လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က ဖြစ်မည်ထင်သည်။ ယခုခေတ်လို Facebook က မတွင်ကျယ် လှသေးဘဲ Gmail မှတစ်ဆင့် စာတွေ၊ ပုံတွေ ဖြန့်ဝေနေကြချိန်က အီးမေးလ်တစ်စောင် လက်ခံရရှိဖူးသည်။ အီးမေးလ်မှာ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ ခေါ် မိုးပြာဂိုဏ်းအကြောင်း စုံစမ်းရေးသားထားသည့် ဆောင်းပါးတစ်စောင်ဖြစ်သည်။ ထိုဆောင်းပါး၏အဆုံးတွင် မိုးပြာဂိုဏ်းကဲ့သို့ပင် ထေရဝါဒ သာသနာအတွက် အန္တရာယ်ရှိ၍ အဓမ္မအဖြစ် ယခင်က ဆုံးဖြတ်ခဲ့ဖူးသော ဝါဒအချို့အကြောင်း အကျဉ်းချုပ်များလည်း ပါသည်။ ထိုအထဲတွင် ဦးအေးမောင် (စာပေဗိမာန်) ၏ ‘ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ’ စာအုပ်အကြောင်းလည်း ဖော်ပြထားရာ အောက်ပါအတိုင်းတွေ့ရပါ သည်။ ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ အမည်ရှိစာအုပ်ကြီးသည် ပိဋကတ်သုံးပုံတို့ကို အကုန်နီးပါးမျှ ပယ်ချထားသည့် စာအုပ်ကြီးဖြစ်၍ ၁၉၆၄ ခုနှစ် နောက်ပိုင်း တစ်လျှောက်လုံး အပိတ်ခံထားရပါသည်။ သို့သော်လည်း ၂၀၀၄ ခုနှစ်တွင် ပါရမီစာပေမှ ပြန်လည်ထွက်ပေါ်လာရာ တစ်အုပ်လျှင် ကျပ် ၆,၀၀၀ ဖြင့် ဈေးကွက်ဝင်လာပါသည်။ ယခုအထိ ရောင်းချနေဆဲပင် ရှိပါသေးသည်။ ၎င်းစာအုပ်ကြီး၏ အကျိုးဆက်အနေဖြင့် ပိဋကတ်တော်တို့ကို တစ်အုပ်၊ တစ်သုတ် ပြည့်ပြည့်စုံစုံ မဖတ်ဖူးကြဘဲ ‘ပိဋကတ်တွေက အမှားတွေဖြစ...