Skip to main content

ကြိုးပေးကွပ်မျက်ခြင်း (ဂျော့ချ် အော်ဝဲလ်)


မြန်မာပြည်မှာတုန်းကဖြစ်၏။ မိုးရေတို့ဖြင့် စွတ်စိုနေသော မနက်ခင်းတစ်ခုတွင် ဖြစ်သည်။ ဖျော့တော့သော အလင်းရောင်သည် တံတိုင်းမြင့်မြင့်များပေါ်မှကျော်၍ အကျဉ်းထောင်ဝင်းအတွင်းသို့ အဝါရောင် သံဖြူပါး လွှာလေး တစ်ချပ်အလား စောင်းလျက်ကျရောက်နေသည်။ ကျွန်တော်တို့သည် သေဒဏ်ကျများကို ထားသည့် ကြိုးတိုက်အခန်းများ အပြင်တွင် စောင့်ဆိုင်းနေကြသည်။ ထိုသူတို့ကိုထားသည့် ကြိုးတိုက် အခန်းများသည် သံတိုင်နှစ်ထပ်ဖြင့် ရှေ့ကခံထားသည့် တန်းလျားတစ်ခု ဖြစ်ပြီး တိရစ္ဆာန်လှောင်အိမ် သေးသေး လေးများနှင့် တူပါသည်။ အကျဉ်းခန်းများသည် ဆယ်ပေပတ်လည်စီ အကျယ်ရှိကြပြီး ပျဉ်ခင်းအိပ်ရာတစ်ခု၊ သောက်ရေအိုးတစ်အိုးမှ လွဲပြီး ဘာမှမပေးထားပါ။ အခန်းအချို့ထဲတွင် အသားညိုညို ယောက်ျားများသည် တိတ်ဆိတ်လျက်က အတွင်းသံတိုင်၏နောက်ဘက် အခန်းထဲတွင် ဆောင့်ကြောင့် ထိုင်လျက် ရှိကြသည်။ ၎င်းတို့ကိုပေးထားသည့် ခြုံစောင်များကို ကိုယ်ပေါ် ခပ်လျော့လျော့ ပတ်ထားကြသည်။ ထိုသူတို့သည် သေဒဏ်ကျ အကျဉ်းသားများဖြစ်ကြသည်။ လာမည့် သီတင်းတစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း သူတို့ကို ကြိုးပေးကြတော့မည် ဖြစ်သည်။

အကျဉ်းသားတစ်ဦးကို ၎င်း၏ကြိုးတိုက်အခန်းအတွင်းမှ အပြင်သို့ထုတ်လာခဲ့ပြီဖြစ်သည်။ သူသည် သေးသေးညှက်ညှက်ဟိန္ဒူတစ်ဦးဖြစ်ပြီး ခေါင်းကိုပြောင်အောင် ရိတ်ထားကာ မျက်လုံးများက မှုန်ရီဝေ နေကြသည်။ နှုတ်ခမ်းမွေးက ထူထဲရှည်လျားပြီး သူ့ကိုယ်ခန္ဓာနှင့်ယှဉ်လျှင် ကြီးလွန်းသဖြင့် မလိုက်မဖက် ဖြစ်နေသည်။ ရုပ်ရှင်ဇာတ်ကားများထဲမှ ဟာသသရုပ်ဆောင်တစ်ဦး၏ နှုတ်ခမ်းမွေးနှင့် ပိုတူနေပါသည်။ အရပ်ရှည်ရှည် အိန္ဒိယလူမျိုး ဝါဒါခြောက်ယောက်က စောင့်ကြပ်ထားကြပြီး ကြိုးစင်သို့ပို့ရန် အဆင်သင့် ဖြစ်နေကြသည်။ ဝါဒါများထဲမှ နှစ်ယောက်သည် လှံစွပ်တပ်ရိုင်ဖယ်သေနတ်များကိုင်လျက်က အနားတွင် ရပ်နေကြသည်။ ကျန်သည့် ဝါဒါများက ထိုအကျဉ်းသားကို လက်ထိတ်ခတ်လိုက်ပြီး လက်ထိတ်နှင့် သူတို့ခါးပတ်များကို တွဲချိတ်လိုက်ကြကာ သူ့လက်မောင်းနှစ်ဖက်ကို သူတို့နံပါးနှင့် တင်းတင်းကျပ်ကျပ် ဖိကပ်ရင်း ကြိုးဖြင့် တုပ်လိုက်ကြသည်။ ဝါဒါတို့သည် ထို အကျဉ်းသား၏ ဘေးပတ်လည်တွင် ကြားလေသွေးမှာပင် စိုးရိမ်သည့်အလား ပူးကပ်ထားလိုက်ကြသည်။ သူတို့လက်များကို ထို အကျဉ်းသား၏ ကိုယ်ပေါ်သို့ ဂရုတစိုက်နှင့် အသာအယာ ထိကိုင်ထားကြသည်မှာ ထိုသူသည် ထိုနေရာမှာပင် အကောင်အထည်အလိုက် ရှိမရှိ လိုက်စမ်းနေသည့်အလား ဖြစ်သည်။ သူတို့ ဝိုင်းထိ ကိုင်ထားကြပုံမှာ အသက် မသေသေးသည့် ငါးတစ်ကောင်၊ ရေထဲပြန်ခုန် ထွက်ဆင်းသွားနိုင်သေးသည့် ငါးတစ်ကောင်ကို ဝိုင်းဖမ်းကိုင် ထားကြသည့် လူတစ်စုနှင့်တူနေပါသည်။ သို့သော် ထိုအကျဉ်းသားသည် ရုန်းကန်ခြင်းမရှိဘဲ ရပ်နေပြီး သူ့လက်မောင်းများသည် တုပ်ထားသည့်ကြိုးများအောက်တွင် အားမရှိသကဲ့သို့ ငြိမ်သက်လျက်ရှိလေသည်။ သူ့ပုံစံက ဘာဖြစ်နေမှန်းပင် သတိပြုမိပုံမရပါ။

ရှစ်နာရီထိုးသံ ကြားရပြီးနောက် ခရာမှုတ်သံထွက်လာ၏။ စိုထိုင်းနေသော လေထုထဲတွင် ထိုအသံသည် နား မခံသာချင်စရာ စူးရှနေပြီး အဝေးရှိ ကြိုးတိုက်များထံမှ ပဲ့တင်သံသဲ့သဲ့ပြန်ကြားရသည်။ ထောင်ပိုင်သည် ငေးငေးငိုင်ငိုင်ဖြင့် ကျွန်တော်တို့နှင့် နည်းနည်းခွာ၍ရပ်နေပြီး လမ်းခင်းကျောက်စရစ်များကို တုတ်ဖြင့် ထိုးမွှေနေရင်းက ခေါင်းကိုမော့၍ ခရာသံကိုနားစွင့်လိုက်သည်။ သူသည် စစ်တပ်မှ ဆရာဝန်တစ်ဦးဖြစ်ပြီး သူ့နှုတ်ခမ်းမွေးဖြူဖြူက သွားတိုက်တံအမွေးနှင့်တူသည်။ စကားပြောလျှင် အသံပြတ်ပြတ်ဖြင့်ပြောသည်။အောင်မလေး ဖရန်စစ်ရေ၊ မြန်မြန်လုပ်ပါဟ ကိုတော်ချောရ။ ခုချိန်လောက်ဆို အသက်ပျောက်ပြီးသား ဖြစ်နေရမှာကွ။ ခုထိ အဆင်သင့်မဖြစ်သေးဘူးလားဟု သူက ငေါက်လိုက်သည်။

ဖရန်စစ်ဟုခေါ်သော အဆိုပါ ထောင်မှူးချုပ်ကဟုတ်ကဲ့ပါ ဆရာ၊ ဟုတ်ကဲ့ပါ ဆရာဟု ဗလုံးဗထွေးသံနှင့် ပြန်ပြောလေသည်။ သူသည်ဒရာဗီဒီယန်မျိုးနွယ်ဝင် အသားမည်းအိန္ဒိယတိုင်းရင်းသား လူပုံခပ်ဝဝဖြစ်ပြီး အဖြူရောင် ဝတ်စုံကိုဝတ်ဆင်ကာ မျက်နှာမှာ ရွှေမျက်မှန်တစ်လက်ကို တပ်ထားသည်။

အားလုံး ဆရားစိတ်တိုင်းကျားဖြစ်အောင် စီးစင်းထားပါတယ် ဆရာ။ ဒေါက်ဖြုတ်လည်း စောင်းနေပါတယ် ဆရာ။ စား()ပါတော့မယ် ဆရာ။

နိပ်သဟေ့။ ကဲ မြန်မြန်စတော့။ ဒီကိစ္စမပြီးမချင်း ထောင်သားတွေ မနက်စာ စားရမှာမဟုတ်ဘူး။

ကြိုးစင်ရှိရာသို့ ကျွန်တော်တို့ ချီတက်ကြသည်။ သေဒဏ်ပေးမည့် အကျဉ်းသား၏ ဘေးတစ်ဖက် တစ်ချက်မှ ဝါဒါတစ်ယောက်စီက ရိုင်ဖယ်ကို ခပ်စောင်းစောင်းထမ်းလျက် လိုက်ပါကြသည်။ နောက်ထပ်နှစ်ယောက်က ထိုအကျဉ်းသားကို လက်မောင်းနှင့်ပခုံးနေရာတို့မှ ဆုပ်ကိုင်လျက် သူနှင့်ကိုယ်ချင်းကပ်ပြီး လျှောက်ကြသည် မှာ သူ့ကို တစ်ချိန်တည်းမှာပင် တွန်းလည်းတွန်းရင်း၊ ထိန်းလည်းထိန်းပေးရင်း လျှောက်သည့်အလား ဖြစ် သည်။ ရာဇဝတ်တရားသူကြီး စသည့် ကျန်သည့်ပုဂ္ဂိုလ်များက နောက်မှ လိုက်ကြသည်။ ကျွန်တော်တို့ ဆယ် ကိုက်လောက် လျှောက်ပြီးသည့်အချိန်တွင် လျှောက်နေသည့်လူတန်းသည်  အမိန့်ပေးခြင်း၊ သတိပေးခြင်း အလျင်းမရှိဘဲလျက် ရုတ်တရက် ရပ်တန့်သွား၏။ ရုတ်ရုတ်သဲသဲ အဖြစ်အပျက်တစ်ခု ဖြစ်သွားသည်။ မည်သည့်နေရာကရောက်လာမှန်းမသိရသည့် ခွေးတစ်ကောင်သည် ဝင်းထဲမှာ ပေါ်လာသည်။ ကျွန်တော်တို့ လူအုပ်ကြားထဲ ကျယ်ကျယ်လောင်လောင် ဟောင်ပြီးရင်းဟောင်လျက်က ခုန်ပေါက်၍နေသည့် ထိုခွေးသည် တစ်ကိုယ်လုံးကို လှုပ်ခါယမ်းလျက်က ကျွန်တော်တို့ကိုဝိုင်းပတ်ခုန်ပေါက်လျက်ရှိသည်။ လူတွေအများကြီးကို အတူတူတွေ့လိုက်ရသဖြင့်လည်း ဝမ်းမြောက်အူမြူးလျက်ရှိလေသည်။ ၎င်းသည် အမွေးပွခွေးအကြီးစားမျိုး ဖြစ်၏။ အဲဒေးလ်နှင့်ခွေးလေခွေးလွင့်တို့ စပ်ကျသည့်ခွေးဖြစ်၏။ တစ်အောင့်မျှကြာအောင် ကျွန်တော်တို့ အနား ခုန်ဆွခုန်ဆွလုပ်နေပြီးသော် မည်သူမှမတားလိုက်နိုင်မီမှာတင် အကျဉ်းသားဆီ တစ်ဟုန်ထိုးပြေးသွား ပြီး ထိုလူ့ကိုယ်ပေါ်သို့ ပတတ်ရပ်ကာ မျက်နှာကိုလျှာဖြင့်လျက်ဖို့ ကြိုးစားလေသည်။ ကျွန်တော်တို့အားလုံး ကြက်သေသေကာ ရပ်နေကြသည်။ အံ့အားသင့်လွန်းသဖြင့် ခွေးကိုသွားဖမ်းခေါ်ဖို့ပင် သတိမရကြချေ။

ဘယ်ကောင်က ဒီသတ္တဝါကို အထဲခေါ်သွင်းတာလဲကွ။ တစ်ယောက်လာစမ်း သွားဖမ်းချည်ဟု ထောင်ပိုင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

လုံခြုံရေးအဖွဲ့ထဲမှ ဝါဒါတစ်ယောက်သည် ထိုခွေးနောက်သို့ ပြူးတူးပျာတာဖြင့် လိုက်၏။ သို့သော် အနှီခွေး သည် ဟိုပြေးသည်ပြေး ဟိုခုန်သည်ပေါက်ဖြင့် ဖမ်းမမိနိုင်အောင်ရှိရသည်။ ၎င်းသည် မည်သူဘာလုပ်လုပ် သူနှင့် လာဆော့ကစားနေသည်ဟုသာ အမြင်ရောက်လေသည်။ ဥရောပနှင့်အာရှ ကပြားလူငယ် ထောင် အမှုထမ်းတစ်ယောက်က ကျောက်စရစ်ခဲတစ်ဆုပ်ကိုကောက်ကာ ထိုခွေးကို ပေါက်၍မောင်းလေသည်။ သို့သော် ထိုခွေးသည် ကျောက်စရစ်ခဲများကိုရှောင်တိမ်းပြီးလျှင် ကျွန်တော်တို့နောက်မှ ထပ်လိုက်လာ ပြန်လေသည်။ သူ့ ဟောင်သံများသည် ထောင်နံရံများမှသည် ပဲ့တင်ပြန်လာကြသည်။ ထောင်ဝါဒါ နှစ်ယောက်၏လက်ထဲမှ သေဒဏ်ကျ အကျဉ်းသားသည် ငူငူကြီးသာ ငေးကြည့်နေလေသည်။ မသိလျှင် လူတစ်ယောက်ကို ကြိုးပေးတိုင်း လုပ်ရိုးလုပ်စဉ်တစ်ခုကိုမြင်နေရသည့်နှယ်ဖြစ်သည်။ မိနစ်အနည်းငယ် ကြာမှ ခွေးကို မိအောင် ဖမ်းနိုင်တော့သည်။ ထို့နောက် ကျွန်တော့်လက်ကိုင်ပဝါကို ခွေး၏လည်ပတ်ထဲ လျှိုထည့်ကာ နောက်တစ်ကြိမ် ထပ်ဆွဲဖယ်လိုက်သည်။ ခွေးသည် တအီအီမြည်လျက် ရုန်းကန် နေတုန်းဖြစ်၏။

ကြိုးစင်နှင့် ကိုက်လေးဆယ်ခန့် ကွာပါသေးသည်။ ရှေ့မှ သွားနေသော ကြိုးကျအကျဉ်းသား၏ ဗလာ ကျောပြင်ညိုညိုကို ကျွန်တော်ကြည့်နေမိ၏။ လက်များကိုချည်တုပ်ခံထားရသဖြင့် သူသည် လမ်းပင် ကောင်းကောင်း မလျှောက်နိုင်ပေ။ သို့ရာတွင် အိန္ဒိယသားတို့ ဒူးညွှတ်လမ်းလျှောက်သည့်ဟန်နှင့်အတူ မှန်မှန်ကလေး သွားနေပါသည်။ ခြေတစ်ခါလှမ်းလိုက်တိုင်း သူ့ကြွက်သားများက တလှုပ်လှုပ်ဖြစ်သွားသလို ဦးရေပြားပေါ်ရှိ ဆံခွေကလေးကလည်း အပေါ်တက်အောက်ဆင်း ကနေဟန်ရှိလေသည်။ စိုစွတ်နေသည့် ကျောက်စရစ်လမ်းပေါ် သူ့ခြေရာများ ကျန်နေခဲ့သည်။ တစ်ကြိမ်တော့ သူသည် ဗွက်အိုင်ငယ် တစ်ခုကို မနင်းမိစေရန် သူ့ကိုပခုံးမှ ကိုင်ထားသည့်ကြားမှ ဘေးသို့အနည်းငယ် တိမ်းလိုက်သေးသည်။

၎င်းသည် ထူးဆန်းပါသည်။ သို့သော် ကျန်းမာ၍ အသိစိတ်ရှိသော လူတစ်ယောက်၏ အသက်ကို နုတ်ယူပစ်လိုက်ရခြင်း၏ သဘောကို ထိုအခိုက်အတံ့မတိုင်မီအထိ ကျွန်တော် လုံးဝသဘောမပေါက်ခဲ့ပါ။ ဗွက်အိုင်ငယ်ကို မနင်းမိစေရန်အတွက် ထိုအကျဉ်းသား ဘေးသို့တိမ်းလိုက်သည်ကို မြင်လိုက်ရသည့်အခါတွင် ကျွန်တော်သည် အားကောင်းမောင်းသန်အဖြစ်ဆုံး အခြေအနေတွင်ရှိနေသည့် လူ့ဘဝတစ်ခု၊ လူ့အသက် တစ်ချောင်းကို ဖြတ်တောက်ပစ်လိုက်ရခြင်း၏ အဖြေရှာမရသောလျှို့ဝှက်ချက်၊ ထုတ်ဖော်ပြော၍မရသော မှားယွင်းမှုကို မြင်လိုက်ရသည်။ ထိုအကျဉ်းသားသည် သေခါနီးလူမမာမဟုတ်ပါ။ သူသည် ခင်ဗျားတို့ ကျွန်တော်တို့လိုပင် အသက်ရှင်သန်နေသူတစ်ယောက် ဖြစ်သည်။ သူ့ကိုယ်တွင်း အင်္ဂါအားလုံး ပုံမှန် အလုပ်လုပ်နေဆဲ ဖြစ်ပါသည်။ အူတို့သည် အစာကိုကြေချက်ဆဲ၊ အရေပြားတို့သည် ဆဲလ်အဟောင်းတို့နေရာ၌ ဆဲလ်အသစ်တို့ အစားထိုးမြဲ၊ လက်သည်းခြေသည်းတို့သည် ရှည်မြဲ၊ အသားစအသားစိုင်တို့သည် ဖွဲ့တည် ဖြစ်ပေါ်မြဲ။ ထိုအစိတ်အပိုင်း အားလုံးသည် လေးနက်တည်ကြည်စွာ ရူးသွပ်လျက် အားထည့်အလုပ်လုပ် လျက်ရှိကြသည်။ ကြိုးစင်ပေါ်ရှိ အံဝှက်တံခါးပေါ် သူရပ်လိုက်ချိန်တွင်လည်းကောင်း၊ တံခါးပေါက်ပွင့်၍ အောက်သို့သူပြုတ် ကျသွားချိန် အသက်မပျောက်မီ တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံစာကလေး အတွင်း လည်းကောင်း သူ့လက်သည်းခြေသည်းများ ဆက်လက်ရှည်ထွက်နေဦးမည်ဖြစ်သည်။ ကျောက် စရစ်ခဲ ဝါဝါများနှင့် မီးခိုးရောင်အုတ်တံတိုင်းများကို သူ့မျက်လုံးများက မြင်ပြီးဖြစ်လျက်နှင့်ပင် သူ့ဦးနှောက်က အလုပ်လုပ်နေသေးသည်။ ဘာဖြစ်မည်ကို ကြိုမြင်နိုင်သေးသည်။ စဉ်းစားဆင်ခြင် နိုင်သေးသည်။ ဗွက်အိုင် ကလေးများကိုတွေ့သည့်အခါ ရှောင်ကွင်းသွားရမည်ဟူ၍ ဆင်ခြင်နိုင်ခဲ့သေးသည်။ သူနှင့် ကျွန်တော်တို့သည် အတူတူလမ်းလျှောက်နေကြသူများဖြစ်ပြီး တစ်ခုတည်းသော ကမ္ဘာလောကကိုပင် မြင်နေ၊ ကြားနေ၊ ခံစားနေ၊ နားလည်နေကြသူများ ဖြစ်သည်။ သို့သော်လည်း နောက်နှစ်မိနစ်အကြာတွင် ကျွန်တော်တို့ ထဲမှ လူတစ်ယောက်သည်ဖြုန်းဆို ပျောက်ကွယ်သွားတော့မည်။ နာမ်ခန္ဓာတစ်ခု လျော့သွားတော့မည်။ ကမ္ဘာ လောကတစ်ခု လျော့သွား တော့မည်။

ကြိုးစင်သည် ထောင်မကြီးနှင့် သပ်သပ်စီရှိနေသည့် ဝင်းငယ်တစ်ခုအတွင်း တည်ရှိပြီး ထိုဝင်းထဲတွင် စပ်ဖျဉ်းဖျဉ်းဖြစ်ကာ ယားယံတတ်သည့် ပေါင်းပင်ရှည်ကြီးများ ပေါက်ရောက်နေပါသည်။ ၎င်းသည် တစ်ဖက်ဖွင့် ကုန်လှောင်ရုံ တစ်လုံး၏နံရံသုံးဖက်သဖွယ် အုတ်များကိုစီထားပြီး ထိပ်တွင် ကုန်းပေါင် တစ်ချောင်း ထိုးထားသည်။ ၎င်း၏ အထက်မှာတော့ တိုင်နှစ်တိုင်ကို ကန့်လန့်ဖြတ်ထုတ်တန်းတစ်တန်းဖြင့် ဆက်ထားပြီး ကြိုးတစ်ချောင်း တွဲလောင်းကျနေသည်။ ဒေါက်ဖြုတ် သည် ဆံပင်တွေဖြူနေသည့် ထောင်ကျ တစ်ဦးဖြစ်ပြီး အဖြူရောင် ထောင်ပုံစံ အဝတ်နှင့်ဖြစ်ကာ သူဖြုတ်ရမည့် ဒေါက်ဘေးတွင် စောင့်လို့နေသည်။ ထိုသူသည် ကျွန်တော်တို့ ဝင်လာသည့် အခါ အလွန်ရိုကျိုးစွာ ခါးကိုင်းလျက် အရိုအသေပေးလေသည်။ ဖရန်စစ်က တစ်ခွန်းပြောလိုက်သည့်အခါ ဝါဒါနှစ်ယောက်သည် ကြိုးကျအကျဉ်းသားအား မူလကထက် ပိုမိုတင်းကျပ်စွာ ချုပ်ကိုင်ထားလိုက်ကြပြီး ကြိုးစင်ရှိရာသို့ မတွန်းရုံတမည် ခေါ်သွားကြကာ လှေကားအတိုင်း ဒယိမ်းဒယိုင် တက်သွားနိုင်အောင် ကိုင်ထားကြသည်။ ထို့နောက်တွင် ဒေါက်ဖြုတ်သည် အပေါ်သို့လိုက်တက်သွားပြီး ကြိုးကွင်းကို အကျဉ်းသား၏ လည်ပင်းတွင် စွပ်လိုက်သည်။

ကျွန်တော်တို့သည် ငါးကိုက်အကွာတွင် ရပ်စောင့်နေကြသည်။ ဝါဒါများက ကြိုးစင်ပတ်လည်တွင် စက်ဝိုင်းပုံ မကျတကျ ရပ်နေကြသည်။ ထို့နောက်တွင် ကြိုးကွင်းလျှောဖြစ်အောင်ချည်သည့်အခါ အကျဉ်းသားသည် သူကိုးကွယ်ရာဘုရားကို တလျက် ငိုပါတော့သည်။ ၎င်းသည် အသံကိုမြှင့်လျက်ရာမ်ရာမ်ရာမ်ဟု တစ်လုံးပြီးတစ်လုံး မြည်တမ်းပါသည်။ ထိုမြည်တမ်း တသသံသည် ရှိခိုးဆုတောင်းသံ၊ အော်ဟစ် အကူအညီ တောင်းသံမျိုးလို ရေးကြီးသုတ်ပြာနိုင်၍ အကြောက်တရားပါသော အသံမျိုးမဟုတ်၊ ထိုအသံသည် စည်းချက်ညီခေါင်းလောင်းထိုးသံနှယ် ဖြည်းဖြည်း မှန်မှန် သွားနေသည့် အသံတစ်မျိုးဖြစ်လေသည်။ ထိုလူ၏ မြည်တမ်းသံကိုကြားသည့် စောစောက ခွေးသည် အသံရှည်ကြီးဆွဲလျက် ထအူလေတော့သည်။ ကြိုးစင်ပေါ် မှာပင် ရပ်နေဆဲရှိသေးသည့် ဒေါက်ဖြုတ်သည် ဂျုံအိတ်နှင့်တူသည် ချည်အိတ်ငယ်တစ်အိတ်ကို ထုတ်လိုက်ပြီး အကျဉ်းသား၏မျက်နှာပေါ်မှ စွပ်ချလိုက်သည်။ အိတ်စွပ်ကြောင့် တိမ်ဝင်သလိုဖြစ်သွားရသော်လည်း သူ၏ မြည်တမ်းသံသည် ဆက်ကာ ဆက်ကာ ထွက်ပေါ်နေဆဲဖြစ်သည်။ရာမ်ရာမ်ရာမ် ရာမ်ရာမ်…”

ဒေါက်ဖြုတ်သည် အောက်ပြန်ဆင်းလာပြီး မောင်းတံကိုကိုင်လျက် အဆင်သင့်အနေအထားဖြင့် ရပ်နေလိုက် သည်။ မိနစ်နှင့်ချီပြီး ကြာသွားသည်ဟု ထင်ရသည်။ ခေါင်းစွပ်အတွင်းမှ အကျဉ်းသား၏ ဘုရားတသံ ခပ်အုပ် အုပ်က ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်ပြီး တစ်စက်ပင်ရပ်တန့်မသွားပါ။ရာမ်ရာမ် ရာမ်…” ဗိုက်ကိုငုံ့ကြည့်နေသည့် ထောင်ပိုင်သည် သူ့တုတ်ကောက်ဖြင့် မြေကြီးပေါ် ဖြည်းဖြည်းချင်း ခြစ်နေပါသည်။ အကျဉ်းသား၏ မြည်သံကို ရေတွက်နေတာလည်း ဖြစ်နိုင်ပါသည်။ ဘုရားကိုတ၍မြည်တမ်းသံကို အကြိမ် အရေအတွက် တစ်ခုထိ၊ ဥပမာ ငါးဆယ်လည်းဖြစ်မည်၊ တစ်ရာလည်းဖြစ်မည်၊ ရောက်အောင် ခွင့်ပြုနေဘိ သည့်အလား။ ယခုဆိုလျှင် သူသူငါငါတို့၏ အရောင်တို့သည် ပြောင်းလဲကုန်ကြပြီ။ အိန္ဒိယသားတို့သည် သောက်မကောင်းတော့သည့် ကော်ဖီရောက်လို ညိုမှိုင်းမှိုင်းဖြစ်သွားကြသည်။ လှံစွပ်တို့အနက် တစ်ခုသော် လည်းကောင်း၊ နှစ်ခုသော်လည်းကောင်းမှာ လှုပ်ယမ်းလို့နေသည်။ ကျွန်တော်တို့သည် ကြိုးစင်ပေါ်က အံဝှက် တံခါးပေါက်ပေါ်ရှိ ကြိုးတုပ်ခံ၊ ခေါင်းစွပ်နှင့်လူကို ကြည့်လိုက်ကြပြီး သူ၏ တသံကို နားထောင်နေကြသည်။ တစ်ခါမြည်တမ်းလိုက်တိုင်း အသက်တစ်စက္ကန့်စာ ပိုနေနေရခြင်း။ ကျွန်တော်တို့အားလုံး ထိုအတွေးသာ ရှိကြသည်။ အိုးသတ်မှာဖြင့်လည်း မြန်မြန်သတ်ပါတော့လုပ်ချလိုက်ပါတော့စိတ်ညစ်စရာ သည် အသံကြီး မကြားပါရစေနဲ့တော့

ထိုစဉ် ရုတ်တရက်ပင် ထောင်ပိုင်သည် စိတ်ကိုပိုင်းဖြတ်လိုက်သည်။ သူက ခေါင်းကိုမော့လိုက်ပြီး လက်ထဲက တုတ်ဖြင့် ဖျတ်ခနဲတစ်ချက်ဝှေ့ယမ်းပြလိုက်ကာလုပ်ဟေ့ဟု မာန်ပါလုနီးနီးအသံဖြင့် အော်လိုက်သည်။

ထို့နောက်တွင် ချိုင်းခနဲအသံကြီးထွက်လာပြီး အပ်ကျသံကြားရမတတ် ငြိမ်ကျသွားသည်။ အကျဉ်းသား၏ ဝိညာဉ်သည် ကိုယ်ခန္ဓာမှပျောက်ကွယ်သွားခဲ့ပြီဖြစ်သလို လည်ပင်းတန်းလန်းနှင့်ကြိုးသည် ဘယ်ပြန်ညာပြန် လိမ်လျက်ရှိသည်။ ကျွန်တော်လည်း ခွေးကိုလွှတ်ပေးလိုက်ရာ ၎င်းသည် ကြိုးစင်နောက်ဘက်သို့ ချက်ချင်း ခုန်ပေါက်ထွက်သွားတော့သည်။ ကြိုးစင်နောက်သို့ရောက်သည့်အခါ ခွေးသည် ရုတ်ခြည်းရပ်သွားပြီး ဟောင်သည်။ ထို့နောက် ကြိုးစင်ဝင်းထဲ ထောင့်တစ်ထောင့်သို့ ပြန်ထွက်သွားကာ ပေါင်းပင်ရှည်များကြား ရပ်လျက် ကြောက်ရွံ့သည့်အကြည့်ဖြင့် ကျွန်တော်တို့ကို ပြန်ကြည့်နေလေသည်။ ကျွန်တော်တို့လည်း ကြိုးစင် ကို တစ်ပတ်လှည့်ကြည့်ပြီး အကျဉ်းသား၏ကိုယ်ခန္ဓာကို စစ်ဆေးကြည့်သည်။ သူ့ကိုယ်ကြီးသည် လေထဲတွင် တွဲလောင်းဖြစ်နေပြီး ခြေမများက အောက်ဘက်တည့်တည့်ကို ထိုးစိုက်လျက်ရှိသည်။ လေထဲတွင် ဖြည်းဖြည်း ချင်း လည်နေသည်။ ကျောက်ရုပ်တစ်ရုပ်ပမာ အသက်ကင်းမဲ့လျက်ရှိသည်။

ထောင်ပိုင်သည် သူ့တုတ်ကောက်နှင့်အတူရောက်လာပြီး အသက်မဲ့အကျဉ်းသားအား တို့ကြည့်လိုက်ရာ အနည်းငယ် ယိမ်းခါသွား၏။အဆင်ပြေတယ်ဟု ထောင်ပိုင်ကြီးက ပြောလိုက်သည်။ ကြိုးစင်အောက်မှ ပြန်ထွက်လိုက်ကာ သက်မရှည်ကြီးတစ်ချက် ချလိုက်သည်။ သူ့မျက်နှာပေါ်က ညစ်ညူးနေသည့်ဟန်သည် ရုတ်တရက်လွင့်စင်ကင်းပျောက်သွားတော့သည်။ သူက သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်၏။ရှစ်နာရီ ရှစ်မိနစ်။ ဒီမနက်တော့ ဒီလောက်ပဲ။ ဘုရားသခင်ကျေးဇူးတော်ပါပဲ။

ဝါဒါတို့သည် လှံစွပ်များကိုဖြုတ်လိုက်ကြပြီး ပြန်ချီတက်ထွက်ခွာသွားကြတော့သည်။ ဆိုးပေ လုပ်ထားမှန်း ကိုယ့်ကိုယ်ကိုယ် သိသည့် ခွေးကလေးသည် ပုံမှန်စိတ်ဖြင့် သူတို့နောက်က အသာလျှိုကာ လိုက်ထွက်သွား သည်။ ကြိုးစင်ဝင်းထဲမှသည် သေမိန့်ကျအကျဉ်းသားများ၏ ကြိုးတိုက်ခန်းများ ရှေ့မှဖြတ်ကာ အကျဉ်းထောင် အလယ်ကောင် ကွက်လပ်ကျယ်ကြီးသို့ ကျွန်တော်တို့ထွက်လာခဲ့ကြသည်။ နံပါတ်တုတ်ကိုင် ဝါဒါများ၏ကြီးကြပ်မှုအောက်တွင် ထောင်အကျဉ်းသားများ မနက်စာ စားနေကြသည်။ သူတို့သည် အတန်း လိုက် ဆောင့်ကြောင့်ထိုင်ကာ လက်ထဲတွင် ထမင်းစားပန်းကန်ပြား ကိုယ်စီကိုင်ထားကြပြီး ထမင်းပုံး ကိုင်ထားသည့် ဝါဒါနှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် ထမင်းလိုက်ရိုက်နေကြသည်။ အကျဉ်းသား တစ်ဦးကို ကြိုးပေးကွပ်မျက်ပြီးသည့်နောက်တွင် ယခုမြင်ရသည့်မြင်ကွင်းသည် အတော်ကို ပျော်စရာကောင် သည့် အိမ်တစ်လုံးသဖွယ်ဖြစ်လေသည်။ တာဝန်တစ်ခုပြီးသွားသဖြင့် ကျွန်တော်တို့၏စိတ်ထဲတွင် အထုပ်ကြီး တစ်ထုပ် ကျသွားသလို ပေါ့ပါးသွားကြသည်။ တစ်ယောက်က သီချင်းထဆိုကာ ထပြေးပြီး လှောင်ရယ်ရယ် သည်။ အားလုံးလည်း ကြွက်စီကြွက်စီ စကားပြောခန်းများ စလိုက်ကြသည်။

ကျွန်တော့်ဘေးမှ လျှောက်လာသည့် ဥရောပအာရှကပြားကလေးက ကျွန်တော်တို့လာခဲ့ရာ လမ်းဘက်ကို အဓိပ္ပာယ် ပါပါပြုံးလိုက်ပြီး ပြန်မေးငေါ့ပြလိုက်သည်။ဆရာ သိလားကျွန်တော်တို့ ဘော်ဒါ ကြီး (သေဒဏ်ပေးခဲ့သည့်အကျဉ်းသား) လေ၊ သူ့အယူခံပယ်ချလိုက်တယ်လည်း ကြားရော သူ့အခန်းထဲက ကြမ်းပြင်ပေါ် သေးပေါက်ချတာ။ ကြောက်လွန်းလို့လေ။ စီးကရက်သောက်ပါဦး ဆရာ။ ဒါနဲ့ ကျွန်တော့် ငွေဘူး အသစ်လေး မကြိုက်ဘူးလား ခင်ဗျ။ ဘောက်စ်ဝါလားဆီက ဝယ်လာတာလေ။ နှစ်ရူပီးနဲ့ ရှစ်အန်နာ ပေးရတယ်။ အပျံစား ဥရောပစတိုင်လေးလေ။

အနားရှိလူများလည်း ရယ်လိုက်ကြသည်။ ဘာကိုရယ်ကြသလဲတော့ မည်သူမျှသေချာသိဟန်မပေါ်။

ဖရန်စစ်သည် ထောင်ပိုင်ကြီးဘေးမှ ကပ်ဖြတ်ကာလျှောက်လာနေပြီး ပါးစပ်ကလည်း ဗလစ်ဗလစ်တွေ ပြောလျက်ရှိသည်။ဟုတ်ကဲပါ ဆရာအားလုံး စိတ်ကျေးနပ်စရာ ကောင့်လောက်အောင် ပိသွားပါတယ် ဆရာ။ဖလစ်ဆို တစ်ချက်တည်း ပိသွားတာပါပဲ ဆရာ။ အမြဲတမ်း ဒီးလို ဘယ်ဟိုးပါ့မလဲ ဆရားရယ်။ တချိုးတွေများဆို ဆရားဝန်းက ကြိုးစင်းအောက်ဝင်ပီး မသေးသေးအောင် အာ့ကျဉ်းသားရဲ့ ခြေးနှစ်ဖက်ကို ဆွဲရတားကလား။ စိတ်ပျက်စရာပါ…”

တွန့်လိမ်နေတုန်းပေါ့ ဟုတ်လားဆိုးလိုက်တာဟု ထောင်ပိုင်ကြီးက ပြောလိုက်သည်။

အား ဆရားရေး သူတို့ ကလန်းကဆန်းလုပ်ရင် ပိုးဆိုးတယ်ဗျိုး။ မတ်မိပါးသေးတယ်။ လူးတစ်ယောက် ဆို သူ့ကိုသွားခေါထုတ်တုန်းက အခန်းက သန်းတိုင်းတွေကို လက်မလွတ်ဘဲ နေးတာ။ ဆရား ပြောရင်း ယုံးမှာတောင်း မဟုတ်ဘူး။ သူ့ကိုခေါထုတ်ဖို့ လူးခြောက်ယောက်သုံးရတယ် ဆရာ။ ခြေးထောက်တစ်ဖက်ကို လူးသုံးယောက်က ဆွဲရားတယ် ဆရာ။ ကျွန်တောတို့က သူ့ကိုပြောပါးတယ်။ငါ့ကောင်ရေးမင်းကြောင့် ငါတိုး ဒုက္ခရောက်ရတာကို ထည့်တွက်ဦးလေ။ပြောလည်း မရားဘူးဆရား။ အဲဒီကောင်း သိပ်ဒုက္ခပေး တယ် ဆရား…”

ထိုခဏတွင် ကျွန်တော်သည် အတော်ကိုအသံကျယ်ကျယ်လောင်လောင် ရယ်နေမိမှန်း သတိပြုမိလိုက်ပါ သည်။ ကျန်လူအားလုံးလည်း ရယ်နေကြသည်။ ထောင်ပိုင်ကြီးသည်ပင်လျှင် နားလည်ပေးသည့်အနေဖြင့် ပြုံးနေပါသည်။ကိုယ့်လူတို့လည်း အပြင်ထွက်ပြီး တစ်ခွက်စီလောက်သောက်လိုက်ကြပါလားဟု ထောင်ပိုင်ကြီးက ရင်းရင်းနှီးနှီး ပြောလိုက်သည်။ကျုပ်ကားထဲမှာ ဝီစကီတစ်ပုလင်းပါတယ်ဗျ။ ဖြိုလိုက် ကြရင်ကောင်းမယ်။

ကျွန်တော်တို့လည်း အကျဉ်းထောင်ကြီး၏ တံခါးနှစ်ထပ် ထောင်ဘူးဝကိုဖြတ်ကာ အပြင်လမ်းမသို့ ထွက်လာခဲ့ကြသည်။ မြန်မာလူမျိုး ရာဇဝတ်တရားသူကြီးတစ်ယောက်က ရုတ်တရက်ခြေထောက်ကနေ ကိုင်ဆွဲခေါ်ရတဲ့ဗျာဟု ပြောကာ အသံထွက်လျက် ခိုးခိုးခွိခွိရယ်ချလိုက်သည်။ ကျွန်တော်တို့အားလုံးလည်း ရယ်လိုက်ကြပြန်သည်။ ထိုအခိုက်အတံ့တွင် ဖရန်စစ်၏ရယ်စရာသည် အလွန့်အလွန်ကို ဟာသမြောက်နေ သလိုရှိပါသည်။ မြန်မာဝန်ထမ်းများရော ကျွန်တော်တို့လို ဥရောပမျက်နှာဖြူများရော အားလုံး အတူတကွ ရင်းရင်းနှီးနှီး သောက်ကြပါသည်။ အသက်မဲ့ အကျဉ်းသား၏ကိုယ်ခန္ဓာကတော့ ကိုက်တစ်ရာအကွာအဝေးမှာ ရှိနေပါသည်။

၁၉၃၁

ဗြိတိသျှစာရေးဆရာကြီး ဂျော့ချ် အော်ဝဲလ် (George Orwell) ၏ နာမည်ကျော်အက်ဆေး တစ်ပုဒ်ဖြစ်သည့် A Hanging ကို ပြန်ဆိုပါသည်။

Comments

အဖတ်အများဆုံး

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

မသိန်းရှင်ဆီပို့ကြည့်လိုက်သော မာယာဘုံ

ကျွန်မသည် ပြီးခဲ့သောကာလတစ်ခုအတွင်း လူလေးဦးနှင့် တွေ့ဆုံရင်းနှီးခဲ့ရသည်။ သို့သော် သူတို့နှင့် တွေ့ဆုံရင်းနှီးခဲ့သည်မှာ အပြင်မှာမဟုတ်ဘဲ စာမျက်နှာထက်တွင် သက်ဝင်လှုပ်ရှားနေသော စာရေးဆရာ၏ စိတ်ကူးဇာတ်ကောင်များအဖြစ် သိကျွမ်းခဲ့ခြင်း ဖြစ်ပါသည်။ ထိုဇာတ်ကောင်းလေးဦးစလုံးသည် ခေတ် တစ်ခေတ် တည်းတွင် လူးလွန့်ရှင်သန်ခဲ့ကြကာ ထိုခေတ်၏ လှိုင်းလုံးများရိုက်ခတ်မှုဒဏ်ကိုလည်း ပုံစံတူ ရင်ဆိုင်ခဲ့ရ၊ ကျော်လွှားခဲ့ရ၊ နစ်မြုပ်ခဲ့ရသော ခေတ်ပြိုင်ဘဝတူဇာတ်ကောင်များ ဖြစ်ကြသည်။ သို့ရာတွင် ထိုဇာတ်ကောင်လေးဦးစလုံးသည် တစ်ဦးတည်းသော ကလောင်မိခင်ဝမ်းကြာတိုက်မှ မွေးဖွားလာ ခဲ့ခြင်းတော့ မဟုတ်ပါ။ မှောင်ခိုလုပ်ငန်းကို စက်ဆုပ်သော ကိုမြင့်နှင့် မှောင်ခိုသမလေး အေးမတို့မှာ ဆရာ မြသန်းတင့်၏ သားသမီးများ ဖြစ်ကြပြီး၊ နေ့စဉ် မြို့လုလင်ဘူတာမှ တောင်တွင်းကြီး-ကျောက်ပန်းတောင်း မီးရထားဖြင့် လိုက်ကာ ဝမ်းရေးအတွက် ထန်းလျက်မှောင်ခိုကူးရသူလေး ညိုညိုနှင့် ညိုညို့ကိုမှ သနားကြင်နာချစ်မိရသူ ရထားလိုက်စာရေးလေး ကိုရင်မောင်တို့မှာ ဆရာနိုင်ဝင်းဆွေ၏ စုတ်ချက်ဖျားမှ အရုပ်ထင်လာခဲ့ကြသော ဆေးစက်လေးများ ဖြစ်သည်။  ဆရာမြသန်းတင့်၏ ‘မာယာဘုံ (သင့်စာပေ/၁၉၇၅)’ သည်လည်းကောင်...

အင်ဒရိုမီဒါနှင့်ကျွန်တော်တို့ ဆုံတဲ့အခါ ပြန်ပြောပြချင်တဲ့ နိုဝင်ဘာ ၂၇

နိုဝင်ဘာလ ၂၇ ရက်နေ့သည် ကျွန်တော့်ဘဝတွင် တိုက်ဆိုင်စွာပင် အမှတ်တရများရှိသော နေ့စွဲတစ်ခု ဖြစ်ပါသည်။ လူတို့သည် သူတို့ဘဝတွင် ထူးခြားဖြစ်စဉ်များနှင့်ကြုံရသောအခါ ထိုသို့ကြုံရသည့် နေ့စွဲကို မှတ်မိနေတတ်ကြသည် မဟုတ်လား။  (၁) နိုဝင်ဘာ ၂၇ နှင့်ပတ်သက်၍ ပထမဆုံး အမှတ်တရမှာ ထိုနေ့သည် အဘွားဆုံးသောနေ့စွဲဖြစ်သည်။ အဘွား ရုတ်တရက် ဆုံးတုန်းက ကျွန်တော်အသက် ၁၆ နှစ်အရွယ်။ အဘွားသည် အိပ်ရာထပြီးနောက် ရေချိုးခန်းထဲ မျက်နှာသစ်နေရာမှ နှလုံးရပ်ကာ သတိလစ်သွားခဲ့သည်။ အိမ်သားများက ရှေးဦးသူနာပြုစုနည်းဖြင့် နှလုံးပြန်နှိုးကာ ဆေးရုံအမြန်ပို့သော်လည်း ထိုတောင်ကိုမကျော်နိုင်ခဲ့ပါ။ အဘွား အဲသည်လိုတွေ ဖြစ်နေတော့ ကျွန်တော်က ကျောင်းသွားနေချိန်။ မနက်ကျောင်းမသွားခင် အဘွားကို တွေ့လိုက်သေး သည်။ ကျောင်းမှအိမ်ပြန်လာတော့ အဘွားမရှိတော့။ မြန်လိုက်တာ။ သည်လိုမှန်း သိခဲ့လျှင် ကျောင်းမသွားခင် အဘွားကို ဖက်သွားခဲ့ရကောင်းသား။  အဘွားဆုံးတော့ အမေတို့ငိုကြသည်။ အဘွားအကြောင်းတွေ တသသပြန်ပြောကြ၊ အဘွားကို အာဂမိန်းမဟဲ့ ဟူ၍ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်ကြ။ လွမ်းဆွေးကြ။ အဘွားသည် ရှာမှရှားသောမိန်းမတွေထဲက တစ်ယောက်ဟု ထောပနာကြသည်။ ကျွန်တော်သည် နာရေးကာလတစ်...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...