Skip to main content

ခံစားကြည့်ပါ စမ်းသီတာ



သူ့နာမည်က စမ်းသီတာ ဖြစ်ပါသည်။
Young Girl with a Bird by Berthe Morisot, 1891



သူသည် နာမည်နှင့်လိုက်ဖက်လှသော အသံချိုချိုအေးအေးကလေးကို ပိုင်ဆိုင်ထားပါသည်။ စမ်းသီတာ စကားပြောသည့်အခါ စမ်းချောင်းကလေးတစ်ခု စီးဆင်းသွားသံကို ကြားရသည်နှင့်တူပါသည်။

စမ်းသီတာကို ကျွန်တော်စသိခဲ့သည်မှာ လေလှိုင်းပေါ်မှာ ဖြစ်ပါသည်။

စမ်းသီတာ၏ အသံချိုအေးလေးသည် လေလှိုင်းများပေါ်မှတစ်ဆင့် ကျွန်တော့် နားဝသို့ ရောက်ရှိကာ သောတပသာဒကို တိုက်ခတ်သွားခဲ့ပါသည်။

စမ်းသီတာ၏ ချိုသာအေးမြသော အသံကိုနားထောင်၍ စမ်းသီတာ၏ အသံနှင့်လိုက်ဖက်မည့် ရုပ်သွင်ကို ကျွန်တော် စဉ်းစားပုံဖော်ကြည့်ခဲ့မိပါသည်။

“ပရိသတ်များရှင့်… မင်္ဂလာရှိတဲ့ နံနက်ခင်းလေး ဖြစ်ပါစေရှင့်…”

ဟုတ်ကဲ့ … စမ်းသီတာရဲ့ ကျက်သရေရှိလှတဲ့ အသံချိုချိုကလေးကို ကြားလိုက်ရတဲ့ မနက်ခင်းတိုင်း၊ အချိန်တိုင်းဟာ မင်္ဂလာရှိနေတာပါပဲခင်ဗျာ။

ကျွန်တော်သည် စမ်းသီတာ၏အသံကို လေလှိုင်းပေါ်မှတစ်ဆင့် ကြားရတိုင်း ထိုသို့ ပြန်ပြန်ထူးနေမိတတ်ပါသည်။ တဖြည်းဖြည်းနှင့် စမ်းသီတာ၏ သဒ္ဒါရုံကို ကျွန်တော် ချစ်ခင်လာမိပါသည်။ စမ်းသီတာကိုလည်း ပုံထဲမှာ ဖြစ်စေ၊ အပြင်မှာ ဖြစ်စေ မြင်ဖူးချင်လာပါသည်။

“ဟော ဟိုမှာ လာနေတာ မင်းပြောတဲ့ စမ်းသီတာဆိုတာပေါ့”ဟု ကိုသောင်းကြီးက ပြောပါသည်။ ကိုသောင်းကြီး ဆိုသည်မှာ စမ်းသီတာတို့ အသံလွှင့်ရုံနားက လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဖြစ်ပါသည်။ ကျွန်တော်သည် စမ်းသီတာကို မြင်ရနိုးဖြင့် သူတို့အသံလွှင့်ရုံနား လေးငါးဆယ်ရက်ခန့် မယောင်မလည် သွားကာ လက်ဖက်ရည် ဆိုင်ထိုင်ရင်း ဆိုင်ရှင်နှင့် မိတ်ဖွဲ့ခဲ့ပါသည်။ ကျွန်တော် ဘာလိုချင်သည်ကို ပြောပြလိုက်ပြီးနောက်တစ်နေ့တွင် ကိုသောင်းကြီးက စမ်းသီတာရုံးအလာ ကျွန်တော့်ကို ပြခြင်းဖြစ်ပါသည်။

စမ်းသီတာတို့ ရုံးဖယ်ရီကားသည် အသံလွှင့်ရုံဝင်ပေါက်ဝအနီး ပလက်ဖောင်းနှင့်ကပ်၍ရပ်တန့်လိုက်သောအခါ ရုံးကားပေါ်မှ အသံလွှင့်ရုံဝန်ထမ်းများ ဆင်းလာကြပါသည်။ တူညီဝတ်စုံဝတ်ဆင်ထားကြသော ဝန်ထမ်းများ အလယ်တွင် ဂျင်းပြာခါးတိုဂျာကင်ကို အပေါ်ကထပ်ဝတ်ထားသည့် မိန်းကလေးတစ်ဦးကို ကိုသောင်းကြီးက လက်ညှိုးညွှန်ပြပါသည်။ စမ်းသီတာဆိုတာ သူပါတဲ့လား။

စမ်းသီတာတို့သည် ကျွန်တော်ထိုင်နေသည့် လက်ဖက်ရည်ဆိုင်ရှေ့မှ ဖြတ်လျှောက်သွားကြသည်။ ကျွန်တော်နှင့် ဆိုလျှင် ခြေလှမ်း လေး၊ ငါး၊ ခြောက်လှမ်းလောက်သာ ဝေးပါလိမ့်မည်။ ထို့ကြောင့် စမ်းသီတာကို ကျွန်တော် သေချာ အနီးကပ်မြင်လိုက်ရသည်ဟု ပြော၍ရပါသည်။ စမ်းသီတာသည် အသံနှင့်လိုက်ဖက်သော ရုပ်ရည်ကို ပိုင်ဆိုင်ထားသူဟု ကျွန်တော် ချက်ချင်းကောက်ချက်ချမိပါသည်။ အသိသာဆုံးကတော့ စမ်းသီတာ၏ မျက်နှာပေါ်မှ အပြုံးနုနုများနှင့်တကွ အပြုံးကိုတန်ဆာဆင်ထားသော ပါးချိုင့်သေးသေးလေးနှစ်ခု ဖြစ်ပါသည်။ သည်လောက် ချိုသာရွှင်လန်းသော အသံပိုင်ရှင်မိန်းကလေးသည် အစဉ်ပြုံးချိုသော မျက်နှာကိုပိုင်ဆိုင်ထားသည်ကို ကျွန်တော် မအံ့ဩမိပါ။

စမ်းသီတာကို စတွေ့သောနေ့က ခေါင်းတွင် ပိတောက်ပန်းလေးများ ပန်ထားပါသည်။ ထိုနေ့သည် နွေဥတုကာလ ဧပြီလ၏ ပထမရက်သတ္တပတ်များဖြစ်ပါသည်။ ပြီးခဲ့သည့်နေ့က သင်္ကြန်ကြိုမိုးလေး တစ်ဖြိုက်၊ နှစ်ဖြိုက် ရွာကျထားသဖြင့် ယနေ့မနက်အစောကတည်းက ရွှေဝါရောင်ပိတောက်တို့သည် တစ်မြို့လုံးအနှံ့ ဖွေးဖွေးလှုပ်အောင် ပွင့်နေကြပါသည်။ စမ်းသီတာနှင့်အတူ ဖယ်ရီကားပေါ်မှ ဆင်းလာကြသည့် တခြား မိန်းကလေး ဝန်ထမ်းများကလည်း ပိတောက်ပန်းများကို ဝါထိန်နေအောင် ပန်ထားကြပါသည်။ သူတို့နှင့် စမ်းသီတာ ကွဲတာတစ်ခုက သူ့ခါးမှာထပ်ဝတ်ထားသည့် ဂျင်းပြာရောင် ဂျက်ကက်လေးပဲ ဖြစ်ပါသည်။ နောက် ထပ်တစ်ခု မတူတာက ရွှင်လန်းအသက်ပါလှသော စမ်းသီတာ၏ အပြုံးဖြစ်ပါသည်။

စမ်းသီတာ ရုံးတက်ရုံးဆင်းချိန်တိုင်း ကိုသောင်းကြီးလက်ဖက်ရည်ဆိုင်တွင် ကျွန်တော် လာထိုင်လေ့ရှိပါသည်။ နောက်တော့ ကိုသောင်းကြီးတင်မက ကိုသောင်းကြီးဆိုင်မှာ လာထိုင်လေ့ရှိသည့် ကိုကာလသားအပေါင်း ကတောင် ကျွန်တော် ချောင်းပေါက်မတတ်လာနေရသည့်အကြောင်းကို သိသွားကြပါသည်။ ကျွန်တော့်ကို မြင်လျှင် အားလုံးက ပြုံးစိစိလုပ်တတ်ကြပါသည်။ တဖြည်းဖြည်းနှင့် လက်ဖက်ရည်ဆိုင်မှာ လာထိုင်တတ် ကြသော တခြားအသံလွှင့်ဝန်ထမ်းများသည်ပင် ကျွန်တော့်အကြောင်းကို သိကုန်ကြပါသည်။ ထို သတင်းစကား သည် စမ်းသီတာထံသို့ တစ်နည်းနည်းဖြင့် ပြန်ရောက်တော့မည်မှာ မြေကြီးလက်ခတ် မလွဲပါ။ လူဆိုသည်မှာ သူများအကြောင်းကို စပ်စပ်စုစု လုပ်တတ်ကြသည်၊ သိသမျှကိုလည်း အခမဲ့ ပြန်လည် အတင်းချတတ် ကြသူများ ဖြစ်သည် မဟုတ်ပါလား။

စမ်းသီတာက ရန်ကင်းသူဖြစ်ပါသည်။ ရန်ကင်း ဆယ့်နှစ်လုံးတန်းတွင် သူ့တိုက်ခန်းရှိပါသည်။ မိဘနှစ်ပါး၊ မောင်လေးတစ်ယောက်နှင့် အတူနေထိုင်ပါသည်။ အစ်ကိုတစ်ယောက်ရှိပြီး အိမ်ထောင်ကျသွားကတည်းက အိမ်ခွဲနေသည်ဟု သိရပါသည်။ စမ်းသီတာတို့ အိမ်ရှေ့ဝရန်တာတွင် ပန်းပင်ကလေးများကို အိုးဖြင့် ချိတ်ဆွဲထား ပါသည်။ စမ်းသီတာက မနက်တိုင်း၊ ညနေတိုင်း ထိုပန်းအိုးကလေးများကို ရေမှန်မှန်လောင်းပါသည်။ ထို့ကြောင့် စမ်းသီတာ ပန်းချစ်သူမှန်း သိရပါသည်။ ညတိုင်ကျလျှင် စမ်းသီတာတို့အိမ်ရှေ့သို့သွား၍ ငယ်ငယ်တုန်းကလို ဂစ်တာတီးပြီး ခင်မောင်တိုး၏ ‘ပန်းချစ်သူ’ သီချင်းကို ဆိုရလျှင် ကောင်းမလားဟု တွေးမိပါသည်။ သို့သော် စမ်းသီတာက ကျွန်တော့်သီချင်းသံကို ရပ်ကွက်ထဲက လမ်းသရဲလေးများ၏ ဂစ်တာသံ ဒေါင်ဒေါင်ဒင်ဒင်နှင့် မှားမည်စိုး၍ မဆိုဖြစ်တော့ပါ။ ကျွန်တော်သည် စမ်းသီတာကို ပိုးပန်းနေခြင်း မဟုတ်ပါ။

တစ်ရက်တွင် စမ်းသီတာကို လက်ဆောင်လေးတစ်ခု ပေးဖြစ်သွားပါသည်။ စမ်းသီတာကို ပထမဆုံးအကြိမ် လူချင်းစမြင်ဖူးပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ဖြစ်ပါသည်။ သင်္ကြန်ကျခါနီး၍ တစ်တိုင်းပြည်လုံး လှုပ်လှုပ်ရှားရှား ဖြစ်နေချိန်လည်း ဖြစ်သည်။ စမ်းသီတာတို့ အသံလွှင့်ရုံနှင့် မနီးမဝေးတွင် ပင်လုံးကျွတ် ဖူးပွင့် နေကြသည့် ငုပင်ကြီးတစ်ပင် ရှိပါသည်။ သင်္ကြန်အကြိုမိုးသည် တစ်ခါသာရွာပြီး ထပ်မရွာတော့။ မိုးရွာခါစက ဖူးပွင့်ခဲ့သော ပန်းပိတောက်တို့သည် မနုဿလူသားတို့ လက်ချက်ဖြင့် တစ်ပင်လုံး မြေခကြွေကျခဲ့ရပြီ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် စမ်းသီတာ ပန်ဆင်ဖို့အတွက် ရွှေဝါရောင် ပန်းပိတောက်တို့အစား ဝါရွှေရောင် ငုပန်းတစ်ခက်ကိုသာ ပေးနိုင်ခဲ့ပါသည်။

စမ်းသီတာသည် ထိုနေ့ကလည်း ရုံးဝန်ထမ်းတူညီဝတ်စုံပေါ်တွင် ဂျင်းဂျာကင်ပြာ ခါးတိုလေးကို ဝတ်ဆင်ထား ပါသည်။ ကျွန်တော့်လက်ထဲက ငုပန်းတစ်ခိုင်ကို စမ်းသီတာက ပြုံးပြီး အသာအယာ လက်ခံယူလိုက်ပါသည်။ ကျွန်တော်က စမ်းသီတာ၏ ပခုံးပေါ်သို့ ရေလေးနည်းနည်း လောင်းချလိုက်တော့ ရေနှယ်အေးသော စမ်းသီတာ သည် ရေနှယ်အေးသော ကျွန်တော့်မေတ္တာရေတို့နှင့် ပေါင်းစည်းကာ စီးဆင်းသွားပါတော့သည်။ စီးဆင်းသွားသော စမ်းချောင်းလေးထဲတွင် ကျွန်တော်ပေးလိုက်သော ငုပန်းပွင့်လေးများသည် ရွှေရောင် တဖျတ်ဖျတ် လင်းလက်လျက်က မျောပါသွားပါသည်။ ရေပြင်ပေါ်တွင် နေမင်း၏ လင်းရောင်ခြည်တို့က ရောင်ပြန်ပြေးလျက်ရှိပါသည်။ နွေကာလ၏ ပူပြင်းသော နေရောင်ခြည်တို့သည် စမ်းသီတာ၏ အေးမြသော ရေစင်တို့ကြောင့် ရှေ့ဆက်မတိုးနိုင်တော့ပါ။

“ပရိသတ်များရှင့်၊ အပြင်မှာ အရမ်းပူပြင်းနေပါတယ်ရှင့်၊ ကျန်းမာရေးဂရုစိုက်ကြပါ၊ အပြင်သွားရင် ထီး၊ ဦးထုပ်တွေ ယူသွားဖို့ မမေ့ပါနဲ့”ဟု စမ်းသီတာက လေလှိုင်းပေါ်မှတစ်ဆင့် သူ့ချစ်ပရိသတ်များကို မှာကြား နေပါသည်။ စမ်းသီတာ အသံလွှင့်လျှင် “ရှင့်” ကလေးတစ်လုံးကို အမြဲထည့်တတ်ပါသည်။ စမ်းသီတာ၏ ‘ရှင့်’ သည် တခြားသူတို့၏ ‘ရှင့်’နှင့်မတူဟုထင်ပါသည်။ စမ်းသီတာ၏ ‘ရှင့်’သည် သံတို၊ သံပြတ်မဟုတ်ဘဲ အဆွဲ အငင် အဝေ့အဝိုက်ကလေးပါသော ‘ရှင့်’ဖြစ်ပါသည်။ စမ်းသီတာသည် ပရိသတ်များကို သတိပေးသံသည် တာဝန်ကျေ ဝတ်ကျေတန်းကျေမျိုး မဟုတ်ပါ။ စမ်းသီတာ၏အသံထဲတွင် ကရုဏာသံလေး ပါကြောင်းကို ကျွန်တော့် သောတအာရုံက မရအရ ဖမ်းယူနိုင်ပါသည်။ အထင်မသေးပါနှင့် စမ်းသီတာ။

စမ်းသီတာသည် ကျွန်တော့်ကို မှတ်မိသိရှိနေပြီဖြစ်ပါသည်။ မနက်တိုင် ကားပေါ်မှဆင်းလျှင် ကျွန်တော်ထိုင်နေ တတ်သည့် ကိုသောင်းကြီး လက်ဖက်ရည်ဆိုင်ထဲရှိ ထိုင်ခုံဘက်သို့ တစ်ချက်လှမ်းကြည့်ပြီး ကျွန်တော့်ကို ပြုံးပြ တတ်ပါသည်။ စမ်းသီတာ၏ အပြုံးသည် အပြင်မှာ ဘယ်လောက်ပူပြင်းပါစေ ရင်ကိုအေးမြစေသော အပြုံးဖြစ်ပါ သည်။ စမ်းသီတာပြုံးလျှင် ပုလဲလုံးလေးများ စီထားသည်နှင့်တူသော ဖြူလွလွသွားကလေးများသည် နီစွေးစွေး နှုတ်ခမ်းနှစ်ဖက်ကြားထဲမှ ပေါ်လာတတ်ပါသည်။ ကျွန်တော့်ကို ပြုံးပြပြီးလျှင်တော့ စမ်းသီတာသည် ဘယ်ကိုမှ မကြည့်တော့ဘဲ ဣန္ဒြေရရဖြင့်သာ ရုံးဝင်းထဲသို့ ဆက်လျှောက်သွားလေ့ရှိပါသည်။ စမ်းသီတာသည် အသား မဖြူ မညို အလတ်ထဲက ဖြစ်ပါသည်။ အရပ် မနိမ့် မမြင့်ထဲက ဖြစ်ပါသည်။ ယင်းမာဖိနပ်ကို စီးတတ်သည်။ တစ်ခါတစ်ရံတွင် ချိတ်ထဘီလေး ဝတ်လာတတ်သည်။ ဆံနွယ်တို့သည် ပခုံးကျော်ကျော်အထိ ဖြာကျလျက် အဖျားတွင် အခွေအလိပ်လေးများ ဖြစ်နေပါသည်။ စမ်းသီတာ ရုံးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီးမှ ကျွန်တော် လက်ဖက်ရည်ဆိုင်မှ ထလာတတ်ပါသည်။ ကျွန်တော့်တွင် အိပ်ဆောင် ရေဒီယိုလေး တစ်လုံး အမြဲ ပါပါသည်။ ကျွန်တော်သည် ရေဒီယိုထဲ နားကြပ်ထိုး၍ စမ်းသီတာ၏ အချိန်မစေ့မချင်း စမ်းသီတာ၏ အသံလွှင့်အစီအစဉ်ကို အားပေး တတ်ပါသည်။ စမ်းသီတာကတော့ ဒါတွေသိမည်မဟုတ်ပါ။

စမ်းသီတာနှင့် ကျွန်တော်၏အကြောင်းကို သိထားကြသူတိုင်းက ဘယ်အခြေအနေရောက်ပြီလဲဟု စူးစမ်း စပ်စု ကြပါသည်။ “အခြေအနေမတိုးတက်သေးဘူးလား”ဟုလည်း လာမေးတတ်ကြပါသည်။ ထိုအခါ ကျွန်တော်သည် စမ်းသီတာကို ပိုးပန်းနေသူ မဟုတ်ကြောင်း ပြန်ရှင်းပြရတတ်ပါသည်။ ကျွန်တော်က စမ်းသီတာကို ချစ်နေသူသာ ဖြစ်ပါသည်။ ကျွန်တော်သည် စမ်းသီတာ၏အချစ်ကို ရဖို့ ကြိုပမ်းနေသူမဟုတ်ပါ။ ကျွန်တော်သည် စမ်းသီတာ၏ အပြုံးကိုမြင်ရလျှင်လည်းကောင်း၊ လေလှိုင်းပေါ်မှတစ်ဆင့် စမ်းသီတာ၏ ရွှင်လန်းတက်ကြွမှု အပြည့်ပါသော အသံချိုချိုအေးအေးကို ကြားရလျှင်လည်းကောင်း ပြီးပြည့်စုံပြီဟု ခံစားသူဖြစ်ပါသည်။ ကျွန်တော်သည် စမ်းသီတာ၏ ခါးတွင်အမြဲဝတ်ဆင်တတ်သော အပြာရောင်ဂျင်းဂျာကင်ကလေး ဖြစ်လိုသူသာ ဖြစ်ပါသည်။ နားသောတဆင်သူ ပရိသတ်အပေါင်းကို အမြဲစိတ်ရွှင်လန်းအောင် ချိုမြသောအသံဖြင့် နှုတ်ဆက်တင်ဆက် နေရသော စမ်းသီတာကိုယ်တိုင်ကို ပြန်လည် ရွှင်လန်းလန်းဆန်းအောင် လုပ်ပေးလိုသူသာ ဖြစ်ပါသည်။

ထို့ကြောင့်လည်း စမ်းသီတာ၏ မွေးနေ့တွင် စမ်းသီတာတို့ ထုတ်လွှင့်သည့် ပရိသတ်နှင့် လေလှိုင်းပေါ် တိုက်ရိုက်စကားပြောသည့်အစီအစဉ်တွင် ဖုန်းခေါ်ဆိုပြီး စမ်းသီတာနှင့် စကားပြောခဲ့ခြင်း ဖြစ်ပါသည်။ နေ့စဉ်နှင့်အမျှ ပရိသတ် ဟိုလူသည်လူတို့၏ မွေးနေ့များအတွက် ဆုတောင်းစကားများ ပြောပေးနေရသော စမ်းသီတာကိုယ်တိုင်၏ မွေးနေ့အတွက် ကျွန်တော်ကိုယ်တိုင်က မွေးနေ့ဆုတောင်းပေးခဲ့ပါသည်။

“ဘယ်သူ့အတွက် ဆုတောင်းပေးချင်ပါသလဲရှင့်”ဆိုသော စမ်းသီတာအသံအဆုံးတွင် “မ စမ်းသီတာ ကိုယ်တိုင်အတွက် ဆုတောင်းပေးချင်ပါတယ်”ဟု တယ်လီဖုန်းထဲသို့ တစ်လုံးချင်း ပီပီသသ ပြောလိုက်သည့်ခဏ စမ်းသီတာထံမှ အလွန်အံ့ဩဝမ်းသာကျေနပ်သော အသံကလေး ထွက်ပေါ်လာခဲ့ပါသည်။ “ကျေးဇူးတင်ပါတယ်ရှင့်”ဟု စမ်းသီတာက သူ့ကိုယ်ပိုင်ဟန်ဖြစ်သော ‘ရှင့်’ ကလေးထည့်၍ ရွှန်းရွှန်းစားစား ပြန်တုံ့ပြန်ပါသည်။ “စမ်းသီတာအတွက် ဘာသီချင်းများ တောင်းချင်ပါသလဲရှင်” ဟု ပြန်မေးတော့ ကျွန်တော်က “ချမ်းမြေ့ပါစေ သီချင်းကို တောင်းချင်ပါတယ်” ဟု ပြောလိုက်ပါသည်။ စမ်းသီတာသည် လက်ဖက်ရည်ဆိုင်တွင် သူနေ့တိုင်း ပြုံးပြနေသော လူနှင့် ယခု ဖုန်းဆက်ကာ မွေးနေ့ဆုတောင်း နေသော လူတို့ တစ်ယောက်တည်း ဖြစ်ကြောင်း သိဟန်မတူပါ။ ကျွန်တော်ကလည်း ပြောပြဖို့ စိတ်ကူးမရှိပါ။ စမ်းသီတာ ဝမ်းသာ သွားလျှင် ကျွန်တော်က ကျေနပ်ရုံဖြစ်ပါသည်။ ကျွန်တော်သည် စမ်းသီတာကို ပိုးပန်းနေခြင်း မဟုတ်ပါ။ လူတစ်ဖက်သားကို နေ့တိုင်း ချမ်းမြေ့အောင် ကူညီနေရသော စမ်းသီတာကို တဖန်ပြန်၍ ချမ်းမြေ့စေလိုသောကြောင့် ဖြစ်ပါသည်။

စမ်းသီတာသည် လူသိများ ထင်ရှားသူတစ်ဦးဖြစ်ပါသည်။ ကျွန်တော့်မှာတော့ လူမသိ သူမသိ သာမန်လူ ဖြစ်ပါသည်။ စမ်းသီတာကို ပိုးပန်းနေသူ အမြောက်အမြား ရှိပါသည်။ စမ်းသီတာသည် ကျွန်တော့်ကို သူ့အား ပိုးပန်းနေသူများစွာအနက်မှ တစ်ယောက်အဖြစ် မမှတ်ယူစေလိုပါ။ ထို့ကြောင့်လည်း ကျွန်တော်သည် စမ်းသီတာကို ပိုးပန်းသည့်အလုပ်ကို မလုပ်ခြင်း ဖြစ်ပါသည်။ ကျွန်တော်က စမ်းသီတာကို မြင်ချင်ရုံသက်သက် ဖြစ်ပါသည်။ အသံကို ကြားချင်ရုံ သက်သက် ဖြစ်ပါသည်။ ကျွန်တော်သည် ဟိုတလောဆီက စမ်းသီတာအတွက် လက်ဆောင်ပေးခဲ့သော ငုပန်းတစ်ခက်လိုပင် မွှေးရနံ့အားဖြင့် မထင်ရှားသော်လည်း အချိန်တန်လျှင် နွေပေါက်သည်နှင့် ပင်ယံထက်တွင် အဆင်သင့် ပွင့်ဖူးလာလျက် မိုးပုလဲမျက်ရည်တို့ ရွာကျဖြိုးသည့် ကာလရောက်မှ အလိုလို ပျောက်ကွယ်မည့်သူ ဖြစ်ပါသည်။ နွေကာလတစ်လျှောက်လုံး မည်သူခူးခူး မခူးခူး၊ မည်သူ ပန်ပန် မပန်ပန် အပင်ထက်တွင် အစဉ်အမြဲ ပွင့်လန်းလျက် လောကကို အလှဆင်သည့် ငုရွှေဝါတို့ကဲ့သို့ပင် ကျွန်တော်သည် စမ်းသီတာအတွက် ပေါ်ချိန်တန်၍ ပေါ်လာပြီး အချိန်တန်မှ ပျောက်ကွယ်မည့်သူဖြစ်ပါသည်။

စမ်းသီတာ၏အပြုံးကို မြင်ရခြင်းသည် လောကကိုကျက်သရေ ဆောင်ပါသည်။ စမ်းသီတာ၏ အသံချိုအေးသည် လောကအတွက် အားဆေးတစ်ခွက် ဖြစ်ပါသည်။ ကျွန်တော်သည် ဘဝကို အားအင်အပြည့်ဖြင့် ရှေ့ဆက်ရန် အတွက် စမ်းသီတာ၏ မျက်နှာတော်ကို လာရောက်ဖူးရခြင်းဖြစ်ပါသည်။ စမ်းသီတာ၏အသံချိုအေးကို နားသောတဆင်ရခြင်း ဖြစ်ပါသည်။

ဒီသဘောကို စမ်းသီတာ ခံစားကြည့်စေချင်ပါသည်။

ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။




Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...