Skip to main content

ပြိုင်တူအဖြေရှာ ဦးနှောက်ယိုစီးမှုပုစ္ဆာ


“တို့နိုင်ငံကပညာတော်သင် ကျောင်းသားတွေ ပြီးသွားရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်မလာကြဘူးကွ” ဟု ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတစ်ခုမှ သူငယ်ချင်းတစ်ဦးက ပြောဖူးပါသည်။ ပညာရေး စနစ်တွင် နာမည်ကြီးသည့် အခြား နိုင်ငံများတွင် ပညာတော်သင်ဆုရပြီး ပညာထွက် သင်ကြားကြသည့် လူငယ်၊ လူလတ်များ ဒီဘက်နှစ်ပိုင်းတွင် များလာသော်လည်း ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ထိုပညာကိုပြန်အသုံးချသည့်ဦးရေက အချိုးကျကျ လိုက်ပြီး များပြားမလာသည့်အပေါ် သူက ညည်းတွားခြင်း ဖြစ်သည်။


မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တိုင်းပြည်ကို ဖွံ့ဖြိုးမှုနိမ့်ပါးခြင်းမှ ဆွဲတင်ရန် မျှော်လင့်ချက်မှာ ပညာရေးသာဖြစ်ပါသည်။ ယနေ့ခေတ်အခါတွင် လူငယ်အတော်များများ ပြည်ပထွက် ပညာသင်ခွင့်ရလာခြင်းမှာ မှောင်မိုက်နေသော လှိုဏ်ခေါင်း၏အဆုံးရှိ အလင်းရောင်ကို မြင်ရသလို ဖြစ်ပါသော်လည်း ပညာတော်သင်အများစု အိမ်ပြန်ရောက်မလာကြခြင်းကြောင့် အဆိုပါအလင်းရောင်မှာ မြင်သာမြင်ပြီး မကြင်ရသည့်ဘဝမှာသာရှိနေရသည်။

ပညာတော်သင်ဆု ချီးမြှင့်သည့် ကျောင်းများ၊ အဖွဲ့အစည်းများအနေဖြင့် ပညာသင်ကာလပြီးဆုံးပါက မိမိနိုင်ငံသို့ မဖြစ်မနေပြန်ရမည်ဆိုသည့် စည်းကမ်းချက်ကို မထည့်ကြသော်လည်း ပညာတော်သင်ဆု ပေးရခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအား ပညာရွှေအိုးမြှုပ်နှံနိုင်ရန် အကူအညီပေးခြင်း ဖြစ်လေရာ ပညာသင်ခွင့်ရသည့် ကျောင်းသားများအနေဖြင့် မိမိဆည်းပူးထားသည့် ပညာရပ်များအား မိမိနိုင်ငံအတွက် ပြန်အသုံးချပေးဖို့လိုသည်ဟုတော့ နားလည်သဘောပေါက်ရမည်သာ။

အစိုးရကချီးမြှင့်သည် ဖြစ်စေ၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကအဖွဲ့အစည်း တစ်ခုခုက ထောက်ပံ့သည် ဖြစ်စေ ပညာသင်ဆုပေးရခြင်း၏ နောက်တွင် အဆိုပါကျောင်းသားသည် ပညာသင်ပြီးဆုံးပါက မိမိနေရပ်သို့ပြန်ပြီး ဆည်းပူးခဲ့သည့်ပညာတို့ကို ပြန်အသုံးချလိမ့်မည်ဆိုသည့်မျှော်လင့်ချက်ကတော့ အနည်းနှင့်အများ ရှိတတ်ပါသည်။ ထို့ကြောင့် ပညာသင်ဆုပေးရန်အတွက် စိစစ်ရာတွင် လျှောက်ထားသူသည် ပညာထူးချွန်ရုံ သာမက လူမှုအကျိုးပြုလုပ်ငန်းလုပ်လိုစိတ်လည်း ရှိမရှိကိုပါ ၎င်းင်းတို့၏ ကိုယ်ရေး ရာဇဝင်နှင့် ဘဝရည်မှန်းချက်အကြောင်း ရေးသားချက်များ၊ လူတွေ့မေးမြန်းခန်းများ စသည်တို့မှတစ်ဆင့် လေ့လာ အကဲခတ်တတ် ကြသည်။

သို့သော်လည်း ပညာတော်သင်ဆု ရသူတိုင်းသည်လည်း မျှော်လင့်ထား သလို မဟုတ်ဘဲ ပညာတော်သင်ဆု ရခြင်းကိုပဲ ဘဝအတွက် အမြင့်သို့ တက်လှမ်းစရာ တုံးတစ်ခုလို ခုချင်သူ များလည်း ပါဝင်နေတတ်ပါသည်။ မချမ်းသာသည့် မိသားစုမှ ပေါက်ဖွား လာသူတစ်ဦးအတွက် ပြည်ပတွင် ပညာတော်သင်ခွင့်ရဖို့ ဆိုသည်မှာ  အိပ်မက်တစ်ခုလို ဖြစ်လေရာ အဆိုပါ အခွင့်အရေးကိုအသုံးချပြီး မိမိ၏ ဘဝကို ဒီထက်မြင့်အောင် လုပ်နိုင် သည်မို့ မိမိစိတ်ထဲရှိတဲ့အတိုင်းမဟုတ်ဘဲ စကားလုံးလှလှများသုံးပြီး ရေးသွားပြောသွားသည့်အခါ ရွေးချယ်သူများ ဘက်က တကယ်ထိုက်တန်သူကို မျက်စိလျှမ်းကျော်သွားပြီး အပြောကောင်းသူကို ရွေးမိသွားနိုင်ပါသည်။

အစိုးရအစီအစဉ်ဖြင့် ပညာသင် သွားသူတို့မှအပ မိမိအစီအစဉ်ဖြင့် မိမိ သွားရောက်ကြသူများအဖို့ ချည်နှောင်မှု မရှိခြင်းကြောင့် ပြည်တော်ပြန်လာခြင်း၊ ပြန်မလာခြင်းမှာ မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်နေလေရာ များသောအားဖြင့် ပြန်မလာဖို့ လမ်းကိုသာရွေးပြီး ရေကြည်ရာမြက်နုရာ အခြေချကြသည်က များပါသည်။

ဒီအထဲ ငွေကြေးကြောင့်အပြင် ဘ၀ အဆင့်အတန်း မြင့်မားမှုကို မက်မော၍ မပြန်ချင်ကြသူများလည်း ရှိပါသည်။ မိမိနေထိုင်ကြီးပြင်းခဲ့ရာ ဘဝအခြေအနေထက် အဆများစွာသာသည့် နိုင်ငံရပ်ခြား ရောက်သည့်အခါ အိမ်မပြန်ချင်ပါဟုဆိုလျှင်လည်း လူ့သဘာဝမို့ အပြစ်တင်ရန်လည်း ခက်လှပါသည်။ ရေဆိုသည်က မြင့်ရာမှနိမ့်ရာသို့သာ စီးတတ်သော်လည်း လူဆိုသည်က နိမ့်ရာမှမြင့်ရာသို့သာ သွားတတ်ချင်ကြသည် မဟုတ်ပါလား။

ပညာသင်ပြီးနောက် ပြန်လာခြင်း ပြန်မလာခြင်းမှာ တစ်ဦးတစ်ယောက် ချင်းစီ၏ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်သည်။ သို့ရာတွင် တစ်ဖက်က တိုင်းပြည်အနေဖြင့် ရင်ဆိုင်နေရသည့် ဦးနှောက်ယိုစီးမှု ပြဿနာကို စဉ်းစားဖို့လည်း လိုပါသည်။  တိုင်းပြည်တစ်ပြည်အနေဖြင့် တော်ပေ့ဆိုသော ကာယလုပ်သား၊ ဉာဏ လုပ်သား အင်အားစုများ အထွက်သာရှိပြီး အဝင်မရှိခဲ့လျှင် လူ့အရင်းအမြစ်အကျပ်အတည်းနှင့်ကြုံပြီး မုန့်လုံးစက္ကူကပ်သံသရာမှ ထွက်နိုင်မည်မဟုတ်ပါ။  ဖွံ့ဖြိုးပြီးနိုင်ငံကြီးတစ်ခုအတွက် အရည်အချင်းရှိသည့် ဦးနှောက်ပိုင်ရှင်များ အတိုင်းအတာတစ်ခုအထိဆုံးရှုံးရုံဖြင့် တိုင်းပြည်မသိသာသွားသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအတွက်မူ ပညာရှင်ခေါင်းတစ်ခေါင်းဆုံးရှုံးလျှင်ကို သိသိသာသာအထိနာပါသည်။ ဒီလိုနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများနောက် အမီလိုက်ဖို့ကြိုးစားရင်း ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဒုံရင်းဒုံရင်းဘဝက မတက်နိုင် ဖြစ်ရတာများပါသည်။

ပညာတော်သင်ကျောင်းသားတို့က ‘ကိုယ့်တိုင်းပြည်မှာ ဒီပညာတွေကို အသုံးချစရာ ရေခံမြေခံကောင်းများ မရှိလို့ပါ’ ဟု တိုင်းပြည်အပေါ်လွှဲချ လေ့ရှိသလို တိုင်းပြည်ဘက်က ကြည့်လျှင်လည်း ပညာတတ်တွေ ဆုံးရှုံးနေရလို့ တိုင်းပြည်သည် ရှေ့သို့ မဆက်နိုင်ဟု လက်ညှိုးထိုးနိုင်ပါ သည်။ ဒီနေရာတွင် တစ်ဖက်တည်း ကိုချည်း မေးငေါ့လျှင်လည်း တရား မည် မထင်ပါ။ နှစ်ဖက်စလုံးက မှန်နေသည်ချည်း မဟုတ်ပါလား။

လူဆိုသည်မှာ ပရဟိတထက် အတ္တဟိတကို ပိုဦးစားပေးတတ်သည် မှန်သော်လည်း လူငယ်နိုင်ငံသားတို့ အနေဖြင့် အတ္တထက် ပရကို ပိုဦးစား ပေးခဲ့ကြသော၊ (တစ်နည်း) မြင့်ရာမှနိမ့်ရာသို့ ပြန်လာပြခဲ့ကြဖူးသော  သူရဲကောင်းတို့ကို အနည်းအကျဉ်းမျှဖြစ်စေ အတုယူအားကျတတ်ဖို့လိုသလို တိုင်းပြည်ဘက်ကလည်း တိုင်းပြည်၏ အဖူးအပွင့်ကလေးများ တိုင်းပြည်ကိုစွန့်ခွာမသွားချင်အောင် အခွင့်အရေးများ၊ အခြေအနေကောင်းများ တတ်နိုင်သမျှ များများဖန်တီးပေးရေးဖြစ်ပါသည်။ တိုင်းပြည်၏ ဖွံ့ဖြိုး တိုးတက်မှုဆီ သွားရာ လမ်းခရီးတွင်ပိတ်ဆို့နေသော ‘လူသားအရင်းအမြစ်များဆုံးရှုံးမှု’ ဆိုသည့် ကျောက်တုံးကြီးရွေ့စေရန် အစိုးရကရော နိုင်ငံသားများကပါ နှစ်ဘက်စလုံးက ပြိုင်တူတွန်းဖို့လိုပါသည်။

နိုင်ငံရပ်ခြားတွင် ပညာသင်ခွင့်ရခြင်းသည် အဖိုးမဖြတ်နိုင်အောင် အကျိုးများပါသည်။ သို့ရာတွင် ထို အကျိုးကျေးဇူးကို မိမိတစ်ဦးတည်းသာမခံစားဘဲ မိမိလိုအခွင့်အလမ်းမရသူများနှင့်ပါ မျှဝေခံစားဖို့ လိုပါသည်။ မဟုတ်လျှင် ‘မရှိလို့မလှူ၊ မလှူလို့မရှိ’ ဆိုသည့် စကားအတိုင်း ပညာတတ်တို့ ကလည်း မိမိနိုင်ငံမှာ မက်လုံးတွေမရှိလို့ပြန်မလာချင်၊ ပညာတတ်တို့ပြန်မလာသဖြင့်လည်း မိခင်နိုင်ငံတို့မှာ တိုင်းပြည်တိုးတက်အောင် မဆောင်ရွက်နိုင်ဆိုသည့် အရှုံး သံသရာသာလည်နေလိမ့်မည် ဖြစ်ပါသည်။

မြန်မာတိုင်း(မ်) ဂျာနယ်။ အတွဲ ၂၄၊ အမှတ် ၄၆၉။ ၂၀၁၀ ဇွန်လ


Comments

  1. လုံးဝထောက်ခံတယ်.... သွေထွက်အောင်မှန်တယ်လို့ ပဲပြောလိုက်ချင်တော့တယ်..

    ReplyDelete
  2. Clearer composition.
    Actually, the ones who does not come back home after studying at aboard know very well to work for their own community.
    Nevertheless, they are just selfish.

    ReplyDelete
  3. ဒီဆောင်းပါးကို ပညာရေးအထောက်အကူပြုသင်တန်းတွေမှာ ပညာပေးဆွေးနွေးမှုတွေ အတွက် ခေါင်းစဉ်ကောင်းတခု အဖြစ်အသုံးပြုသင့်ပါတယ်။

    ပညာတော်သင်သွားခွင့်မရသေးတဲ့ ရဖို့ကြိုးစားနေတဲ့သူတွေခေါင်းထဲမှာ ကြုတင်စဉ်းစားစရာ တခုအဖြစ် ခံယူခွင့်ရသွားနိုင်ပါတယ်။

    ReplyDelete
  4. everything has good and bad. people who study or work abroad including first world countries even have a lot of sufferings such as away from home and family, feeling alone and living under stress and pressure, and so on. and also most people think for themselve and their family first and later some think of their community and their homeland. so i think that it will be okie if the ones who always remember that he/she is a burmese and always think about to do sth for his beloved country.

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...