲတစ်ချက် အိပ်ပျော်သွားရာကနေ တကျွီကျွီ တံခါးသံကြောင့် ချက်ချင်းပြန်နိုးလာတယ်။ မီးအလင်းတန်းတစ်ခုက အပေါက်ဝကနေ ကျနော့်မျက်နှာ တည့်တည့်ထိုးလို့။
“ကျ … ကျနော် သူခိုးမဟုတ်ပါဘူး။ ကျနော် ဘာ … ဘာမှခိုးမလို့မဟုတ်ပါဘူး” လို့ ပါးစပ်က အလိုလိုထွက်သွားတယ်။ လက်နဲ့လည်း မျက်နှာထိုးနေတဲ့ အလင်းကိုကာထားလိုက်တယ်။
“ရှူး... တိုးတိုး တိုးတိုး”
မျက်နှာကိုထိုးထားတဲ့ အလင်းကို အောက်စိုက်လိုက်တော့မှ ကျနော်လည်း မျက်နှာပေါ်ကနေ လက်ကို ရုပ်လိုက်တယ်။ ဒါပေမဲ့ မျက်စိထဲ အလင်းစူးစူးက ကျန်နေတုန်းပဲ။ အသံလာရာဘက်ဆီ ကြိုးစားပြီး လှမ်းကြည့်လိုက်တယ်။ ညစောင့်တစ်ဦးဦး ဖြစ်လိမ့်မယ်လို့ ထင်တာပဲ။
အသံပိုင်ရှင်က ကျနော့်နားကို တိုးကပ်လာတယ်။ စီးလာတဲ့ ကြက်ပေါင်ဖိနပ် အစုတ်ကိုချွတ်ပြီး ကျနော်နဲ့ မျက်နှာချင်းဆိုင်မှာ ဖင်ခုထိုင် လိုက်တယ်။ ဓာတ်မီးကိုတော့ ဂိုဒေါင်နံရံမှာ အပေါ်ဘက်ကိုဦးလှည့်ပြီး ထောင်ထားလိုက်တယ်။
“မင်း သူခိုးမဟုတ်မှန်း ငါသိပါတယ်ကွ” လို့ ညစောင့်လူကြီးက ဖိနပ်ပေါ်မှာ ဖင်ကို နေရာကျအောင် ရွှေ့ထိုင်ရင်း ပြောလိုက်တယ်။
“မင်း ဒီထဲဝင်လာကတည်းက ငါသိသားပဲ။ မင်း ချုံပုတ်ထဲ တစ်နေကုန် ပုန်းနေတာလည်း ငါမြင်သားပဲ။”
“ဗျာ…”
ခုနက အလင်းကြောင်း စူးနေတဲ့ ကျနော့်မျက်စိတွေ အခုတော့ နည်းနည်းပုံမှန်ပြန်ဖြစ်လာပြီမို့ သူ့မျက်နှာကို ဝါးတားတားစမြင်လာရတယ်။ အသားမည်းမည်း၊ ပါးချောင်နားချောင် ကျကျနဲ့ ဒီလူဟာ အသက် ခြောက်ဆယ် ပတ်ချာလည် ရှိလိမ့်မယ်။ ဒါပေမဲ့ ကိုယ်ခန္ဓာကတော့ တောင့်တောင့်တင်းတင်း ပုံစံပဲ။ လေးထောင့်ကျကျ သူ့မျက်နှာက ကာယအလုပ်ကြမ်းသမားတွေမှာ တွေ့ရတတ်တဲ့ ရုပ်ရည်သွင်ပြင်မျိုးနဲ့ တူတယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေက ထူးခြားတယ်။ နံရံမှာထောင်ထားတဲ့ လက်နှိပ်မီးအလင်းတွေ ကိုယ်တိုင် ဖြာထွက်နေသလိုမျိုး အလင်းတွေ စူးရဲနေအောင် ထွက်နေသလိုပဲ။
“ဦးလေးရယ် … သူ... သူတို့တွေ တကယ်... ပစ်တယ် သိလား... ကောင်လေးတစ်ယောက်လေ... ကျနော့်နားက … သူ … သူ … အလိုလေး မြတ်စွာဘုရား”
ကျနော်ဖြင့် စကားကိုဖြောင့်အောင်တောင် မပြောနိုင်တော့ပါဘူး။
ညစောင့်ကြီးက ဘာမှမပြောဘူး။ ခါးကြားထိုးထားတဲ့ ရေတစ်ဝက်ကျန် ရေဘူးကိုကမ်းပေးလိုက်တယ်။ ကျနော်လည်း ခုမှ မီးစနဲ့ထိုးသလို ပူလောင်နေတဲ့ လည်ပင်းက ရေကိုဘယ်လောက် တောင့်တနေသလဲ ဆိုတာ သတိရသွားပြီး သူပေးတဲ့ ရေအကုန်သောက်ပစ်လိုက်တယ်။
“ခွီးတဲ့မှပဲ … ဒီ ခွေးသူတောင်းစားမျိုးတွေဟာ ဘယ်တော့များမှ အသိတရား ရကြပါ့မလဲ။ စစ်တပ်ဆိုတာ လူတစ်စုရဲ့ ခါးပိုက်ဆောင်တပ်၊ ရှူးတိုက်ဖို့သုံးရတဲ့ခွေးတွေမဟုတ်ဘူးကွ”
ကျနော် ရုတ်တရက် ပြောစရာစကားမရှိဘူး။ ချက်ချင်း သီရိကို သတိရသွားတယ်။
“ကျနော့် ကောင်မလေး … ကျနော်နဲ့လူချင်းကွဲသွားတယ်။ ကျနော် … သူ့ကို ထားပြီး ထွက်လာခဲ့မိသလို ဖြစ်သွားတယ်ဗျာ။ သူ … သူ တစ်ခုခုဖြစ်သွားရင် ကျနော် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဆုံးမှာ မဟုတ်ဘူး။ ကျနော် သူ့နဲ့မကွဲသွားအောင် သေချာဂရုစိုက်သင့်ပါလျက်နဲ့ဗျာ …”
ပြောရင်း ကျနော့်အသံတွေက တိမ်ဝင်သွားတယ်။ ငိုချင်စိတ်နဲ့အတူ မျက်လုံးတွေက မျက်ရည်ကြည်လေးတွေ ထွက်လာတယ်။
“မင်းကောင်မလေး မသေပါဘူးကွ။ မပူပါနဲ့”
“ဟုတ်လား … ဦးလေးက ဘယ်လိုသိလဲ။ ဦးလေးက သီရိကိုသိလို့လား”
“ငါပြောတာ ယုံစမ်းပါ”
“ယုံရမယ် … ဦးလေးနဲ့ကျနော်နဲ့ ခုမှစတွေ့ဖူးတာကို။ ဦးလေးက ဘာလို့ ဒီလောက် အသေအချာ ပြောနိုင် နေရတာလဲ။ ပစ်ကြခတ်ကြတဲ့နေရာမှာ ဦးလေးရှိနေခဲ့လို့လား။ ကျနော့်ကောင်မလေးကို ဦးလေး မြင်ခဲ့ရလို့လား”
ကျနော် မယုံမကြည်နဲ့ပဲ မေးခွန်းတွေ အဆက်မပြတ် မေးနေမိတယ်။
“ငါသိနေတာ”
သူ့အသံက အလွန်တည်ငြိမ်လွန်းတယ်။ စကားလုံးတစ်လုံးချင်းစီကိုလည်း ဘုန်းကြီးတွေ ကမ္မဝါဖတ်သလို လေးလေးနက်နက် ပီပီသသနဲ့ကို ထွက်တာ။ ပြီးတော့ အကြားအမြင်ရပုဂ္ဂိုလ်ပမာ မျက်စိမှိတ်ထားလိုက်ပြီး ခဏနေတော့ ခေါင်းညိတ်ပြတယ်။
“စိတ်မပူနဲ့ငါ့တူ။ ဒီမှာ မင်းလုံခြုံပါတယ်။ မင်း ဒီထဲ ခိုးဝင်လာတာ၊ ပုန်းနေတာ ငါမသိချင်ယောင် ဆောင်နေပါ့မယ်။ ငါ့ကိုယုံစမ်းပါ၊ ယောက်ျားကတိ”
ကျနော့်စိတ်ထဲ ခပ်ပြုံးပြုံးနဲ့ ပြောနေတဲ့ ဒီဘဲကြီးကို ယုံကြည်ချင်တဲ့စိတ်တော့ ကဲနေမိတာပဲ။ ကျနော် သူနဲ့နီးအောင် နေရာရွှေ့ လိုက်တယ်။ ညစောင့်တစ်ဦး အလုပ်လုပ်ဖို့ဆိုရင် သူ့အသက်က နည်းနည်းများကြီးနေမလားပဲ။ ခေါင်းမှာ ဆံပင်တွေက ထင်ထားတာထက် ပိုဖြူနေတယ်။ သူ့ မျက်နှာပြင်ပေါ်က အရေးအကြောင်းနက်နက်တွေဟာ ခေါင်းမိုးကနေ ရောင်ပြန်လာတဲ့ လက်နှိပ်မီး အလင်းရောင်အောက်မှာတောင် အတိုင်းသားပဲ။ ဒီ အရေး အကြောင်းတွေဟာ အသက်အရွယ် တစ်ခုတည်းကြောင့်တော့ ပေါ်နေဟန် မတူဘူး။ သူ့မှာ တခြား စိတ်ညစ်စရာ အဆိုးလောကဓံတွေ ဘာများရှိခဲ့လိမ့်မလဲ။ လွမ်းစရာအတိတ်တွေလား … နာကျင်စရာ ဘဝဟောင်းတွေနဲ့လား … ကြေကွဲဝမ်းနည်း အထီးကျန်ဆန်ခဲ့ရတဲ့ ဘဝတစ်ခုလား …
ညစောင့်ကြီးရဲ့ မျက်နှာပေါ်က အပြုံးဟာ ပျောက်ကွယ်သွားပြီး အံကိုတင်းတင်းကြိတ် ပြောတဲ့ အသံ ထွက်လာတယ်။
“ငါလည်း မငယ်တော့လို့ပေါ့ကွာ … မင်းအရွယ်သာဆိုရင်တော့ တစ်ပွဲတစ်လမ်း ထပ်နွှဲဦးမှာပေါ့”
“ထပ်နွှဲချင်သေးတယ်ဟုတ်လား” စိတ်ဝင်စားမှုနဲ့အတူ ကျနော် မေးလိုက်တယ်။
ညစောင့်ကြီးက ချက်ချင်း ပြန်မဖြေသေးဘဲ ညစောင့်ယူနီဖောင်း သူ့အင်္ကျီအပေါ်ဆုံး ကြယ်သီးသုံးခုကို ဖြုတ်လိုက်တော့ ညိုမောင်းနေတဲ့ ရင်အုပ်ကို တစွန်းတစ မြင်လိုက်ရတယ်။ လုံချည်ခပ်နွမ်းနွမ်းလေးမှာတော့ မီးပေါက်ရာတွေ ဟိုတစ သည်တစ။ အဖေ့ တုန်းကလည်း ဒီလိုပဲ။ ဆေးပေါ့လိပ် သိပ်ကြိုက်တဲ့ အဖေဟာ သူ့ပုဆိုးမှာ ဆေးလိပ်မီးပေါက်ရာတွေ ခဏခဏဖြစ်လို့ အမေနဲ့ တကျက်ကျက်။
“ဒါပေါ့ကွ။ ရှစ်လေးလုံးတုန်းက ငါတို့လည်း နွှဲခဲ့တာပေါ့။ အဲဒီတုန်းက ငါက မင်းအရွယ်သာသာ လောက်ပေါ့။ သုံးဆယ်ခြောက်နာရီတိတိ အဆာငတ်ခံဆန္ဒပြခဲ့ကြတာ” လို့ သူက အင်မတန်ဂုဏ်ယူတဲ့မျက်နှာနဲ့ ပြန်ဖြေတယ်။ ကျနော် ဘာပြန်ပြောရမှန်း မသိဖြစ်နေတုန်း သူက ဆက်ပြောတယ်။
“ငါတို့မြို့က သေးသာသေးတာ၊ ဇကတော့ မသေးဘူးကွနော။ မင်းတို့ကိုလည်း ငါ ဂုဏ်ယူတယ်။ လျှောက် လည်၊ ဂိမ်းနှိပ်၊ လည်ရာပြန်စား လုပ်နေကြတဲ့ ကလေးတွေ မဟုတ်တော့ဘူး။ မင်းတို့တွေ လူကြီးဖြစ်လာ ကြပြီပဲ”
“ကျနော်က ရှစ်ဆယ့်ရှစ်တုန်းက မမွေးသေးပါဘူး ဦးရယ်။ မိဘတွေပြန်ပြောပြတာ၊ နောက်ပြီး Facebook မှာ သူများတွေက အမှတ်တရပြန်တင်ကြတာတွေ မြင်ရတွေ့ရတာပဲရှိတာ။ အဲဒီတုန်းကလည်း တော်တော် ဆိုးဆိုးရွားရွားတွေ လုပ်ခဲ့ကြတာပဲနော်”
“ဟ မဆိုးဘဲနေပါ့မလား ငါ့တူရ” ဆိုတဲ့ ညစောင့်ကြီးရဲ့ အသံက ကျယ်လောင်စွာထွက်ပေါ်လာတယ်။
“ပြည်သူတွေက အမှန်တရားဘက်ကနေ ပြန်ခံချတိုင်း နောက်ဆုံး သွေးမြေကျရတာပဲ အဖတ်တင်တာ။ ဖိနှပ်မယ်၊ အာခံမယ်၊ သတ်ဖြတ်ပြမယ်၊ ပိုဖိနှိပ်မယ်။ ဒီလိုနဲ့ သံသရာလည်နေခဲ့တာပဲ ဘယ်နှနှစ်ကြာခဲ့ပြီလဲ”
ညစောင့်ကြီးရဲ့အသံက ခုတစ်ခါမှာတော့ တိုးညင်းသွားတယ်။
“အင်း … မင်းတို့ မျိုးဆက်လက်ထက်မှာတော့ အဲဒီသံသရာ စက်ရဟတ်ဘီးကြီးကို တစ်ခါတည်းအပြီးတိုင် ဖျက်ပစ်လိုက်စေချင်တာပဲ”
ညစောင့်ကြီးက အိပ်ကထဲ လက်နှိုက်စမ်းပြီး သောက်လက်စ ဆေးပေါ့လိပ်တိုလေး တစ်စနဲ့ ဂတ်စ်မီးခြစ်တစ်ခု ထွက်လာတယ်။ သူက ကျနော့်ကို ဆေးလိပ်သောက်ဦးမလား မေးတော့ ကျနော် ခေါင်းခါပြလိုက်တယ်။ အရင်ကတော့ ကျနော် စီးကရက်သောက်ပါတယ်။ ဒါပေမဲ့ ခုတော့ ကျနော့်အကြိုက်ဆုံး စီးကရက်က စစ်တပ်က ထုတ်တာဖြစ်နေလို့ ရပ်လိုက်ပြီး ဆေးလိပ်ပါ တစ်ခါတည်း ဖြတ်လိုက်တာ။
ကျနော် တစ်ခုသတိထားမိတာက ညစောင့်ကြီးလက်ထဲက ဆေးပေါ့လိပ်တံဆိပ်က ဟိုး အဖေတို့ အဘိုးတို့ ခေတ်က သောက်ကြတဲ့ဟာကြီးပဲ။ ခုခေတ်မှာ ဒီဆေးပေါ့လိပ်က ထပ်လည်းမထုတ်တော့ဘူး။ သူ ဒါကို ဘယ်လို ရပါလိမ့်။ နောက်ပြီး သူသုံးတဲ့ လက်နှိပ်မီးကလည်း ဓာတ်ခဲသုံးတောင့်ထိုး ဓာတ်မီးမျိုး။ ခုခေတ်မှာတော့ အားပြန်သွင်းလို့ရတဲ့ LED မီးတွေပဲ သုံးကြတော့တာ မဟုတ်လား။
ညစောင့်ကြီးက ဆေးပေါ့လိပ်ဖင်တိုလေးကို မီးညှိလိုက်တော့ ဆေးလိပ်ထိပ်ကလေး နီရဲလာပြီး မီးပွားစ တချို့ အောက်ကိုပြုတ်ကျလာတယ်။ ပြုတ်ကျလာတဲ့ မီးပွားစတွေဟာ အမှောင်အောက်မှာ ရဲရဲတွတ်တွတ်ကလေး၊ ပြီးတော့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားကြတယ်။
“တို့လယ်တွေအသိမ်းခံရတုန်းကလည်း ငါတို့ ကြံ့ကြံ့ခံ ဆန့်ကျင်ခဲ့ကြတာပဲ။ ငါတစ်ယောက်တည်း မဟုတ်ပါဘူး ... တို့လိုလယ်သမားတွေ အများကြီးပဲပေါ့”
ညစောင့်ကြီး မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေဟာ သူ့လက်နဲ့ဝှေ့အယမ်းမှာ အလိုက်သင့် ရှဲသွား ကြတယ်။
“ဟာ ဦးက လယ်သမားဖြစ်ခဲ့သေးတာလား”
“အခု ဒီစက်ရုံနေရာက အရင်တုန်းက ငါ့လယ်နေရာပေါ့။ အေးလေ ငါ့မိဘတွေရဲ့လယ်ပေါ့။ ငတို့မိဘများမယ် ဘဝတစ်လျှောက်ကျောမွဲဖြစ်ခဲ့တာပါပဲ။ ငတို့တောင် ကျောင်းပညာရေးတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ပြီး မိဘကို လယ်လုပ်ကူခဲ့ရတာ။ ရှစ်လေးလုံးကြီးပြီးတော့ နောက်ပိုင်း ဈေးကွက်စီးပွားရေးဆိုလား ဘာဆိုလား လုပ်လာတော့ စစ်တပ်က တို့လယ်တွေကိုသိမ်း၊ ဟောသည်မှာ စက်မှုဇုန်လုပ်တာပဲ။ မင်းအခု ဖင်ခုထိုင်နေတဲ့ အောက်တည့်တည့်နေရာဟာ ငါတို့မိသားစုပိုင်လယ်တွေပဲ။ အပြင်မှာတုန်းက ဟောဟိုနားက ငုပင်ကြီး မင်း မတွေ့ခဲ့ဘူးလား။ အဲဒါ ငါ့အဖေပိုင် လယ်ကွက်တွေရဲ့ မြောက်ဘက်အဆုံးပဲ။ ဘာလျော်ကြေးမှမရခဲ့ဘူး။ နှစ်ဧကလား ကျန်တယ်”
“ဪ ဟော် ... စပါးထွက်တဲ့ လယ်တွေကိုသိမ်းပြီး ဆန်စက်ဆောက်တယ်တဲ့လား”
သရော်သံအပြည့်ပါတဲ့ ကျနော့်စကားအဆုံးမှာ သူကလည်း တစ်ချက်ပြုံးလိုက်တယ်။
“ဒါနဲ့ပဲ ဦးလည်း သူတို့ဆီမှာ ညစောင့်ပြန်လုပ်တယ်ပေါ့ ဟုတ်လား”
“ငါက ညစောင့်ပါလို့ မင့်ဘယ်သူပြောလဲ”
“မဟုတ်ဘူးလား ... ဒါဆို ဦးက ဒီမှာဘာလဲ”
“ဘာမှမဟုတ်ဘူး”
ကျနော် ဘူးလုံးနားမထွင်း ဖြစ်နေတယ်။ သူက ဒီစက်ရုံနဲ့ ဘာမှမဆိုင်ဘူး၊ ဝန်ထမ်းမဟုတ်ဘူး။ ဒါဆို ဒီစက်ရုံထဲ သူဘာလို့ရောက်နေရတာလဲ။ သူက ဆက်ပြောတယ်။
“ဒါ ငါတို့ မိဘအစဉ်အဆက်ပိုင်တဲ့ မြေလကွာ။ ငါနေတာ ဘာဖြစ်လဲ”
ကျနော့်မှာ သူ့စကားတွေကို နားလည်ဖို့ အသည်းအသန်ကြိုးစားနေရဆဲ။ စကားဆက်တဲ့အနေနဲ့ “ဦး မိဘတွေကော ရှိသေးလား။ လယ်တွေ အသိမ်းခံရပြီးတဲ့နောက် ဘာဆက်ဖြစ်ကြလဲ” လို့ ဗလုံးဗထွေး မေးလိုက်တယ်။
“ငါ့မိဘနှစ်ပါးစလုံး သေပြီလေ။ အဖေတို့ အမေတို့က စာမတတ် ပေမတတ် တောသူတောင်သား လယ်သမားများပါကွာ။ လယ်တွေအသိမ်းခံပြီးတဲ့နောက် ကျန်တဲ့လယ်လေးနဲ့ ဘာလုပ်စားတတ်မှာလဲ။ နောက်တော့လည်း ငတ်သေတာပါပဲ”
“ဟာ ...”
ကျနော့်နှုတ်က အာမေဍိတ်တစ်ခွန်းသာ ထွက်နိုင်လိုက်တယ်။ တိုင်းပြည်စားဖို့ ဝမ်းစာဆန်စပါးကို စိုက်ပျိုးပေး နေတဲ့လယ်သမားတွေဟာ စားစရာမရှိလို့ သေရသတဲ့။ အဲဒီအဖြစ်ရောက်အောင်ကို လုပ်ပစ်သတဲ့။
ညစောင့်ကြီးရဲ့ လက်ကို ကျနော် သွားဆုပ်ကိုင်ထားလိုက်တယ်။ ဒါပေမဲ့ ကျနော့်ရင်ထဲ မရှင်းသေးတာတွေ ကျန်နေတုန်းပဲ။ ညစောင့်ကြီးဟာ လယ်တွေအသိမ်းခံရတုန်းက တိုက်ပွဲဝင်ခဲ့သေးတယ်ဆိုရင် အရွယ်ရောက် နေပြီပဲ။ ဘယ်လိုလုပ်ပြီး သူ့မိဘနှစ်ပါး အငတ်ငတ်အပြတ်ပြတ်နဲ့ သေရတာပါလိမ့်။
“လယ်တွေသိမ်းခံရတဲ့အချိန်မှာ ဦးလေးက အရွယ်ရောက်နေပြီ မဟုတ်လား။ အလုပ်တစ်ခုခု ထွက်ရှာလုပ်ပြီး မိဘကိုပြန်ထောက်ပံ့လို့ ရတာပဲ မဟုတ်လား”
ကျနော့်မေးခွန်းအဆုံးမှာ သူ့မျက်လုံးတွေက အရောင်ပြောင်းသွားကြတယ်။ ညစောင့်က ဆေးပေါ့လိပ်ကို တစ်ချက် ဖွာရှိုက်လိုက်ပြီး ခေါင်းကိုဖြည်းဖြည်းချင်း ခါတယ်။
“မင်းပြောသလို ဖြစ်နိုင်ခဲ့ရင် ကောင်းတာပေါ့ ငါ့တူရာ...”
ရုတ်တရက် သူ ဆတ်ခနဲဖြစ်သွားပြီး ခေါင်းစဉ်ပြောင်းသွားတယ်။
“ဟာ မင်းဆာနေလောက်ရောပေါ့။ ခဏလေးစောင့်” လို့ပြောပြီး ဓာတ်မီးလေးကောက်ကိုင်ပြီး ပြန်ထွက်သွားတယ်။ ဂိုဒေါင်ဟာလည်း မဟူရာတွင်းနက် ထဲပြန်လျှောကျသွား လို့ပေါ့။ ကျနော့်စိတ်ထဲ သူမရှိတုန်း ဒီကနေ နေရာထပ်ရွှေ့ရင် ကောင်းမလားတွေးမိတယ်။ ဒီ ညစောင့်ကြီးက စိတ်မှ ချရရဲ့လား။ တစ်ဖက်လှည့်နဲ့ အစောင့်စစ်သားတွေကို သတင်းသွားပေးနေတာများလား။ စိတ်ထဲမှာ ဝေခွဲမရပြန်ဘူး။ ခုနက စကားပြောရသလောက် ဒီလူကြီးမှာ မရိုးမသားအကြံအစည်မရှိဘူးလို့ ကျနော့်စိတ်မှာ ခံစားရတာပဲ။ ဒီလိုနဲ့ သွားရနိုး ဆက်နေရနိုးနဲ့ လွန်ဆွဲရင်းကပဲ ကျနော် အမှောင်ထဲမှာ ဆက်ထိုင်နေမိတယ်။
ဆယ်မိနစ် လောက်နေတော့ ဘဲဥချဉ်ရည်ဟင်း အရည်ဆမ်းထားတဲ့ ထမင်းကြမ်းခဲ တစ်ပန်းကန်မှာ အလုံးလိုက်ချက်ထားတဲ့ ဘဲဥတစ်လုံးနဲ့အတူ ပြန်ရောက်လာတယ်။ ရေနွေးဓာတ်ဘူးတစ်ဘူးရယ်၊ နှုတ်ခမ်းသားမှာ သံချေးတွေ ကိုက်ပြီး ညစ်ပေနေတဲ့ ကြွေရည်သုတ် မက်ခွက်တစ်လုံးရယ်လည်း ပါလာတယ်။ ပခုံးပေါ်မှာလည်း အညာစောင်တစ်ထည်ကို ဘုန်းကြီးတွေ ပခုံးမှာ နိသီဒိုင်တင်သလို တင်လာတယ်။
“စားဟေ့ ငါ့တူ၊ မင်းလည်း ဆာလောက်ရောပေါ့” လို့ပြောလို့မှမဆုံးဘူး ကျနော်ဟာ ဣန္ဒြေတောင် မဆည်နိုင် ငုံ့ပြီးလွေးတော့တာပဲ။ အနီတွေ ကျောက်ခဲတွေနဲ့ သူ့ထမင်းကအတော်ညံ့ညံ့၊ ဘဲဥဟင်းကလည်း အရသာ အတော်ပေါ့ပေါ့။ ဒါပေမဲ့ ဆာနေတော့လည်း နတ်သုဓါတစ်မျှပေါ့။ စားပြီးတော့ ညစောင့်ကြီး ထည့်ပေးတဲ့ ရေနွေကြမ်းကို တစ်ငုံချင်းငုံရင်း အာသာပြေသွားသူ တစ်ယောက်ရဲ့ ပုံစံမျိုးနဲ့ အသက်ကိုမျှဉ်းပြီး ထုတ်နေမိတယ်။
“မင်းတို့ ဘာဆက်လုပ်ကြမလဲ။ ဒီကောင်တွေကတော့ ဆန္ဒပြချင်သလောက်ပြ၊ သတ်မှာပဲ။ ငါပြောတာယုံ၊ ဒီစစ်ဗိုလ်ချုပ်တွေဟာ ဘယ်တော့မှ အာဏာကို စွန့်လွှတ်မှာမဟုတ်ဘူး” လို့ သူက ဆေးပေါ့လိပ်လေး ပြန်ဖွာရင်းမေးတယ်။ ရဲနေတဲ့ မီးပွားစတွေ သူ့လုံချည်ပေါ် ဖြာကျသွားတာကို တစ်ချက်ငုံ့ကြည့်ပြီး ခါတွက်တယ်။ ပြီးတော့ ဆက်ပြောတယ်။
“မင်းတို့ ဘယ်လောက် အော်အော်၊ ဘယ်လောက် ဆန္ဒပြပြ၊ သူတို့ကလည်း ဂရုစိုက်မှာမဟုတ်သလို၊ သူတို့ ဘယ်လိုပဲ အကြမ်းဖက်ဖြေရှင်းဖြေရှင်း ကမ္ဘာပေါ်မှာ သူတို့ကိုကြိုးပေးနိုင်တဲ့ ခုံရုံးမရှိဘူးဆိုတာလည်း သိနေကြတယ်”
“ဘာလို့မရှိရမှာလဲ”
ကျနော့်အသံ ဟိန်းထွက်သွားတယ်။ ပြီးမှ သတိထားပြီး အသံကိုပြန်နှိမ့်ပြောလိုက်ရတယ်။
“အဲဒီ ခုံရုံးကို ဒီမြေပေါ်မှာ ကျနော်တို့ဖန်တီးမယ်။ ဒီပွဲကိုအနိုင်တိုက်ပြီး ဒီရာဇဝတ်ကောင်တွေ အကုန်လုံးကို ကျနော်တို့ အပြစ်ပေးကိုပေးနိုင်စေရမယ်။ စစ်အာဏာရှင်ခေတ်ဟာ ကျနော်တို့ မျိုးဆက်မှာတင် အဆုံးသတ်ရစေ့မယ်ဗျာ”
ရေနွေးလက်ကျန်ကို ကျနော် မော့ချလိုက်တယ်။ ခုနကအထိ ဘာဆက်လုပ်ရမလဲ ကျနော်မသိခဲ့ဘူး။ ခု ခဏမှာတော့ ခေါင်းထဲမှာ မီးသီးလေးတစ်လုံး လင်းလာခဲ့တယ်။ ပြောသင့်မပြောသင့် ချိန်ဆမနေတော့ဘဲ ညစောင့်ကြီးကို ကျနော် ပြောချလိုက်တယ်။
“ကျနော်တော့ လက်နက်ကိုင်တော့မယ် ဦးလေး။ ကျနော့်သူငယ်ချင်းတွေဆို လက်နက်ကိုင်ပြီး ပြန်ချမယ် ဆိုပြီး ပြောနေကြတာ ကြာပြီ။ ကျနော်က အကြမ်းမဖက်အနုနည်းကိုပဲ ယုံကြည်ခဲ့တာ၊ ဒါပေမဲ့ ခုတော့ စိတ်ပြောင်းသွားပြီ။ ဒီကောင်တွေဟာ လူတွေမဟုတ်ဘူး။ လူမဟုတ်တဲ့ကောင်တွေကို သူတို့နားလည်တဲ့ ဘာသာစကားနဲ့ပဲ ပြောမှရမယ်ဆိုတာ ကျနော် ကောင်းကောင်းသဘောပေါက်သွားပြီ။”
ပြောရင်း ရေနွေးခွက်ကို ကြမ်းပြင်ပေါ် ကျနော် ပြန်ချလိုက်တယ်။ ညစောင့်ကြီးကတော့ ဆေးပေါ့လိပ်လေးဖွာရင်း ခေါင်းတညိတ်ညိတ်နဲ့။
“မနက်ကျ ကျနော်အိမ်ပြန်ပြီး အမေ့ကိုနှုတ်ဆက်မယ်။ အမေ့လက်ရာထဲက ကျနော်အကြိုက်ဆုံး ဝက်သားနဲ့ မျှစ်ချဉ်ဟင်း ချက်ကျွေးခိုင်းမယ်။ တောထဲရောက်ရင် ဘယ်လိုနေ စားရမယ်မသိသေးဘူး။ ပြီးရင်တော့ အမြန်ဆုံးပဲ လွတ်မြောက်နယ်မြေ သွားဖို့ သူငယ်ချင်းတွေနဲ့တိုင်ပင်တော့မယ် ဦးလေး။ သေလည်း သေပါစေတော့။ ကျနော်တို့အသက်ပေးရလို့ တိုင်းပြည် ဒီမိစ္ဆာတွေလက်က လွတ်ရင်ကျေနပ်တယ်။”
ညစောင့်ကြီးက ကျနော် စားပြီးသား ထမင်းပန်းကန်ပြားပေါ် ရေနွေးခွက်ကို တင်လိုက်တယ်။ ဇွန်းကို မတ်ခွက်ထဲ ထည့်လိုက်တယ်။ လက်တစ်ဖက်က ပန်းကန်ပြားနဲ့ မတ်ခွက်၊ ကျန်တစ်ဖက်က ရေနွေး ဓာတ်ဘူးကို ကိုင်ပြီး မတ်တပ်ရပ်တယ်။ ကျနော် သူ့ကို ကူသယ်ပေးမလို့ပါပဲ၊ ဒါပေမဲ့ သူက ခေါင်းခါပြတယ်။
“နားတော့ ငါတူ။ မင်းလည်း ပင်ပန်းလှပြီ” လို့ သူက ဖအေတစ်ယောက်ရဲ့ မေတ္တာရိပ်ငွေ့ပါတဲ့ လေသံမျိုးနဲ့ ပြောတယ်။ ပြီးတော့ ဆက်ပြောတယ်။
“အေးကွယ် မင်း စိတ်ဆုံးဖြတ်ပြီးပြီဆိုရင်လည်း ငါ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ …”
ညစောင့်ကြီးက ချောင်းတဟွတ်ဟွတ် ထဆိုးတော့ လွန်ခဲ့တဲ့ သုံးနှစ်ကမှ အဆုတ်ကင်ဆာနဲ့ ဆုံးသွားတဲ့ အဖေ့ကိုတောင် သွားသတိရမိသေးတယ်။ အဖေလည်း ခုလိုပဲ ချောင်းတွေ တဟွတ်ဟွတ်နဲ့ တစ်အိမ်လုံး မအိပ်ရဘူး မဟုတ်လား။ ညစောင့်ကြီးက အသက်ဝဝရှူပြီး ဆက်ပြောတယ်။
“အေးကွာ … ဘဝမှာ အမှန်တရားကို သိရတာ … အဲ အမှန်တရားတစ်ခုခုကို သိရတာဟာ တခါတရံတော့ ခါးသီးလှသားကွ။ မင်းနဲ့ဆိုင်တဲ့ အမှန်တရားတစ်ခုရှိနေတယ်။ အဲဒါ ဘာဆိုတာ မင်းမသိသေးဘူး။ ဘယ်မှာ ဆိုတာ မင်းမသိသေးဘူး။ သိတဲ့အခါကျရင် မင်း ခံနိုင်ရည်ရှိပါစေလို့ပဲ ငါမျှော်လင့်ပါရဲ့”
ကျနော် နားရှုပ်သွားတယ်။ သူ ဘာကိုဆိုလိုတာလဲ။ ကျနော် ထပ်မေးဦးမလို့ပဲ။ ဒါပေမဲ့လည်း ကျနော်ဟာ တအားကို ပင်ပန်းပြီးအိပ်ချင်နေပြီမို့ တဝါးဝါးနဲ့ ဖြစ်နေပါပြီ။ သူ့ကို ထပ်မေးဖို့လည်း ဦးနှောက်က ထပ်ပြီး အလုပ်မလုပ်ချင်တော့ပါဘူး။
“မနက်ကျရင် စောစောထပြီး ဟိုးအရှေ့ဘက်ကို လျှောက်” လို့ပြောရင်း ညစောင့်ကြီးက ကျနော့်ကို ဂိုဒေါင်ရဲ့ အရှေ့ဘက်လို့ ယူဆရတဲ့ဘက်ကို မေးဆတ်ပြတယ်။
“ခြံစည်းရိုး ရောက်တဲ့အထိ တန်းတန်းသွား။ အဲဒီမှာ မလွယ်ပေါက်တစ်ပေါက် တွေ့လိမ့်မယ်။ မင်းထွက်လို့ ရအောင် စက်ရုံခြံစည်းရိုး ဘေးတံခါးကို ဦးလေး ဟထားပေးမယ်။ အပြင်ရောက်ရင် မင်းအိမ်မင်း ပြန်တတ်တယ် မဟုတ်လား။ ကာဖျူးက မနက် ဘယ်အချိန်ထိလဲ။ ငါးနာရီဟုတ်။ ဪ လေးနာရီလား။ အေး ဟိုကောင်တွေတော့ မနက် အဲဒီအချိန်လောက်ဆို ငိုက်နေလောက်ပါပြီ။ အိမ်ကို ဘေးကင်းကင်း ပြန်ရောက်ပါစေ ဟုတ်ပြီလား။”
ကျနော် ခေါင်းပြန်ညိတ်မိရဲ့လားတောင် မသေချာဘူး။ သူပြောသွားတဲ့စကားတွေနဲ့ ခေါင်းထဲရှုပ်နေတုန်း။ ဒါပေမဲ့ ဒါတွေမတွေးတော့ဘူးလို့စဉ်းစားလိုက်ပြီး အိပ်ဖို့ပဲ ပြင်လိုက်တယ်။ တစ်နေကုန် နေပူထဲ ဆန္ဒပြရ၊ ကြွေးကြော်ရ၊ ပြေးရလွှားရပုန်းရနဲ့ဆိုတော့ လူကအတော်ကိုပင်ပန်းနေပြီ။ နေ့ပူညချမ်း တပေါင်းလ သရမ်း ဆိုတဲ့အတိုင်း ညဉ့်နက်တော့ အေးလာပြီမို့ သူ ယူလာပေးတဲ့ စောင်ကြမ်းလေး ကိုယ်မှာပတ်ပြီး၊ ကိုယ့်လက်ကိုယ် ခေါင်းအုံးအမှတ်နဲ့ ခေါင်းချလိုက်တာနဲ့ ကမ္ဘာလောကကြီးနဲ့ အဆက်ပြတ်သွားတော့တယ်။
*
မနက် ဝေလီဝေလင်းမှာ ကျနော် ပြန်နိုးလာတယ်။ ဖုန်းမျက်နှာပြင်ကို ခေါက်လိုက်တော့ သီရိနဲ့ ကျနော်တို့ ရိုက်ထားတဲ့ ဆယ်လ်ဖီပုံနဲ့အတူ မနက် ၅ နာရီ ၁၀ မိနစ်ဆိုတဲ့ နာရီဂဏန်းပါ ပေါ်လာတယ်။ သီရိမျက်နှာကို အလွမ်းပြေ တစ်ချက်ကြည့်လိုက်ပြီး လိုင်းမိမမိ စစ်လိုက်တော့ တိုင်တစ်တိုင်မှ မပေါ်သေးဘူး။ ကျနော်လည်း ဖုန်းကို ဘောင်းဘီအိတ်ထဲ ပြန်ထည့်လိုက်ပြီး ဂိုဒေါင်တံခါးကို အသံမထွက်အောင် ဟပြီး အပြင်လျှိုထွက် လိုက်တယ်။
အရှေ့ဘက် ရောင်နီလာတဲ့ဘက်ကို လှမ်းကြည့်လိုက်ပြီး ဂိုဒေါင်တွေရဲ့မှောင်ရိပ်တွေကြားကနေ လျှောက်လာတဲ့လမ်းမှာ ကျနော် လူတစ်ယောက်မှမတွေ့ဘူး။ ဟို ညစောင့်ကြီး ကိုလည်း မတွေ့ဘူး။ သူ့ကို ကျေးဇူးတင် နှုတ်ဆက်စကား ပြောချင်သေးတယ်ပေမဲ့ ရှာမတွေ့တာနဲ့ပဲ ဆက်ထွက်လာလိုက်တယ်။ သူ ပြတဲ့ အတိုင်း ခြံစည်းရိုး ဘေး မလွယ်တံခါး ဟထားတဲ့နေရာကနေ ထွက်ပြီး အနီးဆုံးလူနေရပ်ကွက်ဘက် အသာလျှောက် လာလိုက်တယ်။
ခါတိုင်းဆို ကျနော်တို့မြို့ကလေးဟာ ဒီအချိန်ဆို မနက်စောစော လမ်းထလျှောက်သူတွေ ရှိနေပြီ။ အရုဏ်ဆွမ်းလောင်းဖို့ ထချက်ပြုတ်နေကြသံတွေ မီးဖိုချောင် အသီးသီးကနေ ကြားနေရပြီ။ ဘွန္တောသီချင်း ဖွင့်နေကြပြီ။ ခုတော့ မနေ့က သွေးမြေကျခဲ့ရတဲ့အဖြစ်အတွက် ညက အိပ်မပျော်ခဲ့ကြဘူးထင်ပါရဲ့။ လမ်းတွေက ရှင်းလင်းနေတယ်။ တစ်မြို့လုံး လူမနေတော့တဲ့ မြိုပျက်ကြီးလိုပဲ။ လမ်းဘေးခွေးတွေသာလျှင် ကျနော့်ကို ထဟောင်ကြတယ်။
ဆယ်လမ်းလောက် လှမ်းလိုက်ရင် ဆုံးသွားတဲ့ မြို့ငယ်ကလေးမှာ ဘယ်လမ်းကသွားရင် အိမ်ကိုအနီးဆုံးပြန်ရောက်မလဲ ကျနော် သိတာပေါ့။ ကျနော်တို့လမ်းထဲ ချိုးချိုးချင်းမှာပဲ လမ်းထိပ်မှာ ဗိုလ်လုနေကျ ခွေးအုပ်က ထိုးဟောင်တော့တယ်။ အစာကျွေးနေကျ ကျနော့်ကို မမှတ်မိကြတော့ဘူးထင်ပါရဲ့။ အသာရှူးရှူးလုပ်လိုက်ပြီး အိမ်ဆီကို ခပ်သုတ်သုတ်လျှောက်လာလိုက်တယ်။ ပုံမှန်ဆိုရင်တော့ အမေ ဒီအချိန်ထပြီးဆွမ်းချက်နေတတ်ပါပြီ။
အိမ်ရှေ့ရောက်တော့ အမေ့ကိုမြင်ရတယ်။ ဆွမ်းချက်နေတာတော့ မဟုတ်ဘူး။ လမ်းမဘက်ကိုတွေတွေကြီး ငေးကြည့်ရင်း အိမ်တံခါးမကြီးကိုမှီပြီးထိုင်နေတာ။ အမေ့မျက်နှာက တစ်ညလုံးငိုထားတဲ့ပုံ။ ကျနော် ပြန်မလာလို့ စိတ်ပူနေပုံထင်ပါရဲ့။ “အမေ” လို့ အော်ခေါ်လိုက်ပြီး ခြံတံခါးကိုတွန်းဖွင့်မယ်အလုပ် …
ရွှမ်းခနဲအသံကြားလိုက်ရပြီး ကျနော့်ကျောပြင်တစ်ခုလုံး မခံမရပ်နိုင်အောင် နာကျင်သွားတယ်။ လှည့်ကြည့် လိုက်တော့ ဗလတောင့်တောင့်နဲ့ လူကြီးတစ်ယောက်။ လက်ထဲမှာ သားမြီးယပ်လိုအရာတစ်ခုကို ကိုင်ထား တယ်။ သူ ကျနော့်ကို အဲဒါနဲ့ လှမ်းရိုက်လိုက်တာဖြစ်ရမယ်။
“ခင်ဗျား … ဒါ ဒါဘာလုပ်တာလဲ။ ခင်ဗျား ဘယ်သူလဲ”
မေးခွန်းကို ပြန်မဖြေဘဲ သူ ကျနော့်ကို ထပ်ရိုက်လိုက်ပြန်တယ်။ ခုတစ်ခါက ပိုပြီးတော့နာတာမို့ ကျနော် မြေကြီးပေါ်လူးလိမ့်သွားတာပဲ။ ဘယ်လိုဟာကြီးပါလိမ့်။ သူ့လက်က သားမြီးယပ်ကလည်း ကြာပွတ် ထက်တောင် ပိုနာပါသေးလား။ အသားနာတာထက် ဒေါသက ပိုကဲသွားတယ်။ ချက်ချင်း မတ်တပ်ရပ်ပြီး သူ့ကို ပြန်ထိုးမယ်လုပ်တယ်။ ဒါပေမဲ့ … ဒါပေမဲ့ …
ကျနော် မတ်တပ်ကောင်းကောင်းမရပ်နိုင်ဘူး။ ကျနော့်ကိုယ်ခန္ဓာဟာ အာကာသထဲ ရောက်နေသူလို ကမ္ဘာဆွဲအား လွတ်နေတယ်။ အာကာသယာဉ်မှူးများလို လေပေါ် ဝဲလို့။
“အမေရေ အမေ သားပြန်လာပြီ” လို့ လှမ်းအော်လိုက်တယ်။ ဒါပေမဲ့ အမေက ကြားဟန်မတူဘူး။ လမ်းမမဘက် ကျနော်ရှိရာဘက်ကိုတော့ ငေးကြည့်နေတယ်။ မျက်စိက ကြောင်တောင်ကန်းပုံစံမျိုး။
ဟိုလူက ကျနော့်ကို နောက်တစ်ကြိမ် ထပ်ရိုက်ဖို့အရွယ်လိုက်မှာပဲ တနွဲ့နွဲ့ညင်းနေတဲ့ လေပြည်ဟာ တဖြည်းဖြည်း ပြင်းထန်လာပြီး လေပွေငယ်တစ်ခု ဖြစ်လာတယ်။ ကျနော်ဟာလည်း သစ်ရွက်ခြောက်တစ်ရွက်လို လေပွေငယ်နဲ့အတူ အဝေးကိုလွင့်သွားတော့တာပဲ။ ကျနော်ဟာ ကျနော်နဲ့တစ်သက်လုံး တစ်သားတည်း ဖြစ်လာခဲ့တဲ့ နေရာတွေအပေါ်ကနေ လူပျံတော်တစ်ဦးလို ပျံသန်းနေတော့တာပဲ။ ကျနော့်အောက် မြေကြီးပေါ်မှာတော့ ကျနော် တက်ခဲ့ဖူးတဲ့ကျောင်း၊ ကျနော် ရှင်ပြုခဲ့ဖူးတဲ့ ဘုန်းကြီးကျောင်း၊ သူငယ်ချင်းတွေနဲ့အတူ ထိုင်ခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင်တွေ။
တိုက်ခတ်နေတဲ့ လေပွေငယ်ဟာ အရှိန်ကုန်သွားတော့ ကျနော် မြေကြီးပေါ် ပြန်ပြုတ်ကျလာပြီး ရပ်နိုင်လာတယ်။ လမ်းလည်း ပြန်လျှောက်နိုင်လာတယ်။ ဘာကြောင့်မှန်းမသိဘူး၊ ဟိုလူ ကျနော့်နောက်က လိုက်လာတယ်လို့ပဲ တွေးမိပြီး ကြောက်စိတ်တွေကြီးစိုးလာတယ်။ ခြေဦးတည့်ရာ ပြေးနေမိတော့တာပဲ။
ဘယ်လောက်ပြေးနေမိတယ်မသိဘူး၊ မြို့စွန် လယ်ကွင်းအစပ်နားက ညောင်ပင်တစ်ပင်နားရောက်တော့မှ အမောဖြေရအောင် ခဏရပ်လိုက်တယ်။ နောက်ကိုလှည့်ကြည့်တော့ ဟိုလူတော့ပါမလာတော့ဘူး။ ဒါပေမဲ့ ကျနော် တအားမောဟိုက်နေတယ်။ ညောင်ပင်ကို လက်တစ်ဖက်ကိုင်ရင်း၊ မျက်စိကိုစုံမှိတ်ရင်း ပါးစပ်ရော နှာခေါင်းရောကနေ အသက်ကိုတဝရှူနေမိတယ်။ အဲဒီမှာပဲ ကျနော့်ပခုံးပေါ် လက်တစ်ဖက်လာတင်တာ ခံစားလိုက်ရတယ်။ မျက်စိဖွင့်ကြည့်လိုက်တော့
သူ … သူ … ဟုတ်ရဲ့လား … ကျနော်များ အမြင်မှားလေသလား။
ထူထပ်တဲ့ ညောင်ကိုင်း ညောင်ခက် ညောင်ရွက်တွေဟာ ထွက်ပေါ်ခါစ အရုဏ်ကျင်း အလင်းကို ပိတ်ဆီးထားပေမဲ့ သူ့ကိုတော့ ကျနော် ကောင်းကောင်းမြင်ရတာပဲ။ သိတာပေါ့၊ သူက ကျနော့်ထက် နှစ်နှစ်လောက် ငယ်မယ့် ညီလေးတစ်ယောက်။ မျက်လုံးကိုပွတ်ကြည့်တယ်။ သူက ပြုံးပြတယ်။ သံသယမဖြစ်ပါနဲ့ဆိုတဲ့ သဘော။ သူလည်း နာကျင်ရပါတယ်ဆိုတဲ့ အကြည့်။ နှစ်သိမ့်တဲ့ အပြုံး၊ စာနာတဲ့မျက်နှာပေး။ မနေ့မနက်က ပစ်ကြခတ်ကြတော့ ကျနော့်ဘေးမှာတင် ကျည်ဆန်မှန်ပြီး လဲကျသွားခဲ့တဲ့ ကောင်လေး။ သူ့သွေးတွေဟာ ခုထိ ကျနော့်အင်္ကျီတွေမှာ ထင်ကျန်နေတုန်း။
“အစ်ကို … ကျနော့်ကိုမှန်ပြီး မကြာဘူး၊ အစ်ကိုလည်း လဲကျသွားတော့တာပဲ” လို့ ကောင်လေးက ပြောလိုက်တဲ့အသံဟာ ကျနော့်နားထဲမှာ မိုးကြိုးစက်သွားတစ်ခုလို ပစ်ခွင်းသွားတော့တယ်။
မဖြစ်နိုင်တာ …
ကျနော်ဟာ ဘယ်ဘက်လက်ကို နောက်ပြန်ချိုးပြီး ညာဘက် လက်ပြင်နေရာကို စမ်းလိုက်တယ်။
ငါ စိတ်ဂယောင်ခြောက်ခြားနဲ့ ဟိုမြင်ဒီမြင်တွေ ဖြစ်နေတာလား …
ကျနော့်စိတ်ထဲက အတွေးကို သူသိတယ်။ “တကယ်ပါ အစ်ကို … အရာအားလုံးဟာ တကယ် ဖြစ်ခဲ့တာပါပဲ” လို့ စာနာတဲ့အကြည့်တွေနဲ့ ကျနော့်ကိုပြောတယ်။
အမှန်တရားကို သိတဲ့အခါကျရင် မင်းခံနိုင်ရည်ရှိဖို့ပဲ ငါမျှော်လင့်ပါရဲ့
ညစောင့်ကြီးရဲ့ ညတုန်းကစကားဟာ နားထဲမှာ ပဲ့တင်ထပ်အောင်ကို ပြန်ကြားနေရတယ်။
“ငါ့ … ငါ့အလောင်းကော ဒါဖြင့်” လို့ ကောင်လေးကို ကျနော်မေးလိုက်တယ်။
“ကျတဲ့သူတွေအကုန်လုံးရဲ့ အလောင်းတွေကို သူတို့သယ်သွားပြီး မနေ့ညကပဲ အနောက်သုသာန်မှာ မြှုပ်လိုက် ကြပြီ။ အလောင်းပြန်ရှာတွေ့လည်း ဘာလုပ်လို့ရမှာတဲ့လဲ။ သေပြီးသားလူဟာ ပြန်ရှင်တော့မှာမှ မဟုတ်တာ”
ကျနော့်မျက်လုံးနှစ်ဖက်ကနေ မျက်ရည်တွေ ထိန်းမနိုင်အောင် ထွက်ကျလာတယ်။ “အမေရေ … သီရိရေ …” လို့ မြည်တမ်းတယ်။ ကောင်လေးက ကျနော်ပခုံးကိုဖက်ထားတယ်။ ကျနော် ရုန်းထွက်ပြီး ဆက်ပြေးထွက်လာ ခဲ့လိုက်တယ်။
ခုချိန်မှာ ကျနော့်အတွက် မေးခွန်းတစ်ခုပဲ ကျန်တော့တယ်။
“ငါဘာဆက်လုပ်ရမလဲ။ ငါ့ခရီး မဆုံးသေးဘူး။ ငါ နဲ့ဆိုင်တဲ့နေရာ ငါသွားရဦးမယ်”
ညစောင့်ကြီးကတော့ သီရိတစ်ယောက် ဘေးအန္တရာယ်ကင်းတယ်လို့ ပြောတယ်။ တကယ်ပဲ သီရိ ဘေးကင်း လုံခြုံစွာနဲ့ ရှိနေဆဲလား။ ကျနော် သေချာအောင် သိချင်သေးတယ်။
နေကတော့ အတော်လေး မြင့်တက်လာပြီ။ ဒါပေမဲ့ နွေဦးကာလမှာ ထတတ်တဲ့မြူတွေကြောင့် ရှေ့ကို ဝါးနှစ်ပြန်လောက်ထက် ပိုမမြင်နိုင်သေးဘူး။ မြူတွေကြားထဲ စမ်းတဝါးဝါးနဲ့ ကျနော် ဆက်ထွက်လာမိတယ်။ ကျနော် သွားနေကျနေရာ၊ ကျနော့်ဘဝရဲ့ အမှတ်တရတွေ စုစည်းထားတဲ့ နေရာရှိမယ်လို့ထင်ရတဲ့နေရာကို မှန်းပြီး ဆက်ထွက်လာခဲ့တယ်။
ဒါပေမဲ့လည်း ရှေ့ဆက်သွားလေ အမှောင်ထုက ပိုပိုကြီးစိုးလာလေပဲ။ ကျနော်ဟာလည်း တဖြည်းဖြည်းနဲ့ ပိုပို ပေါ့ပါးလာ၊ ပိုပို မှေးမှိန်လာနေပါတယ်။ နောင်လာနောက်သားတွေအတွက် ပါးစပ်ရာဇဝင်တစ်ခုအဖြစ်နဲ့သာ ကျန်ခဲ့မှာကိုတော့ ကျနော် အကြောက်ဆုံး ပါပဲ။ ။
Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း