Skip to main content

ခံစားကြည့်ပါ စမ်းသီတာ



သူ့နာမည်က စမ်းသီတာ ဖြစ်ပါသည်။
Young Girl with a Bird by Berthe Morisot, 1891



သူသည် နာမည်နှင့်လိုက်ဖက်လှသော အသံချိုချိုအေးအေးကလေးကို ပိုင်ဆိုင်ထားပါသည်။ စမ်းသီတာ စကားပြောသည့်အခါ စမ်းချောင်းကလေးတစ်ခု စီးဆင်းသွားသံကို ကြားရသည်နှင့်တူပါသည်။

စမ်းသီတာကို ကျွန်တော်စသိခဲ့သည်မှာ လေလှိုင်းပေါ်မှာ ဖြစ်ပါသည်။

စမ်းသီတာ၏ အသံချိုအေးလေးသည် လေလှိုင်းများပေါ်မှတစ်ဆင့် ကျွန်တော့် နားဝသို့ ရောက်ရှိကာ သောတပသာဒကို တိုက်ခတ်သွားခဲ့ပါသည်။

စမ်းသီတာ၏ ချိုသာအေးမြသော အသံကိုနားထောင်၍ စမ်းသီတာ၏ အသံနှင့်လိုက်ဖက်မည့် ရုပ်သွင်ကို ကျွန်တော် စဉ်းစားပုံဖော်ကြည့်ခဲ့မိပါသည်။

“ပရိသတ်များရှင့်… မင်္ဂလာရှိတဲ့ နံနက်ခင်းလေး ဖြစ်ပါစေရှင့်…”

ဟုတ်ကဲ့ … စမ်းသီတာရဲ့ ကျက်သရေရှိလှတဲ့ အသံချိုချိုကလေးကို ကြားလိုက်ရတဲ့ မနက်ခင်းတိုင်း၊ အချိန်တိုင်းဟာ မင်္ဂလာရှိနေတာပါပဲခင်ဗျာ။

ကျွန်တော်သည် စမ်းသီတာ၏အသံကို လေလှိုင်းပေါ်မှတစ်ဆင့် ကြားရတိုင်း ထိုသို့ ပြန်ပြန်ထူးနေမိတတ်ပါသည်။ တဖြည်းဖြည်းနှင့် စမ်းသီတာ၏ သဒ္ဒါရုံကို ကျွန်တော် ချစ်ခင်လာမိပါသည်။ စမ်းသီတာကိုလည်း ပုံထဲမှာ ဖြစ်စေ၊ အပြင်မှာ ဖြစ်စေ မြင်ဖူးချင်လာပါသည်။

“ဟော ဟိုမှာ လာနေတာ မင်းပြောတဲ့ စမ်းသီတာဆိုတာပေါ့”ဟု ကိုသောင်းကြီးက ပြောပါသည်။ ကိုသောင်းကြီး ဆိုသည်မှာ စမ်းသီတာတို့ အသံလွှင့်ရုံနားက လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဖြစ်ပါသည်။ ကျွန်တော်သည် စမ်းသီတာကို မြင်ရနိုးဖြင့် သူတို့အသံလွှင့်ရုံနား လေးငါးဆယ်ရက်ခန့် မယောင်မလည် သွားကာ လက်ဖက်ရည် ဆိုင်ထိုင်ရင်း ဆိုင်ရှင်နှင့် မိတ်ဖွဲ့ခဲ့ပါသည်။ ကျွန်တော် ဘာလိုချင်သည်ကို ပြောပြလိုက်ပြီးနောက်တစ်နေ့တွင် ကိုသောင်းကြီးက စမ်းသီတာရုံးအလာ ကျွန်တော့်ကို ပြခြင်းဖြစ်ပါသည်။

စမ်းသီတာတို့ ရုံးဖယ်ရီကားသည် အသံလွှင့်ရုံဝင်ပေါက်ဝအနီး ပလက်ဖောင်းနှင့်ကပ်၍ရပ်တန့်လိုက်သောအခါ ရုံးကားပေါ်မှ အသံလွှင့်ရုံဝန်ထမ်းများ ဆင်းလာကြပါသည်။ တူညီဝတ်စုံဝတ်ဆင်ထားကြသော ဝန်ထမ်းများ အလယ်တွင် ဂျင်းပြာခါးတိုဂျာကင်ကို အပေါ်ကထပ်ဝတ်ထားသည့် မိန်းကလေးတစ်ဦးကို ကိုသောင်းကြီးက လက်ညှိုးညွှန်ပြပါသည်။ စမ်းသီတာဆိုတာ သူပါတဲ့လား။

စမ်းသီတာတို့သည် ကျွန်တော်ထိုင်နေသည့် လက်ဖက်ရည်ဆိုင်ရှေ့မှ ဖြတ်လျှောက်သွားကြသည်။ ကျွန်တော်နှင့် ဆိုလျှင် ခြေလှမ်း လေး၊ ငါး၊ ခြောက်လှမ်းလောက်သာ ဝေးပါလိမ့်မည်။ ထို့ကြောင့် စမ်းသီတာကို ကျွန်တော် သေချာ အနီးကပ်မြင်လိုက်ရသည်ဟု ပြော၍ရပါသည်။ စမ်းသီတာသည် အသံနှင့်လိုက်ဖက်သော ရုပ်ရည်ကို ပိုင်ဆိုင်ထားသူဟု ကျွန်တော် ချက်ချင်းကောက်ချက်ချမိပါသည်။ အသိသာဆုံးကတော့ စမ်းသီတာ၏ မျက်နှာပေါ်မှ အပြုံးနုနုများနှင့်တကွ အပြုံးကိုတန်ဆာဆင်ထားသော ပါးချိုင့်သေးသေးလေးနှစ်ခု ဖြစ်ပါသည်။ သည်လောက် ချိုသာရွှင်လန်းသော အသံပိုင်ရှင်မိန်းကလေးသည် အစဉ်ပြုံးချိုသော မျက်နှာကိုပိုင်ဆိုင်ထားသည်ကို ကျွန်တော် မအံ့ဩမိပါ။

စမ်းသီတာကို စတွေ့သောနေ့က ခေါင်းတွင် ပိတောက်ပန်းလေးများ ပန်ထားပါသည်။ ထိုနေ့သည် နွေဥတုကာလ ဧပြီလ၏ ပထမရက်သတ္တပတ်များဖြစ်ပါသည်။ ပြီးခဲ့သည့်နေ့က သင်္ကြန်ကြိုမိုးလေး တစ်ဖြိုက်၊ နှစ်ဖြိုက် ရွာကျထားသဖြင့် ယနေ့မနက်အစောကတည်းက ရွှေဝါရောင်ပိတောက်တို့သည် တစ်မြို့လုံးအနှံ့ ဖွေးဖွေးလှုပ်အောင် ပွင့်နေကြပါသည်။ စမ်းသီတာနှင့်အတူ ဖယ်ရီကားပေါ်မှ ဆင်းလာကြသည့် တခြား မိန်းကလေး ဝန်ထမ်းများကလည်း ပိတောက်ပန်းများကို ဝါထိန်နေအောင် ပန်ထားကြပါသည်။ သူတို့နှင့် စမ်းသီတာ ကွဲတာတစ်ခုက သူ့ခါးမှာထပ်ဝတ်ထားသည့် ဂျင်းပြာရောင် ဂျက်ကက်လေးပဲ ဖြစ်ပါသည်။ နောက် ထပ်တစ်ခု မတူတာက ရွှင်လန်းအသက်ပါလှသော စမ်းသီတာ၏ အပြုံးဖြစ်ပါသည်။

စမ်းသီတာ ရုံးတက်ရုံးဆင်းချိန်တိုင်း ကိုသောင်းကြီးလက်ဖက်ရည်ဆိုင်တွင် ကျွန်တော် လာထိုင်လေ့ရှိပါသည်။ နောက်တော့ ကိုသောင်းကြီးတင်မက ကိုသောင်းကြီးဆိုင်မှာ လာထိုင်လေ့ရှိသည့် ကိုကာလသားအပေါင်း ကတောင် ကျွန်တော် ချောင်းပေါက်မတတ်လာနေရသည့်အကြောင်းကို သိသွားကြပါသည်။ ကျွန်တော့်ကို မြင်လျှင် အားလုံးက ပြုံးစိစိလုပ်တတ်ကြပါသည်။ တဖြည်းဖြည်းနှင့် လက်ဖက်ရည်ဆိုင်မှာ လာထိုင်တတ် ကြသော တခြားအသံလွှင့်ဝန်ထမ်းများသည်ပင် ကျွန်တော့်အကြောင်းကို သိကုန်ကြပါသည်။ ထို သတင်းစကား သည် စမ်းသီတာထံသို့ တစ်နည်းနည်းဖြင့် ပြန်ရောက်တော့မည်မှာ မြေကြီးလက်ခတ် မလွဲပါ။ လူဆိုသည်မှာ သူများအကြောင်းကို စပ်စပ်စုစု လုပ်တတ်ကြသည်၊ သိသမျှကိုလည်း အခမဲ့ ပြန်လည် အတင်းချတတ် ကြသူများ ဖြစ်သည် မဟုတ်ပါလား။

စမ်းသီတာက ရန်ကင်းသူဖြစ်ပါသည်။ ရန်ကင်း ဆယ့်နှစ်လုံးတန်းတွင် သူ့တိုက်ခန်းရှိပါသည်။ မိဘနှစ်ပါး၊ မောင်လေးတစ်ယောက်နှင့် အတူနေထိုင်ပါသည်။ အစ်ကိုတစ်ယောက်ရှိပြီး အိမ်ထောင်ကျသွားကတည်းက အိမ်ခွဲနေသည်ဟု သိရပါသည်။ စမ်းသီတာတို့ အိမ်ရှေ့ဝရန်တာတွင် ပန်းပင်ကလေးများကို အိုးဖြင့် ချိတ်ဆွဲထား ပါသည်။ စမ်းသီတာက မနက်တိုင်း၊ ညနေတိုင်း ထိုပန်းအိုးကလေးများကို ရေမှန်မှန်လောင်းပါသည်။ ထို့ကြောင့် စမ်းသီတာ ပန်းချစ်သူမှန်း သိရပါသည်။ ညတိုင်ကျလျှင် စမ်းသီတာတို့အိမ်ရှေ့သို့သွား၍ ငယ်ငယ်တုန်းကလို ဂစ်တာတီးပြီး ခင်မောင်တိုး၏ ‘ပန်းချစ်သူ’ သီချင်းကို ဆိုရလျှင် ကောင်းမလားဟု တွေးမိပါသည်။ သို့သော် စမ်းသီတာက ကျွန်တော့်သီချင်းသံကို ရပ်ကွက်ထဲက လမ်းသရဲလေးများ၏ ဂစ်တာသံ ဒေါင်ဒေါင်ဒင်ဒင်နှင့် မှားမည်စိုး၍ မဆိုဖြစ်တော့ပါ။ ကျွန်တော်သည် စမ်းသီတာကို ပိုးပန်းနေခြင်း မဟုတ်ပါ။

တစ်ရက်တွင် စမ်းသီတာကို လက်ဆောင်လေးတစ်ခု ပေးဖြစ်သွားပါသည်။ စမ်းသီတာကို ပထမဆုံးအကြိမ် လူချင်းစမြင်ဖူးပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ဖြစ်ပါသည်။ သင်္ကြန်ကျခါနီး၍ တစ်တိုင်းပြည်လုံး လှုပ်လှုပ်ရှားရှား ဖြစ်နေချိန်လည်း ဖြစ်သည်။ စမ်းသီတာတို့ အသံလွှင့်ရုံနှင့် မနီးမဝေးတွင် ပင်လုံးကျွတ် ဖူးပွင့် နေကြသည့် ငုပင်ကြီးတစ်ပင် ရှိပါသည်။ သင်္ကြန်အကြိုမိုးသည် တစ်ခါသာရွာပြီး ထပ်မရွာတော့။ မိုးရွာခါစက ဖူးပွင့်ခဲ့သော ပန်းပိတောက်တို့သည် မနုဿလူသားတို့ လက်ချက်ဖြင့် တစ်ပင်လုံး မြေခကြွေကျခဲ့ရပြီ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် စမ်းသီတာ ပန်ဆင်ဖို့အတွက် ရွှေဝါရောင် ပန်းပိတောက်တို့အစား ဝါရွှေရောင် ငုပန်းတစ်ခက်ကိုသာ ပေးနိုင်ခဲ့ပါသည်။

စမ်းသီတာသည် ထိုနေ့ကလည်း ရုံးဝန်ထမ်းတူညီဝတ်စုံပေါ်တွင် ဂျင်းဂျာကင်ပြာ ခါးတိုလေးကို ဝတ်ဆင်ထား ပါသည်။ ကျွန်တော့်လက်ထဲက ငုပန်းတစ်ခိုင်ကို စမ်းသီတာက ပြုံးပြီး အသာအယာ လက်ခံယူလိုက်ပါသည်။ ကျွန်တော်က စမ်းသီတာ၏ ပခုံးပေါ်သို့ ရေလေးနည်းနည်း လောင်းချလိုက်တော့ ရေနှယ်အေးသော စမ်းသီတာ သည် ရေနှယ်အေးသော ကျွန်တော့်မေတ္တာရေတို့နှင့် ပေါင်းစည်းကာ စီးဆင်းသွားပါတော့သည်။ စီးဆင်းသွားသော စမ်းချောင်းလေးထဲတွင် ကျွန်တော်ပေးလိုက်သော ငုပန်းပွင့်လေးများသည် ရွှေရောင် တဖျတ်ဖျတ် လင်းလက်လျက်က မျောပါသွားပါသည်။ ရေပြင်ပေါ်တွင် နေမင်း၏ လင်းရောင်ခြည်တို့က ရောင်ပြန်ပြေးလျက်ရှိပါသည်။ နွေကာလ၏ ပူပြင်းသော နေရောင်ခြည်တို့သည် စမ်းသီတာ၏ အေးမြသော ရေစင်တို့ကြောင့် ရှေ့ဆက်မတိုးနိုင်တော့ပါ။

“ပရိသတ်များရှင့်၊ အပြင်မှာ အရမ်းပူပြင်းနေပါတယ်ရှင့်၊ ကျန်းမာရေးဂရုစိုက်ကြပါ၊ အပြင်သွားရင် ထီး၊ ဦးထုပ်တွေ ယူသွားဖို့ မမေ့ပါနဲ့”ဟု စမ်းသီတာက လေလှိုင်းပေါ်မှတစ်ဆင့် သူ့ချစ်ပရိသတ်များကို မှာကြား နေပါသည်။ စမ်းသီတာ အသံလွှင့်လျှင် “ရှင့်” ကလေးတစ်လုံးကို အမြဲထည့်တတ်ပါသည်။ စမ်းသီတာ၏ ‘ရှင့်’ သည် တခြားသူတို့၏ ‘ရှင့်’နှင့်မတူဟုထင်ပါသည်။ စမ်းသီတာ၏ ‘ရှင့်’သည် သံတို၊ သံပြတ်မဟုတ်ဘဲ အဆွဲ အငင် အဝေ့အဝိုက်ကလေးပါသော ‘ရှင့်’ဖြစ်ပါသည်။ စမ်းသီတာသည် ပရိသတ်များကို သတိပေးသံသည် တာဝန်ကျေ ဝတ်ကျေတန်းကျေမျိုး မဟုတ်ပါ။ စမ်းသီတာ၏အသံထဲတွင် ကရုဏာသံလေး ပါကြောင်းကို ကျွန်တော့် သောတအာရုံက မရအရ ဖမ်းယူနိုင်ပါသည်။ အထင်မသေးပါနှင့် စမ်းသီတာ။

စမ်းသီတာသည် ကျွန်တော့်ကို မှတ်မိသိရှိနေပြီဖြစ်ပါသည်။ မနက်တိုင် ကားပေါ်မှဆင်းလျှင် ကျွန်တော်ထိုင်နေ တတ်သည့် ကိုသောင်းကြီး လက်ဖက်ရည်ဆိုင်ထဲရှိ ထိုင်ခုံဘက်သို့ တစ်ချက်လှမ်းကြည့်ပြီး ကျွန်တော့်ကို ပြုံးပြ တတ်ပါသည်။ စမ်းသီတာ၏ အပြုံးသည် အပြင်မှာ ဘယ်လောက်ပူပြင်းပါစေ ရင်ကိုအေးမြစေသော အပြုံးဖြစ်ပါ သည်။ စမ်းသီတာပြုံးလျှင် ပုလဲလုံးလေးများ စီထားသည်နှင့်တူသော ဖြူလွလွသွားကလေးများသည် နီစွေးစွေး နှုတ်ခမ်းနှစ်ဖက်ကြားထဲမှ ပေါ်လာတတ်ပါသည်။ ကျွန်တော့်ကို ပြုံးပြပြီးလျှင်တော့ စမ်းသီတာသည် ဘယ်ကိုမှ မကြည့်တော့ဘဲ ဣန္ဒြေရရဖြင့်သာ ရုံးဝင်းထဲသို့ ဆက်လျှောက်သွားလေ့ရှိပါသည်။ စမ်းသီတာသည် အသား မဖြူ မညို အလတ်ထဲက ဖြစ်ပါသည်။ အရပ် မနိမ့် မမြင့်ထဲက ဖြစ်ပါသည်။ ယင်းမာဖိနပ်ကို စီးတတ်သည်။ တစ်ခါတစ်ရံတွင် ချိတ်ထဘီလေး ဝတ်လာတတ်သည်။ ဆံနွယ်တို့သည် ပခုံးကျော်ကျော်အထိ ဖြာကျလျက် အဖျားတွင် အခွေအလိပ်လေးများ ဖြစ်နေပါသည်။ စမ်းသီတာ ရုံးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီးမှ ကျွန်တော် လက်ဖက်ရည်ဆိုင်မှ ထလာတတ်ပါသည်။ ကျွန်တော့်တွင် အိပ်ဆောင် ရေဒီယိုလေး တစ်လုံး အမြဲ ပါပါသည်။ ကျွန်တော်သည် ရေဒီယိုထဲ နားကြပ်ထိုး၍ စမ်းသီတာ၏ အချိန်မစေ့မချင်း စမ်းသီတာ၏ အသံလွှင့်အစီအစဉ်ကို အားပေး တတ်ပါသည်။ စမ်းသီတာကတော့ ဒါတွေသိမည်မဟုတ်ပါ။

စမ်းသီတာနှင့် ကျွန်တော်၏အကြောင်းကို သိထားကြသူတိုင်းက ဘယ်အခြေအနေရောက်ပြီလဲဟု စူးစမ်း စပ်စု ကြပါသည်။ “အခြေအနေမတိုးတက်သေးဘူးလား”ဟုလည်း လာမေးတတ်ကြပါသည်။ ထိုအခါ ကျွန်တော်သည် စမ်းသီတာကို ပိုးပန်းနေသူ မဟုတ်ကြောင်း ပြန်ရှင်းပြရတတ်ပါသည်။ ကျွန်တော်က စမ်းသီတာကို ချစ်နေသူသာ ဖြစ်ပါသည်။ ကျွန်တော်သည် စမ်းသီတာ၏အချစ်ကို ရဖို့ ကြိုပမ်းနေသူမဟုတ်ပါ။ ကျွန်တော်သည် စမ်းသီတာ၏ အပြုံးကိုမြင်ရလျှင်လည်းကောင်း၊ လေလှိုင်းပေါ်မှတစ်ဆင့် စမ်းသီတာ၏ ရွှင်လန်းတက်ကြွမှု အပြည့်ပါသော အသံချိုချိုအေးအေးကို ကြားရလျှင်လည်းကောင်း ပြီးပြည့်စုံပြီဟု ခံစားသူဖြစ်ပါသည်။ ကျွန်တော်သည် စမ်းသီတာ၏ ခါးတွင်အမြဲဝတ်ဆင်တတ်သော အပြာရောင်ဂျင်းဂျာကင်ကလေး ဖြစ်လိုသူသာ ဖြစ်ပါသည်။ နားသောတဆင်သူ ပရိသတ်အပေါင်းကို အမြဲစိတ်ရွှင်လန်းအောင် ချိုမြသောအသံဖြင့် နှုတ်ဆက်တင်ဆက် နေရသော စမ်းသီတာကိုယ်တိုင်ကို ပြန်လည် ရွှင်လန်းလန်းဆန်းအောင် လုပ်ပေးလိုသူသာ ဖြစ်ပါသည်။

ထို့ကြောင့်လည်း စမ်းသီတာ၏ မွေးနေ့တွင် စမ်းသီတာတို့ ထုတ်လွှင့်သည့် ပရိသတ်နှင့် လေလှိုင်းပေါ် တိုက်ရိုက်စကားပြောသည့်အစီအစဉ်တွင် ဖုန်းခေါ်ဆိုပြီး စမ်းသီတာနှင့် စကားပြောခဲ့ခြင်း ဖြစ်ပါသည်။ နေ့စဉ်နှင့်အမျှ ပရိသတ် ဟိုလူသည်လူတို့၏ မွေးနေ့များအတွက် ဆုတောင်းစကားများ ပြောပေးနေရသော စမ်းသီတာကိုယ်တိုင်၏ မွေးနေ့အတွက် ကျွန်တော်ကိုယ်တိုင်က မွေးနေ့ဆုတောင်းပေးခဲ့ပါသည်။

“ဘယ်သူ့အတွက် ဆုတောင်းပေးချင်ပါသလဲရှင့်”ဆိုသော စမ်းသီတာအသံအဆုံးတွင် “မ စမ်းသီတာ ကိုယ်တိုင်အတွက် ဆုတောင်းပေးချင်ပါတယ်”ဟု တယ်လီဖုန်းထဲသို့ တစ်လုံးချင်း ပီပီသသ ပြောလိုက်သည့်ခဏ စမ်းသီတာထံမှ အလွန်အံ့ဩဝမ်းသာကျေနပ်သော အသံကလေး ထွက်ပေါ်လာခဲ့ပါသည်။ “ကျေးဇူးတင်ပါတယ်ရှင့်”ဟု စမ်းသီတာက သူ့ကိုယ်ပိုင်ဟန်ဖြစ်သော ‘ရှင့်’ ကလေးထည့်၍ ရွှန်းရွှန်းစားစား ပြန်တုံ့ပြန်ပါသည်။ “စမ်းသီတာအတွက် ဘာသီချင်းများ တောင်းချင်ပါသလဲရှင်” ဟု ပြန်မေးတော့ ကျွန်တော်က “ချမ်းမြေ့ပါစေ သီချင်းကို တောင်းချင်ပါတယ်” ဟု ပြောလိုက်ပါသည်။ စမ်းသီတာသည် လက်ဖက်ရည်ဆိုင်တွင် သူနေ့တိုင်း ပြုံးပြနေသော လူနှင့် ယခု ဖုန်းဆက်ကာ မွေးနေ့ဆုတောင်း နေသော လူတို့ တစ်ယောက်တည်း ဖြစ်ကြောင်း သိဟန်မတူပါ။ ကျွန်တော်ကလည်း ပြောပြဖို့ စိတ်ကူးမရှိပါ။ စမ်းသီတာ ဝမ်းသာ သွားလျှင် ကျွန်တော်က ကျေနပ်ရုံဖြစ်ပါသည်။ ကျွန်တော်သည် စမ်းသီတာကို ပိုးပန်းနေခြင်း မဟုတ်ပါ။ လူတစ်ဖက်သားကို နေ့တိုင်း ချမ်းမြေ့အောင် ကူညီနေရသော စမ်းသီတာကို တဖန်ပြန်၍ ချမ်းမြေ့စေလိုသောကြောင့် ဖြစ်ပါသည်။

စမ်းသီတာသည် လူသိများ ထင်ရှားသူတစ်ဦးဖြစ်ပါသည်။ ကျွန်တော့်မှာတော့ လူမသိ သူမသိ သာမန်လူ ဖြစ်ပါသည်။ စမ်းသီတာကို ပိုးပန်းနေသူ အမြောက်အမြား ရှိပါသည်။ စမ်းသီတာသည် ကျွန်တော့်ကို သူ့အား ပိုးပန်းနေသူများစွာအနက်မှ တစ်ယောက်အဖြစ် မမှတ်ယူစေလိုပါ။ ထို့ကြောင့်လည်း ကျွန်တော်သည် စမ်းသီတာကို ပိုးပန်းသည့်အလုပ်ကို မလုပ်ခြင်း ဖြစ်ပါသည်။ ကျွန်တော်က စမ်းသီတာကို မြင်ချင်ရုံသက်သက် ဖြစ်ပါသည်။ အသံကို ကြားချင်ရုံ သက်သက် ဖြစ်ပါသည်။ ကျွန်တော်သည် ဟိုတလောဆီက စမ်းသီတာအတွက် လက်ဆောင်ပေးခဲ့သော ငုပန်းတစ်ခက်လိုပင် မွှေးရနံ့အားဖြင့် မထင်ရှားသော်လည်း အချိန်တန်လျှင် နွေပေါက်သည်နှင့် ပင်ယံထက်တွင် အဆင်သင့် ပွင့်ဖူးလာလျက် မိုးပုလဲမျက်ရည်တို့ ရွာကျဖြိုးသည့် ကာလရောက်မှ အလိုလို ပျောက်ကွယ်မည့်သူ ဖြစ်ပါသည်။ နွေကာလတစ်လျှောက်လုံး မည်သူခူးခူး မခူးခူး၊ မည်သူ ပန်ပန် မပန်ပန် အပင်ထက်တွင် အစဉ်အမြဲ ပွင့်လန်းလျက် လောကကို အလှဆင်သည့် ငုရွှေဝါတို့ကဲ့သို့ပင် ကျွန်တော်သည် စမ်းသီတာအတွက် ပေါ်ချိန်တန်၍ ပေါ်လာပြီး အချိန်တန်မှ ပျောက်ကွယ်မည့်သူဖြစ်ပါသည်။

စမ်းသီတာ၏အပြုံးကို မြင်ရခြင်းသည် လောကကိုကျက်သရေ ဆောင်ပါသည်။ စမ်းသီတာ၏ အသံချိုအေးသည် လောကအတွက် အားဆေးတစ်ခွက် ဖြစ်ပါသည်။ ကျွန်တော်သည် ဘဝကို အားအင်အပြည့်ဖြင့် ရှေ့ဆက်ရန် အတွက် စမ်းသီတာ၏ မျက်နှာတော်ကို လာရောက်ဖူးရခြင်းဖြစ်ပါသည်။ စမ်းသီတာ၏အသံချိုအေးကို နားသောတဆင်ရခြင်း ဖြစ်ပါသည်။

ဒီသဘောကို စမ်းသီတာ ခံစားကြည့်စေချင်ပါသည်။

ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။




Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...