Skip to main content

ကံသီသောည

‘စိန်စီသောည’၊ ‘ထိန်ရယ်သောည’ အစရှိသော မင်္ဂလာဆောင်များကို ကြည့်ဖူး၊ ကြားဖူးထားသော ပန်းချီဆရာသည် မင်္ဂလာဆောင်တို့ကို စက်ဆုပ်လျက်ရှိသည်။ မင်္ဂလာဆောင်တို့သည် အနှစ်သာရကင်းမဲ့လျက် ဂုဏ်တုဂုဏ်ပြိုင် မော်ကြွားရာ၊ အခွင့်အလမ်းကိုချောင်းနေသူတို့အတွက် လောဘကို လူမှုရေးအချိုသကာအုပ်လျက် အာဏာရှိသူတို့အား ကပ်လျက်ဖားရားကာ လေကားထစ်ရှာဖွေရာလမ်းကြောင်းတစ်ခုဟု သူမြင်သည်။ အာဏာရှိသူတို့နှင့် ပတ်သက်သော မင်္ဂလာပွဲမဟုတ်စေဦး တော့၊ သာမန်လူနှစ်ယောက် လက်ထပ်ကြသည့်ပွဲမှာပင်လျှင် လက်ထပ်မင်္ဂလာပြုခြင်း၏ မူလရည်ရွယ်ချက်တို့ ကင်းကွာ နေသည်ဟု ခံစားနေမိသည်။


သို့သော် သူ့ချစ်သူ စုလေးနှင့်ကလည်း စေ့စပ်ကြောင်းလမ်း ပြီးပြီမို့ မင်္ဂလာကလည်း မကြာမီဆောင်ရဦးတော့မည်။ ထို့ကြောင့် သူ့ယုံကြည်မှု၊ သူ့ခံယူချက်တို့နှင့် ထိပ်တိုက်လာတိုးလျက်ရှိသည်။

ပန်းချီဆရာသည် နောက်ဆုံးတော့ ဇနီးလောင်းကို သိမ်းသွင်းစည်းရုံးလေသည်။

“စုလေးရယ် … စုလေးပဲစဉ်းစားကြည့်လေ။ မင်္ဂလာဆောင်လုပ်တယ်ဆိုတာ ဘာအတွက်လဲ။ နံပတ်တစ်က အကြင် လင်မယားဖြစ်ကြောင်း လူသိရှင်ကြားကြေညာဖို့။ နောက်ပြီး ဆွေမျိုးမိတ်သင်္ဂဟတွေ၊ လုပ်ဖော် ကိုင်ဖက်တွေနဲ့ တွေ့ဆုံပြီး စားသောက်ပျော်ရွှင်ကြဖို့ပဲ။ ဒါပေမဲ့ လက်တွေ့မှာကြည့်ကြည့်၊ သတို့သားနဲ့ သတို့သမီးက စင်မြင့်ထက်ကနေ ဘိသိက်သွန်းခံ။ အောက်က ဧည့်ပရိသတ်က သတို့သားသတို့သမီးကိုကြည့်ပြီး ဝတ်ထားတာကို ဝေဖန်မယ်၊ ရုပ်ရည်ကိုဝေဖန်မယ်၊ နောက်ခံမိသားစုအသိုင်းအဝိုင်းမှာ ပြောစရာရှိရင် ဝေဖန်မယ်။ နှစ်ဖက် အသိုင်းအဝိုင်း ကိုကြည့်ပြီး ဝေဖန်မယ်။ သူများကျွေးတာကို လာစားပြီး စားပွဲဝိုင်းကနေ ကိုယ့်အလှူရှင်ကို ကိုယ်ပြန်အတင်းတုပ်မယ်။

“အတင်းအဖျင်းမပြောဘူးဆိုရင်လည်း အခမ်းအနားမှူးက ဖတ်စရာရှိတာ ဖတ်ကြားကြေညာနေတဲ့အချိန်ကလွဲလို့ ကျန်တဲ့ အချိန်တွေမှာ ဝိုင်းမှာထိုင်ရင်း အချင်းချင်း သားရေးသမီးရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေ ပြောနေကြမယ်။ အလုပ်တူတဲ့သူချင်းဆိုရင်လည်း အလုပ်ထဲကအကြောင်း၊ တစ်ရပ်ကွက်တည်းသားဆိုလည်း ရပ်ကွက်ထဲက အကြောင်းတွေ၊ မင်္ဂလာဆောင်ကို ဘယ်သူက အာရုံရှိမှာလဲ။ မစားရသေးဘူးလား၊ စားပြီးရင် လစ်ကြစို့ ဆိုတဲ့ အတွေးပဲရှိကြတာမဟုတ်လား။ လူတိုင်းကလည်း သတို့သားသတို့သမီးနဲ့ သိလို့လာကြတာမှ မဟုတ်တာ။ တစ်ဦးဦးနဲ့ ပတ်သက်နေလို့၊ မျက်နှာနာရလို့ လာကြတာမျိုးလည်း ရှိတာပဲ။ အလကား အချိန်ဖြုန်း၊ ငွေတွေဖြုန်း …

ပန်းချီဆရာ၏ ဇနီးလောင်းက သူပြောသူမျှကို သေချာနားထောင်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ဪ ကိုရယ် … မင်္ဂလာဆောင်လာတဲ့ ဧည့်သည်တိုင်းကို သတို့သားသတို့သမီးက အကုန်လိုက်စကားပြောနေနိုင်တာ မှ မဟုတ်တာ၊ အဲဒီတော့ ဝိုင်းမှာထိုင်ရင်း ငေါင်စင်းစင်းဖြစ်နေမဲ့အစား ဒီလိုပဲ စကားပြောကြတာပဲလေ။ နောက်ပြီး မင်္ဂလာဆောင်လာတာ စားဖို့လည်းပါတာကိုး၊ ဒီတော့ အစားအသောက် ကောင်းမကောင်း၊ စားလို့ဝမဝကိုလည်း စိတ်ဝင် စားကြတာ အဆန်းလားလို့။” 

ပန်းချီဆရာက ဆေးပေါ့လိပ်ကိုမိန့်မိန့်ကြီးဖွာရင်း ပြုံးသည်။ သူ့ဇနီးလောင်းကို မျက်မှန်ပေါ်မှကျော်၍ကြည့်၏။ 

“ကိုကတော့ အဲဒီလိုမျိုး မဖြစ်စေချင်ဘူး။ မင်္ဂလာဆောင်လာတာ ဒီမင်္ဂလာမောင်နှံကို ချီးမြှောက်ဖို့လာတာပဲ။ ဒါကြောင့် သတို့သား သတို့သမီးနဲ့ အလှည့်ကျဓာတ်ပုံရိုက်၊ ‘ဘယ်သူမပါဘူးလား’၊ ‘အဆင်ပြေရဲ့လား’၊ ‘ဝတ်ထားတာသိပ်လှတယ် နော်’ ဆိုတာတွေလောက် ပြောပြီး စားပြီးထပြန်တဲ့ပွဲမျိုး ကိုတော့ မဖြစ်စေချင်ဘူး စုလေးရယ်။” 

“ဒါဖြင့် ကိုက ဘယ်လိုဖြစ်စေချင်လို့လဲ။ မင်္ဂလာဆောင် မလုပ်ဘူးလို့တော့ မပြောနဲ့နော်။ မိန်းမဆိုတာ တစ်သက်မှာ တစ်ခါတော့ လှလှပပလေး ဝတ်စားပြီး မင်းသမီးလေးလို လူတွေအားလုံးဝိုင်းကြည့်တာ ခံချင်တယ်ရှင့်။” 

ဇနီးလောင်းက ပြောရင်း နှုတ်ခမ်းလေးကို စူလိုက်သည်။ မင်္ဂလာပွဲကိုတော့ အပျက်မခံနိုင်။ ဒီလူနှစ်ဦး ပေါင်းစပ်ရဖို့ သူတို့ဘယ်လောက်ကြိုးပမ်းခဲ့ရသလဲ။ ပန်းချီဆရာနှင့်ယူဖို့ရာ ဇနီးလောင်းမိဘများက အစက သဘောမတူကြ။ ပန်းချီဆရာ ဘာလုပ်မှာလဲ။ အရက်သောက်လိုက်၊ ပန်းချီရေးလိုက်၊ ငူတူတူငေါင်တောင်တောင် စဉ်းစားလိုက်။ ပန်းချီဆရာတွေများ ယဉ်ယဉ်လေး ရူးနေတဲ့သူတွေ စသဖြင့်။ ကံကကောင်းချင်တော့ ပန်းချီဆရာသည် အောင်မြင်လာသည်၊ တစ်ကိုယ်တော်ပြပွဲတွေ ခပ်စိပ်စိပ်လေး လုပ်နိုင်လာသည်။ သူ့ပန်းချီကားများသည် ဟောတစ်ကား၊ ဟောတစ်ကား၊ ရောင်းထွက်ကုန်ပြီ။ စုမိ ဆောင်းမိလည်း ရှိလာသည်။ ရေသည်မောင်မောင် ရွှေချသလို ရုတ်ခြည်းပြောင်လာတော့ ယောက္ခမလောင်းများက စိတ်ပြောင်းသွား၏။ ယောက္ခမအမကြီးက “ယူမှာဖြင့်လည်း လုပ်တော့လေ” ဟု ပြောပြီး ယေက္ခမအထီးကြီးကတော့ “သိပ်ဇာမချဲ့နဲ့” ဟု ဆို၏။

“ဒီလိုကွာ စုလေးရာ … မင်္ဂလာဆောင်ကျရင် ကိုနဲ့စုလေးတို့ရဲ့ နှစ်ဖက်ဧည့်သည်ချည်းပဲကို အနည်းဆုံးက မရှိဘူးဆို သုံး၊ လေးရာပဲ။ ဒီသုံးလေးရာကို ဝတ်ကျေတမ်းကျေပဲ ဧည့်ခံနိုင်မှာပဲ။ ကိုက မင်္ဂလာပွဲလာတဲ့ ဧည့်သည်တွေနဲ့ တစ်ဝကြီး စကားတွေထိုင်ပြောချင်တာ၊ မတွေ့ရတာ ကြာတဲ့သူတွေနဲ့ ပြန်ဆုံတဲ့အခိုက်အတံ့လေး မှတ်မှတ်ရရလေးတွေ ဖြစ်စေချင်တာကွာ။ ပရိုဆီဂျာကြီးအတိုင်း ခန်းမထဲ ဝင်လာ၊ ‘အခါတော်’ တွေပေး၊ တစ်ဝိုင်းချင်းစီ စတိသဘောလိုက်နှုတ်ဆက်၊ ဓာတ်ပုံရိုက်၊ ပြီးရင် အပေါက်ဝကနေ သွားစောင့်ပြီး ‘ကျေးဇူးတင် ပါတယ်” ပြော ဆိုတာတွေက လူတိုင်းလုပ်နေကြတာ။” 

“ကိုနော် … ဘာလဲ လူတိုင်းမလုပ်တဲ့နည်းဆိုပြီး ကင်းမြီးကောက်ထောင်ပြီး နှုတ်ဆက်ချင်လို့လား” 

“မဟုတ်ပါဘူးကွာ စုလေးကလည်း …” 

“ညကျ ဒင်နာကျမှ စကားတွေဝအောင်ပြောပေါ့။ စုလေးလည်း စုလေးသူငယ်ချင်းတွေနဲ့ ဒင်နာမှာ အဝသောက်ပြီး ကဲမှာ။” 

“ဒါတော့ ဒါပေါ့ကွာ။ ဒါပေမဲ့ ဒင်နာကျတော့လည်း လူက အတိုင်းအတာတစ်ခုအထိ များဦးမှာလေ။ နောက်ပြီး သူ့ဝိုင်းနဲ့သူ စကားကအဆင်ပြေသလိုပြောနေကြမှာ။ ကိုက တစ်ဝိုင်းတည်းမှာ လူနည်းနည်းနဲ့ အဓိပ္ပာယ်ရှိရှိ၊ အမှတ်တရ လေးတွေ ဖြစ်သွားစေချင်တာ။” 

“ဒါဆို ဘယ်လိုလုပ်ချင်လို့လဲ …” 

“ဒီလို။ ကိုတို့လည်း လက်ထပ်ပြီးရင် မေမြို့မှာဝယ်ထားတဲ့ တိုက်နဲ့ခြံမှာ သွားနေ ကြတော့မှာမဟုတ်လား။ ကို့စိတ်ကူးကတော့ ဒီလိုကွာ …” 

ပန်းချီဆရာက ဇနီးလောင်းနားနားကပ်၍ တိုးတိုးတိုးတိုးနှင့်ပြောသည်။ သူ့ဇနီးလောင်းက မျက်မှောင်ကြုတ်လိုက်၊ ပြုံးယောင်သမ်းလာလိုက်၊ စိတ်ရှုပ်သွားဟန်ပြုလိုက်မျက်နှာအမျိုးမျိုးကို ဆင်မြန်းလျက်။ အစကတော့ အင်တင်တင်၊ နောက်ဆုံးတော့ ပန်းချီဆရာ အောင်မြင်သွားသည်။ သူ့ဇနီးလောင်းသည် သူ့အကြံကိုလက်ခံလိုက်သည်။

သူတို့နှစ်ယောက်သည် မင်္ဂလာဆွမ်းကျွေးခြင်းကို ပြင်ပဧည့်သည်များမဖိတ်ဘဲ နှစ်ဖက်မိဘဆွေမျိုးများနှင့်သာ ကျင်းပ လိုက်သည်။ ထို့နောက် မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာ၊ ဆေးရုံ စသည် တို့သို့ သွားရောက်လှူဒါန်းသည်။ ပန်းချီကျောင်းသားနှင့် ဂီတကျောင်းသူတို့အဖြစ် စတင် ရေစက်ဆုံခဲ့ရာ ယဉ်ကျေးမှုတက္ကသိုလ်သို့သွားရောက်ပြီး ဆရာဟောင်းများကို နှုတ်ဆက်သည်။ အားလုံးပြီးတော့ မေမြို့သို့ ပြောင်းရွှေ့ဖို့လုပ်ကြသည်။

မေမြို့မှာ ဝယ်ထားသည့်ခြံပေါ်တွင် ဆောက်ပြီးခါစ အိမ်သစ်တက်ပွဲကိုလည်း အကျဉ်းရုံးပြီးတော့ပဲ လုပ်ကြသည်။ နေရာ ထိုင်ခင်းသစ်မှာ တစ်လကိုးသီတင်း အသားကျပြီဆိုတော့မှ ပန်းချီဆရာသည် သူ့နှင့်သူ့ဇနီးနှစ်ယောက်စလုံး၏ မိတ်ဆွေအပေါင်းအသင်းများထံ ဖိတ်စာကို အကျအနရေးသည်။ သူ့ဇနီးကလည်း ဖတ်ကြည့်ပြီး သူ့စိတ်ကြိုက်ပြင်သေးသည်။ နှစ်ဦးစလုံး အကြိုက် ပြင်ဆင်ရေးသားတည်းဖြတ်ပြီးခါမှ ထိုစာကို ဖိတ်စာရိုက်၍ စာတိုက်ကလည်းပို့သည်။ ဖေ့စ်ဘွတ်၊ အီးမေးလ် စသည်တို့မှလည်း ပို့သည်။

ဖိတ်စာ၏လိုရင်းအနှစ်ချုပ်ကတော့ ပန်းချီဆရာနှင့်သူ့ဇနီးတို့သည် မေမြို့ရှိ၎င်းတို့၏ စံအိမ်ဂေဟာမှနေ၍ ချစ်လှစွာသော မိတ်ဆွေအပေါင်းအသင်းများကို ဖိတ်ကြားပါကြောင်း။ ခန်းမကြီးတစ်ခုထဲ လူရာနှင့်ချီသော ငြီးစီစီဖြစ်စရာ အခမ်းအနားမျိုးနှင့် မတူချင်ပါသောကြောင့် မိတ်ဆွေများနှင့် အမှတ်တရမင်္ဂလာဦးကိုဖြတ်သန်းချင်ပါကြောင်း။ မိတ်ဆွေများအနေဖြင့် သူတို့ကြင်စဦး ဇနီး မောင်နှံကို အမှန်တကယ် ခင်မင်ရင်းနှီးရိုးမှန်ပါလျှင် ခရီးဝေးသည်၊ နီးသည် ပဓာနမထားဘဲ ရန်ကုန်မြို့ပြကြီးနှင့်ဝေးရာ တစ်နေရာသို့ ခေတ္တအလည်ခရီးထွက်ရသည်ဟု သဘောထားကာ သူတို့၏မေမြို့စံအိမ်ဂေဟာသို့ ရောက်အောင်လာစေလိုပါကြောင်း၊ လာသည့်အခါ လာနိုင်သူချင်း လေး၊ ငါးယောက် တစ်ဖွဲ့ အချင်းချင်းချိန်းဆို၍ ကိုယ့်ရက်နှင့်ကိုယ် သတ်မှတ်ကာ လာစေလိုပါကြောင်း၊ ဧည့်သည်တစ်ဖွဲ့ချင်းစီအလိုက်ကို ဧည့်ဝတ်ကျေပွန်စွာပြုစုမည်ဖြစ်ပါကြောင်း စသည်ဖြင့် စီကာပတ်ကုံးရေးထားလေသည်။

“ဒါဆို မင်္ဂလာဆောင်ကြီးတစ်ခုကို မင်္ဂလာဆောင်သေးသေးလေးတွေအဖြစ် ခွဲထုတ်လိုက်သလိုပေါ့နော် ကို” 

“ဒါပေါ့ … ပုံမှန် မင်္ဂလာဆောင်မှာ စားပွဲဝိုင်းငါးဆယ်ကို တစ်ပြိုင်နက်တည်း ဧည့်ခံမယ့်အစား တစ်ဝိုင်းချင်းစီခွဲပြီး တစ်ကြိမ်စီ သီးသန့်ခွဲပြီး အိမ်ခေါ်ဧည့်ခေါ်တာမျိုးပေါ့ …” 

“ဟင် … သေရချည်ရဲ့ အကြိမ်ကြိမ်အလီလီ ဧည့်ခံပွဲလုပ်နေရရင်…”

“ဪ စုလေးကလည်း … ရန်ကုန်မှာ မင်္ဂလာဆောင်ရင် လူ သုံးရာလာပေမဲ့ မေမြို့ကိုတော့ လူသုံးဆယ်လာချင်မှ လာမှာပေါ့ကွ။ လာတဲ့သူတွေကလည်း မကောင်းတတ်လို့လာတဲ့သူ ဘယ်ဟုတ်မလဲ။ တကယ့်မိတ်ဆွေတွေပဲ လာမှာပေါ့။ ကိုယ်နဲ့လည်းမရင်းနှီးဘဲ မင်္ဂလာပွဲလာတဲ့လူတွေကို လိုက်သွားဖြီးပြနေရတာထက် တကယ်သိတဲ့ရင်းတဲ့လူတွေနဲ့ပဲ အချိန် ကုန်ဆုံးမှာပေါ့။” 

စုလေးသည် ဧည့်သည်တစ်ဖွဲ့လာတိုင်း မင်္ဂလာတစ်ခါဆောင်ရမည်ဆိုသော စိတ်ကူးကြောင့် ပျော်ရွှင်တက်ကြွနေလေသည်။ တစ်ဖွဲ့လာတိုင်း မထပ်ရအောင် ဝတ်စုံကိုလည်း လေး၊ ငါးစုံခွဲချုပ်မည်ဟူ၍ သူ့ဟာသူ စီစဉ်နေလေသည်။ မေမြို့မှာ နောက်ဆုံးနာမည်ကြီးနေသည့် ဝိုင်ဖြင့်ဧည့်ခံရအောင်လည်း ဝိုင်ခြံသို့ဆက်သွယ်ကာ လျှော့ဈေးရအောင် ဈေးညှိသည်။ ခြံထဲကမြက်ခင်းပြင်ပေါ် မီးပုံပွဲလုပ်မည်။ ဘာဘီကျူးလုပ်ဖို့အတွက် ဝယ်စရာရှိတာဝယ်သည်။ ငါးသံပုရာပေါင်းအတွက် ငါးလတ်လတ်ဆတ်ဆတ် ရဖို့ မန္တလေးနှင့်ချိတ်သည်။ အိမ်အတွင်းအပြင် အလှတန်ဆာတွေ သူ့စိတ်ကြိုက် စီစဉ် သည်။

“စုလေးရေ … ပထမဆုံးလာမယ့်အဖွဲ့တော့ စာရင်းပေါက်ပြီဟေ့ … ကို့သူငယ်ချင်းတွေထဲက စိုးကြီးတို့ အုပ်စု သိတယ် မဟုတ်လား။ စာရေးဆရာကဗျာဆရာတွေအုပ်စုလေ၊ ကာတွန်းဆရာတွေလည်း ပါတယ်။ စုစုပေါင်းငါးယောက်။ နောက်လဆန်း ၃ ရက်နေ့ မနက်ရောက်၊ နေ့ခင်းခဏနားပြီး ညနေကျ ပါတီ …” 

စုလေးသည် ‘ပါတီ’ ဆိုသောစကားလုံးကို အသံရှည်ဆွဲ၍သံယောင်လိုက်ရွတ်ကာ စန္ဒယားခလုတ်ခုံကြီးကို ဒေါင်ဒေါင်ဒင်ဒင်မြည်သွားအောင် တီးခတ်လိုက်လေသည်။ ပန်းချီဆရာတို့လင်မယား၏ ဧည့်ခံမည့်အစီအစဉ်တွင် ဂီတ ဖြင့် ဘွဲ့ရခဲ့သည့် စုလေး၏ ဂီတဖျော်ဖြေပွဲလည်း ပါသည်။ စုလေးက စန္ဒယားမှာထူးချွန်သည်။ ဧည့်သည်တွေ တစ်ဖွဲ့လာ တိုင်း သူက စန္ဒယားဖြင့် အနောက်တိုင်းတေးသွားများ၊ မြန်မာသံစဉ်သီချင်းများ၊ ခေတ်ပေါ်သီချင်းများ တီးပြမည်။ ပန်းချီ ဆရာက ဧည့်သည်များ အား ကယ်ရီကေးချားဆွဲပေးမည်။ ပြီးလျှင် ဝိုင်တွေ၊ ဘီယာတွေ၊ အရက်တွေ၊ အမြည်းတွေ ဗိုက်ထဲ အဝထည့်ကြမည်။ မူးချင်သလောက်မူး၊ မှောက်ချင်သလောက်မှောက်။ မူးပြီး အိမ်ပြန်မရောက်မှာမပူရ။ 

သူတို့မင်္ဂလာဦးပါတီစီးရီးကြီး၏ အပိုင်း(၁) သို့ ကြွချီလာကြသည့် ပန်းချီဆရာ၏ မိတ်ဆွေရင်းချာ ငါးယောက်မှာ စာရေးဆရာ ကိုစိုးကြီး၊ ကဗျာဆရာ ပိုင်သုတ၊ ရုပ်ပြဆရာ မော်လေး၊ ဘာသာပြန်ဆရာ မိုးညိုနှင့် ပန်းချီဆရာ ပေါက်စ ဝသန်တို့ဖြစ်သည်။ သူတို့ငါးယောက်က နေမညို ခင်ကတည်းက သောက်မည်တကဲကဲဖြစ်နေကြပြီ။ နေ့လယ်နေ့ခင်း တစ်ရေးတစ်မောအိပ်ခိုင်းတာတောင် မအိပ်၊ စကားတွေပြောလိုက်၊ မေမြို့ကအေးတယ်ဟုဆိုကာ သွေးပူလေ့ကျင့်ခန်း ဆိုပြီး ဝိုင်ပုလင်းတွေဖောက်သောက်လိုက်။ ခြံထဲမြက်ခင်းပြင်ပေါ် ဘောလုံး ကန်လိုက်နှင့် သဘောတွေတွေ့နေကြသည်။

ညနေရောက်ပြီ။ မန္တလေးကနေ အထူးမှာထားသော အစားအသောက်များလည်း ရောက်ပြီ။ ဘာဘီကျူးအတွက်လည်း အဆင်သင့်။ စန္ဒယားကိုလည်း မြက်ခင်းပြင်ပေါ် အသင့်နေရာချ ပြီးပြီ။ မီးပုံပွဲအတွက် ထင်းတွေကို မီးမွှေးသူက မွှေးသည်။ ဘီယာကြိုက်သူက ပန်းချီဆရာတစ်ဦးသာ။ ကျန်သူ့ဘော်ဒါတွေက အကုန်အပြင်းချည်းချမည့်သူ။ ဝိုင်တွေ ကတော့ နေ့လယ်ကသူတို့အားပေးလိုက်ကြတာ ကုန်သလောက်။ အသားကင်နံ့မွှေးမွှေးကိုရှူရှိုက်ရင်း ဧည့်သည်တို့သည် အိမ်ရှင်လင်မယားနှင့်အတူ တောင်ပေါ်ဒေသ၏အအေးဓာတ်ကို အန်တုရင်း အနောက်ဖက်မိုးကုတ်စက်ဝိုင်းမှ ပုစွန်ဆီ ရောင် ကောင်းကင်ကိုကြည့်ကာ မြည်းနေကြသည်။

ခဏနေတော့ အိမ်ရှင်မ၏ စန္ဒယားလက်သံချိုချို ထွက်ပေါ်လာသည်။ သူသည် ဖျော်ဖြေပွဲကို မိုးဇတ်၏ဆိုနာတာ နံပါတ် ၁၆ ဖြင့် စဖွင့်၏။ အဖြူရောင်ဂါဝန်ပွပွဖြင့် သတို့သမီးလိုဝတ်ထားသော စုလေးသည် စန္ဒယားခုံမှာထိုင်ရင်း လက်ချောင်း ဖြူသွယ်သွယ်နွဲ့နွဲ့များက ခလုတ်များပေါ်အလျင်အမြန်ပြေးလွှားနေကြသည်မှာ လွန်စွာကြည့်ကောင်းနေသည်။ အားလုံးဂီတသံမှာ နစ်မြောလျက်။ 

“ကောင်းလိုက်တဲ့လက်သံ … ဝမ်းစမိုး ဝမ်းစမိုး…” 

စုလေးက ဆိုနာတာတွေတစ်ပုဒ်ပြီးတစ်ပုဒ် တီးပြသည်။ လသာသည့်ညမို့လည်း ဘေထိုဗင်၏ Moonlight ကို ထည့်တီးပြန်၏။ အဆိုပါ တေးသွားချည်းသက်သက်များကို ငြီးငွေ့သောအခါ အားလုံးက မြန်မာသီချင်းတီးပါဟု တောင်းဆိုကြသည်။ ဒါဆို ခဏစောင့်ဟု ပြောပြီး သူတို့လင်မယားနှစ်ယောက်စလုံး အိမ်ထဲပြန်ဝင်သွားကြသည်။ တအောင့်နေတော့ မြန်မာဝတ်စုံကိုယ်စီဖြင့် ပြန်ထွက်လာကြသည်။

မြန်မာသံစဉ်အလှည့်မှာတော့ “နှစ်ကိုယ်တူချစ်သမျှ” ဖြင့်စဖွင့်သည်။ မိန်းမက စန္ဒယားတီး၊ ယောကျ်ားလုပ်သူက စည်းဝါးလိုက်ပေးသည်။ ပြီးတော့ အချစ်သီချင်းများတွင် နာမည်ကြီးသော မြို့မငြိမ်း၏ သီချင်းများ ဆက်တိုက်ဆိုကြ သည်။ “ကြင်ဆုယူ”၊ “ချစ်တာပဓာန”၊ “ပြုံးတုံ့လှယ်”၊ “ငွေစင်ရော်” …  သိင်္ဂါရသံစဉ်တွေက သူတို့ခြံဝင်းလေးထဲ ရေတံခွန်စမ်းကျရေသံလို။

“ဓူဝံကြယ် … မြေမှာခကြွေ … ကောင်းကင်မှာ နေလတွေကွယ်စေ … မြမြင်းမိုရ်ပြိုအက်ခါကြေ … သွေကွက်မယ် စိတ်ဝယ်မပွေ … 

“လှသထက် လှမယ်ဆိုရင် … ဆေးဖက်ဝင်ပါသလား မောင့် အသားတွေ မောင့်အသွေးတွေ မောင့်အသည်းတွေ မောင့်နှလုံးတွေ အသုံးပြုပါလေ … ကြည်ဖြူပါတယ် လိုရာကို ယူစေ … 

ကမ္ဘာမြေ အသင်္ချေလဲတောင် မကွဲအောင် တောင်းဆုကိုခြွေ … သက်ဝေ ချစ်မက်မပြေတယ်လေ …”

သက်ဝေသီချင်းကိုဆိုတော့ ပန်းချီဆရာသည် စိတ်ခံစားချက်ချင်း ထပ်တူညီ၍လားမသိ၊ စုလေးနှင့် နှစ်ယောက် တည်းရှိဘိသည့်အလား ကြည်နူးစွာပင် စိတ်အကုန်နှစ်၍ ဆိုလေသည်။ 

ဧည့်ပရိတ်သတ်ငါးဦးစလုံး တဖြည်းဖြည်းစိတ်ပါလာတော့ သူတို့ပါ ဝင်ဆိုကြသည်။ စုလေးတစ်ယောက်လည်း တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်တိုက်တီးနေရသည်။ ခေတ်ဟောင်းတေးများမှသည် စတီရီယိုတွေလည်း ရောက်လာ သည်။ ထူးအိမ်သင်၏ “နှလုံးသားကျမ်းစာ”၊ စိုင်းထီးဆိုင်၏ “သိပ်သိပ်ချစ်ရတဲ့နွဲ့တင်”၊ ဂျက်မြသောင်း၏ “နှလုံးသွေးများ ရပ်တန့်သွားပါစေ” … တစ်ပုဒ်ပြီးတစ်ပုဒ်။ 

ဆိုလို့ ဝတော့၊ မောတော့ မီးပုံဘေးပြန်ထိုင်ကြပြီး လက်ကျန်တွေဖြတ်ကြသည်။ စကားတွေ အာဘောင်အာရင်း သန်ကြသည်။ စကားတွေက ရှေ့ရောက်လိုက်၊ နောက်ရောက်လိုက်။ ပန်းချီဆရာတို့လင်မယား သမီးရည်းစားဘဝက အကြောင်းအရာတွေရောက်လိုက်၊ နိုင်ငံရေးတွေရောက်လိုက်၊ အလုပ်အကြောင်းတွေရောက်လိုက်၊ မေမြို့အကြောင်း ရောက်လိုက်။

ပန်းချီဆရာသည် စကားကောင်းနေကြသောဝိုင်းမှ ခဏထွက်၍ အိမ်ထဲဝင်ကာ အပေါ့အပါးသွားပြီးနောက် အိပ်ခန်းထဲဝင်ကာ ခဏလေးကျောဆန့်မည်လုပ်တုန်း စုလေးက“ကိုရေ လုပ်ပါဦး” ဟု လာခေါ်သဖြင့် ကမန်းကတန်းအပြင်ပြန်ထွက်ရသည်။ 

“ကိုရေ … ဟိုမှာ ရန်ဖြစ်နေကြတယ်။ ထိုးမယ်ကြိတ်မယ်လုပ်ကုန်ကြပြီ ...”

ပန်းချီဆရာသည် အိမ်ပြင်ဘက်မြက်ခင်းပြင်ဆီ အပြေးသွားတော့ ကိုစိုးကြီးနှင့် မော်လေးတို့ကို ကျန်သူများက ဝိုင်းဆွဲထားကြသည် ကိုတွေ့သည်။ သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း လက်ညှိုး ငေါက်ငေါက်ထိုးကာ ပြောဆိုနေကြသည်။ ကျန်လူများမှာ ဆွဲလည်းဆွဲ၊ မျက်စိပျက်မျက်နှာလည်းပျက်။

“နေကြပါဦးကွာ … ဘယ်လိုဖြစ်ကြတာလဲ”

“ဒီလိုပဲ … စကားပြောရင်း အတိတ်အကြောင်းတွေရောက်သွားပြီး တစ်ချိန်က မကျေနပ်ခဲ့တာတွေ ပွင့်အန်ထွက်လာကြ တာ” ဟု ဝသန်က ရှင်းပြသည်။ “မိတ်ဆွေရင်းတွေပါဗျာ … ပြီးတော့လည်း ပြီးသွားမှာပါပဲ။”

“ဒီမှာ မော်လေး … မင်းငါ့ကို နောက်ကျောဓားနဲ့ထိုးခဲ့တာ ဘာပြောမလဲ” ဟု ကိုစိုးကြီးက မျက်ထောင့်ကြီးနီလျက် မော်လေးကို စိုက်ကြည့်ပြီးပြောသည်။ မော်လေးက

“ခင်ဗျားကို ကျုပ်ဘယ်တုန်းကမှ နောက်ကျောဓားနဲ့မထိုးခဲ့ဖူးဘူး။ ခင်ဗျားကသာ တစ်ဖက်လူက ပြောတဲ့စေတနာ စကားတွေကို နားဝင်အောင်မထောင်ခဲ့တာ။ ခင်ဗျားကသာ နားကောက်ခဲ့တာ။”

ပန်းချီဆရာသည် မော်လေးသုံးလိုက်သည့် “နားကောက်” တယ်ဆိုသော အသုံးကိုသဘောကျသွားသဖြင့် ပြုံးမိလိုက်၏။ သည်ဇာတ်ကြောင်းတွေကို ပန်းချီဆရာ ဖြစ်ကြောင်းကုန်စင်ကောင်းကောင်းသိသည်။ ဘယ်သူမှန်၍ ဘယ်သူမှားမှန်း လည်း သူသိသည်။ သို့သော် ယခုအချိန်မှာတော့ ကြားချပြီးဖျန်ဖြေတာက အကောင်းဆုံး။ အိမ်ရှင်လည်း ဖြစ်သည် မဟုတ်လား။

ကျန်မိတ်ဆွေများကတော့ မျက်နှာမကောင်းကြတော့။ ပန်းချီဆရာကိုထက် စုလေးကိုပိုအားနာနေကြသည်။ ဘယ့်နှယ် … ရင်ဘတ်ချင်း ဂျပ်ပင်ထိုးချင်လို့မှ မေမြို့ထိတကူးတကလာကြပြီး အင်မတန် ရှာမှရှားသည့် မင်္ဂလာဆောင် ပါတီကို လာတက်ပေးခါမှ ခုလိုဖြစ်ရသည်။ သို့သော် အိမ်ရှင်ပန်းချီဆရာကတော့ အမြင်တစ်မျိုးကိုချပြသည်။

“ကဲပါ တော်ကြပါတော့။ တစ်သက်လုံးပေါင်းလာတဲ့ ဘော်ဒါတွေပဲ။ ခုနေ ထထိုးကြလည်း မနက်ဖြန်ကျ ပြန်ပြီး အစ်ကိုကြီး၊ ညီလေး ဖြစ်ကြမယ့်သူတွေပဲ။ အတိတ်က ဘာတွေပဲ အစိုင်အခဲတွေရှိခဲ့ရှိခဲ့၊ ခုတော့ ခွင့်လွှတ်လိုက်စေချင်ပြီ။ ဒါပေမဲ့ ဆက်ပြောချင်တယ်ဆိုရင်လည်း ပြောကြ၊ လက်တော့မပါကြနဲ့။ အဲဒီလို ဒီနေ့ည ရင်ထဲရှိတာတွေ အကုန်ပွင့်အန် ထွက်အောင် ပြောလိုက်ကြတဲ့အတွက် နောက်နေ့ကစပြီး ဒီဝန်ထုပ်ဝန်ပိုးတွေကို အတိတ်မှာ ထားနိုင်ခဲ့ ကြမယ်ဆိုရင် တော့ ဆက်ပြောဗျာ။ ကုန်အောင်သာပြော။ ကျွန်တော်တို့ နားထောင်မယ်” ဟု သူ့ မိတ်ဆွေများကိုကြည့်ပြီး ပန်းချီဆရာက ပြောလိုက်သည်။

ရှူးရှူးရှဲရှဲဖြစ်နေကြသည့် ကိုစိုးကြီးနှင့် မော်လေးတို့ အသိကိုယ်စီဝင်သွားကြပြီး သက်ပြင်းရှည်များချကာ ပြန်ထိုင်လိုက် ကြသည်။ စကားတော့ ဆက်မပြောကြ။ မိတ်ဆွေအပေါင်းအသင်းဆိုသည်မှာ အလုပ်အတူတူမလုပ်ကြလျှင် အကောင်းဆုံး။ အထူးသဖြင့် ဆုံးဖြတ်ချက်ချမှတ်ရမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေပါလာသော အလုပ်တွင် ခင်မင်ကြသူ ချင်း အလုပ်မလုပ်ကြတာ အကောင်းဆုံး။ လုပ်လျှင်လည်းအတော်ကိုနားလည်မှုရှိမှဖြစ်မည်။ မရှိလျှင်တော့ မိတ်ဆွေမှ ရန်သူဖြစ်တတ်သည်ဟု ပန်းချီဆရာကမြင်သည်။

ကိုစိုးကြီးနှင့်မော်လေးတို့ကတော့ အရက်ဆက်သောက်လိုက်၊ စကားအရှိန်ပြန်ရလာကာ အနာဟောင်းများကို ပြန်ဆွ လိုက် လုပ်နေကြသည်။ ခဏနေတော့ နှစ်ယောက်စလုံး ငိုကြသည်။ ငိုတာမှ ကလေးတွေငိုသလို။ ရင်ထဲမှာ နှစ်များစွာကြာအောင် သိုဝှက်ထားခဲ့ရသည့် ဝေဒနာများ ကိုယ်စီရှိကြသော်လည်း ငါယောက်ျားဟဲ့ဟူ၍ မာန်တင်းကာ ထုတ်မပြခဲ့ကြသမျှ ယခုညတော့ ရေကာတာကြီး၊ ဆည်ကြီးကျိုးကျပြီထင်၏။

ကိုစိုးကြီးကတော့ အိပ်တော့မည်ဟုဆိုပြီး မျက်ရည်တွေသုတ်ရင်း ထသွားသည်။ ‘ဂွတ်နိုက်’ လုပ်သွားသည်။ သူ့ကြည့်ရတာ အခဲကျေသေးဟန်တော့မတူ။ သို့သော် ဆက် ပြောနေရင်း ပြဿနာထက်တက်လျှင် အိမ်ရှင်များကို အားနာရမည်မို့ ထသွားခြင်းဖြစ်မည်။ ကျန်လေးယောက်နှင့် ပန်းချီဆရာတို့လင်မယားသာ ကျန်ခဲ့သည်။ ပုလင်းလည်း ခါလီပြီ၊ မီးပုံပွဲလည်း မီးသေလုပြီ။ အားလုံး ခေါင်းစွပ်များကို နားရွက်လုံအောင်မနည်းကြိုးစား ဖုံးနေရင်း အအေးဒဏ်ကို အန်တုနေကြသည်။ ကိုစိုးကြီးအထဲဝင်သွားမှ ကျန်လူများက မော်လေးကိုဝိုင်းနှစ်သိမ့်ကြသည်။

“မင်းကို ငါတို့ကောင်းကောင်းနားလည်ပါတယ် မော်လေးရာ။ နှစ်ယောက်စလုံးက ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်၊ ကိုယ့် အမြင်နဲ့ကိုယ်ပဲ မဟုတ်လား။ နှစ်ယောက်စလုံးမမှားဘူးကွ။ အမြင်ရှုထောင့်ပါပဲကွာ” ဟု မျက်ရည်မခြောက်သေးသည့် မော်လေးကို ကဗျာဆရာ ပိုင်သုတက နှစ်သိမ့်သည်။

ပန်းချီဆရာက သူစိတ်ဝင်စားသည့်အရာတစ်ခုကို လှမ်းမေးသည်။

“မော်လေးရေ မင်းခုနကပြောတဲ့ ‘နားကောက်တယ်’ ဆိုတဲ့စကားလေး ငါကြိုက်သား။ နည်းနည်းထပ်ပြီး ရှင်းပြပါဦးလား”

“ဪ … တစ်ဖက်က ပြောတဲ့သူက အဖြောင့်ပြောပေမဲ့ နားထဲကို စကားလုံးတွေက ကောက်ကောက်ကွေ့ကွေ့ဝင်သွားပြီး ကောက်ကောက်ကွေ့ကွေ့တွေ နားလည်ကုန်၊ ခံစားကုန်တာကို ပြောတာ။”

ပန်းချီဆရာက ခေါင်းတညိတ်ညိတ်နှင့်ပြုံးသည်။ မော်လေး ရော ကိုစိုးကြီးရောကို အူမချေးခါးမကျန် သူသိသည်။ နှစ်ယောက်စလုံး စိတ်ရင်းကောင်းကြသည်။ ပြဿနာက လောကတွင် လူတိုင်းသည် သုံးစွဲသည့်ကြားခံ ဘာသာစကားချင်း တူလျှင်တောင်မှ လှိုင်းနှုန်းချင်းမတူတတ်ကြ။ လှိုင်းနှုန်းချင်းမတူလျှင် တစ်ဖက်က လွှင့်သည့်အသံသည် ဖမ်းယူသူက တစ်မျိုးကြားရတတ်သည်။

“ကိုစိုးကြီးအကြောင်းလည်း မင်းသိရဲ့သားနဲ့။ သူတို့လိုမျိုး ဘဝမှာခက်ခဲကြမ်းတမ်းခဲ့သူတွေ၊ စိတ်ဒဏ်ရာဗရပွနဲ့ လောက ကို အချဉ်ပေါက်ဖူးသူတွေဟာ မင်းတို့ငါတို့ စဉ်းစားပုံနဲ့ကို မတူဘူးကွ။ သူတို့က ကျားနာတွေလိုမျိုးပဲ။ သူတို့မှာ အရာရာကို သံသယကြီးတယ်။ စိုးရွံ့ထိတ်လန့်မှုတွေရှိတယ်။ စိတ်ကျတတ်ကြတယ်။ မင်းခုနကပြောသလို အဖြောင့်ပြောလိုက်တာကိုလည်း နားကောက်နဲ့နားထောင်တတ်ကြတယ်။ အဲဒီလိုလူမျိုးတွေ လောကမှာအများကြီးပဲ။ ဘာမှလည်း သွားလုပ်ပေးလို့ မရဘူး။ ကံကောင်းရင်တော့သူ့ဟာသူ ပြန်တည့်ချင်လည်း တည့်သွားတတ်ကြတာပဲ။”

“နောက်တစ်ခုရှိသေးတယ်” ဟု ဝသန်က ဝင်ထောက်၏။

“အဲဒါက ကိုစိုးကြီးတို့လို လူမျိုးတွေဟာ လူတစ်ယောက်ကို သူ့ဘဝထဲစသွင်းလိုက်ပြီဆိုတာနဲ့ အဲဒီလူဆီကနေ ပြီးပြည့်စုံမှုကိုသာ ရမယ်လို့ အမြဲပုံသေတွက်ထားတာမျိုးပဲ။ သူခင်တဲ့လူ၊ သူချစ်တဲ့လူဟာ ဘာအပြစ်အနာအဆာမှ မရှိဘူး။ သူ့အပေါ်ကိုလည်း ရာနှုန်းပြည့်နားလည်ပေးနိုင်တယ်လို့ပဲ သူတို့က အလိုလိုခံစားတယ်။ ဘိုလိုပြောရင်တော့ perfectionist ပေါ့။ လူတစ်ယောက်ကို သူ့အရှိအတိုင်း မမြင်ဘဲ သူ့စိတ်ကူးထဲက ရုပ်ပုံလွှာတစ်ခုနဲ့ မြင်ကြည့်နေ တာပေါ့ကွာ။ အချိန်တစ်ခုရောက်လို့ အဲဒီ ရုပ်ပုံလွှာကလေး အကြောင်းတစ်ခုကြောင့် ပျက်စီးသွားချိန်ကျ သူတို့ ကမ္ဘာပျက် တော့တာပဲ။ သူ့ရဲ့အားနည်းချက်လို့ ဆိုရမှာပေါ့ကွာ။ ရာနှုန်းပြည့်ကောင်းမွန်တဲ့လူရော ပေါင်းသင်း ဆက်ဆံရေးရော မရှိဘူးဆိုတာ သူတို့မတွေးမိကြဘူး။ သူတို့စိတ်က အရာရာကို စိတ်ကူးစံနဲ့ပဲဖန်တီးချင်နေတာပဲ။ မင်းနဲ့ဖြစ်တဲ့ပြဿနာ ကလည်း ဒီအတိုင်းပဲ။ မင်းက မင်းအရှိအတိုင်း နေတာပဲ။ ဒါပေမဲ့ သူက မင်းကိုအရှိအတိုင်းမမြင်ဘဲ သူ့စိတ်ကူးထဲကဖန်တီးထားတဲ့ မော်လေးအနေနဲ့မြင်နေခဲ့တာ …” 

မော်လေးက ဘာမှမပြောဘဲ မီးသေလုလု မီးပုံကိုသာစိုက်ကြည့်နေသည်။ မော်လေး၏နှလုံးသားတွင်လည်း မီးစွဲလောင်နေသည့် ထင်းချောင်းတစ်ချောင်း စိုက်ဝင်နေသလို ခံစားနေရလိမ့်မည်ဟု ပန်းချီဆရာက တွေးကြည့်နေသည်။ ကိုစိုးကြီးသည် တစ်ချိန်က မော်လေးကို ညီအရင်းတစ်ယောက်လို အလွန်ချစ်ခင်အားကိုးခဲ့ဖူးသည်။ သူတို့ အလုပ်တွေအတူတူ လုပ်ခဲ့ ကြသည်။ နောက်တော့ သူတို့ဆက်ဆံရေးမှာ အက်ကြောင်းတွေထင်လာသည်။ ကွဲကြပြဲကြသည်။ အဲသည်နောက်ပိုင်း အပေါ်ယံ ဆက်ဆံရေး လောက်သာကျန်တော့သည်။ ယခု ခရီးစဉ်တွင် အတူတူပါလာဖြစ်သော်လည်း လမ်းမှာ သိပ်ဟက်ဟက်ပက်ပက် မရှိခဲ့ကြ ဟု ကျန်မိတ်ဆွေများက ပန်းချီဆရာကို ပြောပြကြသည်။ ဖြစ်ချင်တော့ အရက်ဝိုင်းမှာ ပြောရင်းဆိုရင်း အတိတ်ဒဏ်ရာများကို ပြန်တူးဆွဖြစ်ကြသည်။

“ကဲ ကဲ အိပ်ကြတော့။ မနက်ကျ ပိတ်ချင်းမြောင်တို့ ဘာတို့ သွားကြရဦးမှာ။ မနက် မနိုးဘဲနေဦးမယ်” ဟု ပန်းချီဆရာက နှိုးဆော်လိုက်သည်။ အားလုံးလည်း အဲဒီတော့မှ ပစ္စည်းတွေသိမ်း၊ သန့်ရှင်းရေးတွေလုပ်ကြသည်။ ကိုစိုးကြီးကတော့ ဟောက်သံတွေတောင် ထွက်လို့။ အိမ်ရှင်လင်မယားကတော့ တော်တော်နှင့်အိပ်မပျော်ကြ။ မိုးလင်းခါနီးမှ တစ်မှေး မှေးကြရသည်။ 

ဧည့်သည်တွေပြန်ဖို့ ကားဂိတ်ရောက်တော့ ပန်းချီဆရာလင်မယားကို ဟိုညကကိစ္စအတွက် တောင်းပန်ကြသည်။ ကိုစိုးကြီးနှင့် မော်လေးတို့ကတော့ အနာတွေကျက်သွားကြပြီလားမသိ၊ သိပ်တင်းတင်းမာမာ မရှိတော့။ ပန်းချီဆရာက သူတို့အတွက်ဆွဲပေးထားသည့် ကယ်ရီကေးချားများ လက်ဆောင်ပေးရင်း “မလိုပါဘူး၊ တအုံ့နွေးနွေး ဖြစ်တာထက် ပွင့်ထွက်တာက ပိုကောင်းတာပေါ့။ မဟုတ်လား စုလေးရာ” ဟု သူ့ဇနီးကို မျက်စိမှိတ်ပြရင်း ပြုံးဖြီးဖြီး လုပ်လိုက် သည်။

ဧည့်သည်တွေစီးနင်းလိုက်ပါသွားသည့် မေမြို့-ရန်ကုန်အမြန်ယာဉ် မြင်ကွင်းကပျောက်သွားတော့ စုလေးက ပန်းချီဆရာကိုပြောသည်။

ရိုးရိုးပုံမှန်မင်္ဂလာဆောင်သာဆိုရင် ဟိုညကမြင်ကွင်းမျိုးရှိမှာမဟုတ်ဘူးနော်။” 

“ရိုးရိုးပုံမှန်မင်္ဂလာဆောင်သာဆိုရင်လည်း ကိုစိုးကြီးနဲ့မော်လေးလည်း ပြန်အဆင်ပြေသွားချင်မှသွားမှာ” ဟု ပန်းချီဆရာက ပြန်ပြောသည်။ 

“စုလေးဖြင့် ဟိုနေ့ညက သူတို့တွေထိုးတော့ကြိတ်တော့မလိုဖြစ်တော့ လန့်ပြီး ရင်တွေတုန်လိုက်တာမှ ခုထိ တလှပ်လှပ် ဖြစ်နေတုန်းပဲ။” 

“ဘယ်လိုလဲ၊ မှတ်သွားပြီလား။ နောက်ထပ်လာမယ့် ဧည့်သည်အဖွဲ့တွေ ရှိသေးတယ်နော်။ ကန်ဆယ် လုပ်လိုက်ရမှာလား” ဟု ပန်းချီဆရာက လက်ပိုက်ရင်း မေးလိုက်သည်။

စုလေးက ချက်ချင်းဘာမှမဖြေ။ ခဏနေမှ ပန်းချီဆရာ၏လက်မောင်းကိုတွဲလိုက်ပြီး

“မေးစရာလိုသေးလို့လား” ဟု ရွှင်လန်းသောမျက်နှာဖြင့် ပြောလေသည်။  ။



ဝေယံဘုန်း၏ 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 



Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...