Skip to main content

နာဟစ်ဘ် မားဖုဇ်ရဲ့ "တစ်နေကုန်တဲ့အခါ"





နာဟစ်ဘ် မားဖုဇ် (Naguib Mahfouz) ကို ၁၉၁၁ ခုနှစ် တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ မွေးဖွားခဲ့သည်။ အသက် ၁၇ နှစ်တွင် ဝတ္ထုများစတင်ရေးသားခဲ့ပြီး ဝတ္ထုရှည် ၅၀ ကျော်၊ ဝတ္ထုတို ၃၅၀ ကျော်၊ ရုပ်ရှင်ဇာတ်ညွှန်းနှင့် ပြဇာတ် ဒါဇင်နှင့်ချီ ရေးသားခဲ့သည်။ ကိုင်ရိုတက္ကသိုလ်မှ ဒဿနိကဗေဒဖြင့် ၁၉၃၄ တွင် ဘွဲ့ရသည်။ ၁၉၈၈ တွင် စာပေဆိုင်ရာ နိုဘယ်ဆုကို အာဖရိကတိုက်သားများ ထဲတွင် ပထမဆုံးဆွတ်ခူးရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ကွယ်လွန်သည်။

"Half a Day" ဟု ခါင်းစဉ်ပေးထားသည့် အင်္ဂလိပ်ဘာသာပြန်မှတစ်ဆင့် ပြန်ဆိုပါသည်။ "African Short Stories" စာအုပ်မှ ထုတ်နုတ်ပြန်ဆိုခြင်းဖြစ်ပါသည်။ ယခု မြန်မာဘာသာပြန်မှာ စံပယ်ဖြူ မဂ္ဂဇင်းတွင် ဖော်ပြပါရှိဖူးပါသည်။ ၂၀၀၅ ခုနှစ်က ဖြစ်မည်ဟု ခန့်မှန်းပါသည်။ 



အဖေ့ညာဘက်လက်ကို ဆုပ်ကိုင်ထားရင်း၊ အဖေ့ရဲ့ခြေလှမ်းကျဲကြီးတွေကို မီဖို့ပြေးလိုက်ရင်းက ကျွန်တော်ဟာ အဖေ့ဘေးမှာ ထပ်ကြပ်မကွာ ပါနေဆဲပါ။ ကျွန်တော့်အင်္ကျီတွေက အသစ်ကျပ်ချွတ်လေ။ ပီးတော့ အမည်းရောင် ရှူးဖိနပ်နဲ့၊ အစိမ်းရောင်ကျောင်းဝတ်စုံနဲ့၊ အနီရောင် တာဘုရှ်ဦးထုပ်နဲ့ ဆိုပါတော့။ အဝတ်အစားအသစ်တွေနဲ့ မြောက်ကြွကြွကလေးဖြစ်နေတဲ့ ကျွန်တော့်ရဲ့ပျော်ရွှင်မှုကလေးကတော့ တော်တော်နဲ့ ပျောက်မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုရရင် အဲဒီနေ့က ပွဲတော်နေ့ဖြစ်လို့တော့ မဟုတ်ပါဘူး။ ကျွန်တော့်တစ်သက်မှာ ပထမဆုံးအကြိမ် ကျောင်းသွားရတဲ့နေ့ဖြစ်လို့ပါပဲ။

ကျွန်တော်တို့တွေ တရွေ့ရွေ့နဲ့ထွက်သွားတာကို အမေက ပြတင်းပေါက်နားက မတ်တပ်ရပ်ရင်း ငေးကြည့်နေခဲ့တယ်။ ကျွန်တော်ကတော့ အမေ့ဆီက အကူအညီတောင်းတော့မယ့် ပုံစံနဲ့ အမေ့ဘက်ကို ခဏခဏ ပြန်လှည့်မိသေး။ ပန်းခြံလေးတွေနဲ့ အနားသတ်ထားတဲ့ လမ်းမအတိုင်း ကျွန်တော်တို့ လျှောက်လာခဲ့ကြတယ်။ လမ်းရဲ့ တစ်ဖက်တစ်ချက်မှာတော့ သီးနှံတွေ၊ ဆူးထူတဲ့သစ်တော်ပင်တွေ၊ ဒန်းပင်တွေနဲ့ စွံပလွံပင်အနည်းငယ်စိုက်ထားတဲ့ တိုးချဲ့စိုက်ခင်းတွေနဲ့ပေါ့။

ကျွန်တော်က အဖေ့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောချလိုက်ပါတယ်။

“သားကို ဘာဖြစ်လို့ ကျောင်းပို့တာလဲအဖေ၊ သား နောက်ကို အဖေစိတ်ဆင်းရဲအောင် ဘာမှ မလုပ်တော့ပါဘူး”

အဖေက ရယ်လိုက်ပြီးတော့ “သားကို အဖေက အပြစ်ပေးနေတာမဟုတ်ပါဘူးကွာ၊ ကျောင်းဆိုတာ အပြစ်ပေးတဲ့နေရာ မဟုတ်ပါဘူး၊ ကျောင်းဆိုတာ ကလေးဘဝကနေ အသုံးကျတဲ့လူကြီးတွေဖြစ်အောင် လုပ်ပေးတဲ့စက်ရုံတစ်ခုပါ သားရဲ့၊ မင်း ဖေဖေနဲ့ ကိုကိုတို့လို မဖြစ်ချင်ဘူးလား ဟင် ငါ့သား” လို့ ပြောတယ်။

ကျွန်တော်ကတော့ သိပ်ဘဝင်မကျပါဘူး။ နေသားကျနေပြီဖြစ်တဲ့ အိမ်ကနေ ဝေးရာကိုခေါ်သွားပြီး အခုလျှောက်နေတဲ့ လမ်းရဲ့အဆုံးက အလွန်ပဲတင်းကျပ်ချုပ်ချယ်တဲ့၊ အုတ်နံရံမြင့်မြင့်တွေနဲ့ ရဲတိုက်ကြီး လိုမျိုး အဆောက်အဦတစ်ခုဆီကို ပို့လိုက်တာဟာ ကောင်းတာတွေရရှိလိမ့်မယ်လို့တော့ ကျွန်တော် မယုံကြည် ခဲ့တာ အမှန်ပါ။

ကျောင်းပေါက်ဝနားရောက်တဲ့အခါမှာတော့ ကျောင်းဝင်းထဲကိုတောင် မြင်ရပါပြီ။ ကျောင်းဝင်းက ခပ်ကြီးကြီး၊ ကျောင်းသူ ကျောင်းသားတွေနဲ့ ပြည့်ကျပ်ညပ်လို့။

“ဝင်သွားလေ ... သွား၊ မျက်နှာကိုပြုံးပြုံးလေးထား၊ ကိုယ့်ကို သူများစံနမူနာ ယူရပစေ” လို့ အဖေက ပြောပါတယ်။

ကျွန်တော် နည်းနည်းတုံ့ဆိုင်းသွားပြီး သူ့လက်ကို ဆုပ်ထားပါတယ်။ ဒါပေမဲ့ အဖေက ကျွန်တော့်ကို သူ့အနားက တွန်းလွှတ်လိုက်ပါတယ်။

“လူကြီးဖြစ်အောင်ကြိုးစား၊ ဒီနေ့ တကယ့်ဘဝကို သားအစပြုရပြီ၊ ကျောင်းဆင်းချိန်ကျရင် အဖေ သားကို လာစောင့်ကြိုမယ် နော် ... သား”

ကျွန်တော်ကတော့ ရှေ့နည်းနည်းလျှောက်လိုက်၊ ရပ်ပြီးကြည့်လိုက်ပါပဲ။ မျက်စိထဲမှာ ဘာမှမမြင်ရပါဘူး။ နောက်မှ ကောင်လေးတွေ ကောင်မလေးတွေရဲ့ မျက်နှာတွေ မြင်ကွင်းထဲရောက်လာပါတယ်။ လမ်းပျောက်နေတဲ့ လူစိမ်းတစ်ယောက်လို ကျွန်တော် ခံစားရတယ်။ သိချင်စိတ်ပြင်းပြတဲ့ အကြည့်စူးစူးတွေ ကတော့ ကျွန်တော့်ဆီမှာ စုပြုံကျရောက်လို့ပေါ့။ ကောင်လေးတစ်ယောက်က ကျွန်တော့်အနားကပ် လာပြီးမေးတယ်။ “မင်းကို ဘယ်သူလိုက်ပို့လဲ” တဲ့။

“ငါ့အဖေလိုက်ပို့တာပေါ့” လို့ ကျွန်တော်က ခပ်တိုးတိုးပဲပြန်ဖြေလိုက်တယ်။

“ငါ့အဖေကတော့ ဆုံးသွားပြီကွ”

သူက ရိုးရိုးစင်းစင်းပဲ ပြန်ပြောတယ်။

ကျွန်တော် ဘာပြန်ပြောရမှန်း မသိတော့ဘူး။ ပျင်းတွဲတွဲနိုင်တဲ့ တကျွိကျွိမြည်သံတွေနဲ့အတူ ကျောင်းတံခါးကြီးပိတ်သွားတယ်။ ကလေးတချို့ကတော့ မျက်ရည်တွေကျအောင် ငိုယိုလို့ပေါ့။ ခေါင်းလောင်းတီးသံ ကြားရပြီးတဲ့နောက် အမျိုးသမီးတစ်ယောက်က ယောက်ျားကြီးတွေနဲ့အတူ လျှောက်လာတယ်။ လူကြီးတွေက ကျွန်တော်တို့ကို အဆင့်သတ်မှတ်ချက်အလိုက် တန်းစီခိုင်းပါတယ်။ သုံးဘက်သုံးတန်မှာ အထပ်အများကြီးပါတဲ့ အဆောင်အမြင့်ကြီးတွေရဲ့အလယ် မြေကွက်လပ်ထဲမှာ ကျွန်တော်တို့ ရှုပ်ရှုပ်ထွေးထွေးပုံစံတွေနဲ့ အဖွဲ့ငယ်လေးတွေဖွဲ့ပြီး နေရတယ်။ ကျောင်းဆောင်တွေရဲ့ အထပ်တိုင်းမှာ သစ်သားမိုး ဝရန်တာရှည်ကြီးတွေက ကျွန်တော်တို့ကို မိုးကြည့်နေကြတာပေါ့။

“ဒါဟာ မင်းတို့အတွက် အိမ်အသစ်ပဲ။ ဒီမှာလည်း အဖေတွေအမေတွေ ရှိတယ်။ ဒီမှာ အသိပညာနဲ့ ဘာသာတရားအတွက် ပျော်စရာကောင်းပြီး ကျေးဇူးများမယ့်အရာအားလုံးရှိတယ်။ မျက်ရည်တွေ သုတ်လိုက်ကြ၊ ဘဝကို ပျော်ပျော်ကြီးရင်ဆိုင်ကြ” လို့ အမျိုးသမီးကြီးက ပြောပါတယ်။

သတ်မှတ်ချက်တွေကို ကျွန်တော်တို့လိုက်နာကြပါတယ်။ ဒီလိုလိုက်နာတာဟာ ကျေနပ်မှုတစ်မျိုးကိုတော့ အပေးသား။ သက်ရှိတွေ တစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ခင်သွားကြပါတယ်။ ရောက်စအချိန်တွေမှာပဲ သူငယ်ချင်းဖြစ်ရမယ့် ကောင်လေးတွေနဲ့ သူငယ်ချင်းဖြစ်သွားခဲ့သလို ချစ်ရကြိုက်ရမယ့် ကောင်မလေးတွေနဲ့လည်း ချစ်ကြိုက်သွားခဲ့တာပါပဲ။ ဒါကြောင့်လည်း ကျွန်တော့်ရဲ့ ကြိုတင်တွေးတောပူပန်မှုတွေဟာ အခြေအမြစ်မရှိသလို ဖြစ်ခဲ့ရတာပေါ့။ ကျောင်းဆိုတာ ဒီလိုမျိုး အမျိုးအမယ်စုံအရာတွေ ပါကြွယ်ဝလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးမိခဲ့ရိုးအမှန်ပါ။ ကစားနည်းအမျိုးမျိုး ကျွန်တော်တို့ ကစားကြတယ်။ ဘာသာစကားနဲ့လည်း စတင်ထိတွေ့ မိတ်ဆက်ခွင့်ရခဲ့ကြတယ်။ ကမ္ဘာ့တိုက်ကြီးတွေနဲ့ နိုင်ငံတွေပုံပါပြီး လှည့်လို့ရတဲ့ကမ္ဘာလုံးလေးတစ်ခုကိုလည်း တွေ့ခဲ့ကြတယ်။ သင်္ချာဂဏန်းတွေကိုလည်း စတင်သင်ယူရတယ်။ ဒါ့အပြင် ကမ္ဘာလောကကြီးရဲ့ ဖန်ဆင်းရှင်အကြောင်းကို ဖတ်ပြတာလည်း နားထောင်ရတယ်။ ကိုယ်တော်မြတ်ရဲ့ မျက်မှောက်လောကနဲ့ နောင်တမလွန် လောကတွေအကြောင်း ကိုယ်တော်မြတ်ဟောခဲ့တဲ့ တရားနမူနာတွေအကြောင်း နာကြားရတယ်။ ဒီလိုနဲ့ အရသာရှိတဲ့အစားတွေစား၊ ခဏတဖြုတ်အိပ်၊ နိုးလာတော့ တစ်ခါပြန်ပြီး အပေါင်းအသင်းအဖြစ် မိတ်ဖွဲ့တာတွေ၊ ချစ်ရေးကြိုက်ရေးကိစ္စတွေနဲ့ ခရီးဆက်တော့တာပါပဲ။ ကစားလိုက်၊ သင်ယူမှတ်သား လိုက်နဲ့ပေါ့။

လမ်းဟာ ကျွန်တော်တို့အတွက် ထင်ရှားပြတ်သားလာတဲ့အခါကျတော့ ကျွန်တော်တို့အရင်က မှတ်ယူခဲ့သလိုမျိုး လုံးဝချိုမြိန်ပြီး တိမ်ကင်းစင်တဲ့လမ်းရယ်လို့ မတွေ့ခဲ့ရပါဘူး။ ဖုန်တွေကို သယ်ဆောင်လာတဲ့ လေတွေနဲ့ မမျှော်လင့်တဲ့အဖြစ်တွေဟာ ရုတ်တရက်ပေါ်ပေါက်လာကြပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ အသင့်အနေအထားနဲ့ စိတ်ရှည်ရှည်ထားပြီး အမြဲမပြတ် စောင့်ကြည့်ခဲ့ရတာပေါ့။ ဘဝဟာ တကယ်တော့ ကစားမြူးတူးရတဲ့၊ စနောက်ကျီစားရတဲ့ ကိစ္စချည်းပဲ မဟုတ်ပါဘူး။ ပိုင်ဆိုင်မှုဆိုတာ နာကျင်မှုနဲ့ အမုန်းတရားတွေကို ဖြစ်ချင်ဖြစ်စေမယ်။ ဒါမှမဟုတ် ခိုက်ရန်ဒေါသဆီကိုလည်း ဆွဲခေါ်ချင်ခေါ်သွားနိုင်ပါတယ်။ တစ်ခါတလေ အမျိုးသမီးကြီး ပြုံးရွှင်နေစဉ်မှာကိုပဲ သူဟာ မကြာခဏဆိုသလို ကျွန်တော်တို့ကို စိတ်ဆိုးတဲ့မျက်နှာနဲ့ကြည့်ပြီး အော်ငေါက်ကြိမ်းမောင်း တတ်ပါသေးတယ်။ ဒါနဲ့တင်မကျေနပ်သေးလို့ သူဟာ ကိုယ်ခန္ဓာနာကျင်စေမယ့် ဒဏ်ပေးတာမျိုးတွေပါ လုပ်ခိုင်းပါသေးတယ်။

ဒါတွေနဲ့ မပြီးသေးပါဘူး။ မိမိစိတ် ပြောင်းလဲရမယ့်အချိန်ဟာ လွန်မြောက်ကုန်ဆုံးသွားပြီး ကိုယ့်အိမ်ဂေဟာဆီ ကိုယ်ပြန်ဖို့ တောင်းဆိုမှုတွေ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ရှေ့မှာ အားထုတ်မှု၊ ရုန်းကန်မှုနဲ့ ဇွဲနပဲကလွဲလို့ ဘာမှမရှိတဲ့ အနေအထားပါ။ စွမ်းနိုင်တဲ့လူတွေကတော့ စိုးရိမ်သောကတွေ ကြားထဲက အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကို ကိုယ့်ဟာကိုယ် ရှာဖွေယူကြပါတယ်။

တစ်နေ ကုန်သွားပြီ။ အလုပ်တွေပြီးပြီဆိုတာ အချက်ပေးတဲ့အနေနဲ့ ခေါင်းလောင်းသံထွက်ပေါ်လာပါတယ်။ ကျောင်းသားအုပ်ကြီးဟာ ပြန်ဖွင့်ပေးလိုက်တဲ့ ကျောင်းဝင်းအပေါက်ဝဆီကို အပြေးအလွှား သွားကြတော့တာပါပဲ။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ၊ ချစ်သူမိန်းကလေးတွေကို နှုတ်ဆက်ခဲ့ပြီး ဂိတ်ဝကို ဖြတ်လာခဲ့မိပါတယ်။ ကျွန်တော် ဟိုဟိုဒီဒီ လိုက်ကြည့်တယ်။ ဒါပေမဲ့ လာကြိုမယ်လို့ ကတိပေးထားတဲ့ အဖေ့ကိုတော့ အရိပ်အယောင်မျှတောင် မတွေ့ရပါဘူး။ ကျွန်တော် ဘေးနားဆင်းကပ်ပြီး စောင့်နေမိတယ်။ ကျွန်တော် အကြာကြီးစောင့်တယ်။ ဘာမှ မထူးဘူး။ ကိုယ့်ဟာကိုယ်ပဲ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခြေလှမ်းနည်းနည်းလောက် လှမ်းပြီးတဲ့အခါ သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ဖြတ်လျှောက်သွားတာ မြင်လိုက်ပါတယ်။ ဒီလူ့ကို ကျွန်တော် သိမှန်း သတိရလိုက်တယ်။ သူက ပြုံးပြီး ကျွန်တော့်ဆီလာတယ်။ ပြီးတော့ လက်ဆွဲနှုတ်ဆက်တယ်။ ပါးစပ်ကလည်း “မတွေ့တာကြာပြီ နေကောင်းလား” တဲ့လေ။

ကျွန်တော်လည်း ခေါင်းတစ်ချက်ညိတ်ပြီး ပြန်ဖြေလိုက်ရင်း “ခင်ဗျားရော နေကောင်းရဲ့လား”လို့ ပြန်မေးလိုက်မိတယ်။ “မြင်တဲ့အတိုင်းပဲလေ။ ကောင်းလှတယ်တော့ မဟုတ်ဘူး ပေါ့ကွာ” လို့ သူက ပြန်ပြောပါတယ်။

သူက ကျွန်တော့်ကို နောက်တစ်ခါ ထပ်လက်ဆွဲနှုတ်ဆက်ပြီးတော့ ထွက်ခွာသွားပါတယ်။ ကျွန်တော်လည်း ရှေ့ကို နည်းနည်းဆက်လျှောက်လာတော့ ထိတ်လန့်လွန်းလို့ ခဏရပ်လိုက်ရတယ်။ မြတ်စွာဘုရား ... ပန်းခြံတွေနဲ့ အနားသတ်ထားတဲ့လမ်းမကြီး မရှိတော့ပါလား။ ဘယ်ကိုများ ပျောက်ကွယ်သွားပါလိမ့်။ ဒီ ယာဉ်ရထားတွေက ဘယ်က ဘယ်လို ဒီပေါ်ရောက်လာပါလိမ့်။ ပြီးတော့ ဒီလူအုပ်ကြီးက ဘယ်အချိန်ကများ လမ်းမထက်မှာ ရောက်လို့နေပါလိမ့်။ ဒီ အမှိုက်ပုံကြီးတွေကရော ... လမ်းမဘေးမှာ ဘယ်ကဘယ်လို ... ဘေးတစ်ဖက်တစ်ချက်က ကွင်းပြင်တွေရော ... ဘယ်မှာလဲ။ တိုက်မြင့်မြင့်ကြီးတွေက နေရာယူထား လိုက်ကြပြီ။ ကလေးတွေ၊ ဆူညံသံတွေနဲ့ လှိုင်းထန်နေတဲ့ လမ်းမဟာ လေထုကို လှုပ်ခါနေလေရဲ့။ (လမ်း)ထောင့်တိုင်းထောင့်တိုင်းမှာ ရပ်နေတာကတော့ မျက်လှည့်ပြနေတဲ့၊ မြွေကို ပချုပ်ထဲကနေ ဆွဲထုတ်ပြနေတဲ့ အလမ္ပာယ်ဆရာ၊ မျက်လှည့်ဆရာတွေပဲပေါ့။ အဲဒီနောက်မှာတော့ ဆပ်ကပ်ပွဲတစ်ခုရဲ့ အဖွင့်တေးသွားကို တီးမှုတ်နေတဲ့ တီးဝိုင်းတစ်ခု။ လူရွှင်တော်တွေ၊ အလေးမသမားတွေက ရှေ့မှာ လမ်းလျှောက်လို့။ အဲဒီလိုဖြစ်နေတုန်း ဗဟိုလုံခြုံရေးတပ်သားတွေကို တင်ဆောင်လာတဲ့ ထရပ်ကားတစ်တန်းက ဣန္ဒြေရရနဲ့ မောင်းနှင်လာတယ်။ လေးတွဲ့တွဲ့ဥဩဆွဲသံနဲ့အတူ မီးသတ်ကားတစ်စင်းပေါ်လာ ... ရှေ့ကပိတ်နေတဲ့ လမ်းကို ဘယ်လိုရှင်းပြီး မီးလောင်ရာကို ဘယ်လိုသွားမလဲ သိပ်မသဲကွဲ ... တက္ကစီယာဉ်မောင်းနဲ့ သူ့ခရီးသည်ကြားက ပြင်းထန်တဲ့အချင်းများပွဲ တစ်ခု ... ခရီးသည်ရဲ့မိန်းမက အော်ဟစ်အကူအညီ တောင်းပေမယ့် ဘယ်သူမှရောက်မလာ ... အို လာခြင်းကောင်းသော အရှင် ကျွန်တော့်ခေါင်းတွေ မူးလာပါရောလား။ ခေါင်းတွေချာချာလည်လို့။ ရူးသွားမတတ်ပါပဲ။ မနက်ခင်းနဲ့ ညနေစောင်း ကြားက တစ်နေ့တာအတွင်း ဒါတွေ ဘယ်လိုဖြစ်သွားပါလိမ့်။ အိမ်ရောက်လို့ အဖေနဲ့ကျမှ သိရတော့မှာပဲ။ ဒါပေမယ့် ဘယ်မှာလဲ ကျွန်တော့်အိမ်။ ကျွန်တော် မြင်နေရသမျှကတော့ တိုက်အမြင့်ကြီးတွေနဲ့ လူအုပ်ကြီးတွေ။ ပန်းခြံတွေနဲ့ အဘူခိုဒါလမ်းမကြီးကြားက လမ်းဆုံကို ကျွန်တော် ခပ်သုတ်သုတ်လျှောက်သွားလိုက်တယ်။ အိမ်ကိုရောက်ဖို့ဆိုရင် အဘူခိုဒါ လမ်းမကို ဖတ်ရမယ်။ ဒါပေမဲ့ ရှည်လျားလှတဲ့ ကားတန်းကြီးက ဖြတ်စရာတစ်နေရာတောင် မကျန်။ လိပ်တစ်ကောင်လို ရွေ့လျားနေတဲ့ မီးသတ်ကားဥဩသံဟာ မိုင်ကုန်ဆွဲငင်နေလေရဲ့။ “လောင်နေတဲ့မီးဟာ ဒီလောက်နဲ့ပဲ ရပ်ပါစေတော့” လို့ ကျွန်တော် တစ်ကိုယ်တည်း ရွတ်ဆိုမိလိုက်ပါတယ်။

အလွန်တရာ စိတ်ညစ်ညူးစွာနဲ့ ဘယ်တော့လမ်းဖြတ်ကူးရပါ့မလဲလို့ ကျွန်တော် စောင့်နေမိပါတယ်။ ရပ်လို့ အတော်ကြီးကြာတော့ လမ်းထောင့်နား ပင်မင်းဆိုင်က အလုပ်သမားလေးတစ်ယောက် ကျွန်တော့်ဆီ လာပါတယ်။ သူက သူ့လက်ကိုဆန့်ပြီး ကျွန်တော့်ကို ရည်ရည်မွန်မွန်ပဲ ပြောပါတယ်။

“အဘိုး လမ်းကူးမလို့လား ကျွန်တော် လိုက်ပို့ပေးမယ်လေ” တဲ့။

Comments

  1. ရန်ကုန်ပြန်ရောက်တုန်း ၊ မူကြိုကျောင်း နဲ့ အလုံ အ.ထ.က (၄) ရယ်၊ ငယ်ငယ်တုန်းကနေခဲ့တဲ့ အိမ် ကလေး အရှေ့ မှာ မတ်တပ်ရပ်ပြီး ငယ်ငယ်တုန်းက ဖြစ်ရပ်တွေကို ပြန်စဉ်းစား ခဲ့ပြီး အခုလောလောဆယ် မြင်ကွင်းတွေ က ဘာသာပြန်ထဲက အဘိုးလိုဘဲ မူးနောက်သွားစေခဲ့ တယ်။ ကိုယ့်အတွက် တကယ့် အမှတ်တရ ၀ထ္ထုလေးတစ်ပုဒ် ပေါ့။ ကျေးဇူးကမ္ဘာ ပါဘဲ ဆရာ။

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...