Skip to main content

တစ်ယောက်ပြီးတစ်ယောက်

Salvador Dalí. Hyperxiological Sky. 1960


“မင်းဦးလေးတော့ အခြေအနေမကောင်းဘူးဟေ့…”

အဖေက အညာမှာနေသည့် သူ့ညီ၏သားသမီးများက ဗိုက်ဘာမှတစ်ဆင့်ပို့လိုက်သည့် ဆေးအဖြေလွှာဓာတ်ပုံ များကို ကြည့်ရင်း ခေါင်းတစ်ခါခါနှင့်ပြောလေသည်။ ညီဖြစ်သူမှာ အဆုတ်ကင်ဆာဖြစ်နေပြီတဲ့။ ကာယကံရှင် ကတော့ သူဘာရောဂါဖြစ်နေမှန်း မသိသေး။ သို့ပေမယ့် ရောဂါအခြေအနေအရ လပိုင်းမျှသာခံတော့မည်မှန်း ရှေ့မှာကြုံခဲ့ကြားခဲ့ဖူးသည့် အတွေ့အကြုံများအရ သိနေမိပြန်သည်။

အဖေ့ညီက အဖေ့ထက် တစ်နှစ်နှစ်နှစ်လောက်ပဲ ငယ်သည်။ လွန်ခဲ့သည့် နှစ်နှစ်လောက်တုန်းက သူတို့မြို့ကို အလည်ရောက်တုန်းကတော့ အဖေ့ညီက အဖေ့ကို သူနှင့်လာနေဖို့၊ နေရေးစားရေး နောက်ဆုံး နာရေးအထိ သူတာဝန်ယူကြောင်း အစ်ကိုလုပ်သူကို ဖျောင်းဖျနားချသေး၏။ သူ့စိတ်ထဲတွင် အစ်ကိုဖြစ်သည့် ကျွန်တော့ အဖေက အရင်သေမည်ဟု ထင်သည်ပေါ့။ ထိုစဉ်တုန်းကတော့ သူလည်း မာမာချာချာရှိသေးသည်။ ထမင်းစားလျှင် တစ်ဇလုံကတော့ အသာလေး။ ကျွန်တော်တို့သားအဖ ထမင်းစားတာကိုကြည့်ပြီး အမြဲ အားမရဖြစ်သည်။ “မင်းတို့ဟာကလည်း ကြောင်စာလောက်ကွာ…”ဟု ပြောတတ်၏။

ရောဂါဖြစ်မှန်းသိပြီးမကြာခင် အဖေလည်း နယ်ကိုလိုက်သွားသည်။ ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှာပင် ဆုံးပြီဟုကြားရသည်။ ကင်ဆာမှန်းစသိသည်မှ တွက်ကြည့်လျှင် နှစ်လလောက်ပဲ ကြာမည်ထင်သည်။

သီတင်းကျွတ်အခါသမယသည် အမင်္ဂလာသတင်းများကြောင့် ပျော်စရာမကောင်းလှပါ။ မနှစ်က ခုလို အချိန်ကလည်း ရန်ကုန်မှာနေသည့် အမေ့ဘက်က ဦးလေး၏မိန်းမ လျှာကင်ဆာဖြင့် သူချစ်သည့် သူ့ယောက်ျားနှင့် မြေးနှစ်ကောင်ကို ထားသွားခဲ့ပြန်သည်။ သည်နှစ်ကျတော့ အဖေဘက်က ဦးလေး။ နှစ်ယောက်စလုံးကလည်း သေသည့်အသက်တွေက ၆၉၊ ၇၀ ဝန်းကျင်တွေချည်း။ သေတာကလည်း ကင်ဆာချည်း။

ဟော… အညာက ဦးလေးဆုံးသည့်သတင်း ကြားပြီးနောက်နေ့မှာတင် နောက်ထပ် ရင်းနှီးသူတစ်ဦး၏ နာရေး ကြားရပြန်သည်။ ပြီးခဲ့သည့်ရက်ပိုင်းကပဲ ဆိုင်တစ်ဆိုင်မှာ အသိနှင့်ဆုံတော့ ကြီးကြီးနေကောင်းလားဟု မေးဖြစ်သေးသည်။ ကြီးကြီးဆိုတာက ကျွန်တော်တို့ငယ်ငယ်က ထိန်းကျောင်းခဲ့ဖူးသည့် ရပ်ဆွေရပ်မျိုး။ အသက်က ၇၈ နှစ်။ ကြီးကြီး၏ တူကပြောသည်။ ကြီးကြီး ရင်သားကင်ဆာတဲ့။ အကြိတ်တွေခွဲထုတ်တာ မနည်းမနော (သူကတော့ တစ်ပိဿာနီးနီးဟုပြောသည်) ရသည်တဲ့။ လာကြည့်ဦးမယ်ဟုပြောပြီး ကျွန်တော်လည်း ဆင်တုပ်ကွေးဖြစ်နေသည်နှင့် မသွားဖြစ်။ တစ်ပတ်ပင်မကြာ။ ကြီးကြီးလည်း ဆုံးသည်။

ကြီးကြီးနာရေး ရက်လည်ပြီးနောက်တစ်နေ့မှာပင် ဖေ့စ်ဘွတ်ဖွင့်ကြည့်လိုက်တော့ နောက်ထပ် အသိနာရေး သတင်းတစ်ပုဒ်ကြားရပြန်သည်။ ဂျပန်သတင်းဌာနတစ်ခုမှာ လုပ်ဖူးသည့် အသိ အန်ကယ်တစ်ဦး အမြန်လမ်းမှာ ကားမတော်တဆဖြစ်ပြီး ဆုံးပြီတဲ့။ အင်မတန် စိတ်ကောင်းရှိသည်။ မျက်နှာက အမြဲ ပြုံးချိုလို့။ အသက်က ၆၃ နှစ်။ အို ဘယ်လိုဖြစ်ပါလိမ့်။ မဆုံးခင်တစ်နေ့ကမှ ဖေ့စ်ဘွတ်မှာ စာတွေရေးသွားသေးသည်။ အဲဒီနေ့က သူနှင့်သူ့သူငယ်ချင်း အရင်းခေါက်ခေါက်တို့ ပခုက္ကူကို ဘုန်းကြီးပြန်သွားပို့ကြပြီး ရန်ကုန်အပြန်။ လမ်းတစ်လျှောက်လုံး သူ့သူငယ်ချင်းကပဲ မောင်းလာခဲ့ပြီးခါမှ မိတ္ထီလာရောက်လို့ ဆီဖြည့်တော့ သူငယ်ချင်းက အိမ်သာသွားတုန်း သူက ကားခဏယူလှည့်ပြီး “ငါပဲ ဆက်မောင်းလိုက်ပါ့မယ်ကွာ မိုင် ၂၀၀ ကျမှ မင်းပြန်မောင်း” ဟုဆိုကာ မောင်းလာခဲ့သည်။ ၂၁၉ မိုင်အရောက် ကားက ရှေ့ဘီးပွင့်ပြီး လမ်းဘေးက သံတန်းကိုဝင်တိုက်၊ သံတန်းကပြတ်ထွက်ပြီး ကားရှေ့ကနေ ဖောက်၊ သူ့ ခြေကျင်းဝတ်ကိုဖြတ်သွားသတဲ့။ လူနာတင်ကားက ၁၅ မိနစ်အတွင်း ရောက်လာသည်။ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမရောက်ခင်မှာပင် ဆုံးသွားခဲ့သည်။ ခြေထောက်ဒဏ်ရာမှ သွေးအထွက်လွန်ကာ သေသည်ဟု ထင်ရသည်။ သူ့သူငယ်ချင်းကတော့ ဘာမှမဖြစ်။ မဆုံးခင် သူ့ကြောင့် သူ့သူငယ်ချင်းကား ပျက်ရသည်ဆိုပြီး စိတ်မကောင်းကြောင်း ပြောသွားသေး သည်ဆို၏။

အန်ကယ့်နာရေးအပြီး အိမ်မှာ စာအုပ်တစ်အုပ်ကို ဖတ်နေမိသည်။ သော်တာအေးလဲ့ရေးသည့် ‘ကျန်ရစ် …မြစ်’။ သူ့ဘဝဖြတ်သန်းမှုအကြောင်း အလွမ်းဝေဒနာဖြင့်ရေးထားသည်။ သူငယ်ငယ် ၁၄၊ ၁၅ နှစ်အရွယ် သူ့အမေ ရန်ကုန်မှာဆုံးတော့ လာရောက်ကူညီစောင့်ရှောက်ပေးသည့် ရန်ကုန် စမ်းချောင်းနေ ဆရာဝန် လင်မယားအကြောင်းလည်း ပါသည်။ (ထို လင်မယားတွင် ခင်ပွန်းဖြစ်သူက စာလည်းရေးသည့် တိမွေးကု စာရေးဆရာ။ ကျနော့် အမေ၏မောင် ဦးလေး၏ ဆရာလည်းဖြစ်သည်။) ဇနီးဖြစ်သူက စာရေးဆရာမတို့ ညီအစ်မ ငယ်ငယ်ရွယ်ရွယ်နှင့် မိတဆိုးဖြစ်ရသည့်ဘဝကို ကြည့်ပြီး သနားကြောင်း စကားဆိုသည်ဟု ပါလေသည်။ ထို သနားကြောင်း စကားကို ဆိုခဲ့သူ အန်တီသည်ကား နောက် နှစ်ပေါင်း၂၀ ခန့်အကြာ ရန်ကုန်-မန္တလေးအမြန်လမ်းမှာပင် လင်မယားနှစ်ယောက်တည်း သွားရင်း ကားမတော်တဆ ဖြစ်ကာ ကွယ်လွန်ရှာပါသည်။ ကားနောက်ခန်းထဲ ထိုအန်တီက လှဲအိပ်ပြီးလိုက်လာခဲ့စဉ် ရှေ့က ယာဉ်မောင်းနေသူ ခင်ပွန်းဖြစ်သူက မြူတွေဆိုင်းနေသဖြင့် မြင်ကွင်းမရှင်းဖြစ်ကာ တံတားဘောင်ကို ဝင်တိုက်၊ ထိုအန်တီက သေ၊ ခင်ပွန်းကတော့ ဘာမှမဖြစ်။ မိတဆိုး ဖြစ်ရသူ ကလေးမနှစ်ယောက်ကို သနားခဲ့ဖူးသည့် အန်တီသည်ကား နောင်တစ်ချိန် ဥပစ္ဆေဒကကံဖြင့် သေရရှာတော့ သူ့သတင်းကြားသူတိုင်းက သနားကြရပြန်သည်။ ကံတရားတွေများ ဆန်းကြယ်လိုက်တာ။

နေ့စဉ်နှင့်အမျှ လူတွေသေနေကြသော်လည်း ကိုယ်နှင့်သိသူတွေ သေကြောင်းကြားရတော့ ကျွန်တော်တို့ တုန်လှုပ်တတ်ကြသည်။ ကျွန်တော့စိတ်ထဲတော့ ကြက်ခြံထဲက ကြက်တွေလိုပင် ကိုယ့်ကိုယ်ကိုယ် မြင်မိလာ ပါသည်။ ခဏနေ ခြံတံခါးပွင့်လာပြီး ကြက်တစ်ကောင် ‘ကတော် ကတော်’ နှင့် ပါသွား။ ကိုယ်လည်း ကိုယ့်အလှည့်ဘယ်တော့လဲဟု စောင့်ရုံသာ။ သို့သော် ကျွန်တော်တို့၏ ကိလေသာအမြှေးက အတော်ထူပါသည်။ ဘဝတူ ကြက်တစ်ကောင် အသတ်ခံရဖို့ ပါသွားတုန်းခဏသာ သံဝေဂတွေရ၊ ပြီးတော့လည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး ဒုံရင်းဒုံရင်း ပြန်လည်ကြသည်။ အချင်းချင်းကလည်း ခွပ်ကြသေးသည်။

တစ်နေ့ကျ မလွဲမသွေ သေရမည်ဆိုတာကလွဲပြီး မည်သည့်အရွယ်တွင် မည်သည့်အကြောင်းဖြင့် သေကြမည်ကို ကျွန်တော်တို့မသိနိုင်ကြပါ။ သူများတွေ ဟိုရောဂါ သည်ရောဂါရသည်ကြားတော့ စုတ်တသပ်သပ်လုပ်သမျှ ကိုယ်လည်း တစ်နေ့ ထိုရောဂါဖြင့်သေနိုင်သည်။ သူများတွေ သွေးထွက်သံယို သေကြသည်ကြားတော့ အံ့ဩတုန်လှုပ်ကြ။ တစ်နေ့ ကိုယ်လည်း သူတို့လို မရှုမလှသေနိုင်သည်ပဲ။ ကျွန်တော်တို့၏ အသက်သွေးခဲသည် ဘာအာမခံချက်မှ မရှိပါ။ ကျွန်တော်တို့တွင် အားကိုးစရာဟူ၍ ဘာမျှ မရှိပါ။ ချစ်သူခင်သူ၊ ဆရာသမား၊ မိဘဆွေမျိုးဉာတိ မည်သူမျှ ကျွန်တော်တို့ကို မကယ်နိုင်ကြပါ။ အားကိုးစရာ ဆို၍ ကိလေသာအမြှေးကိုပါးသထက် ပါးအောင် စားပစ်နိုင်သော ပညာဉာဏ်သာရှိသည်။ ထိုပညာဉာဏ်သည်သာ အားကိုးစရာဖြစ်သည်။ အရပ်ထဲမှာတော့ ထိုဉာဏ်ပညာမျိုးကို ‘တရား’ ဟု ခေါ်ကြသည်။ သို့သော် တရားသည် လွယ်လွယ်နှင့်ရသည့်အရာတော့မဟုတ်။ သံဝေဂသည် ကိလေသာနှင့် အမြဲလွန်ဆွဲနေရတတ်သည်။ လွန်ဆွဲတိုင်း ကိလေသာသည် သံဝေဂအပေါ် ပြန်အနိုင်ရတတ်သည်။

ကြက်ခြံတံခါးပွင့်လာပြီး ကြက်ကလေးတစ်ကောင် ပါသွားတိုင်း ကျွန်တော့မှာ တုန်လှုပ်မိလာတတ်သည်။ မသေခင် ကိုယ်က အရေးပါသည်ဟုထင်နေသော ကိစ္စဝိစ္စတိုင်း ကိုယ်သေသွားပြီးနောက် ကိုယ်လည်း ဘာမှ သိနိုင်တော့မည်မဟုတ်တော့။ ကြီးကြီးကျယ်ကျယ်တွေ တွေးနေ ပြောနေတာမှန်သမျှ တကယ်ရော အရေးကြီးရဲ့လား တွေးမိလာသည်။ မသေသေးလို့ လူတစ်ယောက်အနေဖြင့် မဖြစ်မနေ လုပ်ရမည့် ကိစ္စတွေလောက်ကလွဲလျှင် ကျန်ကိစ္စများကို ရေးကြီးခွင်ကျယ် မလုပ်ချင်တော့။ သေသွားပြီးသည့်နောက် ကိုယ်လည်း ပြာဖြစ်သွားသလို ကိုယ်ပူနေသည့်ကိစ္စများလည်း ကိုယ်နှင့်အတူ လိုက်ပါပျောက်ကွယ်သွားမည် သာဖြစ်သည်။ ကျန်ခဲ့သူများက ဆက်ပူ၊ ဆက်လုပ်ကြမည်။ သေခြင်းသည် ကြောက်စရာတော့မလိုပါ။ ရဲရဲ ရင်ဆိုင်ပစ်လိုက်ရမည့်အရာသာဖြစ်သည်။ သို့သော် ကိုယ်မသေတော့ဟု ထင်နေလျှင်၊ မသေခင် အရေးမပါသည်များအပေါ် တအားသံယောဇဉ်တွယ်လွန်းနေလျှင်တော့ သေရမည်ကို ကြောက်ရွံ့နိုင်သည်။ သံယောဇဉ်တွေကို လျှော့ဖို့လိုသည်။ မေတ္တာဖြင့် များများရှင်သန်နေဖို့လိုသည်။ ကိလေသာ အမြှေး ပါးသထက်ပါးအောင် အားထုတ်နေဖို့လိုသည်။ သို့ဆိုလျှင် ကိုယ့်အလှည့်ရောက်လျှင်လည်း မတုန်မလှုပ် လိုက်သွားနိုင်မည် ထင်၏။




'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...