သြော်...ဟုတ်ကဲ့ ဒေါက်တာ။ ကျွန်တော်က ကင်ဆာရောဂါဝေဒနာသည်ပါ။ တစ်ကိုယ်လုံးနီးပါး ကလီစာတွေမှာ ကင်ဆာဆဲလ်တွေ ဖြစ်နေတာပါ။ ဗျာ ...ဒေါက်တာ အံ့သြသွားတာလား။ သြော်...ဟုတ်ကဲ့။ ကျွန်တော့ ကေ့စ်မျိုးကလည်း ရှားတာကိုး။ စဖြစ်တာလား ... ရောဂါရယ်လို့ ပွင့်အန်ထွက်လာတာကတော့ ၁၉၄၈-၄၉ လောက်ကဆိုတော့ ခု နှစ် ၇၀လောက်ရှိပြီပေါ့။ ဒီမတိုင်ခင်ကတည်းက အထဲမှာလှိုက်ပြီး ရောဂါပျိုးနေခဲ့တာပေါ့။ ဟဲ ဟဲ ဘာလဲ ...ဒေါက်တာက မယုံဘူးလား။ နှစ်ပေါင်း ၇၀ လောက် ကင်ဆာရောဂါဖြစ်နေပြီး မသေသေးဘူးဆိုတော့ ဆရာပါးစပ်အဟောင်းသားဖြစ်သွားတာလား။ ဒီလိုဒေါက်တာရဲ့..ဒေါက်တာတို့လို ဟိုမိုဆေးပီးယန်းတွေက သက်တမ်းကမှ ၇၀-၈၀။ အလွန်ဆုံး ၉၀-၁၀ဝပေါ့ဗျာ။ ဒီတော့ ကင်ဆာရယ်လို့မှ သိလိုက်ပြီဆိုတာနဲ့အလွန်ဆုံး ခြောက်လလောက်ပဲကိုး။ ဒေါက်တာတို့နဲ့နှိုင်းယှဉ်ရင်တော့ ကျွန်တော်ဟာ နှစ် ၇၀ လောက် ကင်ဆာနဲ့အသက်ရှင်နေတာ ထူးဆန်းနေမှာပေါ့။ ကျွန်တော့အသက်လား။ အင်း... ဒီမေးခွန်းကိုဖြေဖို့အတွက်က ကျွန်တော့်အသက်ကို ဘယ်ကနေ စပြီးပိုင်းဖြတ်ကြည့်မှာလဲဆိုတာပဲ။ ခုနကပြောတဲ့ ကင်ဆာရယ်လို့ စပွင့်အန်ထွက်တဲ့အချိန်ဆိုတာက ကျွန်တော်က ပုံသဏ္ဌာန်တစ်မျိုး၊ နာမည်တစ်မျိုးနဲ့ အသစ်ပြန်လည်မွေ...