Skip to main content

အမှိုက်ကလေးတစ်စ


လူသိများသည့် လက်ဖက်ရည်ဆိုင်ကြီးတစ်ခုတွင် ဆိုင်လာသူတို့ ဝိုင်းအပြည့်။ သူတို့၏ စားပွဲဝိုင်း အောက်မှာလည်း ပန်းရောင် တစ်ရှူးစလေးများက ဖွေးနေပါသည်။ ခဏနေတော့ စားပွဲထိုးလေး တစ်ယောက်က စားပွဲဝိုင်း အောက်ရှိ အမှိုက်များကို လာကောက်သဖြင့် ရှင်းသွားသည်။ မကြာပါ။ စားသောက်သူ နောက်တစ်သုတ် ထပ်ကျ လာပြန်၏။ စားပွဲဝိုင်းများသည် ပန်းရောင်တစ်ရှူးစများဖြင့် တစ်ခါပြန် ပြည့်သွားပြန်လေသည်။

လက်ဖက်ရည်ဆိုင်ထဲမှာသာ ဒီမြင် ကွင်းမျိုးရှိပါသလား။ မဟုတ်ပါ။ အိမ်ရှေ့၊ အိမ်နောက်ဖေး၊ လမ်းမ၊ ကွင်း ပြင်၊ ဘတ်စ်ကားပေါ် ဘယ်နေရာပဲ ကြည့်ကြည့် တစ်ရှူးစများ၊ ပလတ်စတစ် အိတ်များ၊ ဆေးလိပ်ဖင်စီခံများ၊ သဲကြိုး ပြတ်ဖိနပ်များသည် မြင်မကောင်းအောင် ရှိနေပါသည်။ ယင်းတို့သည် ရန်ကုန်မြို့ တော်စည်ပင်နယ်နိမိတ်အတွင်းရှိ ၄ ဒသမ ၈ သန်းသောလူထုက နေ့စဉ်စွန့်ပစ်လိုက် ကြသော အမှိုက်တန် ၁,၄၅၀ အနက်မှ စည်းကမ်းမဲ့စွာ ပစ်ထားကြသော အမှိုက်များဖြစ်ပါသတည်း။


ဤသို့လျှင် မိမိပတ်ဝန်းကျင်ကို အရုပ် ဆိုးအကျည်းတန်စေ၍ ကျန်းမာရေးကို လည်း ထိုခိုက်စေသော ထိုအမှိုက်များ ကို ဘာကြောင့်များ စည်းကမ်းမဲ့ စွန့်ပစ် ကြပါလိမ့်ဟု စဉ်းစားမိပါသည်။ အမှိုက် ကို ပစ်သူကပစ်သည်။ အချိန်တန်တော့ ကောက်သူက လာကောက်မည်ဆို သည့် အတွေးကြောင့်လား။ ဒါဆိုရင် တော့ သိပ်ကိုသိမ်ဖျင်းသည့်အတွေးဟု ပြောပါရစေ။


မိမိ ပစ်ချလိုက်သောအမှိုက်စတစ်ခု သည် မကြာခင် စည်ပင်အလုပ်သမား လာသိမ်းသည့်အခါ မြင်ကွင်းမှပျောက် ကွယ်သွားသည်။ သို့သော် မိမိ စည်း ကမ်းမဲ့စွာ ပစ်လိုက်သည့်အမှိုက်နှင့် အတူ မိမိစိတ်သည်လည်း ညစ်ပေ အကျည်းတန်သွားသည်ကိုတော့ သတိ မပြုမိတတ်ကြပါ။ ထိုအညစ်အကြေးကို မည်သူမျှလာရှင်းမည်မဟုတ်ပါ။


နောက်အကြောင်းရင်းတစ်ခုအနေနှင့် မိမိဘေးပတ်ဝန်းကျင် အငွေ့အသက်က မိမိကို လွှမ်းမိုးသလားဆိုတာလည်း စဉ်း စားမိပြန်သည်။ စကားကို ကျယ် လောင် ကျယ်လောင် ပြောတတ်သည့် သူတစ်ဦး သည် ခမ်းနားလှသည့် ဆိုင်ကြီး တစ်ခုထဲဝင်မိသည့်အခါ အလိုလို နေရင်း ထည်ဝါမှုကို ပြန်လန့်၍ ကိုယ် ရှိန်သတ်သွားတတ်သည့် သဘောရှိရာ နိုင်ငံခြားတိုင်းပြည်များလို ဖိတ်ဖိတ် တောက်နေသည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်မနေသေးခြင်းက လူအများကို စည်းကမ်းမဲ့ပြုမူဖို့ ဖိတ်ခေါ်နေတာလည်း ဖြစ် နိုင်ပါသည်။ ဒီလိုနှင့် သူများပစ်ထားတာ မြင်တော့ ကိုယ်လည်းပစ်၊ ကိုယ်ပစ်တော့ သူများလည်းလိုက်ပစ်နှင့် အပစ် သံသရာလည်နေလည်း ဖြစ်နိုင်ခြေတစ် ခုဖြစ်ပါသည်။


လူတစ်ယောက်၏ လူနေမှု အဆင့် အတန်းနှင့် ထိုလူ၏ပြုမူနေထိုင်ပုံတို့က လည်း ဆက်စပ်နေနိုင်ပြန်သည်။ ယေဘုယျအားဖြင့် စားဝတ်နေရေးပူပင်စရာ မလိုသူတို့သည် တစ်နေ့လုပ်မှ တစ်နေ့ စားရသူတို့ထက် ပို၍ စည်းကမ်းရှိ နိုင်ပါသည်။ စည်းကမ်းရှိ၍ တိုးတက် သည်မဟုတ်ပါလား။


နောက်တစ်ချက်က ပြုစုပျိုးထောင်မှု ဖြစ်သည်။ ငယ်စဉ်မှစ၍ လေ့ကျင့်သင် ကြားမှုကို မည်မျှခံရသနည်း။ အပြစ်ဒဏ် ကိုကြောက်လို့မဟုတ်ဘဲ မိမိကိုယ်တိုင်က မြတ်နိုးစွာဖြင့်ရှောင်ကြဉ်တတ်အောင် လူကြီးမိဘက မည်မျှသွန်သင် ခဲ့နိုင်ပါသနည်း။ ဒီ ပေတံတို့နှင့်လည်း တိုင်းတာရပါမည်။


ထိုသို့တွေးနေစဉ် ဆိုင်အတွင်းသို့ ချမ်းသာဟန်တူသည့် လင်မယား နှစ်ဦးဝင်လာကြ၏။ စားသောက်ပြီး၍ ထပြန်သွားသည့်အခါ သူတို့စားပွဲ အောက်တွင် တစ်ရှူးစများ ဖွေးနေအောင် ကျန်ရစ်ခဲ့လေသတည်း။

ဆောင်းပါးကဏ္ဍမှာ အခြားဖတ်စရာ


Comments

အဖတ်အများဆုံး

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

ပြိုင်တူအဖြေရှာ ဦးနှောက်ယိုစီးမှုပုစ္ဆာ

“တို့နိုင်ငံကပညာတော်သင် ကျောင်းသားတွေ ပြီးသွားရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်မလာကြဘူးကွ” ဟု ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတစ်ခုမှ သူငယ်ချင်းတစ်ဦးက ပြောဖူးပါသည်။ ပညာရေး စနစ်တွင် နာမည်ကြီးသည့် အခြား နိုင်ငံများတွင် ပညာတော်သင်ဆုရပြီး ပညာထွက် သင်ကြားကြသည့် လူငယ်၊ လူလတ်များ ဒီဘက်နှစ်ပိုင်းတွင် များလာသော်လည်း ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ထိုပညာကိုပြန်အသုံးချသည့်ဦးရေက အချိုးကျကျ လိုက်ပြီး များပြားမလာသည့်အပေါ် သူက ညည်းတွားခြင်း ဖြစ်သည်။