Skip to main content

ကင်ဆာ


သြော်...ဟုတ်ကဲ့ ဒေါက်တာ။ ကျွန်တော်က ကင်ဆာရောဂါဝေဒနာသည်ပါ။ တစ်ကိုယ်လုံးနီးပါး ကလီစာတွေမှာ ကင်ဆာဆဲလ်တွေ ဖြစ်နေတာပါ။ ဗျာ ...ဒေါက်တာ အံ့သြသွားတာလား။ သြော်...ဟုတ်ကဲ့။
ကျွန်တော့ ကေ့စ်မျိုးကလည်း ရှားတာကိုး။ စဖြစ်တာလား ... ရောဂါရယ်လို့ ပွင့်အန်ထွက်လာတာကတော့ ၁၉၄၈-၄၉ လောက်ကဆိုတော့ ခု နှစ် ၇၀လောက်ရှိပြီပေါ့။ ဒီမတိုင်ခင်ကတည်းက အထဲမှာလှိုက်ပြီး ရောဂါပျိုးနေခဲ့တာပေါ့။ ဟဲ ဟဲ ဘာလဲ ...ဒေါက်တာက မယုံဘူးလား။
နှစ်ပေါင်း ၇၀ လောက် ကင်ဆာရောဂါဖြစ်နေပြီး မသေသေးဘူးဆိုတော့ ဆရာပါးစပ်အဟောင်းသားဖြစ်သွားတာလား။ ဒီလိုဒေါက်တာရဲ့..ဒေါက်တာတို့လို ဟိုမိုဆေးပီးယန်းတွေက သက်တမ်းကမှ ၇၀-၈၀။ အလွန်ဆုံး ၉၀-၁၀ဝပေါ့ဗျာ။ ဒီတော့ ကင်ဆာရယ်လို့မှ သိလိုက်ပြီဆိုတာနဲ့အလွန်ဆုံး ခြောက်လလောက်ပဲကိုး။ ဒေါက်တာတို့နဲ့နှိုင်းယှဉ်ရင်တော့ ကျွန်တော်ဟာ နှစ် ၇၀ လောက် ကင်ဆာနဲ့အသက်ရှင်နေတာ ထူးဆန်းနေမှာပေါ့။ 
ကျွန်တော့အသက်လား။ အင်း... ဒီမေးခွန်းကိုဖြေဖို့အတွက်က ကျွန်တော့်အသက်ကို ဘယ်ကနေ စပြီးပိုင်းဖြတ်ကြည့်မှာလဲဆိုတာပဲ။ ခုနကပြောတဲ့ ကင်ဆာရယ်လို့ စပွင့်အန်ထွက်တဲ့အချိန်ဆိုတာက ကျွန်တော်က ပုံသဏ္ဌာန်တစ်မျိုး၊ နာမည်တစ်မျိုးနဲ့ အသစ်ပြန်လည်မွေးဖွားလာတဲ့အချိန်။ ဘယ်လိုပြောမလဲ...ချက်ပလက် ဗိုက်ပူကားကို အင်ဂျင်လဲ၊ ဘော်ဒီပြန်ဆေးမှုတ်ပြီး ကားနံပါတ်ပြားအသစ်ထုတ်လိုက်သလိုပေါ့။
အဲသလိုဆိုတော့ အဲဒီအချိန်ကနေ စပြီး ဆစ်ပိုင်းရင်တော့ အသက် ၇၁ နှစ်ကျော်ပြည့်ပြီးပြီပေါ့။ အဲဒီလိုမှမဟုတ်ဘဲ ကျွန်တော်ရယ်လို့ စပြီးဖြစ်တည်ခဲ့တဲ့ အချိန်ကို တိုင်းမယ်ဆိုရင်တော့ အနည်းဆုံးနှစ်ပေါင်း ၂ဝ၀ဝ လောက်တော့ ရှိမယ်ထင်တာပဲ။ ထင်တာပဲလို့ ပြောရတာက ကျွန်တော့အမေက ကျွန်တော့်ကို တစ်ခါမှ ပြောမပြဖူးဘူး။
မွေးစာရင်း ဘာညာလည်း မရှိဘူး။ ဒေါက်တာတို့လို ဟိုမိုဆေးပီးယန်းတွေဆိုတာလည်း ကိုယ့်အသက်ကိုယ် ပြောနိုင်တယ်ဆိုတာက ကိုယ့်ကို လူကြီးသူမတွေက ပြောပြလို့သိရတာပဲ မဟုတ်လား။ အမေ့ ဗိုက်ထဲကထွက်ထွက်ချင်း ပြက္ခဒိန်ထလှန်ကြည့်၊ မွေးနေ့ရေးမှတ်ထားတာမျိုးမှ မဟုတ်တာ။ ကျွန်တော့်ကျ အဲဒီလို ပြောမယ့်လူက မရှိဘူး ဒေါက်တာရဲ့။ ကျွန်တော့်မှာ အမေတောင်ရှိခဲ့ရဲ့လား မသိပါဘူး။ ကိုယ်မှတ်မိ သလောက် ပြန်စဉ်းစားပြီးမှ နှစ်ပေါင်း ၂çဝ၀ဝ လောက်လို့မှန်းကြည့်ရတာ။ ဒီထက်လည်း စောနိုင်တယ်။ ဒီတော့ ဒေါက်တာရာ..နှစ်ပေါင်းထောင်ချီသက်တမ်းရှည်တဲ့သူအတွက်ကတော့ နှစ် ၇၀ လောက် ကင်ဆာဖြစ်တာက ဘာကြာသေးတာလိုက်လို့။ အချိန်ဆိုတဲ့သဘောက နှိုင်းရပဲလေ။ ဒေါက်တာလည်း သိရဲ့သားနဲ့။
ဖြစ်ဖြစ်ချင်းတုန်းကလား... ။ အဲဒီတုန်းက အခြေအနေအတော်ဆိုးတယ် ဒေါက်တာရဲ့။ ကင်ဆာဆဲလ်တွေက နှလုံးနဲ့အဆုတ်ကလွဲရင် ကျန်တဲ့တစ်ကိုယ်လုံးကို သိမ်းပိုက်ပစ်လိုက်တာ။ နှလုံးခုန်နိုင်သေး၊ အသက်ရှူနိုင်သေးလို့ ဗုန်းဗုန်းလဲကျမသွားခဲ့တာ။ ဒါပေမဲ့အံ့သြစရာကောင်းတာက ကျွန်တော် အဲဒီအနေအထားကနေ ဆဲလ်တွေကို ပြန်တွန်းလှန်နိုင်ခဲ့တာပဲ။ သေမသွားဘူး ဒေါက်တာရေ အံ့ရောပဲ။ ဆရာဝန်ရယ်လို့လည်း လောက်လောက်လားလား ပြခဲ့ရတာ မဟုတ်ဘူး။ ဆေးမြီးတိုနဲ့ကု၊ ဗိန္ဓောဆရာနဲ့ကု၊ ဘုရားကု ကုတာပဲ။ ရောဂါက ဒီအတောအတွင်း တန့်ရုံပဲတန့်နေခဲ့တယ်။အဆိုးကြီးတာနဲ့အဆိုးနည်းတာပဲကွာတယ်။ ကောင်းမယ့် အရိပ်အယောင် မမြင်ခဲ့ရဘူး။ 
ဆရာဝန်တွေတစ်လက်ပြီးတစ်လက် ပြောင်းပြောင်းသွားကြတယ်။ ကျွန်တော့်ရောဂါကို အလျင်းပျောက် အောင် မကုနိုင်ကြသေးပါဘူး။ ဒါနဲ့ပဲ ဒေါက်တာ့ကို အားကိုးတကြီးနဲ့လာတွေ့တာပါ။ ကျွန်တော်နဲ့သက်တူ ရွယ်တူတွေခေတ်ပြိုင်တွေက ကြီးပွားတိုးတက် ကျန်းမာချမ်းသာ လန်းဖြာနေကြချိန်မှာ ကျွန်တော်ကတော့ တရှောင်ရှောင်နဲ့ဆိုတော့ စိတ်ဓာတ်ကျရတာပေါ့ဗျာ။ ဘယ့်နှယ် လောကစည်းစိမ်ခံစားပြီး တလန်းလန်းနဲ့ နေနေရမယ့်အချိန်မှာ ကျွန်တော့ခမျာ ဒီရောဂါကြီးနဲ့ နပန်းလုံးနေရတာနဲ့တင် ဘဝမှာ တခြားအရေးကြီး တာတွေဘာမှမလုပ်ရတော့ပါပဲကလား။ 
ကျွန်တော့်မှာ ပညာကလည်း မတတ်၊ စီးပွားမရှာနိုင်၊ သူများပေးစာ ကမ်းစာရယ်၊ မိဘအမွေရခဲ့တဲ့အထုပ်ကလေး ထုခွဲရောင်းချရတာရယ်နဲ့နေခဲ့ရတာပဲ။ ကျန်းမာရေးစရိတ်တွေက ထောင်းလွန်းတော့ ကျွန်တော်ပိုင်မြေပေါ်မှာ စက်ရုံလာဆောက်ပြီး စီးပွားလာရှာမယ့်သူကိုတောင် လက်ခံလိုက်ရတယ်။ သူကတော့ ကျွန်တော့်ကို ထမင်းတော့ ကျွေးတာပဲ၊ ကျွန်တော့်မိဘအမွေပစ္စည်းတွေတော့ သူ့လက်ပါတာပေါ့ဗျာ။ ဘယ်တတ်နိုင်မလဲ။ လူကမှ ကျန်းမာရေးမကောင်းတာ၊ သူများအားကိုးရတော့တာပေါ့။ 
အရင် ဆရာဝန်တွေတုန်းကလား။ သူတို့လည်းကုခဲ့တာပဲ။ ဆရာဝန်အချင်းချင်း အယူအဆမတူလို့သူ့နည်းမှန်တယ်၊ ငါ့နည်းမှန်တယ် လုပ်နေတုန်း ပယောဂဆရာ တစ်ယောက်က သူကုမယ်ဆိုပြီး အတင်းကုကတည်းက နာလန်မထူနိုင်တော့တာ ခုထိပါပဲ ဒေါက်တာရယ်။ ကြမ်းသလား မမေးနဲ့ဒေါက်တာရေ။ သူ့ဆေးကြိမ်လုံးကြီးနဲ့အသေဆော်တာ။ရိုက်ချက်ကလည်း ဘယ်လောက်ပြင်းသလဲဆိုရင် လူကိုမြော့မြော့ပဲကျန်တော့တယ်။ အရှိုးရာတွေကိုသာ ကြည့်ပါတော့။ 
ပယောဂဆရာကြီး သေတော့လည်း နောက်ပယောဂဆရာငယ်က လက်လွှဲယူပြီး ဆက်ဆော်တာ။ ပယောဂမဟုတ်ဘူး၊ ကင်ဆာလို့ ကျွန်တော် သူတို့ကို အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ပြောတိုင်း သူတို့က ကျွန်တော့်မျက်ခွက်ကို ဖြတ်ရိုက်တာပဲ။ အဲဒီ ပယောဂဆရာမျိုးဆက် နှစ်ဆက် နှိပ်စက်တာ လူကို အတော် ဖြူခါပြာခါကျသွားခဲ့တာ။ မိဘအမွေတွေလည်း ကုန်သလောက်ပဲ။ ခုမှ အားကိုးစရာ ဒေါက်တာနဲ့တွေ့တာ
ဒုတိယပယောဂဆရာက စိတ်ပြောင်းပြီး ဆက်မကုတော့ဘဲ ဆရာတို့လို တတ်ကျွမ်းနားလည်သူတွေနဲ့ပြန်ကုချင်ကုတော့ဆိုပြီး တချို့တစ်ဝက် လွှဲလိုက်လို့ ဒေါက်တာရေ။ နို့မို့ဆို မတွေးဝံ့စရာပဲ။
ဗျာ...ကျွန်တော့်ရောဂါက ကင်ဆာမဟုတ်ဘူး ဟုတ်လား။ သေချာရဲ့လား ဒေါက်တာရယ်။ ကျွန်တော်တစ်သက်လုံး ကင်ဆာဆိုပြီး ကုလာခဲ့တာ။ ရောဂါတလွဲနာမည်တပ်တာပေါ့ ဟုတ်လား။
သေစမ်း...သေစမ်း။ ဒါဆိုဘာရောဂါလဲ ဒေါက်တာ။ သြော်...အာဟာရဓာတ်တွေက ကိုယ်ခန္ဓာအနှံ့ကို မရောက်ဘဲ တစ်နေရာတည်းမှာပဲ စုပြုံနေတာ ဟုတ်လား။ သွေးကြောလေကြောတွေပိတ်တဲ့သဘောလား ဒေါက်တာ။ အဲဒါကို ဘယ်လိုလုပ်ရမလဲ။ ဟုတ်ကဲ့...ဟုတ်ကဲ့ ဒါဆို တတ်ကျွမ်းတဲ့ အာဟာရပညာရှင်ကိုမေးပြီး ကျွမ်းကျင်တဲ့စားဖိုမှူးကို ချက်ခိုင်းပါ့မယ်။
ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းတွေလည်း လုပ်ပါ့မယ်။ အင်းလေ ဟုတ်ပါတယ်။ ကျွန်တော့်တစ်သက်လုံး စားသမျှအဆီတွေက ဗိုက်မှာလာစုနေပြီး မအီမသာဖြစ်နေတာနေမှာ။
ဗျာ ... မေတ္တာဓာတ်တွေလည်း ခန်းနေတယ် ဟုတ်လား။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်တောင် မေတ္တာမပို့မိ၊ မေတ္တာမထားမိတာ ကြာလှပေါ့။ အင်း... ဒေါက်တာပြောမှ သတိထားမိတော့တယ်။ ကိလေသာထူပြောတော့ စိတ်က မကြည်၊ စိတ်မကြည်တော့ အဝိဇ္ဇာဖုံး။ အဝိဇ္ဇာဖုံးတော့ လုပ်ချင်တာတွေစွတ်လုပ်မိတော့တာပဲ။ စားချင်သလောက် စွတ်စား၊ မိဘအမွေတွေထုခွဲ ရောင်းချ သုံးဖြုန်း။ ဒါဆို ကျွန်တော့ရောဂါက မေတ္တာစေတနာခေါင်းပါးတဲ့ရောဂါ၊ ဥဏ်နည်းတဲ့ရောဂါ၊ အတ္တထူတဲ့ရောဂါပေါ့နော် ဒေါက်တာ။ 
ဟုတ်ကဲ့ ဒေါက်တာ၊ ကျွန်တော် ဒီနေ့စပြင်ပါတော့မယ်။ တော်သေးတာပေါ့ ...ဒေါက်တာနဲ့သာမတွေ့ခဲ့ရင် ကင်ဆာဆိုပြီး ဆေးတွေဆက်သွင်း၊ ဓာတ်တွေဆက်ကင်နေရင် ငါးပါးမှောက်တော့ မှာ။ အစောပိုင်းက ဓာတ်တွေကင်ခဲ့တဲ့ ဒဏ်၊ ပယောဂဆရာ ဗျင်းတာခံခဲ့ရတဲ့ဒဏ်တွေကြောင့် ဒေါက်တာမြင်တဲ့အတိုင်း ရှိသမျှအမွေတွေကျွတ်ပြီး ပြောင်၊ လူကလည်း ဖွတ်လောက်တောင် မသားနားတော့တာပါပဲလား။ ဟုတ်ကဲ့ ဒေါက်တာ၊ ကျေးဇူးပါဗျာ၊ ကျွန်တော် ဒီနေ့ကစလို့ အတ္တတွေလျှော့ပါ့မယ်။ စည်းမရှိကမ်းမရှိ စားတာသောက်တာတွေပြင်ပါ့မယ်။ ကိုယ်ခန္ဓာအနှံ့အောက်ဆီဂျင် ဆတူရောက်အောင် လေ့ကျင့်ခန်းလုပ်ပါ့မယ်။
ကြိုးစားပါ့မယ် ဒေါက်တာ။ အချိန်တော့ မနှောင်းလောက်သေးဘူး ထင်ရပါရဲ့။ အချိန်နှောင်းသွားတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ … သူများတွေ ကျွန်တော့်ကိုကြည့် သင်ခန်းစာယူကြလိမ့်မပေါ့။ သွားလိုက်ဦးမယ် ဒေါက်တာ။ ‌‌‌
မြန်မာတိုင်း(မ်) အပတ်စဉ်၊ ‌‌အောက်တိုဘာ ၃၊ ၂၀၁၉။

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

အားပေးဖေးကူနေကြသရွေ့

အဖေ ...သားကို သတိရပါသေးရဲ့လား။ အဖေ့ကို သားလိုအပ်နေချိန် အဖေဘယ်ရောက်နေပါသလဲ။ လောက ဓံရဲ့ အထုအထောင်းတွေကြောင့် အသက်ထက် အိုမင်းရင့်ညိုနေတဲ့ အဖေ့မျက်နှာရယ်၊ ကိုယ်အထက်ပိုင်း အဝတ်အစားမကပ်တတ်တာကြာလိူ့ နေခထားတဲ့ မွဲပြာပြာ အဖေ့ကျောဗလာကြီးရယ်၊ အိမ်ပြန်လာတိုင်း သား ယီးလေးခိုဖို့ ဆန့်ထုတ်ပေးတတ်တဲ့ အဖေ့ရဲ့ ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းအိုးကြီးတွေရယ်၊ ဒါတွေ အခု ဘယ်များရောက်နေပါသလဲ။ အဖေဟာအဖေ့ကိုချစ်လို့မဝတဲ့၊ အဖေချစ်လို့ မ၀သေးတဲ့သားကို တကယ်ပဲခွဲသွားခဲ့ပြီလား။

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...