Skip to main content

နှလုံးသားအေအိုင်



သက္ကရာဇ် ၂၀၅၀ …

မိုးလင်းလာတာနဲ့ အလိုလိုရင်ခုန်လာတာပဲ။ 

ဒီကနေ့ရော ဘဝဟာ ဘယ်လိုထိန်းချုပ်မောင်းနှင်ခံရဦးမလဲ။ လက်မှာပတ်ထားတဲ့ အက်ပဲလ်နာရီဆီကနေ သတိပေးသံတစ်ချက်။ လက်ပတ်နာရီမျက်နှာပြင်ကလေး လင်းနေတယ်။ စာဝင်နေပြီ။

“မင်းညက နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်ခဲ့ဘူး မဟုတ်လား။ မင်းရဲ့နှလုံးခုန်နှုန်းတွေ၊ အသက်ရှူနှုန်းတွေ၊ မင်းရဲ့ ကိုယ်ခန္ဓာ လူးလွန့် လှုပ်ရှားမှုတွေက လုံလောက်အောင် မငြိမ်သက်ခဲ့ဘူး။ အိပ်ရေးမဝခဲ့တဲ့ အတွက် မင်းအနေနဲ့ ဒါတွေလုပ်သင့်တယ် … 

“နောက်တစ်နာရီထက် နောက်မကျဘဲ မနက်စာ စားပါ။ စားတဲ့အခါ အာဟာရဓာတ်ကြွယ်ဝတဲ့ ကာဗို ဟိုက်ဒရိတ်နဲ့ အသားဓာတ်၊ လူကိုဒုက္ခမပေးတဲ့ အဆီဓာတ်တွေစားပါ။ ရေများများသောက်ပါ။ ရေဘူး တစ်ဘူး အနားမှာဆောင်ထားပြီး တစ်နေ့လုံးသောက်ပေးပါ။ ဘလက်ကော်ဖီတစ်ခွက်လောက် သောက်ပါ …” 

မဆုံးနိုင်တဲ့ အကြံပြုချက်တွေ၊ ညွှန်ကြားချက်တွေ … အဲဒါတွေရဲ့နောက် တစ်ခုပြီးတစ်ခု တက်လာတဲ့ ကျန်းမာရေး အစားအသောက် ကြော်ငြာတွေကို ဆက်မဖတ်တော့ဘဲ လက်ပတ်နာရီကိုချွတ်လို့ မျက်နှာသစ်ဖို့ ရေချိုးခန်းဝင်လိုက် တယ်။ အိပ်ရေးမဝတော့ လူက နုံးထိုင်းထိုင်းကြီးဖြစ်နေဆဲ။ ခေါင်းပေါ်တည့်တည့် ရေပန်းကိုဖွင့်ချလို့ တစ်နေ့တာ အစမပြုခင် သုတ်သင်နေတုန်း ညကမက်ခဲ့တဲ့ အိပ်မက်ဆိုးတွေ၊ အိပ်မက်ရှည်တွေကို ပြန်စဉ်းစား ကြည့်နေမိတယ်။ အိပ်မက်ဆိုတာ မက်နေတုန်းသာ ဟုတ်တာ၊ နိုးရင်တော့ အကုန် မှုန်ဝါးဝါးဖြစ်ကုန်ပြီပဲ။

ဆုံးရှုံးခဲ့ရတဲ့ ဝါသနာ … မရလိုက်တဲ့ အလုပ်။ တောက်တစ်ချက်ခေါက်ရုံနဲ့ အရာရာ အကုန်အသစ်က ပြန်စနိုင် ရင် ကောင်းပါရဲ့။ 

“ဆောရီးပဲ ညီလေး … မင်းရဲ့အရည်အချင်းတွေကို အစ်ကိုတို့ကတော့ ကြိုက်ပါရဲ့။ ဒါပေမဲ့ ကွန်ပျူတာမှာက မင်းကို မခန့်ဖို့ပဲ ပေါ်နေတယ်။” 

“ဗျာ ဘာဖြစ်လို့လဲ … အကြောင်းရင်းလေး သိရမလား။ ကျွန်တော့် အားနည်းချက်တွေကိုသိရရင် ကျွန်တော် ပြန်ပြင်ပြီး ပြန်ကြိုးစားနိုင်မှာမို့လို့ပါ။ ဒီအလုပ်ကို ကျွန်တော် သိပ်မျှော်လင့်ထားခဲ့သလို ဆန်ခါတင် အင်တာဗျူးအထိ ပါလာတာ ဆိုတော့ …” 

“ဘာကြောင့်လဲ ဆိုတာတော့ စက်ကမပြောဘူးညီလေးရယ်။ လူတွေက ဆုံးဖြတ်တာဆိုရင်တော့လည်း အစ်ကိုတို့က ပြောပြနိုင်ကောင်းပါရဲ့။ အခုက အေအိုင်က သူ့ဘာသာသူ ညီလေးရဲ့ ကိုယ်ရေးအချက်အလက် တွေ၊ အကြိုက်တွေ၊ အားသာချက်တွေကို သူ့ဟာသူ ကြည့်ပြီး အယ်လ်ဂိုရစ်သမ်နဲ့ တွက်ချက်အဖြေထုတ်သွား မှန်း ညီလေးလည်း သိရဲ့သားနဲ့”

မနေ့က အိမ်အပြန်လမ်းတစ်လျှောက်လုံး ကျွန်တော့်ရင်ထဲ တနုံ့နုံ့နဲ့ပဲ။ ဘာလို့လဲ။ ကျွန်တော်ရခဲ့တဲ့ဘွဲ့၊ ကျွန်တော့် အရည်အချင်းတွေဟာ ဒီအလုပ်ကိုရဖို့လောက် မလုံလောက်ဘူးတဲ့လား။ အင်တာနက်ကရတဲ့ ကျွန်တော့် အချက်အလက်တွေအပေါ် အမှီပြုဆုံးဖြတ်တဲ့ ဒီဉာဏ်ရည်တုက ‘နိုး’ ဆိုတာနဲ့ ‘နိုး’ လိုက်ရရောတဲ့ လား။ ကျွန်တော် ဂူဂဲလ်မှာ ဘာတွေရှာတတ်တယ်၊ ဖေ့စ်ဘွတ်မှာ ကျွန်တော်ဘယ်လို ရှင်သန်နေထိုင်တယ်၊ ဘာတွေကို ကြိုက်တယ်၊ ဘာတွေကို အားသန်တယ်၊ အားနည်းချက်က ဘာ၊ အားသာချက်က ဘာ … ဒါတွေက ကျွန်တော့်ဘဝ ကျွန်တော့်အိပ်မက်တွေကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပြန်ပြီတဲ့လား … 

ဟိုးလွန်ခဲ့တဲ့ လေးနှစ်ကျော်၊ ငါးနှစ်လောက်က ကာလတစ်ခုကို ကျွန်တော်ပြန်အမှတ်ရမိသေးရဲ့။ အဖေနဲ့ အတိုက်အခံ ဖြစ်ခဲ့ရတဲ့နေ့တွေ၊ အမေနဲ့အတိုက်အခံ ဖြစ်ခဲ့ရတဲ့ညတွေ။ ကျွန်တော်ကလည်း ခေါင်းမာမာ။ ငယ်ကတည်းက ဝါသနာက ပန်းချီဆရာလုပ်ဖို့။ တက္ကသိုလ်ဝင်တန်းအောင်တော့ အနုပညာကျောင်း ဆက်တက်ချင်တာ။ အဖေက မီးဝင်းဝင်းတောက် မတတ်မျက်လုံးတွေနဲ့ လက်ညှိုးငေါက်ငေါက်ထိုး။

“မင်း အဲဒီကျောင်းဘွဲ့က ဘာသွားသုံးစားလို့ ရမှာမို့လို့လဲ … ဒီအနုပညာကျောင်း တက်ချင်ရအောင်။ မင်းကို ငါ အိုင်တီကိုပဲ လိုက်စားဖို့ ငယ်ငယ်ကတည်းက တဖွဖွမမှာခဲ့ဘူးလား။ ဒီခေတ်က ဘာခေတ်လဲ။ ၁၉ ရာစုခေတ်ကလို လောကကြီးကို ငေးကြည့်သာယာပြီး ကဗျာတွေ စာတွေဖွဲ့နေရမယ့်ခေတ်လား။ ရှုခင်းကြီးကိုကြည့်ပြီး ပန်းချီ ဆွဲနေရမယ့် ခေတ်လား ဟင်။ ဒါ ၂၁ ရာစုတစ်ဝက်ကျိုးချိန်ကွ။ သိပ္ပံနဲ့နည်းပညာခေတ်၊ စက်ဦးနှောက်ကို အသုံးချပြီး လူတွေက ခုန်ပျံကျော်လွှားနေရမယ့်ခေတ်ကွ။”

“အဲဒါကြောင့်ပဲ ကျွန်တော်တို့လူသားတွေ ဒုက္ခရောက်နေကြရတာပေါ့ အဖေ။ ကျွန်တော်တို့မှာ ဘာကျန်သေးလဲ၊ အကုန်အခွံချည်းပဲ …”

“ဘာ … မင်း မင်း တောက် …” 

အဲဒီလို ကတောက်ကဆနေ့ရက်တွေရဲ့အလွန်မှာ ကျွန်တော့်အနာဂတ်ကို အေအိုင်က ဆုံးဖြတ်ပေးခဲ့ပါတယ်။ ကျွန်တော့်နဲ့အသင့်လျော်ဆုံးဟာ အိုင်တီအင်ဂျင်နီယာဘာသာရပ်ပါပဲတဲ့။ ကျွန်တော့်သက်တမ်းတစ်လျှောက် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ကျွန်တော့်ရဲ့ ဆိုရှယ်မီဒီယာအသုံးပြုပုံတွေ၊ အင်တာနက်မှာ ပြုမူ လှုပ်ရှားခဲ့ပုံတွေကို ကြည့်ပြီး ဘာမှန်းမသိတဲ့ ဖော်မြူလာကြီးနဲ့ တွက်ချက်လိုက်တာတဲ့လေ။ အယ်လ်ဂိုရစ်သမ် ကို ဆန့်ကျင်ပြီး ကျွန်တော်စိတ်ဝင်စားတဲ့ကျောင်းကို သွားလျှောက်လို့ ရတာတော့ ရပါတယ်။ ဒါပေမဲ့ အရာရာကို စက်ဦးနှောက်နဲ့ဆုံးဖြတ်နေတဲ့ခေတ်မှာ စက်ကထုတ်ပေးတဲ့အဖြေကိုမှားကြောင်း သက်သေပြနိုင်မှ ကျွန်တော့်ကို သူတို့ကလက်ခံကြမှာလေ။ 

ဒီလိုနဲ့ ကျွန်တော်အိုင်တီအင်ဂျင်နီယာတစ်ယောက် ဖြစ်လာခဲ့တယ်။ ကျောင်းပြီးလို့ ဘွဲ့နဲ့ဆိုင်တဲ့အလုပ်ရှာရင်း နာမည်ကျော်နည်းပညာကုမ္ပဏီကြီးတစ်ခုမှာ အလုပ်သွားလျှောက်ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ စောစောက ပြောခဲ့ သလိုပဲ ဘာမှန်းမသိတဲ့ ဖော်မြူလာကိုကိုင်ပြီး စက်ကတွက်ထုတ်ပေးတဲ့အဖြေနဲ့ ကျွန်တော့်မှာ ရင်ကွဲပက်လက် နဲ့ ပြန်လာခဲ့ရတယ်။ ဘာလို့လဲ … ကျွန်တော် စိတ်တိုရင် ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်တာ အေအိုင်က သိနေလို့လား။ တစ်ပတ်ကို နှစ်ရက်၊ သုံးရက်လောက် ညဘက်ကို အမူးအကွဲ သောက်တတ်တာကို အေအိုင်က ထည့်သွင်း တွက်ချက်လို့လား။ ဒါမှမဟုတ် အင်တာနက်ပေါ် အပြာဆိုက်တွေ၊ ကားတွေ ကြည့်ချိန်များလို့လား။ ဒါတွေနဲ့ ဒိအလုပ်နဲ့ ဆိုင်သလား …။ 

မနေ့က ကိစ္စကို ခုထိ မမေ့နိုင်ဘဲ စားမြုံ့ပြန်၊ ရေကိုစိမ်ပြေနပြေချိုးနေမိတယ်။ တတောက်တောက်ကျနေတဲ့ ရေစက်တွေကို အမြန်သုတ်ရင်း အိပ်ခန်းထဲဝင်လာတော့ ဝတ်ရည်ဆီက ဖုန်း မြည်နေတယ်။ ဖုန်းမျက်နှာပြင်ရှေ့ ကျွန်တော့်မျက်နှာကို ပြလိုက်တော့ ဖုန်းကအော်တိုကိုင်ပြီးသား။ “အေး ဝတ်ရည် ပြော…” 

“အေး ဒီနေ့ စင်တာကိုမလာခဲ့နဲ့တော့။ ငါတို့ ဒီမနက်အစီအစဉ်နောက်ဆုံးမိနစ်မှ ပျက်သွားပြီ။ အဲဒါ ငါ တက္ကသိုလ်စာကြည့်တိုက်မှာပဲရှိမယ်။ အဲဒီကိုပဲ လာခဲ့လေ နော်။” 

စင်တာမှာရှိနေတဲ့ ရောဂါရှင်တွေကို ဒီနေ့မနက် ဝတ်ရည်တို့ စေတနာ့ဝန်ထမ်းအဖွဲ့နဲ့အတူ သွားပြုစုမလို့ ချိန်းထားပေမဲ့ အကြောင်းကြောင်းကြောင့် ပျက်သွားတယ်။ ဆိုတော့ ဝတ်ရည်ကိုတွေ့ဖို့ စာကြည့်တိုက်ကိုပဲ သွားရတော့မှာပဲ။ မနေ့ကတော့ အလုပ်မရလို့ စိတ်ပျက်တဲ့အကြောင်း ဝတ်ရည်ကို ဖုန်းထဲကနေ ပြောပြခဲ့ပြီး ပေမဲ့ ခုမနက် လူချင်းတွေ့ရင်လည်း ထပ်ပြောပြရဦးမှာပဲ။ ဝတ်ရည်ရဲ့နှစ်သိမ့်စကားတွေကို ထပ်ကြားချင် သေးတယ်။ ဝတ်ရည်က ကျွန်တော့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်း၊ နောက်ပြီး တိတ်တိတ်ခိုးချစ်နေရသူ။

အဝတ်အစားလဲပြီး မနက်စာစားဖို့ အောက်ဆင်းလာတော့ ထမင်းစားခန်းထဲ အဖေနဲ့ အမေ ခေါင်းချင်းဆိုင်ပြီး တစ်ခုခုကို မကျေမနပ်ဆွေးနွေးနေကြတယ်။ မနက်စာစားရင်း နားထောင်ကြည့်ရ သလောက် အမေ့အမေ အဘွားရဲ့ ကျန်းမာရေးအာမခံ ကိစ္စ အာမခံကုမ္ပဏီရဲ့အကြောင်းကြားချက်ကို မကျေမနပ် ဖြစ်နေ ကြတာ။ အာမခံကုမ္ပဏီက ထောက်ခံထားတဲ့ ကျန်မာရေးစောင့်ကြည့်စနစ်ကနေ အဘွားဆီကို ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အကြံပြုချက်တွေ တောက်လျှောက်ပို့ပေးခဲ့ပေမဲ့ အဘွားက ဘာမှမလုပ်ခဲ့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကုမ္ပဏီက အာမခံကြေးပေးဖို့ ငြင်းတာတဲ့။

“ခက်တာပဲ … အမေကလည်း သူဘာမှမဖြစ်ဘူးဆိုပြီး အကြံပြုချက်တွေကို ဘာမှမလုပ်ခဲ့တာ။” 

“အေးလေ … ရှေးလူကြီးများဆိုတော့လည်း ခက်သားပဲ။ သူ့သွေးထဲမှာ ကိုလက်စထရော စတက်နေပြီဆိုပြီး သတိစပေးကတည်းက ဆေးရုံသွားလိုက်ရင်ပြီးရောဟာကို။ ခုခေတ်က သိတဲ့အတိုင်း ဖြစ်မှသွားကုလို့ ရတာ မဟုတ်ဘူး။ လူက အပေါ်ယံကြည့်ရုံနဲ့ ကောင်းနေတာပဲ ဆိုပေမဲ့ စက်ကတော့ ဘယ်ကိုယ်အင်္ဂါ ဘာဖြစ်နေပြီ ဆိုတာ သိတာပေါ့။ သူက လှမ်းပြီး ‘နိုတီ’ ပို့တာနဲ့၊ အီးမေးလ်ပို့တာနဲ့ ချက်ချင်းလိုက်လုပ်နိုင်မှ။ နို့မို့ အာမခံကုမ္ပဏီနဲ့က စကားတွေပြောရရော …” 

အဘွားက အခု ဆေးရုံမှာ။ ဟိုတလောက နှလုံးဖောက်လို့ အရေးပေါ်သွားပြရင်းကနေ ဆေးရုံတင်လိုက်ရတာ။ ခုတော့ ပြန်သက်သာလာပါပြီ။ ညနေကျမှ အဘွားဆီသွားကြည့်ရဦးမယ်။ ကျွန်တော်ငယ်ငယ်ကတည်းက အဘွားလက်မောင်း အရေပြားနေရာက အနာရွတ်လေးကို စမ်းစမ်းကြည့်ခဲ့တာပဲ။ လူကြီးတွေကတော့ အဲဒါ အဘွားလက်မောင်းထဲ ချစ်ပ်ပြားလေး ထည့်ထားတာတဲ့။ အဘွားတစ်ကိုယ်လုံးမှာ ဘယ်နား ဘာဖြစ် နေလဲ အကုန်သိတဲ့စက်တဲ့။

အဲဒီစက်က လူရဲ့ သွေးတွင်းကိုလက်စထရောပမာဏ၊ နှလုံးခုန်နှုန်း၊ ဦးနှောက်ထဲ သွေးယိုစိမ့်နေလား၊ ကင်ဆာဆဲလ် စတွေ့ရပြီလား အကုန်စောင့်ကြည့်ပြီး ထူးခြားတာနဲ့ လှမ်းသတိပေးတယ်။ သူက အင်တာနက် နဲ့ ချိတ်ထားတာ မဟုတ်လား။ ဒီစက်နဲ့ချိတ်ထားတဲ့ ကုမ္ပဏီရဲ့ စက်ဦးနှောက်ကနေ ပုံစံအမျိုးမျိုးနဲ့ လှမ်း သတိပေးတာပေါ့။ ဒါပေမဲ့ အဘွားက သိတယ်မဟုတ်လား။ ၁၉၈၀ ကာလတွေမှာ မွေးခဲ့တာဆိုတော့ အခု အသက် ၇၀ ပေါ့။ သူတို့ငယ်ငယ်တုန်းက ဆိုတာချည်းပဲ အစချီပြီး ‘ငါနေကောင်းတာပဲ’ ဆိုတဲ့ စကားတွင်တွင် ပြောပြီး ဘာမှ မလုပ်။ သူတို့ခေတ်နဲ့က တူတော့တာမှမဟုတ်တာ။ ကိုယ်ခန္ဓာမှာ နည်းနည်းလေး ပုံမှန် မဟုတ်တာနဲ့ စက်ကသိနေပြီ။ သူတို့အဖေအမေ ခေတ်ကလို ဘာကင်ဆာ ဘယ်လောက်အဆင့် ဘာညာဆိုပြီး နှောင်းမှအသိခံတဲ့ခေတ် မဟုတ်တော့ဘူးလေ။

အဖေနဲ့အမေကို နှုတ်ဆက်ပြီး စာကြည့်တိုက်ကို ထွက်လာလိုက်တယ်။ ကျွန်တော့်ရဲ့ မောင်းတိန်း --- စက်ဘီးကလေးဟာ သစ်ပင်ရိပ်တွေနှစ်ဖက်ယှက်မိုးထားတဲ့ စက်ဘီးလမ်းလေးထက် တရိပ်ရိပ်ပြေးလွှားလို့။ လမ်းလယ်မှာတော့ တက်စလာရဲ့နောက်ဆုံးထုတ် အလိုအလျောက်မောင်းကားလေးတစ်စီးက ကျွန်တော့်ဘေးကနေ လှစ်ခနဲ ကျော်တက်သွားတယ်။ ညာဘက် စင်္ကြန်လမ်းမှာတော့ ခြေကျင်လမ်းလျှောက်သူတွေက လမ်းအပြည့်။ ဒီနေ့ခေတ်မှာ လူတွေက ကားကိုသိပ်မသုံးကြတော့ဘူး။ ဒါကြောင့် စက်ဘီးလမ်းတွေ ပိုများလာသလို လူသွား စင်္ကြန်တွေလည်း ပိုကျယ်လာတယ်။ ကားလမ်းသက်သက်ကတော့ ကျဉ်းလာတာပေါ့။ ကားတွေကလည်း လျှပ်စစ်ကားတွေအများစု ဆိုတော့ ပတ်ဝန်းကျင်တော့ အဖေတို့ခေတ်ကထက် ပိုသန့်ရှင်းလာတယ်လို့ ဆိုကြတယ်။

မောရင် ရေသောက်လိုက်၊ ခဏနားလိုက်နဲ့ စက်ဘီးကိုစီးလာရင်း ရှေ့မှာ လူတွေအုံနေတာလှမ်းမြင်လိုက်တော့ ကျွန်တော်လည်း သွားစပ်စုကြည့်မိတယ်။ လား … လား … ယာဉ်တိုက်မှုဖြစ်ထားတာပဲ။ ကျွန်တော့်ကို ခုနက ဖြတ်ကျော်သွားတဲ့ တက်စ်လာကားလေးက တစ်ဖက်ယာဉ်ကြောကိုရောက်ပြီး လမ်းလယ်မှာ ကန့်လန့်ကြီး။ အဲ … ကုမ္ပဏီပိုင် ထရပ်ကားတစ်စီးကတော့ ကျွန်တော့်လမ်းဘက်ခြမ်းကို ဝင်နေပြီး ကလေးနှစ်ယောက်ကို တိုက်ထားတယ်။ အသက်ဆယ်နှစ်မရှိတရှိ ကလေးနှစ်ယောက်ဟာ ကတ္တရာလမ်းမပေါ် သွေးအိုင်လေးတွေထဲ မကြည့်ရက်စရာ။

ကျွန်တော် မျက်နှာကိုလွှဲလိုက်တယ်။ စောစောစီးစီးကွာ။ ဘေးနားက လူအုပ်အပြောအရတော့ တက်စ်လာ ကားက ကလေးနှစ်ယောက် လမ်းပေါ်ပြေးတက်လာတာမြင်လို့ လမ်းဟိုဘက်ကို ဆွဲချလိုက်တယ်။ မျက်နှာချင်းဆိုင်က လာတဲ့ ထရပ်ကားကလည်း မျက်နှာချင်းဆိုင် မတိုက်မိအောင် ရှောင်လိုက်ခါမှ ခုနက ကလေးနှစ်ယောက်ဘက်ကို ဆွဲလိုက်မိပြီး တည့်တည့်ကို တိုက်မိတာပဲတဲ့။ ဘယ်လိုတွေဖြစ်ကုန်ပြီလဲ။ အလိုအလျောက် မောင်းနှင်တဲ့ ကားတွေကြောင့် ယာဉ်တိုက်မှု သိသိသာသာ လျော့ကျလာပြီ ထင်တားတာ။ ခုအတိုင်းဆို ကားကုမ္ပဏီတွေ အတော်လျော်ရမယ့်ကိန်းပဲ။

“ဟိုတက်စ်လာကားလေးက သူ့ကွန်ပျူတာစနစ်ထဲမှာ လူတွေ့ရင်ရှောင်ခိုင်းတဲ့ မုတ်ဒ်ကို ရွေးထားပြီး ဟိုထရပ်ကား ကျတော့ ယာဉ်ယာဉ်ချင်းရှောင်ခိုင်းပြီး လူကိုပဲတိုက်ပါလို့ ရွေးထားတာ နေမှာ။”

“ဟာ မဟုတ်က ဟုတ်က။ ဟိုထရပ်ကားက လူကိုယ်တိုင်မောင်းတာပါ။ သူက အော်တိုယာဉ်မောင်းမဟုတ်ပါဘူး။ ဟို တက်စ်လာလေးကသာ အော်တိုယာဉ်မောင်း။” 

“ဪ … နောက်ခန်းက ယာဉ်ပိုင်ရှင်ခမျာ ‘လူ့အသက်ကယ်’ ခလုတ်ကိုရွေးထားပေမဲ့ ဟိုဘက်ကားက သူ့လိုမဟုတ်တော့ ကိုယ်ကျိုး နည်းကုန်တာပေါ့။”

လူတွေ တစ်ယောက်တစ်ပေါက် ပြောနေသံတွေဟာ ကျွန်တော့်နောက်နားမှာ တဖြည်းဖြည်းဝေဝါးကျန်ခဲ့တယ်။ လူနာတင်ကားသံတွေကလည်း တစ်လမ်းလုံးဆူညံလို့။ အနိဋ္ဌာရုံမြင်ကွင်းနဲ့ဝေးရာ မြကျွန်းသာစာကြည့်တိုက် ရောက်တော့ ဝတ်ရည်ကို ထိုင်နေကျသစ်ပင် အောက်က စောင့်နေတာတွေ့တယ်။ ဝတ်ရည်က ဒီနေ့ တီရှပ်ပန်းရောင်လေးနဲ့ ဂျင်းပင်ရိုးရိုးလေးပဲ ဝတ်ထားတယ်။ ဆံပင်ကို ရှေ့နဖူးပေါ် အုပ်ဝဲချထားတယ်။

ဝတ်ရည်နဲ့ စာကြည့်တိုက်ထဲဝင် စာအုပ်ငှား (စာအုပ်တွေကတော့ ခုထိတွင်ကျယ်နေတုန်းပါပဲ… စာအုပ်ကိုင်ဖတ်ရတာ ကြိုက်တဲ့သူတွေကတော့ မျိုးမတုံးသေးဘူး) ကျောင်းထဲကလက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး အလ္လာပသလ္လာပ ပြောရင်း ဝတ်ရည်ကို ဖွင့်ပြောလိုက်ရတော့မလားလို့ စိတ်ကူးအကြိမ်ကြိမ်ပေါ်မိတယ်။ ဝတ်ရည်ရင်ထဲ ဘယ်လိုရှိမယ်တော့ မပြောနိုင်ပေမဲ့ သူ့အကြည့်တွေအရ၊ ကျွန်တော့်အပေါ် ပြူမူဆက်ဆံပုံအရတော့ သူ့ရင်ထဲမှာ ကျွန်တော်ရှိလိမ့်မယ်လို့ ထင်တာပဲ။ ဒါပေမဲ့ … ဒါပေမဲ့ … 

ကျွန်တော့်အသက်ရှူနှုန်းတွေ နှေးကွေးသွားတယ်။ ဝတ်ရည်နဲ့ကျွန်တော် စပြီးဒိတ်လုပ်ကြကတည်းက မြားနတ်မောင် အက်ပ်က ကျွန်တော့်ဆီ ပို့ခဲ့တဲ့ နိုတီတွေ နိုတီတွေကို သွားသတိရမိလို့ပဲ။

ဝတ်ရည်နှင့်သင်တို့၏ လိုက်ဖက်ညီမှုမှာ ၅၀ ရာခိုင်နှုန်းအောက်။ ဝတ်ရည်၏အကြိုက်၊ နှစ်သက်မှု၊ ဘဝနေထိုင်မှု၊ စိတ်နေစိတ်ထားက ဘယ်လို ဘယ်ချမ်းသာ … ကျွန်တော့်ဒေတာတွေကတော့ ဘယ်သို့ဘယ်ပုံ။ နောက်ပြီး ဝတ်ရည်ရဲ့ မျိုးဗီဇနဲ့ ကျွန်တော့်မျိုးဗီဇပေါင်းစပ်ရင် မွေးလာမယ့်ကလေးတွေမှာ ဖြစ်လာနိုင်တဲ့ ချို့ယွင်းချက်တွေက ဘာတွေ ဘာတွေ။ ဖြစ်နိုင်ခြေက ဘယ်လောက်။ သူ့ရဲ့ဆွေမျိုးနောက်ခံ၊ ကျွန်တော့်ဆွေမျိုးနောက်ခံ … ဟား စုံလို့ပဲ။

ဟူး … အေအိုင်ရေ မင်း ဒီလူတစ်ယောက်ရဲ့ ဂူဂဲလ်နဲ့ ဆိုရှယ်မီဒီယာအချက်တွေ၊ အများပြည်သူအတွက် ဖွင့်ပေးထားတဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်တွေနဲ့ပဲ ဆုံးဖြတ်နေတော့မှာလား။ ဝတ်ရည်ရဲ့ဓာတ်ပုံ ဖေ့စ်ဘွတ်မှာ တက်လာတိုင်း ရပ်တန့်ငေးကြည့်တတ်တဲ့ ကျွန်တော့်မျက်လုံးထဲက သူငယ်အိမ်အပြောင်းအလဲတွေ၊ ဦးနှောက်က ထွက်လာတဲ့ လှိုင်းတွေ၊ ပြောင်းလဲသွားတဲ့ နှလုံးခုန်သံတွေကို ခင်ဗျား ဘာဖြစ်လို့ ထည့်မတွက်တာလဲ။ သူ မုန့်ဟင်းကြိုက်ပြီး ကျွန်တော် နန်းကြီးသုတ် ကြိုက်တာတွေနဲ့ ခင်ဗျား ဆုံးဖြတ်ပေးမှာလား။ ခင်ဗျားရဲ့ဖော်မြူလာနဲ့ တွက်ချက်ပေးလိုက်တဲ့ အတိုင်း ပေါင်းစပ်ကြတဲ့ စုံတွဲတွေရော ဘယ်လောက်တောင် ခိုင်မြဲပြီး ဘဝသာယာနေလို့လဲ။ တစ်နေ့တစ်နေ့ များလိုက်တဲ့ ကွာရှင်းပြတ်စဲမှုတွေ။ 

အဲဒီနေ့က ဝတ်ရည်ကို ကျွန်တော်ဖွင့်မပြောဖြစ်ခဲ့ဘူး။ ကျွန်တော်လည်း ဇဝေဇဝါပဲ။ ဝတ်ရည်လည်း ဒိတ်တင် အက်ပ်တွေ သုံးမှာပဲလေ။ သူ့ဆီကိုလည်း ကျွန်တော်နဲ့သူနဲ့ကြားက ဖြစ်နိုင်ခြေအစီရင်ခံစာတွေ ဝင်နေမှာပဲ။ ဒီအတိုင်းဆို သူ့ဆီဝင်တဲ့ ဒေတာတွေအရ ကျွန်တော့်ကို သူရွေးချယ်လောက်မှာ မဟုတ်ဘူး။ စက်ဘီးကိုဂရုစိုက်နင်းရင်း ခေါင်းကိုတွင်တွင်ခါနေမိ တယ်။ ဝတ်ရည်ကိုကျွန်တော်ချစ်လာခဲ့တာ ဟိုးပဝေသဏီကပဲ။ သူငယ်ချင်း သံယောဇဉ်က စတာပေါ့။ ကျောင်းပြီးတဲ့ အထိလည်း သူနဲ့ကျွန်တော်နဲ့ မကြာမကြာအပြင်မှာတွေ့နေကြတုန်း။  ဒါပေမဲ့ ကျွန်တော့်ရဲ့ ကျောင်းပညာတွေ၊ အလုပ်တွေကို ဝင်နှောင့်ခဲ့တဲ့ စက်ဦးနှောက်ဟာ နှလုံးသားရေးရာမှာလည်း ဝင်နှောင့် ဦးမှာပဲ။

အိမ်ပြန်လမ်းမှာပဲ လက်ကနာရီက ဖုန်းမြည်လာလို့ နားထောင်လိုက် တော့ အဘိုးဖြစ်နေတယ်။ အဘိုးဆိုတာက အဖေဘက်က အဘိုးပါ။ အိမ်မှာအတူနေပြီး ဆေးရုံတင်ထားရတဲ့ အဘွားက အမေဘက်က အဘွားပေါ့။ ခုပြောတဲ့ အဘိုးက ကျွန်တော်တို့နဲ့အတူမနေဘူး။ သူနဲ့အဘွားက ငွေဆောင်နားက ရွာလေး တစ်ရွာမှာပဲ ခြံလေးတစ်ကွက်ဝယ်ပြီး ပင်လယ်လေကိုရှူရှိုက်နေတယ်။ ‘အသက်ကြီးလာတော့ မြို့မှာ တယ်မနေချင်တော့ဘူး’ ဆိုပြီး သွားနေတော့တာပဲ။

“ငါ့မြေးရေ … မင်းဘိုးဘိုးတို့ဆီမလာချင်ဘူးလားကွ။ မင်းပဲ ရေလွှာလှိုင်းစီးချင်တယ်ဆို… ခု ငွေဆောင်မှာ စီးလို့ တအားကောင်းနေပြီ။ မင်းစီးချင်ရင်လာခဲ့၊ အတော်ပဲ။” 

“ဟာ ကော်တာပဲအဘိုးရေ … ကျွန်တော်အမြန်ဆုံးလာခဲ့မယ်” 

အိမ်ကိုပြောပြီး နောက်တစ်နေ့မှာပဲ ငွေဆောင်ကိုကျွန်တော် တစ်ယောက်တည်း ချီတက်သွားတယ်။ ဆေးရုံက အဘွားကိုတော့ မသွားခင်ဝင်ကြည့်ခဲ့သေးတယ်။ အခြေအနေကောင်းပါတယ်။ ဒါပေမဲ့ အာမခံကုမ္ပဏီက ပိုက်ဆံ မပေးရင်တော့ အဖေတို့ အတော်ကုန်ကျမှာပဲ။ ရန်ကုန်ကနေ ငွေဆောင်အထိ ကျွန်တော် ကားကိုမောင်းသွားတာပဲ။ မနက်က မြင်ခဲ့ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော့်ရဲ့ တိုယိုတာကားလေးကို အော်တိုဒရိုင်ဘာ မုဒ်မထားရဲဘူး။ လမ်းမှာ ဘာမှမဖြစ်ဘဲ အဘိုးဆီ ချောချောမောမောပဲရောက်သွားပါတယ်။ အဘိုးကတော့ ပင်လယ်လေကို ရှူရှိုက်ရင်း အပင်စိုက်လိုက်၊ ရေကူးလိုက်၊ လှိုင်းစီးလိုက်လုပ်နေလို့လား မသိဘူး၊ ကျန်းမာလိုက်သမှ ဒေါင်ဒေါင်မြည်ပဲ။

အဘိုးက ကျွန်တော် ရေလွှာလှိုင်းစီးရအောင်ဆိုပြီး လိုအပ်တာတွေ အကုန်စီစဉ်ထားတယ်။ လှိုင်းလေကောင်းလို့လား မသိဘူး၊ စီးရတာ အတော်မိုက်ပဲ။ ညနေကျတော့ ခြံထဲမှာ အုန်းပက်လက်ကုလားထိုင်နှစ်လုံးနဲ့ မြေးအဘိုးနှစ်ယောက် အုန်းရည်လေးသောက်ရင်း တဝေါဝေါတရှဲရှဲ ရေလှိုင်းတွေတက်ကျနေတဲ့ ပင်လယ်ကြီးဘက် မျက်နှာမူထားကြတယ်။ အဘွားကတော့ မီးဖိုချောင်မှာ ချက်ပြုတ်လို့။ 

စိတ်ထဲကသိချင်နေတဲ့ အရာတစ်ခု အဘိုးကိုမေးလိုက်တယ်။ 

“ဘိုးဘိုး၊ ဘိုးဘိုးက ဘွားဘွားနဲ့စတွေ့တုန်းက ဘယ်လိုတွေစဉ်းစားပြီး ဖွင့်ပြောခဲ့တာလဲဟင်။”

အဘိုးက ‘ဟေ’ ဆိုတဲ့ အာမေဋိတ်လေးပြုလိုက်ပြီး မေးစေ့ကိုပွတ်စဉ်းစားနေသေးတယ်။ ပြီးတော့မှ ပြုံးစိစိနဲ့

“အင်း ဘိုးဘိုးတို့နှစ်ယောက်က အိမ်နီးချင်းတွေပေါ့ကွာ။ တစ်လမ်းတည်းသားတွေပေါ့။ သိနေတာတော့ ကြာပါပြီ။ သူကလည်း ကိုယ့်စိတ်ဝင်စား၊ ကိုယ်ကလည်း သူ့စိတ်ဝင်စားပေါ့။ ဒါပေမဲ့ ဖွင့်မပြောဖြစ်ဘူးပေါ့။ တစ်နေ့တော့ လမ်းထိပ်က ကားမှတ်တိုင်မှာ သူရောကိုယ်ရော ကားအတူတူဆိုက်တယ်။ မိုးကလည်း ဝေါခနဲ ရွာလာတာ။ အဲဒီမှာ အဘိုးက ထီးမပါဘူး။ မင်းအဘွားက အဘိုးကို လာလေထီးတူတူဆောင်းရအောင်ဆိုပြီး ခေါ်တာ။ အဘိုးအိမ် ပြီး နှစ်အိမ်ကျော်လောက်ဆို သူ့အိမ်ကိုး။ ထီးကသေးတော့ နှစ်ယောက်မလုံတော့ အဘိုးက သူ့ကိုပိုဦးစားပေးဆောင်းစေတာပေါ့ကွာ။ အဲဒီမှာ အဘိုးခေါင်းရေစိုတာပေါ့။ အိမ်ရောက်တော့ ချက်ချင်း ရေမချိုးဖြစ်လိုက်တာ နောက်နေ့ကျ ဖျားတာပဲဟေ့။ ဖျားတဲ့သတင်းကြားတော့ မင်းအဘွားက အိမ်ကိုလာသတင်းမေး တယ်ကွ။ ဟဲ ဟဲ အဘိုးလည်း အဖျားပျောက်ရော သူ့ကိုတစ်ခါတည်း ဖွင့်ပြောလိုက်တာပဲဟေ့။”

“ကြည်နူးစရာပဲ အဘိုးရဲ့။ အဘိုးက အဘွားကိုဖွင့်မပြောခင် ဘာတွေစဉ်းစားသေးလဲ။”

“ဘာမှမစဉ်းစားပါဘူးကွာ။ လူချင်းလည်းသိနေတာပဲ။ သူ့အကြောင်းသိ ကိုယ့်အကြောင်းသိချင်းကို။ ချစ်တော့လည်း ချစ်တယ်လို့ ပြောလိုက်တာပဲ။ သူကလည်း သိပ်အချိန်မဆိုင်းဘဲ ပြန်အဖြေပေးတာပဲ။” 

အဘိုးက ငယ်မူငယ်သွေးတွေ ပြန်ကြွလာတယ်နဲ့တူပါရဲ့။ မျက်နှာက လူငယ်လေးတစ်ယောက်လို ဖြစ်လာတယ်။ ဟိုး အဝေးကိုငေးစိုက်ကြည့်ရင်း ခေါင်းကလည်းတညိတ်ညိတ်နဲ့။

“ဟိုလေ အဘိုးတို့အတူနေပြီးတော့မှ သိလာရတဲ့ သူနဲ့ကိုယ် စရိုက်အကြိုက်မတူတာတွေ မရှိခဲ့ဘူးလား။ ယူပြီးမှ စိတ်ညစ်ရတာတို့ ဘာတို့ပေါ့။”

“ဟ ငါ့မြေးရ … ဒါကတော့ရှိကြတာချည်းပဲပေါ့ကွာ။ ဒီလိုပဲ သည်းခံကြရတာပါပဲ။ အရာရာတိုင်းကိုလည်း ဈေးတွက် တွက်လို့၊ သင်္ချာတွက်သလို တွက်လို့ရတာမှမဟုတ်တာ။ ဖြစ်လာတာကို ဖြစ်လာတဲ့အတိုင်း ဖြေရှင်းရတာပေါ့။ ဘဝနေနည်းအနုပညာပေါ့ကွာ။”

ကျွန်တော် အဘိုးကိုကြည့်ပြီး ပြုံးပြလိုက်တယ်။ အဘိုးက ဘာမှပြန်မမေးပေမဲ့ ကျွန်တော် ဘာကြောင့်မေးသလဲဆိုတာ ငယ်ရာက ကြီးလာသူပဲ သိမှာပေါ့။ အလ္လာပသလ္လာပတွေ ဆက်ပြောနေရင်း ခဏနေတော့ “ဟိုး မြေးအဘိုးနှစ်ယောက် ထမင်းစားရအောင်လေ” ဆိုတဲ့ အသံ အိမ်ထဲက အဘွားဆီကနေ ထွက်လာတယ်။ အဘိုးက ပြန်လှည့်ပြီး အဘွားကို ရွှန်းရွှန်းစားစားစိုက်ကြည့်ရင်း ပြုံးပြုံးလေးပြောလိုက်တယ်။

“လာပါပြီ အမေကြီးရဲ့ … ဒီမှာ မင်းမြေးက ငါ့ကိုလူငယ်ကိစ္စတွေ ရင်ဖွင့်နေလို့ဟေ့ ဟား ဟား … ” 

ကျွန်တော်လည်း ခပ်ရှက်ရှက်နဲ့ရယ်နေမိတယ်။

အဲဒီနေ့ ညမှာပဲ ဝတ်ရည်ဆီ ကျွန်တော်ဖုန်းခေါ်လိုက်တယ်။ ခရီးစဉ်အကြောင်း၊ ကမ်းခြေရေလွှာလှိုင်းစီးတဲ့ အကြောင်းတွေ သူမေးတယ်။ ကျွန်တော်ကလည်း အတွေ့အကြုံတွေပြန်ပြော၊ ဝတ်ရည်အကြောင်းတွေလည်း ပြန်မေးရင်းကနေ ဆိုင်းမဆင့် ဘုံမဆင့်ပဲ ကျွန်တော် သူ့ကိုဖွင့်ပြောလိုက်တော့တယ်။ သိပ်တော့မဝေ့ဝိုက်တော့ပါဘူး၊ သူလည်း သိပြီးသားပဲဟာ။ 

ဝတ်ရည်ဆီကနေ ဘာမှပြန်မကြားရဘူး။ သူအတော်ကြာအောင် ငြိမ်နေတယ်။ ကျွန်တော် အတင်းမေးတော့မှ စကားသံ ထွက်လာတယ်။

“နင်ကလည်းဟာ ဘာတွေလာမေးနေမှန်း မသိဘူး။” 

“ငါ့ကိုချစ်လားလို့ မေးတာလေ၊ ရိုးရိုးလေးပဲ ဟာကို။ ဒါ ကမ္ဘာဦးအစကတည်းက အရိုးရှင်းဆုံး ရည်းစားစကား ပြောနည်းပဲ ဟဲ ဟဲ။ ” 

“မသိဘူးဟာ”

“မသိလို့မရဘူး။ ငါအခု ဒီအတိုင်းပြောရတာ အားမရလို့ ဗီဒီယိုကောလ် ခေါ်လိုက်မယ်နော်” 

ဝတ်ရည်က အစကတော့ အင်တင်တင်ပဲ။ နောက်တော့မှ ခေါ်ဖို့သဘောတူတယ်။ ဖုန်းမျက်နှာပြင်ပေါ် သူ့မျက်နှာလေး ပေါ်လာတော့ ဝတ်ရည်ရှက်နေလေရဲ့။ မျက်နှာကလေး နီမြန်းလို့။ ကျွန်တော့်ကိုလည်း စေ့စေ့မကြည့်ဘူး။ ကျွန်တော်မေးသမျှကိုလည်း ဟိုလိုလို သည်လိုလို။

“နင်တို့ မိန်းကလေးတွေဟာလေ သက္ကရာဇ် ၂၀၅၀ ရောက်တာတောင်မှ ယောက်ျားလေးတွေကပဲ စဖွင့်ပြော၊ အဖြေ အတင်းလိုက်တောင်းနေရတဲ့အဖြစ်ပဲလား ဝတ်ရည်ရဲ့။”

“ဒါကတော့ ၂၀၅၀ မှမဟုတ်ဘူးဟေ့၊ ကမ္ဘာဆုံးသည့်တိုင်အောင် ဒီအတိုင်းပဲ သွားမှာ။ ယောက်ျားတွေကပဲ စဖွင့်ပြောပြီး အဖြေကိုစောင့်ရမှာ။ အဲဒီလိုဖြစ်အောင်လည်း နင်တို့ယောက်ျားတွေကပဲ လုပ်ခဲ့တာ။” 

“ဟင် ငါတို့ယောက်ျားတွေက ဘယ်လိုလုပ်ခဲ့တာလဲ။ ဟို … ယောက်ျားတွေက မိန်းကလေးတွေ အပြောကို မစောင့်ဘဲ အမြဲတမ်းပဲ စပြောခဲ့မိလို့လား ဟား ဟား”

“ဘာတုံး … သွား… မသိဘူး” 

ချစ်မျက်စောင်းနဲ့အတူ ဝတ်ရည်ရဲ့ရယ်သံလွင်လွင်လေး ထွက်ပေါ်လာတယ်။ ကျွန်တော်လည်း သူနဲ့ အတူ လိုက်ရယ်လိုက်မိတယ်။ ပင်လယ်ရေလှိုင်းပုတ်သံတွေနဲ့ အပြိုင်ပေါ့။ အဲဒီညမှာ ကာလရှည်ကြာ မပွင့်အာခဲ့တဲ့ နှလုံးသားနှစ်ခု နီးကပ်သွားခဲ့တယ် လို့ ခံစားခဲ့ရတယ်။ အချစ်ရေးအက်ပ်တွေနဲ့ ဖေ့စ်ဘွတ်တို့က ပို့ပေးတဲ့ ချစ်မှုရေးရာအကြံပေးချက်တွေ ကျွန်တော် သတိ မရတော့ဘူး။ ဝတ်ရည်လည်း အဲဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဘာပဲ ပြောပြော ရန်ကုန်ပြန်ရောက်ရင်တော့ ဝတ်ရည်ကိုရော စက်ဦးနှောက်က ဘာတွေအကြံပေးခဲ့သလဲလို့ မေးကြည့်ဦးမယ်။

လူကြီးတွေကရော … ကျွန်တော်တို့နှလုံးသားကို ဦးစားပေးမှာလား … စက်ကပေးတဲ့အဖြေကို ဦးစားပေးမှာလား။ ခုတော့ မတွေးချင်သေးဘူး။ ဝတ်ရည်နဲ့တွေ့ဖို့ မနက်ဖြန်မနက်ပဲ ကျွန်တော် ရန်ကုန်ပြန်ရဦးမယ်လေ။  ။


ဝေယံဘုန်း၏ 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 



Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...