Skip to main content

မိရိုးဖလာသိမှတ်ချက်များကို "ရဲရဲကြီးစဉ်းစား၊ ရဲရဲကြီးဝေဖန်" ထားသော ဦးအေးမောင်၏စာအုပ်



လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က ဖြစ်မည်ထင်သည်။ ယခုခေတ်လို Facebook က မတွင်ကျယ် လှသေးဘဲ Gmail မှတစ်ဆင့် စာတွေ၊ ပုံတွေ ဖြန့်ဝေနေကြချိန်က အီးမေးလ်တစ်စောင် လက်ခံရရှိဖူးသည်။ အီးမေးလ်မှာ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ ခေါ် မိုးပြာဂိုဏ်းအကြောင်း စုံစမ်းရေးသားထားသည့် ဆောင်းပါးတစ်စောင်ဖြစ်သည်။ ထိုဆောင်းပါး၏အဆုံးတွင် မိုးပြာဂိုဏ်းကဲ့သို့ပင် ထေရဝါဒ သာသနာအတွက် အန္တရာယ်ရှိ၍ အဓမ္မအဖြစ် ယခင်က ဆုံးဖြတ်ခဲ့ဖူးသော ဝါဒအချို့အကြောင်း အကျဉ်းချုပ်များလည်း ပါသည်။ ထိုအထဲတွင် ဦးအေးမောင် (စာပေဗိမာန်) ၏ ‘ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ’ စာအုပ်အကြောင်းလည်း ဖော်ပြထားရာ အောက်ပါအတိုင်းတွေ့ရပါ သည်။ 

ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ အမည်ရှိစာအုပ်ကြီးသည် ပိဋကတ်သုံးပုံတို့ကို အကုန်နီးပါးမျှ ပယ်ချထားသည့် စာအုပ်ကြီးဖြစ်၍ ၁၉၆၄ ခုနှစ် နောက်ပိုင်း တစ်လျှောက်လုံး အပိတ်ခံထားရပါသည်။ သို့သော်လည်း ၂၀၀၄ ခုနှစ်တွင် ပါရမီစာပေမှ ပြန်လည်ထွက်ပေါ်လာရာ တစ်အုပ်လျှင် ကျပ် ၆,၀၀၀ ဖြင့် ဈေးကွက်ဝင်လာပါသည်။ ယခုအထိ ရောင်းချနေဆဲပင် ရှိပါသေးသည်။ ၎င်းစာအုပ်ကြီး၏ အကျိုးဆက်အနေဖြင့် ပိဋကတ်တော်တို့ကို တစ်အုပ်၊ တစ်သုတ် ပြည့်ပြည့်စုံစုံ မဖတ်ဖူးကြဘဲ ‘ပိဋကတ်တွေက အမှားတွေဖြစ်မှာပါ’ ဟု ပြောဆိုတတ်သူများ တိုးပွားလာကြပါသည်။ အဘိဓမ္မာပယ်ဝါဒများလည်း အားကြီးလာကြပါသည်။ ၎င်းစာအုပ်ကြီး၏ ခေတ်အဆက်ဆက်သံဃာတော်တို့အား စော်ကားထားမှုတို့နှင့် မူလဗုဒ္ဓဝင်ဒေသနာတော်ကို ဖျက်ဆီးထားမှု၊ ပိဋကတ်တော်ကို ချေဖျက်ထားမှုစသည်တို့ကို အရှင်ကောဝိဒ (ယော) က ပြုစုစိစစ်ပြ၍ ဗုဒ္ဓ၏ဗုဒ္ဓ စာအုပ်တွင် ဖော်ပြထားပါသည်။

ထို့မတိုင်ခင်တုန်းက ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ စာအုပ်မှာ ကျွန်တော့်အိမ်တွင် လက်ခံဖွင့်လှစ်ထားသော အင်ဂျင်နီယာတက္ကသိုလ်ဗုဒ္ဓဘာသာအသင်းစာကြည့်တိုက်မှာ ရှိနေခဲ့သော်လည်း မဖတ်ဖြစ်ခဲ့ပါ။ မဖတ်ဖြစ်ခြင်းမှာ တခြားစာအုပ်များမှာလိုပင် (ကျွန်တော်သိပြီးသား) ဗုဒ္ဓဘာသာအကြောင်းကိုပဲ တခြားဘာသာဝင်များနားလည်အောင် ရည်ရွယ်ရေးထားသည်ထင်၍ ဖတ်မကြည့်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အထက်ပါ အီးမေးလ်ကိုဖတ်ရချိန်တွင် ကျွန်တော့်မှာ ထိုစာအုပ်က လက်ထဲမရှိတော့ပါ။ တစ်ယောက်ယောက်ကို ပေးလိုက်ခြင်းလား၊ ပျောက်ရှသွားခြင်းလား မမှတ်မိတော့။ မည်သို့ဆိုစေ ထိုစဉ်က အိမ်မှာရှိခဲ့သော စာအုပ်သည် စိစစ်ရေးက ဖြတ်တောက်ထားသော မူဖြစ်လိမ့်မည်ဟု ထင်ပါသည်။ 

ကျွန်တော့်လက်ထဲ ပြန်လည်ရောက်ရှိလာသည့် မူကတော့ ယမန်နှစ်ကမှ ပြန်ရိုက်သည့်မူဖြစ်ပြီး “ယခင် ဖြုတ်ပယ်ထားသည်များကို ဖြည့်စွက်ထုတ်ဝေ” ထားသည်ဟု ဆိုထားပါသည်။ ထို့ကြောင့် အပိတ်ပင်ခံရသည့် စာအုပ်တစ်အုပ်ကို စိတ်ဝင်စားစွာဖြင့် ဖတ်ရှုမိပါသည်။ 

အကယ်၍ ဦးအေးမောင်၏စာအုပ်ကို လွန်ခဲ့သောဆယ်နှစ်အလွန်က ကျွန်တော်ဖတ်ရှုခဲ့ရလျှင် အဓမ္မဟု ဆုံးဖြတ်ထားသူများဘက်က လေသံလိုက်၍ ကျွန်တော်သည်လည်း တစ်သံတည်းထွက်မိမည်ဟု ထင်သည်။ သို့သော်လည်း အချိန်နှင့်အမျှ ပြောင်းလဲတတ်သောလောကတွင် ကျွန်တော်သည်လည်း တစ်ရက်နှင့်တစ်ရက်၊ တစ်နှစ်နှင့်တစ်နှစ် အတွေးအခေါ်၊ အယူအဆ၊ အမူအကျင့်တို့က ပြောင်းလဲနေသည်ဖြစ်ရာ ယခု အသက် လေးဆယ်အရွယ်မှာတော့ ထိုစာအုပ်သည် ကျွန်တော့်အပေါ် မည်သို့မျှရိုက်ခတ်ခြင်း မရှိတော့ပါ။ 

မရှိရုံမျှမက ထိုစာအုပ်တစ်ချိန်က ထွက်ခဲ့ခြင်းကိုလည်းကောင်း၊ ယခုကာလတွင် အပြည့်အစုံပြန်လည် ထွက်ရှိလာခြင်းကိုလည်းကောင်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ စာပေစိစစ်ရေးမရှိတော့ခြင်း၏ ကောင်းကျိုးတစ်ရပ်မှာ ယခင်က ဆင်ဆာထိခဲ့သည့်စာပေများကို အရင်းအတိုင်း ပြန်လည်ဖတ်ရှုခွင့်ရခြင်း ကတော့ အငြင်းပွားစရာလိုမည်မထင်ပါ။ ဘာသာရေးပင်ဖြစ်စေ၊ လူ့ယဉ်ကျေးမှုတို့ပင်ဖြစ်စေ အမြဲဝေဖန် စောကြော မေးခွန်းထုတ်နေခြင်း၊ အများလက်ခံထားရာ ရှုထောင့်မှ ဖဲခွာကာ ကြည့်ရှုခြင်းသည် တိုးတက်ရာ တိုးတက်ကြောင်း လမ်းစဉ်ဖြစ်သည်ဟု လက်ခံယုံကြည်သူ ဖြစ်သည့်အလျောက် တစ်သက်လုံး ထပ်ချည်း တလဲလဲကြားလာသိမှတ်ခဲ့ရသည့် ဗုဒ္ဓဘာသာတရားတော်များ၊ အယူအဆများ၊ ယုံကြည်မှုများအပေါ် (ရှင်ဥက္ကဋ္ဌ၏ စာအုပ်များဖတ်ရစဉ်တုန်းကလို) ဉာဏ်ထဲမှာ ဝင်းခနဲ ထင်းခနဲဖြစ်သွားစေမည့် စာအုပ်တစ်အုပ် ပြုစုသွားခဲ့သည့်အတွက်လည်း ဦးအေးမောင်ကို ကျေးဇူးတင်ရသည်။ သို့သော်လည်း ဦးအေးမောင်သည် ကိုယ်တိုင်ဝန်ခံထားချက်အရ သူသည် ဤစာအုပ်ကိုပြုစုရာ၌ အရာရာအပေါ်သံသယထားခြင်းအစွန်းနှင့် အရာရာကိုမျက်စိမှိတ်ယုံကြည်ခြင်း အစွန်းနှစ်ပါးစလုံးကို ရှောင်ကာ သံသယထားသင့်သည်အပေါ်ထား၍ ယုံကြည်သင့်သည့်အပေါ် ယုံကြည်ရင်း ရေးသားခဲ့ခြင်းဖြစ်သည့်အတွက် မျှမျှတတသုံးသပ်သွားခဲ့သည်ဟုလည်း ယူဆရပါသည်။

ယခုစာအုပ်ပါ ဦးအေးမောင်၏ လေ့လာတင်ပြချက်များနှင့် ပတ်သက်၍ မှန်သည်၊ မှားသည် ကျွန်တော် မဆုံးဖြတ်လိုပါ။ အဓိကပြောလိုသည့်အချက်က ကျွန်တော်ကိုယ်တိုင်လည်း မေးခွန်းထုတ်နေသော အကြောင်းအရာများကို ပိဋကတ်စာပေနှံ့စပ်သူ ပညာရှင်တစ်ဦးက သူကိုယ်တိုင်လည်း အလားတူ မေးခွန်းများထုတ်ကာ သူမြင်သည့်အတိုင်း ပွင့်လင်းရဲဝံ့စွာ တင်ပြထားသည့်စာအုပ်ဖြစ်သည့်အတွက် အထူးသဖြင့် အစဉ်အလာရှေးရိုးစွဲယုံကြည်မှုများကို ငြီးငွေ့နေသူများအတွက် အထူးသင့်လျော်သည့် စာအုပ်ဖြစ်သည်ဟု ဆိုချင်သည်။ ဦးအေးမောင်ကိုယ်တိုင်ကလည်း “ဆရာစွဲ၊ ကျမ်းဂန်စွဲ၊ ဝါဒစွဲမပါဘဲ ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာအကြောင်း ခြေခြေမြစ်မြစ် လေ့လာလိုသော ပုဂ္ဂိုလ်များအတွက် ရည်စူး၍ စီစဉ်ရေးသား ပြုစုထားသော စာအုပ်ဖြစ်သည်” ဟု သူ့စာအုပ်သူ ညွှန်းထားသည်။ ပထအကြိမ်ထုတ်ဝေစဉ်က ကြေးမုံ သတင်းစာပါ စာကြေးမုံကဏ္ဍမှနေ၍ စာအုပ်ဝေဖန်ချက်ရေးခဲ့သူ ဦးကြီးမောင် (ငွေဥဒေါင်း) ကလည်း “မြန်မာဘာသာဖြင့် ဤစာအုပ်မျိုး ရှေးက တစ်ကြိမ်တစ်ခါမျှ မထွက်ပေါ်ခဲ့ဖူးသေး” ဟု ဆိုထား၏။ 

ဘာသာရေးနှင့်ပတ်သက်၍ အစဉ်အလာနှင့် ပတ်ဝန်းကျင်ကြောင့် ကျွန်ုပ်တို့ ရဲရဲမစဉ်းစားရဲသော၊ ဘာသာရေးသမား ပရိသတ်ရှေ့တွင် ကျွန်ုပ်တို့ ရဲရဲမပြောရဲသော မိရိုးဖလာဗုဒ္ဓဘာသာဆိုင်ရာ သိမှတ်ချက်များစွာကို ရဲရဲကြီးစဉ်းစား၊ ရဲရဲကြီးဝေဖန်၍ပြသော စာအုပ်ဖြစ်၏။ စဉ်းစားဝေဖန်ရာ၌ အသားလွတ် အတ္တနောမတိနည်းမဟုတ်ဘဲ ဗုဒ္ဓ၏အရင်းအမြစ်ကျသော ဒေသနာပေါင်းများစွာနှင့် ဗုဒ္ဓစာပေဆိုင်ရာ ကမ္ဘာ့ကျမ်းပေါင်းများစွာတို့၏ အကိုးအကားဖြင့် ပြဆိုခြင်းဖြစ်သည်။
-ကြီးမောင် (ငွေဥဒေါင်း)၏ ဝေဖန်ချက်မှ

ထိုဝေဖန်ချက်ရေးသူသည် ဦးကြီးမောင် (ငွေဥဒေါင်း) ဖြစ်သည်ဆိုသော အချက်က ကျွန်တော့်ကို အထူး စိတ်လှုပ်ရှားစေပါသည်။ အကြောင်းမှာ ကျွန်တော်သုံးတန်း၊ လေးတန်းလောက်က ဖတ်ရသည့် ငွေဥဒေါင်း၏ ဗုဒ္ဓစာပန်းချီ စာအုပ်ပါ ဝတ္ထုများမှာ ကျွန်တော်အထူး စွဲလမ်းခဲ့ရသည့် ပုံဝတ္ထုများဖြစ်၍ ဖြစ်သည်။ (အထူးသဖြင့် ‘မောင်ဆန်’ ဝတ္ထုမှာဆိုလျှင် နောက်တော်ပါးမှ လိုက်ပါခွင့်ပြုမည့်အရေး သနားစဖွယ်တောင်းပန်နေခဲ့သည့် ဆန္နအမတ်အား မသနား မညှာတာ ပြန်လွှတ်ခဲ့သည့် ဘုရားအလောင်းတော်ကိုပင် ဖတ်ရှုနေရင်း စိတ်ခုခဲ့ရသေးသည်။) အစဉ်အဆက် လက်ခံလာခဲ့ကြသည့် အဋ္ဌကထာနှင့် ဗုဒ္ဓဝင်များပါ ဗုဒ္ဓ၏ဖြစ်တော်စဉ်ဇာတ်လမ်းများအပေါ် အခြေခံပြီး အနုပညာရသမြောက်အောင် ရေးဖွဲ့ခဲ့သည့် ငွေဥဒေါင်းကိုယ်တိုင်က အဆိုပါ အဋ္ဌကထာနှင့်ဗုဒ္ဓဝင်ပါ ဇာတ်လမ်းများကို ပြန်လည် ဆန်းစစ်ဆန့်ကျင် ကွဲလွဲသုံးသပ်ပြထားသည့် ဦးအေးမောင်၏စာအုပ်ကို အထက်ပါအတိုင်း မှတ်ချက်ပေးထားခြင်းကလည်း အထူးစိတ်ဝင်စားမိသောအချက်ဖြစ်သည်။ 

အထူးသဖြင့် ဤစာအုပ်ပါတင်ပြချက်များအနက် ဗုဒ္ဓသည် ကဆုန်လပြည့်နေ့၌ ပရိနိဗ္ဗာန်မပြုဆိုသော ဦးအေးမောင်၏ တင်ပြချက်သည် ကျွန်တော့်အတွက် အသစ်ဖြစ်သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ အထူးတလည် မည်သို့မျှမသုံးသပ်လိုပါ။ ထိုကိစ္စသည် သိပ်အရေးပါလှသည်ဟုလည်း မထင်၍ဖြစ်ပါသည်။ အရက်သောက်သုံးခြင်းနှင့် သီလအပေါ်အမြင်ကိစ္စကို ဖတ်ရသောအခါ ဆရာကြီးရွှေဥဒေါင်းပြောဖူးသည့် ‘သောတာပန်ဟာ အရက်သောက်လည်း ရေပဲဝင်တယ်’ ဆိုသောစကားကို အမှတ်ရမိပါသည်။ (ဆရာကြီး ရွှေဥဒေါင်းသည် သောတာပန်ပုဂ္ဂိုလ်အရက်မသောက်ဆိုသောစကားကို လက်မခံဟု ကြားသိဖူးသည်။) 

ဂေါတမ ဘုရားအလောင်းတော်သည် အသက် ၂၉ နှစ်ကျမှ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ရှိမှန်း သိသည်ဆိုသော အချက်မှာ မဖြစ်နိုင်ကြောင်း ဦးအေးမောင်၏ လေ့လာသုံးသပ်ချက်၊ ညဉ့်အချိန် ဆန္န အမတ်တစ်ဦးတည်းကို ခေါ်ကာ တိတ်တိတ်လေး တောထွက်ခြင်းမဟုတ်ဆိုသောအချက်များကိုတော့ အထူး စိတ်ဝင်စားမိပါသည်။ အကြောင်းမှာ ကျွန်တော်ကိုယ်တိုင်လည်း ငယ်ကတည်းက ဖတ်မှတ်ဖူးလာခဲ့သည့် တောထွက်ခန်းပါ မာရ်နတ်ကတားခြင်း၊ မြင်းခွာသံမကြားအောင် နတ်တို့က မြင်းခွာနှင့်မြေကြီးကြား လက်ဖြင့်ခံခြင်း စသည့် မဟာဗုဒ္ဓဝင်နှင့် ဇိနတ္ထပကာသနီပါ ဇာတ်လမ်းများမှာ ဇာတ်လမ်းအစအဆုံး အလုံးစုံကို သိသူတစ်ဦးက ဖတ်ချင်စဖွယ် အသေးစိတ် ပြန်ရေးပြထားသည့် ပုံပြင် တစ်ပုဒ်နှင့် တူသည်ဟု ခံစားမိ၍ ဖြစ်သည်။ ဦးအေးမောင်၏ တင်ပြချက်အရလည်း ဗုဒ္ဓ၏ ဘုရားမဖြစ်မီ ဘဝဖြစ်တော်စဉ်နှင့် ပတ်သက်၍ မူရင်းပိဋကတ်တွင် ဗုဒ္ဓကိုယ်တိုင် ပြန်လည်ပြောပြထားသည့်အချက်များတွင် အဆိုပါ ရွှေအိုးကြီးလေးလုံးကိစ္စများ၊ နိမိတ်ကြီးလေးပါး ကိစ္စများ မပါသလို ယင်းတို့မှာ မဟာဗုဒ္ဓဝင်နှင့် အဋ္ဌကထာဆရာတို့၏ နောက်တိုးကျမ်းများမှာသာ အသေးစိတ်ရေးထားသော အချက်များဖြစ်သည်ဆိုသော အချက်မှာ ဘဝင်ကျစရာဖြစ်ပါသည်။ ဘုရားမဖြစ်မီ မာရ်နတ်က စစ်တပ်ကြီးချီကာ လာတိုက်သည်ဆိုသော အချက်အပေါ် စဉ်းစားပြပုံကိုလည်း လက်သင့်ခံနိုင်သည်ဟု ထင်ပါသည်။

အဘိဓမ္မာသည် ဘုရားဟောမဟုတ်ဘဲ နောက်ပေါ်ကျမ်းဖြစ်သည်ဆိုသောအချက်နှင့် ပတ်သက်၍ ကျွန်တော့်မှာ သုံးသပ်နိုင်စွမ်းမရှိပါ။ အလားတူ လူဘဝဖြင့်ရဟန္တာဖြစ်ပါက နေ့ချင်းမကူး ရဟန်းပြုလျှင်ပြု၊ မပြုလျှင် ပရိနိဗ္ဗာန်စံရသည်ဆိုသောအချက် မဟုတ်ကြောင်းကို ဗုဒ္ဓလက်ထက် လူဝတ်ကြောင်ဖြင့်ပင် ရဟန္တာဟု ဗုဒ္ဓကိုယ်တိုင်အသိအမှတ်ပြုခဲ့သော စိတ္တသူကြွယ် စသည့် လူဝတ်ကြောင်ရဟန္တာ ၁၇ ဦးကိစ္စ စသည်တို့အပေါ်လည်း ထင်မြင်ချက်မပေးတတ်ပါ။ အလားတူ သဗ္ဗညုတဉာဏ်သည် ယခုခေတ် လူအများနားလည်ထားသလို အလုံးစုံကိုအခါမလပ်သိသောဉာဏ်ဟု ဗုဒ္ဓကဝန်ခံခဲ့သည့် အထောက်အထား မရှိကြောင်း တင်ပြချက်မှာလည်း သာမန်ဘာသာဝင်များ စောကြောရန်မလွယ်သည့်အချက်များဖြစ်သည်။

သို့သော် ဇာတက ဇာတ်နိပါတ်တော်အများစုမှာ ဗုဒ္ဓက ပုံပြင်များဖြင့် ဥပမာဆောင်ကာ တရားဟောခြင်းသာဖြစ်ပြီး “ဇာတ်ပေါင်းသော် …” အစရှိသည့် ဇာတ်သိမ်းစာသားများမှာ မူရင်းပိဋကတ်မှာမပါခြင်း၊ ဇာတကအများစုမှာ ထိုခေတ်က မဇ္ဈိမဒေသမှာ တွင်ကျယ်ပြီးသား ဇာတ်လမ်းအချို့နှင့်ဆင်တူနေခြင်း၊ မဟောသဓာဇာတ်ပါ သားတရားစီရင်ခန်းမှာ ဗုဒ္ဓခေတ်ထက် နှစ်ပေါင်းတစ်ရာစောသော ဟီဘရူးပုံပြင်တစ်ပုဒ်နှင့် တူခြင်း စသည့်အချက်များမှာတော့ အရင်ကလည်း ကြားဖူးနားဝရှိထားသည့် အချက်များဖြစ်ပါသည်။

အနှစ်ချုပ်ရလျှင် ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒစာအုပ်သည် မြန်မာနိုင်ငံအပါအဝင် ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံအများစုမှာ လက်ခံထားကြသည့် ဒဏ္ဍာရီဆန်လှသော အနန္တတန်ခိုးရှင် ဗုဒ္ဓကို အလွန်လူသားဆန်သော စံပြပုဂ္ဂိုလ်တစ်ပါးအသွင် ပြန်လည်ရေးသားပြထားသည်မှာတော့ တိုးတက်လာသော ယခုခေတ်နှင့် အလွန် ကိုက်ညီသည်ဟု ထင်သည်။ အထူးသဖြင့် စာထဲပါတာ၊ လူကြီးသူမတွေပြောတာ၊ ဘုန်းကြီးတွေဟောတာကိုသာ အမှန်ဟု လိပ်ခဲတည်းလည်း ယုံကြည်တတ်သူများအနေဖြင့် ဖတ်ရှုရန် ခက်ခဲမည်ဖြစ်သောစာအုပ်ဖြစ်သော်လည်း ဦးအေးမောင်ပြောသလို “ဆရာစွဲ၊ ကျမ်းဂန်စွဲ၊ ဝါဒစွဲ” မထားဘဲ ဗုဒ္ဓ အယူဝါဒအပေါ် ယထာဘူတကျကျ ခြေခြေမြစ်မြစ် သိရှိလေ့လာလိုသူများအတွက်မူ ဖတ်ရှုကြည့်သင့်သော စာအုပ်တစ်အုပ် ဖြစ်သည်ဟု ဆိုချင်ပါသည်။ 

ကျွန်တော်သည် ဆရာကြီးဦးအေးမောင်နှင့်တွေ့ဆုံကာ စကားပြောဆို မေးမြန်းချင်စိတ်ဖြစ်ပေါ်လာမိ၏။ သို့သော် ဆရာကြီးမှာ ၂၀၀၂ ခုနှစ်ကတည်းက ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ နှမြောဝမ်းနည်းရုံသာ ရှိပါတော့ သတည်း။ 

(စကားချပ်။ ။ ထေရဝါဒနှင့်မညီဟူသော အကြောင်းပြချက်ဖြင့် ဆရာစဉ်/သမားစဉ်ယုံကြည်မှုနှင့် ဆန့်ကျင်သော ရေးသားပြောဆိုမှုများမပြုရဟု ပိတ်ပင်ခြင်းကို ကျွန်တော်လက်မခံပါ။ နှစ်ပေါင်း ၂၅၀၀ ကျော် လက်ဆင့်ကမ်းလာခဲ့ရသည့် ပိဋကတ်တော်များထဲတွင် မူရင်းမဟုတ်သည်များ၊ နှောင်းဆရာတို့က ထပ်ဖြည့်သည်များ မပါဟု မည်သူမျှ အာမမခံနိုင်ပါ။ လူတစ်ယောက်က သူမြင်သလို ရေးပြရုံမျှနှင့်လည်း လူတိုင်းက လိုက်ယုံကြမည်မဟုတ်ပါ။ လူတိုင်းတွင် ကိုယ်ပိုင်စဉ်းစားဉာဏ်ရှိသည်ဟု ယုံကြည်ပါလျှင် အမျိုးမျိုးသော အယူအဆတို့ကို လမ်းဖွင့်ပေးသင့်ပါသည်။ ဗုဒ္ဓကိုယ်တိုင်ကလည်း ဝိဘဇ္ဇဝါဒီဖြစ်ရာ လူတိုင်းတွင် မိမိအယူအဆကို ထုတ်ပြောခွင့်ရှိပြီး ၎င်းသည် ယခုပြောပြောနေကျသည့် Freedom of Expression, Freedom of Thought, Freedom of Speech နှင့် အညီလည်း ဖြစ်ပါသည်။)










Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...