Skip to main content

မပြတ်သောအမျှင်



ကျနော်သည် အာဇာနည်ကုန်းအတက် ဂိတ်ဝနားရပ်ရင်း ကျိတ်ကျိတ်တိုးပြည့်ကျပ်နေသော လူအုပ်ကြီးကိုကြည့်နေမိ သည်။ ညနေ ၃ နာရီခွဲသည်အထိ လေးက ရောက်မလာသေး။ ကားလမ်းပိတ်နေသည်ဟု ပြောသည်။ ကျနော် လည်း သူ့ကိုရပ်စောင့်လိုက်၊ ပလက်ဖောင်းပေါ် ဟိုသည်လျှောက်လိုက် လုပ်နေမိသည်။ များပြားလှသည့် လူအုပ်ကြီးက ကျနော့ကို တွန်းတိုက်သွားကြ၏။ ထိုစဉ် ဝင်ပေါက်အနီးရှိ သစ်ပင်အောက် ကွပ်ပျစ်တစ်လုံး ပေါ် ထိုင်နေသော အဘိုးကြီးအို တစ်ယောက်က ကျနော့ကိုလှမ်းခေါ်သည်။

“ဟေ့ သူငယ်… ဒီမှာ လာထိုင်ပါလားကွယ့်၊ အပေါ်မတက်သေးရင်လည်း…”

ကျနော်လည်း မတ်တပ်ရပ်ရတာ ညောင်းလာသဖြင့် အဘိုးအိုဘေးတွင် သွားထိုင်လိုက်သည်။ အနီးကပ်တော့မှ အဘိုးအိုသည် ထင်ထားတာထက်ပင် အသက်ကြီးရင့်လှပြီဟု သတိပြုမိသည်။ “အာဇာနည်နေ့ လာ အလေးပြု တာလား အဘ” ဟု မေးသော် ဘာမှမပြောဘဲ ပြုံးရုံပြုံးပြသည်။ သူ့မျက်ဝန်းများက ရီဝေလှသည်။

သူသည်အရိုးပေါ်အရေတင်လှပြီ။ အသားညိုညို ပိန်ပိန်ပါးပါးနှင့် ထိုအဘိုးအိုသည် လေသံအရ အညာသား ဗမာကြီးတစ်ယောက်ဖြစ်မည်ဟု ထင်၏။ နွမ်းကျေနေပြီး အရောင်ပင် မကျန်တော့လောက်အောင် ဟောင်းနွမ်း နေသော စစ်အင်္ကျီနှင့် တစ်ချိန်က တောက်ပခဲ့မည် ဖြစ်သော ချိတ်လုံချည်ဟောင်းတစ်ထည်ကို ဝတ်ထားသည်။ ပခုံးပေါ် တဘက်နွမ်းတစ်ထည်ကို တင်ထားသည်။ သူ့မျက်နှာကျက တစ်စုံတစ်ယောက်နှင့် တူသည် ဟု ထင်ရသည်။ သည်လောက် အသက်ကြီးတာတောင် အဖော်မပါ ဘာမပါ အာဇာနည်နေ့ကို လာအလေးပြု သည်မှာ နှယ်နှယ်ရရစိတ်ဓာတ်ဖြင့် မဟုတ်။

“အဘရေ … အာဇာနည်နေ့မှာ လူကြီးလူငယ်မရွေး လူမျိုးဘာသာမရွေး လာအလေးပြုကြတာ အားရစရာကြီး နော်။ ခုလို ခေတ်ပြောင်းလာတာ ဗိုလ်ချုပ်တို့ကို မြင်စေချင်စမ်းပါ့” ဟု ကျနော်က သူ့ကိုပြောလိုက်သည်။

အဘိုးအိုက ပြုံးစစဖြစ်သွား၏။ “ဗိုလ်ချုပ်တို့သာ ရှိနေမြင်နေနိုင်မှတော့ အာဇာနည်နေ့ဆိုတာရော ရှိပါဦးမလား လူလေးရဲ့” ဟု ပြန်ပြောသည်။ ကျနော်လည်း စကားမှားသွားသဖြင့် ပြန်ဖာရသည်။

“ဪ သူတို့ကို လူတွေအောက်မေ့တသကြတယ်ဆိုတာကို တမလွန်ဘဝကနေ သိစေမြင်စေချင်တယ် ဆိုတဲ့ သဘောပါ အဘရယ် ဟဲ ဟဲ” ဟု ပြောရင်း ရယ်ကျဲကျဲလုပ်နေလိုက်မိသည်။

“ကိုအောင်ဆန်းသာ မြင်နိုင်မယ်ဆိုရင်လည်း ဝမ်းသာချင်မှဝမ်းသာမှာပါ လူလေးရယ်” ဟု အဘိုးအိုက လှေကားအတိုင်း နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ တက်သွားသည့် လူအုပ်ကြီးကို ကြည့်ရင်း ပြော၏။ ထီးကောက်အိုကို ကိုင်ထားသည့် သူ၏ အကြောများထနေသော လက်နှစ်ဖက်က တုန်ရီနေသည်။

“ဘာဖြစ်လို့လဲ အဘ… တိုင်းပြည်က သူမျှော်လင့်ထားသလို ဖြစ်မလာလို့လား” ဟု ကျနော်က မေးလိုက်သည်။

အဘိုးအိုက ကျနော့မေးခွန်းကို ပြန်မဖြေဘဲ … “ဒါနဲ့ လူလေးက အပေါ်မတက်သေးဘဲ ဒီနားမှာ ခေါက်တုံ့ခေါက် ပြန်နဲ့ ဘာလုပ်နေတာလဲ” ဟု ဆိုသည်။

“ဪ … ကျနော့ ကောင်မလေးမလာသေးလို့ စောင့်နေတာပါ အဘ။ သူ ကားလမ်းတွေပိတ်နေလို့ မရောက် လာသေးတာ။ သူလာမှ အတူတူအပေါ်တက်ပြီး အလေးပြုမလို့…”

အဘိုးအိုက ခေါင်းတဆတ်ဆတ်ညိတ်သည်။ ကျနော်သည် အဘိုးအိုအကြောင်းကို စပ်စုချင်လာသဖြင့်…

“ဒါနဲ့ အဘက ဒီကိုလာတာ အဖော်ခေါ်မလာဘူးလား။ သက်ကြီးရွယ်အိုတွေ ကားလမ်းကူးရတာ အန္တရာယ် များပါ ဘိသနဲ့ အဘရယ်။ အဘ မိသားစုမရှိဘူးလား။ နေတော့ရော ဘယ်မှာလဲ၊ နီးလား။ အာဇာနည်နေ့တိုင်း လာနေကျလား” ဟု မေးခွန်းတွေ တရစပ်မေးလိုက်သည်။ ပြီးမှ အားနာသွား၏။

အဘိုးအိုက ကျနော့မေးခွန်းကို သည်တစ်ခါလည်း မဖြေပြန်။

“လူတွေဟာ ကိုယ်ယုံကြည်ရာ၊ ကိုယ်မှန်မယ်ထင်တာတွေ လုပ်ကြတာပဲ လူလေးရဲ့။ ကိုအောင်ဆန်းလည်း ဒီ အတိုင်းပေါ့။ သူ့အသက်အရွယ်၊ သူ့ခေတ်သူ့အခါနဲ့ ဖြစ်လာတဲ့အကြောင်းတရားတွေပေါ် အခြေခံပြီး သမိုင်းရဲ့ ခေါ်ဆောင်ရာအတိုင်း မမှိတ်မသုန် လုပ်ခဲ့တာပဲ။ အဲဒီအချိန်တုန်းက ခေါင်းဆောင်တွေဟာ လွတ်လပ်ရေးကို သိပ်လိုချင်နေကြပြီ။ လွတ်လပ်ရေးဟာ ရွှေပြည်တော်ကြီးဆီရောက်မယ့်လမ်းလို့ ယုံကြည်ခဲ့ကြတာချည်းပဲ။ ဒါပေမဲ့ ဒီလို နှစ် ၇၀ ကျော်ကြာတဲ့ ပြည်တွင်းစစ်ကြီးဖြစ်၊ စစ်အာဏာ သိမ်းတာတွေ ဖြစ်၊ အိမ်ကြက်ချင်း ခွပ်ကြတာတွေဖြစ်မယ်လို့ ဘယ်သူကမျှော်လင့်ခဲ့မှာလဲ။”

“ဟုတ်တယ်နော် အဘ… လွတ်လပ်ရေးရခဲ့ပေမယ့် တိုင်းပြည်မှာ မုန်တိုင်းတွေထန်လိမ့်မယ်လို့များ ကြိုသိခဲ့ရင် ဗိုလ်ချုပ်တို့ ဘယ်လိုများစဉ်းစားကြမလဲ မသိဘူး၊ သူတို့ လွတ်လပ်ရေးကို နောက်ကျမှ ယူမလားမသိနော်” ဟု ကျနော်က အဘိုးအိုစကားကိုနင်း၍ ပြောလိုက် သည်။

“ဟုတ်တယ် လူလေး… လူ့ဘဝရဲ့ပြဿနာက အဲဒါပဲ။ ရှေ့ဘာဆက်ဖြစ်လာမလဲ ဆိုတာ တို့တွေကြိုမသိနိုင်ဘူး။ ဒါကြောင့်လည်း အကောင်းဆုံးဖြစ်မယ်ထင်တဲ့ဟာကို မှန်းပြီးလုပ်ကြရတာပဲ။ လုပ်ပြီးတဲ့နောက် မှန်ရင်တော့ စံပေါ့။ မမှန်ရင်တော့ ခံပေါ့။ ဒါပေမဲ့လည်း တွက်ကိန်းလွဲသွားလို့ဆိုပြီး အစကို ပြန်ရစ်လို့ကလည်း မရတော့ပြန်ဘူး မဟုတ်လား…”

“ဟုတ်သား အဘရယ်။ ဒါပေမဲ့ ဗိုလ်ချုပ်သာ မသေခဲ့ဘူးဆိုရင်လည်း လွတ်လပ်ရေးရပြီးတဲ့နောက် ပြဿနာတွေနဲ့ ကြုံရနိုင်ခြေ နည်းမယ်မဟုတ်လားဟင် အဘ။ သူ့ရဲ့စည်းရုံးနိုင်စွမ်းနဲ့သာဆိုရင် လက်ဝဲ-လက် ယာညီညွတ်ရေးရော၊ ဗမာ-တိုင်းရင်းသားညီညွတ်ရေးရော သူလုပ်နိုင်မယ် မဟုတ်လားဟင်။”

အဘိုးအိုက အဝေးကိုငေးကြည့်နေသည်။ တစ်ချိန်က သိပ်စူးရှခဲ့ပုံရသည့် မျက်လုံးအစုံသည် ယခုမူ မှေးမှိန် ဖျော့တော့လျက်။ ကျနော်က စကားကိုဆက်လိုက်သည်။

“လူတစ်ဦးတစ်ယောက်တည်းအပေါ်မှာ မူတည်ပြီး လုပ်ရတဲ့နိုင်ငံရေးဆိုတာ ဒီလိုချည်းပဲ အဘ။ အဲဒီလူ ရှိနေ သရွေ့ အဆင်ပြေနေမယ်၊ သူမရှိတော့ရင် ပြန်ပြိုလဲမှာပါပဲ။ ဗိုလ်ချုပ် မရှိတော့လည်း ကျန်တဲ့လူတွေက ဘာလို့ မညီညွတ်ခဲ့ကြသလဲ။ ဘာလို့ အဖြေတွေ့အောင် မရှာနိုင်ခဲ့ကြသလဲ။ ဒီလူတစ်ယောက် မရှိတော့တာနဲ့ပဲ ခုလိုတွေ ဖြစ်ခဲ့ကြရရောတဲ့လား… ပြောစမ်းပါဦး အဘရယ်၊ လူတော်တွေအများကြီး ရှိခဲ့ရဲ့သားနဲ့ ဘာလို့ …”

ကျနော်သည် ပြောရင်း စိတ်ထဲလှိုက်ခနဲဖြစ်လာသည်။ ကောင်းချင်ပါလျက် မကောင်းခဲ့ရသည့် အတိတ်အပေါ် မချင့်မရဲစိတ်တို့က ကြီးစိုးလာလေသည်။

“လူတော်တွေများနေရင်လည်း ခရီးမရောက်တတ်ဘူး လူလေးရဲ့။ လူတော်တွေကို စုစည်းထားနိုင်တဲ့ ခေါင်းဆောင်ကောင်း ရှိရင်ရှိ၊ မရှိရင် လူတော်တွေချည်းပဲဆို အစေးမကပ်တတ်ဘူး။ လူတော် တစ်ယောက် တည်း ရှိပြီး လူညံ့တွေပဲဝိုင်းရံနေရင်လည်း ပျက်မှာပဲ။ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းမှာလည်း ကောင်းစားတဲ့ ခေတ်ကို ကြည့်ရင် ခေါင်းဆောင်ကောင်းက လူတော်တွေကို ဝန်းရံခိုင်းပြီးမှ လုပ်သွားခဲ့ကြတာပဲကွ။”

ထိုစဉ် လေး ဆီမှ သူရောက်ပြီဟု ဖုန်းဝင်လာသဖြင့် ကျနော်လည်း “အဘိုး ကျနော့ကောင်မလေးကို သွား ကြိုလိုက်ဦးမယ်။ ကျနော်သူ့ကိုခေါ်လာပြီးမှ အဘိုးနဲ့အတူတူ အပေါ်တက်ကြတာ ပေါ့” ဟု ပြောလိုက် သည်။ အဘိုးအို ကမူ “နေပါစေကွာ… ကျုပ် ကိုယ့်ဟာကိုယ် တက်နိုင်ပါတယ်။ တက်နှင့်မယ်လကွာ။ အပေါ်ကျ ဆုံတာပေါ့။ ငါမအိုသေးပါဘူးကွ” ဟု ရယ်ပြုံးပြုံးဖြင့်ဆိုလေသည်။ ထိုမျက်နှာကို မြင်ဖူးသည်ဆိုသော စိတ်က ထပ်ဝင်လာ ပြန်၏။

လေး စီးလာသည့် တက္ကစီကားကိုကြိုရင်း အာဇာနည်ကုန်းလာ ပရိသတ်ထဲ လူငယ်လေးများသည် ဗိုလ်ချုပ် ဓာတ်ပုံကြီးများကို သယ်ဆောင်လာကြသည်ကို ကြည့်နေမိသည်။ တည်နေသောဗိုလ်ချုပ်ပုံ၊ ရယ်နေသော ဗိုလ်ချုပ်ပုံ၊ မိသားစုကိုပြုံးကြည်ကာ ကြည့်နေပုံ၊ ပုံတွေ များမှများ။

ကားပေါ်မှ ဆင်းလာသော လေး ကို ပြုံးပြလိုက်စဉ် ခေါင်းထဲတွင် တစ်ချက်လင်းလက်သွား၏။

“ဟာ … ဗိုလ်ချုပ် … ဗိုလ်ချုပ် …”

လေးက ဘာဖြစ်တာလဲဟု ကျနော့်ကို ပြူးပြဲကြည့်သည်။ ကျနော်သည် လေးကိုပင် မစောင့်နိုင်တော့ဘဲ ခုနက ကွပ်ပျစ်သို့ အပြေးလှည့်ထွက်သွားသည်။ သို့သော် အဘိုးအိုကို မတွေ့တော့။ လှေကား အတိုင်း လူတွေကို တွန်း ဖယ်၍ ပြေးတက်ပြန်သော်လည်း မတွေ့ရ။ အဘိုးအိုသည် ပျောက်ချင်းမလှပျောက်သွားခဲ့ပြီဖြစ်သည်။

မိုးကဖွဲဖွဲ။ နေခြည်ဖျော့က နီကျင်ကျင်ဗိမာန်၏ ကြယ်အပေါက်မှ တစ်ချက်တစ်ချက် ထိုးကျလာသည်။ ကျနော် သည် လှေကားအတိုင်း ပြန်ဆင်းလာခဲ့၏။ မျက်စောင်းထိုး နှုတ်ခမ်းစူနေသော လေးကို ပြန်ချော့ဖို့ဖြစ်သည်။ ။

မြန်မာတိုင်း(မ်) အပတ်စဉ်၊ ၂၀၁၉ ဇူလိုင် ၁၉

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 


Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကပြားစာ၊ ကပြားစကား ရေးကြပြောကြလျှင်

“မြန်မာစာစောင်တွေ၊ ဂျာနယ်တွေဖတ်ရင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆောင် ထားကွ” ဟူ၍ မကြာမီက ထွက်သည့် လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ကာတွန်းတစ်ပုဒ်တွေ့လိုက်ရပါသည်။ မြန်မာလို ရေးထားသည့် သတင်းများ၊ ဆောင်းပါးများ ကြားတွင် အင်္ဂလိပ်စာလုံးများ ကြားညှပ်ထည့်မှု များလာ ခြင်းကို မျက်စိနောက်လာသည့် ကာတွန်းဆရာက သရော်ထားသော ကာတွန်းတစ်ပုဒ်ဖြစ်ပါသည်။ သူပြောလည်း ပြောချင်စရာပါ။ ယနေ့ မြန်မာဘာသာဖြင့် ရေးထားသော စာအတော်များများကို ဖတ်ရသည် မှာ မြန်မာမဆန်လှပါ။ မြန်မာအက္ခရာများကြားတွင် အင်္ဂလိပ်အက္ခရာများကို တွေ့မြင်ရသည်မှာ အရုပ်ဆိုး လှပါသည်။ ဘာကြောင့် အခုလိုရေးကြသလဲဟု စဉ်းစားစရာဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်စကားလုံးကို မြန်မာ ဘာသာသို့ မပြန်ဆိုနိုင်သဖြင့် အလွယ်တကူ ရေးလိုက်ခြင်းလား၊ မြန်မာစကားပြောလျှင် အင်္ဂလိပ်လို ညှပ်ပြောနေကျ အကျင့်ပါနေ၍ စာရေးတော့လည်း ညှပ်ရေးလိုက်ခြင်းလား၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင်က အင်္ဂလိပ်လို ထည့်ရေးမှ ဂုဏ်ရှိသည်ဟု အထင်ရောက်၍လား။ မြန်မာဘာသာစကားတွင် သူများ ဘာသာစကားမှ မွေးစားစကားလုံးများ ရှိသည်။ ကိုယ့်မှာမရှိသဖြင့် မွေးစား ရခြင်းဖြစ်ပါသည်။ (ဥပမာ။ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကားတို့) မတတ်နိုင်ပါ။ ...

နိုင်ငံတကာဆက်ဆံရေး အဓိကအယူအဆများ

စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ပထမအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၄ ဒီဇင်ဘာ ထုတ်ဝေသူ - Myanmar Knowledge Society တန်ဖိုး - ကျပ် ၂၅၀၀ ဖြန့်ချိရေး - MKS ၀၁ ၆၈၃ ၁၉၈၊ ၀၉ ၇၃၀ ၆၆၉၁၈၊ ၉၀၉၇၂၃၄ ၃၅၆၁ စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ဒုတိယအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၉ ဇန်နဝါရီ ထုတ်ဝေသူ - Myanmar Harp Publishing တန်ဖိုး - ကျပ် ၄၀၀၀ ဖြန့်ချိရေး - Myanmar Harp Publishing အမှတ် ၁၈၀၊ မြေညီ၊ ၃၅ လမ်း(လယ်)၊ ကျောက်တံတား၊ ရန်ကုန်မြို့ ဖုန်း ၀၉ ၉၇၂ ၇၄၂ ၁၅၀၊ ၀၉ ၇၇၇ ၀၀၁ ၀၁၇

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...