နှစ်သစ်တွင် ... အရှေ့ဂေါယာ ပြူထွက်လာမည့် ရောင်ဝါထွန်းလင်း ရှင်နေမင်းသည် ငါတို့ပြည်ပေါ် ဖုံးလွှမ်းပိတ်ဖုံး မိုက်မှောင်တုံးအား ကြွင်းမဲ့ပယ်ခွင်း ရောင်ဝင်းအလင်း ထွန်းလင်းစေသား။ နှစ်သစ်တွင်... ထက်ဝတိံသာ အဇဋာမှ ရွာရွာကျကျ၊ မိုးစက်မြတို့ မွေးရပ်သခင် မြေပြင်အဝန်း ထင်းစွန်းပူနွေး မခြောက်သေးသည့် အာဇာနည်သွေး နီထွေးတို့အား သုတ်သင်ဆေး၍ ဝေးရောက်ဝိဉာဉ်တို့အား နှစ်သိမ့်နိုင်စေသား။ နှစ်သစ်တွင်... ရှစ်ရပ်တခွင် တိုက်ခတ်နှင်မည့် လေပြင်း၊ လေပျော့၊ လေအသော့တို့ မိရင်ခွင်နှင့် မဝေးချင်ရှာသည့် တစ်ရွာပြောင်းနေ၊ သားရွှေသွေးထံ အမိမြေ၏ကောင်းခြင်းငါးပါး မင်္ဂလာစကားကို ဆောင်ကြဉ်းစေချင်။ နှစ်သစ်တွင်... ထက်အောက်ရှေ့လုံ လွှမ်းခြုံလာမည့် ဆောင်းကတ္တီပါ နှင်းထုလွှာသည် သောကအပူ ငြီးငြီးဆူအပ် ငါ့မွေးရပ်နေ ငါ့မျိုးဆွေတို့ သောကဗျာဝေး ရယ်သွမ်းသွေးနိုင်အောင် စွမ်းနိုင်စေချင်၊ စွမ်းစေချင်။ နှစ်သစ်တွင်... ငါ့နိုင်ငံသည် ဘေးဘယာမရှိပါစေနှင့် ငါ့လူမျိုးသည် ဆင်းရဲကြောင့်ကြဗျာပါဒတို့ မရှိပါစေနှင့် အဓမ္မတရား မသူတော်တရားတို့ မထွန်းကားပါစေနှင့် လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ အထင်သေးခ...