ကျနော်သည် အာဇာနည်ကုန်းအတက် ဂိတ်ဝနားရပ်ရင်း ကျိတ်ကျိတ်တိုးပြည့်ကျပ်နေသော လူအုပ်ကြီးကိုကြည့်နေမိ သည်။ ညနေ ၃ နာရီခွဲသည်အထိ လေးက ရောက်မလာသေး။ ကားလမ်းပိတ်နေသည်ဟု ပြောသည်။ ကျနော် လည်း သူ့ကိုရပ်စောင့်လိုက်၊ ပလက်ဖောင်းပေါ် ဟိုသည်လျှောက်လိုက် လုပ်နေမိသည်။ များပြားလှသည့် လူအုပ်ကြီးက ကျနော့ကို တွန်းတိုက်သွားကြ၏။ ထိုစဉ် ဝင်ပေါက်အနီးရှိ သစ်ပင်အောက် ကွပ်ပျစ်တစ်လုံး ပေါ် ထိုင်နေသော အဘိုးကြီးအို တစ်ယောက်က ကျနော့ကိုလှမ်းခေါ်သည်။ “ဟေ့ သူငယ်… ဒီမှာ လာထိုင်ပါလားကွယ့်၊ အပေါ်မတက်သေးရင်လည်း…” ကျနော်လည်း မတ်တပ်ရပ်ရတာ ညောင်းလာသဖြင့် အဘိုးအိုဘေးတွင် သွားထိုင်လိုက်သည်။ အနီးကပ်တော့မှ အဘိုးအိုသည် ထင်ထားတာထက်ပင် အသက်ကြီးရင့်လှပြီဟု သတိပြုမိသည်။ “အာဇာနည်နေ့ လာ အလေးပြု တာလား အဘ” ဟု မေးသော် ဘာမှမပြောဘဲ ပြုံးရုံပြုံးပြသည်။ သူ့မျက်ဝန်းများက ရီဝေလှသည်။ သူသည်အရိုးပေါ်အရေတင်လှပြီ။ အသားညိုညို ပိန်ပိန်ပါးပါးနှင့် ထိုအဘိုးအိုသည် လေသံအရ အညာသား ဗမာကြီးတစ်ယောက်ဖြစ်မည်ဟု ထင်၏။ နွမ်းကျေနေပြီး အရောင်ပင် မကျန်တော့လောက်အောင် ဟောင်းနွမ်း နေသော စစ်အင်္ကျီနှင့် တစ်ချိန်က တောက်ပခဲ့မည် ဖြစ်သော ချိတ်လုံချည်ဟောင်းတစ်ထည်ကို ...