Skip to main content

နာဟစ်ဘ် မားဖုဇ်ရဲ့ "တစ်နေကုန်တဲ့အခါ"





နာဟစ်ဘ် မားဖုဇ် (Naguib Mahfouz) ကို ၁၉၁၁ ခုနှစ် တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ မွေးဖွားခဲ့သည်။ အသက် ၁၇ နှစ်တွင် ဝတ္ထုများစတင်ရေးသားခဲ့ပြီး ဝတ္ထုရှည် ၅၀ ကျော်၊ ဝတ္ထုတို ၃၅၀ ကျော်၊ ရုပ်ရှင်ဇာတ်ညွှန်းနှင့် ပြဇာတ် ဒါဇင်နှင့်ချီ ရေးသားခဲ့သည်။ ကိုင်ရိုတက္ကသိုလ်မှ ဒဿနိကဗေဒဖြင့် ၁၉၃၄ တွင် ဘွဲ့ရသည်။ ၁၉၈၈ တွင် စာပေဆိုင်ရာ နိုဘယ်ဆုကို အာဖရိကတိုက်သားများ ထဲတွင် ပထမဆုံးဆွတ်ခူးရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ကွယ်လွန်သည်။

"Half a Day" ဟု ခါင်းစဉ်ပေးထားသည့် အင်္ဂလိပ်ဘာသာပြန်မှတစ်ဆင့် ပြန်ဆိုပါသည်။ "African Short Stories" စာအုပ်မှ ထုတ်နုတ်ပြန်ဆိုခြင်းဖြစ်ပါသည်။ ယခု မြန်မာဘာသာပြန်မှာ စံပယ်ဖြူ မဂ္ဂဇင်းတွင် ဖော်ပြပါရှိဖူးပါသည်။ ၂၀၀၅ ခုနှစ်က ဖြစ်မည်ဟု ခန့်မှန်းပါသည်။ လကိုတော့ မမှတ်မိတော့ပါ။



အဖေ့ညာဘက်လက်ကို ဆုပ်ကိုင်ထားရင်း၊ အဖေ့ရဲ့ခြေလှမ်းကျဲကြီးတွေကို မီဖို့ပြေးလိုက်ရင်းက ကျွန်တော်ဟာ အဖေ့ဘေးမှာ ထပ်ကြပ်မကွာ ပါနေဆဲပါ။ ကျွန်တော့်အင်္ကျီတွေက အသစ်ကျပ်ချွတ်လေ။ ပီးတော့ အမည်းရောင် ရှူးဖိနပ်နဲ့၊ အစိမ်းရောင်ကျောင်းဝတ်စုံနဲ့၊ အနီရောင် တာဘုရှ်ဦးထုပ်နဲ့ ဆိုပါတော့။ အဝတ်အစားအသစ်တွေနဲ့ မြောက်ကြွကြွကလေးဖြစ်နေတဲ့ ကျွန်တော့်ရဲ့ပျော်ရွှင်မှုကလေးကတော့ တော်တော်နဲ့ ပျောက်မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုရရင် အဲဒီနေ့က ပွဲတော်နေ့ဖြစ်လို့တော့ မဟုတ်ပါဘူး။ ကျွန်တော့်တစ်သက်မှာ ပထမဆုံးအကြိမ် ကျောင်းသွားရတဲ့နေ့ဖြစ်လို့ပါပဲ။

ကျွန်တော်တို့တွေ တရွေ့ရွေ့နဲ့ထွက်သွားတာကို အမေက ပြတင်းပေါက်နားက မတ်တပ်ရပ်ရင်း ငေးကြည့်နေခဲ့တယ်။ ကျွန်တော်ကတော့ အမေ့ဆီက အကူအညီတောင်းတော့မယ့် ပုံစံနဲ့ အမေ့ဘက်ကို ခဏခဏ ပြန်လှည့်မိသေး။ ပန်းခြံလေးတွေနဲ့ အနားသတ်ထားတဲ့ လမ်းမအတိုင်း ကျွန်တော်တို့ လျှောက်လာခဲ့ကြတယ်။ လမ်းရဲ့ တစ်ဖက်တစ်ချက်မှာတော့ သီးနှံတွေ၊ ဆူးထူတဲ့သစ်တော်ပင်တွေ၊ ဒန်းပင်တွေနဲ့ စွံပလွံပင်အနည်းငယ်စိုက်ထားတဲ့ တိုးချဲ့စိုက်ခင်းတွေနဲ့ပေါ့။

ကျွန်တော်က အဖေ့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောချလိုက်ပါတယ်။

“သားကို ဘာဖြစ်လို့ ကျောင်းပို့တာလဲအဖေ၊ သား နောက်ကို အဖေစိတ်ဆင်းရဲအောင် ဘာမှ မလုပ်တော့ပါဘူး”

အဖေက ရယ်လိုက်ပြီးတော့ “သားကို အဖေက အပြစ်ပေးနေတာမဟုတ်ပါဘူးကွာ၊ ကျောင်းဆိုတာ အပြစ်ပေးတဲ့နေရာ မဟုတ်ပါဘူး၊ ကျောင်းဆိုတာ ကလေးဘဝကနေ အသုံးကျတဲ့လူကြီးတွေဖြစ်အောင် လုပ်ပေးတဲ့စက်ရုံတစ်ခုပါ သားရဲ့၊ မင်း ဖေဖေနဲ့ ကိုကိုတို့လို မဖြစ်ချင်ဘူးလား ဟင် ငါ့သား” လို့ ပြောတယ်။

ကျွန်တော်ကတော့ သိပ်ဘဝင်မကျပါဘူး။ နေသားကျနေပြီဖြစ်တဲ့ အိမ်ကနေ ဝေးရာကိုခေါ်သွားပြီး အခုလျှောက်နေတဲ့ လမ်းရဲ့အဆုံးက အလွန်ပဲတင်းကျပ်ချုပ်ချယ်တဲ့၊ အုတ်နံရံမြင့်မြင့်တွေနဲ့ ရဲတိုက်ကြီး လိုမျိုး အဆောက်အဦတစ်ခုဆီကို ပို့လိုက်တာဟာ ကောင်းတာတွေရရှိလိမ့်မယ်လို့တော့ ကျွန်တော် မယုံကြည် ခဲ့တာ အမှန်ပါ။

ကျောင်းပေါက်ဝနားရောက်တဲ့အခါမှာတော့ ကျောင်းဝင်းထဲကိုတောင် မြင်ရပါပြီ။ ကျောင်းဝင်းက ခပ်ကြီးကြီး၊ ကျောင်းသူ ကျောင်းသားတွေနဲ့ ပြည့်ကျပ်ညပ်လို့။

“ဝင်သွားလေ ... သွား၊ မျက်နှာကိုပြုံးပြုံးလေးထား၊ ကိုယ့်ကို သူများစံနမူနာ ယူရပစေ” လို့ အဖေက ပြောပါတယ်။

ကျွန်တော် နည်းနည်းတုံ့ဆိုင်းသွားပြီး သူ့လက်ကို ဆုပ်ထားပါတယ်။ ဒါပေမဲ့ အဖေက ကျွန်တော့်ကို သူ့အနားက တွန်းလွှတ်လိုက်ပါတယ်။

“လူကြီးဖြစ်အောင်ကြိုးစား၊ ဒီနေ့ တကယ့်ဘဝကို သားအစပြုရပြီ၊ ကျောင်းဆင်းချိန်ကျရင် အဖေ သားကို လာစောင့်ကြိုမယ် နော် ... သား”

ကျွန်တော်ကတော့ ရှေ့နည်းနည်းလျှောက်လိုက်၊ ရပ်ပြီးကြည့်လိုက်ပါပဲ။ မျက်စိထဲမှာ ဘာမှမမြင်ရပါဘူး။ နောက်မှ ကောင်လေးတွေ ကောင်မလေးတွေရဲ့ မျက်နှာတွေ မြင်ကွင်းထဲရောက်လာပါတယ်။ လမ်းပျောက်နေတဲ့ လူစိမ်းတစ်ယောက်လို ကျွန်တော် ခံစားရတယ်။ သိချင်စိတ်ပြင်းပြတဲ့ အကြည့်စူးစူးတွေ ကတော့ ကျွန်တော့်ဆီမှာ စုပြုံကျရောက်လို့ပေါ့။ ကောင်လေးတစ်ယောက်က ကျွန်တော့်အနားကပ် လာပြီးမေးတယ်။ “မင်းကို ဘယ်သူလိုက်ပို့လဲ” တဲ့။

“ငါ့အဖေလိုက်ပို့တာပေါ့” လို့ ကျွန်တော်က ခပ်တိုးတိုးပဲပြန်ဖြေလိုက်တယ်။

“ငါ့အဖေကတော့ ဆုံးသွားပြီကွ”

သူက ရိုးရိုးစင်းစင်းပဲ ပြန်ပြောတယ်။

ကျွန်တော် ဘာပြန်ပြောရမှန်း မသိတော့ဘူး။ ပျင်းတွဲတွဲနိုင်တဲ့ တကျွိကျွိမြည်သံတွေနဲ့အတူ ကျောင်းတံခါးကြီးပိတ်သွားတယ်။ ကလေးတချို့ကတော့ မျက်ရည်တွေကျအောင် ငိုယိုလို့ပေါ့။ ခေါင်းလောင်းတီးသံ ကြားရပြီးတဲ့နောက် အမျိုးသမီးတစ်ယောက်က ယောက်ျားကြီးတွေနဲ့အတူ လျှောက်လာတယ်။ လူကြီးတွေက ကျွန်တော်တို့ကို အဆင့်သတ်မှတ်ချက်အလိုက် တန်းစီခိုင်းပါတယ်။ သုံးဘက်သုံးတန်မှာ အထပ်အများကြီးပါတဲ့ အဆောင်အမြင့်ကြီးတွေရဲ့အလယ် မြေကွက်လပ်ထဲမှာ ကျွန်တော်တို့ ရှုပ်ရှုပ်ထွေးထွေးပုံစံတွေနဲ့ အဖွဲ့ငယ်လေးတွေဖွဲ့ပြီး နေရတယ်။ ကျောင်းဆောင်တွေရဲ့ အထပ်တိုင်းမှာ သစ်သားမိုး ဝရန်တာရှည်ကြီးတွေက ကျွန်တော်တို့ကို မိုးကြည့်နေကြတာပေါ့။

“ဒါဟာ မင်းတို့အတွက် အိမ်အသစ်ပဲ။ ဒီမှာလည်း အဖေတွေအမေတွေ ရှိတယ်။ ဒီမှာ အသိပညာနဲ့ ဘာသာတရားအတွက် ပျော်စရာကောင်းပြီး ကျေးဇူးများမယ့်အရာအားလုံးရှိတယ်။ မျက်ရည်တွေ သုတ်လိုက်ကြ၊ ဘဝကို ပျော်ပျော်ကြီးရင်ဆိုင်ကြ” လို့ အမျိုးသမီးကြီးက ပြောပါတယ်။

သတ်မှတ်ချက်တွေကို ကျွန်တော်တို့လိုက်နာကြပါတယ်။ ဒီလိုလိုက်နာတာဟာ ကျေနပ်မှုတစ်မျိုးကိုတော့ အပေးသား။ သက်ရှိတွေ တစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ခင်သွားကြပါတယ်။ ရောက်စအချိန်တွေမှာပဲ သူငယ်ချင်းဖြစ်ရမယ့် ကောင်လေးတွေနဲ့ သူငယ်ချင်းဖြစ်သွားခဲ့သလို ချစ်ရကြိုက်ရမယ့် ကောင်မလေးတွေနဲ့လည်း ချစ်ကြိုက်သွားခဲ့တာပါပဲ။ ဒါကြောင့်လည်း ကျွန်တော့်ရဲ့ ကြိုတင်တွေးတောပူပန်မှုတွေဟာ အခြေအမြစ်မရှိသလို ဖြစ်ခဲ့ရတာပေါ့။ ကျောင်းဆိုတာ ဒီလိုမျိုး အမျိုးအမယ်စုံအရာတွေ ပါကြွယ်ဝလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးမိခဲ့ရိုးအမှန်ပါ။ ကစားနည်းအမျိုးမျိုး ကျွန်တော်တို့ ကစားကြတယ်။ ဘာသာစကားနဲ့လည်း စတင်ထိတွေ့ မိတ်ဆက်ခွင့်ရခဲ့ကြတယ်။ ကမ္ဘာ့တိုက်ကြီးတွေနဲ့ နိုင်ငံတွေပုံပါပြီး လှည့်လို့ရတဲ့ကမ္ဘာလုံးလေးတစ်ခုကိုလည်း တွေ့ခဲ့ကြတယ်။ သင်္ချာဂဏန်းတွေကိုလည်း စတင်သင်ယူရတယ်။ ဒါ့အပြင် ကမ္ဘာလောကကြီးရဲ့ ဖန်ဆင်းရှင်အကြောင်းကို ဖတ်ပြတာလည်း နားထောင်ရတယ်။ ကိုယ်တော်မြတ်ရဲ့ မျက်မှောက်လောကနဲ့ နောင်တမလွန် လောကတွေအကြောင်း ကိုယ်တော်မြတ်ဟောခဲ့တဲ့ တရားနမူနာတွေအကြောင်း နာကြားရတယ်။ ဒီလိုနဲ့ အရသာရှိတဲ့အစားတွေစား၊ ခဏတဖြုတ်အိပ်၊ နိုးလာတော့ တစ်ခါပြန်ပြီး အပေါင်းအသင်းအဖြစ် မိတ်ဖွဲ့တာတွေ၊ ချစ်ရေးကြိုက်ရေးကိစ္စတွေနဲ့ ခရီးဆက်တော့တာပါပဲ။ ကစားလိုက်၊ သင်ယူမှတ်သား လိုက်နဲ့ပေါ့။

လမ်းဟာ ကျွန်တော်တို့အတွက် ထင်ရှားပြတ်သားလာတဲ့အခါကျတော့ ကျွန်တော်တို့အရင်က မှတ်ယူခဲ့သလိုမျိုး လုံးဝချိုမြိန်ပြီး တိမ်ကင်းစင်တဲ့လမ်းရယ်လို့ မတွေ့ခဲ့ရပါဘူး။ ဖုန်တွေကို သယ်ဆောင်လာတဲ့ လေတွေနဲ့ မမျှော်လင့်တဲ့အဖြစ်တွေဟာ ရုတ်တရက်ပေါ်ပေါက်လာကြပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ အသင့်အနေအထားနဲ့ စိတ်ရှည်ရှည်ထားပြီး အမြဲမပြတ် စောင့်ကြည့်ခဲ့ရတာပေါ့။ ဘဝဟာ တကယ်တော့ ကစားမြူးတူးရတဲ့၊ စနောက်ကျီစားရတဲ့ ကိစ္စချည်းပဲ မဟုတ်ပါဘူး။ ပိုင်ဆိုင်မှုဆိုတာ နာကျင်မှုနဲ့ အမုန်းတရားတွေကို ဖြစ်ချင်ဖြစ်စေမယ်။ ဒါမှမဟုတ် ခိုက်ရန်ဒေါသဆီကိုလည်း ဆွဲခေါ်ချင်ခေါ်သွားနိုင်ပါတယ်။ တစ်ခါတလေ အမျိုးသမီးကြီး ပြုံးရွှင်နေစဉ်မှာကိုပဲ သူဟာ မကြာခဏဆိုသလို ကျွန်တော်တို့ကို စိတ်ဆိုးတဲ့မျက်နှာနဲ့ကြည့်ပြီး အော်ငေါက်ကြိမ်းမောင်း တတ်ပါသေးတယ်။ ဒါနဲ့တင်မကျေနပ်သေးလို့ သူဟာ ကိုယ်ခန္ဓာနာကျင်စေမယ့် ဒဏ်ပေးတာမျိုးတွေပါ လုပ်ခိုင်းပါသေးတယ်။

ဒါတွေနဲ့ မပြီးသေးပါဘူး။ မိမိစိတ် ပြောင်းလဲရမယ့်အချိန်ဟာ လွန်မြောက်ကုန်ဆုံးသွားပြီး ကိုယ့်အိမ်ဂေဟာဆီ ကိုယ်ပြန်ဖို့ တောင်းဆိုမှုတွေ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ရှေ့မှာ အားထုတ်မှု၊ ရုန်းကန်မှုနဲ့ ဇွဲနပဲကလွဲလို့ ဘာမှမရှိတဲ့ အနေအထားပါ။ စွမ်းနိုင်တဲ့လူတွေကတော့ စိုးရိမ်သောကတွေ ကြားထဲက အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကို ကိုယ့်ဟာကိုယ် ရှာဖွေယူကြပါတယ်။

တစ်နေ ကုန်သွားပြီ။ အလုပ်တွေပြီးပြီဆိုတာ အချက်ပေးတဲ့အနေနဲ့ ခေါင်းလောင်းသံထွက်ပေါ်လာပါတယ်။ ကျောင်းသားအုပ်ကြီးဟာ ပြန်ဖွင့်ပေးလိုက်တဲ့ ကျောင်းဝင်းအပေါက်ဝဆီကို အပြေးအလွှား သွားကြတော့တာပါပဲ။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ၊ ချစ်သူမိန်းကလေးတွေကို နှုတ်ဆက်ခဲ့ပြီး ဂိတ်ဝကို ဖြတ်လာခဲ့မိပါတယ်။ ကျွန်တော် ဟိုဟိုဒီဒီ လိုက်ကြည့်တယ်။ ဒါပေမဲ့ လာကြိုမယ်လို့ ကတိပေးထားတဲ့ အဖေ့ကိုတော့ အရိပ်အယောင်မျှတောင် မတွေ့ရပါဘူး။ ကျွန်တော် ဘေးနားဆင်းကပ်ပြီး စောင့်နေမိတယ်။ ကျွန်တော် အကြာကြီးစောင့်တယ်။ ဘာမှ မထူးဘူး။ ကိုယ့်ဟာကိုယ်ပဲ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခြေလှမ်းနည်းနည်းလောက် လှမ်းပြီးတဲ့အခါ သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ဖြတ်လျှောက်သွားတာ မြင်လိုက်ပါတယ်။ ဒီလူ့ကို ကျွန်တော် သိမှန်း သတိရလိုက်တယ်။ သူက ပြုံးပြီး ကျွန်တော့်ဆီလာတယ်။ ပြီးတော့ လက်ဆွဲနှုတ်ဆက်တယ်။ ပါးစပ်ကလည်း “မတွေ့တာကြာပြီ နေကောင်းလား” တဲ့လေ။

ကျွန်တော်လည်း ခေါင်းတစ်ချက်ညိတ်ပြီး ပြန်ဖြေလိုက်ရင်း “ခင်ဗျားရော နေကောင်းရဲ့လား”လို့ ပြန်မေးလိုက်မိတယ်။ “မြင်တဲ့အတိုင်းပဲလေ။ ကောင်းလှတယ်တော့ မဟုတ်ဘူး ပေါ့ကွာ” လို့ သူက ပြန်ပြောပါတယ်။

သူက ကျွန်တော့်ကို နောက်တစ်ခါ ထပ်လက်ဆွဲနှုတ်ဆက်ပြီးတော့ ထွက်ခွာသွားပါတယ်။ ကျွန်တော်လည်း ရှေ့ကို နည်းနည်းဆက်လျှောက်လာတော့ ထိတ်လန့်လွန်းလို့ ခဏရပ်လိုက်ရတယ်။ မြတ်စွာဘုရား ... ပန်းခြံတွေနဲ့ အနားသတ်ထားတဲ့လမ်းမကြီး မရှိတော့ပါလား။ ဘယ်ကိုများ ပျောက်ကွယ်သွားပါလိမ့်။ ဒီ ယာဉ်ရထားတွေက ဘယ်က ဘယ်လို ဒီပေါ်ရောက်လာပါလိမ့်။ ပြီးတော့ ဒီလူအုပ်ကြီးက ဘယ်အချိန်ကများ လမ်းမထက်မှာ ရောက်လို့နေပါလိမ့်။ ဒီ အမှိုက်ပုံကြီးတွေကရော ... လမ်းမဘေးမှာ ဘယ်ကဘယ်လို ... ဘေးတစ်ဖက်တစ်ချက်က ကွင်းပြင်တွေရော ... ဘယ်မှာလဲ။ တိုက်မြင့်မြင့်ကြီးတွေက နေရာယူထား လိုက်ကြပြီ။ ကလေးတွေ၊ ဆူညံသံတွေနဲ့ လှိုင်းထန်နေတဲ့ လမ်းမဟာ လေထုကို လှုပ်ခါနေလေရဲ့။ (လမ်း)ထောင့်တိုင်းထောင့်တိုင်းမှာ ရပ်နေတာကတော့ မျက်လှည့်ပြနေတဲ့၊ မြွေကို ပချုပ်ထဲကနေ ဆွဲထုတ်ပြနေတဲ့ အလမ္ပာယ်ဆရာ၊ မျက်လှည့်ဆရာတွေပဲပေါ့။ အဲဒီနောက်မှာတော့ ဆပ်ကပ်ပွဲတစ်ခုရဲ့ အဖွင့်တေးသွားကို တီးမှုတ်နေတဲ့ တီးဝိုင်းတစ်ခု။ လူရွှင်တော်တွေ၊ အလေးမသမားတွေက ရှေ့မှာ လမ်းလျှောက်လို့။ အဲဒီလိုဖြစ်နေတုန်း ဗဟိုလုံခြုံရေးတပ်သားတွေကို တင်ဆောင်လာတဲ့ ထရပ်ကားတစ်တန်းက ဣန္ဒြေရရနဲ့ မောင်းနှင်လာတယ်။ လေးတွဲ့တွဲ့ဥဩဆွဲသံနဲ့အတူ မီးသတ်ကားတစ်စင်းပေါ်လာ ... ရှေ့ကပိတ်နေတဲ့ လမ်းကို ဘယ်လိုရှင်းပြီး မီးလောင်ရာကို ဘယ်လိုသွားမလဲ သိပ်မသဲကွဲ ... တက္ကစီယာဉ်မောင်းနဲ့ သူ့ခရီးသည်ကြားက ပြင်းထန်တဲ့အချင်းများပွဲ တစ်ခု ... ခရီးသည်ရဲ့မိန်းမက အော်ဟစ်အကူအညီ တောင်းပေမယ့် ဘယ်သူမှရောက်မလာ ... အို လာခြင်းကောင်းသော အရှင် ကျွန်တော့်ခေါင်းတွေ မူးလာပါရောလား။ ခေါင်းတွေချာချာလည်လို့။ ရူးသွားမတတ်ပါပဲ။ မနက်ခင်းနဲ့ ညနေစောင်း ကြားက တစ်နေ့တာအတွင်း ဒါတွေ ဘယ်လိုဖြစ်သွားပါလိမ့်။ အိမ်ရောက်လို့ အဖေနဲ့ကျမှ သိရတော့မှာပဲ။ ဒါပေမယ့် ဘယ်မှာလဲ ကျွန်တော့်အိမ်။ ကျွန်တော် မြင်နေရသမျှကတော့ တိုက်အမြင့်ကြီးတွေနဲ့ လူအုပ်ကြီးတွေ။ ပန်းခြံတွေနဲ့ အဘူခိုဒါလမ်းမကြီးကြားက လမ်းဆုံကို ကျွန်တော် ခပ်သုတ်သုတ်လျှောက်သွားလိုက်တယ်။ အိမ်ကိုရောက်ဖို့ဆိုရင် အဘူခိုဒါ လမ်းမကို ဖတ်ရမယ်။ ဒါပေမဲ့ ရှည်လျားလှတဲ့ ကားတန်းကြီးက ဖြတ်စရာတစ်နေရာတောင် မကျန်။ လိပ်တစ်ကောင်လို ရွေ့လျားနေတဲ့ မီးသတ်ကားဥဩသံဟာ မိုင်ကုန်ဆွဲငင်နေလေရဲ့။ “လောင်နေတဲ့မီးဟာ ဒီလောက်နဲ့ပဲ ရပ်ပါစေတော့” လို့ ကျွန်တော် တစ်ကိုယ်တည်း ရွတ်ဆိုမိလိုက်ပါတယ်။

အလွန်တရာ စိတ်ညစ်ညူးစွာနဲ့ ဘယ်တော့လမ်းဖြတ်ကူးရပါ့မလဲလို့ ကျွန်တော် စောင့်နေမိပါတယ်။ ရပ်လို့ အတော်ကြီးကြာတော့ လမ်းထောင့်နား ပင်မင်းဆိုင်က အလုပ်သမားလေးတစ်ယောက် ကျွန်တော့်ဆီ လာပါတယ်။ သူက သူ့လက်ကိုဆန့်ပြီး ကျွန်တော့်ကို ရည်ရည်မွန်မွန်ပဲ ပြောပါတယ်။

“အဘိုး လမ်းကူးမလို့လား ကျွန်တော် လိုက်ပို့ပေးမယ်လေ” တဲ့။

Comments

  1. ရန်ကုန်ပြန်ရောက်တုန်း ၊ မူကြိုကျောင်း နဲ့ အလုံ အ.ထ.က (၄) ရယ်၊ ငယ်ငယ်တုန်းကနေခဲ့တဲ့ အိမ် ကလေး အရှေ့ မှာ မတ်တပ်ရပ်ပြီး ငယ်ငယ်တုန်းက ဖြစ်ရပ်တွေကို ပြန်စဉ်းစား ခဲ့ပြီး အခုလောလောဆယ် မြင်ကွင်းတွေ က ဘာသာပြန်ထဲက အဘိုးလိုဘဲ မူးနောက်သွားစေခဲ့ တယ်။ ကိုယ့်အတွက် တကယ့် အမှတ်တရ ၀ထ္ထုလေးတစ်ပုဒ် ပေါ့။ ကျေးဇူးကမ္ဘာ ပါဘဲ ဆရာ။

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...