မြန်မာပြည်မှာတုန်းကဖြစ်၏။ မိုးရေတို့ဖြင့် စွတ်စိုနေသော မနက်ခင်းတစ်ခုတွင် ဖြစ်သည်။ ဖျော့တော့သော အလင်းရောင်သည် တံတိုင်းမြင့်မြင့်များပေါ်မှကျော်၍ အကျဉ်းထောင်ဝင်းအတွင်းသို့ အဝါရောင် သံဖြူပါး လွှာလေး တစ်ချပ်အလား စောင်းလျက်ကျရောက်နေသည်။ ကျွန်တော်တို့သည် သေဒဏ်ကျများကို ထားသည့် ကြိုးတိုက်အခန်းများ အပြင်တွင် စောင့်ဆိုင်းနေကြသည်။ ထိုသူတို့ကိုထားသည့် ကြိုးတိုက် အခန်းများသည် သံတိုင်နှစ်ထပ်ဖြင့် ရှေ့ကခံထားသည့် တန်းလျားတစ်ခု ဖြစ်ပြီး တိရစ္ဆာန်လှောင်အိမ် သေးသေး လေးများနှင့် တူပါသည်။ အကျဉ်းခန်းများသည် ဆယ်ပေပတ်လည်စီ အကျယ်ရှိကြပြီး ပျဉ်ခင်းအိပ်ရာတစ်ခု၊ သောက်ရေအိုးတစ်အိုးမှ လွဲပြီး ဘာမှမပေးထားပါ။ အခန်းအချို့ထဲတွင် အသားညိုညို ယောက်ျားများသည် တိတ်ဆိတ်လျက်က အတွင်းသံတိုင်၏နောက်ဘက် အခန်းထဲတွင် ဆောင့်ကြောင့် ထိုင်လျက် ရှိကြသည်။ ၎င်းတို့ကိုပေးထားသည့် ခြုံစောင်များကို ကိုယ်ပေါ် ခပ်လျော့လျော့ ပတ်ထားကြသည်။ ထိုသူတို့သည် သေဒဏ်ကျ အကျဉ်းသားများဖြစ်ကြသည်။ လာမည့် သီတင်းတစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း သူတို့ကို ကြိုးပေးကြတော့မည် ဖြစ်သည်။ အကျဉ်းသားတစ်ဦးကို ၎င...