Skip to main content

မိရိုးဖလာသိမှတ်ချက်များကို "ရဲရဲကြီးစဉ်းစား၊ ရဲရဲကြီးဝေဖန်" ထားသော ဦးအေးမောင်၏စာအုပ်



လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က ဖြစ်မည်ထင်သည်။ ယခုခေတ်လို Facebook က မတွင်ကျယ် လှသေးဘဲ Gmail မှတစ်ဆင့် စာတွေ၊ ပုံတွေ ဖြန့်ဝေနေကြချိန်က အီးမေးလ်တစ်စောင် လက်ခံရရှိဖူးသည်။ အီးမေးလ်မှာ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ ခေါ် မိုးပြာဂိုဏ်းအကြောင်း စုံစမ်းရေးသားထားသည့် ဆောင်းပါးတစ်စောင်ဖြစ်သည်။ ထိုဆောင်းပါး၏အဆုံးတွင် မိုးပြာဂိုဏ်းကဲ့သို့ပင် ထေရဝါဒ သာသနာအတွက် အန္တရာယ်ရှိ၍ အဓမ္မအဖြစ် ယခင်က ဆုံးဖြတ်ခဲ့ဖူးသော ဝါဒအချို့အကြောင်း အကျဉ်းချုပ်များလည်း ပါသည်။ ထိုအထဲတွင် ဦးအေးမောင် (စာပေဗိမာန်) ၏ ‘ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ’ စာအုပ်အကြောင်းလည်း ဖော်ပြထားရာ အောက်ပါအတိုင်းတွေ့ရပါ သည်။ 

ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ အမည်ရှိစာအုပ်ကြီးသည် ပိဋကတ်သုံးပုံတို့ကို အကုန်နီးပါးမျှ ပယ်ချထားသည့် စာအုပ်ကြီးဖြစ်၍ ၁၉၆၄ ခုနှစ် နောက်ပိုင်း တစ်လျှောက်လုံး အပိတ်ခံထားရပါသည်။ သို့သော်လည်း ၂၀၀၄ ခုနှစ်တွင် ပါရမီစာပေမှ ပြန်လည်ထွက်ပေါ်လာရာ တစ်အုပ်လျှင် ကျပ် ၆,၀၀၀ ဖြင့် ဈေးကွက်ဝင်လာပါသည်။ ယခုအထိ ရောင်းချနေဆဲပင် ရှိပါသေးသည်။ ၎င်းစာအုပ်ကြီး၏ အကျိုးဆက်အနေဖြင့် ပိဋကတ်တော်တို့ကို တစ်အုပ်၊ တစ်သုတ် ပြည့်ပြည့်စုံစုံ မဖတ်ဖူးကြဘဲ ‘ပိဋကတ်တွေက အမှားတွေဖြစ်မှာပါ’ ဟု ပြောဆိုတတ်သူများ တိုးပွားလာကြပါသည်။ အဘိဓမ္မာပယ်ဝါဒများလည်း အားကြီးလာကြပါသည်။ ၎င်းစာအုပ်ကြီး၏ ခေတ်အဆက်ဆက်သံဃာတော်တို့အား စော်ကားထားမှုတို့နှင့် မူလဗုဒ္ဓဝင်ဒေသနာတော်ကို ဖျက်ဆီးထားမှု၊ ပိဋကတ်တော်ကို ချေဖျက်ထားမှုစသည်တို့ကို အရှင်ကောဝိဒ (ယော) က ပြုစုစိစစ်ပြ၍ ဗုဒ္ဓ၏ဗုဒ္ဓ စာအုပ်တွင် ဖော်ပြထားပါသည်။

ထို့မတိုင်ခင်တုန်းက ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ စာအုပ်မှာ ကျွန်တော့်အိမ်တွင် လက်ခံဖွင့်လှစ်ထားသော အင်ဂျင်နီယာတက္ကသိုလ်ဗုဒ္ဓဘာသာအသင်းစာကြည့်တိုက်မှာ ရှိနေခဲ့သော်လည်း မဖတ်ဖြစ်ခဲ့ပါ။ မဖတ်ဖြစ်ခြင်းမှာ တခြားစာအုပ်များမှာလိုပင် (ကျွန်တော်သိပြီးသား) ဗုဒ္ဓဘာသာအကြောင်းကိုပဲ တခြားဘာသာဝင်များနားလည်အောင် ရည်ရွယ်ရေးထားသည်ထင်၍ ဖတ်မကြည့်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အထက်ပါ အီးမေးလ်ကိုဖတ်ရချိန်တွင် ကျွန်တော့်မှာ ထိုစာအုပ်က လက်ထဲမရှိတော့ပါ။ တစ်ယောက်ယောက်ကို ပေးလိုက်ခြင်းလား၊ ပျောက်ရှသွားခြင်းလား မမှတ်မိတော့။ မည်သို့ဆိုစေ ထိုစဉ်က အိမ်မှာရှိခဲ့သော စာအုပ်သည် စိစစ်ရေးက ဖြတ်တောက်ထားသော မူဖြစ်လိမ့်မည်ဟု ထင်ပါသည်။ 

ကျွန်တော့်လက်ထဲ ပြန်လည်ရောက်ရှိလာသည့် မူကတော့ ယမန်နှစ်ကမှ ပြန်ရိုက်သည့်မူဖြစ်ပြီး “ယခင် ဖြုတ်ပယ်ထားသည်များကို ဖြည့်စွက်ထုတ်ဝေ” ထားသည်ဟု ဆိုထားပါသည်။ ထို့ကြောင့် အပိတ်ပင်ခံရသည့် စာအုပ်တစ်အုပ်ကို စိတ်ဝင်စားစွာဖြင့် ဖတ်ရှုမိပါသည်။ 

အကယ်၍ ဦးအေးမောင်၏စာအုပ်ကို လွန်ခဲ့သောဆယ်နှစ်အလွန်က ကျွန်တော်ဖတ်ရှုခဲ့ရလျှင် အဓမ္မဟု ဆုံးဖြတ်ထားသူများဘက်က လေသံလိုက်၍ ကျွန်တော်သည်လည်း တစ်သံတည်းထွက်မိမည်ဟု ထင်သည်။ သို့သော်လည်း အချိန်နှင့်အမျှ ပြောင်းလဲတတ်သောလောကတွင် ကျွန်တော်သည်လည်း တစ်ရက်နှင့်တစ်ရက်၊ တစ်နှစ်နှင့်တစ်နှစ် အတွေးအခေါ်၊ အယူအဆ၊ အမူအကျင့်တို့က ပြောင်းလဲနေသည်ဖြစ်ရာ ယခု အသက် လေးဆယ်အရွယ်မှာတော့ ထိုစာအုပ်သည် ကျွန်တော့်အပေါ် မည်သို့မျှရိုက်ခတ်ခြင်း မရှိတော့ပါ။ 

မရှိရုံမျှမက ထိုစာအုပ်တစ်ချိန်က ထွက်ခဲ့ခြင်းကိုလည်းကောင်း၊ ယခုကာလတွင် အပြည့်အစုံပြန်လည် ထွက်ရှိလာခြင်းကိုလည်းကောင်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ စာပေစိစစ်ရေးမရှိတော့ခြင်း၏ ကောင်းကျိုးတစ်ရပ်မှာ ယခင်က ဆင်ဆာထိခဲ့သည့်စာပေများကို အရင်းအတိုင်း ပြန်လည်ဖတ်ရှုခွင့်ရခြင်း ကတော့ အငြင်းပွားစရာလိုမည်မထင်ပါ။ ဘာသာရေးပင်ဖြစ်စေ၊ လူ့ယဉ်ကျေးမှုတို့ပင်ဖြစ်စေ အမြဲဝေဖန် စောကြော မေးခွန်းထုတ်နေခြင်း၊ အများလက်ခံထားရာ ရှုထောင့်မှ ဖဲခွာကာ ကြည့်ရှုခြင်းသည် တိုးတက်ရာ တိုးတက်ကြောင်း လမ်းစဉ်ဖြစ်သည်ဟု လက်ခံယုံကြည်သူ ဖြစ်သည့်အလျောက် တစ်သက်လုံး ထပ်ချည်း တလဲလဲကြားလာသိမှတ်ခဲ့ရသည့် ဗုဒ္ဓဘာသာတရားတော်များ၊ အယူအဆများ၊ ယုံကြည်မှုများအပေါ် (ရှင်ဥက္ကဋ္ဌ၏ စာအုပ်များဖတ်ရစဉ်တုန်းကလို) ဉာဏ်ထဲမှာ ဝင်းခနဲ ထင်းခနဲဖြစ်သွားစေမည့် စာအုပ်တစ်အုပ် ပြုစုသွားခဲ့သည့်အတွက်လည်း ဦးအေးမောင်ကို ကျေးဇူးတင်ရသည်။ သို့သော်လည်း ဦးအေးမောင်သည် ကိုယ်တိုင်ဝန်ခံထားချက်အရ သူသည် ဤစာအုပ်ကိုပြုစုရာ၌ အရာရာအပေါ်သံသယထားခြင်းအစွန်းနှင့် အရာရာကိုမျက်စိမှိတ်ယုံကြည်ခြင်း အစွန်းနှစ်ပါးစလုံးကို ရှောင်ကာ သံသယထားသင့်သည်အပေါ်ထား၍ ယုံကြည်သင့်သည့်အပေါ် ယုံကြည်ရင်း ရေးသားခဲ့ခြင်းဖြစ်သည့်အတွက် မျှမျှတတသုံးသပ်သွားခဲ့သည်ဟုလည်း ယူဆရပါသည်။

ယခုစာအုပ်ပါ ဦးအေးမောင်၏ လေ့လာတင်ပြချက်များနှင့် ပတ်သက်၍ မှန်သည်၊ မှားသည် ကျွန်တော် မဆုံးဖြတ်လိုပါ။ အဓိကပြောလိုသည့်အချက်က ကျွန်တော်ကိုယ်တိုင်လည်း မေးခွန်းထုတ်နေသော အကြောင်းအရာများကို ပိဋကတ်စာပေနှံ့စပ်သူ ပညာရှင်တစ်ဦးက သူကိုယ်တိုင်လည်း အလားတူ မေးခွန်းများထုတ်ကာ သူမြင်သည့်အတိုင်း ပွင့်လင်းရဲဝံ့စွာ တင်ပြထားသည့်စာအုပ်ဖြစ်သည့်အတွက် အထူးသဖြင့် အစဉ်အလာရှေးရိုးစွဲယုံကြည်မှုများကို ငြီးငွေ့နေသူများအတွက် အထူးသင့်လျော်သည့် စာအုပ်ဖြစ်သည်ဟု ဆိုချင်သည်။ ဦးအေးမောင်ကိုယ်တိုင်ကလည်း “ဆရာစွဲ၊ ကျမ်းဂန်စွဲ၊ ဝါဒစွဲမပါဘဲ ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာအကြောင်း ခြေခြေမြစ်မြစ် လေ့လာလိုသော ပုဂ္ဂိုလ်များအတွက် ရည်စူး၍ စီစဉ်ရေးသား ပြုစုထားသော စာအုပ်ဖြစ်သည်” ဟု သူ့စာအုပ်သူ ညွှန်းထားသည်။ ပထအကြိမ်ထုတ်ဝေစဉ်က ကြေးမုံ သတင်းစာပါ စာကြေးမုံကဏ္ဍမှနေ၍ စာအုပ်ဝေဖန်ချက်ရေးခဲ့သူ ဦးကြီးမောင် (ငွေဥဒေါင်း) ကလည်း “မြန်မာဘာသာဖြင့် ဤစာအုပ်မျိုး ရှေးက တစ်ကြိမ်တစ်ခါမျှ မထွက်ပေါ်ခဲ့ဖူးသေး” ဟု ဆိုထား၏။ 

ဘာသာရေးနှင့်ပတ်သက်၍ အစဉ်အလာနှင့် ပတ်ဝန်းကျင်ကြောင့် ကျွန်ုပ်တို့ ရဲရဲမစဉ်းစားရဲသော၊ ဘာသာရေးသမား ပရိသတ်ရှေ့တွင် ကျွန်ုပ်တို့ ရဲရဲမပြောရဲသော မိရိုးဖလာဗုဒ္ဓဘာသာဆိုင်ရာ သိမှတ်ချက်များစွာကို ရဲရဲကြီးစဉ်းစား၊ ရဲရဲကြီးဝေဖန်၍ပြသော စာအုပ်ဖြစ်၏။ စဉ်းစားဝေဖန်ရာ၌ အသားလွတ် အတ္တနောမတိနည်းမဟုတ်ဘဲ ဗုဒ္ဓ၏အရင်းအမြစ်ကျသော ဒေသနာပေါင်းများစွာနှင့် ဗုဒ္ဓစာပေဆိုင်ရာ ကမ္ဘာ့ကျမ်းပေါင်းများစွာတို့၏ အကိုးအကားဖြင့် ပြဆိုခြင်းဖြစ်သည်။
-ကြီးမောင် (ငွေဥဒေါင်း)၏ ဝေဖန်ချက်မှ

ထိုဝေဖန်ချက်ရေးသူသည် ဦးကြီးမောင် (ငွေဥဒေါင်း) ဖြစ်သည်ဆိုသော အချက်က ကျွန်တော့်ကို အထူး စိတ်လှုပ်ရှားစေပါသည်။ အကြောင်းမှာ ကျွန်တော်သုံးတန်း၊ လေးတန်းလောက်က ဖတ်ရသည့် ငွေဥဒေါင်း၏ ဗုဒ္ဓစာပန်းချီ စာအုပ်ပါ ဝတ္ထုများမှာ ကျွန်တော်အထူး စွဲလမ်းခဲ့ရသည့် ပုံဝတ္ထုများဖြစ်၍ ဖြစ်သည်။ (အထူးသဖြင့် ‘မောင်ဆန်’ ဝတ္ထုမှာဆိုလျှင် နောက်တော်ပါးမှ လိုက်ပါခွင့်ပြုမည့်အရေး သနားစဖွယ်တောင်းပန်နေခဲ့သည့် ဆန္နအမတ်အား မသနား မညှာတာ ပြန်လွှတ်ခဲ့သည့် ဘုရားအလောင်းတော်ကိုပင် ဖတ်ရှုနေရင်း စိတ်ခုခဲ့ရသေးသည်။) အစဉ်အဆက် လက်ခံလာခဲ့ကြသည့် အဋ္ဌကထာနှင့် ဗုဒ္ဓဝင်များပါ ဗုဒ္ဓ၏ဖြစ်တော်စဉ်ဇာတ်လမ်းများအပေါ် အခြေခံပြီး အနုပညာရသမြောက်အောင် ရေးဖွဲ့ခဲ့သည့် ငွေဥဒေါင်းကိုယ်တိုင်က အဆိုပါ အဋ္ဌကထာနှင့်ဗုဒ္ဓဝင်ပါ ဇာတ်လမ်းများကို ပြန်လည် ဆန်းစစ်ဆန့်ကျင် ကွဲလွဲသုံးသပ်ပြထားသည့် ဦးအေးမောင်၏စာအုပ်ကို အထက်ပါအတိုင်း မှတ်ချက်ပေးထားခြင်းကလည်း အထူးစိတ်ဝင်စားမိသောအချက်ဖြစ်သည်။ 

အထူးသဖြင့် ဤစာအုပ်ပါတင်ပြချက်များအနက် ဗုဒ္ဓသည် ကဆုန်လပြည့်နေ့၌ ပရိနိဗ္ဗာန်မပြုဆိုသော ဦးအေးမောင်၏ တင်ပြချက်သည် ကျွန်တော့်အတွက် အသစ်ဖြစ်သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ အထူးတလည် မည်သို့မျှမသုံးသပ်လိုပါ။ ထိုကိစ္စသည် သိပ်အရေးပါလှသည်ဟုလည်း မထင်၍ဖြစ်ပါသည်။ အရက်သောက်သုံးခြင်းနှင့် သီလအပေါ်အမြင်ကိစ္စကို ဖတ်ရသောအခါ ဆရာကြီးရွှေဥဒေါင်းပြောဖူးသည့် ‘သောတာပန်ဟာ အရက်သောက်လည်း ရေပဲဝင်တယ်’ ဆိုသောစကားကို အမှတ်ရမိပါသည်။ (ဆရာကြီး ရွှေဥဒေါင်းသည် သောတာပန်ပုဂ္ဂိုလ်အရက်မသောက်ဆိုသောစကားကို လက်မခံဟု ကြားသိဖူးသည်။) 

ဂေါတမ ဘုရားအလောင်းတော်သည် အသက် ၂၉ နှစ်ကျမှ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ရှိမှန်း သိသည်ဆိုသော အချက်မှာ မဖြစ်နိုင်ကြောင်း ဦးအေးမောင်၏ လေ့လာသုံးသပ်ချက်၊ ညဉ့်အချိန် ဆန္န အမတ်တစ်ဦးတည်းကို ခေါ်ကာ တိတ်တိတ်လေး တောထွက်ခြင်းမဟုတ်ဆိုသောအချက်များကိုတော့ အထူး စိတ်ဝင်စားမိပါသည်။ အကြောင်းမှာ ကျွန်တော်ကိုယ်တိုင်လည်း ငယ်ကတည်းက ဖတ်မှတ်ဖူးလာခဲ့သည့် တောထွက်ခန်းပါ မာရ်နတ်ကတားခြင်း၊ မြင်းခွာသံမကြားအောင် နတ်တို့က မြင်းခွာနှင့်မြေကြီးကြား လက်ဖြင့်ခံခြင်း စသည့် မဟာဗုဒ္ဓဝင်နှင့် ဇိနတ္ထပကာသနီပါ ဇာတ်လမ်းများမှာ ဇာတ်လမ်းအစအဆုံး အလုံးစုံကို သိသူတစ်ဦးက ဖတ်ချင်စဖွယ် အသေးစိတ် ပြန်ရေးပြထားသည့် ပုံပြင် တစ်ပုဒ်နှင့် တူသည်ဟု ခံစားမိ၍ ဖြစ်သည်။ ဦးအေးမောင်၏ တင်ပြချက်အရလည်း ဗုဒ္ဓ၏ ဘုရားမဖြစ်မီ ဘဝဖြစ်တော်စဉ်နှင့် ပတ်သက်၍ မူရင်းပိဋကတ်တွင် ဗုဒ္ဓကိုယ်တိုင် ပြန်လည်ပြောပြထားသည့်အချက်များတွင် အဆိုပါ ရွှေအိုးကြီးလေးလုံးကိစ္စများ၊ နိမိတ်ကြီးလေးပါး ကိစ္စများ မပါသလို ယင်းတို့မှာ မဟာဗုဒ္ဓဝင်နှင့် အဋ္ဌကထာဆရာတို့၏ နောက်တိုးကျမ်းများမှာသာ အသေးစိတ်ရေးထားသော အချက်များဖြစ်သည်ဆိုသော အချက်မှာ ဘဝင်ကျစရာဖြစ်ပါသည်။ ဘုရားမဖြစ်မီ မာရ်နတ်က စစ်တပ်ကြီးချီကာ လာတိုက်သည်ဆိုသော အချက်အပေါ် စဉ်းစားပြပုံကိုလည်း လက်သင့်ခံနိုင်သည်ဟု ထင်ပါသည်။

အဘိဓမ္မာသည် ဘုရားဟောမဟုတ်ဘဲ နောက်ပေါ်ကျမ်းဖြစ်သည်ဆိုသောအချက်နှင့် ပတ်သက်၍ ကျွန်တော့်မှာ သုံးသပ်နိုင်စွမ်းမရှိပါ။ အလားတူ လူဘဝဖြင့်ရဟန္တာဖြစ်ပါက နေ့ချင်းမကူး ရဟန်းပြုလျှင်ပြု၊ မပြုလျှင် ပရိနိဗ္ဗာန်စံရသည်ဆိုသောအချက် မဟုတ်ကြောင်းကို ဗုဒ္ဓလက်ထက် လူဝတ်ကြောင်ဖြင့်ပင် ရဟန္တာဟု ဗုဒ္ဓကိုယ်တိုင်အသိအမှတ်ပြုခဲ့သော စိတ္တသူကြွယ် စသည့် လူဝတ်ကြောင်ရဟန္တာ ၁၇ ဦးကိစ္စ စသည်တို့အပေါ်လည်း ထင်မြင်ချက်မပေးတတ်ပါ။ အလားတူ သဗ္ဗညုတဉာဏ်သည် ယခုခေတ် လူအများနားလည်ထားသလို အလုံးစုံကိုအခါမလပ်သိသောဉာဏ်ဟု ဗုဒ္ဓကဝန်ခံခဲ့သည့် အထောက်အထား မရှိကြောင်း တင်ပြချက်မှာလည်း သာမန်ဘာသာဝင်များ စောကြောရန်မလွယ်သည့်အချက်များဖြစ်သည်။

သို့သော် ဇာတက ဇာတ်နိပါတ်တော်အများစုမှာ ဗုဒ္ဓက ပုံပြင်များဖြင့် ဥပမာဆောင်ကာ တရားဟောခြင်းသာဖြစ်ပြီး “ဇာတ်ပေါင်းသော် …” အစရှိသည့် ဇာတ်သိမ်းစာသားများမှာ မူရင်းပိဋကတ်မှာမပါခြင်း၊ ဇာတကအများစုမှာ ထိုခေတ်က မဇ္ဈိမဒေသမှာ တွင်ကျယ်ပြီးသား ဇာတ်လမ်းအချို့နှင့်ဆင်တူနေခြင်း၊ မဟောသဓာဇာတ်ပါ သားတရားစီရင်ခန်းမှာ ဗုဒ္ဓခေတ်ထက် နှစ်ပေါင်းတစ်ရာစောသော ဟီဘရူးပုံပြင်တစ်ပုဒ်နှင့် တူခြင်း စသည့်အချက်များမှာတော့ အရင်ကလည်း ကြားဖူးနားဝရှိထားသည့် အချက်များဖြစ်ပါသည်။

အနှစ်ချုပ်ရလျှင် ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒစာအုပ်သည် မြန်မာနိုင်ငံအပါအဝင် ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံအများစုမှာ လက်ခံထားကြသည့် ဒဏ္ဍာရီဆန်လှသော အနန္တတန်ခိုးရှင် ဗုဒ္ဓကို အလွန်လူသားဆန်သော စံပြပုဂ္ဂိုလ်တစ်ပါးအသွင် ပြန်လည်ရေးသားပြထားသည်မှာတော့ တိုးတက်လာသော ယခုခေတ်နှင့် အလွန် ကိုက်ညီသည်ဟု ထင်သည်။ အထူးသဖြင့် စာထဲပါတာ၊ လူကြီးသူမတွေပြောတာ၊ ဘုန်းကြီးတွေဟောတာကိုသာ အမှန်ဟု လိပ်ခဲတည်းလည်း ယုံကြည်တတ်သူများအနေဖြင့် ဖတ်ရှုရန် ခက်ခဲမည်ဖြစ်သောစာအုပ်ဖြစ်သော်လည်း ဦးအေးမောင်ပြောသလို “ဆရာစွဲ၊ ကျမ်းဂန်စွဲ၊ ဝါဒစွဲ” မထားဘဲ ဗုဒ္ဓ အယူဝါဒအပေါ် ယထာဘူတကျကျ ခြေခြေမြစ်မြစ် သိရှိလေ့လာလိုသူများအတွက်မူ ဖတ်ရှုကြည့်သင့်သော စာအုပ်တစ်အုပ် ဖြစ်သည်ဟု ဆိုချင်ပါသည်။ 

ကျွန်တော်သည် ဆရာကြီးဦးအေးမောင်နှင့်တွေ့ဆုံကာ စကားပြောဆို မေးမြန်းချင်စိတ်ဖြစ်ပေါ်လာမိ၏။ သို့သော် ဆရာကြီးမှာ ၂၀၀၂ ခုနှစ်ကတည်းက ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ နှမြောဝမ်းနည်းရုံသာ ရှိပါတော့ သတည်း။ 

(စကားချပ်။ ။ ထေရဝါဒနှင့်မညီဟူသော အကြောင်းပြချက်ဖြင့် ဆရာစဉ်/သမားစဉ်ယုံကြည်မှုနှင့် ဆန့်ကျင်သော ရေးသားပြောဆိုမှုများမပြုရဟု ပိတ်ပင်ခြင်းကို ကျွန်တော်လက်မခံပါ။ နှစ်ပေါင်း ၂၅၀၀ ကျော် လက်ဆင့်ကမ်းလာခဲ့ရသည့် ပိဋကတ်တော်များထဲတွင် မူရင်းမဟုတ်သည်များ၊ နှောင်းဆရာတို့က ထပ်ဖြည့်သည်များ မပါဟု မည်သူမျှ အာမမခံနိုင်ပါ။ လူတစ်ယောက်က သူမြင်သလို ရေးပြရုံမျှနှင့်လည်း လူတိုင်းက လိုက်ယုံကြမည်မဟုတ်ပါ။ လူတိုင်းတွင် ကိုယ်ပိုင်စဉ်းစားဉာဏ်ရှိသည်ဟု ယုံကြည်ပါလျှင် အမျိုးမျိုးသော အယူအဆတို့ကို လမ်းဖွင့်ပေးသင့်ပါသည်။ ဗုဒ္ဓကိုယ်တိုင်ကလည်း ဝိဘဇ္ဇဝါဒီဖြစ်ရာ လူတိုင်းတွင် မိမိအယူအဆကို ထုတ်ပြောခွင့်ရှိပြီး ၎င်းသည် ယခုပြောပြောနေကျသည့် Freedom of Expression, Freedom of Thought, Freedom of Speech နှင့် အညီလည်း ဖြစ်ပါသည်။)










Comments

အဖတ်အများဆုံး

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

ပြိုင်တူအဖြေရှာ ဦးနှောက်ယိုစီးမှုပုစ္ဆာ

“တို့နိုင်ငံကပညာတော်သင် ကျောင်းသားတွေ ပြီးသွားရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်မလာကြဘူးကွ” ဟု ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတစ်ခုမှ သူငယ်ချင်းတစ်ဦးက ပြောဖူးပါသည်။ ပညာရေး စနစ်တွင် နာမည်ကြီးသည့် အခြား နိုင်ငံများတွင် ပညာတော်သင်ဆုရပြီး ပညာထွက် သင်ကြားကြသည့် လူငယ်၊ လူလတ်များ ဒီဘက်နှစ်ပိုင်းတွင် များလာသော်လည်း ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ထိုပညာကိုပြန်အသုံးချသည့်ဦးရေက အချိုးကျကျ လိုက်ပြီး များပြားမလာသည့်အပေါ် သူက ညည်းတွားခြင်း ဖြစ်သည်။