Skip to main content
ကျွန်တော်ချစ်သော မချစ်သော မဟာရန်ကုန်
မီးရထားသည် ရန်ကုန်နှင့်နီးကပ်လာသောအခါ ကျွန်တော့စိတ်များ လှုပ်ရှားလာမိသည်။ မတွေ့ရတာကြာသည့် မြင်ကွင်းများကို ပြန်မြင်ရတော့မည်၊ မမြင်ရတာကြာသည့် မျက်နှာများကို ပြန်တွေ့ရတော့မည် ဆိုသည့်အသိသည် ကျွန်တော့ကို အထူးတလည် ရင်ခုန်သံမြန်စေပါသည်။ အလုပ်တာဝန်အရ ကျွန်တော်သည် ပျဉ်းမနားတွင် သုံးလနီးပါးမျှကြာအောင် သွားနေခဲ့ရသည်။ ရန်ကုန်နှင့် သည်လောက်ကြာအောင် တစ်ခါမျှ မခွဲစဖူး။
ပျဉ်းမနားတွင် နေစဉ်က ရန်ကုန်ကို သတိရသည့်အခါလည်း ရှိသည်။ မရသည့် အခါလည်းရှိသည်။  လူမှန်း မသိခင်တည်းက နေလာခဲ့သည့် ရန်ကုန်သည် ကျွန်တော့်အချစ်ဆုံးမြို့တော့ဖြင့် မဟုတ်လှပါ။ သို့ပါသော်လည်း တကယ်တမ်း ရန်ကုန်နှင့်နီးလာပြီဟေ့ ဆိုသောအခါ  ကျွန်တော်သည် ထိုင်ခုံမှာ ဖင်ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ တွဲပေါက်နားသွား၍ မြင်ကွင်းထဲဝင်လာတော့မည့် စုလစ်မွန်းချွန်များနှင့် ရန်ကုန်ဘူတာကြီး၊ မိုးယံသို့ ထိုးထောင်ထွက်နေသည့် ကုန်သည်ကြီးများ ဟိုတယ်နှင့် ဆာကူရာတာဝါတို့  ရှိရာဘက်ဆီသို့သာ လည်ကိုဆန့်၍ မျှော်ငေးနေမိပါသည်။
ခရီးသွားများ ဖြစ်လေ့ဖြစ်ထရှိသည့် အတိုင်း ရထားထွက်လာကာစက ပျဉ်းမနားအကြောင်းကို ပိုပြီး တွေး ဖြစ်ခဲ့သည်။ သာမန်မြို့ငယ်လေးဘဝမှ နိုင်ငံ၏အုပ်ချုပ်ရေးမြို့တော်ဖြစ်လာပြီး တစ်မုဟုတ်ချင်း စည်ကားလာသည့် ပျဉ်းမနား၊ မျှစ်ချဉ်ပေါသည့်ပျဉ်းမနား၊ အင်္ဂလိပ်တို့ မြန်မာပြည်ကိုသိမ်းစဉ်က ကွက်ချန်ခဲ့ရအောင် နယ်မြေကြမ်းလွန်း၍ “နင်းကြမ်း၊ နယ်ကျန်” ဟုပင် ခေါ်ဆိုရ သည့်ပျဉ်းမနား၊ ထိုပျဉ်းမနားတွင် နေခဲ့ရသော နေ့ရက်များသည်  ရန်ကုန်နှင့်နီးကပ်လာလေ ပိုမိုေ၀ဝါး လာလေဖြစ်ကာ မကြာခင် ရောက်ရှိ တော့မည့် ရန်ကုန်သည်သာ ကျွန်တော့် အာရုံကိုစိုးမိုးလျက် ရှိပါသည်။
ပြည့်ကျပ်ညပ်နေသည့် မြို့လယ်မှ တိုက်တာများ၊ လူများ၊ လမ်းဘေး ဈေးဆိုင်များနှင့် ပြည့်ညပ်နေသည့် ပလက်ဖောင်းများ၊ ခရီးသည်များနှင့် ပြည့်ကြပ်နေသည့် ဘတ်စ်ကားများနှင့် ရိုင်းပျသည့် စပယ်ယာများကို တွေးမိသည်နှင့် ရင်ထဲတွင် မွန်းကြပ်လာပါသည်။ ရန်ကုန်သို့ တကယ်မရောက်သေး။ အတွေးနှင့်တင် မွန်းကြပ်နေလေပြီ။ ထို့ကြောင့် ကျွန်တော်လည်း မွန်းကြပ်မှုများမှဝေးရာနေရာတစ်ခုဆီ အာရုံပြုလိုက်ပါသည်။
ရွှေတိဂုံစေတီ တော် ...
ရွှေတိဂုံသည် ကျွန်တော့အိမ်မှ ၁၅ မိနစ် လမ်းလျှောက်ရုံနှင့် ရောက်နိုင်ပါသည်။ ခြေဆန့် လက်ဆန့်စရာ မရှိသော ရန်ကုန်မြို့၏ အိမ်ခန်းကျဉ်းကျဉ်းထဲ နေရသူအဖို့ ငယ်စဉ်ကမူ လွတ်လွတ်လပ်လပ် ပြေးသွား၍ရခြင်း၊ အသက်၀၀ ရှူနိုင်ခြင်းတို့ကြောင့် ရွှေတိဂုံသည် လွတ်လပ်မှု၏ ပြယုဂ်တစ်ခု ဖြစ်ခဲ့ ပါသည်။
ကြီးပြင်းလာသောအခါတွင်မူ ဘုရားရင်ပြင်သည် ရုပ်လွတ်လပ်မှုထက် စိတ်လွတ်လပ်မှုနှင့် ပို၍သက်ဆိုင်လာခဲ့သည်။  စိတ်ညစ်ရသည့်အခါ၊ စိတ်မွန်းကြပ်သည့်အခါများတွင် ရွှေတိဂုံ၏ညချမ်းများသည် ကျွန်တော့အသည်းစွဲ ဖြစ်လာခဲ့သည်။ ရွှေတိဂုံသည် ကျွန်တော့်အတွက် စိတ်ထွက်ပေါက်အသွင် ပိုဆန်လာသည်။ ထီးတော်မှလာသည့် ဆည်းလည်းလှုပ်သံများ၊ ခေါင်းလောင်း ထိုးသံများသည် ကျွန်တော့ရင်ထဲမှ အရှုပ်အထွေးများကို ပြယ်လွင့်စေသည်ဟု ခံစားရသည်။ ဘုရားမှ အိမ်ကိုပြန်လာတိုင်းလည်း ကျွန်တော့်စိတ်သည် လွတ်လပ်ပေါ့ပါး၍သာနေတတ်ပါသည်။
ရွှေတိဂုံဘုရားကို ဖူးပြီးသောအခါ စိတ်သည် လွတ်လပ်သည့်အခြား နေရာ တစ်ခုဆီ ထပ်သွားပြန်သည်။ အရှေ့က ရေပြာပြာနှင့်၊ အဝေးကပုစွန်ဆီ ရောင်ကောင်းကင်နှင့်၊ ခပ်လှမ်းလှမ်းက အကြော်ဆိုင်များနှင့်၊ တာပေါင်ရိုးက အတွဲများနှင့် အင်းလျားကန်စောင်း။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား ဘဝက မကြာခဏ ရောက်ဖြစ်သော နေရာတစ်ခု။ ဝတ္ထုများ၊ ကဗျာများ၊ သီချင်းများထဲတွင် မကြာခဏ ထည့်သွင်းဖော်ပြဖူးပြီမို့ သူ့ အကြောင်းကိုတော့ အထူးတလည် မပြောလိုတော့ပါ။ ငြိမ်သက်နေသော ကန်ရေပြင်ကိုကြည့်တိုင်း လှိုင်းထန်နေသော ကျွန်တော့ရင်သည် ငြိမ်သက်သွားတတ်တာကိုတော့ ယခုထက်တိုင် မှတ်မိနေဆဲ။
လွတ်လပ်သည့်နေရာများပြီးသောအခါ ရှုပ်ထွေးမှုများရှိရာမြို့လယ်ကောင်မှ အိုအေစစ်လေးတစ်ခုကို  အာရုံပြုမိပြန်ပါသည်။ ယင်းက စာအုပ်အဟောင်းပုံများကြားတွင် ကျွန်တော် တစ်နာရီ၊ နှစ်နာရီကြာအောင် အချိန်ဖြုန်းတတ်သော ပန်းဆိုးတန်းစာအုပ်တန်း။ ထို စာအုပ်တန်းတွင် ကျွန်တော်သည် တော်စတွိုင်း၏ နာတာရှာနှင့်လည်း တွေ့ခဲ့ဖူး၏။ မာဂရက်မီရှယ်၏ စကားလက်နှင့်လည်း စကားပြောခဲ့ဖူး၏။ ဆရာသိန်းဖေမြင့်၏ ကိုတင်ထွန်းနှင့် မမြမှီတို့နှင့်လည်း မိတ်ဖွဲ့ခဲ့ဖူး၏။ သို့သော် သည်လိုတွေ့ဆုံသိကျွမ်းရဖို့ လွယ်ကူ သည်တော့မဟုတ်။ အရင်ဆုံး စာအုပ်သည်ကို ဈေးဆစ်ရမည်။ သူက ဈေးကိုင်မည်။ ကိုယ်က လှည့်ထွက်မည်။ သူက နောက်က လိုက်ခေါ်မည်။ ဒီလိုမျိုး သူတို့အထာကိုသိနေမှလည်း ကိုယ်လိုချင်သည့် စာအုပ်ကို ဈေးမှန်မှန်နှင့် ရမည်ဖြစ်သည်။
ပန်းဆိုးတန်းမှသည် မုန့်ဆိုင်များနှင့် ပြည့်နေသည့် မဟာဗန္ဓုလ လမ်းမထက်သို့ ချိုးကွေ့လိုက်ပါသည်။ ထိုလမ်းမထက်တွင် ကျွန်တော်သည် ဝက်သားတုတ်ထိုး၊ ကော်ပြန့်စိမ်း၊ စမူဆာသုပ်၊ ဘယာကြော်သုပ် စသည့် ကုလားစာ၊ ရှမ်းစာ၊ တရုတ်စာများကို စိတ်ကူးထဲ တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်စားသည်။ လမ်းတွင်ဖြတ်သွားသည့် အသိတစ်ယောက်နှင့်ဆုံချင်ဆုံနိုင်သည်။ ဆုံရင်တော့ လမ်းဘေး ပလက်ဖောင်းပေါ်မှ လက်ဘက်ရည် ဆိုင်တစ်ခုတွင် ထိုင်ပြီး စကားစမြည် ပြောမည်။ ရေနွေးကြမ်း နှစ်အိုး၊ သုံးအိုး ကုန်အောင် ပြောပြီးမှထမည်ဟု တွေးကြည့်နေမိသည်။
ထို့နောက် ကျွန်တော်သည် တရုတ်တန်းဘက်ခြေဦးလှည့်ပြန်သည်။  တရုတ်တန်း တဝိုက်တွင် အွန်စော တို့ ဂျွန်စောတို့ကို တမေ့တမောလိုက်လံ ငေးမောကြည့်ရင်း ကတ်ကြေးကိုက်တို့ ဘာတို့စားပြီး ဝိုင်ကေကေအိုမှာ ကြေးအိုးဝင် သောက်လိုက်သေးသည်။ ၁၉ လမ်းကိုတော့ မဝင်ချင်တော့ပါ။ အပေါင်းအသင်း များနှင့်ဆုံနေလျှင် ညဉ့်နက်သန်းခေါင် တိုင်သွားနိုင်၍ ဖြစ်ပါသည်။ ပြီးရင်တော့ ကမ်းနားဘက်သွားပြီး လေညင်းခံရင်း လမ်းလျှောက်ချင်ပါ သေးသည်။ ရွှံရောင်ပေါက်နေသည့် မြစ် ရေပြင်ထက်မှ သင်္ဘောများ၊ ကူးတို့လှေများကို ကြည့်ပြီးရင်တော့  ဟိုမှာဘက်ကမ်းကိုမကြည့်မိအောင် ကိုယ့်မျက်လုံးကိုယ် သတိထားရပါလိမ့်မည်။
စိတ်ကူးနှင့်လျှောက်သွားနေတာနှင့် အချိန်အတော်လင့်နေပြီဖြစ်ပါသည်။ ထပ်နေလို့မဖြစ်တော့ပါ။ ဒီထက် မှောင်လာလျှင် ရန်ကုန်၏ လမ်းမများထက် တဖွဲဖွဲကြွေကျနေသည့် ပန်းပွင့်များပေါ် နင်းမိမည် စိုး၍ဖြစ်ပါသည်။ ဆူးလေ ဘုရားနားပြန်လာပြီး မီရာဘတ်စ်ကား ပေါ်တက်သည်။ ၅၀ တန်တစ်ရွက်ထုတ်ပြီး မျက်နှာရှစ်ခေါက်ချိုးနှင့် လက်မှတ်ရောင်းကိုပေးလိုက်သည်။ ပြီးရင်တော့ ဟိုး လှိုင်သာယာ၊ ရွှေပြည်သာပြန်ကြမည့် လူတွေထံမှလာသည့် ချွေးနံ့ တလှိုင်လှိုင်ကြား အသက်မဝတ၀ရှူရင်း ဆန်ကောထဲရောက် ဆီးဖြူသီးလို ဟိုယိမ်းသည်ယိမ်းနှင့် လိုက်ပါရဦးမည်။ မှတ်တိုင်ရောက်ရင်တော့ ကိုယ်ခန္ဓာ ပြားချပ်သွားမတတ် အညှပ်ခံထားရသည့် လူအုပ်ထဲမှလွတ်အောင် မနည်းတိုးထွက်ရင်း မှတ်တိုင်မှာခဏ ထိုင်အမောဖြေရပါဦးမည်။ သည်လိုနှင့် ရန်ကုန်အကြောင်း စိတ်ကူးသည် အဆုံးသို့ ရောက်ပါသည်။
ဇာတ်ပေါင်းတော့ ရန်ကုန်သည် ပျော်စရာကောင်းသလို စိတ်ညစ်စရာလည်း ကောင်း၏။ စွဲမက်ဖွယ် ကောင်းသလို စိတ်ကုန်စရာလည်း ကောင်း၏။ မျှော်လင့်ချက်ကြီးသူ တို့အတွက် တက်လမ်းဖြစ်သလို ပျက်စီးချင်သူတို့ အတွက် ချောက်ကမ်းပါးလည်းဖြစ်၏။ မြို့သူမြို့သားတို့၏မျက်နှာထက်တွင် စိုးရိမ်သောက၊ ဗျာပါဒများ ဖိစီးနေတတ်၏။ အေးအေးဆေးဆေးရှိခဲ၏။ ဟန်များ၏။ အိမ်နီးနားချင်းပေမယ့်လည်း အချင်းချင်း အခေါ် အပြောလုပ်ခဲလှ၏။
မွန်းကြပ်မှု၊ သူစိမ်းဆန်မှု များကြောင့် ကျွန်တော်သည် အချိန်ရှိသရွေ့ ရန်ကုန်နှင့်ဝေးရာသို့ ပြေးသွားချင်နေမိသည်။ သူနှင့် ဆန့်ကျင်ဘက်ရှိရာ နေရာများသို့ ရောက်တိုင်းလည်း ကျွန်တော်သည် သူ့ကို မေ့နေတတ်သည်။ သို့သော် ထူးဆန်းသည်မှာ ယခု သူနှင့်မခွဲစဖူး ကြာကြာခွဲပြီး၍ ပြန်လာရသည့်အခါ စိတ်လှုပ်ရှားနေမိခြင်း ဖြစ်ပါသည်။
ရထားသည် ဥသြဆွဲ၍ ရန်ကုန်ဘူ တာကြီးထဲသို့ ထိုးဝင်လိုက်၏။ ကျွန်တော်လည်း မတွေ့ရတာကြာသည့်  အရာများအားလုံးကို အားပါးတရ ကြည့်နေမိသည်။ စိတ်ထဲတွင် သိနေမိသည့် အရာတစ်ခုတော့ရှိသည်။ အချိန်တစ်ခုသို့ရောက်၍ ရန်ကုန်နှင့် အသားပြန်ကျသွားလျှင် ကျွန်တော်သည် သူနှင့်ဝေးရာသို့ ပြန်ပြေးသွားချင် နေလိမ့်ဦးမည် ဟူ၍ဖြစ်ပါသည်။
မြန်မာတိုင်း(မ်)ဂျာနယ်၊ အမှတ် ၃၀၇။ ၂၀၀၇ ခုနှစ် ဧပြီလ။
Comments
  1. ကိုဘုန်းက တစ်ပုဒ်ရေး တစ်ပုဒ်စံချိန်မီ ကောင်းလွန်းတာ တွေ့ရတယ်၊ အားကျလှပါတယ်။
    ရန်ကုန်သား ကျွန်တော်ကတော့ မန္တလေးကိုမှ ပိုချစ်မိနေတယ်၊ ဖြစ်နိုင်ချေရှိတာကတော့ ယူထားတဲ့မိန်းမထက် တခြားမိန်းမ ပိုလှသလိုဖြစ်နေတာပါပဲ။
    အခုတော့ ကိုဘုန်းကြောင့် ပေါင်းတာကြာလို့ ဟောင်းနေပေမဲ့ ကိုယ့်မိန်းမကို ပြန်တန်ဖိုးထားချင်မိလာတယ်၊ ကျေးဇူးပါ။
    အော်...ပန်းတွေက ညဘက်မှ ကြွေသတဲ့လားဗျာ..အင်း..မနင်းသွားတာကိုပဲ ကျေးဇူးတင်ရမဲ့အပေါက်မျိုးကိုးဗျ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
    ReplyDelete
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း
အဖတ်အများဆုံး
အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း
 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...
မင်္ဂလာဦးည
သတို့သမီးသည် အိပ်ခန်းပြတင်းပေါက်နှင့်ယှဉ်ပြီးချထားသည့် ကုလားထိုင်ပေါ်တွင် စိတ်လွတ်လက်လွတ် ထိုင်ချလိုက်ရင်း လေသာပြတင်းတံခါးဘောင်ပေါ် လက်ကိုတင်ထားလိုက်သည်။ ယနေ့မှတော်ရသည့် ခင်ပွန်းအသစ်စက်စက်ကလေး ပြန်လာမည့်အရပ်ဘက် သူ့မျက်လုံးများက ငေးငေးရီရီ။ အိမ်အပေါ်ထပ်ရှိ သူတို့၏စက်ရာခန်းသည် အိမ်အပြင် လမ်းဘက်ခြမ်းကို မျက်နှာမူပြီး ဖွဲ့ထားသဖြင့် အိမ်ရှေ့က လမ်းသွားလမ်းလာများကို မြင်နေရသည်။ အခန်းမီးကိုမှိတ်ထား၍ရလောက်အောင် လဆန်းရက်၏ ထွန်းလင်းသော လရောင်ကလည်း အခန်းတွင်းသို့ ဖြာကျလျက်ရှိသည်။ မင်္ဂလာသတို့သမီးဝတ်စုံကြီးနှင့် တစ်နေ့ခင်းလုံးစိတ်အိုက်ခဲ့ရသည့် သတို့သမီးသည် ယခုမှအသက်ဝဝ ရှူနိုင်တော့သည်။ သူတို့သည် မင်္ဂလာပွဲမတိုင်မီ လနှင့်ချီ၍ ဒီပွဲအတွက်ကြိုတင်ပြင်ဆင်ရင်း စိတ်မောခဲ့ရသည်။ ခန်းမကိစ္စ၊ အကျွေးအမွေးကိစ္စ၊ ဖိတ်စာကိစ္စ၊ ဝတ်စုံကိစ္စ၊ ဟိုကိစ္စ၊ သည်ကိစ္စ... ကိစ္စပေါင်းစုံနှင့် လုံးချာလည်လိုက်ခဲ့ရသည်မှာ ‘တစ်သက်မှာ တစ်မင်္ဂလာ’ ဟုဆိုကြသည့် ယနေ့လိုပွဲအတွက် ကြိုတင်စိတ်ကူးယဉ် ကြည်နူးခွင့်ပင် သိပ်မရခဲ့ချေ။ ဒါပေမဲ့လည်း ပင်ပန်းရသည်နှင့်တန်အောင်ပင် မင်္ဂလာပွဲသည် ခမ်းခမ်းနားနား စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နှင့် ပြ...
နှလုံးသားကိုစတေးတန်စတေးရသည်
စေ့စပ်ပွဲကျင်းပရန် ရက်ပိုင်းမျှသာအလိုကျမှ ကျွန်တော့အစ်မဝမ်းကွဲတစ်ယောက်သည် သူနှင့်သူ့ချစ်သူတို့ ဘာသာမတူမှန်း မိဘများအား ဖွင့်ပြောလိုက်ပါသည်။ လူကြီးများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ စေ့စပ်ပွဲကလည်း မနက်ဖြန်သန်ဘက်။ ဘာမှမတတ်နိုင်တော့။ စေ့စပ်ပွဲပြီးဆုံးသွားသော်လည်း သူ့မိဘ နှစ်ပါးမှာ အောင့်သက်သက်ဖြစ်ကျန်ခဲ့သည်ဟု ပြန်ကြားရပါသည်။  ကျွန်တော့အစ်မလုပ်ပုံသည် လူကြီးများကို တစ်ခါတည်း ချည်ပြီးတုပ်ပြီး လုပ်သည့်ပုံစံ ဖြစ်နေပါသည်။ သို့သော်လည်း ငယ်စဉ်ကတည်းက ချစ်ကြောက်ရိုသေခဲ့ရသည့်ဖခင်ကို ကြောက်သည့်စိတ်ကတစ်ဘက်၊ ချစ်သူနှင့် ဝေးရမည်ကို စိုးရွံ့သည့်စိတ်က တစ်ဘက်နှင့်မို့ ယခုလို စွန့်စားပြီးလုပ်လိုက်ရသည်ဟု ကျွန်တော်ကတော့ နားလည်ပေးလိုက်ပါသည်။
၂၀၂၀ ရွေးကောက်ပွဲအကြိုနေ့က ရေးတဲ့စာ
မနက်ဖြန် ရွေးကောက်ပွဲကျင်းပတော့မယ်။ ၂၀၀၈ ကို ကြက်ခြေခတ်ခဲ့၊ ၂၀၁၀ မှာ သပိတ်မှောက်ခဲ့၊ ၂၀၁၅ မှာ တက်ကြွစွာမဲပေးခဲ့သူ တစ်ယောက်အနေနဲ့ ၂၀၂၀ မှာ ရင်ခုန်စိတ်လှုပ်ရှားမှု မရှိဘူးဖြစ်နေတယ်။  ရလဒ်ကို ကြိုသိနေလို့လည်း ဖြစ်နိုင်သလို နိုင်ငံရေးကိုပိုသိလာလို့လည်း ဖြစ်နိုင်တယ်။ အစိုးရတွေ ပါတီတွေဆိုတာ လူတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လူ့သဘောအတိုင်း အာဏာရလာရင် ဖောက်ပြန်တာတွေလည်း ရှိမှာပဲ။ အာဏာနိုင်ငံရေးရဲ့သဘောအတိုင်း တစ်ချိန်က ဆန့်ကျင်ခဲ့သူတွေနဲ့ ပလဲနံပသင့် ပုလင်းတူဘူးဆို့ လုပ်ရတဲ့ အကွက်တွေလည်း ရှိလာနိုင်သလို မြန်မာနိုင်ငံအနေအထားနဲ့ဆို သိပ် ရန်-ငါ စည်းပြတ်လို့ မရတာတွေကိုလည်း မြင်နေရဦးမှာဆိုတာကို လက်ခံလိုက်လို့လည်း ဖြစ်နိုင်ပါတယ်။  နောက်တစ်ခုက ဒီမိုကရက်တစ်ပါတီတွေထဲက ဘယ်ပါတီပဲ နိုင်နိုင် ဘာမှကြီးကျယ်တဲ့ transformation ကြီးတစ်ခု ဖြစ်မလာနိုင်(သေး)ဘူးဆိုတာ သိနေလို့လည်း ဖြစ်နိုင်တယ်။  ထားပါ။ အဓိကအချက်က ဒါမဟုတ်ပါဘူး။ အဓိကတွေးနေတာက ၂၀၀၈ ကိုဘယ်လိုပြင်/သစ်မလဲ၊ စစ်တပ်ကို စစ်တန်းလျား ဘယ်လိုပြန်ပို့မလဲ မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော် လမ်းကြောင်းကနေ ခြေဥပြင်ရေး မဖြစ်နိုင်သလောက်ပဲ ဆိုပေမဲ့ ဘယ်လောက် ဖြစ...
နိုင်ငံသားဖြစ်မှုနှင့် မြန်မာနိုင်ငံ
“လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။” “ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ။” ဒါကတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်အမှတ် (၁၅) မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီစာကြောင်းကိုကြည့်ရင် ခြွင်းချက်တစ်ခုတလေမပါဘဲ အကြွင်းမဲ့သဘော၊ ရာနှုန်းပြည့် ပြောထားတာဖြစ်ပြီး “လူတိုင်း” ဟာ သူ့မှာစိတ်ဆန္ဒရှိခဲ့မယ်ဆိုရင် မည်သည့်နိုင်ငံမှာမဆို နိုင်ငံသားအဖြစ်သူ့ကိုပေးပါလို့ တောင်းဆိုနိုင်သလို သူတောင်းဆိုတာကိုခံရတဲ့နိုင်ငံကလည်း သူ့ကို အဲဒီအခွင့်အရေးပေးရမယ့်တာဝန်ရှိတယ်လို့ ဒီကြေညာချက်ကို ကြည့်ပြီး အဓိပ္ပာယ်ဖွင့်နိုင်တယ်။ ဒါပေမဲ့ ဒီကနေ့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ ဒီကြေညာချက်မှာပါတဲ့အတိုင်း တသဝေမတိမ်းလိုက်နာကြသလားဆိုတော့ မလိုက်နာကြပါဘူး။ အကြောင်းကတော့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာဆိုတာရှိပြီး အဲဒီ နိုင်ငံဟာ သူ့နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာအရည်အချင်းသတ်မှတ်ချက်တွေကို သူ့စိတ်ကြိုက်သတ်မှတ်လို့ပဲဖြစ်ပါတယ်။ ၁၇ ရာစုမှာ ချုပ်...