တောင်ကုန်းထိပ်က ကျွန်တော့အိမ်ကလေးတွင် ကျွန်တော်အကြိုက်ဆုံးကတော့ တောင်စောင်းထိပ်မှာ ထိုးထားသော ဝရန်တာကလေးပဲ ဖြစ်သည်။ ထိုဝရန်တာကလေးပေါ် ကုလားထိုင်လေးတစ်လုံးချ၊ ဘေးနားမှာ စားပွဲငယ် တစ်လုံးပေါ် ကော်ဖီတစ်ခွက်ကိုတင်၊ ထိုင်ခုံမှာထိုင်ရင်း စာဖတ်ရခြင်းမှာ ကျွန်တော့နိစ္စဓူဝဖြစ်သည်။ လေက အမြဲတစေ တသုန်သုန် တဖြူးဖြူးဆော်သွေးနေသည်။ စာဖတ်ရင်းမျက်စိညောင်းသည့်အခါ မျက်စိရှေ့ သက်မဲ့ ပန်းချီကားကြီးတစ်ချပ်လုံးကို အပေါ်မှစီးမိုးကာ တစိမ့်စိမ့်ကြည့်ရင်း ကျေနပ်နေမိတတ် သည်။
ကျွန်တော်သည် စာဖတ်သည့်အခါ မျက်မှန်မလိုဘဲ အဝေးကိုကြည့်မှသာ လိုသူဖြစ်သည်။ သို့သော် ဝရန်တာ ကလေးမှာ ထိုင်ရင်း စာဖတ်ရာမှ မျက်စိညောင်း၍ ရှုမျှော်ခင်းကြီးကို ကြည့်သည့်အခါမှာတော့ မျက်မှန် မတပ်ပါ။ အကြောင်းက မျက်မှန်တပ်သည်မှာ အဝေးရှိ အရာဝတ္ထုနှင့်လူများ၊ ရေးထားသည့်စာများ၊ သွားလာ နေသော ယာဉ် ရထားများကို မြင်နိုင်ဖို့ပဲ ဖြစ်ပြီး အဆိုပါရှုမျှော်ခင်းကိုကြည့်ရာမှာတော့ ကျွန်တော့ အနေဖြင့် အရာဝတ္ထုတွေကို တစ်ချင်းစီ သဲသဲကွဲကွဲမြင်ဖို့မလိုသောကြောင့်ဖြစ်သည်။ ရှေ့မှာ ကျယ်ပြောသည့် လွင်ပြင်ကြီးနှင့် တောင်တန်းများကို ကျွန်တော့အနေဖြင့် အသေးစိတ်မြင်ဖို့ မလိုပါ။ ဖတ်လက်စ စာပါ အကြောင်းအရာ တစ်ခုခုနှင့် ဆက်စပ်လို့ဖြစ်ဖြစ်၊ မဆက်စပ်သည့်အကြောင်းအရာကို တွေးမိလို့ပဲဖြစ်ဖြစ် အဝေးကိုငေးကြည့်ရင်းက အတွေးနယ်ချဲ့လေ့ရှိသူကျွန်တော့အဖို့ အဝေးမှုန်သော်လည်း ယခုလို အဝေးကို ကြည့်ရာ၌ မျက်မှန်ကိုတပ်လေ့မရှိပါ။
ယခု တောင်ကုန်းထိပ်ရှိ အိမ်ကလေးကိုမဝယ်ခင်ကာလများတုန်းက ကျွန်တော်နေခဲ့သည့်နေရာက ဘာရှုခင်းမျှ မမြင်ရသည့် သေတ္တာလေးတစ်လုံးနှင့်တူသော အခန်းကလေးတစ်လုံးသာ ဖြစ်ခဲ့သည်။ လှေကား ဖြင့် အပေါ်တက်သွားရသည်။ သော့ဖွင့်ကာ အခန်းထဲဝင်လိုက်လျှင်တော့ မှောင်မည်းနေသဖြင့် မီးအမြဲဖွင့်ထား ရသည့် ရှည်မျောမျောတိုက်ခန်းလေး တစ်ခန်းသာဖြစ်သည်။ ဘေးတစ်ဖက်မှာ ပြတင်းပေါက်များရှိသည် ဆိုသော်ငြားလည်း တစ်ဖက်တိုက်နှင့်က ပူးကပ်ဆောက်ထားသဖြင့် လေဝင်လေထွက်လည်း မကောင်းသလို ကြည့်စရာလည်း ဘာမှမရှိပါ။ အိမ်ရှေ့ဝရန်တာထွက်ကြည့်ပြန်တော့လည်း မျက်နှာချင်းဆိုင်မှာက ကိုယ့် တိုက်ထက်ပင် ပိုမြင့်သည့် တိုက်ဆိုတော့ ဘာမှလည်းကြည့်စရာမရှိပြန်ပါ။ ကြည့်ချင်းကြည့် ရှေ့တိုက် ဝရန်တာမှာ လှန်းထားသည့် အင်္ကျီပုဆိုးထဘီများပဲကြည့်စရာရှိသည်။ မျက်စိပသာဒဖြစ်စရာ မိန်းကလေး ချောချောလှလှများကိုလည်း ရှေ့တိုက်ဝဲယာမှာက မတွေ့ရတတ်ပြန်ပါ။
ထို့ကြောင့်လည်း အခန်းထဲမှာဖြစ်ဖြစ်၊ ဝရန်တာမှာပဲဖြစ်ဖြစ် စာဖတ်သည့်အခါများ၌ မျက်လုံးညောင်းသည့် အခါ အညောင်းဖြေကြည့်စရာ ရှုမျှော်ခင်းလှလှ ကျွန်တော့မှာမရှိခဲ့ပါ။ တစ်ခါတစ်ခါ စာဖတ်ရင်း နာရီပေါင်း မည်မျှကြာသွားသည်မသိအောင်ကို အကြာကြီးဖြစ်သွားတတ်သည်။ မျက်စိများ စူးအောင့်လာလျှင်တော့ ခေတ္တခဏ မျက်စိမှိတ်ထားရုံသာရှိသည်။ အခန်းကျဉ်းလေးထဲမှာ နေခဲ့သမျှအချိန်တစ်လျှောက်လုံးသည် ကျွန်တော့ အတွက်တော့ ပျော်ရွှင်ကြည်နူးဖွယ်ရာ အတိမပြီးခဲ့ချေ။ ကျွန်တော်သည် များသောအားဖြင့် မိမိ ရှေ့ တစ်တောင်၊ တစ်တောင့်ထွာလောက်ထက် ပိုပြီး ကျော်ကြည့်ရလေ့မရှိခဲ့ပါ။ ကျွန်တော့ကမ္ဘာလေးသည် ကျွန်တော်နှင့်ကျွန်တော့ပတ်ပတ်လည် လက်တစ်ဆန့်စာသာ ဖြစ်ခဲ့သည်။
အဆိုပါ တိုက်ခန်းလေးမှာနေနေစဉ်အတွင်း ကျွန်တော်မျက်မှန်စတပ်ခဲ့ရခြင်းဖြစ်သည်။ စာကြမ်းပိုး အတော် များများက အနီးမှုန်ကြသော်လည်း ကျွန်တော်က သူတို့နှင့်ပြောင်းပြန် အဝေးမှုန်သူဖြစ်လာပါသည်။ အပြင်ထွက်သည့်အခါ လူမျက်နှာများကိုမသဲကွဲတော့။ တစ်ခါတစ်ရံ အသိတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ဆုံလည်း သူ့ကိုကိုယ်ကမမြင်။ တမင် မမြင်ချင်ယောင်ဆောင်သည်ဟု အထင်လွဲပင် ခံရသေးသည်။ လာနေသည့် ဘတ်စ်ကား ဘယ်နံပါတ်လဲ မသိတော့။ လမ်းဟိုဘက်က ဆိုင်းဘုတ်ပါစာသားများကို ဖတ်မရ တော့။ အတင်းအားစိုက်ဖတ်လျှင် မူးလာသည်။ လာနေသည့်ကား၏ အရှိန်ကိုသိပ်မမှန်းတတ်တော့။ အန္တရာယ်ရှိသည်။ ထို့ကြောင့် မျက်မှန်တပ်ရသည်။
ရှုခင်းကောင်းသည့် တောင်ကုန်းထိပ်ကလေးရှိ အိမ်ကလေးကို ရလိုက်ပြီးသည့်နောက်မှာတော့ ကျွန်တော် သည် ရတနာပုံဆိုက်သည့်အလား ခံစားလိုက်ရသည်။ စာဖတ်ရင်းမျက်လုံးညောင်းလျှင် အဝေးကို ငေးကြည့်စရာ ရှုခင်းလှလှလေး ပိုင်ဆိုင်လိုက်သည် မဟုတ်လား။ ထို့ပြင် ကျွန်တော်မုန်းသည့် ထိုမျက်မှန်ကို မတပ်ဘဲ အဝေးကိုငေးကြည့်နိုင်သည်မှာ ထိုဝရန်တာလေးတွင် ထိုင်သည့်အချိန်များသာ ရှိသည်။ ကော်ဖီ သောက်သည်၊ စာဖတ်သည်၊ အဝေးကိုလှမ်းကြည့်သည်။ ထိုဝရန်တာလေးမှာထိုင်လေတိုင်း ထိုသုံးခုသာ အလှည့်ကျဖြစ်ပွားနေပါသည်။
ထိုအိမ်ကလေးသို့ပြောင်းရွှေ့ပြီးကတည်းက ပုံမှန်သွားပြနေကျ မျက်စိဆရာဝန်တစ်ယောက် ရှိပါသည်။ ကျွန်တော့အိမ်နှင့်တော့ ဆယ့်လေး၊ ငါးမိနစ်လောက် လျှောက်သွားရသည်။ ဆရာဝန်က စမ်းသပ်ပြီးတိုင်း ကျွန်တော်စားဖို့ဆေးတွေ ညွှန်သလို မျက်မှန်ကိုလည်း အတိုးအလျှော့ပြန်လုပ်ပေးလေ့ရှိသည်။ တစ်ခုသော ကာလအပိုင်းအခြားမှာတော့ ထုံးစံအတိုင်း မျက်စိဆရာဝန်ဆီ သွားပါသည်။ လမ်းတစ်လျှောက်လုံး မျက်မှန် တပ်မသွား။ ချွတ်ထားသော်လည်းအကုန်မြင်နေရသည်။ ပြန်လည်နုပျိုသွားသလိုပင် ခံစားရသည်။ ဆရာဝန်က မျက်စိကိုစမ်းသပ်ပြီးသော် ကျွန်တော် အဝေးမမှုန်တော့သဖြင့် မျက်မှန်တပ်စရာမလိုတော့ဟု ပြောသည်။ ဆရာဝန်က ကျွန်တော့ကို ကွန်ဂရက် ကျူလေးရှင်းလုပ်ရင်း ဘာဆေးတွေစားလဲဟု မေးပါသေးသည်။
“ဘာဆေးမှမစားဘူး ဆရာရဲ့။” ဆရာဝန် အံ့ဩသွားသည်။ တစ်ချက်မျှစဉ်းစားပြီးနောက် -
“ဒါဖြင့် ခင်ဗျားရဲ့တစ်နေ့တာ မျက်စိကိုအသုံးချပုံပြောပြပါဦး။”
ကျွန်တော်က ယခုတောင်ကုန်းထိပ်က အိမ်ကလေးမှာ တစ်နေ့တစ်နေ့ ဝရန်တာမှာထိုင်ပြီး ချိုင့်ဝှမ်းလွင်ပြင် နှင့် တောင်တန်းများကို ငေးကြည့်ရင်း စာဖတ်ပုံကိုပြောပြလိုက်သည်။ ပိတ်လှောင်နေသည့် တိုက်ခန်းမှာ နေစဉ်က ဘဝနှင့်လည်း နှိုင်းယှဉ်ပြလိုက်သည်။ ဆရာဝန်က “ခင်ဗျား ဒီအိမ်ကလေးကို ရလိုက်တာ သိပ်ကံ ကောင်းတယ်ဗျို့။ ခင်ဗျားက အဲဒီရှုခင်းကို ပုံမှန်ကြည့်ကြည့်နေတာကြောင့် ခင်ဗျားမျက်စိ ခုလို အဝေးမှုန်တာ ပြန် သက်သာသွားတာ” ဟု ပြောသည်။ ကျွန်တော်က အကြောင်းရင်းကို မေးသောအခါ…
“ဒီလိုဗျ။ အီဗော်လူးရှင်းသဘောအရပြောရရင် ဟိုတုန်းကလူတွေက အနီးမှုန်ကြတယ်။ အဝေးမမှုန်ကြဘူး။ ကျောက်ခေတ်တို့ ဘာတို့မှာဆိုရင် စာဖတ်စရာလည်း လိုမှမလိုပဲ။ သူတို့လိုအပ်တာက အဝေးက လာနေတဲ့ ရန်သူကို မြင်ရဖို့၊ အမဲလိုက်ရာမှာ သားကောင်ဘယ်နားမှာ ရှိနေလဲ မြင်နိုင်ဖို့ပဲ။ ညအခါကျ ကောင်းကင်ကြီး ကိုမော့ပြီးကြယ်တွေကိုကြည့်မယ်၊ ကောင်းကင်ဒဏ္ဍာရီတွေ ပြောကြမယ်။ သူတို့ရဲ့မျက်စိကို အနီးကို ကြည့်ဖို့ ထက် အဝေးကိုကြည့်ရာမှာ ပိုအသုံးချကြတယ်။ ဒါကြောင့် တဖြည်းဖြည်းနဲ့ အနီးမှုန်လာကြတယ်။”
ဆရာဝန်က ခဏနားလိုက်ပြီး မျက်စိစမ်းသပ်သည့် မှန်ဘီလူးများကို တစ်ခုချင်းစီ ပြန်ထည့်သည်။
“နောက်ပိုင်းလူတွေကျတော့ စာဖတ်လာကြတယ်။ ဂိမ်းတွေဆော့၊ ခုခေတ်အနေအထားနဲ့ဆို ဖုန်းပွတ်ကြတယ် ပေါ့ဗျာ။ နာရီပေါင်းများစွာကြာအောင် မျက်စိနဲ့တစ်ပေသာသာ အကွာကိုပဲ ကြည့်ကြတယ်။ လူတွေက တစ်နေ့ မှာ နှစ်ဆယ့်လေးနာရီရှိတဲ့အထဲကမှ အနီးကိုကြည့်ဖို့မျက်စိအသုံးချတာနဲ့ ဆတူအချိုးကျ ဘယ်နှနှာရီများ အဝေးကြည့် လေ့ကျင့်ခန်း လုပ်ကြလို့လဲ။ ဘယ်လောက်တောင်များ သတိတရနဲ့ အနန္တအမှတ်ကို လှမ်း လှမ်းကြည့်ကြလို့လဲ။ မျက်စိကြွက်သားမှာ ကျဉ်းနိုင်ကျယ်နိုင်တဲ့နှုန်းက အကန့်အသတ်ရှိတယ်ဗျ။ အဝေးကို မကြည့်တာကြာရင် မျက်စိကြွက်သားက အဝေးမြင်နိုင်စွမ်း ကျလာတာပဲ။ အဲ … ခင်ဗျားကေ့စ်မှာ ကျတော့ ခင်ဗျားက ရှုခင်းကောင်းတဲ့နေရာလေးမှာ ထိုင်ရင်းက စာဖတ်လိုက်၊ ရှုခင်းလေးလှမ်းကြည့်လိုက် မဟုတ်လား။ ခင်ဗျားပြောပုံအရဆိုရင် စာဖတ်တာနဲ့ အဝေးကိုကြည့်တာနဲ့က ဆတူလောက်ပဲ။ ဒီတော့ ကြွက်သားက ကျဉ်းလိုက်ကျယ်လိုက် အမြဲဖြစ်နေတော့ လေ့ကျင့်ခန်းလုပ်သလို ဖြစ်သွားတာပေါ့ဗျာ။ ဘရားဗိုး ကိုယ့်လူ။ ဆက်လုပ်။”
အိမ်ပြန်လမ်းတစ်လျှောက်မှာတော့ လောကကိုပိုပြီး ကြည်ကြည်လင်လင် မြင်လာရသည်ဟု ကျွန်တော် ထင်သည်။ မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသည့် ဆယ်ကျော်သက်ကောင်လေး တစ်ယောက်၏ မျက်နှာကို ကျွန်တော် ကြည်လင်ပြတ်သားစွာမြင်နေရသည်။ သူက ကျွန်တော့ကို ဝင်တိုက်သွား၏။ သူက တစ်ချက်သာ မော့ကြည့်ကာ ‘ဆောရီး’ ဟု ပြောရင်း ဆော့လက်စဂိမ်းကို အသဲအသန် ဆက်ဆော့ကာ ထွက် သွားသည်။ “ဪ ဒီကလေးနှယ် ကားတွေတိုက် တော့မှာပဲ” ဟု ကျွန်တော်စိတ်ထဲကပြောလိုက်ရင်း သူသွားရာ ရှေ့တူရူကို ကြည့်လိုက်သည်။ ရှေ့တည့်တည့် မှာတော့ ရထားလမ်းနှင့်ကားလမ်းဆုံသည့် နေရာ တစ်ခု။ လမ်းကူးဂိတ်စောင့်ဝန်ထမ်းသည် ပလတ်စတစ် ကုလားထိုင်လေးတစ်လုံးတွင် ထိုင်ရင်း ရထားလာမည့် ဘက်သို့ လှမ်းမျှော်ကြည့်လိုက်၊ ရင်ခွင်ထဲက ကလေးကို ချော့မြှူလိုက် လုပ်နေသည်။ သူ့အလုပ်သည်လည်း တစ်နေ့တစ်နေ့ ရထားသံလမ်းနှစ်ခုပေါင်းဆုံရာ အနန္တအမှတ်ကို ကြည့်ကြည့်နေရသည့်အလုပ်ဖြစ်သည်။ မျက်လုံးကြွက်သားကို ကျုံ့လိုက်ဆန့်လိုက် ပုံမှန် လေ့ကျင့်နေရသူမို့လားမသိ။ သူ့မှာမျက်မှန်တပ်မထားသလို အဝေးကိုလည်း အတော်လှမ်းမြင်နိုင်ပုံ ရလေသည်။ မကြာပါ၊ ကလေးကို သူ့အမေလက်ထဲ ပြန်ထည့်ပေး လိုက်ပြီး ရထားလမ်း ဂိတ်ပိတ်ဖို့ ထထွက်သွားသည်။
‘မျက်စိအတော်ကောင်းသူပေပဲ” ဟု သူ့ကို ကျွန်တော် စိတ်ထဲကချီးကျူးမိသည်။ တစ်မိုင်အကွာလောက်က လာနေသည့် ရထားစက်ခေါင်းကို သူလှမ်းမြင်နေရသော်လည်း ကျွန်တော်ကတော့ အတော်အားစိုက်ပြီး ကြည့်မှ မြင်ရသလိုလိုရှိသည်။ သူ့ကို မနာလိုသလိုလိုဖြစ်မိသော်လည်း တကယ်တော့ သူ တစ်နေ့တစ်နေ့ ကြည့်နေရသည်မှာ မျဉ်းနှစ်ကြောင်းပေါင်းဆုံရာအမှတ်ကိုသာ ဖြစ်သည်။ ကျွန်တော်လို လှပသည့် တောင်တန်း များနှင့် ပြန့်ပြူးသည့်လွင်ပြင်ကျယ်ကြီးမဟုတ်သဖြင့် သူကသာ ကျွန်တော့ကို မနာလို ဖြစ်သင့်သည်ဟု ထင်ပါသည်။ သူ့မိန်းမခါးထစ်ခွင်ချီထားသည့် သူ့ကလေးပေါက်စနကို ကျွန်တော် တစ်ချက် ပြုံးပြလိုက် သည်။
ကျွန်တော့အိမ်ပုကလေးသို့ ပြန်မရောက်မီ တောင်ပူစာတစ်ကုန်းကို ဖြတ်ရသေးသည်။ ကုန်းထိပ်မှာတော့ ကလေးငယ်တစ်ယောက် ဒုံးပျံနှင့်တူသောအရာတစ်ခုကို လွှတ်တင်ဖို့လုပ်နေ၏။ ကလေးက အတော်ငယ်ပါ သေးသည်။ ရှိလှမှ ဆယ်နှစ်ပေါ့။ “သား ဘာတွေဆော့နေတာ တုန်းကွ။” “ဒုံးပျံလွှတ်မလို့လေ ဦးရဲ့၊ စီးဖူးလား၊ ဒုံးပျံ။” ကျွန်တော်က ခေါင်းခါပြလိုက်ပြီး ရယ်နေလိုက်သည်။ “သားက အာကာသထဲသွားတမ်း ဆော့နေတာ လား။ ကြီးလာရင် အာကာသယာဉ်မှူး လုပ်ချင်လို့လား။”
“ဟင့်အင်း သားက အခုကိုပဲ အာကာသယာဉ်မှူးပဲလေ ဦးရဲ့။ ခုပဲ ကောင်းကင်ထဲပျံတက်တော့မလို့။ သားကတော့ စကြဝဠာထဲ ခဏခဏရောက်နေကျပဲ။ သားတို့လို အရွယ်တွေလည်း မရောက်ဖူးသူ မရှိ သလောက် ပဲ။ ဦးတို့လူကြီးတွေ မလိုက်ဖူးသေးရင် လိုက်ခဲ့ပါလား။”
ကျွန်တော် မယုံနိုင်စွာ ငေးကြောင်ကြည့်နေတုန်းမှာပဲ ကောင်လေးက ကျွန်တော့ကို သူ့ဒုံးပျံလေးထဲ ဆွဲသွင်း လိုက်ရာ ကျွန်တော်လည်း အထဲရောက်သွားပါသည်။ ခဏနေတော့ ကောင်လေး၏ဒုံးပျံက မီးခိုးတွေထွက်လာ ပြီး ကောင်းကင်ပေါ်ပျံတက်သွားသည်။ သူ့အတွက်ကတော့ နေ့စဉ်လုပ်နေကျလို အပျင်းပြေကစားသလောက် ကိစ္စသည် ကျွန်တော့အတွက်တော့ ကြောက်ဒူးတုန်ချင်စရာဖြစ်နေသည်။ ဒုံးပျံပြတင်းတံခါးမှ အောက်ကိုငုံ့ ကြည့်လိုက်တော့ ခုနက ရပ်နေခဲ့သည့် တောင်ပူစာကလေး၏အလွန် တောင်ကုန်းကလေးထိပ်မှ ကျွန်တော့ အိမ်ကလေးကို မြင်ရသည်။ အရာရာသည် သေး၍သေး၍သွား၏။ သက်ရင့်သစ်ပင်ကြီးများ၊ တိုက်တာများ၊ တောင်တန်းများ၊ တစ်ချိန်ကကြီးသည်ဟုထင်သည့်အရာများသည် သေးသွားကြသည်။ တဖြည်းဖြည်းနှင့် မြန်မာနိုင်ငံဟု ကျွန်တော်တို့ခေါ်သော နယ်မြေကို စီးမိုးမြင်ရသည့်အမြင့်သို့ ရောက်သွားသည်။
မြန်မာနိုင်ငံကို မမြင်ရပါ။ ဘယ်မြင်ရမလဲ။ မြန်မာနိုင်ငံက ရုပ်အထည်ဒြပ်အားဖြင့်ရှိနေတာမှမဟုတ်ပဲ။ နယ်နိ မိတ်မျဉ်းတွေဆိုတာကလည်း စိတ်ကူးထဲ ဆွဲထားတာကိုး။ သည်လိုနှင့် ထပ်ပြီးမြင့်သွားတော့ ကြီးလှပါသည် ထင်ခဲ့သည့် အာရှတိုက်ကုန်းမကြီးကလည်း ကမ္ဘာ့မျက်နှာပြင်စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းရှိသည့် ပင်လယ် သမုဒ္ဒရာတို့နှင့် ယှဉ်ပြန်တော့ ကျွန်းကြီးတစ်ကျွန်းသာသာ။ ကမ္ဘာလုံးကြီးဆိုတာကလည်း အမြင့်တစ်နေရာက ကြည့်တော့ မျက်စိထဲ ဂေါ်လီလုံးလောက်။ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်သော လူတွေကိုတော့ ကျွန်တော်တို့ လုံးဝမမြင်နိုင်တော့ပါ။
ကောင်ကလေး၏ ဒုံးပျံက ကမ္ဘာကိုတစ်ပတ်ပတ်ပြီး နေအဖွဲ့အစည်း၏နယ်နိမိတ်များအထိ အရှိန်အဟုန်ပြင်း စွာဖြင့် ပျံသန်းနေပါသည်။ အာကာသထဲရောက်တော့မှ ကောင်ကလေးတစ်ယောက်တည်း မဟုတ်ဘဲ သူ့လို ဒုံးပျံပျံပြီး ကမ္ဘာကြီးကိုပြန်ကြည့်သူတွေ အတော်များမှန်းကျွန်တော် သိတော့သည်။ အဝေးကြည့် ကြည့်ရသည်ကို ပျော်သောမျိုးဆက်။ ကျွန်တော်တို့နေထိုင်ရာ “ဂြိုဟ်ပြာကြီး” ဟု ခေါ်သောကမ္ဘာကြီးကတော့ တလက် လက်အရောင်ပြန်နေသည့် ကြယ်တစ်လုံးဖြစ်သွားသည်။ ဂြိုဟ်ကြီးကိုးလုံး၊ နေမင်းကြီး အားလုံးသည် မှောင်မည်းသော အခန်း၏ အထက်မျက်နှာ ကျက်တွင် အလှကပ်ထားသည့် ကြယ်စင်လေးများလို အလင်း ထုတ်လျက်၊ အလင်းပြန်လျက်။ “ကြည့်လို့ဝပြီလား ဦးဦး။” “အေး ဝပါပြီသားရယ်။ တကယ်ကို အံ့မခန်းတဲ့ အာကာသခရီးပါပဲ။” “ဒါဆို သားတို့ပြန်ကြမယ်။”
ကောင်ကလေး၏ ဒုံးပျံကလေး မူလနေရာကိုပြန်ဆိုက်၊ လက်ပြနှုတ်ဆက်ပြီးတော့ ကျွန်တော်လည်း တောင် ကုန်းထိပ်က တိုက်ပုကလေးသို့ပြန်ရောက်သည်။ ကျွန်တော့ဖေးဘရိတ် တောင်စောင်းဝရန်တာကလေးတွင် ထိုင်ကာ မရိုးနိုင်သောရှုခင်းများကို လှမ်းကြည့်လိုက်သည်။ နေဝင်ခါနီးမို့ နေရောင်က လွင်ပြင်နှင့် တောင်တန်း များပေါ်ဖြာကျလျက်ရှိသည်။ စပါးခင်းများက ဝါရွှေရောင် လွင်လွင်တောက်ကာ တောင်တန်းများကလည်း ပြာရာမှ ဝါသည့်ဘက်သို့ ပြောင်းနေသည်။ တောင်တစ်လုံး၏ထိပ်တွင် တည်ထားသော ထုံးဖြူဖြူစေတီ ကလေးကိုပါ ယခု မြင်နေရသည်။ တောင်ထွတ်တွင် စေတီလေးတစ်ဆူရှိမှန်း သိထားခဲ့သော်လည်း ယခင်က မျက်မှန်ချွတ်ကြည့်လျှင် မဖူးရပါ။ ကျွန်တော့မျက်စိ အဝေးမမှုန်တော့သည့်နောက်မှ ထိုစေတီကို ကျွန်တော့ ပကတိမျက်စိ ဖြင့် မြင်ရခြင်းဖြစ်သည်။
လူတွင် ရပ်၊ သွား၊ ထိုင်၊ လျောင်းဟူ၍ ဣရိယာပုဒ်လေးပါးရှိသည်ဟု ဆိုကြသည်။ မျက်စိနှင့်ပတ်သက်လျှင် တော့ ဣရိယာပုဒ်သုံးပါးရှိပါသည်။ မျက်စိပိတ်ထားခြင်း၊ မျက်စိဖွင့်၍အနီးကိုကြည့်ခြင်းနှင့် ဖွင့်၍အဝေးကို ကြည့်ခြင်းတို့ဖြစ်သည်။ ကျွန်တော်ကတော့ သည်နေ့တစ်နေ့လုံး စာတွေလည်းဖတ်ခဲ့သည်၊ ဖုန်းကိုလည်း ကြည့်ခဲ့သည်၊ မဟာ့မဟာ အနန္တအကွာအဝေးသို့လည်း ကြည့်ခဲ့ပြီ။ ဣရိယာပုဒ်မျှတစေရန် အလို့ငှာ မျက်လုံးများကို အလှည့်ကျ ပြန်ပိတ်လိုက်သည်။ သို့သော် ဉာဏ်ထဲမှာကတော့ အာကာသခရီးတုန်းက ကမ္ဘာကိုပြန်မြင်ရသည့် မြင်ကွင်းကို စိတ်မှန်းဖြင့်ပြန်ကြည့်နေမိပါသည်။
ချင်းတွင်းမဂ္ဂဇင်း (အမှတ် ၉၃) စက်တင်ဘာ-အောက်တိုဘာ ၂၀၂၀
Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း