ကျနော့် မိန်းမကို ဖေ့စ်ဘွတ်မှာ ဘလော့လိုက်တယ်။ ညက ဘော်ဒါအပေါင်းအသင်း ရောင်းရင်းတွေနဲ့ ခပ်ထွေထွေလေး ကောင်းနေတဲ့အချိန် ဆိုင်မှာတင် ဘလော့လိုက်တာပေါ့။ သူ သိပ်ရစ်လွန်းအားကြီးတယ်ဗျ။ ‘ရှင် ဟိုကောင်မပုံအောက်မှာ သွားရေးထားတဲ့ မန့်က ဘာသဘောလဲ။’ ‘ရှင်က ဘာကိစ္စ ကြီးကောင် ကြီးမား ကျမှ ချာတိတ်မ ငယ်ငယ်လေးတွေနဲ့ သူငယ်ချင်းဖြစ်နေရတာလဲ။’ ‘ရှင်က ဟိုတစ်ယောက် ပုံအောက်မှာ ဘာကိစ္စ အသဲ သွားပေးထားရတာလဲ။’ တစ်နေ့တစ်နေ့ ဖြေရှင်းရတာ အမော။ ကြာတော့ ကျနော် မခံနိုင်တော့ဘူး။ တစ်ခါတလေလေး ဘော်ဒါတွေနဲ့ လူစုံတုန်း အေးဆေး သောက်ရမလား မှတ်တယ်။ ဖုန်းတဂွမ်ဂွမ်ဆက်ပြီး ရစ်လာတဲ့အတွက် ‘ကဲ ဘလော့တယ်ကွာ’ ဆိုပြီး သောက်ရင်း မတ်တပ်ကကို လုပ်ချလိုက်တာပဲ။ ဒီ မိန်းမတစ်ယောက်ဟာ အရင်က အဲလောက် မရစ်တတ်ဘူး။ လူတကာ ဖုန်းကိုင်နိုင်လာတဲ့နောက်ပိုင်း၊ လူတကာ ဖုန်းထက်မှာ အင်တာနက်ဆိုတာကြီး ရလာတဲ့နောက် ဖေ့စ်ဘွတ်နဲ့ အင်တာနက်ကို ညီမျှခြင်း ချရကောင်းမှန်းလောက်သာ သိရတဲ့သူတွေထဲမှာ သူ ပါလာတဲ့နောက်ပိုင်း ကျနော့်မှာ အေးအေး မနေရတော့ ဘူး။ ဟိုအရင်တစ်ချိန်က အင်တာနက်ကို စိတ်အေးချမ်းသာစွာနဲ့ လွတ်လွတ်လပ်လပ် သုံးခွင့်ရခဲ့တဲ့ဘဝကိုတော့ ပြန်တောင့်တမိသား။ ခုများတော့ ကိုယ...