Skip to main content

ဘူတာရုံ

အဲဒီနေ့က မိုးတွေသဲသဲမဲမဲရွာနေတာ ကောင်းကောင်းမှတ်မိတယ်။ ကာလရှည်လျား ပိတ်ထားခဲ့တဲ့ မျက်လုံးတွေကို ပထမဆုံးပြန်ဖွင့်ကြည့်မိတော့ ပင့်ကူမျှင်တွေ၊ ကြပ်ခိုးတွေစွဲနေတဲ့ မျက်နှာကျက်တစ်ခုကို မြင်လိုက်ရတာနဲ့ တစ်ဆက်တည်းဆိုသလို မိုးသံတွေကို ကြားမိလိုက်တာပဲ။ အခြေအနေကတော့ အိပ်မက်ဆိုးမက်နေရာကနေ လန့်နိုးလာသလိုမျိုး၊ အာကာသဟင်းလင်းပြင်ကြီးထဲကနေ လိမ့်ကျလာသလိုမျိုးပဲ။ ချွေးအိုင်ထဲကနေ ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား မျက်လုံးကစားမိတယ်။ စူးရှတဲ့ အလင်းရောင်တွေကို မျက်ကြည်လွှာတွေက ခုခံနိုင်စွမ်းမရှိသေးဘူး။ ဘာတွေလဲ ... ဘာမှ နားမလည်ဘူး။ မသိမှုတွေဟာ ၀ေ၀ါးနေတဲ့ နှင်းမြူတွေလိုပဲ။ အရာအားလုံးဟာ ရှေ့မှာပိတ်ဆို့ ကာဆီး ထားကြတယ်။ အလင်းရောင်ကိုခံနိုင်စွမ်းမရှိသေးတဲ့ မျက်လုံးတွေကို အသာအယာ ပြန်မှိတ်ထား လိုက်မိတယ်။





ဒီနေရာကို ဘယ်လိုရောက်လာခဲ့တာလဲ။ ငါဟာ ဘယ်သူလဲ။ ဒီကိုမရောက်ခင်က ဘာတွေဖြစ်ခဲ့လဲ။ မးခွန်းပေါင်းများစွာဟာ ပတ်ခြာလည်လှည့်နေကြတယ်။ ဒါပေမဲ့ အဖြေဆိုတာမရှိခဲ့။ ဘာမှပြန်စဉ်းစားမရခဲ့။ မှာင်မိုက်နေတဲ့အခန်းတစ်ခုကိုပဲ ရးတေးတေး ပန်မှတ်မိသလိုပါပဲ။ အဲဒီအမှောင်ရဲ့ဟိုမှာဘက်ကမ်းရော... အမှောင်တွေပဲ ထပ်လာခဲ့တာပဲ။ အမှောင်ပြီးရင် အမှောင်တွေသာ ဆက်လာနေတော့တာပဲ။ အမှောင်ကလွဲလို့ ဘာမှမမှတ်မိဘူး။ ဟုတ်တယ်။ အတိတ်ဟာ ပျာက်ခြင်းမလှပျောက်နေတယ်။ စိတ်ညစ်စရာပါပဲ။

ဒီလိုနဲ့ မျက်စိကို တစ်ခေါက်ပြန်ဖွင့်ကြည့်မိ ... မျက်နှာစိမ်းတွေပါလား။ သူတို့က ဘယ်သူတွေလဲ။ တစ်ခါမှ မမြင်ဖူးဘူး။ သူတို့ဟာ ရန်သူလား၊ မိတ်ဆွေလား မခွဲခြားတတ်ခဲ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ကားတစ်ခုကို အလယ်ကဖြတ်ကြည့်နေမိလို့ ပါပဲ။ ဇာတ်လမ်းအစကို မသိတော့ ဘယ်နားရောက်နေမှန်းလည်း မသိ။ ဇာတ်သိမ်းခန်းကိုလည်း မမှန်းတတ်။ ရှုပ်ထွေးနေတဲ့ ချည်ခင်ကြီးပါလား။ ရှင်းလေရှုပ်လေ ရှင်းမရလေပေါ့။ ခေါင်မိုးပေါ်ကို မိုးစက်တို့ တဖြောက်ဖြောက် ကျသံက အတွေးစကို ယူငင်သိမ်းဆည်းလိုက်တယ်။ အသက်ရှူဖို့သတိရချိန်မှာ အကြားအာရုံကို ရိုက်ခတ်နေတာက တိုင်ကပ်နာရီတစ်ခုရဲ့ အဆက်မပြတ် မြည်ဟီးသံတွေပဲပေါ့။

အတိတ်မေ့ဝေဒနာသည် တစ်ယောက်ရဲ့ အရသာကိုမြည်းကြည့်ပြီးချိန်မှာတော့ ပျောက်ဆုံးမှုပေါင်း များစွာဟာ ရှ့မှာစောင့်ကြိုနေ လိမ့်မလားဆိုတာ သံသယဖြစ်မိလာတယ်။ အနာဂတ်ဟာ မှုန်တိမှုန်ဝါး ဖြစ်နေမလား။ ‘အသက်ရှင်သန်မှု ...’ အဲဒီ အသက်ရှင်သန်မှုဟာ အဓိပ္ပာယ်တစ်ခုကိုမှ တိတိကျကျ ဆောင်ယူနိုင် ပါဦးမလား။ တစ်လောကလုံးက သက်ရှိလူတွေအားလုံး သူ့ဘဝနဲ့သူ ရှင်သန်မှု အဓိပ္ပာယ်ရှိကြမှာပါ။ လူတွေကိုအသာထားပါဦး။ အဟိတ်တိရစ္ဆာန်မှာတောင် ဘဝရဲ့အဓိပ္ပာယ်ဆိုတာရှိမှာပဲ။ သူတို့နဲ့နှိုင်းယှဉ်ရင် ပက်လက်လှန်လဲလျောင်းရင်း အချိန်တန် လာကျွေးတဲ့အစာကိုစားပြီး အသက်ရှင်နေရတဲ့လူတစ်ယောက်ရဲ့ ဘဝကို အနှစ်သာရရှိတယ်လို့ ဘယ်သူက ပြောမှာတဲ့လဲ။ ကိုယ့်ဘဝကိုယ် ဖန်တီးချင်တယ်။ ကိုယ့်အစာကို ကိုယ့်လက်နဲ့ကိုယ် ယူစားချင်တယ်။ ငါ့မှာ ခြေထောက်တွေရှိသေးရဲ့လား။ မျက်ခွံတွေကိုအသာဖွင့်ပြီး ခြေချောင်းလက်ချောင်းတွေဆီ ဦးနှောက်က အမိန့်တွေ တစ်ထွေးကြီး ရာက်သွားတယ်။

“မဆိုးဘူး။ ငါ့မှာ ခတွေလက်တွေ အကောင်းကြီးရှိသေးတာပဲ”

ပွင့်လင်းတဲ့အပြုံးတစ်ခုကို လှစ်ဟပြလိုက်ပြီး အပျံသင်စငှက်တစ်ကောင်လို အသိုက်ထဲက အပြင်ကိုပျံထွက်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ကြိုးစားမှုတွေ အရာမထင်ခဲ့ဘူး။ ငါ့လက်တွေ ခြေတွေ ရိုက်ချိုးများခံထားရသလား။ ပျော့တိပျော့ဖတ်နဲ့။ ဒါပေမဲ့လည်း အားလျှော့လို့မဖြစ်ဘူး။ ရသလောက်လှုပ်ကြည့်ဦး။ လူးလွန့်ကြည့်ဦး။ ဒီလိုနဲ့ပဲ ခုတင်ပေါ်က ပြုတ်ကျလုမတတ်ဖြစ်ခဲ့ရတယ်။ နံရံပေါ်မှာ တွယ်ကပ်နေတဲ့ အိမ်မြှောင်က စုတ်တသပ်သပ်လုပ်ပြီး ငါ့ကိုလှောင်နေလေရဲ့။

“ကျွန်တော့်ကို ထူပေးကြပါဦးဗျာ ... ကျွန်တော် မတ်တပ်ရပ်လမ်းလျှောက်ချင်လို့ပါ”

ရင်ထဲက ခံစားမှုပြင်းပြင်းတွေရဲ့နောက်ကိုလိုက်ဖို့ စကားပြောအင်္ဂါအစိတ်အပိုင်းတွေ အဆင်သင့်မဖြစ်ကြသေးဘူး။ စကားလုံးတွေအစား ထွက်ပေါ်လာတာက စူးစူးဝါးဝါးအသံတစ်ခုပဲ။ ပတ်ဝန်းကျင်ဟာ မိုင်းဗုံးကွဲသွားသလို တစ်ချက်တုန်ခါသွားတယ်။ ဩော် ဒုက္ခိတ ... ဒုက္ခိတ။ စကားမပြောနိုင်ပေမယ့် အသံထွက်နိုင်သေးတယ်ဆိုရင်ပဲ တော်တယ်ဆိုရမှာပေါ့။ မျက်ဝန်းကနေ မျက်ရည်ပူတွေဟာ ရေကာတာကျိုးသလို အလုံးအရင်းနဲ့လှိမ့်ထွက်လာ... ပြေးစရာ မြေမရှိသူလို ဘယ်ကိုစီးရမှန်းမသိတော့ ... တိုင်ကပ်နာရီကြီးကတောင် ငါ့ရဲ့အဖြစ်ကိုမကြည့်ရက်တော့ဘူး။ သူ့ရဲ့အချိန်မှန် အချက်ပေးသံတွေဟာ မူမမှန်ကြတော့ဘူး။

လူတစ်ယောက် ... မျက်လုံးထဲမှာ လူတစ်ယောက်ကို မြင်နေရတယ်။ သူကလာပြီး တစ်စုံတစ်ခုကို ပြောနေတယ်။ သူ့စကားကို ငါနားမလည်။ ဒါမှမဟုတ် ငါနားလည်တဲ့စကားကို သူမပြော။ ဒါပေမဲ့ ပြောတဲ့စကားလုံးတိုင်းမှာ နွေးထွေးမှုတွေပါသလိုပဲ။ ပါးစပ်ထဲကို တစ်စုံတစ်ခု လာခွံ့ထည့်ပေးတော့ အလိုက်သင့်ကိုက်လိုက်မိ .. တစ်မျိုးတစ်မည်ထူးခြားတဲ့အရည်တွေ ဗိုက်ထဲကို အရှိန်ပြင်းပြင်းနဲ့ စီးဝင်သွား...။ ငါ့ပါးစပ်က စူးစူးဝါးဝါးအော်သံတွေ ရပ်တန့်သွားတယ်။ တစ်ချက်တစ်ချက်မှ ထွက်လာတဲ့ရှိုက်သံက အဖော်ကွဲတဲ့လမ်းပျောက်သူငယ်လို သိမ်ငယ်လွန်းလေရဲ့။ ဒုက္ခတွေ... ငါခံစားနေရတဲ့ ဒုက္ခတွေကို သက်ဖိုရှိုက်သံတွေကတစ်ဆင့် သူသိအောင်ပြောပြနေမိတယ်။ ငါ့ခြေတွေလက်တွေ၊ ငါ့ပါးစပ်တွေ အဆံမပါတဲ့ခလောက်လိုဖြစ်နေပြီလား။ သူ့ကိုမေးနေမိခဲ့တယ်။

လောကမှာရှိတဲ့အရာခပ်သိမ်းကို ထာဝရဘုရားသခင်ကပဲ ဖန်ဆင်းတာလား။ မဟာဗြဟ္မာကြီးဆိုသူကပဲ မန်းမှုတ်တာလား။ ဒါမှမဟုတ် ကံဇာတ်ဆရာကြီးကပဲ ဇာတ်ညွှန်းရေးတာလား။ ဝေခွဲလို့မရတော့ဘူး။ မိမိကိုယ်မိမိပိုင်တာမျိုး မဟုတ်ဘူးလား။ တခြားအရာတစ်ခုရဲ့ ထားရာနေ စေရာသွားလား။ တကယ်လို့ လူဟာ အဖန်ဆင်းခံ၊ အပြဋ္ဌာန်းခံ ဆိုရင်လည်း ဘယ်လောက် အသည်းနှလုံးမရှိတဲ့ မဟာဗြဟ္မာကြီးလဲ။ ဘယ်လောက်ဘက်လိုက်တဲ့ ကံဇာတ်ဆရာကြီးလဲ။ လူချင်းအတူတူ သူများတကာမှာတော့ စားချင်ရာစား၊ သွားချင်ရာသွား၊ ပြောချင်ရာပြော၊ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အစိုးရလို့။ ငါ့မှာတော့ ပါးစပ်ပါလျက်နဲ့ မပြောနိုင်တဲ့ဘ၀။ အတိတ်မေ့နေတဲ့ဘ၀။ အနာဂတ်ပျောက်ပြီး ကိုယ့်ခန္ဓာကိုယ် ကိုယ်မသယ်နိုင်တဲ့ဘ၀...။

ဒါနဲ့ပဲ အံကိုတင်းတင်းကြိတ်လိုက်မိတယ်။ နူးညံ့တဲ့သွားဖုံးနှစ်ခုဟာ ပြင်းပြင်းထန်ထန်ထိကပ်မိသွားတော့မှ ကြိတ်စရာအံသွားရော၊ ဝါးစရာသွားရော ဘာသွားမှမရှိတဲ့အဖြစ်ကို သတိပြုမိတော့တယ်လေ။ ဘယ်ဘဝက အကုသိုလ်ကများ အစုလိုက်အပြုံလိုက် ဝင်မွှေနေပါလိမ့်။ ဘယ်ရန်သူကများ ငါ့ရဲ့ခေါင်းကိုရိုက်နှက်၊ ခထောက်တွေကိုအကြောဖြတ်၊ သွားတွေကိုချိုးရက်ခဲ့ပါလိမ့်။ ဘယ်လောက်ပဲ ပြဋ္ဌာန်းခံရတဲ့ဘ၀ဖြစ်ဖြစ်၊ ပစ္စုပ္ပာန်အချိန်လောက်ကိုတော့ ရာနှုန်းပြည့်ပိုင်ဆိုင်တယ်၊ ဒါမှမဟုတ် မိမိလမ်းကိုမိမိ စိတ်ကြိုက်ပုံဖော်ခွင့် ရှိတယ်လို့ နားလည်ထားခဲ့တာ။ ခြွင်းချက်အနေနဲ့ ဒီကမ္ဘာမြေကလူသားတစ်ယောက်ဟာ လတ်တလော ပစ္စက္ခအချိန်ကိုတောင် သူနှစ်သက်သလိုစီမံပိုင်ခွင့်မရှိတာ အနှီဘုရားသခင်ဖန်ဆင်းရှင် မသိဘဲ မသိတာလား။ မေ့ပဲမေ့နေတာလား။ မေ့ချင်ယောင်ပဲဆောင်နေတာလား။ တစိမ့်စိမ့် တွေးကြည့်စရာ ပါပဲ။

“ဘယ်တတ်နိုင်မလဲလေ။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲပေါ့”

ဒီလိုတွေးလိုက်တော့လည်း ရင်ထဲ အတော်ပေါ့သွားသား။ နေရာတကာ အကောင်းမြင်တာကိုတော့ မကြိုက်ဘူး။ ခဏစိတ်သက်သာရာရအောင် အကောင်းမြင်ကြည့်ပြီးရင် အမှန်ကိုအမှန်အတိုင်း မြင်အောင်ကြည့်ဖို့ အားခဲထားရမယ်။ လောလောဆယ်တော့ အဖြေမရသေးဘူးပေါ့။ အချိန်ကာလ တစ်ခုမှာတော့ ပြဿနာရဲ့ဇာစ်မြစ်ကို ရှာတွေ့နိုင်ကောင်းရဲ့။ ဒီလိုပဲ အားခဲမိတယ်။ ဒီလိုနဲ့ ခေါင်မိုးပေါ် တပေါက်ပေါက်ကျနေတဲ့ မိုးစက်မိုးပေါက်တို့ရဲ့ နရီစည်းဝါးမကိုက်တဲ့အသံတွေရဲ့အောက်မှာ ချော့သိပ်ခံနေခဲ့ရတယ်။ “ဦးနှောက်ခြောက်ခံ စဉ်းစားမနေပါနဲ့ကွာ ... အိပ်စရာရှိတာ အိပ်ပစ်လိုက်” လို့ပဲ ပြောနေသလား။ ဒါသည်ပင် လောကရဲ့မာယာတစ်မျိုးလေလား။

ခါးအောက်ပိုင်းတစ်ခုလုံး စိုရွှဲနေတဲ့အခါတိုင်း အိပ်ပျော်ရာကနေ လန့်နိုးလာတတ်တယ်။ မနေတတ် မထိုင်တတ်ရှိလွန်းတော့လည်း တစ်ယောက်ယောက်ကြားလောက်အောင် အော်အချက်ပေးမိတာပေါ့။ ဒီအတိုင်းဆို ငါ့ခန္ဓာကိုယ်တစ်ခုလုံး အကြောတွေအားနည်းနေပြီလား။ ကြည့်လေ ... ဆီးသွားချင်တယ် ဆိုရင်ပဲ အလိုလိုသွားပြီးသား ဖြစ်နေပြီကော။

“ကျုပ် ဆီးသွားချင်တယ်ဗျ”

ငါ့ ဘာသာစကားနဲ့ ဒီကလူတွေရဲ့ဘာသာစကား မတူညီကြလို့ ငါဘာဖြစ်နေတယ်ဆိုတာ သူတို့ရိပ်မိပါ့မလား။ ဒါပေမဲ့ သူတို့မဆိုးဘူး။ ငါ့အထာကိုမှန်းတတ်တယ်။ ငါ့စကားကို နားလည်ကြတယ်။ ဒါပေမဲ့ ဘာသာစကားမတူညီမှုကြောင့် ငါ့ရင်ထဲကဆန္ဒအမှန်တွေကို ဖွင့်ထုတ်ဖို့အထိတော့ မတတ်နိုင်ဘူး။ ဗိုက်ဆာတာ၊ ရှူးပေါက်ထားတာလောက်ကိုပဲ သူတို့သိအောင် ပြောနိုင်တာ သိပ်မဟုတ်သေး။ အမှန်ဆို ဒီထက်ပိုနက်ရှိုင်းတဲ့အကြောင်းကိစ္စတွေကို တင်ပြချင်တာပေါ့။ ဆွေးနွေးချင်တာပေါ့။ သူတို့ထဲက တစ်ယောက်က ငါ့ကိုပွေ့ချီလိုက်တယ်။ ငါ့ကိုအဝတ်လဲပေးမလို့ထင်ပါရဲ့။ ကျန်တဲ့နှစ်ယောက်ကလည်း သူ့ကို ဝိုင်းကူညီပေးနေကြတယ်။ သူတို့အချင်းချင်းပြောတဲ့စကားတွေကို အတိုင်းသား ကြားနေရတာပဲ။ ဒါပေမဲ့ တစ်လုံးတစ်ပါဒမှ နားမလည်ဘူး။

တစ်ခါတစ်ခါ ငါ့ကိုကြည့်ပြီးတော့ စကားတွေပြောလား ပြောရဲ့။ ငါ့မှာတော့ မျက်လုံးကလေး ကလယ်ကလယ်နဲ့ အသာငေးကြည့်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ဒီလူတွေငါ့ရန်သူမ ဟုတ်တာတော့ လုံး၀သေချာသွားပြီ။ ငါ့အပေါ် စေတနာမေတ္တာထားတာ၊ ငါ့ကို သူတို့ကယ်တင်ထားတာ ငါသိပြီ။ သူတို့ဟာ ငါ့ရဲ့ကျေးဇူးရှင်တွေ၊ ငါ့ရဲ့မိတ်ဆွေတွေပဲ။ သူတို့ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိတယ်။

မျက်စိအာရုံတို့ ပိုမိုအားကောင်းလာတာနဲ့အမျှ ဒီမျက်နှာတွေကို ပိုပိုကျက်မိလာရော။ တစ် ... နှစ် ... သုံး ... လေး ... စုစုပေါင်း လေးယောက်ရှိတယ်။ အားလုံးထဲမှာ ဒီတစ်ယောက်ကတော့ ငါနဲ့အနေအများဆုံးပဲ။ ငါ့အပေါ်ကိုလည်း ကြင်နာမှုအရှိဆုံး၊ ဂရုအစိုက်ဆုံးပဲ။ ဒီတော့ ငါကလည်း သူ့ကို သံယောဇဉ်တွယ်မိတာ၊ အားကိုးမိတာ မဆန်းဘူး။ သူက ငါ့ကိုအတော်လေး ချစ်ပါပေတယ်။ ရင်ခွင်ထဲမှာ အမြဲလိုလို ထွေးပွေ့ထားတတ်ပြီး အစာကိုခွံ့ကျွေးတာ။ ကြည့်ပါဦး။ သွားမရှိတဲ့ငါ့အတွက် သူကိုယ်တိုင် အစာကိုဝါးပြီး ခွံ့တော့ ရင်ထဲ ဘယ်လိုဖြစ်မှန်းမသိဘူး။ အထူးသဖြင့် သူ့ရင်ခွင်ထဲမှာနေ၊ သူ့ရင်ခွင်အစုံကထွက်လာတဲ့ မေတ္တာရည်ချိုချိုတွေသောက်သုံးရတဲ့ အချိန်လောက်စည်းစိမ်ရှိတဲ့အချိန် မရှိဘူးဆိုရင် ယုံနိုင်ပါ့မလား။ ဩော် ဒီလိုဆိုတော့လည်း ငါ့လို ဒုက္ခိတတစ်ယောက် ဂိတ်ဆုံးအောင် စိတ်ဆင်းရဲစရာတွေကြားမှာ ခုလို ကြင်နာတတ်တဲ့မိသားစုဆီ ရောက်အောင် ပို့ပေးခဲ့တော့လည်း ဘုရားသခင်ကို စိတ်မခုနိုင်တော့ဘူးပေါ့။ တွင်းဆုံးကျအောင် မှောင်မိုက်တဲ့ညတွေမှာ မှုန်ပျပျ အလင်းရောင်ကလေးကလည်း ငါ့အတွက်တော့ ကာက်ရိုးတစ်မျှင်ပဲပေါ့။

“ဒါဆိုရင်လည်း ဘုရားသခင်ရယ် ... ပြန်လှည့်ကြည့်တဲ့အတူတူတော့ မစို့မပို့မလုပ်ပါနဲ့လား”

ရင်ထဲက အားမလိုအားမရ ညည်းတွားသံကို ဘုရားသခင်ကတော့ ကြားနိုင်မယ်မထင်ပေမယ့် ကိုရွှေအိမ်မြှောင်ကတော့ ကြားသွားတယ်လေ။ ထုံးစံအတိုင်း စုတ်သပ်သပ်လုပ်နေလေရဲ့။ ဒီ အိမ်မြှောင်ကို ငါတော်တော်ကြည့်မရတော့ဘူး။ ငါ့လို ဒုက္ခိတရဲ့ရှေ့မှာ သူကတော့သွားချင်ရာသွားပြလိုက်၊ စားချင်ရာစားပြလိုက်နဲ့ ငါ့ကို သရော်သလိုလို၊ လှောင်သလိုလို။ အိမ်မြှောင်တစ်ကောင်ရဲ့ဘဝကတောင် အများကြီး အဓိပ္ပာယ်ရှိနေပါလား။ အတော်မနာလိုစရာပါပဲ။ အားကျစရာပဲ။

“မင်း မရယ်နိုင်တဲ့တစ်နေ့တော့ ရောက်ဦးမှာပေါ့ အိမ်မြှောင်ရယ်”

စောစောက ညို့နေတဲ့မိုးဟာ အလိပ်လိုက်တက်လာပြီး သဲကြီးမဲကြီးရွာချလိုက်တယ်။ ဒီ မိုးတွေကို ငါမုန်းတယ်။ မိုးတွေရယ်...ရပ်ပါတော့။ ဒီ မိုးတွေကုန်သွားရင် ငါ့ကံကြမ္မာဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲသွားလိမ့်မယ်။ ငါများ အယူသီးနေတာလား။ လေပြင်းနဲ့အတူပါလာတဲ့အရာတွေဟာ အိမ်နံရံကိုလာရောက်ထိမှန်ပြီး လွင့်စင်သွားကြ။ မိုးကြိုးပစ်သံတစ်ချက်ရဲ့နောက်မှာ အိမ်ရှေ့က သစ်ပင်ဟာ သူ့ရဲ့အကိုင်းတစ်ကိုင်းကို လက်လွှတ်ဆုံးရှုံးခဲ့ရ။ ဘိုးသိကြားဟာ ဝရဇိန်လက်နက်ကို မကောင်းသူပယ်ဖို့ သုံးရမယ်လေ။ ဘာကြောင့်များ ကလေးလေးတစ်ယောက်လို လက်ဆော့ခြေဆော့ လုပ်နေရသလဲ။ အားလုံးဝိုင်းပြောကြပါဦး။

နေ့ရက်တွေဟာ လျင်မြန်စွာကုန်ဆုံးသွားကြတယ်။ လောကဟာ ဖြစ်ချင်တာရော မဖြစ်ချင်တာရော ထွေးရောယှက်တင်ရှိနေပြီး တစ်လှည့်စီဖြစ်တတ်သလား။ မိုးတွေအရွာပါးလာတာ၊ နေသာချိန် တဖြည်းဖြည်းများလာတာမြင်တော့ ဝမ်းသာလိုက်ရတာ။ မိုးဦးကျ ထွက်ပြူစမျှစ်စို့နုနုလေးတွေလို ပြူတစ်ပြူတစ် ဖြစ်နေတဲ့ သွားတွေကို လျှာနဲ့စမ်းစမ်းကြည့်ရတာ ငါ့မှာ အမော။ ကိုယ့်ခြေထောက်ပေါ် သိပ်မတ်တပ်ရပ်ချင်တဲ့ ငါ ... ခုတော့ ကိုယ့်တင်ပါးပေါ် ကိုယ်ထိုင်နိုင်လာပြီပဲ [sic]။ သန်စွမ်းစပြုလာတဲ့ လက်ချောင်းတွေဟာ စူးစမ်းစရာတွေ့ရင် ကောက်ကိုင်ကြည့်ဖို့ပဲ။ အိမ်သားတွေဟာ ငါ့အပေါ် ကျေးဇူးများကြောင်း မငြင်းနိုင်ပါဘူး။ “မေမေ”တဲ့လား။ သူ့ကို ငါက “မေမေ”လို့ ခါ်ရမတဲ့လား။ မေမေဆိုတာ ဘာကိုဆိုလိုတာလဲ။ ဟိုတစ်ယောက်ကိုတော့ “ဖေဖေ”တဲ့။ ကျန်တဲ့နှစ်ယောက်ကိုတော့ “ကိုကို”နဲ့ “မမ”တဲ့။ ငါက ဘာကြောင့် သူတို့ကို ဒီလိုခေါ်ရမှာလဲ။ ဘာလိုလိုနဲ့ ငါ့ပါးစပ်တောင် အတော်အသုံးကျလာပြီး သူတို့လိုတောင် တစ်ခွန်းစနှစ်ခွန်းစလိုက်ပြောနေနိုင်ပြီ။ သူတို့စကားကိုတောင် ပြောတတ် နားလည်တတ်ပြီ။ ငါ အအ မဟုတ်တော့ဘူး။ သူတို့က ငါ မပီကလာ ပီကလာ စကားပြောတာကိုကြည့်ပြီး အတော်လည်း သဘောကျကြရဲ့။ နောက်ပိုင်း တုန်တုန်ချိချိနဲ့မတ်တတ်ရပ်နိုင်လာတဲ့အခါ လမ်းသလားပြီး ဆော့နေတဲ့ ကိုကိုနဲ့မမလို ပြေးချင်လွန်းလို့ခြေလှမ်းလှမ်းကြည့်ရင်း ခဏခဏလဲရတဲ့အဖြစ်ကိုတော့ ခုထိ မှတ်ဉာဏ်ထဲမှာ ကျန်ရစ်ခဲ့တယ်။

အိမ်သားတွေကတော့ ငါ့ကိုတစိမ့်စိမ့်ကြည့်ပြီး ကျနပ်နေကြလေရဲ့။ တစ်နေ့ကျရင် ငါခံစားခဲ့ရတဲ့ အလိုမကျမှုတွေ၊ အားငယ်မှုတွေ၊ ပန်စဉ်းစားမရတဲ့ အတိတ်အကြောင်းအခြင်းအရာတွေကို သူတို့ကိုပြန်မေးကြည့်ဦးမယ်။ မဝေးလှတဲ့ကာလတွေဆီက ငါ့အခြေအနေဟာ အခုနဲ့နှိုင်းစာရင်တောင် အတော်ဆိုးရွား တာပါကလား။ ဘုရားသခင်ကိုတောင် ငါ့မှာ မကျေမနပ်ဖြစ်မိသေး။ တောင်ထိပ်ဖျားကို ရောက်ပြီးရင် အာက်ကိုပြန်ဆင်းရသလိုပဲ ငါ့ဒုက္ခတွေဟာလည်း အမြင့်ဆုံးအမှတ်ကို ရောက်ပြီးတဲ့နောက်မှာ တစ်ရစ်ချင်းပြန်လျော့ပါးလာသလို ခံစားရတယ်။ ဘယ်တုန်းကမှ မမက်ရဲခဲ့တဲ့ မိမိကိုယ်မိမိပြဋ္ဌာန်းခွင့် ပါမစ်ကို ဘုရားသခင်က ဖြည်းဖြည်းချင်းချပေးပြီပဲ။ ဒါဆို ... လောကဟာ ငါ့အတွက် သုခဘုံတစ်ခုဖြစ်ဖို့ အတော်နီးစပ်လာလိမ့်မယ်။ မကြာမီကာလမှာ လုံးဝချမ်းသာမှုကိုရတော့မယ်။

“သန်းခေါင်ထက် ညဉ့်မနက်ဘူးဆိုတာ တယ်မှန်ပါလား”

မတည်မြဲတဲ့နိယာမအောက်မှာ အရာအားလုံးအကျုံးဝင်ကြတယ်။ အဆင်းလမ်းရှိရင် အတက်လမ်းလည်း ရှိတယ်။ ပိတ်လှောင်မှုတွေ၊ မွန်းကြပ်မှုတွေဟာ ဆုတ်ခွာစပြုနေပြီဖြစ်တဲ့ အနောက်တောင် မုတ်သုံလေနဲ့အတူ မျောပါသွားနေပြီ။ ကြည်လင်ပြာလဲ့နေတဲ့ မိုးကောင်းကင်ကို ပြတင်းပေါက်ကနေ မော့ကြည့်မိတော့ မိုးကုတ်စက်ဝိုင်းအဆုံးအထိ ပြေးထွက်သွားချင်စိတ်ပေါက်မိတယ်။ မမှတ်မိတော့တဲ့အ တိတ်ကတော့ အရင်ကလောက် ဆွဲဆောင်မှုမရှိတော့ဘူး။ ဒါပေမဲ့ အခွင့်သာရင် အဖေ့ကိုမေးကြည့်ရဦးမယ်။ အိမ်ခေါင်းကျဉ်းကျဉ်းလေးထဲကထွက်ပြီး ကမ္ဘာမြေအနှံ့ ခြေဆန့်ချင်တယ်။ ဒါက ငါ့ကိုဆွဲဆောင်နေတယ်။ ပြင်ပလေကိုတ၀ကြီး ရှူရှိုက်ချင်နေတယ်။ တွေ့သမျှလူတိုင်းနဲ့စကားတွေ တစ်လှေကြီးပြောချင်တယ်။ မျှော်လင့်ချက်ကြီးမားသူများအတွက် အချိန်ကိုစောင့်ရမယ်။ အခုလောလောဆယ်တော့ အပျံသင်ငှက်ငယ်အတွက် လှောင်ချိုင့်တံခါးမဖွင့်(ပွင့်) သေးဘူး။ ဒါပေမဲ့ သေချာကြည့်ရင် လှောင်အိမ်တံခါးကို စေ့ထားတာ မြင်နိုင်တယ်။

ဆောင်းဦးပေါက်ရာသီဟာ ငါ့ကို တစ်ခါမှမရဖူးသေးတဲ့ စိတ်ခံစားမှု အသစ်တစ်မျိုးကို ပေးနေသလိုပဲ။ ဆောင်းအိပ်မက်တွေဟာ ဝိုးတဝါးနိုင်ကြပေမယ့် နှင်းကွဲသွားတဲ့အခါ ဆောင်းနေ့တွေဟာ အလွန်တရာ ပီပြင်လှပကြတယ်။ မကြာခင်ကပဲ ဖေဖေ့ကိုမေးကြည့်တော့ လူတိုင်းဟာ ဘဝကို ဒီလိုပဲအစပြုရတယ်၊ အမိဝမ်းက ထွက်ကာစမှာ ဘာမှမလုပ်နိုင်သေးလို့ မိဘကပဲ ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက်ရတယ်။ အတိတ်ဘဝကို ပြန်မမှတ်မိတာဟာ သဘာ၀ဖြစ်တယ်လို့ သိရတယ်။ အခု ငါ အတိတ်ကို စိတ်မဝင်စားတော့ဘူး။ မှတ်လည်း မမှတ်မိချင်တော့ဘူး။ ငါ့မှာ လှပတဲ့အနာဂတ်တစ်ခုရှိနေလို့ပဲ။ ငါစိတ်ဝင်စားတာ လောကကြီးအကြောင်း၊ လူတွေရဲ့အကြောင်း။ မြင်မြင်သမျှ တတွတ်တွတ်မေးတဲ့ငါ့ကို ဖေဖေက မာင်လူမွှေးကလေးလို့ ခေါ်တယ်။ အိမ်ရှေ့သစ်ပင်ရိပ်မှာ ကိုကို၊ မမတို့နဲ့အတူ ကစားနေတဲ့ငါ့ကို ဖေဖေက အိမ်ထဲကနေ လှမ်းကြည့်နေလေရဲ့။ ဖေဖေဟာ သူ့ငယ်ဘဝကိုများ တစိမ့်စိမ့် ပြန်စဉ်းစား နေသလား။ သူလည်းပဲ တစ်ချိန်က ငါ့လိုပဲ သူ့အဖေကို တွတ်တီးတွတ်တာမေးတာ၊ စူးစမ်းစပ်စုတာ အပူအပင်ကင်းစွာ ဆော့ကစားနေခဲ့တာတွေကို ပြန်မြင်ယောင်နေတာလား။ ဒါတွေကို ဖေဖေဟာ ပြန်ပြောင်းအမှတ်ရနေလား။



***** 
နွေနှောင်းကာလအပူဟာ ကျသွားပြီဆိုပေမယ့် တရှိန်ရှိန်ဟပ်နေတုန်းပဲ။ ဒါပေမဲ့ ဒီအပူကို ငါဂရုမစိုက်နိုင်ပါဘူး။ ညနေကို မြန်မြန်ရောက်ပါစေ။ ညနေကျရင် ငါ့ရဲ့အဘိုးဆိုသူ ရောက်လာလိမ့်မယ်။ နေထိုင်မကောင်းလို့ ဆးလာကုမယ်။ ငါ့ကို ဒီလို ပြောထားကြတယ်။ ငါ့ရဲ့အဘိုးဟာ ဘယ်လိုလူမျိုးပါလိမ့်။ သိပ်သိချင်လိုက်တာ။ ငါနဲ့ ကစားဖော်ဖြစ်နိုင်သလား။ ငါ့ရဲ့ရှေ့ဆောင် လမ်းပြဖြစ်မှာလား။ ဒီလိုနဲ့ အဘိုးဆိုတဲ့သူရောက်လာ... ငါ့အဖေနဲ့အမေက ကုတင်ပေါ်တွဲတင်ပေး... အဘိုးဟာ ကုတင်ပေါ်မှာ ပက်လက်ကလေးလှန်ပြီး ငြိမ်ငြိမ်လေးလဲလျောင်းလို့ပေါ့။ အဘိုးဟာ ငါ့လောက်တောင် အသက်မကြီး သေးဘူးပဲ။ ထိုင်တောင်မထိုင်နိုင်သေးဘူးဆိုမှတော့ ငါနဲ့ကစားဖို့ကို အတော်ကြီးစောင့်ရဦးမှာပဲ။ အဘိုးဟာ သွားတောင်မပေါက်သေးဘူး။ ကိုယ့်အစာကိုတောင် ကိုယ့်လက်နဲ့ကိုယ်ယူမစားနိုင်သေးဘူး။ သူများချီမှ ကြွရတဲ့ဘဝမှာပဲရှိသေးတယ်။ ငါ့အတွက် စိတ်ပျက်စရာပဲ။ ငါက ငါနဲ့ကစားဖော်တစ်ယောက် တိုးလာခဲ့ပြီထင်ခဲ့တာ။

အဘိုးဟာ ငါ့ထက်ငယ်ပေမယ့် ငါ့လိုတော့ အသားတွေ တင်းတင်းလျင်းလျင်းမရှိရှာဘူး။ ခေါင်းကဆံပင်တွေကလည်း ဖြူဆွတ်ဆွတ်နဲ့၊ ကျိုးတို့ကျဲတဲ။ မျက်နှာကလည်း ပြည့်ပြည့်ဖောင်းဖောင်းမရှိ၊ ပါးရိုးငေါငေါနဲ့ အကြည့်ရဆိုးလိုက်တာ။ အဘိုးဟာ လူကလည်း တုန်တုန်ချိချိ၊ စကားကလည်း ပြောတတ်ကာစမို့ ထင်ပါရဲ့။ မပီကလာ ပီကလာ၊ အဘိုးကိုကြည့်နေရပေမယ့် တစ်ချိန်က ငါ့ပုံစံကိုပဲ ပြန်မြင်ယောင်နေမိတာ။ ငါခံစားခဲ့ရတဲ့ဒုက္ခတွေကို ခံစားနေရတဲ့အဘိုးလည်း ငါ့လိုပဲစိတ်ဆင်းရဲနေမှာပဲ။ သူ့ကိုငါ ကိုယ်ချင်းစာတယ်။ အဘိုးရဲ့မျက်လုံးတွေဟာ ညအိပ်မီးသီးလို မှေးမှိန်ဖျော့တော့ပြီး အရောင်အားနည်းနေကြတယ်။

“အတိတ်ကိုပြန်မမှတ်မိလို့ စိတ်မကောင်းမဖြစ်ပါနဲ့ဗျ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်နိုင်သေးလို့လည်း အားမငယ်ပါနဲ့။ တစ်နေ့ကျရင် အဘိုးလည်း ကျနော့်လိုသွားနိုင်၊ လာနိုင်၊ ကစားနိုင်လာမှာပါ အနာဂတ်တွေရှိလာမှာပါ။ ဘဝဟာလည်း အဓိပ္ပာယ်ပြည့်လာမှာပါ။”

အဘိုးရဲ့မျက်လုံးတွေဟာ ရုတ်ချည်းကျဉ်းမြောင်းသွားသလိုပဲ။ အဖေနဲ့အဖေဟာ ပထမ အံ့ဩသွားပြီး အဘိုးကိုဖျတ်ကနဲ ပြိုင်တူနီးပါး လှမ်းကြည့်လိုက်ကြတယ်။ အဘိုးကတော့ ဘာမှ ထူးထူးခြားခြား ပြောင်းလဲဟန်မပြ။ ငါ့ကိုသာ ရီဝေတဲ့မျက်လုံးတွေနဲ့ တစ်ချက်စိုက်ကြည့်လိုက်လေရဲ့။ တစ်ခဏအတွင်း သူ့နှုတ်ခမ်းတွေ တလှုပ်လှုပ်တရွရွဖြစ်လာ... တစ်စုံတစ်ခုကိုပြောဖို့များ ကြိုးစားနေသလား။ အဘိုးဟာ မောနေတယ်။ တစ်ခုခုကို အန်ထုတ်လိုက်ချင်ပုံပဲ။ မျက်စိရှေ့မှာပဲ အဘိုးရဲ့ပါးစပ်ကနေ စကားလုံးတချို့ မပီမသ ထွက်ကျလာတာ မြင်လိုက်မိတယ်။

“ဘိုးဘိုးအတိတ်မမေ့ပါဘူး ငါ့မြေးရယ်၊ ကိုယ့်ခြေထောက်ပေါ်လည်း အောင်မြင်စွာရပ်ခဲ့ဖူးတာပါပဲ။ အဘိုးဘဝမှာ သိပ်ကို စိတ်သွားရာ ကိုယ်ပါပြီး အဓိပ္ပာယ်ရှိခဲ့တာပေါ့။ ဒါပေမယ့် ...”

အဘိုးဟာ စကားစကို ဘာလို့ရုတ်တရက် ရပ်ထားလိုက်သလဲ။ ငါ့ကိုပိုပြီး စိတ်ဝင်စားလာစေချင်လို့လား။ ငါ့ရဲ့နားတစ်ဖက်ကို အဘိုးအိုရဲ့ပါးစပ်နားသွား ကပ်ထိထားလိုက်မိတယ်။ ဒါကြောင့်ပဲ အဘိုးရဲ့အသက်တ၀ရှူပြီး ပင်ပင်ပန်းပန်းထွေးထုတ်လိုက်ရတဲ့ နောက်ဆုံးစကားလုံးတွေဟာ ငါ့နားထဲကို တန်းတန်းမတ်မတ်ကြီး ဝင်နိုင်ခဲ့တာပဲပေါ့။

“ဒါပေမယ့် ဘိုးဘိုးမှာ မင်းလိုတော့ အနာဂတ်တွေမရှိတော့ပါဘူးကွာ”

တိုက်တိုက်ဆိုင်ဆိုင် အဆက်မပြတ်မြည်နေတဲ့ တိုင်ကပ်နာရီကြီးက အသံဟာ ရပ်တန့်သွားခဲ့တယ်။ အချက်ပေးသံစေ့သွားလို့လား။ အပြင်မှာ နေဝင်သွားခဲ့ပြီ။ နွေနှောင်းကာလရဲ့လေပူတွေဟာ ရှုပ်ထွေးနေတဲ့ငါ့စိတ်ကို ထပ်ပြီးညစ်ညူးသွားစေခဲ့တာကတော့ အမှန်။ သစ်ပင်ရိပ်တွေဟာ သစ်ရွက်ခြောက်တွေနဲ့ ပွစာကျဲနေတယ်။ လေတစ်ချက်အဝှေ့မှာ သစ်ပင်ကြီးရဲ့နောက်ဆုံးလက်ကျန် သစ်ရွက်တစ်ရွက် ကြွကျသွားတယ်။

ပုစွန်ဆီရောင်သန်းနေတဲ့ ကောင်းကင်ဟာ ရုတ်တရက် မည်းမှောင်ကျသွားလေရဲ့။ အနောက်ဘက် မိုးကုတ်စက်ဝိုင်းတစ်ဝိုက်မှာတော့ မိုးသားမည်းမည်းရဲ့သဏ္ဌာန်တွေ...။

ဪ ... မကြာခင် မိုးဦးကျတော့မှာပါလား။

၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလထုတ် ချယ်ရီမဂ္ဂဇင်း


ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

Comments

  1. ဒီဝတ္ထုလေး ဖတ်လို့ကောင်းပါတယ်...
    အဘိုးနဲ့မြေး အကြောင်းလေးတွေကို မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းမြင်လာအောင်ရေးနိုင်လို့

    ReplyDelete
  2. ဆာရီရယ် ဆန်တယ်ဗျ ကျွန်တော့်အမြင်ပြောရရင်

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

အနက်မထင် ပဟေဠိများ

မစဲသော တံခါးခေါက်သံများ လှည့်ရလွန်းသဖြင့် ပျက်လုလု လက်ကိုင်ဘု မကွေးညွတ်တတ်မီက ငါ့နှုတ်ခမ်းများကို ပုလဲပုတီးတကုံးဆွဲသော လည်တိုင်အထက်မှာ ပြန်ရှာတွေ့ပါသည် ရောင်စုံစာအိတ်များနှင့် ပြည့်လျှံနေသော အိမ်ရှေ့က အဝင်စာတိုက်ပုံး ဖွင့်ကြည့်မိသော အိပ်မက်ထဲကပြန်စာတစောင် အထဲမှာ ဗလာစာရွက်တရွက် နှင်းဆီပွင့်များအား နေ့တိုင်း ငါပြန်ပြုံးပြဖို့ကြိုးစားပါသည် စံပယ်နဲ့တွေ့မယ့်အခါအတွက် ရီဟာဇယ်အဖြစ် သို့သော် ... စံပယ် ဪ ချစ်စံပယ်ဟာ မျက်နှာလွှဲသွား အခန်းထဲဝင်အလာ ‘မင်္ဂလာပါ’ ဟု လက်ပိုက်နှုတ်ဆက်ကြသူများ ခင်ခင်ပျိုတွေ တပျော်တပါး ပါသွားသော မပြေးဆွဲဖြစ်လိုက်သော လေအိတ်ရထားများ မြောက်မှတောင်သို့တိုက်နေသော နှင်းစက်တင်လေများ အသားတွေပပ်ကြားအက်နေသော လေကြောင်းသင့် ငါ့မျက်နှာ လမ်းပေါင်းများစွာ လမ်းပေါင်းများစွာ ဖြောင့်ဖြောင့်ဖြူးဖြူး ချိုင့်ကျင်းမရှိ ကတ္တရာလမ်းများ အကောင်းစား ဇိမ်ခံကားများ အဲကွန်းပါသော ဘတ်စ်ကားများ ဓာတ်တိုင်များ၊ LED လမ်းမီးများ ဓာတ်ကြိုးများပေါ်ရှိ ခိုများ လမ်းဘေးဝဲယာက အိမ်ကြီးရခိုင်များ လကြည့်နေသူများ ... ကြယ်ရေတွက်နေသူများ နို့ဆာနေသူများ ... အာသာဖြေနေကြသူများ ‘အိမ်ရှင်’ ဟုခေါ်၍ တံခါးကို အသာအယာ ခေါက်၏ တံခါ...

စောင်းကြိုးညှိခြင်း

လာပါကွယ် သွားရအောင်ပါ အလင်းရှိတဲ့နေရာ အာဃာတတွေ စေးပိုင် အနုညာတတွေက ဈေးကိုင် မရ, ရသက ချိုင်နေကြတဲ့ တို့တွေနေတဲ့ အပူသည် ကမ္ဘာ မင်းရယ်ကိုယ်ဟာ စွန့်ခွာထွက်ပြေး မဝေးလည်းမဝေး မနီးလည်းမနီး ငြီးလည်း မငြီးငွေ့နိုင်တဲ့တစ်နေရာ လိုက်မှာလား မင်းငါ့အပါး နှလုံးသားချင်း ခပ်ပြင်းပြင်းပူးချည် မေတ္တာဖြင့် နွေးထွေးစေမည် သစ္စာဖြင့် စုစည်းရစ်ချည် နေခြည်မှာရွှေရည်လောင်းသော တစ်နှစ်မှာ အကြိမ်ကြိမ်သီးသော မြေဆီမှာ အဆိပ်ကင်းသော မွှေးပျံ့သော ငါတို့ဥယျာဉ် စိမ်းဖန့်သော ငါတို့လွင်ပြင် ဆိတ်ညံသော ငါတို့ရင်ခွင် လူမျိုးသည်လည်းကောင်း၊ ဘာသာသည်လည်းကောင်း၊ စကားသည် လည်းကောင်း၊ ဓလေ့သည်လည်းကောင်း ငါတို့စိတ်ကြိုက် ငါတို့ဦးခိုက် ဘယ်အမိုက်မှ မဖျက်စေရ ဒီတစ်သက်စာ ငါတို့ဆောက်တဲ့ကမ္ဘာ လာပါကွယ် သွားရအောင်ပါ။ (၂၉ မေ ၂၀၁၃) ကဗျာကဏ္ဍမှာ အခြားဖတ်စရာ ကျနော်က ခင်ဗျားကိုတွေ့ချင်တာ မတ်မတ်များအတွက် ဩဘာစာ သတိဖြင့်ချစ်ခြင်း လူတွေနေနေတဲ့မြို့ နှစ် အပေါင်း နှစ် ညီမျှခြင်း တစ် My Dear Guest ဒွိဟ “လ” နှစ်သစ်ဆုတောင်း

မတူတာအပြစ်လား

ရှေ့နေလုပ်ဖို့ဆိုပြီး တောင်အာဖရိက နိုင်ငံကို ရောက်လာတဲ့ မစ္စတာဂန္ဒီဟာ ခါးသီးတဲ့ အတွေ့အကြုံ တစ်ခုကို ရင်ဆိုင်ခံစားခဲ့ရပါတယ်။ ဒါကတော့ ဥရောပတိုက်သားတွေပဲစီးခွင့်ရတဲ့ ရထားတွဲ ပေါ်ကို တက်မိတဲ့အတွက် တွဲပေါ်ကနေ ခွေးဆွဲ ဝက်ဆွဲ ဆွဲချခံခဲ့ရတာပါပဲ။ သူဘာမှ မတတ်နိုင်တဲ့၊ မည်းနက်တဲ့ သူ့ရဲ့မွေးရာပါ အသား အရောင် အတွက် ဂုဏ်သိက္ခာ ကျခဲ့ရတာဟာ အနာဂတ်မှာ တိုင်းပြည် ခေါင်းဆောင် ဖြစ်လာမယ့် ဂန္ဒီအတွက် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရအောင် ကြိုးပမ်းချင် စိတ်တွေ တဖွားဖွား ပေါ်ပေါက်စေ ခဲ့တဲ့ ကြီးမားတဲ့ တွန်းအား တစ်ရပ် ဖြစ်ခဲ့ ပါတယ်။ ဒီလိုမျိုး လူမျိုးရေးအရ၊ အသားအရောင်၊ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုဆိုတာ ဟိုးကမ္ဘာဦး အစကတည်းက ရှိလာခဲ့တဲ့ အစဉ်အလာတစ်ခုပါ။ ခွဲခြားမှုတွေဘာလို့ရှိနေပါသလဲ။ မတူညီမှုတွေ ရှိနေလို့ပါပဲ။ ပိုပြီး တိတိကျကျပြောရရင် အဲဒီ့ မတူညီမှုတွေကို သဘောထားကြီးကြီးနဲ့ခွင့်မလွှတ်နိုင်လို့ပါပဲ။ လူတွေဟာ တူညီမှုကိုလိုလားကြပါတယ်။ တူတာကိုပဲရှာဖွေကြပါတယ်။ ကလေးတစ်ယောက် မွေးလာပြီဆိုကတည်းက မိဘက သူနဲ့တူမတူအရင်ကြည့်ပါတယ်။ အဲဒီ့ကလေးကြီးလာရင်လည်း သူနဲ့တူတဲ့ သူတွေကို ရှာဖွေပါတယ်။ ကိုယ်နဲ့ စရိုက်သဘာ၀၊ အတွေးအခေါ်၊ ဓနဂုဏ်၊...

ကွန်းခိုရာ။ ရာဘင်ဒြာနတ် တဂိုး

ဘာသာပြန်သူ၏အမှာ ဘင်္ဂါလီစာဆိုတော်ကြီး ရာဘင်ဒြာနတ် တဂိုး (၁၈၆၁-၁၉၄၁) ကို ဝတ္ထုရေးဆရာတစ်ဦးအဖြစ်ထက် ကဗျာစာဆိုတော်ကြီး တစ်ဦးအဖြစ်သာ ကျွန်တော်ပို၍ ရင်းနှီးခဲ့သည်။ မြန်မာနိုင်ငံတွင် တဂိုး၏ ကဗျာစာစုများ၊ ဝတ္ထုတိုများကို ရှေ့ရှေ့က ဘာသာပြန် ဆရာကြီးများ မြန်မာဘာသာသို့  ပြန်ဆိုမှုများ ရှိသော်လည်း ဝတ္ထုရှည်အဖြစ်မူဘာသာပြန်သည်ကို မတွေ့ဖူးပါ။ (ကျွန်တော် မသိတာလည်း ဖြစ်နိုင်ပါသည်။) မူရင်း ဘင်္ဂါလီဘာသာဖြင့် ရေးသားထားသည့် ထိုဝတ္ထု၏ အင်္ဂလိပ်ဘာသာပြန်ကိုဖတ်ပြီး သည့်အခါ နှစ်သက်သဖြင့် မြန်မာဘာသာပြန်ဆိုရန် ဆုံးဖြတ်လိုက်သည်။