Skip to main content

တစ်ယောက်ပြီးတစ်ယောက်

Salvador Dalí. Hyperxiological Sky. 1960


“မင်းဦးလေးတော့ အခြေအနေမကောင်းဘူးဟေ့…”

အဖေက အညာမှာနေသည့် သူ့ညီ၏သားသမီးများက ဗိုက်ဘာမှတစ်ဆင့်ပို့လိုက်သည့် ဆေးအဖြေလွှာဓာတ်ပုံ များကို ကြည့်ရင်း ခေါင်းတစ်ခါခါနှင့်ပြောလေသည်။ ညီဖြစ်သူမှာ အဆုတ်ကင်ဆာဖြစ်နေပြီတဲ့။ ကာယကံရှင် ကတော့ သူဘာရောဂါဖြစ်နေမှန်း မသိသေး။ သို့ပေမယ့် ရောဂါအခြေအနေအရ လပိုင်းမျှသာခံတော့မည်မှန်း ရှေ့မှာကြုံခဲ့ကြားခဲ့ဖူးသည့် အတွေ့အကြုံများအရ သိနေမိပြန်သည်။

အဖေ့ညီက အဖေ့ထက် တစ်နှစ်နှစ်နှစ်လောက်ပဲ ငယ်သည်။ လွန်ခဲ့သည့် နှစ်နှစ်လောက်တုန်းက သူတို့မြို့ကို အလည်ရောက်တုန်းကတော့ အဖေ့ညီက အဖေ့ကို သူနှင့်လာနေဖို့၊ နေရေးစားရေး နောက်ဆုံး နာရေးအထိ သူတာဝန်ယူကြောင်း အစ်ကိုလုပ်သူကို ဖျောင်းဖျနားချသေး၏။ သူ့စိတ်ထဲတွင် အစ်ကိုဖြစ်သည့် ကျွန်တော့ အဖေက အရင်သေမည်ဟု ထင်သည်ပေါ့။ ထိုစဉ်တုန်းကတော့ သူလည်း မာမာချာချာရှိသေးသည်။ ထမင်းစားလျှင် တစ်ဇလုံကတော့ အသာလေး။ ကျွန်တော်တို့သားအဖ ထမင်းစားတာကိုကြည့်ပြီး အမြဲ အားမရဖြစ်သည်။ “မင်းတို့ဟာကလည်း ကြောင်စာလောက်ကွာ…”ဟု ပြောတတ်၏။

ရောဂါဖြစ်မှန်းသိပြီးမကြာခင် အဖေလည်း နယ်ကိုလိုက်သွားသည်။ ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှာပင် ဆုံးပြီဟုကြားရသည်။ ကင်ဆာမှန်းစသိသည်မှ တွက်ကြည့်လျှင် နှစ်လလောက်ပဲ ကြာမည်ထင်သည်။

သီတင်းကျွတ်အခါသမယသည် အမင်္ဂလာသတင်းများကြောင့် ပျော်စရာမကောင်းလှပါ။ မနှစ်က ခုလို အချိန်ကလည်း ရန်ကုန်မှာနေသည့် အမေ့ဘက်က ဦးလေး၏မိန်းမ လျှာကင်ဆာဖြင့် သူချစ်သည့် သူ့ယောက်ျားနှင့် မြေးနှစ်ကောင်ကို ထားသွားခဲ့ပြန်သည်။ သည်နှစ်ကျတော့ အဖေဘက်က ဦးလေး။ နှစ်ယောက်စလုံးကလည်း သေသည့်အသက်တွေက ၆၉၊ ၇၀ ဝန်းကျင်တွေချည်း။ သေတာကလည်း ကင်ဆာချည်း။

ဟော… အညာက ဦးလေးဆုံးသည့်သတင်း ကြားပြီးနောက်နေ့မှာတင် နောက်ထပ် ရင်းနှီးသူတစ်ဦး၏ နာရေး ကြားရပြန်သည်။ ပြီးခဲ့သည့်ရက်ပိုင်းကပဲ ဆိုင်တစ်ဆိုင်မှာ အသိနှင့်ဆုံတော့ ကြီးကြီးနေကောင်းလားဟု မေးဖြစ်သေးသည်။ ကြီးကြီးဆိုတာက ကျွန်တော်တို့ငယ်ငယ်က ထိန်းကျောင်းခဲ့ဖူးသည့် ရပ်ဆွေရပ်မျိုး။ အသက်က ၇၈ နှစ်။ ကြီးကြီး၏ တူကပြောသည်။ ကြီးကြီး ရင်သားကင်ဆာတဲ့။ အကြိတ်တွေခွဲထုတ်တာ မနည်းမနော (သူကတော့ တစ်ပိဿာနီးနီးဟုပြောသည်) ရသည်တဲ့။ လာကြည့်ဦးမယ်ဟုပြောပြီး ကျွန်တော်လည်း ဆင်တုပ်ကွေးဖြစ်နေသည်နှင့် မသွားဖြစ်။ တစ်ပတ်ပင်မကြာ။ ကြီးကြီးလည်း ဆုံးသည်။

ကြီးကြီးနာရေး ရက်လည်ပြီးနောက်တစ်နေ့မှာပင် ဖေ့စ်ဘွတ်ဖွင့်ကြည့်လိုက်တော့ နောက်ထပ် အသိနာရေး သတင်းတစ်ပုဒ်ကြားရပြန်သည်။ ဂျပန်သတင်းဌာနတစ်ခုမှာ လုပ်ဖူးသည့် အသိ အန်ကယ်တစ်ဦး အမြန်လမ်းမှာ ကားမတော်တဆဖြစ်ပြီး ဆုံးပြီတဲ့။ အင်မတန် စိတ်ကောင်းရှိသည်။ မျက်နှာက အမြဲ ပြုံးချိုလို့။ အသက်က ၆၃ နှစ်။ အို ဘယ်လိုဖြစ်ပါလိမ့်။ မဆုံးခင်တစ်နေ့ကမှ ဖေ့စ်ဘွတ်မှာ စာတွေရေးသွားသေးသည်။ အဲဒီနေ့က သူနှင့်သူ့သူငယ်ချင်း အရင်းခေါက်ခေါက်တို့ ပခုက္ကူကို ဘုန်းကြီးပြန်သွားပို့ကြပြီး ရန်ကုန်အပြန်။ လမ်းတစ်လျှောက်လုံး သူ့သူငယ်ချင်းကပဲ မောင်းလာခဲ့ပြီးခါမှ မိတ္ထီလာရောက်လို့ ဆီဖြည့်တော့ သူငယ်ချင်းက အိမ်သာသွားတုန်း သူက ကားခဏယူလှည့်ပြီး “ငါပဲ ဆက်မောင်းလိုက်ပါ့မယ်ကွာ မိုင် ၂၀၀ ကျမှ မင်းပြန်မောင်း” ဟုဆိုကာ မောင်းလာခဲ့သည်။ ၂၁၉ မိုင်အရောက် ကားက ရှေ့ဘီးပွင့်ပြီး လမ်းဘေးက သံတန်းကိုဝင်တိုက်၊ သံတန်းကပြတ်ထွက်ပြီး ကားရှေ့ကနေ ဖောက်၊ သူ့ ခြေကျင်းဝတ်ကိုဖြတ်သွားသတဲ့။ လူနာတင်ကားက ၁၅ မိနစ်အတွင်း ရောက်လာသည်။ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမရောက်ခင်မှာပင် ဆုံးသွားခဲ့သည်။ ခြေထောက်ဒဏ်ရာမှ သွေးအထွက်လွန်ကာ သေသည်ဟု ထင်ရသည်။ သူ့သူငယ်ချင်းကတော့ ဘာမှမဖြစ်။ မဆုံးခင် သူ့ကြောင့် သူ့သူငယ်ချင်းကား ပျက်ရသည်ဆိုပြီး စိတ်မကောင်းကြောင်း ပြောသွားသေး သည်ဆို၏။

အန်ကယ့်နာရေးအပြီး အိမ်မှာ စာအုပ်တစ်အုပ်ကို ဖတ်နေမိသည်။ သော်တာအေးလဲ့ရေးသည့် ‘ကျန်ရစ် …မြစ်’။ သူ့ဘဝဖြတ်သန်းမှုအကြောင်း အလွမ်းဝေဒနာဖြင့်ရေးထားသည်။ သူငယ်ငယ် ၁၄၊ ၁၅ နှစ်အရွယ် သူ့အမေ ရန်ကုန်မှာဆုံးတော့ လာရောက်ကူညီစောင့်ရှောက်ပေးသည့် ရန်ကုန် စမ်းချောင်းနေ ဆရာဝန် လင်မယားအကြောင်းလည်း ပါသည်။ (ထို လင်မယားတွင် ခင်ပွန်းဖြစ်သူက စာလည်းရေးသည့် တိမွေးကု စာရေးဆရာ။ ကျနော့် အမေ၏မောင် ဦးလေး၏ ဆရာလည်းဖြစ်သည်။) ဇနီးဖြစ်သူက စာရေးဆရာမတို့ ညီအစ်မ ငယ်ငယ်ရွယ်ရွယ်နှင့် မိတဆိုးဖြစ်ရသည့်ဘဝကို ကြည့်ပြီး သနားကြောင်း စကားဆိုသည်ဟု ပါလေသည်။ ထို သနားကြောင်း စကားကို ဆိုခဲ့သူ အန်တီသည်ကား နောက် နှစ်ပေါင်း၂၀ ခန့်အကြာ ရန်ကုန်-မန္တလေးအမြန်လမ်းမှာပင် လင်မယားနှစ်ယောက်တည်း သွားရင်း ကားမတော်တဆ ဖြစ်ကာ ကွယ်လွန်ရှာပါသည်။ ကားနောက်ခန်းထဲ ထိုအန်တီက လှဲအိပ်ပြီးလိုက်လာခဲ့စဉ် ရှေ့က ယာဉ်မောင်းနေသူ ခင်ပွန်းဖြစ်သူက မြူတွေဆိုင်းနေသဖြင့် မြင်ကွင်းမရှင်းဖြစ်ကာ တံတားဘောင်ကို ဝင်တိုက်၊ ထိုအန်တီက သေ၊ ခင်ပွန်းကတော့ ဘာမှမဖြစ်။ မိတဆိုး ဖြစ်ရသူ ကလေးမနှစ်ယောက်ကို သနားခဲ့ဖူးသည့် အန်တီသည်ကား နောင်တစ်ချိန် ဥပစ္ဆေဒကကံဖြင့် သေရရှာတော့ သူ့သတင်းကြားသူတိုင်းက သနားကြရပြန်သည်။ ကံတရားတွေများ ဆန်းကြယ်လိုက်တာ။

နေ့စဉ်နှင့်အမျှ လူတွေသေနေကြသော်လည်း ကိုယ်နှင့်သိသူတွေ သေကြောင်းကြားရတော့ ကျွန်တော်တို့ တုန်လှုပ်တတ်ကြသည်။ ကျွန်တော့စိတ်ထဲတော့ ကြက်ခြံထဲက ကြက်တွေလိုပင် ကိုယ့်ကိုယ်ကိုယ် မြင်မိလာ ပါသည်။ ခဏနေ ခြံတံခါးပွင့်လာပြီး ကြက်တစ်ကောင် ‘ကတော် ကတော်’ နှင့် ပါသွား။ ကိုယ်လည်း ကိုယ့်အလှည့်ဘယ်တော့လဲဟု စောင့်ရုံသာ။ သို့သော် ကျွန်တော်တို့၏ ကိလေသာအမြှေးက အတော်ထူပါသည်။ ဘဝတူ ကြက်တစ်ကောင် အသတ်ခံရဖို့ ပါသွားတုန်းခဏသာ သံဝေဂတွေရ၊ ပြီးတော့လည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး ဒုံရင်းဒုံရင်း ပြန်လည်ကြသည်။ အချင်းချင်းကလည်း ခွပ်ကြသေးသည်။

တစ်နေ့ကျ မလွဲမသွေ သေရမည်ဆိုတာကလွဲပြီး မည်သည့်အရွယ်တွင် မည်သည့်အကြောင်းဖြင့် သေကြမည်ကို ကျွန်တော်တို့မသိနိုင်ကြပါ။ သူများတွေ ဟိုရောဂါ သည်ရောဂါရသည်ကြားတော့ စုတ်တသပ်သပ်လုပ်သမျှ ကိုယ်လည်း တစ်နေ့ ထိုရောဂါဖြင့်သေနိုင်သည်။ သူများတွေ သွေးထွက်သံယို သေကြသည်ကြားတော့ အံ့ဩတုန်လှုပ်ကြ။ တစ်နေ့ ကိုယ်လည်း သူတို့လို မရှုမလှသေနိုင်သည်ပဲ။ ကျွန်တော်တို့၏ အသက်သွေးခဲသည် ဘာအာမခံချက်မှ မရှိပါ။ ကျွန်တော်တို့တွင် အားကိုးစရာဟူ၍ ဘာမျှ မရှိပါ။ ချစ်သူခင်သူ၊ ဆရာသမား၊ မိဘဆွေမျိုးဉာတိ မည်သူမျှ ကျွန်တော်တို့ကို မကယ်နိုင်ကြပါ။ အားကိုးစရာ ဆို၍ ကိလေသာအမြှေးကိုပါးသထက် ပါးအောင် စားပစ်နိုင်သော ပညာဉာဏ်သာရှိသည်။ ထိုပညာဉာဏ်သည်သာ အားကိုးစရာဖြစ်သည်။ အရပ်ထဲမှာတော့ ထိုဉာဏ်ပညာမျိုးကို ‘တရား’ ဟု ခေါ်ကြသည်။ သို့သော် တရားသည် လွယ်လွယ်နှင့်ရသည့်အရာတော့မဟုတ်။ သံဝေဂသည် ကိလေသာနှင့် အမြဲလွန်ဆွဲနေရတတ်သည်။ လွန်ဆွဲတိုင်း ကိလေသာသည် သံဝေဂအပေါ် ပြန်အနိုင်ရတတ်သည်။

ကြက်ခြံတံခါးပွင့်လာပြီး ကြက်ကလေးတစ်ကောင် ပါသွားတိုင်း ကျွန်တော့မှာ တုန်လှုပ်မိလာတတ်သည်။ မသေခင် ကိုယ်က အရေးပါသည်ဟုထင်နေသော ကိစ္စဝိစ္စတိုင်း ကိုယ်သေသွားပြီးနောက် ကိုယ်လည်း ဘာမှ သိနိုင်တော့မည်မဟုတ်တော့။ ကြီးကြီးကျယ်ကျယ်တွေ တွေးနေ ပြောနေတာမှန်သမျှ တကယ်ရော အရေးကြီးရဲ့လား တွေးမိလာသည်။ မသေသေးလို့ လူတစ်ယောက်အနေဖြင့် မဖြစ်မနေ လုပ်ရမည့် ကိစ္စတွေလောက်ကလွဲလျှင် ကျန်ကိစ္စများကို ရေးကြီးခွင်ကျယ် မလုပ်ချင်တော့။ သေသွားပြီးသည့်နောက် ကိုယ်လည်း ပြာဖြစ်သွားသလို ကိုယ်ပူနေသည့်ကိစ္စများလည်း ကိုယ်နှင့်အတူ လိုက်ပါပျောက်ကွယ်သွားမည် သာဖြစ်သည်။ ကျန်ခဲ့သူများက ဆက်ပူ၊ ဆက်လုပ်ကြမည်။ သေခြင်းသည် ကြောက်စရာတော့မလိုပါ။ ရဲရဲ ရင်ဆိုင်ပစ်လိုက်ရမည့်အရာသာဖြစ်သည်။ သို့သော် ကိုယ်မသေတော့ဟု ထင်နေလျှင်၊ မသေခင် အရေးမပါသည်များအပေါ် တအားသံယောဇဉ်တွယ်လွန်းနေလျှင်တော့ သေရမည်ကို ကြောက်ရွံ့နိုင်သည်။ သံယောဇဉ်တွေကို လျှော့ဖို့လိုသည်။ မေတ္တာဖြင့် များများရှင်သန်နေဖို့လိုသည်။ ကိလေသာ အမြှေး ပါးသထက်ပါးအောင် အားထုတ်နေဖို့လိုသည်။ သို့ဆိုလျှင် ကိုယ့်အလှည့်ရောက်လျှင်လည်း မတုန်မလှုပ် လိုက်သွားနိုင်မည် ထင်၏။




'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...